Wednesday 25 June 2014

ချစ်တတ်သူမို့

“ချစ်တတ်သူမို့”

မိုးထက်ဝဠာ
နေခြည်ဖြာလည်း
ရင်မှာမနွေး
ချစ်သူဝေးကြောင့်.. ။

ကြယ်ခင်းညီလာ
လရောင်သာလည်း
ရင်မှာမအေး
ချစ်သူဝေးကြောင့်.. ။

ပန်းပေါင်းထုံစွာ
နံ့သာယာလည်း
ရင်မှာမမွှေး
ချစ်သူဝေးကြောင့်.. ။

ချစ်သူ့အနား ရှိပါငြားမှ..
ပန်းများမွှေးကြူ
လရောင်ဖြူအေး
နေခြည်ထွေး၍
ဆွေးစိတ်လွင့်ပြယ် ဘဝင်ငယ်သိမ့်
ငြိမ့်ငြိမ့်ဖေးကူ ချစ်တတ်သူမို့
ဆောင်ယူခစား သခင့်ပါးဆီ
စကားလွမ်းတေး ဆိုချင်သည်.. ။ ။

လေးစားခြင်းဖြင့်

မြတ်ပန်းနွယ်

Wednesday 11 June 2014

20 Things That Mentally Strong People Don’t Do

၁။ အတိတ်တွင်နေထိုင်ခြင်း

စိတ်ဓာတ်ကြံ့ခိုင်သူဟာ ပစ္စုပ္ပန်နဲ့ လက်တစ်ကမ်းအကွာလောက်က အနာဂတ်ကိုပဲ အာရုံစူးစိုက်လေ့ရှိကြတယ်။ အတိတ်ဆိုတာ ပြန်ပြင်လို့မရနိုင်တော့ဘူးဆိုတာရယ်၊ ဟိုးအဝေးကြီးက အနာဂတ်ဆိုတာ မိုးလေဝသ ခန့်မှန်းချက်တစ်ခုလောက်ပဲ ရေရာနိုင်တယ်ဆိုတာ သူတို့ ကောင်းကောင်းနားလည်ထားကြတယ်။

၂။ မိမိကိုယ်ကို ညှာလွန်းခြင်း

သက်တောင့်သက်သာရှိတဲ့၊ အပူအပင်ကင်းတဲ့၊ ကြိုးစားအားထုတ်မှုမဲ့တဲ့ နေရာမှာ ကြာရှည်နေထိုင်တဲ့သူဟာ အသူတရာချောက်နက်ကြီးထဲကျသွားသူလိုပဲ ဘဝတစ်ခုလုံး ပျောက်ဆုံး ကျရှူံး သွားနိုင်ပါတယ်။ သက်သာရာပဲ အမြဲရှာနေတာဟာ ဘဝကို အရှူံးပေးလိုက်တာနဲ့ အတူတူပါပဲ။

၃။ သူတစ်ပါးဆီကအကြံဥာဏ်ကို နားမထောင်ခြင်း

လူ့အန္ဓတွေသာ ကိုယ့်ကိုယ်ကို အရာရာပြီးပြည့်စုံတယ်လို့ ထင်ကြတာပါ။ လူအများ ဝိုင်းဝန်းစုပေါင်း အဖြေရှာကြတဲ့အခါ အကြံကောင်းဥာဏ်ကောင်းဆိုတာ ဖမ်းဆုပ်မိဖို့ မခက်လှပါဘူး။ သင်ကိုယ်တိုင် ကြံဆလို့ရတာပဲဖြစ်ဖြစ်၊ သူများတွေနဲ့အတူတူဝိုင်းစဉ်းစားလို့ ရတာပဲဖြစ်ဖြစ် အကြံဥာဏ်ကောင်းဟာ အကြံဥာဏ်ကောင်းပါပဲ။ ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းခြင်းကို လျှော့ချပါ။ သူတစ်ပါးပေးတဲ့အကြံဥာဏ်ဟာ တကယ်ကောင်းတယ်ဆိုရင် လက်ခံလိုက်ပါ။

၎။ အပြောင်းအလဲကို ရှောင်ရှားခြင်း

စိတ်ဓာတ်ကြံ့ခိုင်သူတွေ ကောင်းကောင်းနားလည်သဘောပေါက်ပေမယ့် စိတ်ဓာတ်ပျော့ညံ့သူတို့ မသိတဲ့အချက်တစ်ချက်က အပြောင်းအလဲဆိုတာ ရှောင်ရှားလို့မရနိုင်ဘူးဆိုတာပါပဲ။ ကိုယ်ကြိုမသိနိုင်တဲ့အရာတစ်ခုကို ရှောင်ရှားဖို့ကြိုးစားတယ်ဆိုတာ အဓိပ္ပာယ်မဲ့လွန်းပါတယ်။ ဒါဟာ အတွေ့အကြုံအသစ်တွေ သင်ကြားနိုင်မယ့် အခွင့်အလမ်းတစ်ခုကို လက်လွှတ်ဖို့ ကြိုးစားနေတာပါပဲ။ လေ့လာစူးစမ်းလိုစိတ်မရှိရင် သေတာနဲ့ဘာမှမထူးပါဘူး။

၅။ စိတ်တံခါးကို ပိတ်ထားခြင်း

သင်ဟာ အရာအားလုံးကို မသိနိုင်ပါဘူး။ ကိုယ်သေချာပေါက် သိတယ်လို့ ယုံကြည်ထားတဲ့ အရာတွေတောင် လုံးဝဥသုံ မမှန်ကန်နိုင်ပါဘူး။ တကယ်လို့ သင်ဟာ စိတ်တံခါးကို ပိတ်ထားမယ်ဆိုရင် အရာဝတ္တုအသစ်တွေကို သင်ယူလေ့လာခြင်းမှ သင့်ကိုသင် ပိတ်ပင်တားဆီးလိုက်သလိုပါပဲ။ သင်ယူခြင်းတွေ အဆုံးသတ်သွားတာနဲ့ တပြိုင်နက် ရှင်သန်နေထိုင်ခြင်းဟာလည်း ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။

၆။ မိမိအတွက် အဆုံးအဖြတ်ကို သူတစ်ပါးအား ချမှတ်စေခြင်း

သင့်အတွက် ဆုံးဖြတ်ချက်ကို ချမှတ်သူဟာ သင်ကိုယ်တိုင်ပဲ ဖြစ်သင့်ပါတယ်။ သူတစ်ပါးကို သင့်အတွက် ဆုံးဖြတ်ချက် မချခိုင်းသင့်ပါဘူး။ အဲသည်လိုလုပ်ခြင်းဟာ သင်ရဲ့တာဝန်ကို သူတစ်ပါးအား လွှဲပြောင်းပေးလိုက်ခြင်းသာဖြစ်ပြီး အဲသည် ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာမယ့် သက်ရောက်မှုကို ခံစားရင်ဆိုင်ရမယ့်သူကတော့ သင်ကိုယ်တိုင်ပါပဲ။ ကျရှုံးခြင်းကို ရင်ဆိုင်ဖို့ သတ္တိမရှိသူမှာ အောင်မြင်ခြင်းကို ရင်ဝယ်ပိုက်ထားနိုင်တဲ့ သတ္တိလည်း ရှိမနေမှာ အသေချာပါ။

၇။ သူတစ်ပါး၏ အောင်မြင်မှုကို မနာလို မရှုစိမ့်ဖြစ်ခြင်း

တခြားသူတွေ အောင်မြင်နေကြတဲ့အခါ သင်ဟာ မုဒိတာ ပွားသင့်ပါတယ်။ သူတို့တွေ အောင်မြင်သလို သင်လည်း အောင်မြင်နိုင်တာပါပဲ။ တစ်ပါးသူတွေ အောင်မြင်နေခြင်းဟာ သင်အောင်မြင်နိုင်မယ့် အခွင့်အလမ်းကို အနည်းငယ်မျှ မယုတ်လျော့စေပါဘူး။ ဖြစ်ခြင်းဖြစ်ရင် ဒါဟာ သင့်ကို ရှေ့ဆက်လျှောက်လှမ်းနေစေတဲ့ တွန်းအားတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။

၈။ ဖြစ်နိုင်ချေများတဲ့ ကျရှုံးမှုအကြောင်းကိုချည်း တွေးတောနေခြင်း

မိမိတို့ရဲ့ အတွေးအခေါ်တွေဟာ မိမိတို့ရဲ့ အမြင်တွေကို ထိန်းချုပ်ပါတယ်။ အမြင်က ရလဒ်ကို ထိန်းချုပ်တယ်။ စိတ်ဓာတ်ကြံ့ခိုင်သူဟာ ဒီအချက်ကို ကောင်းကောင်းနားလည်ထားပြီး သူတို့ရဲ့ အကျိုးအတွက်တောင် အသုံးချတတ်ပါသေးတယ်။ ကျရှုံးနိုင်ချေဆိုတာ အမြဲတမ်း ရှိနေတတ်ပါတယ်။ ဒါပေမယ့် အောင်မြင်နိုင်ချေ ဆိုတာလည်း ရှိနေသေးတာမို့ စွန့်စားဖို့ ထိုက်တန်ပါတယ်။

၉။ ယူကျုံးမရဖြစ်နေခြင်း

လောကဓံတရားတွေ ပြည့်နှက်နေတဲ့ လူ့လောကကြီးမှာ ပြဿနာတွေဟာလည်း မကုန်ခမ်းနိုင်ပါဘူး။ နာကျင်ဒဏ်ရာရသူတွေ ရှိမယ်။ သေဆုံးနေကြသူတွေ ရှိတယ်။ ဘဝခရီးဟာ အမြဲတမ်း ပန်းခင်းလမ်းတော့ မဖြစ်နိုင်ပါဘူး။ သင်ဟာ မကြာခဏ ထပ်ခါထပ်ခါ ပြန်ကာလှန်ကာ လဲကျနေဦးမယ်။ လဲကျတိုင်း ပြန်ထဝံ့တဲ့ သတ္တိ သင့်မှာ ရှိပါရဲ့လားလို့ ကိုယ့်ကိုယ်ကို မေးကြည့်လိုက်ပါ။

၁၀။ အားနည်းချက်အပေါ်မှာချည်း အာရုံစိုက်နေခြင်း

အားနည်းချက်တွေကို ပြုပြင်ဖို့ကြိုးစားခြင်းဟာ တကယ်ကောင်းမွန်တဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် အားသာချက်တွေအပေါ်မှာ အာရုံစူးစိုက်ထားဖို့က ပိုပြီး အရေးမကြီးဘူးလား။ အရာတိုင်းမှာ တော်သင့်ရုံလောက်ပဲ တတ်ကျွမ်းခြင်းဟာ သင့်ကို သူလိုကိုယ်လို သူတစ်ယောက်သာ ဖြစ်စေပါလိမ့်မယ်။ တစ်နေနေရာရာမှာ ပေါက်ပေါက်မြောက်မြောက် ထူးချွန်ပါမှ သင့်ရဲ့ ပြိုင်ဘက်တွေကို အလဲထိုးနိုင်ပါလိမ့်မယ်။

၁၁။ တစ်ပါးသူ စိတ်ကျေနပ်အောင် ကြိုးစားခြင်း

ကောင်းမွန်စွာ ပြီးမြောက်တဲ့အလုပ်တစ်ခုဆိုတာ ဘယ်သူပဲ အကဲဖြတ်ဖြတ် ကောင်းမွန်နေဦးမှာပါပဲ။ လူတကာစိတ်ကျေနပ်ဖို့ထက် ကိုယ်တတ်စွမ်းသမျှ အကောင်းဖြစ်အောင်ဆောင်ရွက်လိုက်ဖို့သာ ပိုအရေးကြီးပါတယ်။

၁၂။ လုပ်ပိုင်ခွင့် မရှိတဲ့ အရာတွေအတွက် သင့်ကိုသင် အပြစ်တင်ခြင်း

စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ သူတို့မှာ လုပ်ပိုင်ခွင့် မရှိတဲ့ အရာတွေကို သိလည်းသိ နားလည်းလည်ကြတဲ့အပြင် အဲဒီအရာတွေအကြောင်း တွေးတောစဉ်းစားနေခြင်းကိုတောင် ရှောင်ရှားလေ့ ရှိကြတယ်။


၁၄။ နားလည်မှုလွဲမှားခြင်း

ကောင်းမွန်စွာ လည်ပတ်နေတဲ့ လုပ်ငန်းတိုင်းမှာ ပြောဆိုဆက်ဆံခြင်း အတတ်ပညာဟာ အဓိကအချက်ပါပဲ။ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို သမန်ကာလျှံကာလောက် တင်ပြရုံနဲ့ မလုံလောက်ပါဘူး။ သင်သာချက်ချက်ချာချာမပြောဆိုတတ်ဘူးဆိုရင်၊ သင့်အပေါ်တစ်ဖက်လူက အထင်အမြင်လွဲမှားသွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ ကိုယ်အပေါ် တစ်ဖက်လူအထင်အမြင်မလွဲမှားဖို့ အစွမ်းကုန် ကြိုးစားအားထုတ်ကြသလို နားလည်မှုလွဲမှားခြင်းတွေ ရှိလာရင်လည်း စိတ်ရှည်ရှည်ထားပြီး ဖြေရှင်းတတ်ကြပါတယ်။

၁၅။ ရေကန်အသင့် ကြာအသင့်အခြေအနေမျိုးကိုမျှော်လင့်နေခြင်း

ဘဝကသင့်အတွက် ဘယ်အရာကိုမှအဆင်သင့်ပြင်ဆင်ပေးထားမှာမဟုတ်ပါဘူး။ သင်မွေးဖွားလာပြီးတဲ့နောက် အရာရာဟာသင်ဖန်တီးတဲ့အတိုင်း ဖြစ်လာမှာပါပဲ။ အရာရာ ခူးပြီးခပ်ပြီး အခြေအနေမျိုး ဘယ်သူကမှသင့်ကို ဖန်တီးပေးထားမှာမဟုတ်ပါဘူး။ သင့်ဘဝမှာ တစ်ခုခုကို ရယူပိုင်ဆိုင်ချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကြိုးစားအားထုတ်ပြီး ရယူဖို့ကလွဲလို့ တစ်ခြားနည်းလမ်းမရှိပါဘူး။

၁၆။ ထပ်တူအမှားများကို ကျူးလွန်ခြင်း

"တစ်ကြိမ်တခါမှားမိတယ်" ဆိုတာမျိုးကတော့ လူတိုင်းဖြစ်နိုင်ပါတယ်။ အဲဒီအမှားကိုပဲ တစ်ကြိမ်ကနေ နှစ်ကြိမ်၊ နှစ်ကြိမ်ကနေ သုံးကြိမ်ထိ ထပ်ကာထပ်ကာ ကျူးလွန်နေမိပြီဆိုရင်တော့ သင်ဟာပညာမဲ့တဲ့ လူ့န္ဓတစ်ယောက်နဲ့မခြားတော့ဘူးဆိုတာ သတိချပ်ပါ။

၁၇။ အကြောက်တရားများကို ဖြစ်ပေါ်ခွင့်ပေးခြင်း

လောကကြီးမှာ ကြောက်စရာကောင်းတဲ့အရာတွေ အများကြီးရှိပါတယ်။ အချို့သော ကြောက်ရွံ့ခြင်းတွေကြောင့် သင့်မှာ ဆင်ခြင်တုံတရားတွေ ဖြစ်ပေါ်လာစေနိုင်ပေမယ့် ဘဝမှာ အဓိပ္ပယ်မဲ့ ကြောက်ရွံ့နေခြင်းတွေကသာ ပိုများပါတယ်။ သင်ယုံကြည်မျှော်လင့်တဲ့ အရာတစ်ခုအတွက် ရှေ့ကိုတိုးဖို့ကြောက်ရွံ့မနေပါနဲ့။ အောက်ကိုပြုတ်ကျမှာ သိပ်ကြောက်လွန်းနေရင် "ထိပ်ဆုံးကိုရောက်ရှိခြင်း" ဆိုတဲ့ ချိုမြိန်တဲ့ခံစားမှုကို သင်ဘယ်တော့မှ မြည်းစမ်းရလိမ့်မယ်မဟုတ်ပါဘူး။

၁၈။ ရှေ့နောက်စဉ်းစားချင့်ချိန်မှု မရှိခြင်း

အခြေအနေနဲ့အချိန်အခါကို ကောင်းမွန်စွာနားလည်ပြီးမှ လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ အကျင့်ကို စိတ်ဓာတ်ကြံ့ခိုင်သူတိုင်းဟာ ကျင့်ကြံကြပါတယ်။ နက်နက်နဲနဲ တွေးတောဖို့၊ လေးလးနက်နက် ဆင်ခြင်စဉ်းစားဖို့ အချိန်ရှိတယ်ဆိုရင် အဲဒီအချိန်ကို အသုံးချပါ။ အဲသည်လို မလုပ်ခြင်းဟာ ပျင်းရိခြင်းပါပဲ။


၁၉။ အကူအညီ မယူခြင်း

သင်ဟာ တန်ခိုးရှင်တစ်ယောက် မဟုတ်တဲ့အတွက် အရာအားလုံးကို တစ်ယောက်တည်း မလုပ်နိုင်ပါဘူး။ လုပ်နိုင်တယ်ဆိုရင်တောင် ကူညီလုပ်ကိုင်ပေးမယ့် သူတွေ ရှိနေတဲ့အချိန်မျိုးမှာ သူတို့ ကူညီကြပါစေ။ ဘာဖြစ်လို့ ကိုယ်တိုင် ဝင်လုပ်နေဦးမှာလဲ။ သူတို့တွေ ပေးတဲ့ အကြံညဏ်ကို ရယူ၊ သူတို့တွေ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်သလဲဆိုတာကို ကြည့်ရှုမှတ်သား၊ အဲသည်လိုနည်းမျိုးနဲ့ သင်ဟာ လူမှုဆက်ဆံရေးမှာ ကောင်းမွန်သူတစ်ယောက်ဖြစ်ကြောင်း ပြဿသင့်ပါတယ်။ သူတို့ဆီက တစ်ခုခုကို သင်ယူနိုင်ကောင်း သင်ယူနိုင်မယ်။ မဟုတ်လည်း သူတို့ကို တစ်ခုခု သင်ပြနိုင်ပါတယ်။

၂၀။ လက်မြှောက်အရှုံးပေးခြင်း

လူသားတွေရဲ့ အကြီးမားဆုံး အားနည်းချက်က လက်မြှောက်အရှုံးပေးခြင်းပါပဲ။ စိတ်ဓာတ်ကြံ့ခိုင်သူတွေကတော့ သူတို့အတွက် အရေးပါတဲ့ အရာတွေကိုပဲ လုပ်ကိုင်တယ်။ အရေးမကြီးတဲ့ အရာတွေကို ဂရုမပြုဘဲ ထားလိုက်တယ်။ သင့်အတွက် အရေးကြီးတယ်ဆိုတဲ့ အရာတွေအားလုံးကိုတော့ သင် အောင်မြင်မှုတွေ ရရှိချိန်အထိ ခြွင်းချက်မရှိ ဖက်တွယ်ထားရမယ်။

လေးစားခြင်းဖြင့်

မြတ်ပန်းနွယ်

(20 things that mentally strong people don’t do ဆိုပြီး  မူရင်းစာမူမှာ အချက် ၂၀ရှိပါတယ်။ အဲဒီထဲကမှ အချက်တစ်ချက်ထဲကိုပဲ ဖယ်ချန်ထားပြီး (အဲတာဟာလည်း သူပေးထားတဲ့ ခေါင်းစဉ်ခွဲလေးနဲ့ သူ့ဖော်ပြချက်ဟာ ဆီလျော်မှု မရှိဘူးလို့ ကျွန်မ ယူဆမိတဲ့ အတွက်ပါ။) ကျန်တဲ့ အချက်အလက်တွေကို ကျွန်မနားလည်မိတဲ့အတိုင်း ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်။

မူရင်းကိုတော့ သည်မှာ ဖတ်ရှုနိုင်ပါတယ်။

http://elitedaily.com/life/motivation/20-things-that-mentally-strong-people-dont-do/)


Tuesday 10 June 2014

တယောအို



“တယောအို”


ဂိမှာန်လေပြေ (ပြည်)
ဆော်သွေမညင်း ပူဒဏ်ပြင်းလည်း
ဝမ်းတွင်းငြူဆူ မီးအပူကို
ဖက်တူမမီ ရှုံးခဲ့ပြီမို့
ရိပ်ဆီမှခွာ လူထူရာဆီ
တည်ကာလျှောက်လှမ်း မြေကိုစမ်း၍
ဆမှန်းမျှော်ရှာ သူ့ဇရာကြောင့်
တုန်ရှာလက်ဝယ် တယောငယ်အား
ညင်သွယ်သာမြ သံစဉ်လှတို့
လှစ်ဟဖော်မြူး တေးကိုကျူးရင်း
လူးလာခေါက်ချီ လမ်းမဆီမှ
ဟိုသည်ဖြတ်သွား လူအများတို့
သနားကြင်နာ ငွေသပြာကို
စွန့်လှာစေရေး မျှော်ရည်တွေးရင်း
ဆိုတေးခွန်းချို ချွေးစက်စို၍
ရင်ဖိုမူးစေ သံပြာဝေလည်း
နားစေမဟူ ကြင်သက်အူတွက်
ဟင်းခွက်ဖွယ်ရာ စုံချင်ရှာမိ
မီးစာခမ်းပြီ လမ်းမဆီမှ
တေးသီဟစ်ဆို ဖုန်းစားအို ။ ။








လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်