Saturday 14 January 2012

ဖေဖေ့ရင်ခွင်

"ဖေဖေ့ကို မုန်းတယ်။
ဖေဖေက မေမေ့ကိုရိုက်တယ်။
ဖေဖေက နွယ်ဦးနဲ့ဖောက်ပြန်တယ်။
ဖေဖေ့ကို မုန်းတယ်။
ဘဝဆက်တိုင်း ဒီလိုအဖေမျိုးနဲ့ မတွေ့ပါရစေနဲ့။"
ထိုစာကို ကျွန်မ လေးတန်းတုန်းက ဒိုင်ယာရီစာအုပ်လေး တစ်ခုတွင် ရေးထားခဲ့ဖူးပါသည်။

မှတ်မှတ်ရရ ကျွန်မ၏ ကိုးနှစ်ပြည့်မွေးနေ့၊ ၁၈..၁၉၉၉ခုနှစ်။ အဲသည်နေ့ ညနေ ကျွန်မတို့မောင်နှမသုံးယောက် ကျောင်းကပြန်လာတော့ အိမ်ရှေ့တွင် ကားသုံးစီးရပ်ထားသည်ကိုတွေ့ရသဖြင့် အိမ်မှာ တစ်ခုခုဖြစ်နေပြီဟု သိလိုက်သည်။

 "ဖေဖေနဲ့မေမေ ရန်ဖြစ်ပြန်ပြီလားမသိဘူးနော်"
မောင်လေးရဲ့ စကားက ကျွန်မနားထဲသို့ စူးခနဲဝင်လာသည်။ အိမ်ထဲပြေးဝင်လိုက်တော့ ဖေဖေရဲ့ မိဘတွေရော၊ မေမေ့ရဲ့မိဘတွေကိုပါ တွေ့ရသည်။ ထို့ပြင် ဖေဖေ့မိတ်ဆွေ တရားသူကြီး လင်မယားပါ ရောက်နေကြသည်။ မေမေ့မျက်နှာတစ်ခုလုံး အညိုမည်းတွေနှင့် ဖူးယောင်နေကာ ခေါင်းတွင်လည်း ပတ်တီးနှင့်။ တကယ်ကို မြင်မကောင်း၊ မရှုမကောင်း။

"ပြောလိုက်ရင် နောက်မလုပ်တော့ဘူး။ ငါ နောက်မလုပ်တော့ဘူးနဲ့။ နောက်ဆုံး ဒီဘူတာပဲ ပြန်ပြန်ဆိုက်တယ်။ ရှုပ်ချင်ရင် စားသောက်ဆိုင်တွေသွားရှုပ်ပါလား။ မြို့တက်ရှုပ်ပါလား။ ခုဟာက ကိုယ့်အလုပ်သမားနဲ့မှ။ တစ်ခါလည်း မဟုတ်။ နှစ်ခါလည်း မဟုတ်။ သူ မရှက်ပေမယ့် ကျွန်မရှက်တယ်။ သူ့ကိုဆက်မပေါင်းနိုင်ဘူး။ ကွာမယ်"

မေမေက ငိုရင်းပြောနေသည်။ ထိုစကားများကို ကျွန်မ ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ခဲ့ပါ။ ကျွန်မမှတ်မိစ အရွယ်ကတည်းက ဖေဖေနှင့်မေမေရန်ဖြစ်တိုင်း မေမေပြောနေကြ စကားများသာဖြစ်သည်။ ကျွန်မတို့ကို မေမေ့ဖေဖေ၊ ကျွန်မတို့အဖိုးက အဖိုးရဲ့ အိမ်သို့ ခေါ်သွားခဲ့ပါသည်။

"ရတီ.. သမီးတို့ အဖေနဲ့အမေ မနက်ဖန် တရားရုံးတက် ကွာရှင်းကြတော့မယ်"

မေမေ့ညီမတစ်ဝမ်းကွဲ အန်တီပပက လာပြောသည်။ အဲသည် ညတုန်းက ထိုစာကို မေမေဝယ်ပေးထားသော ဒိုင်ယာရီစာအုပ်လေး၏ ပထမဆုံးစာမျက်နှာတွင် ရေးလိုက်မိပါသည်။


***

ဖေဖေနှင့်မေမေ ကွာရှင်းပြီးနောက်ပိုင်း မေမေက ကျွန်မတို့ မျက်နှာငယ်မည်စိုး၍ မေမေ့မိဘများအိမ်တွင်ပင် မနေခဲ့ပါ။ အိမ်စီးပွားရေးဖြစ်သော မိရိုးဖလာ ရက်ကန်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ကာ ကျွန်မတို့မောင်နှမသုံးယောက်ကို ရှာဖွေကျွေးမွေးခဲ့သည်။ ဖေဖေက အရက်မူးနေသည့်အခါတိုင်း ညနက်သန်းခေါင်ကျော် အိမ်ရှေ့လာပြီး အော်ဟစ်ဆဲဆိုတတ်သည်။ အော်ဟစ်ဆဲဆိုရုံမျှမက၊ ဝန်းခြံတံခါးကိုပါ ကားဖြင့် ဝင်တိုက်တတ်သေးသည်။ မေမေ့ကို အပြင်ထွက်လာဖို့ စိန်ခေါ်စကားတွေလည် ပြောတတ်သေးသည်။

"သားတို့၊သမီးတို့ မကြောက်နဲ့နော်.. မေမေတစ်ယောက်လုံးရှိတယ်။ မေမေ့ကို သူဘာမှလုပ်လို့မရဘူး"

ထိုသို့ ငရဲညများတွင် မေမေက ကျွန်မကို မောင်နှမ သုံးယောက်ကို ရင်ခွင်တွင် တင်းတင်းကျပ်ကျပ် ထွေးပွေ့ထားပြီး အားပေးစကားတွေ ပြောသည်။ မေမေ့ရင်ခွင်တွင် ကျွန်မရှိနေသည့်အခါတိုင်း ဖေဖေ့ရင်ခွင်မှာ မခိုဝင်ဘူးတာကို သတိရမိသည်။ ကျွန်မ ငယ်ငယ်တုန်းက ဖေဖေ့ရင်ခွင်မှာထိုင်ပြီး ကမ္ဘာကြီးကို စူးစမ်းချင်ခဲ့ဖူးပါသည်။ သို့သော် ညတိုင်း သူငယ်ချင်းများနှင့် အရက် သောက်တတ်သော၊  မူးလျှင် မေမေ့ကို ရန်ရှာတတ်သော၊ ကျွန်မတို့ကို ရှာကြံရစ်တတ်သော ဖေဖေသည် ကျွန်မအတွက် ကြောက်စရာကောင်းသော လူသားဖြစ်လာခဲ့သည်။ အကြင်နာတရား စိုးစဉ်းမျှမရှိသော ဖေဖေ့ရင်ခွင်ကို ကျွန်မ မလိုချင်တော့ပါ။ မခိုဝင်ဘူးသော ဖေဖေ့ရင်ခွင်ကို ကျွန်မ လွမ်းလည်း မလွမ်းပါ။
မေမေနှင့် အတူတူ တစ်ဘဝလုံး အေးအေးချမ်းချမ်းနေလို့ရပြီဟု ကျွန်မ ယုံကြည်ခဲ့သမျှ အကုန်လုံး လွဲသွားခဲ့ပြီဟု သိလိုက်ရသည့် ၂၀၀၃ခုနှစ်၏ နေ့ရက်တစ်ရက်သည် ကျွန်မအတွက် ကမ္ဘာပျက်သည့်နေ့ ဖြစ်သည်။ အခြေနေ အကြောင်းကြောင်းတို့ကြောင့် ဖေဖေနှင့်မေမေ ပြန်ပေါင်းကြတော့မည်။

"မေမေ့ကို နားလည်တယ် မဟုတ်လား သမီး။ အဖေမရှိတဲ့ ဘဝမှာ သမီးတို့ကို မေမေ မျက်နှာ မငယ်စေချင်လို့ဆိုတာကိုလေ ..."
မေမေ့စကားများကို ခေါင်းတွင်တွင်ယမ်းပြီး ကျွန်မ ငြင်းသည်။

"ဖေဖေက နောင်တတွေ တအားရနေခဲ့ပါပြီ သမီးရယ်၊ မေမေတို့ မိသားစုအပေါ် ဖေဖေက ကောင်းတော့မှာပါ"
မေမေ့စကားတွေကို ကြားတော့ ကျွန်မ မေမေ့ကို  အလန့်တကြား မော့ကြည့်မိသည်။
"ဟင့်အင်း ... ဟင့်အင်း... သမီး သူ့ကို မလိုချင်ဘူး။ သမီး သူ့ကို မလိုချင်ဘူး"
ကျွန်မ ငိုယိုကာ အဖိုးအိမ်သို့ ပြေးလာခဲ့ပါသည်။

ထိုညက ဖေဖေက မေမေ့ကို လူကြီးစုံရာရှေ့မှာ တောင်းပန်သည်။ ထို့နောက် ဖိုးဖိုးအခန်းမှာ ပုန်းနေသော ကျွန်မကို  ဖေဖေက လာခေါ်သည်။ ကျွန်မ အိပ်ချင်ယောင်ဆောင်နေခဲ့ပါသည်။ ကျွန်မကို နိုးခေါ်သွားမည်ဆိုတော့ ဖိုးဖိုးက တားသည်။ ထိုအခါ ဖေဖေက ပွေ့ချီခေါ်သွားပါ့မယ်တဲ့။ ကျွန်မ ချက်ချင်းထကာ ဖိုးဖိုးကိုပြေးဖက်ရင်း ငိုမိသည်။ ဖေဖေက အတင်းချော့ခေါ်သည်။ မေမေက "သမီးလေး.. မေမေ မရှိဘဲ အိပ်နိုင်လို့လား" ဟု မေးသည်။

ထိုညက ကျွန်မ အိမ်ပြန်လိုက်ခဲ့ရပါသည်။ ထိုညက ဆို၊က၊ရေး၊တီး ပြိုင်ပွဲ အဆိုယှဉ်ပြိုင်မှုများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနမှ ထုတ်လွှင့်နေခဲ့သည်။ ထိုညက ဖေဖေ၊မေမေ၊မောင်လေးနှင့် ညီမလေးတို့ တီဗွီရှေ့တွင်ထိုင်ကာ အတူတူ တီဗွီကြည့်နေခဲ့ကြသည်။ ထိုညက တီဗွီမှ "သီရိဂေဟာ"သီချင်းသံကို ကြားနေရသည်။ ထိုညက ကျွန်မ စောင်မြီးခြုံကာ အသံတိတ် ကျိတ်ပြီး ငိုနေခဲ့ပါသည်။

***
၂၀၀၃ခုနှစ် တစ်နှစ်လုံးသည် ကျွန်မအတွက် အမှန်တကယ် မုန်တိုင်းထန်သောနှစ် ဖြစ်သည်။ ဖေဖေနှင့်ကျွန်မ လုံးဝအဆင်မပြေပါ။ထိုကြောင့် ကျွန်မ ဖေဖေ့ကို ရှောင်သည်။ ဖေဖေ ဧည့်ခန်းထဲမှာရှိလျှင် ကျွန်မအိမ်ပေါ်တက်ပြီး စာဖတ်သည်။ ဖေဖေက အိမ်ပေါ်ထပ်မှာ ဘုရားရှိခိုးလျှင် ကျွန်မက အိမ်ရှေ့ဒန်းစင်မှာ စာထိုင်ဖတ်သည်။ ဖေဖေက ကျွန်မသူ့ကို ရှောင်နေမှန်းသိ၍ အစပိုင်းတွင် ချော့မော့သော်လည်း နောက်ပိုင်းတွင် ဇွတ်အတင်းအကျပ် လုပ်သည်။



"ရတီနွယ်... ငါက နင့်အဖေ။ ငါပြောတာ နင်နားထောင်ရမှာပဲ။ ငါ့စကားကို အာခံဖို့မကြိုးစားနဲ့""မင်းလဲ မင်း သမီးကိုကြည့်ပြောထား၊ ရုပ်ကိုက ကျက်သရေမရှိတော့ဘူး။ မိဘကို အမြဲဆန့်ကျင်ဘက်လုပ်ချင်နေတာ။ ငါ့ကို အာခံချင်နေတဲ့ ကောင်မ"
ကြမ်းတမ်းသော စကားများဖြင့် ပြောဆို၊ ဆဲရေးကာ ကျွန်မကိုရော၊မေမေ့ကိုပါ ကြိမ်းဝါးလေ့ရှိသည်။



မေမေ ခရီးထွက်သွားသည့် တစ်နေ့မှာတော့ ဖေဖေနှင့်ကျွန်မ ပြသနာ အကြီးအကျယ် တက်ခဲ့ကြပါသည်။ ထိုနေ့က ဧည့်ခန်းထဲတွင် ဆရာမ မစန္ဒာ၏  "ကွက်လပ်ကလေးဖြည့်ပေးပါ" စာအုပ်ကို ထိုင်ဖတ်နေခဲ့သည်။ ဝတ္တုတွင် မျောပါသွားပြီး အသည်းအသန် အာရုံစိုက် ဖတ်နေမိချိန်တွင် ဖေဖေက ကျွန်မပုခုံးကို ဒေါသတကြီး ဆောင့်ကိုင်၊ လှုပ်ရမ်းလိုက်သည်။ ရုတ်တရက်မို့ ကျွန်မ တအားလန့်ဖျတ်သွားခဲ့ပါသည်။



"နင့်ကိုငါ ခေါ်နေတာ ကောင်မရဲ့။ ကန်းချင်ယောင်ဆောင်နေတာလား။ ကန်းချင်ယောင်ဆောင်ရင် တကယ်ပင်းသွားတတ်တယ်။ နင်မသိဘူးလား။ ကန်းချင်အောင် ဆောင်ဦးဟာ ။ ပင်းချင်နေတဲ့ကောင်မ ပင်းစမ်းဟာ.. ပင်းစမ်း"
ဖေဖေက ဒေါသတကြီး ပြောဆိုကာ ကျွန်မ နားနှစ်ဖက်ကို ဆင့်ကာ၊ဆင့်ကာ ရိုက်ချပါတော့သည်။ အဖြစ်ပျက်၊ အခြေနေ အလုံးစုံကို နားမလည်လိုက်မှီမှာပင် ကျွန်မ ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားခဲ့ပါသည်။

လဲကျနေသော ကျွန်မကို ဖေဖေက ခြေထောက်ဖြင့် ဆင့်ကာ၊ဆင့်ကာ ကန်ခဲ့သည်ကို သိနေခဲ့သည်။ မောင်လေးနှင့် ညီမလေးက ဖေဖေ့ကို ငိုယိုပြီး တောင်းပန်နေတာကိုလည်း ကျွန်မ ဝိုးတဝါး ကြားနေခဲ့သည်။ ထို့နောက် ကျွန်မ ဖိုးဖိုးတို့ အိမ်ရောက်နေတာ၊ ကုတင်ပေါ်မှာ လှဲနေတာကို သိလာသည်။ ဖွားဖွား ငိုနေတာကို တွေ့ရသည်။ ဖိုးဖိုးလည်း မျက်နှာကြီးတစ်ခုလုံး နီရဲနေသည်။ ဆရာဝန်ကြီးက "သမီး.. သတိရလာပြီနော်" လို့ ပြောလိုက်တာတွေကို ကျွန်မ မှတ်မိနေခဲ့ပါသည်။

 ထိုနေ့မှစပြီး ကျွန်မ ဖိုးဖိုးတို့ အိမ်တွင်သာ နေသည်။ ဖိုးဖိုးတို့အိမ်ကပင် ကျောင်းတက်သည်။ မေမေက ကျွန်မဆီ အမြဲလာသည်။ ဖေဖေက ကျွန်မကို အိမ်ပြန်လာစေချင်နေတာဟု မေမေက တိုးတိုးတိတ်တိတ် ပြောလေ့ရှိသည်။


"ဖေဖေက သမီးကို ရိုက်လိုက်မိတဲ့ညကလေ အိမ်မှာ တအားငိုနေခဲ့တာ"

"သမီးလေး အိပ်နေတုန်းက သမီးကို ပြန်ထည့်ပေးဖို့ ဖိုးဖိုးတို့ကို ကန်တော့ပြီး တောင်းပန်နေခဲ့တာ.. ဖိုးဖိုးကလေ သမီးကိုယ်တိုင် အိမ်ပြန်ချင်လို့ပြန်မှ ခွင့်ပြုမယ်ဆိုလို့ သမီးကို သူကိုယ်တိုင် လာမခေါ်ရဲတာပါ သမီးရယ်"

"ဖေဖေက အပြောအဆို မတတ်တာ သမီးရဲ့.. အမှန်ကလေ သူက သမီးကို သိပ်ချစ်တာ.. အဲလိုပဲ သမီးကလဲ သူ့ကို အဖေတစ်ယောက်လို အရေးတယူ ဂရုစိုက်တာကို သူက လိုချင်တာပါ သမီးရယ်"
မေမေက နည်းမျိုးစုံဖြင့် ဖျောင်းဖျသည်။ မေမေက ဘယ်လိုဖျောင်းဖျ၊ဖျောင်းဖျ ကျွန်မ အိမ်မပြန်ချင်ပါ။ ဖေဖေ့ကို ကျွန်မကြောက်ပါသည်။ ထို့အပြင် မုန်းလည်းအရမ်းမုန်းသည်။



***

အထက်တန်းကို အခြားမြို့တစ်မြို့တွင် ကျွန်မ သင်ကြားခဲ့သည်။ ဆယ်တန်းဖြေပြီး ပြန်လာတော့ မေမေ့အိမ်သို့ ကျွန်မသဘောနှင့်ကျွန်မ ပြန်လာခဲ့ပါသည်။ ကျွန်မ ဖေဖေ့ကို စကားတစ်ခွန်းမှ မပြောခဲ့သလို၊ ဖေဖေကလည်း ကျွန်မကို စကားတစ်ခွန်းမှ မပြောခဲ့ပါ။ ကျွန်မတို့သည် မိသားစု ထမင်းဝိုင်းကိုပင် တိတ်ဆိတ်စွာ ဆင်နွှဲကြပါသည်။

ကျွန်မ နိုင်ငံခြားမှာ ဆက်လက်ပညာသင်ပါရစေဟု မေမေ့ဆီ ခွင့်တောင်းခဲ့သည့်နေ့က မေလ ၄ရက်နေ့ဖြစ်သည်။ကျွန်မနှင့်အတူတူ ကျွန်မသူငယ်ချင်းတစ်ယောက်ပါ သွားမှာဖြစ်ပြီး လိုအပ်သည့် သင်တန်းများကို ရန်ကုန်တွင်တက်ရမည့်အကြောင်း၊ ထိုသင်တန်းတက်ရောက်ရန် သင်တန်းဝင်ခွင့် စာမေးပွဲကို လစဉ် ၅ရက်နေ့တွင် ဖြေဆိုနိုင်ကြောင်းတို့ကို မေမေ့ကိုပြောပြတော့ မေမေက တအံ့တသြ နားထောင်နေခဲ့သည်။

"သမီး.. တကယ်ပြောနေလား သမီး၊ မေမေ့သမီးက မေမေတို့နှင့် ဝေးရာကို ခွဲထွက်သွားဖို့အထိ ကြံစည်နေတယ်ပေါ့"
မေမေက ပြောပြောဆိုဆိုနှင့် မျက်ရည်များ ကျလာသည်။
"မေမေ ဖြစ်စေချင်တဲ့ ဆန္ဒလေးကို သမီးသိရဲ့သားနဲ့.. မလိုက်လျောဘူးတော့ဘူးလား သမီးရယ်.."
"သမီး ဖေဖေသိရင်လဲ စိတ်မကောင်းဖြစ်လို့ ဆုံးမှာ မဟုတ်ဘူး"



ဖေဖေ စိတ်မကောင်း ဖြစ်နေမည်လို့တော့ ကျွန်မ မထင်ပါ။ မေမေ့ကိုတော့ ကျွန်မ သနားပါသည်။ သို့သော် ဖေဖေနှင့်ဝေးရာမှာ ကျွန်မ နေချင်သည်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး၊ ကိုယ့်အားကိုယ် ကိုးချင်သည်။  မိဘအရိပ်အောက်မှ လွတ်မြောက်ချင်သည်။

"သမီးကို သွားခွင့်ပြုပါ မေမေရယ်"
တိုးတိတ်စွာ တောင်းပန်တိုးလျှိုးမိသည်။ ထိုည ကျွန်မအိပ်ရာဝင်ချိန်အထိ ဖေဖေနှင့်မေမေ ဧည့်ခန်းထဲတွင် စကားပြောနေကြဆဲဖြစ်ပါသည်။

ကျွန်မ အိပ်မောကျနေစဉ် မေမေက ကျွန်မကို လာနှိုးပါသည်။



"သမီး.. ဖေဖေက သမီးနဲ့ စကားပြောချင်လို့တဲ့"
ကျွန်မ အံ့သြတွေဝေသွားသည်။ မျက်လုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် စုံပွတ်ရင်း မေမေ့နောက်သို့ လိုက်လာခဲ့သည်။

"နိုင်ငံခြားမှာ ကျောင်းတက်ချင်လို့ဆို"
ဖေဖေက ကျွန်မကို စိုက်ကြည့်ပြီး မေးသည်။

"ဟုတ်တယ်"
ဖေဖေက စိုက်ကြည့်မှတော့ ကျွန်မလည်း ဖေဖေ့မျက်လုံးတွေပဲ တည့်တည့်ပြန်စိုက်ကြည့်ကာ ဖြေလိုက်ပါသည်။

"သေချာစဉ်းစားပြီးပြီလား"
ဖေဖေ့အသံမှာ ခနဲ့သံတွေ ပါနေသည်ဟု ထင်လိုက်မိသည်။

"သေချာတယ်၊ သူငယ်ချင်းနဲ့ အကုန်တိုင်ပင်ထားပြီးသား"
ဖေဖေက မဲ့ပြုံး ပြုံးသည်။


"ညည်းကိုညည်း ဖြစ်မယ်လို့ထင်တယ်ပေါ့လေ"
အထင်သေးလှချည်လားဖေဖေရဲ့ဟု တွေးမိကာ စိတ်ထဲမချင့်ရဲဖြစ်မိသည်။

"ရတီ.. ကိုယ့်ကိုယ်ကို ယုံကြည်တယ်"

"အေး။ ဒါဆို ညည်း ငါနဲ့ အလောင်းစားတစ်ခုလုပ်ရမယ်"
အလောင်းစား လုပ်ရမည်တဲ့။ ကျွန်မ ဖေဖေ့ကို မော့ကြည့်မိသည်။ 

"ညည်း နိုင်ငံခြားသွားမယ်ဆို တစ်ခါတည်း သွားရအောင်လုပ်။ ဟိုဟာမအောင်လို့၊ ဒီဟာကျလို့ဆိုပြီး ရန်ကုန်မှာ ဟိုသင်တန်းတက်သလိုလို၊ ဒီသင်တန်းတက်သလိုလိုနဲ့ သောင်တင်နေတာမျိုး လုံးဝမရဘူးမှတ်။ ဒီနှစ်ကုန်လို့မှ ဘာမှထူးခြားမှုမရှိရင် ညည်း ဘယ်ကျောင်းမှ မတက်ရဘူး။ အိမ်အလုပ်လုပ်ရမယ်။ အေး.. အဲလိုပဲ ညည်းအောင်သွားတယ်။ သွားရမယ်ဆိုရင် ညည်းကိုငါ ကျောင်းထားပေးမယ်။ ကြိုက်သလောက်ကုန်။ မရှိ ရှိတာနဲ့ထားပေးမယ်။ ဘယ်လိုလဲ ရတီနွယ်။ ညည်း ငါနဲ့လောင်းရဲပါ့မလား"

ဖေဖေ့စကားက ကျွန်မ မာနကို စိန်ခေါ်ခဲ့ပါသည်။ "တစ်နှစ်အတွင်း မအောင်ရင် ကျွန်မ တစ်သက်လုံး ပညာဆက်သင်ခွင့် မရှိတော့ဘူး"လို့ ဖေဖေက ဆိုလိုချင်နေတာပေါ့။ ကျွန်မ အတွေးနှင့် ကျွန်မပြုံးမိသည်။ ဖေဖေက စိန်ခေါ်ရင် ကျွန်မက တိမ်ပေါ်ထိ လိုက်မည့်သူပါဖေဖေ။မေမေကတော့ ကျွန်မတို့အနားမှာ ထိုင်ရုံသာထိုင်နေပြီး တစ်ခွန်းမှ ဝင်မပြောခဲ့ချေ။

"စိတ်ချ ဖေဖေ။ ရတီ.. ကျောင်းတစ်ကျောင်းတည်းရဲ့ဝင်ခွင့်ကိုပဲ ဖြေမှာ။ တစ်ခါနဲ့မအောင်ရင် တစ်သက်လုံး ကျောင်းဆက်မတက်ဘူး"
ကျွန်မကိုယ်ကျွန်မယုံကြည်စွာ ထိုစကားများကိုပြောချလိုက်ရသည့်အတွက် ကျေနပ်မိသည်။ သို့သော် ဖေဖေ ဆက်ပြောခဲ့သည့် စကားများကြောင့် တော်တော်လေးတော့ အံ့သြသွားခဲ့ဖူးပါသည်။
"ကဲ.. ဒါဖြင့် ခုညပဲ ရန်ကုန်သွားမယ်။ မနက်ဖန် ၅ရက်နေ့။ ညည်းတက်မယ်ဆိုတဲ့ သင်တန်းဝင်ခွင့်ကို မနက်ဖန်ပဲဖြေ။ ညည်းအမေက ညည်းသွားဖို့ ပြင်ပြီးပြီ။ ညည်းရေချိုးချင်ချိုး။ လုပ်စရာရှိတာလုပ်။ ငါ နာရီဝက်စောင့်မယ်"

ရန်ကုန်ကို ၅ရက်နေ့ မနက် ၈နာရီကျော်တွင် ရောက်ပြီး ၉နာရီတွင် ထိုသင်တန်းဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့ပါသည်။

***

ကျွန်မ ရန်ကုန်မှာနေသည့်ရက်များတွင် မေမေက အိမ်အလုပ်တွေတစ်ဖက်၊ မောင်လေး၊ ညီမလေးတို့ တာဝန်လည်းတစ်ဖက် ရှိတာကြောင့် ကျွန်မနောက်ကို တစ်ခါမှ လိုက်မလာပါ။ ကျွန်မ လိုအပ်တာတွေ အကုန်လုံး ဖေဖေက လိုက်လုပ်ပေးခဲ့သည်။ ကျွန်မ ရောက်စတွင် ဖေဖေက အပတ်စဉ် သောကြာနေ့တိုင်း ရန်ကုန်ဆင်းလာပြီး တနင်္ဂနွေညနေတိုင်း ပြန်လေ့ရှိသည်။ ဖေဖေနှင့်ကျွန်မ အရင်လို ကတောက်ကဆတွေ သိပ်မဖြစ်တော့သော်လည်း သားအဖနှစ်ယောက်၏ ရင်းနှီး၊နွေးထွေးမှုမျိုး မရှိပါ။ သို့သော် ဖေဖေက ကျွန်မကို ချစ်သလားဟု ပြန်တွေးမိရသော အဖြစ်ပျက်တွေကတော့ တစ်ခါမက ဖြစ်ခဲ့ဖူးပါသည်။

ထိုနေ့က  ကျွန်မတို့နေသည့်အိမ်နှင့် တစ်လမ်းသာခြားသော သူငယ်ချင်းအိမ်တွင် စာသွားကျက်နေခဲ့သည်။ နေ့ခင်းပိုင်းလောက်တွင် မိုးတွေရွာနေသဖြင့် နေ့လည်စာကိုလည်း သူငယ်ချင်းအိမ်မှာပဲ စားလိုက်သည်။ ဒီလောက်လေးအတွက် ဖေဖေ့ကိုဖုန်းဆက်ပြီး ခွင့်တောင်းစရာမလိုဟု ကျွန်မယူဆပါသည်။ ထမင်းစားပြီး အိမ်အပေါ်ထပ်တွင် ကျွန်မတို့ စာပြန်ကျက်နေစဉ် သူငယ်ချင်းအဒေါ်က လာခေါ်သည်။



"သမီး ရတီနွယ်.. သမီးဖေဖေလာနေတယ် "
အောက်ဆင်းကြည့်ရာ ဖေဖေ့ကို ထီးတစ်ချောင်းနှင့်အတူ တွေ့ရသည်။

"မိုးတွေရွာနေတယ်။ အိမ်က ထွက်သွားတုန်းက ထီးမယူသွားဘူး မဟုတ်လား။ ရော့"
ကျွန်မကို ထီးကမ်းပေးသည်။ ကျွန်မ ကြောင်ပြီးကြည့်နေစဉ် ဖေဖေက "အစ်မကြီး ကျွန်တော်ပြန်လိုက်ပါဦးမယ်"ဟု သူငယ်ချင်းအဒေါ်ကို ခပ်သွက်သွက် နှုတ်ဆက်ကာ ခြေလှမ်းကျဲများဖြင့် မိုးရေထဲသို့ သုတ်ချေတင်ထွက်သွားပါသည်။

"ဖေဖေက ငါ ဒီအိမ်မှာ ရှိ၊မရှိသိချင်လို့ ထီးလာပေးတာလား။ တကယ်ပဲ စိတ်ပူလို့လား။ တကယ်ဆို ငါ ဒီအိမ်က ထီးငှားပြီးပြန်လာလို့ရတာ သူသိတာပဲ" စသည့်မေးခွန်းများကို ကျွန်မကိုယ် ကျွန်မပြန်မေးရင်း အကြာကြီး တွေဝေနေခဲ့ဖူးပါသည်။

"အဲသည့်ညက ညစာစားပြီးတော့ ဖေဖေက ရန်ကုန်မှာ အပြင်ထွက်ရင် ထီးနဲ့ပိုက်ဆံအိတ်ပါအောင်သယ်သွားတဲ့။ ငါရှိနေရင် ညည်းကို ငါလိုက်ပို့ပေးတာဆိုတော့ ထီးပါပါ မပါပါ၊ ပိုက်ဆံအိတ် မေ့မေ့ မမေ့မေ့ အကြောင်းမဟုတ်ဘူးတဲ့။ ညည်းတယောက်တည်းဆို ဘယ်လိုလုပ်မလဲတဲ့" ကျွန်မ တိတ်တဆိတ်နားထောင်နေခဲ့ပါသည်။

ကျွန်မ အမှတ်မိဆုံး အဖြစ်ပျက်တစ်ခုကတော့ စနေညတစ်ညတွင် ဖြစ်ခဲ့ပါသည်။ အဲသည်ည မေမေ့ဆီက ဖုန်းလာတုန်းက ကျွန်မက တီဗွီကြည့်နေပါသည်။



"ညည်းနဲ့ပြောမလို့တဲ့၊ ရော့"
ဖေဖေ လှမ်းခေါ်သဖြင့် ကျွန်မပြေးအသွား ခုံအစွန်းဖြင့် တိုက်မိပြီး ခြေထောက်ခေါက် လဲပါသည်။ လဲကျရုံလောက်နှင့် သွေးထွက်စရာမရှိသော်လည်း ကျွန်မက ခြေသည်းကောင်းကောင်းမညှပ်တတ်သဖြင့် ခြေစွယ်ကျန်ပြီး ငုပ်နေရာ၊ ခုံအစွန်းဖြင့် တိုက်မိသော အရှိန်ကြောင့် ခြေစွယ်က အသားထဲမြုပ်ပြီး သွေးထွက်သွားပါသည်။



"ဟ ညည်းသမီးလဲပြီ။ ဒါပဲ ပြန်ဆက်လိုက်မယ်"
ဖေဖေက ဖုန်းမြန်မြန်ချကာ ကျွန်မအနား ရောက်လာခဲ့ပါသည်။

"မှန်းစမ်း။ ဘာဖြစ်တာလဲ"
"ဟ. ဘယ်လိုလုပ် သွေးထွက်တာတုန်း"

ကျွန်မက အနာကို လက်ဖြင့်ကိုင်မည် လုပ်လိုက်ရာ ဖေဖေက အလန့်တကြား ကျွန်မ လက်ကို လှမ်းဆွဲသည်။

"မကိုင်နဲ့။ မကိုင်နဲ့။ လက်က မသန့်လို့ မေးခိုင်ပိုးဝင်သွားရင် ဘယ်လိုလုပ်မလဲ။ သွား။ ခြေထောက်ရော၊ လက်ရော ရေဆေးချည်"
ကျွန်မ ရေချိုးခန်းမှ ထွက်လာသောအခါ ဖေဖေက မေမေနှင့်ဖုန်းပြောနေပါသည်။

"မင်း သမီးလာပြီ။ အဲမှာ သူ့ခြေမ သွေးထွက်တာ။ မေးစမ်း။ ဘာဖြစ်တာလဲလို့ .. "

ကျွန်မက ခြေစွယ်ငုပ်နေကြောင်း၊ နာလို့ညှပ်မထုတ်ဖြစ်ကြောင်း၊ အခု ခြေစွယ်က အသားထဲမြှပ်ဝင်ကာ အသားပေါက်ပြဲသွားပြီး သွေးထွက်တာဖြစ်ကြောင်း မေမေ့ကို ပြောပြလိုက်သည်။ မေမေက ဖေဖေနှင့် ထပ်ပြောဦးမယ်ဆိုသဖြင့် ဖေဖေ့ကို ဖုန်းပေးလိုက်သည်။ မေမေပြောသည်ကို နားထောင်ရင်း "အင်းပါ။ ငါ ကြည့်လုပ်လိုက်မယ်"ဟု ပြောကာ ဖေဖေက ဖုန်းချလိုက်သည်။

"ခြေစွယ်ငုပ်နေတာဆို... နိုင်ငံခြားသွားမယ်ဆိုတဲ့ သူကလဲ ခြေသည်းတောင် ကောင်းကောင်းမညှပ်တတ်ဘူးလားဟ"
ဖေဖေ့ စကားကြောင့် ကျွန်မ အောင့်သက်သက် ဖြစ်သွားသည်။ သို့သော် ကျွန်မ ခြေသည်း ကောင်းကောင်းမညှပ်တတ်တာ အမှန်ဖြစ်သည်။ အထက်တန်းကို အခြားမြို့မှာ တက်ရောက်သင်ကြားတုန်းကလည်း မေမေက ကျွန်မဆီ အပတ်စဉ် လာလည်တိုင်း ခြေသည်းညှပ်ပေးနေကြ ဖြစ်သည်။

"ရတီ့ကို မေမေက ခြေသည်း အမြဲညှပ်ပေးနေကြ "

"ဟာ.. ညည်း မန္တလေးမှာ ကျောင်းတက်တုန်းကရော အပတ်တိုင်း ညည်းဆီ သူသွားတာ ခြေသည်းညှပ်ပေးဖို့လား။ အလုပ် မဟုတ်ဘူးနော်"
ပြောပြောဆိုဆိုနှင့် ဖေဖေက လက်သည်းညှပ်ထယူသည်။ ထို့နောက် လက်သည်းညှပ်ကို အရက်ပျံဖြင့် သေချာဆေးကြောသည်။



" လာ.. ဒီခုံပေါ်ထိုင်"  "ပြီးရင် ညည်းခြေထောက်ကို ဖေဖေ့ဒူးပေါ်တင်လိုက်"
ကျွန်မကို ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းပြီး ဖေဖေက ကြမ်းပေါ်ထိုင်ချကာ ကျွန်မခြေထောက်ကို သူ့ဒူးပေါ် တင်ခိုင်းသည်။

 "ဟာ.. ဖေဖေ။ ရတီ ငရဲကြီးမှာပေါ့ဟု" ဆိုရာ.. ဖေဖေက ကျွန်မကို မော့ကြည့်ပြီး "မိဘက စေတနာနဲ့လုပ်ပေးရင် ဘာငရဲမှ မကြီးဘူး။ လာ။ အဲခြေစွယ်ကိုညှပ်ပေးမယ်"ဆိုကာ ကျွန်မခြေသည်းတွေအကုန်လုံးကို ဖေဖေက ညှပ်ပေးပါသည်။ အဲဒီအချိန်တုန်းက ဖေဖေ့မျက်ဝန်း၏ သိမ်မွေ့မှုတွေသည် ဖခင်တစ်ဦးမှ သားသမီးအပေါ် ကြင်နာမှုတွေများလား။ ဖေဖေ့မျက်ဝန်းမှ ထိုနူးညံ့၊ကြင်နာမှုကို ကျွန်မအလိုရှိနေခဲ့တာ ကြာပါပြီ။ အဲဒီညက အိပ်ရာထဲတွင် ကျွန်မ တိတ်တဆိတ်ငိုနေမိခဲ့သည်။
***

ကျွန်မ ရန်ကုန်ရောက်ပြီး နှစ်လအကြာ တစ်ယောက်တည်း နေတတ်သင့်ပြီဟု ဖေဖေရော၊မေမေပါ ဆုံးဖြတ်သည်။ ထို့နောက် ကျွန်မဆီကို ဖေဖေ မလာတော့ပါ။ ပထမဆုံး တစ်ခေါက် ကျွန်မ အိမ်အလည်ပြန်တုန်းက ညီမလေးမွေးနေ့မှာ ဖြစ်သည်။ ကျွန်မ အိမ်မှာရှိစဉ် ၂ရက်လုံး ကျွန်မတို့ မိသားစု ထမင်းလက်ဆုံစားကြသည်။ တီဗွီအတူတူ ကြည့်ကြသည်။ ဖေဖေနှင့် ကျွန်မလည်း ရန်မဖြစ်ပါ။ ဖေဖေကလည်း တမင်သက်သက် ရန်မရှာခဲ့ပါ။ ကျွန်မကလည်း ဖေဖေနှင့် အတိုက်အခံ မဖြစ်အောင် ၊ ဖေဖေ့ကို အရွဲ့မတိုက်မိအောင် နေသည်။ ဖေဖေကလည်း ကျွန်မတို့ အားလုံးပျော်ရွှင်အောင် တမင်သင်သက်ကို လိုက်လိုက်လျောလျော နေပေးနေမှန်း ကျွန်မ သိပါသည်။ ယခုလို မိသားစု သာသာယာယာ ရှိနေချိန်လေးကို ကျွန်မတို့အားလုံး စောင့်ဆိုင်းနေခဲ့တာ ကြာလှပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ ပျော်ရွှင်မှုအငွေ့သက်တွေ ကင်းမဲ့နေသော အိမ်ကလေးသည် ယခုမှ ရီမောသံများဖြင့်အတူ သီရိဂေဟာလေးအဖြစ် အသက်ဝင်လာခဲ့သည်။

သို့သော် ဒုတိယအကြိမ် အိမ်ပြန်ဖြစ်ခြင်းမှာ နှစ်ပေါင်းများစွာအတွင်း နောက်ဆုံးအကြိမ် ဖြစ်နေလိမ့်မည်ဟူ၍တော့ မည်သူမှ မထင်မှတ်ထားကြပါ။ အဲဒီတုန်းက မေမေ့ မွေးနေ့ ဆွမ်းကပ်အမှီ ကျွန်မအိမ်ပြန် ဖြစ်သည်။ ဖေဖေကိုယ်တိုင် လာကြိုခဲ့သည်ဖြစ်ရာ ကျွန်မနှင့် ဖေဖေ စကားတစ်ချို့ကို အဆင်ပြေပြေ ပြောနေခဲ့ကြပါသေးသည်။ မေမေ့ မွေးနေ့ နံနက်စောစောမှာ သံဃာတော်တွေကို ဆွမ်းကပ်သည်။ နေ့ခင်းတွင် အမျိုးတွေစုကာ အပျော်တမ်းဖဲရိုက်ကြသည်။  တစ်နေ့တာကို ပျော်ရွှင်မှုအပေါင်းနှင့် ဖြတ်သန်းပြီး ည ရောက်လာခဲ့သည်။ ထိုအခါမှ ပြသနာ၏အရင်းမြစ်ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက သယ်ယူလာခဲ့ပါတော့သည်။

ညပိုင်းသတင်းအစီအစဉ် ပြီးသောအခါ "နေ၊လမင်းတို့ အလင်းရောင်" ဇာတ်ကား လာပါသည်။ ထိုဇာတ်ကားကို ကျွန်မကိုးတန်းတုန်းက ပထမဆုံးတစ်ခါ ကြည့်ဖူးသည်။မကြာသေးခင်ကလည်း မြဝတီရုပ်မြင်သံကြားမှ လွှင့်၍ နောက်တစ်ခါပြန်၍ကြည့်ဖူးပြီ။ခဏခဏ ကြည့်ဖူးပြီဖြစ်၍ ယခုအကြိမ်တွင် မကြည့်ချင်တော့ပါ။ ထို့ကြောင့် ကျွန်မက စာအုပ်ဆွဲကာ စာဖတ်ဖို့ပြင်သည်။ ဖေဖေကလည်း မြဝတီရုပ်မြင်သံကြားမှ လွှင့်တုန်းက ကြည့်လိုက်မိပြီး အင်မတန်ကောင်းသော၊ ကျွန်မတို့ကြည့်သင့်သော ပညာပေးဇာတ်ကား အဖြစ် မြင်သည်။ ထို့ကြောင့် ကျွန်မတို့ မောင်နှမ သုံးယောက်ကို ကြည့်ဖို့ပြောသည်။ ကျွန်မက နှစ်ခါတောင် ကြည့်ပြီးလို့ ထပ်မကြည့်ချင်တော့လို့ပါ ဟု ငြင်းသည်။ ဖေဖေက ဇွတ်အတင်းကြည့်ခိုင်းသည်။ မေမေ မျက်နှာပျက်သွားသည်ကို မြင်ရသောအခါ "မေမေ့မွေးနေ့မှာ မေမေ့ကိုစိတ်မချမ်းသာအောင် မလုပ်သင့်ပါဘူးလေ၊ ပြီးတော့ အခု အားလုံး ပျော်ရွှင်နေကြတာ၊ ဖေဖေနဲ့ ကတောက်ကဆဖြစ်လိုက်ရင် အားလုံးရဲ့ အပျော်တွေ ပျက်စီးသွားတော့မယ်။ ဒီတော့ ဖေဖေ့ကို လိုက်လျောလိုက်မယ်"ဟု ကျွန်မစိတ်ကို ကျွန်မ ဖြေလျော့ကာ  ထိုဇာတ်ကားကို ထိုင်ကြည့်ခဲ့ပါသည်။

"တွေ့လား သူများ သား၊သမီးတွေများ လိမ္မာလိုက်တာ၊ မိဘကို မိဘမှန်းသိတယ်။ လူကြီးသူမကို လူကြီးသူမမှန်း သိတယ်"
ကျွန်မတို့ကို ပြောနေသလိုလို၊ တစ်ယောက်တည်း ရေရွတ်နေသလိုလိုနှင့် ဇာတ်ကားထဲမှ အခန်းတစ်ခန်းကို ရည်ညွှန်းပြီး ဖေဖေက ပြောသည်။

"ဒီလိုဟာတွေတော့ အတုမယူကြနဲ့ဟေ့"
သား၊သမီး လိမ္မာတွေနှင့်အတူတူ ပျော်ရွှင်ချမ်းမြေ့နေသော မိသားစုနှင့် သား၊သမီးဆိုးများနှင့် နေ့စဉ် ဆူပူသောင်းကျန်းနေသော မိသားစုကို ယှဉ်တွဲရိုက်ပြထားသော ဇာတ်ကားဖြစ်ရာ ဖေဖေက ဇာတ်ကားထဲကလို မလုပ်ရန် ထောက်ပြသည်။ ကျွန်မတို့ ငြိမ်ငြိမ်လေး ဆက်ကြည့်နေခဲ့ပါသည်။

" အံမလေး ..ကြည့်စမ်းပါဦး၊ ပျက်စီးနေလိုက်ကြတာ၊ အလကားကျက်သရေမရှိဘူး။အဲဒါမျိုးတွေ ဘယ်တော့မှမလုပ်နဲ့"

"ဟဲ့.. အဲဒါမျိုးတွေ မလုပ်နဲ့လို့ ငါပြောနေတယ်လေ။ နင်တို့တွေ မကြားကြဘူးလား"
ဖေဖေက ဇာတ်ကားကြည့်နေရင်း သူ့စကားကို တုန့်ပြန်မှု မပြုရကောင်းလားဆိုပြီး လှမ်းဆူသည်။ မောင်လေးနှင့် ညီမလေးက "ဟုတ်ကဲ့ ဖေဖေ" ဟု တပြိုင်တည်း ဖြေလိုက်ကြသည်။ ကျွန်မကတော့ တိတ်ဆိတ်စွာပင် ဇာတ်ကားကို မနည်း အာရုံစိုက်ပြီး ကြည့်နေခဲ့ပါသည်။

"အဲမှာ အဲမှာ.. မိဘကို ရိုသေလိုက်တာ၊ အိမ်က ဟာမနဲ့ တခြားစီပဲ"
ဖေဖေက ကျွန်မကို မေးငေါ့ပြီး ပြောသည်။ ကျွန်မ စိတ်ထဲ မကျေမနပ် ဖြစ်သွားပါသည်။ တစ်ခုခု ပြန်ပြောရန် ပါးစပ်ပြင်လိုက်သော်လည်း မေမေက ဘာမှမပြောရန် ခေါင်းယမ်းပြသဖြင့် ကျွန်မ ငြိမ်နေလိုက်သည်။

"ရတီနွယ်.. ညည်းကို ပြောနေတာ ကြားလား။ အတုယူသင့်တာ ယူရအောင်ကို ညည်းကို ငါက ကြည့်ခိုင်းတာ။ မျက်စိပျက်၊ မျက်နှာပျက် လုပ်ပြမနေနဲ့"
ကျွန်မ စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ အပြေပြစ်ဆုံး ပြုံးပြလိုက်မိသည်။

"ရတီ ကြည့်နေပါတယ် ဖေဖေ .."
ကျွန်မ ဘယ်လိုပဲ ပြေလည်အောင် နေပါစေ၊ ဖေဖေက ပိုလို့ပင် ဆိုးလာခဲ့ပါသည်။

"ရတီနွယ်..  ရတီနွယ်..။ ညည်း ခုတောင် ဒီလောက်ကလန်ကဆန်လုပ်တတ်နေတာ၊ နိုင်ငံခြားများ တစ်ယောက်တည်းများ လွှတ်ထားလိုက်လို့ကတော့ ... ဟားဟား.. ငါ မြင်ယောင်သေးတယ်"
ဖေဖေက ကျွန်မကို သရော်ပြီး ခနဲ့သည်။

"မင်းမို့ မင်း သမီးကို တစ်ယောက်တည်း လွှတ်မယ်တဲ့ကွာ.. ဖြစ်ချင်ရာ ဖြစ်ပြီး ပျက်ချင်တိုင်း ပျက်မယ့် ကောင်မ"
မေမေ့ဖက် လှည့်ပြောသည်။

"ဖေဖေ.. ဖေဖေ ကြည့်စေချင်တယ်ဆိုလို့ ရတီ ဖေဖေ့ကိုလိုက်လျောပြီး ကြည့်နေခဲ့ပြီးပြီ .."
"ဖေဖေ ဘာတွေ လိုက်ပြောနေတာလဲ။ ရတီ နားအေး၊ပါးအေး ကြည့်ပါရစေ"

"ကောင်မ.. ညည်းကို ငါက ဆုံးမနေတာ၊ ညည်း ဘာမှ ပြန်မပြောနဲ့။"

"ပြန်ပြောနေတာ မဟုတ်ဘူးဖေဖေ။ အခု ဖေဖေက..."
ကျွန်မ စကားပင် ဆုံးအောင် မပြောလိုက်ရပါ။

" တော်တော့.. ညည်းဆက်မပြောနဲ့။ ငါ့စကားကို နားမထောင်ချင်ရင် ငါ့အိမ်မှာ မနေနဲ့။ ငါ့အိမ်မှာနေရင် ငါ့စကားကို နားထောင်။ ဒါပဲ။ မိဘက ဖြူဆိုဖြူ၊ မိဘက မည်းဆိုမည်း။ ညည်း ဘာမှ ပြန်ပြီး အတွန့်မတက်နဲ့။"

ကျွန်မ ဖေဖေ့ကို လုံးဝ နားမလည်နိုင် ဖြစ်သွားခဲ့သည်။ " ကျွန်မတို့တွေ တနေကုန် ပျော်နေခဲ့ကြသည် မဟုတ်လား။ ယခုမှ ဖေဖေက ဘာဖြစ်လို့ ဒေါသတွေ ကြီးနေတာပါလိမ့်။ သူ့ အလိုဆန္ဒတိုင်း သူကြည့်စေချင်တဲ့ ဇာတ်ကားကို ကျွန်မ ကြည့်နေပြီပဲလေ။" ကျွန်မ ချုပ်တည်းနိုင်စွမ်း ကုန်သွားပါသည်။

"အဖြူမြင်နေလျက်နဲ့ ဖေဖေက အမည်းဆိုတိုင်း ရတီ လိုက်မမည်းနိုင်ဘူး"

"သူ့ဘာသာ ဖြူချင်ဖြူ၊ မည်းချင်မည်း။ ငါ လုံးဝ သောက်ဂရုမစိုက်ဘူး။ ငါက မည်းဆို အဲတာဟာ အမည်းပဲ၊ ငါက အဖြူဆို အဲတာ အဖြူပဲ ဖြစ်ရမယ်"

"ရတီ မဟုတ်တာကို အဟုတ် မလုပ်နိုင်ဘူး ဖေဖေ"

"ဟုတ်ဟုတ် မဟုတ်ဟုတ်။ ငါက ညည်းအဖေ။ တစ်ခါတစ်လေလေး ပြန်လာလို့  ညည်းနေတတ်သလို နေပါစေလေ ဆိုပြီး ငါက လိုက်လျောတယ်။ ဒါကို ညည်းက ရောင့်တက်တယ်။ အဖေဖြစ်သူက ကြည့်သင့်တယ်ထင်လို့ ကြည့်ခိုင်းတယ်။ မကြည့်ချင်ဘူး ဘာညာနဲ့။ ပြီးတော့ ဆောင့်ကြီး အောင့်ကြီး လုပ်တယ်။  ဆူပုပ်နေတဲ့ မျက်နှာနဲ့ ငါခိုင်းတာ ဘယ်တော့မှ မလုပ်နဲ့။ ငါပြောတာ နားထောင်၊ ငါခိုင်းတာ လုပ်။ ညည်းကိုညည်း ဘယ်သူ့သမီးထင်လို့လဲ။ အဖေကိုများ ပထွေးထင်နေလား မသိဘူး။ တစ်သက်လုံး ငါ့ကို အာခံနေတဲ့ ကောင်မ။ မိဘကို မိဘမှန်း မသိတဲ့ ကောင်မ"

"ဖေဖေ့ .. "
ကျွန်မ ဘာပြန်ပြောရမည် မသိလိုက်ခင်မှာပင် မေမေက ကျွန်မကို အိမ်ပေါ်တက်ခိုင်းသည်။

"ဖေဖေလဲ တော်တော့"
"သမီးလဲ တက်အိပ်တော့ .. "
ကျွန်မ အပေါ်ထပ်ကို ပြေးတက်သွားစဉ် ဖေဖေ လှမ်းအော်ပြောလိုက်သော စကားများကို ရှင်းလင်းစွာ ကြားလိုက်ရပါသည်။

"မိဘစကားကို နားမထောင်တဲ့ သား၊သမီး ဘယ်တော့မှ မကြီးပွားဘူး။ အဲတာ ညည်းမြဲမြဲမှတ်ထား"

***

နောက်တစ်နေ့ညနေ ကျွန်မရန်ကုန်ပြန်ခဲ့သည်။ အဲသည့်နောက် ကျွန်မ နိုင်ငံခြားထွက်လာချိန်ထိ အိမ်ကို တစ်ခေါက်မှ မပြန်ဖြစ်တော့ပါ။ သီရိဂေဟာလေးသည်လည်း ပျက်စီးသွားခဲ့ပြီ။ လေယာဉ်ကွင်းဆင်းမည့်နေ့က ကျွန်မကို တစ်မိသားစုလုံးက လိုက်ပို့ပေးခဲ့သည်။ လေယာဉ်ပေါ် မတက်မှီ ဖေဖေနှင့် မေမေကို ကျွန်မ ကန်တော့ခဲ့ပါသည်။
***

ငါးနှစ်ကျော် ကြာပြီးသည့်နောက် ကျွန်မသည် ကျွန်မနေထိုင်ရာ ကျွန်းငယ်လေးတွင် အရာရာ အသားကျနေခဲ့ပြီ ဖြစ်သည်။ ထို ငါးနှစ်ကျော်အတွင်း တစ်ခါမျှ အိမ်မပြန်ဖြစ်ခဲ့။ သို့သော် အပတ်စဉ် မေမေ့ဆီကို ဖုန်းဆက်လေ့ရှိသည်။ ဖုန်းဆက်တိုင်း ဖေဖေနှင့်လည်း စကားပြောဖြစ်ပါသည်။ ဖေဖေနှင့် ဖုန်းပြောတိုင်း အဖုအထစ်လေးတွေ ဖြစ်စေမည့် စကားများကို တတ်နိုင်သလောက် ကျွန်မ ရှောင်သည်။  ဖေဖေကလည်း သာကြောင်း၊မာကြောင်းလောက်သာ မေးလေ့ရှိသည်။ ကျွန်မမျှော်လင့်နေသော မေးခွန်းဖြစ်သည့် "သမီး ဘယ်တော့ပြန်လာမည်လဲ" လို့တော့ တစ်ခါမှ မမေးပါ။

မေမေကတော့ ပြန်လာစေချင်ကြောင်း အမြဲပြောသည်။ မတွေ့ရတာကြာနေပြီဖြစ်၍ လွမ်းသည့်အကြောင်း၊ မောင်နှမသုံးယောက် မဆုံတာလည်း ကြာနေပြီဖြစ်ကြောင်း ပြောသည်။

ထို့အပြင် "ဖေဖေက နံနက်တိုင်း ဘုရားရှိခိုးပြီးနောက်  ကျွန်မကို မေတ္တာပို့လေ့ရှိကြောင်း၊ ကျွန်မ အစစအရာရာ အဆင်ပြေစေရန်၊ ဘေးအန္တရာယ်ကင်းစေရန် ဆုတောင်းလေ့ရှိကြောင်း၊ ဖေဖေက ကျွန်မကို လွမ်းနေကြောင်း" တို့ကိုလည်း မေမေက ပြောပြသည်။ ဖေဖေ ကျွန်မကို လွမ်းနေသည်ဟု မေမေပြောပြတော့ ကျွန်မ အထူးတလည် မအံ့သြမိပါ။ ကျွန်မသည်လည်း ဖေဖေ့ကို လွမ်းတတ်နေခဲ့ပါပြီ။

ရေခြား၊မြေခြားတွင် သူစိမ်းများကြား ငါးနှစ်ကျော်ကြာ ကျင်လည်ခဲ့ရသော ကျွန်မသည်  ဖေဖေနှင့်ကျွန်မကြားမှ နားလည်မှုလွဲချော်နေသည့် အရာလေးများကို  မြင်တတ်ခဲ့ပြီ။ ယခုချိန်တွင်  ဖေဖေ ဘာတွေပဲ လုပ်ခဲ့၊လုပ်ခဲ့ ဖေဖေဟာ ဖေဖေပဲလို့ လက်ခံလာတတ်ပြီ။ ဖေဖေက ကျွန်မ ဆန္ဒတွေကို လိုက်လျောပေးခဲ့တာကို နားလည်တတ်ခဲ့ပြီ။ ကျွန်မ၏ အရေးတယူ ဂရုစိုက်မှုကို ဖေဖေလိုချင်ခဲ့မှန်း သိလာခဲ့ပြီ။ အသက်တစ်နှစ်ကြီးသွားတိုင်း ကျွန်မ ပိုလို့ရင့်ကျက် နားလည်ခဲ့ရပြီ။ ကလေးငယ်တစ်ယောက်လို ဖေဖေ့ရင်ခွင် ပြေးဝင်ရင်း ဖေဖေ့ကိုစိတ်ဆင်းရဲအောင် လုပ်ခဲ့မိတာတွေအတွက် ဝန်ချတောင်းပန်ချင်စိတ်တွေ ဖြစ်တတ်ခဲ့ပြီ။ ကျွန်မ စောင့်ဆိုင်းနေသည့် တစ်ခုတည်းသောအရာက "အိမ်ပြန်လာခဲ့ပါလား သမီး"ဟု ဖေဖေက စတင်ခေါ်ဖို့ပင်ဖြစ်သည်။  ထို့ကြောင့် ဖေဖေကသာ ပြန်လာဖို့ စခေါ်လာသည်ဖြစ်ဖြစ်၊ သတိရကြောင်းလေးကို ဖေဖေ့နှုတ်က ကိုယ်တိုင်ဖွင့်ပြောလာခဲ့သည်ပဲဖြစ်ဖြစ်၊ အဲသည်လို ခေါ်ပြောလာခဲ့လျှင် ကျွန်မက လုပ်လက်စအရာတွေအားလုံးကို ပစ်ထားပြီး ဖေဖေ့ရင်ခွင်ဆီ အပြေးပြန်မိမှာ ဖြစ်သည်။

***

ယခုတလော ကျွန်မ ညစဉ်ရက်ဆက် ဖေဖေ့ကိုချည်း အိပ်မက် မက်နေမိတာ သုံးရက်ရှိပြီ။ အိပ်မက်ထဲတွင် ဖေဖေက ရှပ်အကျီလက်ရှည်အဖြူနှင့် ပလေကပ်ပုဆိုးလေးဝတ်ပြီး ကတ္တီပါ ဖိနပ်ကို စီးထားသည်။ အိပ်မက်ထဲတွင် ဖေဖေ့ပုံစံက ရေချိုးပြီးစလို သန့်ပြန့်နေသည်။ "ဖေဖေများ တစ်ခုခုဖြစ်နေလား" ဟုကျွန်မ ဖေဖေ့ကို စိတ်ပူလာမိသည်။ ဖုန်းခေါ်နေကြ ရက်မဟုတ်၍  ဖုန်းခေါ်ဖို့ တွေဝေနေမိသည်။ ဖေဖေ တစ်ခုခုဖြစ်လျှင်တော့ မေမေက ဖုန်းဆက်လာမှာ သေချာပါသည်။ 

ထိုသို့ ဖေဖေ့အတွက် စိုးရိမ်နေမိစဉ် မေမေ ဖုန်းဆက်လာခဲ့ပါသည်။

"မေမေ.. ဖေဖေ ဘာဖြစ်လို့လဲဟင်"
မေမေ ဘာမှမပြောရသေးမှီ ဆန္ဒစောပြီး ကျွန်မ မေးလိုက်မိသည်။ ကျွန်မ မေးခွန်းကြောင့် မေမေ တော်တော်လေး အံ့သြသွားခဲ့ရပါသည်။

"ဘာဖြစ်လို့လဲ သမီး။ သမီးကို ဘယ်သူတွေက ဘာပြောထားလို့လဲ"
ကျွန်မက ယခုတလော ဖေဖေ့ကို အိပ်မက်တွေ မက်နေသည့်အကြောင်း၊ ထိုအိပ်မက်တွေကြောင့် ဖေဖေ့ကိုစိတ်ပူနေမိသည့်ကြောင်း ပြောပြလိုက်သည်။

"သမီးတို့ သားအဖက စိတ်ချင်းဆက်နေတာ ထင်ပါရဲ့"
မေမေက လေးပင်စွာ မှတ်ချက်ချသည်။

"သမီး .. အခု မေမေပြောပြတာတွေ သေချာနားထောင်နော်။ သမီး ဖေဖေလေ.. သမီးကို လွမ်းလို့တဲ့။ အခု သူ နေမကောင်း ဖြစ်နေတယ်။ လွန်ခဲ့တဲ့ သုံးရက်ကပေါ့.. သမီးဖေဖေ သူ့မိဘတွေကို တောင်ပြုံးပွဲ လိုက်ပို့တယ်လေ။  အဲဒီမှာ သမီးကို သတိရစရာအကြောင်းတွေ ဖြစ်လာတော့တာပဲ"

"ဘယ်လိုများလဲ မေမေရယ်.." 

"အင်း..  သမီး ၃နှစ်သမီး လောက်တုန်းကပေါ့။ သမီးရယ်၊ ဖေဖေရယ်၊ မေမေရယ် တောင်ပြုံးပွဲ သွားကြတယ်။ လူတွေက တိုးလို့မပေါက်အောင်ကို ကျိတ်ကျိတ်တိုး စည်ကားနေတာ။ သမီးလေးကို ဖေဖေက ချီထားတယ်။ ဒါပေမယ့် လူတွေအများကြီးကြားမှာ သမီးက မွန်းလို့ ထင်ပါရဲ့။  ငိုပါလေရော။ ဖေဖေရယ်၊ မေမေရယ် ဘယ်လိုချော့ချော့ မတိတ်ဘူး။ နောက်ဆုံးမှာ ဖေဖေက သမီးကို "လာ လာ မြင်းစီးမယ်၊ ဖေဖေ့ သမီးက မြင်းစီးမယ်"လို့ ပြောပြီး သူ့လည်ဂုတ်ပေါ်တင်ပြီး ခွစီးခိုင်းလိုက်မှ သမီးလေးက အငိုတိတ်တော့တာ။ ဖေဖေက သမီးကို လုံးဝ အောက်မချဘဲ ဂုတ်ပေါ်ထမ်းထားတော့ မေမေကတောင် ညောင်းနေပါ့မယ်၊ ချပါဦးလို့ ပြောယူရတယ်။ ဒါပေမယ့် ဖေဖေကလေ သမီးလေး လူတွေနဲ့ညှပ်ပြီး မွန်းနေမှာစိုးလို့တဲ့၊ သမီးကို လုံးဝ မချခဲ့ပါဘူး သမီး။ အဲဒီအချိန်တုန်းက သမီးလေးက ငယ်သေးတော့ အခု မေမေပြောပြတာတွေကို သမီး ဘယ်မှတ်မိပါ့မလဲ.."

မေမေ ပြောပြတာတွေ နားထောင်ရင်း ကျွန်မ မျက်ရည်တွေ ကျနေမိသည်။ မေမေက ဆက်ပြောပါသည်။

"အဲညက ပြန်လာတော့ သူ ဒီအကြောင်းတွေ ပြန်စဉ်းစားမိပြီး သမီးကို လွမ်းလိုက်တာ တဲ့။ သမီးအပေါ် သူ ဘာလို့များ မကောင်းခဲ့တာလဲ၊ ဘာလို့များ သမီး စိတ်ဆင်းရဲအောင် သူ ပြောခဲ့၊လုပ်ခဲ့တာလဲဆိုပြီး စိတ်မကောင်းတွေ ဖြစ်နေတာ သမီးရယ်။ သမီးက သူ့ကို စိတ်နာပြီး ပြန်မလာတာလား မသိဘူးနော်တဲ့ ။ သမီးကို လွမ်းလို့ဆိုပြီး အဲဒီညက သူအိပ်လို့ မပျော်ခဲ့ဘူး။ နောက်နေ့ မိုးလင်းတော့ သူဖျားတယ်"

"အခုရော ဖျားနေတုန်းပဲလား မေမေ"

"ဟုတ်တယ် သမီး။ မေမေပြောတာတွေ ဆုံးအောင် နားထောင်ဦးနော်။ နောက်ရက်တွေလည်း သမီးကို လွမ်းလိုက်တာဆိုပြီး သမီးဓါတ်ပုံတွေ ထုတ်ကြည့်၊ သမီးအကြောင်းတွေချည်း ပြောနေတော့တာ။ ပြီးတော့ သမီး အခန်းထဲ ဝင်ကြည့်ရအောင်တဲ့လေ။ သမီး အခန်းဆိုတာ ဟိုးကတည်းက သူ ဝင်ဖူးတာမှ မဟုတ်တာ။ မေမေက ကိုယ့်သမီးအခန်း ကိုယ်ဝင်တာပဲ။ ကိုယ့်ဘာသာ ဝင်ပေါ့လို့ ပြောလိုက်တယ်"

"ကျွန်မ ဖေဖေ့အကြောင်းရေးထားတဲ့ ဒိုင်ယာရီ စာအုပ်ကိုများ မတော်တဆ ဖေဖေတွေ့သွားရင်.."
ကျွန်မ ဆက်မတွေးရဲတော့ပါ။ ထို့ကြောင့် မေမေ့စကား ဆုံးအောင် နားထောင်နေခဲ့မိသည်။

"ဖေဖေက သမီး ပစ္စည်းလေးတွေ ကိုင်ကြည့်တယ် နေမှာပေါ့။ အဲမှာ သူ သမီးရဲ့ ဒိုင်ယာရီစာအုပ်လေးကို တွေ့သွားတယ်။ သမီး ရေးထားတာတွေ ဖတ်ပြီး သူ ငိုလိုက်တာ သမီးရယ်။ မေမေ့ကို အဲဒီစာအုပ်လေး လာပြတယ်။ မေမေက ဖတ်ဖူးပြီးသားပဲ။ အထဲမှာ ဘာတွေ ရေးထားလဲ သိတာပေါ့။ သူကတော့ တအားတွေ ဝမ်းနည်းပြီး တုန်လှုပ်သွားတယ်။ သမီးကို ရိုက်ခဲ့တဲ့ လက်ဆိုပြီး သူ့လက်ကို မှန်တံခါးမှာ ထိုးချလိုက်တာ လက်တွေလဲ ကွဲကုန်တယ်။ အဲနေ့ကစပြီး အခုထိ အိမ်ထဲက အိမ်ပြင်လဲ သူ မထွက်တော့ဘူး။ မေမေက ပြီးခဲ့တာတွေ ပြီးပြီ။ အခု ကိုယ်လုပ်စရာရှိတာပဲ ကိုယ်လုပ်ပါဆိုတော့ သူက သမီးနဲ့ ဖုန်းပြောချင်တယ်တဲ့။ ဒါကြောင့် မေမေ ဖုန်းဆက်လာတာပဲ သမီး။ အခု သမီး ဖေဖေနဲ့ ဖုန်းပြောလိုက်ဦးနော်။"

ကျွန်မ အသံထွက်ပြီး ရှိုက်ငိုမိသည်။ ဟိုတုန်းက ဒိုင်ယာရီထဲမှာ ရေးထားခဲ့သလို ယခုချိန်မှာ ကျွန်မ ဖေဖေ့ကို စိတ်မနာနေဘူးဆိုတာ ဖေဖေ့ကို သိစေချင်သည်။

"သမီး.. ရတီနွယ်၊ နေကောင်းလား သမီး"
ဖေဖေ့ အသံက တကယ်ကို ဆို့ဆို့နင့်နင့်။

"သမီးအပေါ် ဖေဖေ မကောင်းခဲ့တာတွေအတွက် ဖေဖေ့ကို စိတ်နာနေလား သမီး။ သမီးလေးအပေါ် ဆဲလား၊ဆိုလား လုပ်ခဲ့တာ။ ရိုက်လား၊ ပုတ်လား လုပ်ခဲ့တာတွေ အတွက် ဖေဖေ တကယ် စိတ်မကောင်းဘူး။ ဒါတွေကြောင့် သမီးလေး ပြန်မလာမှန်း ဖေဖေ သိပါတယ်"

ဖေဖေ ထင်သလို ဖေဖေ့ကို စိတ်နာလို့ ပြန်မလာတာ မဟုတ်ကြောင်း ကျွန်မ ပြောပြချင်သည်။ ကျွန်မက "ဖေဖေကိုယ်တိုင် ကျွန်မကို သတိရလိုက်တာလို့ စပြောတာပဲဖြစ်ဖြစ်၊ ပြန်လာပါဦးလား သမီးရယ်လို့ စခေါ်တာပဲဖြစ်ဖြစ်၊ အဲလို စတင်ခေါ်ပြောတာလေးကို စောင့်နေမိခဲ့တာပါ"ဟု ဖေဖေ့ကို ပြောပြချင်သည်။ သို့သော် ကျွန်မ အာစေးမိထားသလို၊ အသံလုံးဝ ထွက်မလာခဲ့ပါ။ 

"သမီးရယ် .. ဖေဖေက ဖေဖေ့သမီးကြီးကို အရမ်းချစ်တာပေါ့။ သမီးအတွက်လဲ အမြဲတမ်း ဂုဏ်ယူနေရတာပါ။ သမီးကို ဖေဖေ လွမ်းတယ်။ သမီး ပြန်လာမယ့် နေ့ကလေးကို ဖေဖေ စောင့်တယ်။ ဒါပေမယ့် သမီးက လုံးဝကို ပြန်မလာခဲ့ဘူးနော်။ ဖေဖေက သမီးကို ငါ့စကားနားမထောင်ရင် ငါ့အိမ်မှာ မနေနဲ့လို့ ပြောခဲ့ဖူးတာကြောင့် ပြန်မလာတာများလားလို့ ဖေဖေ တွေးမိတယ်။  သမီးရယ်.. ဖေဖေက ဖေဖေလေ။ ဖေဖေက သမီးရဲ့ ဖေဖေပါ။  ဖေဖေက ကိုယ့်သား၊သမီးကို ပြန်တောင်းပန်ရမှာလား သမီးရယ်..။ ဒါပေမယ့် သမီးက မာနတွေကြီးလွန်းတယ်။ အခု ဖေဖေ တောင်းပန်ပါတယ် သမီးရယ်.. ။ ဖေဖေ မှားခဲ့တာတွေကိုလဲ ဖေဖေ သိနေပါပြီ။ သမီးလေး ဖေဖေတို့ဆီ ပြန်လာခဲ့ပါတော့ သမီးရယ်.. "

ဖေဖေက စကားတွေ အများကြီး ဆက်တိုက်ပြောပြီး ငိုသည်။ဖေဖေ ပြောတာတွေ နားထောင်ရင်း ကျွန်မလည်း မျက်ရည်မဆည်နိုင်ခဲ့ပါ။ ဖေဖေ ထင်သလို ဖေဖေ့ကို စိတ်မနာနေကြောင်း၊ ကျွန်မလည်း ဖေဖေ့ကို လွမ်းတတ်နေခဲ့ပြီဖြစ်ကြောင်း ပြောပြချင်သည်။ သို့သော် ကျွန်မ နှုတ်တွေ ဆွံ့အနေခဲ့ပါသည်။ အားတင်းကာ ကြိုးစားပြောတော့ ကျွန်မနှုတ်မှ စကားတစ်ချို့ ထွက်ကျလာခဲ့ပါသည်။

"သမီး.. အမြန်ဆုံး ပြန်လာခဲ့မယ် ဖေဖေ"

"ရတီ.. ရတီ ဖေဖေ့ကို ချစ်တယ်"

***

ထိုညက ကျွန်မ အိပ်လို့မပျော်ခဲ့ပါ။ ဖေဖေရော၊ မေမေပါ အိပ်လို့ပျော်မည်မဟုတ်မှန်းလည်း ကျွန်မ သိပါသည်။ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချလိုက်ပါသည်။ လုပ်လက်စတွေအကုန်လုံး ရပ်ထားကာ အစောဆုံးရနိုင်မည့် လေယာဉ် လက်မှတ်ဝယ်ပြီး ဖေဖေ့ရင်ခွင်သို့ ကျွန်မပြန်မည်။

***

ယခုတစ်ခေါက် မိသားစု ပြန်လည်ဆုံဆည်းခြင်းသည် ပျော်ရွှင်မှုအပေါင်းကို ထာဝရ ယူဆောင်လာမည်ဆိုတာ ကျွန်မ စိတ်ထဲ လေးလေးနက်နက်ကို ယုံကြည်နေမိသည်။ ထိုသို့ ပြန်လည်ဆုံဆည်းမည့် နေ့ကလေးမှစ၍ ကျွန်မတို့အိမ်ကလေးသည်လည်း တကယ့် သီရိဂေဟာလေး ဖြစ်နေမည်သာ။


လေးစားစွာဖြင့်
မြတ်ပန်းနွယ်

( ဒီဝတ္တုလေး ရေးပြီး ခုနှစ်လအကြာမှာ ကြည့်လိုက်မိတဲ့ ဗွီဒီယိုလေးတစ်ခုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်ရှင်။ )


28 comments:

မအိမ်သူ said...

ဝတ္ထုလေးထဲမှာ မျောသွားအောင်ကို ရေးတတ်လိုက်တာ။ အားပေးနေမယ်ညီမရေ..း)

THS said...

ခင်ဗျား စာတွေ ဖတ်ရတာ ရင်ထဲမှာ တနင့်တပိုးပဲ ..
သီရိဂေဟာလေးမှာမိသားစုအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ လေးလေးနက်နက် ဆန္ဒပြုပါတယ် ...။

Angelhlaing(May everybody be happy and healthy! said...

ရင်ထဲရောက်အောင် ရေးတက်ပါလားနော်.... သိတက်စအရွယ် အဖေနဲ့ မကြာခဏ စိတ်ကောက်တက်တာလေး တွေပြန်သတိရမိတယ် ..အဲလိုပဲ အဖေနဲ့ သမီးကြားက အဖုထစ်လေးတွေက တစ်ခါတစ်ရံ မလိုအပ်ပဲ ရှည်ကြာနေရင်း..သွေးအေးတဲ့ အခြေနေမှာ တော်တော်လေး နေရထိုင်ရ စိတ်ထဲ ခုလုခုလု ဖြစ်ခဲ့ရတယ်လေ...
ရင်နဲ့ခံစား အားပေးလျှက်ပါလို့..

ပေါ့ဆိမ့် said...

ရေးထားတဲ့စားလေးက ရင်ထဲကို တော်တော်ရောက်ပါတယ်။ ဒီလိုပါပဲ သားသမီးနဲ့ မိဘကြားမှာ အဆင်မပြေနားလည် မှုလေးတွေ ရှိတတ်ပါတယ်။ အရင်ဆုံး ကိုယ်ကိုယ်တိုင် သဘောထားမှန်ဖို့ အရေးအကြီးဆုံးပါ။ နားလည်ပေးနိုင်စွမ်းလည်း ရှိရင် ပိုပြည့်စုံသွားမှာပါ။ အဲလိုပဲ ထင်ပါတယ်။
ကျွန်တော်လည်း အဖေနဲ့ အဆင်မပြေမှုတွေ ကြုံခဲ့ဖူးပါတယ်။ ဒီရေးထားတဲ့ ပို့စ်မှာ ကျွန်တော်ခံစားရတာလေးတွေ နဲ့ တော်တော် တိုင်ဆိုင်တာလေးတွေ ရှိပါတယ်။
အားပေးလျက်
ဆင်တဲကဖေး ကိုယ်စား

Anonymous said...

I did cry after this post. So sorry

ကျော်အောင် said...

မမြတ်ပန်းနွယ်ရဲ့ ဝတ္တုဟာ ဘယ်တော့မှ အစားထိုးပြန်မရနိုင်တော့တဲ့ ကျွန်တော့အဖေကို သတိရမိစေတယ်။

သူကြီးမင်း (တုံးဖလား) said...

ဖတ်ရင်းနဲ့ မျက်ရည်တောင် လည်မိတယ်။ တကယ်ကို ဆွဲဆောင်မှုရှိတဲ့ ရေးသားချက်ပါဘဲ။ ပထမစာပိုဒ်ဖတ်ပြီးကထဲက ဖတ်လို့မြန်မြန်ပြီးသွားမှာတောင် စိုးရိမ်နေမိတယ်။ မျက်ရည်နဲ့ ဒီပို့စ်ကို ရေးလားမရေးလားတော့ မသိဘူး၊ ဖတ်တဲ့သူကတော့ မျက်ရည်နဲ့ ဖတ်သွားတယ်။း(

မိသားစုပြန်ဆုံပြီး ပျော်ရွှင်စရာ သီရိဂေဟာလေး အမြဲ ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

UK said...

Good presentation. Your story bring into my herat. Well done. Keep it up.

သူရိန် said...

အရမ်းကောင်းပါတယ်။

မြသွေးနီ said...

ရိုးရိုးရှင်းရှင်းနဲ့ ရေးထားတာ စာဖတ်သူကို အစကနေ အဆုံးထိ ဆွဲခေါ်ယူသွားတယ်။ စကားပြေနိုင်နင်းတော့ ဖတ်ရတာ အရသာရှိလှတယ်။ ရသစာပေ အရေးကောင်းသူတစ်ဦး အွန်လိုင်းမှာ ထပ်ပေါ်လာပြီပေါ့။ စာတွေ အရှိန်ဟုန် မပျက်ဆက်ရေးပါ ညီမရေ...။

မြသွေးနီ said...

ရိုးရိုးလေးနဲ့ စာဖတ်သူကို အစမှအဆုံးထိတိုင် ဆွဲခေါ်သွားတဲ့ ၀တ္တုကောင်းလေး တစ်ပုဒ်ပါ။ စကားပြေနိုင်နင်းတော့ ဖတ်ရတာ အရသာရှိလှတယ်။ အွန်လိုင်းမှာ ရသစာပေရေးနိုင်သူတစ်ယောက်လို့ မြင်မိတယ်။ အရှိန်ဟုန် မပျက်ဆက်ရေးသွားပါ ညီမရေ...။

Thameesan said...

ကောင်းလိုက်တဲ့ဝတ္ထုလေး..း)
အစကနေ.အဆုံးထိအောင်
အချိတ်အဆက်မိမိနဲ့
ဖတ်လို့တော်တော်ကောင်းပါတယ်။
တကယ်တမ်း.ဒီလိုဖခင်မျိုးနဲ့
အပြင်မှာသာ.ကြုံဖြစ်ခဲ့ရင်..
ရတီ့လို.နားလည်ပေးနိုင်ပါ့မလားမသိး)


ချမ်းမြေ့ပျော်ရွှင်ပါစေရှင်
ချစ်ခင်လျှက်

လမင်းငယ် said...

ဝထ္ထုလေးကကောင်းလို့ မျက်ရည်တောင်ကျမိပါတယ်
မြပန်းနွယ်ရေ အရေးအသားကောင်းပါပေတယ်
ဆက်လက်ထုဆစ်နိုင်ပါစေ
ခင်မင်လျှက်

ထော်ဦး said...

အစ်မ မြပန်းနွယ်ရေ...
အရေးအသားလေးတွေနဲ့ စာဖတ်သူကို ဆွဲဆောင်နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။
ဆက်လက်ကြိုးစားရေးသားနိုင်ပါစေ

ချယ်ရီမြေ said...

အရမ်းကောင်းတဲ့ဝတ္ထုတစ်ပုဒ်ကို ဖတ်လိုက်ရလို့ မြတ်ပန်းနွယ်ကို ကျေးဇူးတင်ပါတယ်..။ တကယ့်ဖြစ်ရပ်မှန်တစ်ပုဒ်ကို ဖတ်ရသကဲ့သို့ ရင်ထဲစူးရှိစေခဲ့ပါတယ်...။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

စိတ်၏ဖြေရာ said...

မိဘတိုင်းဟာသားသမီးတွေကိုချစ်ကြပါတယ်။
ချစ်ပုံချစ်နည်းမတူတာရယ်၊နားလည်မှုလွဲတာလေးတွေ
ကြောင့်အဆင်မပြေဖြစ်ကြရတာပါ။
မိဘမေတ္တာကိုနားလည်ပြီးမိဘရင်ခွင်မှာငြိမ်းချမ်းစွာအမြန်
ဆုံးခိုလှုံနိုင်ပါစေညီမလေးရေ။
ခင်မင်စွာဖြင့်
စိတ်၏ဖြေရာ

မြစ်ကျိုးအင်း said...

အဆင်မပြေမှုတွေ တောက်လျှောက်ကြုံထားတော့ အဆုံးသတ်လေးက ပိုကြည်နူးစေတယ်။ ရင်ထဲမှာချစ်ရဲ့နဲ့ ထုတ်ပြပုံမှားတဲ့ မိဘတွေကို မြင်ဖူးထားလို့ အခုဝတ္ထုတိုလေးက အသက်ဝင်တယ်။
နောက်ထပ်အသစ်တွေ ထပ်ရေးပါအုံး။ အားပေးပါတယ်...။

mstint said...

မိသားစုတိုင်းမှာခေါင်းစဉ်ကွဲလွဲနေတဲ့ အဆင်မပြေမှု များစွာရှိတတ်ပါတယ် မြတ်ပန်းနွယ်ရေ။ အဖေဟာ အဖေပါပဲဆိုတဲ့ခံယူချက်မျိုးကို လေးစားပါတယ်။ စာအရေးအသားတွေကောင်းသလို ရင်ထဲအထိ ကူးစက်ခံစားမိပါတယ်။ ပို့စ်ဟောင်းတွေပါဖတ်သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘိုဖြူ said...

မိသားစုတိုင်းမှာ ပြသနာဆိုတာ အနဲနဲ့အများရှိကြတာပဲ
နောက်ဆုံးတော့ အဖေဆိုတာလဲ အဖေပါပဲ
ဖတ်ပြီးတော့တစ်ခုခုကျန်နေတယ်ခင်ဗျာ

Anonymous said...

မမမြတ်ပန်းနွယ်
အလည်လာတယ်။ ဖတ်ပြီးသားကို အရသာရှိလို့ ထပ်ဖတ်သွားတယ်။ ဖတ်ရင်းဖတ်ရင်းနှစ်သက်လာလို့ ကွန်မန့်ရေးခဲ့တယ်။

မောင်သီဟ said...

ပုံနှိပ်စာတွေဖြစ်နေပြီလား
ဖြစ်နိုင်တယ်
ကြိုးစားပါ အားပေးနေမယ်

Unknown said...

ရင်ထဲထိလိုက်တာ... ဘိုကြီးမှန်းသိဘူး.. ရေးတတ်လိုက်တာ နွယ်ရေ.. :)

ချစ်ခင်လျက်
Junemoe

မောင်မောင် said...

အစ်မမြတ်ပန်းနွယ် စာလေးတွေကို အရမ်းနှစ်ခြိုက်မိတယ်။ တစ်ကယ်.အဖြစ်အပျက်တွေလိုဘဲ ခံစားမိတယ်။ ရင်ထည်းလည်း ထိစေတယ်။ နောက်လည်းအမြဲအားပေးနေမယ်နော်။
ပျှော်ရွှင်ပါစေ။
ခင်မင်စွာဖြင်.
မောင်မောင်

ပုံမှန် said...

မိဘနဲ့ သားသမီးဆိုတာ ဒီလိုပါပဲ ညီမရယ်... ရေးထားတာလေး တော်တော်လေး သဘာဝကျပြီး ဖတ်လို့ကောင်းတယ်...

ခင်မင်းဇော် said...

အမကတော့ အမေနဲ့ အတော်မတည့်ခဲ့တာ။ အမေရိုက်ခဲ့လို့ အမနားကိုအထူးကုနဲ့တောင်ပြခဲ့ရတယ်။ ရင်ထဲမှာ ဆူးတွေ ဆူးတွေ..

Aung Kyaw Zeya said...

ဒီဝတ္ထုလေးကိုဖတ်ပြီးရင်ထဲမှာတစ်ခုခုကျန်ခဲ့တာတော့လုံးဝသေချာတယ်။ဖြစ်နိုင်မယ်ဆိုရင်ခုချက်ခြင်းဖေဖေနဲ့မေမေကိုပြေးတွေ့လိုက်ချင်တယ်။
ကျေးဇူးတင်ပါတယ်မြတ်ပန်းနွယ်။ဒီဝတ္ထုလေးနှင့်မိဘနဲ့သားသမီးကြားကပြဿနာတွေကိုဖြေရှင်းပေးလို့လေ။
TRY ON. Nothing is impossible.

ပြည်ကောင်းအောင် said...

ဟာ.. ရေးတတ်လိုက်တာ သမီးရယ်..

Anonymous said...

I'm crying after reading this.