Monday 31 December 2012

With Me Always


မောင် ..

ဝေးနေဆဲနေ့ရက်လေးတွေမှာ နှလုံးသည်းပျက်ကြွေ၊ ပြီးတော့ မျက်ရည်လေးတွေလည်း နှင်းမြူတွေနဲ့အပြိုင် ဝေနေရတယ်။ အလွမ်းငွေ့လေးတွေ ထုထည်သိပ်သည်းမှုများလာတော့ ဝိုးတဝါးအိပ်မက်တွေနဲ့ မေ့ရင်ထဲက ရာသီဥတုလေးဟာ မှုန်မှုန်သုန်သုန်ရယ်။

အတူရှိနေမှ ပျော်ရွှင်တတ်အောင်၊ အတူမရှိနေချိန်မှာ လွမ်းမောတသစိတ်တွေနဲ့ ပြန်ဆုံကြမယ့်ရက်ကလေးတွေကို လက်ချိုးရေပြီး ရင်လှိုက်မောတတ်အောင် မောင် ပြုစားခဲ့တယ်။ သိနားလည်ဆင်ခြင်တတ်တဲ့ စိတ်ကိုရော၊ ခံစားချက်တွေမွေးဖွားရာ နှလုံးသားကိုပါ မောင်က မှိုင်းတိုက်ခဲ့ပြီးသားဖြစ်လို့ လွမ်းစိတ်တွေနဲ့ အားငယ်မိတဲ့အခါတိုင်း ပါးပြင်ထက်မှာ ပုလဲငွေဥတွေ မစုစေပါပဲ တိတ်တခိုးလေးသာ ရင်ထဲမှာ အခါခါ ငိုကြွေးမိတတ်ခဲ့ရတယ်။ မေ့ရင်ထဲမှာ စီးဆင်းနေတဲ့ မျက်ရည်မြစ်ငယ်လေးတစ်စင်းက တသွင်သွင်ပါပဲကွယ်။

Saturday 10 November 2012

မိုးမြင့်ထက်တွင် ပျံသန်းခြင်း


ဒီမနက်ခင်းလောက် မမကြီးတို့ရဲ့ ပန်းကန်တွေကို ဆေးပေးချင်တာမျိုး မဖြစ်ဖူးသေးဘူး။ စက်ရုံအပေါက်နဲ့ ဆက်နေတဲ့ တိုက်တံခါးဖွင့်ကတည်းက ပန်းကန်ခေါ်ဆေးခိုင်းမယ့် အသံကို စောင့်နေရတာ။ ဆောင်းတွင်းမနက်ခင်းကြီးမှာ ရေအေးတွေကိုင်ပြီး ပန်းကန်ဆေးပေးနေချင်တယ် ဆိုတာ လူကြားရင် ရယ်ချင်စရာကြီးနော်။

အခါတိုင်းဆို ဒီလိုအချိန်မျိုးရောက်ရင် ချည်ခင် လက်ကျန်တွေကိုပဲ ရေတွက်နေသလိုလို၊ အထည်ကွင်းတွေပဲ စစ်နေသလိုလိုနဲ့ အလုပ်များနေဟန် ဆောင်ရတာ အမော။ ဘေးမှာထိုင်နေတဲ့ မပို နဲ့အပြိုင် မသိမသာ ကပ်တွက်ရင်း နောက်ဆုံး သူ လုံးဝ မထတာ သေချာမှ ဝင်းခိုင်က ထတာ။ အေးခိုင် နဲ့တော့ မကပ်တွက်ပါဘူး။ သူက ညီမပဲ။ ဒါကြောင့် မပို အလုပ်မဆင်းတဲ့ရက်တွေမှာ မမကြီးက ပန်းကန်းဆေးခိုင်းရင်တော့ ဝင်းခိုင်ပဲ သွက်သွက်လက်လက် ထဆေးပေးလိုက်တယ်။ တစ်ညလုံး အလုပ်ဆင်းထားရလို့ ပင်ပန်းနေတာချင်းအတူတူ အေးခိုင် နားပါစေတော့။ သူက ဝင်းခိုင်ထက် ၃နှစ်တောင် ငယ်တာကိုး။

ဒီမနက်ကတော့ အရင်နေ့တွေလို မဟုတ်ဘူး။ ဖင်ပေါ့ပေါ့နဲ့ ပန်းကန်းထဆေးပေးပြီး မျက်နှာလုပ်စရာက ရှိနေတယ်။ မပို လည်း ဒီအသံကို စောင့်နေတယ် ဆိုတာ သိသာတယ်။ ကြည့်ပါလား။ သူ့ လက်ကျန်ချည်တွေကို ချည်ချခုံနားမှာ ယူစရာရှိနေတာတောင် သွား မယူသေးဘဲနဲ့  ဒီအပေါက်ဝနားမှာ ပေထိုင်ပြီး ဝင်းခိုင်တို့နဲ့အပြိုင် ချည်အရှုပ်တွေ ရှင်းချင်ယောင်ဆောင်နေတာ။ မနေ့က မမကြီးပြောထားတဲ့ ကိစ္စကြောင့် သူလည်း မမကြီးကို ဖားဖို့ ချောင်းနေတာနေမှာပေါ့။ ဒါကြောင့် မမကြီး ခေါ်ခိုင်းမယ့်အသံကို ဝင်းခိုင်က မပို နဲ့အပြိုင် နားစွင့်နေရတာ။

Friday 26 October 2012

Shmily !


၁။

လူနှစ်ယောက်ဟာ ဆုံတွေ့ဖို့ ဖူးစာကံ အချိန်မတန်သေးသရွေ့ တစ်ယောက်ကိုတစ်ယောက် မြင်တွေ့နေကြတာတောင် အရေးမစိုက်၊အဖက်မလုပ်ဘဲ ကျော်သွားကြပြီး အချိန်တန်လာပြန်တော့လည်း တစ်ဦးကိုတစ်ဦး မမြင်ရရင် မနေနိုင်၊ မတွေ့ရရင် ဘဝင်မကျသလိုလို အခြေအနေမျိုးအထိ ဖြစ်လာရတယ်။ အဲသည်လို အခြေအနေမျိုးနဲ့ မင်းနဲ့ကိုယ်ရဲ့ ဇာတ်လမ်းလေး စတင်ခဲ့ပါတယ်။

၂။

ဝေးကွာခြင်း၊ ဝေးရခြင်း၊ အကြိမ်ကြိမ် ခွဲခွာနေရခြင်း ဆိုတာတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ စတင်ခဲ့ရတဲ့ ကိုယ်တို့ဇာတ်လမ်းလေးမှာ လက်ဆုပ်လက်ကိုင် ပြစရာအဖြစ် အလွမ်းတွေချည်းပဲ ကျန်ရစ်ခဲ့တယ်။ ဒါတွေဟာ နှစ်ဦးကြားက သံယောဇဉ်များရဲ့ ပြယုဂ်လေလား။ ဒါမှမဟုတ် တွယ်ငြိခြင်းအစ သမုဒယပေလား။ ဘာပဲဖြစ်ဖြစ် ကိုယ် မချည်ခဲ့တဲ့ကြိုးကလေး မင်းဆီမှာလည်း မြဲခဲ့တယ်နော်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။

Wednesday 26 September 2012

ခဲမှန်ဖူးသည်

 
 နာရီကို ငုံ့ကြည့်လိုက်တော့ ၆နာရီထိုးပြီး ၁၅မိနစ်။

“ ဘုရားရေ.. အလုပ်ကို ရောက်ဖို့ နောက်ထပ် ၁၀မိနစ်လောက် လမ်းလျှောက်ရဦးမယ်။ ဒီလိုသာဆို ၆နာရီခွဲလောက်မှ ရောက်မှာပေါ့။ ဟို မန်နေဂျာနဲ့တော့ စကားပြောရတော့မှာပဲ။ ဟူးးး ”  

သက်ပြင်းတွေ နာနာချရင်း ခြေလှမ်းတွေကို မပြေးရုံတမယ်သာသာ အရှိန်မြှင့် တင်လိုက်ရ၏။ သည်နေ့ ကျောင်းဆင်းနောက်ကျသည်။ အမှန်တကယ်က ၅နာရီသည် အတန်းပြီးချိန် ဖြစ်သည်။ သို့သော် ဆရာက နှစ်ကုန်လျှင် တင်ရမည့် ပရောဂျက်တစ်ခုအကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြနေခဲ့သည်ဖြစ်ရာ တကယ်တမ်း အတန်းလွှတ်တော့ ၅နာရီ ခွဲလုလုပင် ရှိပြီ။

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် ကျောင်းတက်ရင်း အလုပ်လုပ်သူတစ်ယောက်အတွက် ပြေးလွှားလှုပ်ရှားရသည့်ဘဝကို မောသည်၊ ပန်းသည်ဟု မညည်းညူချင်။ အမြဲတမ်း ပြေးလွှားလှုပ်ရှားနေသည့် သူမကို သူငယ်ချင်းအချို့က “ နင့်ကြည့်ရတာ မောလိုက်တာ။ နင် မမောဘူးလားဟင် ” ဟု မေးလာသည့်အခါတိုင်း “မောတော့မောတာပေါ့၊ ဒါပေမယ့် မမောဘူး ” အရယ်အရွှမ်းဖောက်လျက် ဖြေခဲ့ဖူးသည်။ တကယ်တော့ ကျောင်းတက်ရင်း အလုပ်လုပ်ကြသည့် သူမလို ကျောင်းသားတွေ အများကြီး ရှိသည်ပဲလေ။ သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမှာလဲဟူသည့် တွန်းအားနဲ့ လှုံ့ဆော်မှုက သူမ မာနကို အမြဲတမ်း စိန်ခေါ်နေခဲ့သည် မဟုတ်လား။

Saturday 18 August 2012

လရောင်ကျိန်စာ






“ ကျွန်တော် ပုံ့ကို ချစ်တယ်

ကျွန်တော် ပုံ့ကို သိပ်ချစ်တယ်
ကျွန်တော် ပုံ့ကို တကယ်ချစ်ပါတယ် ဗျာ .. ”

ထိန်ထိန်သာနေသော လမင်းကြီးကို မော့ကြည့်ရင်း အရူးတစ်ယောက်လို ငိုကြွေးတမ်းတနေမိသည်။ သို့သော် လမင်းကြီးက ကျွန်တော့် ရင်ထဲမှ အပူကို ဖြေဆည်နိုင်လိမ့်မည် မဟုတ်ပါ။ ထို့အပြင် လရောင်များက ပုံ့ကို ကျွန်တော် ပိုပြီး လွမ်းဆွတ်တမ်းတမိအောင်ပင် ပြုစားနေပါသေးသည်။

ပုံ့ကို ကျွန်တော်သိပ်ချစ်သည့်အကြောင်း ဘယ်လိုပင် တိုင်တည်ငိုကြွေးပြောဆိုနေပါစေ ပုံ့ သိနိုင်တော့မည် မဟုတ်ပါ။ သိခဲ့လျှင်လည်း ယုံကြည်လိမ့်မည် မဟုတ်ပါ။ တိုင်တည်ငိုကြွေးရလွန်း၍ ကျွန်တော့်ရင်တစ်ခုလုံးသာ ပွင့်ထွက်သွားလျှင်သွားပေလိမ့်မည်။ ပုံ့ကတော့ သူ့ဘဝထဲမှာ ကျွန်တော့်ကို ပြန်လည်လက်ခံတော့မည် မဟုတ်ပါ။

ကျွန်တော့်ကို ပုံ့ ထားသွားခဲ့လေပြီ။


Tuesday 17 July 2012

ပြည်ပန်းညို ချိုပါစေ




စာရင်းတွေ အပြန်ပြန်အလှန်လှန် တွက်ပြီးနောက်၊ သွင်းငွေနဲ့ ထုတ်ငွေကို အကြိမ်ကြိမ် ထပ်စစ်ဆေးပြီး၊ မိမိကိုယ်တိုင် စာရင်းသွင်းထားသည့် အကြောင်းအရာတစ်ခုချင်းကို သေသေချာချာ ပြန်ဖတ်ရင်း တစ်ခုခုများ မှတ်ဖို့ကျန်ခဲ့တာလား ဟု ထပ်မံ စစ်ဆေးလိုက်သည်။
သေချာသွားပြီ။


ဒီတစ်ခါလည်း တစ်ထောင်လျော့နေပြန်သည်။

Wednesday 27 June 2012

ချစ်ခြင်းဘွဲ့ တေးကဗျာများ စုစည်းမှု

ချစ်ခြင်းဘွဲ့ တေးကဗျာများကို ဤစာမျက်နှာထက်မှာ စုစည်းထားချင်လို့ပါ။




"လွမ်းရတဲ့အကြောင်း"

သတိရတဲ့အခါ မင်းနာမည်ကို
သီချင်းတစ်ပုဒ်လို တိုးတိုးလေးညည်းမယ်။

သတိရတဲ့အခါ မင်းအတွက် ကိုယ့်အိပ်မက်တွေကို
ပန်းချီကားထဲမှာ မှော်ဆန်ဆန် ရေးဆွဲထားမယ်။

သတိရတဲ့အခါ ထုတ်ထုတ်ပြီး ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်လို ..
မင်းအကြောင်းတွေးတိုင်း နှလုံးသားထဲမှာ အမြဲတမ်းနွေးထွေးတယ်။

ချစ်ခြင်းမေတ္တာဟာ အဆက်အကြောင်းတွေလိုပဲ
တစ်စနဲ့ တစ်စ ဆက်စပ်ထားရှိတယ်။

အရာရာကို သိုမှီးမထားတတ်တဲ့ ကိုယ့်နှလုံးသားမှာ
မင်းကို လွမ်းရတဲ့အကြောင်းတွေကိုတော့
မဖိတ်မစင် တွေ့နိုင်ပါရဲ့ကွယ် ။ ။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

Sunday 17 June 2012

ချည်မဲ့ကြိုး

-->


 


“ မမကြီး.. ညီမလေးတို့ စာသင်တမ်း ကစားရအောင်လေ “


ကျွန်မ အခန်းတံခါးကို တွန်းဝင်လာပြီး ခုတင်စောင်းမှာ ဝင်ထိုင်ရင်း ညီမလေးက ကစားဖို့ အဖော်လာစပ်တယ်။ ကျွန်မက ကွန်ပျူတာစားပွဲရှေ့မှာ သူငယ်ချင်းတွေနဲ့ ချက်တင်းချက်နေရင်း ညီမလေးကို လှည့်ကြည့်လိုက်တယ်။

ညီမလေးက ဆံပင်အတုကြီး စွပ်ထားပြီး မေမေ့ ထဘီကို ယူဝတ်ထားတယ်။ မိတ်ကပ်ကို မညီမညာ လိမ်းထားပြီး နှုတ်ခမ်းနီ၊ ပါးနီတွေလည်း ဆိုးထားတယ်။ မေမေ့ပုဝါတွေထဲက တစ်ထည်ကို ပုခုံးမှာ စုံချထားပြီး လက်ပွေ့အိတ်တစ်လုံးကိုလည်း ပိုက်ထားလိုက်သေးတယ်။ အဲဒီ့အိတ်ထဲမှာ မိတ်ကပ်အမှုန့်ဗူးတွေ၊ ခေါင်းဘီးတွေ၊ နှုတ်ခမ်းနီတွေ ပါနေမယ်ဆိုတာကို ဖွင့်ကြည့်စရာမလိုဘဲ ကျွန်မ သိနေခဲ့တယ်။ ပြီးတော့ ဖတ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ နဲ့ ရောင်စုံဘောပင်တွေလည်း ပါဦးမယ်။ စာသင်တမ်းဆော့မယ့် ညီမလေးက တကယ့်ကို ဆရာမတစ်ယောက် စတိုင်ဖမ်းပြီး ပြင်ဆင်ထားတယ်။

Saturday 12 May 2012

မလွယ်ပါဘူး

အဲသည့်နေ့တုန်းက အဆောင်အခန်းကျဉ်းကျဉ်းလေးထဲမှာ ပူလောင်အိုက်စက်စွာ နေ နေရလိမ့်မယ်လို့ ဘယ်လိုလုပ် ကျွန်တော်ထင်ခဲ့မှာလဲ ။ ပြီးတော့ တနေကုန် အပြင်ဖက်က စပီကာသံကြီးတွေကို နားစွင့်ပြီး ဆိုင်ကယ် လီဗာသံတွေကိုပဲ နားဆင်နေခဲ့ရတာ။ တကယ်ကို ကြေကွဲခဲ့ရတဲ့ သင်္ကြန်ရက်တစ်ရက်ပါပဲဗျာ။

ကျွန်တော် ဒီအကြောင်းတွေကို ရင်ဖွင့်သင့်လား စဉ်းစားနေတာကိုက ကြာလှပြီ။ ကျွန်တော် ရင်ဖွင့်လိုက်ရင် ကိုယ့်ပေါင်ကိုလှန်ထောင်းသလို ဖြစ်မှာ စိုးရိမ်တယ်။ ပြီးတော့ ဆွမ်းဆန်ထဲ ကြွက်ချေးရောတာကို ဝါးလုံးရှည်နဲ့ သိမ်းပြီး ရမ်းနေတယ်လို့ ထင်သွားကြမှာလည်း ဆိုးတယ်။ ကျွန်တော်ဆိုတဲ့သူကလည်း ကျွန်တော်ပါပဲ။ ကိုယ့်ကိုထိပြီထင်ရင် လုံးဝကို ခံတတ်တာမဟုတ်။ ဆတ်ဆတ်ထိမခံဆိုတာ ကျွန်တော်လို လူမျိုးကို ပြောတာ။ ကိုယ့်ကိုကြောတယ်ထင်လို့ကတော့ ပက်ကနဲနေအောင် ပြန်ပြောပစ်လိုက်တာချည်းပဲ။ အဲဒီအကျင့်ဆိုးတွေကြောင့်လည်း နေရာတိုင်းမှာ လူတိုင်းနဲ့တည့်တယ်ဆိုတာက ခပ်ရှားရှား။ ဘယ်နေရာမှာမဆို ကျွန်တော်နဲ့ မတည့်တဲ့သူ၊ ကျွန်တော် ကြည့်မရတဲ့သူက ရှိကို ရှိတယ်။ ကျွန်တော်က အလုပ်သင်ဆရာဝန်ဆိုတော့ သူနာပြုဆရာမတွေတစ်ချို့နဲ့  မတည့်ဘူးဆိုတာလည်း သိပ်တော့ ထူးဆန်းမယ် မထင်ပါဘူးလေ။

အခုလည်း ကျွန်တော် ဆေးရုံမှာ ဆရာမတစ်ချို့နဲ့ ကတောက်ကဆ ဖြစ်ခဲ့ရတဲ့အကြောင်းလေးကို ပြန်ပြောပြချင်လို့ပါ။

Sunday 29 April 2012

အစတစ်ခု၏ အစ



ArtScience Museum ရှေ့ရောက်တော့ နံနက်၉ နာရီခန့်သာ ရှိသေး၏။ ပြတိုက်သည် ၁၀နာရီမှ ဖွင့်မည်ဖြစ်သည်။ အနီးအနားတွင် သန့်ရှင်းရေးဝန်ထမ်းတစ်ချို့နှင့် လုံခြုံရေးအချို့သာ ရှိနေခဲ့သည်။ မှန်တံခါးမှတဆင့် ပြတိုက်ထဲကို လှမ်းကြည့်လိုက်တော့ ပြ တိုက်ဝန်ထမ်းများက ဟိုဟိုသည်သည် သွားလာ၊လှုပ်ရှားနေသည်ကို တွေ့ရ၏။ တစ်ခါတစ်လေ စနေနေ့ နံနက်ခင်းများတွင် မြို့ထဲသွားရာလမ်းသည် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်တတ်သည်ကတစ်ကြောင်း၊ ပြတိုက်ဖွင့်ပြီးချိန်မှလာမည်ဆိုလျှင် လူရှုပ်မည်ကို စိုးသည်ကတစ်ကြောင်းတို့ကြောင့် စောစီးစွာပင် အိမ်မှ ထွက်လာခဲ့ခြင်းဖြစ်သည်။ 

ယနေ့ ရာသီဥတုပူသည်။ သို့သော် ကောင်းကင်တွင် မိုးသားအနည်းငယ် ရှိနေသည်။  မြစ်ရေပြင်သည် ငွေရောင်တလက်လက် တောက်ပနေပြီး  ရေပေါ်တွင် အနီးအနားဝန်းကျင်မှ အထပ်မြင့်တိုက်များ၏ အရိပ်များ ထင်ဟပ်နေသည်။ ပြတိုက်၏ အရှေ့ဖက်နှင့် ဘေးဖက်တို့တွင် သစ်သားခုံလေးများကို တွေ့ရသော်လည်း သွားမထိုင်ဖြစ်ပါ။ မတ်တပ်ရပ်ကာ စာဖတ်ရင်း ပြတိုက်ဖွင့်ချိန်ကို စောင့်နေခဲ့သည်။ ကျွန်မ ဖတ်နေသည့် စာအုပ်မှာ ဆရာဘုန်းနိုင်၏ ညီမလေးရယ်စိုးရိမ်မိသည် စာအုပ်ဖြစ်သည်။ အကြိမ်ကြိမ်ဖတ်ခဲ့ပြီး၊ ဖတ်သည့်အခါတိုင်းတွင်လည်း နှစ်ခြိုက်ကျေနပ်စေသော ဤစာအုပ်ကို တစ်ခေါက်ပြန်ဖတ်ရန်အတွက် ယနေ့နံနက် အိမ်မှထွက်လာတုန်းက မှတ်မှတ်ရရ သယ်ယူလာခဲ့ခြင်းဖြစ်သည်။ 

Monday 19 March 2012

နွေကြိုပန်းနှင့် လန်းပါစေ

ပြတင်းပေါက် သေးသေးလေးမှ လှမ်းကြည့်လိုက်တော့ တိမ်ညို၊တိမ်မည်းလေးများကို ဟိုနားအစုလိုက်၊ ဒီနားအစုလိုက် မြင်နေရသည်။ လေထုထဲတွင် ပေါ့ပါးစွာ ဖြစ်တည်နေသော ရေငွေ့အစိုင်ခဲလေးများကို နှစ်သက်စွာ ကြည့်ငေးရင်း မဆီမဆိုင် မောင့်ကို သတိရမိသည်။

 "မောင် ရောက်များရောက်နေပြီလား"

 လေယာဉ်ဆိုက်ရန် ၁၅မိနစ်ခန့် လိုသေးသည်။ မောင် ကြိုတင်ရောက်နေနှင့်လျှင်တော့ ခဏ စောင့်နေရပါလိမ့်မည်။ မောင့်ကိုတွေ့လျှင် သတင်းကောင်းလေးကို အရင်ပြောပြလိုက်ရင် ကောင်းမည်။
မောင်သိလျှင် အရမ်းဝမ်းသာသွားလိမ့်မည်။ အဲဒီအခါ မောင်က ကျွန်မကို ရင်ခွင်ထဲ အလျှင်အမြန်ဆွဲသွင်းကာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လေမည်လား။ဝမ်းသာသွားလိမ့်မည်လား။ ဒါမှမဟုတ် ကျွန်မကို ကိုင်မြှောက် ပွေ့ချီကာ လှုပ်ရမ်းလေမည်လား။ မောင်ဘယ်လိုတုန့်ပြန်လိမ့်မလဲ ဆိုသည်ကို သိလိုစိတ်ဆန္ဒတွေ စောနေမိသည်။ ထို့ကြောင့်လည်း ကျန်ရှိနေသေးသော ၁၀မိနစ်သာသာအချိန်လေးကို နေမထိ၊ ထိုင်မသာစွာ ခက်ခက်ခဲခဲ ဖြတ်သန်းလိုက်ရ၏။

Saturday 4 February 2012

အလွမ်းဖြင့်ရက်သော မျက်ရည်

အဲသည်တုန်းက ၁၉၈၆ခုနှစ် ဖေဖော်ဝါရီလ။ ကျွန်တော်တို့ရဲ့ Scandutch Sardina အမည်ရှိ သင်္ဘောဟာ အာရပ်နိုင်ငံများမှနေ ချီလီနိုင်ငံသို့ ဦးတည်နေခဲ့တယ်။ သမုဒ္ဒရာမှာ ရာသီဥတု ကြည်လင်နေပြီး လှိုင်း၊လေ ကင်းရှင်းနေတယ်။ ဒါကြောင့် သင်္ဘောဟာ ကျွန်တော်တို့ တွက်ချက်ထားတဲ့ အစောဆုံးရောက်နိုင်မယ့် အချိန်အတိုင်း  ကမ်းကပ်နိုင်ပါလိမ့်မယ်။ ချီလီနိုင်ငံရောက်ရင် ကုန်းပေါ်ဆင်းပြီး စိတ်အပန်းပြေစရာတွေ လုပ်လို့ရတော့မှာမို့ ကျွန်တော်တို့ အားလုံး ပျော်နေခဲ့ကြတယ်။

စုစုပေါင်း လူ၁၆ယောက်ပါတဲ့ ကျွန်တော်တို့သဘောင်္ဟာ ဆီတင်သင်္ဘော တန်ကာအမျိုးအစားဖြစ်ပြီး ဆိုက်ပရပ်စ်နိုင်ငံ အခြေစိုက်ဖြစ်တယ်။ ကျွန်တော်တို့တွေ အားလုံးဟာ ကိုတာနီသင်္ဘောကုမ္ပဏီ ရဲ့ လက်အောက်မှာ အလုပ်လုပ်နေသူတွေပါ။ အာရပ်နိုင်ငံများကနေ ဆီတွေ သယ်ယူလာပြီး ဘရာဇီး၊ ချီလီအစရှိတဲ့ နိုင်ငံတွေကို ဆီတွေ ပို့ရလေ့ရှိပါတယ်။  ဆိပ်ကမ်းရောက်ချိန် ကမ်းကပ်ဖို့ သဘောင်္ဆိပ်မှာ နေရာချက်ချင်းရတယ်ဆိုရင် ကျွန်တော်တို့တွေဟာ ကုန်းပေါ်ဆင်းလည်ဖို့ အချိန် ၂ရက်ကျော်ကျော်လောက်ပဲ ရလေ့ရှိတယ်။ တကယ်လို့ ဆီချဖို့ သင်္ဘောဆိပ်မှာ နေရာချက်ချင်း မရခဲ့ဘူးဆိုရင် သင်္ဘောကို ရေထဲမှာ ကျောက်ချပြီး စောင့်နေရတာမို့ ကုန်းပေါ်ကို အချိန် ၄၊၅ရက် ကြာ ဆင်းလည်ခွင့် ရတတ်ပါတယ်။ ကျွန်တော်တို့တွေဟာ တစ်လခွဲကို တစ်ခါနှုန်း ချီလီနိုင်ငံသို့ ရောက်လေ့ရှိကြတယ်။ ဒါကြောင့်လည်း ချောမောလှပတဲ့ ချီလီနိုင်ငံသူလေးတွေ၊ စပိန်သံဝဲဝဲနဲ့ သူတို့ရဲ့ အင်္ဂလိပ်စကားပြောလေးတွေဟာ ကျွန်တော်တို့အားလုံးရဲ့ အပန်းပြေစရာ၊ အမောဖြေစရာလေးတွေ ဖြစ်နေခဲ့ကြတာပေါ့။

Sunday 29 January 2012

အရောင်မြဲ သုံးနားညီတြိဂံ

"အသက်လေးဆယ်၊ လူတွေ မေးတယ်။
 ဘယ်တော့များမှ စားရမှာလဲ။


 ဟန်ဆောင်ရပြီ၊ လူတွေ မသိအောင်
 အပြုံးလေးနဲ့ လိမ်ရပြီ။"


အအေးဆိုင်အတွင်းမှာ ဖွင့်ထားသည့် သီချင်းကြောင့်  လိမ္မော်ရည်သောက်နေရာမှ တိတ်တခိုး ပြုံးမိသွားသည်။ ထိုသီချင်းက အသက်လေးဆယ်အရွယ် အိမ်ထောင်မရှိသူ ကျွန်မကို တည့်တည့်ကြီး သရော်နေဟန်ရှိသည်။ လူတွေက ကျွန်မ ဘာလို့ အိမ်ထောင်မပြုသေးတာလဲဟု မေးလာသည့် အခါတိုင်း အပြုံးဖြင့်သာ တုန့်ပြန်လေ့ရှိသည်။ ကျွန်မ အိမ်ထောင်မပြုရခြင်းမှာ ရင်ထဲမှ မောင့်နေရာတွင် အခြား မည်သူ တစ်ဦး၊တစ်ယောက်ကိုမှ အစားမထိုးနိုင်၍ဟု ကျွန်မကိုယ်တိုင်ကတော့ သေချာသိပါသည်။ နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာခဲ့ပြီးသော်လည်း မောင့်အသံ၊ မောင့်သဏ္ဌာန်၊ မောင့်အပြုံးနှင့် မောင့်ဟန်တို့က ကျွန်မရင်ထဲတွင် နေရာယူနေဆဲ ဖြစ်သည်။ မထင်မှတ်သည့် အချိန်တွင် မမျှော်လင့်ထားသော အဖြစ်ဆိုးတို့ကြောင့် ထာဝရ ဝေးကွာခဲ့ရသော အချစ်ဦးမောင့်ကို ကျွန်မ မမေ့ရက်နိုင်ပါ။

Saturday 14 January 2012

ဖေဖေ့ရင်ခွင်

"ဖေဖေ့ကို မုန်းတယ်။
ဖေဖေက မေမေ့ကိုရိုက်တယ်။
ဖေဖေက နွယ်ဦးနဲ့ဖောက်ပြန်တယ်။
ဖေဖေ့ကို မုန်းတယ်။
ဘဝဆက်တိုင်း ဒီလိုအဖေမျိုးနဲ့ မတွေ့ပါရစေနဲ့။"
ထိုစာကို ကျွန်မ လေးတန်းတုန်းက ဒိုင်ယာရီစာအုပ်လေး တစ်ခုတွင် ရေးထားခဲ့ဖူးပါသည်။

မှတ်မှတ်ရရ ကျွန်မ၏ ကိုးနှစ်ပြည့်မွေးနေ့၊ ၁၈..၁၉၉၉ခုနှစ်။ အဲသည်နေ့ ညနေ ကျွန်မတို့မောင်နှမသုံးယောက် ကျောင်းကပြန်လာတော့ အိမ်ရှေ့တွင် ကားသုံးစီးရပ်ထားသည်ကိုတွေ့ရသဖြင့် အိမ်မှာ တစ်ခုခုဖြစ်နေပြီဟု သိလိုက်သည်။

 "ဖေဖေနဲ့မေမေ ရန်ဖြစ်ပြန်ပြီလားမသိဘူးနော်"
မောင်လေးရဲ့ စကားက ကျွန်မနားထဲသို့ စူးခနဲဝင်လာသည်။ အိမ်ထဲပြေးဝင်လိုက်တော့ ဖေဖေရဲ့ မိဘတွေရော၊ မေမေ့ရဲ့မိဘတွေကိုပါ တွေ့ရသည်။ ထို့ပြင် ဖေဖေ့မိတ်ဆွေ တရားသူကြီး လင်မယားပါ ရောက်နေကြသည်။ မေမေ့မျက်နှာတစ်ခုလုံး အညိုမည်းတွေနှင့် ဖူးယောင်နေကာ ခေါင်းတွင်လည်း ပတ်တီးနှင့်။ တကယ်ကို မြင်မကောင်း၊ မရှုမကောင်း။

"ပြောလိုက်ရင် နောက်မလုပ်တော့ဘူး။ ငါ နောက်မလုပ်တော့ဘူးနဲ့။ နောက်ဆုံး ဒီဘူတာပဲ ပြန်ပြန်ဆိုက်တယ်။ ရှုပ်ချင်ရင် စားသောက်ဆိုင်တွေသွားရှုပ်ပါလား။ မြို့တက်ရှုပ်ပါလား။ ခုဟာက ကိုယ့်အလုပ်သမားနဲ့မှ။ တစ်ခါလည်း မဟုတ်။ နှစ်ခါလည်း မဟုတ်။ သူ မရှက်ပေမယ့် ကျွန်မရှက်တယ်။ သူ့ကိုဆက်မပေါင်းနိုင်ဘူး။ ကွာမယ်"

မေမေက ငိုရင်းပြောနေသည်။ ထိုစကားများကို ကျွန်မ ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ခဲ့ပါ။ ကျွန်မမှတ်မိစ အရွယ်ကတည်းက ဖေဖေနှင့်မေမေရန်ဖြစ်တိုင်း မေမေပြောနေကြ စကားများသာဖြစ်သည်။ ကျွန်မတို့ကို မေမေ့ဖေဖေ၊ ကျွန်မတို့အဖိုးက အဖိုးရဲ့ အိမ်သို့ ခေါ်သွားခဲ့ပါသည်။

"ရတီ.. သမီးတို့ အဖေနဲ့အမေ မနက်ဖန် တရားရုံးတက် ကွာရှင်းကြတော့မယ်"

မေမေ့ညီမတစ်ဝမ်းကွဲ အန်တီပပက လာပြောသည်။ အဲသည် ညတုန်းက ထိုစာကို မေမေဝယ်ပေးထားသော ဒိုင်ယာရီစာအုပ်လေး၏ ပထမဆုံးစာမျက်နှာတွင် ရေးလိုက်မိပါသည်။

Saturday 7 January 2012

ကြမ္မာစေရာ

“မေမေ့”
“သမီးနာမည်က ဘာလဲ”

“သမီးလေး နာမည်က ရင်ငြိမ်း၊ မရင်ငြိမ်း”

“မေမေ့”
"သမီးနာမည်က ဘာလို့ ရင်ငြိမ်း ဖြစ်နေရတာလဲဟင်”

“သမီးလေးက မေမေ့ရင်ကို အေးချမ်းစေလို့”

“အေးချမ်းစေလို့ ..”
တိုးတိုးလေး နောက်မှလိုက်ရွတ်ရင်း ကလေးမလေးက သူမရဲ့ မျက်တောင်ရှည်ရှည်၊ကော့ကော့ကြီးများကို ပုတ်ခတ် ပုတ်ခတ်လုပ်နေပါသည်။

“မေမေ့”
“သမီးကို ချစ်လား”

“ချစ်တာပေါ့ သမီးရဲ့။ မေမေက သမီးလေးကို အရမ်းချစ်တာပေါ့။ လာပါဦး သမီးရဲ့”


ဝက်ရုံရုပ်လေးပိုက်ထားတဲ့ ကလေးမလေးတစ်ယောက်က အရုပ်လေးကိုပစ်ချကာ သူမ မေမေရင်ခွင်ထဲ အပြေးဝင်သွားခဲ့သည်။ သူမ မေမေက သူမမျက်နှာအနှံ့ အနမ်းတွေ ခြွေချပစ်တော့ ကလေးမလေးက တခစ်ခစ်ရီနေခဲ့ပါသည်။