ချစ်ခြင်း​ဘွဲ့ တေးကဗျာ

ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၁

" မွေးနေ့လက်ဆောင် "

ပန်း=၂၂ ပွင့်
တေး= ၂၂ ကဗျာ
အလင်း=၂၂ တိုင်

ပန်း၊ တေး၊ အလင်း သည်နေ့ရက်မှာ
၂၂ နှစ် တိုင် ကဗျာ ပွင့် ။

စိတ်ရှိသလောက် ပျံသန်းဖို့
ကောင်းကင်ကြီးကြီး တစ်ခု၊

အစွမ်းရှိသလောက် ကူးခတ်ဖို့

ပင်လယ်ကြီးကြီးတစ်ခု၊

မက်နိုင်သလောက် အိပ်မက်တွေ မက်ဖို့
အရှည်ဆုံး ည နက်နက်တွေ ၊
 
အနည်းဆုံး မျှော်လင့်ချက်တစ်ခုလောက် ဖြစ်ဖြစ်ပေါ့ ... ။

လက်ဆောင်ပေးချင်တယ် ။


ချစ်ခြင်း​ဘွဲ့ တေးကဗျာ -၂


" အလွမ်းမိုးသည်း "

 
 အံဝှက်ထဲ ထည့်ထားမိတဲ့
ဝမ်းနည်းမှုဟာ အလိုလို စီးကျလာသလို
အလွမ်းဟာ နှစ်ချို့ဝိုင်တွေနဲ့ အတူ ရီဝေဝေ
ဒီနေ့မှ မိုးကိုက သည်းလွန်းတယ်
အထီးကျန်ခြင်းကို အရေခြုံထားသူမို့
အလွမ်းဟာ ကဗျာတစ်ပုဒ်ပေါ့ကွယ်
ကိုယ် မင်းကို လွမ်းနေခဲ့တယ် ..။

ဟုတ်တယ်
ကိုယ် မင်းကို လွမ်းနေခဲ့တယ်
အခုလို မိုးသည်းတဲ့ နေ့တွေဆို
ကိုယ်မင်းကို လွမ်းချည်းနေတော့တယ်
ရုတ်တရက် ကြားလိုက်ရတဲ့ မိုးချိန်းသံနဲ့
လျှပ်တစ်ချက် အလက်မှာ
ကိုယ်ဟာ အရုပ်ကြိုးပြတ်ပါပဲကွယ်..။

ကိုယ်ဟာ ကိုယ့်ကိုကိုယ်ပြန် ချည်ထားမိတဲ့ ကြိုးပေါ့
ကိုယ့်ကို ဖြည်ဖို့ မကြိုးစားပါနဲ့တော့ကွယ်
ခလုပ်နှိပ်ရုံနဲ့ ပေါက်ကွဲတော့မယ် ဗုံးတစ်လုံးမို့
ကိုယ့်မှာ အလွမ်းတွေကိုမှ မြိုချနေရသူရယ်ပါ ။ ။


ချစ်ခြင်း​ဘွဲ့ တေးကဗျာ -၃




 " စိုးရိမ်မိတယ် "

အချစ်မှာ
စကားလုံးတွေ မလိုအပ်ဘူး
ခံစားချက်တွေ အလိုရှိတယ် ။

မင်းရဲ့အပြုံးတွေအားလုံးကို
သယ်ဆောင်လို့
ကိုယ့်နှလုံးသား နံရံထက်
အစီအရီ ချိတ်ဆွဲထားချင် ပါရဲ့ကွယ် ။

ကိုယ်ဟာ အမှောင်ထဲ နေထိုင်ရသူမို့
မင်းရဲ့အပြုံးတွေဟာ ကိုယ့်ညတွေထဲ
တစ်ကိုယ်ရေစာ လင်းလက်လို့နေခဲ့
ယိုဖိတ်နေတဲ့ အချစ်စိတ်လေး
တိတ်ဆိတ်သွားမှာ စိုးမိတယ်  ။ ။

ချစ်ခြင်း​ဘွဲ့ တေးကဗျာ -၎




" မျှော်လင့်ခြင်းရဲ့ မနက်ဖြန် "

ရင်ခုန်သံဟာ ဘာသာပြန် ပြစရာမလိုတဲ့
သိနားလည်ခြင်း ။

တို့နှစ်ယောက်ကြား
တစ်ယောက်တစ်ခွန်း ဆိုတာ မရှိခဲ့ဘူး
နှစ်ယောက်ပေါင်းမှ စကားတစ်ခွန်း ။

တို့နှစ်ယောက်ကြား
အဖြစ်အပျက်တိုင်းဟာ
ဓါတ်ပုံရိုက်ထားသလိုပဲ
တစ်ကွက်ချင်းဆီ ပြန်မြင်ခွင့်ရတယ်
အချစ်ဟာ ဆေးသားစိုစို ။

မိုးရွာပြီးခါစ ကောင်းကင်လို
ကြည်လင်မှုမျိုးနဲ့
မနက်ဖြန်ဆိုတဲ့ အနာဂါတ်ထဲ
လက်တစ်ဖက်ကို ရဲရဲ ဆုပ်ကိုင်လိုက်တယ် ။ ။


ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၅




" ပန်းသခင် - ၂ "


  ဇူလိုင်ရဲ့ မိုးရေစက်တွေကြား
လှပတဲ့ မင်းရဲ့လက်အစုံနဲ့
ပန်းတွေ ပျိုးခဲ့ပါ ။

ဖတ်ပြီးသား ဇတ်ညွန်းတစ်ပုဒ်လို
ဘဝကို စေ့စပ်သေချာခြင်းမျိုးနဲ့
ပန်းတွေ ပျိုးခဲ့ပါ ။

အဖြူနဲ့အမဲကြား စန္ဒယား လက်ကွက်တွေမှာ
ညင်းနွဲ့သာယာတဲ့ သံစဉ်တစ်ပုဒ်နဲ့
ပန်းတွေပျိုးခဲ့ပါ။

အေးချမ်းခြင်း အတိတ်နမိတ်တွေ ရွာသွန်းဖြိုးရအောင်ယုံကြည်ခြင်း မိုးတိမ်တွေနဲ့
ပန်းတွေ ပျိုးခဲ့ပါ။

အရာရာကို ရဲရင့်တဲ့ ရင်ဆိုင်ခြင်းမျိုးနဲ့
ပန်းတွေ ပျိုးခဲ့ပါ ။

..... ... ...
ပန်းတွေ ပျိုးခဲ့ပါ .. ၊
ပန်းတွေ ပျိုးခဲ့ပါ .. ။

လှပတဲ့ ပန်းခင်းတစ်လျှောက်
သစ္စာပန်းတွေ လှိုင်လှိုင်ပွင့်တဲ့အထိအောင်
မင်းရဲ့လက်တွေနဲ့ ပန်းတွေ ပျိုးခဲ့ပါဦးကွယ်..။ ။


ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၆


"ပန်းကလေးရဲ့အဖြစ်"

ပန်းခင်းထဲ နေရောင်ခြည်
ရုတ်တရက်  ဖြာကျလိုက်တဲ့ နေ့
အလွမ်းဟာ နှလုံးသား စည်းရိုးတစ်လျောက်
အလံဖြူလေး ဝှေ့ယမ်းလို့ ။

လေညှင်းလေးရေ
မကြာမကြာ မြင်တွေ့ခွင့်ရတတ်တဲ့
လတ်ဆတ်မှုမျိုးနဲ့
မင်းကိုယ့်ကို ခူးဆွတ်ပါ

ရင်ခုန်သံတွေကို ကာရန်ညှိနေဖို့
လိုပါသလား

လိပ်ပြာတစ်ကောင် တောင်ပံအခတ်မှာ
ပန်းကလေးခမြာ ထိပ်ထိပ်ပြာပြာ ။ ။


ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၇




"အချစ်သည် လေပြေလေညှင်း"

မြက်ခင်းပြင်လေး လှုပ်ခတ်သွားလောက်ရုံ

ပန်းပင်လေးတွေ ယိမ်းထိုးသွားလောက်ရုံ

သစ်ရွက်ခြောက်လေးတွေ
မြေပေါ် ဝေ့ဝဲကြွေကျသွားလောက်ရုံ

ကန်ရေပြင်ထဲ ဝဲဂယက်လေးတွေ
အလိပ်လိပ် ထသွားလောက်ရုံ

တိုးတိုးလေးပဲ တိုက်ခတ်ခဲ့တယ် ဆိုပေမယ့်

ကိုယ့်နှလုံးသားတစ်ခုလုံး ဖရိုဖရဲ ။

ရင်ခုန်သံတွေကို
မသိမ်းဆည်းလိုက်နိုင်ခဲ့ပါဘူးကွယ် ။ ။



ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၈



"လွမ်းလို့ ထုတ်ကြည့်မိတဲ့ နာရီ"

ဂစ်တာကြိုးပေါ် လက်တင်လိုက်သလိုပဲ
စိတ်ကူးတို့က သံစုံမြည်တယ် ။

သတိရခြင်းဟာ တစ်ပတ်လည်ပြီး ပြန်ကျ
ကျရာနေရာမှာ ရှင်သန်တတ်တဲ့ အပင်ဟာ
အလွမ်း တဲ့ ။

တယုတယ ပွတ်သပ်လိုက်ရုံ ။
တစ်ချက်တစ်ချက် ထ ထ မြည်တတ်တဲ့
နှိုးစက်လေးရယ် ..

ဒီလိုနဲ့ ကိုယ့် ညတွေ မိုးစင်စင် လင်းခဲ့ရပေါ့ကွယ် ။ ။

ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၉


(Model: Bernice)

"ကျိုးနွံ့ခြင်း"

ရုတ်တရက် ထပျံသွားတဲ့ အတွေးထဲ
မင်းအကြောင်းတွေပဲ တောင်ပံခတ်
ကောင်းကင်ကြီးနဲ့ မဆန့်တတ်သူရယ်ပါ။

အစိမ်းရောင် ရာသီဥတုမှာမှ
အချစ်ဟာ လင်းစိုအေးမြ တောက်ပလွန်းတယ် ကွယ် ။

ကိုယ်တို့ဟာ ကံတရားဆိုတဲ့ တံတားလေးရဲ့
တစ်ဖက်တစ်ချပ်စီမှာ ဆိုပါစို့၊
အစွန်းနှစ်ဖက်ကို ပေါင်းကူးဖို့ စိတ်ကူးတို့ မြဲခဲ့တယ် ။

ကိုယ့်အတွေးတို့အပေါ် အမြဲနားခိုခဲ့တဲ့
သွားတက်လေးရေ ..

ဂီတ သားကောင်ဟာ
အိပ်မက် ယောင်ဆောင်ပြီး
ည ကိုလှောင်ပြောင်သတဲ့၊
ကိုယ့် ညတွေ ကစဉ့်ကလျားပါပဲကွယ် ။

လက်ယက်တွင်းလေးက အစ
ရင်ဘတ်တစ်ခုလုံးနဲ့ တူးဆွထားရသူမို့
ဥပေက္ခာ မိုးသားတွေ မှိုင်းညှို့လာရင်ဖြင့်
မင်းလက်ပေါ်
ကိုယ့်မှာ အလွယ်တကူ ကြွေကျရပါတယ် ။ ။


ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၁၀




"ပေါင်းစည်းခြင်း"

ညတွေမှာ အိပ်မက်ယောင်သလို
မင်းနာမည်ကို ယောင်ယောင်ပြီး ခေါ်နေခဲ့။

ဓူဝံကြယ်လေး မင်းရှိရာ
မြောက်အရပ်ကိုမှ
ဦးတည်ထားရသူဟာ ကိုယ်ပါ ။

ရင်ခုန်သံဟာ လှိုင်းတံပိုးတွေလို
နှလုံးသား ကမ်းခြေကို
တဝုန်းဝုန်းနဲ့ ပုတ်ခတ်လို့ ။

မြစ်ထဲရေဆင်းသောက်တဲ့
သက်တန့်မှာ
ကိုယ့် အချစ်တွေ ရောင်စဉ်ဖြာကျ ။ ။


ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၁၁




"လမ်းကလေး"

ပျော်ရွှင်မှုဟာ
 လေကောင်းလေသန့်ရရုံ ခပ်တိုးတိုး။

အချစ်ဟာ
တူရိယာပေါင်းစုံပေါင်းစုံတို့ဖြင့် တီးခတ်သောသံစဉ်။

တစ်စုံတစ်ရာဟာ နူးညံ့သိမ်မွေ့မှုဖြစ်တယ်။

ဒီနေ့၊မနက်ဖြန် မသေချာတဲ့ လောကကြီးမှာ
အသားမကျမှုများကို သုတ်သင်ရှင်းလင်းခဲ့ပြီး
လာ သွားကြရအောင်ကွယ်။

ကိုယ့် ခြေလှမ်းတွေ
တစ်လှမ်းစာမှ နောက်ဆုတ်လို့ မရတော့ဘူး ။ ။

 ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၁၂

 " ပန်းတစ်ခင်း "
 
အိပ်မက်ရာသီရဲ့ ပန်းဟာ
မင်းအနမ်း ပေါ့ ချစ်သူ
နီဆွေးထုံအီတဲ့ မင်းနှုတ်ခမ်းအစုံနဲ့
တရှိုက်မက်မက် နမ်းလိုက်တဲ့အခါ
တစ်ခင်းလုံး ပန်းတွေ ပွင့်ပါပေါ့ ..။  ။


ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၁၃

" နွေ "

နွေဦးအစ ပန်းချီကားမှာ
အဝေးက ကျူးရင့်လိုက်တဲ့တေးတစ်စ
ကြားမိပါစ ကွယ် ။

ဥသြငှက်ငယ် တွန်ကျွေးသံဟာ
ချစ်သူရဲ့ နှလုံးသား ရုန်းကြွစေသလား
ရွှေရည်လူးတဲ့ ပိတောက်ဖူးဟာဖြင့်
ချစ်သူ ကေသာထုံးမှာ
ကျော့မဆုံးအောင် ပွင့်ပါပေါ့ ။

လာ သွားကြပါစို့ အချစ်ရယ်
ပတ်ကြားအက်၊ ရိုးပြတ်တောတွေ ဖြတ်လို့
ကျောက်စက်ရေ တစ်မှုတ်လောက်
အတူတူ သောက်စို့ကွယ် ။


 
ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၁၄

" အလွမ်းမြစ် "
 
ငါ့မြစ်ရဲ့ ရင်ခွင်ထဲ
ရေစီးလိုက်လာတဲ့ ကောင်ကလေးရေ
စုန်ပါ၊ ဆန်ပါ၊ စီးဆင်းပါ
မင်းခြေရာလေး ထားခဲ့ပါ
မတောင့်မတ မကြောင့်မကြတဲ့ စိတ်နဲ့
ငါ့မြစ်ထဲ 
အချိန်ပြည့်
အလွမ်းတွေချည်း ရေစီးသန်နေခဲ့တယ် ။ ။


ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၁၅


"ဒီဇင်ဘာ"

အချစ်ရေ
ဒီဇင်ဘာနဲ့အတူ နှင်းစက်ဖြူဖြူတွေ ဖြန့်ခင်းထားတဲ့ လမ်းကလေးပါတယ်
အပွင့်ကြီးကြီး နီစွေးစွေး နှင်းဆီပန်းတစ်ခြင်းပါတယ်
သက္ကရာဇ်တစ်ခုရဲ့ အဆုံးနဲ့အစ တို့ပါတယ်
ဆောင်းခိုငှက်တို့ရဲ့ သတိရခြင်း အငွေ့အသက်တွေပါရဲ့ ကွယ် ။

အချစ်ရေ
တစ်ကိုယ်ရေစာတည့်မတ်ရတဲ့ ညနက်နက်တွေ ရှိရဲ့
နှစ်ကိုယ်စာလျှောက်လှမ်းရမယ့် လမ်းကလေးရှိရဲ့
စိမ်းလန်ခြင်းတွေနဲ့ပန်းခင်းတွေရှိရဲ့
ပန်းခင်းလေးပေါ်ဖြတ်ကျော် တိုက်ခတ်လာတဲ့
သင်းပျံ့ပျံ့လေနုအေးလေးတွေ ရှိရဲ့ကွယ် ။

အချစ်ရေ
ဒီဇင်ဘာနဲ့အတူ ထင်းရှူးပင်တွေ ပေါပါရဲ့
အရောင်စုံဆင်မြန်းထားတဲ့ မီးပန်းလေးတွေ ပေါပါရဲ့
အချင်းချင်းအပြန်အလှန် ဆုတောင်းမေတ္တာတွေ ပေါပါရဲ့ကွယ် ။


ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၁၆


" ပန်းသခင် - ၁ "

အထက်ဆင် ထမီနားရယ်နဲ့
လုံချည်ကို ခါးတွင် ဆင်ပါလို့
ယဉ်ပါဘိ သူ့ရုပ်သွင်
ကြွေရုပ်နှယ် ကျော့ရှင်း ။

နက်မှောင်ကျော့ ကေသာထက်
ရစ်ခွေဖွဲ့ တစ်ပွင့်ပန်းရယ်က
မြင်မိသူ နှလုံးအိမ်တွင်း
ငြိမ်းအေး စေခြင်း ။ ။



 ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၁၇



" မောင် "

ကျွန်မအတွက် မောင်ဟာ
အရိပ်မထွက်တဲ့ လ။

မေ့ဘဝရဲ့ ည တွေမှာ
ပြည့်ပြည့်ဝဝ သာတယ်။

ဆယ်သက်ဆယ်ကမ္ဘာ ဝေးပါသေးတယ်
ဒီဘဝမှာတင် ဝ အောင် ချစ်ပါရစေဦးကွယ် ..။


 ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၁၈





"နှလုံးသားရပ်ဝန်းဆီမှ"

မနေနိုင် မထိုင်နိုင်
ကိုယ့်အလွမ်းတွေကိုက
လမ်းသလားချင်တာပါလို့တော့
မစွပ်စွဲလိုက်ပါနဲ့ကွယ်..။

ဘယ်အချိန်မဆို
ကိုယ့်ရင်ဘတ်ကိုဆွဲဖွင့်ပါ
သတိရစိတ်တွေကမင်းထံပါး
အရှိန်အဟုန်နဲ့စီးဆင်းနေခြင်းပေါ့ ...။

တကယ်ပါချစ်သူ
မင်းနဲ့ကိုယ်ကြားမိုင်ပေါင်း ၅၀၀၀ ခြားပါတယ်
ကိုယ်တို့ချင်းနှလုံးသားတွေကတော့
ချည်တစ်မျှင်စာတောင်ခြားမထားဘူး မဟုတ်လား ..။ ။


ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၁၉


"အလျှားအနံမရှိ"

စကားလေးတစ်ခွန်း၊ အပြုံးလေးတစ်ပွင့်
အကြည့်လေးတစ်ချက်နဲ့တင်
တစ်ယောက်ကိုတစ်ယောက်လှမ်းမြင်ပြီးသား
နားလည်မှုဆိုတာရဲ့အဓိပ္ပါယ်ကို ထဲထဲဝင်ဝင် ။

ဖွင့်ထားတဲ့ပြတင်းတံခါးတွေလို
စိတ်တွေမိုင်ကုန်လွှင့်ထားတယ်
တစ်ယောက်ကိုတစ်ယောက်ချစ်တယ်ဆိုတာအတွက်
ဘယ်သူ့ဘယ်သူကိုသက်သေခေါ်ပြရဦးမလဲ ။

စိတ်တစ်ခုကိုစိတ်တစ်ခုနဲ့ ချည်ပစ်လိုက်ဖို့ထက်စာရင်
စိတ်နှစ်ခုလုံး  ပေါ့ပါးလွပ်လပ်သွားစေဖို့
လှပတဲ့ပန်းကလေးတွေရဲ့ရနံ့ကို
နူးညံ့ညင်သာစွာရှူရှိုက်လို့
ထုံအီချိုမြတဲ့ချစ်ခြင်းမေတ္တာရဲ့ အရိပ်အောက်မှာ အခါမလပ် ။ ။

ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၂၀

 " အချစ်ကြောင့် "

ပါးပြင်ပေါ်က စံပါယ်တင်မှဲ့ကလေးရေ
ကမ္ဘာမှာ အချစ်ကြောင့်ဖြစ်ရတဲ့ စစ်ပွဲတွေရှိခဲ့တယ်လို့
မင်းကြားဖူးရဲ့ မဟုတ်လား
ကိုယ့်ရင်ထဲမှာတော့ အချစ်ကြောင့်
ပန်းတွေလှိုင်လိုင် ပွင့် ခဲ့ရပေါ့ကွယ် ။ ။

ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၂၁


"အစဉ်သဖြင့်"

စိတ်တစ်ခုလုံး ဖွင့်ချပစ်လိုက်တော့
သိမ်မွေ့နူးညံ့မှု အဟုန်က
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးအထိ
အလိုအလျှောက် စီးဆင်းသွားတယ် ။

ကိုယ့်ရင်ခုန်သံ၊ သူ့ရင်ခုန်သံ
ရင်ခုန်သံပေါင်းကူး
နွေးထွေးတယ်ဆိုတဲ့ အသိက
နှစ်ဦးစလုံးရဲ့ရင်ထဲ သင်းပျံ့လို့ ။

အထီးကျန်ခြင်းကို တစိမ်းဆန်ဆန် စွန့်ပစ်ထားလိုက်
နေ့ရက်တွေအပေါ် အလှပဆုံး စုတ်ချက်တွေနဲ့ ဆေးခြယ်
နှစ်ကိုယ်ကြား တိုးတိုးတိတ်တိတ်ကစလို့
အကျယ်လောင်ဆုံးအထိ ချစ်ခြင်းမေတ္တာအကြောင်းကိုဖွဲ့ဆို
ကိုယ့်ဘေးမှာ မင်းတစ်ယောက်ထဲပဲ ရှိနေဖို့လိုတယ် ။

ချစ်ခြင်း​ဘွဲ့ တေးကဗျာ - ၂၂


"လွမ်းရတဲ့အကြောင်း"

သတိရတဲ့အခါ မင်းနာမည်ကို
သီချင်းတစ်ပုဒ်လို တိုးတိုးလေးညည်းမယ်။

သတိရတဲ့အခါ မင်းအတွက် ကိုယ့်အိပ်မက်တွေကို
ပန်းချီကားထဲမှာ မှော်ဆန်ဆန် ရေးဆွဲထားမယ်။

သတိရတဲ့အခါ ထုတ်ထုတ်ပြီး ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်လို ..
မင်းအကြောင်းတွေးတိုင်း နှလုံးသားထဲမှာ အမြဲတမ်းနွေးထွေးတယ်။

ချစ်ခြင်းမေတ္တာဟာ အဆက်အကြောင်းတွေလိုပဲ 
တစ်စနဲ့ တစ်စ ဆက်စပ်ထားရှိတယ်။

အရာရာကို သိုမှီးမထားတတ်တဲ့ ကိုယ့်နှလုံးသားမှာ
မင်းကို လွမ်းရတဲ့အကြောင်းတွေကိုတော့
မဖိတ်မစင် တွေ့နိုင်ပါရဲ့ကွယ် ။  ။


လေးစားစွာဖြင့်
မြတ်ပန်းနွယ်

မှတ်ချက် ။ သက်ဆိုင်ရာ စာတစ်ပုဒ်ချင်းစီအတွက် အသုံးပြုထားသော ဓါတ်ပုံများသည်ကျွန်မ၏ ဖန်တီးချက်များသာ ဖြစ်သည်။

4 comments:

အိမ့်ချမ်းမြေ့ said...

လှလိုက်တဲ့ ကဗျာလေးတွေ.....

ရာဇာထွေး said...

ကဗျာလေးတွေကို လာရောက်ခံစားဖတ်ရှုသွားပါတယ်အမ မြတ်ရေ...
“နွေ” ဆိုတဲ့ကဗျာလေးကိုကျွန်တော်ပိုပြီးကြိုက်တယ် အမမြတ်ရေ...
ကဗျာလေးတွေအားလုံးဖတ်လို့ ကောင်းပါတယ်ခင်ဗျာ...၀တ္ထုအရေး
ကောင်းသလို ကဗျာရေးလည်းမခေလှတဲ့ အမမြတ် အောင်မြင်ပါစေခင်ဗျာ..
မဖတ်ရသေးတာတွေ အများကြီးကျန်နေပါသေးတယ်ခင်ဗျာ...

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး

Anonymous said...

ကဗျာလေးနုနုလေးတွေ . . နှစ်သက်စွာ . .

Anonymous said...

ကဗျာဖန်တီးမှုရော၊ ဓာတ်ပုံဖန်တီးမှုတွေပါ အရမ်းကောင်းပါတယ်။ အောင်မြင်မှာပါ။

Xun Xonter