Monday 13 October 2014

“သောနုတ္ထိုမျက်ရည်”


၁။

“ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုခဲ့အိမ်
ရံရွေလယ် ထည်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်”

ခပ်လှမ်းလှမ်းကနေ ပျံ့လွင့်လာတဲ့ သီချင်းသံက တိုးတိုးလေးပါပဲ။ ဒါပေမယ့် ရင်ထဲမှာ သိပ်ပြီး ကျယ်လောင်နေတယ်။

နေ့စေ့လစေ့ ကိုယ်ဝန်ကို လွယ်ထားရတဲ့ ဇနီးသည်ကတော့ ခပ်စောစောကတည်း အိပ်ရာဝင်သွားခဲ့ပြီ။ သားလေးကလည်း သူ့အမေ့ဘေးမှာ ရသလောက်လေး ကပ်ပြီး ခွေခွေလေး အိပ်နေရှာတယ်။ ပျဉ်ချပ်တွေကြားကနေ တိုးဝင်လာတဲ့ လရောင်အောက်မှာ အေးအေးချမ်းချမ်း အိပ်ပျော်နေရှာတဲ့ သူတို့လေးတွေကို ကြည့်ငေးရင်း ရင်ထဲမှာ မောသထက် မောလို့လာတယ်။

ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ လမင်းကြီးက ပူလောင်နေတဲ့ ရင်ကို မအေးမြစေနိုင်တော့ပါဘူး။

၂။

“သို့

……………………
……………………
……………………

 ၁။  …….မြို့နယ်၊ အမှတ်(…)ရပ်ကွက်၊ ….လမ်းပေါ်တွင် ကျူးလွန်နေထိုင်သဖြင့် ယခုအမိန့်စာ ထုတ်ပေးသည့် နေ့မှစ၍ (…..)ရက်နေ့ နောက်ဆုံးထားပြီး မြေပေါ်ရှိ နိုင်ငံပိုင်ပစ္စည်းမှတပါး အခြားအရပ်ရပ် ပစ္စည်းများကိုလည်း ဖျက်သိမ်းရှင်းလင်းပြီးလျှင် မြေပေါ်မှ ထွက်သွားပါရန် အမိန့်ပေးပါကြောင်း။

၂။ အကယ်၍ အမိန့်စာကို မလိုက်နာ ပျက်ကွက်ခဲ့လျှင် ………………………
…………………………………………………………………………………… ”

အဲသည်စာရွက်လေး လက်ထဲကို ရောက်လာတဲ့ နေ့ကတည်းက ကျွန်တော့်ရင်မှာ မီးလောင်တော့တာပါပဲ။

“ဒီစာရွက်ကို ယူသွား။ သွားဝေချည်။ အပြောချည်း မဟုတ်ဘူး၊ တကယ်လည်း စာထဲကအတိုင်း လုပ်မှာလို့ မင်း သေသေချာချာ ရှင်းပြခဲ့။ ၂ရက်အတွင်း ပြောင်း၊ မပြောင်းရင် တကယ်ဖျက်ပစ်မယ်ဆိုတာ မင်း ပြောဖြစ်အောင် ပြောခဲ့။ ကြားလား။ သွားတော့”

ဆရာ့ရုံးခန်းထဲကနေ ထွက်လာကတည်းက ကျွန်တော့်ခြေလှမ်းတွေကို ကမ္ဘာ့အကြီးမားဆုံး ဆွဲအားကြီးတစ်ခုက နှေးကွေးစေခဲ့တယ်။ ကျွန်တော့်ခန္ဓာကိုယ်မှာ စီးဆင်းနေတဲ့သွေးတွေဟာ ပွက်ပွက်ဆူနေခဲ့တယ်။ တွေဝေမှုတွေကလည်း ဝင်ထွက်သက်တိုင်းမှာ လွှမ်းခြုံနေခဲ့တယ်။

အဲသည် ကျူးကျော်ရပ်ကွက်လေးထိပ်မှာ စည်ပင်က ဆိုင်းဘုတ်တစ်ခုကို တွေ့ရတယ်။

“စည်ပင်ပိုင်မြေ
မကျူးကျော်ရ။
ကျူးကျော်ပါက ဥပဒေနှင့်အညီ အရေးယူခြင်း ခံရမည်”

ကျွန်တော် ခါးခါးသီးသီး ပြုံးမိတယ်။

အဲဒီရပ်ကွက်လေးမှာ အရာအားလုံးက အသားတကျ အသက်ဝင်နေခဲ့ပါတယ်။ အမှိုက်တွေဖုံးလွှမ်းနေတဲ့ မြေပြင်၊ ကျိုးကျိုးကျဲကျဲတဲ့ ဓနိမိုး၊ ယိုင်ယိုင်နဲနဲ တဲလေးတွေ၊ ဆိုးရွားလှတဲ့ အနံ့အသက်၊ ကလေးထိန်းနေရတဲ့ ကလေးငယ်တွေ၊ စာသင်ခန်းထဲ မရောက်နိုင်ဘဲ အမှိုက်ပုံမှာ အမှိုက်ကောက်နေကြတဲ့ ကလေးတစ်သိုက်၊ ကလေးတွေ နားမှာ ဝိုင်းနေတာက ခွေးဝဲစားတွေ ပြီးတော့ တအအအော်မြည်နေတဲ့ ကျီးကန်းတွေကလည်း ဝဲတက် ပျံသန်းလိုက်၊ အမှိုက်ပုံထက်မှာ နားလိုက်။

နုဝင်းလှတဲ့ ကလေးငယ်တွေရဲ့ ပါးပြင်ထက်မှာ သနပ်ခါး မရှိဘူး။ ချေး(ဂျီး)ကြောင်းတွေ အထပ်ထပ် ဖြစ်နေကြတယ်။ ကလေးတစ်ယောက်ကတော့ သစ်ပင်အောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ အိမ်တစ်အိမ်ရှေ့မှာတော့ တစ်ချိန်တုန်းက ကျောင်းစိမ်းအကျီင်္အဖြူလေး ဖြစ်ခဲ့ပုံရတဲ့ ညစ်နွမ်းနွမ်း အကျီင်္ဖြူလေးတစ်ထည် လှမ်းထားတယ်။

တစ်အိမ်ချင်း အနီးကပ် လိုက်ကြည့်မိတော့ လူကြီးတွေဆိုလို့ အဘိုးကြီး နှစ်ယောက်စ၊ သုံးယောက်စနဲ့ အဘွားကြီးတစ်ယောက်လားပဲ တွေ့ရတယ်။ ကျန်တဲ့သူတွေက မြို့ထဲမှာ အလုပ်သွားဆင်းကြတာ ထင်ပါရဲ့။ စာရွက်တွေကို မြင်သာတဲ့နေရာမှာတင် တာဝန်ကျေရုံ ကပ်ခဲ့ပေးလို့လည်း ရပါတယ်။ ဒါပေမယ့် သူတို့တွေ ပြန်လာချိန်အထိ စောင့်နေခဲ့လိုက်တယ်။

သူတို့တွေပြန်လာကြတော့ စာရွက်ထုတ်ပြပြီး ဖယ်ပေးဖို့ ပြောမိတော့ ပင်ပန်းနေကြတဲ့ သူတို့တတွေရဲ့ မျက်လုံးတွေဟာ ပိုပြီးမှေးမှိန်သွားတော့တယ်။ တစ်ယောက်ကနေ တစ်ယောက် လက်တို့လိုက်တော့ ကျွန်တော့်အနားမှာ ဝိုင်းနေတဲ့သူတွေက များသထက် များလာခဲ့တယ်။ အလုပ်က ပြန်ရောက်စ သူတွေကလည်း ကျွန်တော်တို့ဆီ တန်းပြီးလာကြတော့ မကြာခင်မှာပဲ ဒီရပ်ကွက်ထဲက လူတော်တော်များများ စုံသွားခဲ့တော့တယ်။

“ခင်ဗျားတို့ အခုမြင်တဲ့ အတိုင်းပဲဗျာ။ ဒီရပ်ကွက်ကနေ ခင်ဗျားတို့ ဖယ်ပေးရမယ်။ ဒီတော့ ကိုယ့်ပစ္စည်းတွေကိုယ် သေသေချာချာ သိမ်းဆည်းထုပ်ပိုးပြီး အမြန်ဆုံးသာ ပြောင်းကြပါ”

မပြောမပြီးမို့ ပြောလိုက်ရပေမယ့် ကျွန်တော့်ရင်ထဲမှာ တအားနာကျင်ရတယ်။

“ဆရာရယ်.. ကျွန်တော်တို့က ဘယ်ကို ပြောင်းရမှာလဲ။ ကျွန်တော်တို့ကို ငှဲ့ပါဦး။ တစ်ရက်လုပ်မှ တစ်ရက်စားရသူတွေ။ စားရေးတောင် အနိုင်နိုင်ပါ ဆရာရယ်။ နေရေးကို ငဲ့ကွက်ပါဦး”

“ဦးတို့ ဒီမှာနေလာတာ ၁၅နှစ်လောက် ရှိပါပြီကွာ။ ဒီလိုပဲ ဖယ်ခိုင်းတာပဲ။ ပြီးတော့လည်း လာမဖျက်ပါဘူး။ နားလည်ပေးကြတာပါပဲ။ ခုလည်း နားလည်ပေးပါကွာ။ ဦးတို့က ဒီရပ်ကွက်သားတစ်ပိုင်း ဖြစ်နေပါပြီ။”

“ကျွန်တော်တို့က ကျူးကျော်မြေမှာ နေတယ်ဆိုပေမယ့် ဆရာရယ်။ အလကားနေရတာ မဟုတ်ဘူး။ မြေငှားခ ပေးရသေးတယ် ဆရာရဲ့။ မြေငှားခတွေကလည်း ဟိုးတုန်းက တစ်လ တစ်သောင်းလောက်ရယ်၊ ခုဆို နှစ်သောင်း၊နှစ်သောင်းခွဲတောင် ပေးရတာ။ ဒီတဲဆောက်တုန်းကလည်း အရပ်ထဲက ဆွဲပြီး အကြွေးယူဆောက်ရတာ”

“ဆရာလေးရယ်.. ကျွန်မတို့ ဒီရပ်ကွက်ကို ရောက်လာတုန်းကဆိုရင်လေ ဒီနေရာကြီးက ကိုင်းတောကြီး။ ကိုင်းတောကြီးမှ အထူကြီးပဲတော်။ ဟော.. ကိုယ်ထူကိုယ်ထ ရှင်းပြီးတော့မှ ဒီတဲတွေဆိုတာ ဖြစ်လာတာ။ ဒီတဲတွေ ဖြစ်ဖို့ကလည်း ကြွေးတွေထဲ အကြာကြီး ပတ်ချာလည်ဝိုင်းနေရသေးတာ”

“မလုပ်ပါနဲ့ ဆရာရယ်။ မလုပ်ပါနဲ့။ တကယ်.. အားလည်း ကိုးပါတယ်။ တကယ် အားကိုးပါတယ် ဆရာရဲ့။ နာဂစ်ကြောင့် အိမ်ပါသွားလို့ ဒီရန်ကုန်တက်ပြီး လုပ်စားရတာ။ ကလေးကလည်း ၃ယောက်တောင် ရှိတာ။ ကျောင်းလည်း တစ်ယောက်ပဲ ထားနိုင်တယ်။ ၂ယောက်လုပ်စာ ဆိုပေမယ့် မလောက်ဘူး ဆရာရဲ့။ ဒီကပြောင်း ဘယ်သွားနေရမှာတုန်း။”

“ကျွန်မတို့မှာ နေစရာ မရှိဘူး။ မိန်းမတွေချည်း ၄ယောက် စုနေတာ။ အမျိုးလည်း မရှိဘူး။ ကျွန်မတို့ အချင်းချင်းက တရွာတည်းသားတွေ။ မိသားစုတွေလည်း အကုန်သေပြီ။ နေစရာမရှိလို့မှ ကျူးကျော်တဲမှာ နေရတာ။ ပြောင်းခိုင်းတော့ ဘယ်ပြောင်းရမတုန်း”

“ကူညီပါ ဆရာလေးရယ်။ အားကိုးပါတယ်။ အဘိုးတို့ အိုကြီးအိုမကျမှ လမ်းပေါ် မအိပ်ပါရစေနဲ့။ အဘိုးမှာ ပိုင်ဆိုင်တာဆိုလို့ ဟောဟိုက ဘုရားဆင်းတုတော်လေးပဲ ရှိတာပါ။ သူများကျွေးတာစားပြီး သေဖို့ စောင့်နေရတာပါ။ ငဲ့ပါဦး လူလေးရာ”

တစ်ယောက်တစ်ခွန်း တောင်းပန်သံတွေကြောင့် စိတ်မထိန်းနိုင်ပဲ မျက်ရည်တွေ ဝဲလာခဲ့ရတဲ့ အထိပါပဲ။

“ခင်ဗျားတို့ အားလုံးကို ကျွန်တော် ကိုယ်ချင်းစာပါတယ်ဗျာ။ ကျွန်တော်ကလည်း တာဝန်အရမို့ ပြောရတာပါ။ ဘယ်လုပ်ချင်ပါ့မလဲ။ ဒါပေမယ့် မဖျက်ဖို့၊ ဖျက်ဖို့ ဆိုတာက ကျွန်တော့် သဘော၊ ကျွန်တော့် ဆန္ဒနဲ့ ပြီးတာ မဟုတ်ဘူး။ အထက်က အမိန့်အတိုင်း လိုက်နာရတာပါ။ ကျွန်တော့်ကိုလည်း နားလည်ပေးကြပါ။ ခင်ဗျားတို့ကိုလည်း ကျွန်တော် နားလည်းလည်တယ်။ သနားလည်း သနားတယ်။ ကိုယ်ချင်းလည်း စာပါတယ်။ ဒါကြောင့် အစိုးရက အဓမ္မ မဖျက်ဆီးပစ်ခင် သေသေချာချာ သိမ်းထုပ်ပြီး ရွေ့ပြောင်းကြပါဗျာ၊ ကျွန်တော်ကလည်း တောင်းပန်နေတာပါ။ အမြန်ဆုံးသာ ရွေ့ကြပါဗျာ”

အဲကနေ ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး ရင်ထဲမှာ အသံတိတ် ငိုကြွေးနေခဲ့မိတယ်။

သည်ဘဝတွေ၊ သည်ဒုက္ခတွေကို ဖြတ်သန်းခဲ့ဖူးတဲ့ ကျွန်တော်ဟာလည်း ငယ်ဘဝနေ့ရက်တွေကို အဲသည်လို ကျူးကျော်တဲလေးထဲမှာပဲ နေထိုင်ကြီးပြင်းခဲ့ရပါတယ်။

ကျွန်တော်တို့ ရပ်ကွက်လေးက သိပ်ပြီး နံစော်လွန်းလှတဲ့ အမှိုက်ပုံကြီးတစ်ခုရဲ့ ဘေးမှာ ရှိတယ်။ လူနေအိမ်ခြေကလည်း ခပ်ကျဲကျဲလေးပါပဲ။ ခွေးတွေလည်း သိပ်ပြီးပေါတယ်။ လျှပ်စစ်မီး ဆိုတာတော့ ဝေလာဝေးပေါ့။ ရေတွင်းကလည်း တော်တော်လှမ်းတဲ့ နေရာမှာ ဆိုတော့ အစစအရာရာ တအားကို ဒုက္ခရောက်တာပါပဲ။

ဘယ်သူ့ကိုပဲ ကြည့်လိုက်ကြည့်လိုက် ပိန်ကပ်၊စုတ်ပြတ်သတ်နေတာပေါ့။ အားလုံးထဲမှာမှ ကျွန်တော်က ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်ခဲ့ရတယ်။ တစ်ရပ်ကွက်လုံးမှာ အစိုးရကျောင်းတက်နိုင်တဲ့သူဆိုလို့ ကျွန်တော်တစ်ယောက်တည်းပဲ ရှိခဲ့တယ်။

အဘတို့က ကျွန်တော့်ကို ကျောင်းထားပေးခဲ့တယ်။ သူတို့ အပင်ပန်းခံ၊ အငတ်ခံပြီးတော့ကို ထားပေးခဲ့ကြတာပါ။ အဘကော၊ အမေပါ တစ်နေကုန်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရတာတောင် အစားအသောက်ဆို ကျွန်တော့်ကို ဝလင်အောင် ကျွေးပြီးမှာ ကျန်တာလေး ဝေမျှစားကြတယ်။ အလုပ်ကြမ်းသမားတွေ ဆိုပေမယ့် စိတ်ဓါတ်တွေ မကြမ်းတမ်းကြတဲ့ အဘနဲ့ အမေက ကျွန်တော့်ကို ဆုံးမစကားတွေ ပြောတယ်။ သူတို့လို အလုပ်ကြမ်းသမားတစ်ယောက်လည်း ဘယ်တော့မှ မဖြစ်စေရဘူးတဲ့။ အဲဒီ သံဓိဌာန်ချမှတ်ပြီး ကျွန်တော့်ကို ဆယ်တန်းပြီးအောင် ကျောင်းထားပေးခဲ့ကြတယ်။

ကျွန်တော် ဆယ်တန်းအောင်ပြီးတဲ့နှစ်မှာပဲ အဘကော၊ အမေပါ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခဲ့ကြတယ်။ အထီးကျန်တစ်ကောင်ကြွက် ဘဝမှာ တက္ကသိုလ်ဆက်တက်ဖို့ မကြိုးစားတော့ဘဲ စည်ပင်မှာ ရရာအလုပ်ကို ဝင်လုပ်ခဲ့တယ်။ ဆယ်တန်းလေး အောင်ထားသူဆိုတော့ ပြာတာလောက်ကနေ စရတာပေါ့။ တော်တော်လေး ကြာရတော့ စာရေးရာထူးတက်သွားတယ်။ အိမ်ခန်းလေးလည်း ရုံးဝင်းထဲမှာ ရလိုက်တယ်။

စာရေးဆိုပေမယ့် တကယ်တော့ ကျွန်တော်က အထက်လူကြီး ခိုင်းတာမှန်သမျှကို အကုန်လိုက်လုပ်ရတဲ့ တောက်တိုမယ်ရတစ်ယောက်ပါ။ သစ်ပင်စိုက်လည်း ကျွန်တော်ပါရတယ်၊ ဈေးခွန်ကောက်လည်း ကျွန်တော်ပါရတယ်၊ ခွေးလေခွေးလွင့်တွေရှင်းတော့လည်း ကျွန်တော်ပါရတယ်။ တကယ်တော့ ကျွန်တော်က ခိုင်းတာ မှန်သမျှ ကျေပွန်အောင် လုပ်ပြီး၊ အထက်လူကြီး ကြည်ဖြူအောင် နေရတဲ့ အလုပ်သမားခေါင်းလိုပါပဲ။

ဒီအလုပ်ကို ကျွန်တော် မက်မောတွယ်တာမိတဲ့ တစ်ခုတည်းသော အရာကတော့ အိမ်ခန်းလေးပါပဲ။ ဒီအိမ်ခန်းရပြီးတဲ့ နောက်မှာမှ ကျွန်တော့်ဘဝက သားနဲ့၊ မယားနဲ့ လူလူသူသူ ဖြစ်လာခဲ့မဟုတ်လား။

ကျူးကျော်ရပ်ကွက်မှာ နေရတုန်းကဆိုရင် အပေါ့အလေး သွားရတာကအစ ဒုက္ခရောက်ရတယ်။ ညဘက်တွေမှာလည်း ကြမ်းပိုးတွေ၊ ခြင်တွေက ရန်သူကြီးတစ်ယောက်လို ဝိုင်းခဲကြ၊ ကိုက်ကြတယ်။ အဆိုးဆုံးကတော့ အိပ်နေတုန်းမှာ ကိုယ်ပေါ်ကနေ ဖြတ်ဖြတ်ပြေးကြတဲ့ ကြွက်ကြီးတွေပေါ့။ မီးကလည်း မရှိ၊ ဖယောင်းတိုင်ကိုလည်း ဖေါဖေါသီသီ မတတ်နိုင်တာမို့ တစ်ည ဖယောင်းတိုင် တစ်တိုင်ပဲ ထွန်းနိုင်ခဲ့တယ်။ အဲဒီတစ်တိုင် ကုန်ပြီးဆိုရင် အတင်းဖျစ်ညှစ်ပြီး အိပ်ရင်အိပ်၊ မဟုတ်ရင်တော့ အမှောင်ထဲမှာ ငုတ်တုတ်ထိုင်ပြီး ရောက်တတ်ရာရာတွေ လျှောက်တွေးနေမိတာပေါ့။

လသာညတွေဆိုရင်တော့ မှိန်ပျပျ လရောင်အောက်မှာ နေသာသေးတာပေါ့။ ဒါပေမယ့်လည်း အမှိုက်နံ့တနံနံ၊ ခွေးသံတညံညံနဲ့ဆိုတော့ စိတ်ကူးယဉ်ချင်စရာတော့ ဘယ်ရှိမလဲ။ မည်းမှောင်နေတဲ့ အမှောင်ထဲမှာ ငုတ်တုတ်ထိုင်နေရတဲ့ အချိန်တွေထက်တော့ စိတ်ကျဉ်းကျပ်မှု သက်သာရာရတာပေါ့။

အခုတော့ ကျွန်တော်က နေရေးမပူရတော့တဲ့ အချိန်မှာ၊ ဒုက္ခရောက်နေပြီး သူတွေကို ထပ်ပြီး ဒုက္ခပေးရမယ့် တာဝန်တစ်ခု လက်ထဲ ရောက်ရှိလာခဲ့တော့ အရင်တုန်းက အေးချမ်းလှပြီ ထင်ခဲ့မိတဲ့ သည်အလုပ်အကိုင်ကလည်း အေးချမ်းမှု မပေးတော့ပါဘူး။

တာဝန်အရ ကျူးကျော်ထဲကနေ ဆင်းပေး၊ ဖယ်ပေးဖို့ တိုက်တွန်းရပေမယ့် ကျွန်တော့် ရင်ထဲမှာ သိပ်ပြီး နာတယ်။ ကစဉ့်ကလျား ဖြစ်ကြတော့ သူတို့ အခြေအနေတွေကို ကျွန်တော်က မြင်မိ၊ သိနေမိတော့ တကယ် ခံစားရပါတယ်။ ဒါကြောင့်လည်း အထက်က ပေးထားတဲ့ ၂ရက်ဆိုတဲ့ အချိန်ထက် ကျော်လွန်ပြီး နောက်ထပ် အပိုရက်တစ်ရက် ပေးခဲ့မိတာပေါ့။

၃ရက်မြောက်တဲ့နေ့မှာ ကျွန်တော် သွားကြည့်တော့လည်း ဘယ်သူမှ ဘာမှမပြင်ဆင်ရသေးဘူး။ အရာအားလုံးဟာ ဒုံရင်းက ဒုံရင်းပါပဲ။ ကျွန်တော့် စကားကို ဘယ်သူမှ အလေးမထားကြဘူး။ တကယ်မလုပ်ဘူးလို့ သူတို့တွေက ထင်နေကြတာမို့ သေသေချာချာ ရှင်းပြမိလေလေ ကျွန်တော့်ကို မုန်းတီးကြလေလေ။

ရှေ့ရက်တွေတုန်းက ပူဆွေးခဲ့ကြတဲ့ သူတို့ မျက်ဝန်းတွေမှာ အခုတော့ ဒေါသရောင်တွေ ဝင်းလက်နေကြတယ်။

တောင်းပန်စကားတွေ တဖွဖွ ပြောခဲ့တဲ့ သူတို့ နှုတ်ဖျားတွေကနေ ဆဲရေးတိုင်းထွာတဲ့ စကားတွေပဲ ထွက်ကျလာကြတယ်။

အားကိုးတကြီး ကျွန်တော့်လက်မောင်းကို ဆုပ်ဆိုင်ခဲ့ကြတဲ့ သူတို့ရဲ့ လက်တွေက အခုတော့ လက်သီးတပြင်ပြင်။

ကိုယ့်အိမ်ကိုယ့်ယာကို ဖျက်ပစ်မယ်လို့ လာပြောတဲ့ သူတစ်ယောက်ကို ဘယ်သူတွေက ကြည်ဖြူနိုင်ပါမလဲ။ ကျွန်တော့်ရင်ထဲမှာတော့ သူတို့ကို သနားတဲ့ စိတ်ရယ်၊ နေရာလေးပျောက်ပျက်သွားရင်တောင် တခြားပိုင်ဆိုင်တဲ့ ပစ္စည်းလေးတွေ ဘာတစ်ခုကို ထပ်ပြီး မပျောက်ပျက်စေချင်တဲ့ စေတနာတွေပဲ ရှိပါတယ်။ သတ်မှတ်ရက် ကျော်လွန်ပြီးတဲ့အထိမှ သူတို့တတွေ မရွေ့ပြောင်းကြဘူးဆိုရင် အထက်က လူကြီးတွေက ဘူဒိုဇာနဲ့ ဇွတ်ဖျက်ခိုင်းကြတော့မှာ မဟုတ်လား။ ဆင်းရဲသားဘဝက လာတဲ့ ကျွန်တော်က ဝါးတစ်လုံးချင်း၊ ဓနိတစ်ချပ်ခြင်းရဲ့ တန်ဖိုးကြီးမားမှုကို ကောင်းကောင်းကြီး သိနားလည်နေတယ်လေ။

ဒါကြောင့်လည်း လေးရက်မြောက်နေ့အထိ မရွေ့ပြောင်းရသေးတဲ့ သူတို့ကို တစ်ရက် ထပ်စောင့်မိခဲ့တယ်။ အဲဒီကနေ ရုံးကို ပြန်လာခဲ့တော့ ကျွန်တော့် အထက်ရှိက ကျွန်တော့်ကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ စောင့်ကြိုနေခဲ့တာပေါ့။

“ငါကကော ဖျက်ချင်လွန်းလှတယ် မင်းထင်နေလား။ ငါ့မှာကော ကိုယ်ချင်းစာစိတ် မရှိဘူးလို့ မင်းက ထင်နေတာလား။ ငါလည်း ခိုင်းတာ လုပ်ရတာကွ”

“အထက်က ငါ့ကို ပေးထားတာ ၂ရက်တည်း။ ဒါလည်း မင်းသိတယ်။ အခု ဘယ်နှရက်ရှိပြီလဲ။ တစ်အိမ်မှ မပြောင်းရသေးဘူး။ အမိန့်အတိုင်းဆို ဖျက်ရတော့မှာ။ ခုတော့ ငါ့ကို ပြောနေကြပြီ”

“တစ်ခုခုဆိုရင် ငါ့နေရာတော့ အထိခိုက်မခံနိုင်ဘူး။ မင်းကိုပဲ လက်ညှိုးထိုးရမှာပဲ။ အဲကျမှ မင်းပါ နေရာပျောက်သွားမယ်နော်”

“မနက်ဖန် မင်းအပြီးဖျက်၊ အေး မဖျက်နိုင်ဘူးဆိုရင် မင်းအလုပ်ပြုတ်ပြီသာမှတ်။ အဲကျူးကျော်တဲကိစ္စ မနက်ဖန်မှ အပြီးမဖြတ်နိုင်ရင် မင်းလည်း တစ်ခါတည်း အထုပ်ပြင်ထား။”

ရေပက်မဝင်အောင် ပြောဆိုနေတဲ့ အထက်လူကြီးမျက်နှာကို ငေးကြည့်နေရုံက လွဲပြီး ကျွန်တော် ဘာများ ပြောနိုင်မှာလဲ။

သူလည်း သူ့တာဝန် ထမ်းဆောင်ရတဲ့ သူပဲလေ။ ကျွန်တော်ကကော။ ကျွန်တော်လည်း ကျွန်တော့်တာဝန် ထမ်းဆောင်ရမယ့် သူပါပဲ။ လုပ်ပိုင်ခွင့် မရှိတဲ့ကြားထဲကနေ ရက်တွေ အတင်းဆွဲထားခဲ့ပြီးပြီဆိုတော့ ကျွန်တော် ဘာမှ ထပ်မလုပ်နိုင်တော့ပါဘူး။
ကျွန်တော်ကိုယ်တိုင်ကလည်း ရုံးက ပေးထားတဲ့ ဒီအိမ်ခန်းကနေသာ ဆင်းရရင်၊ ဒီအလုပ်သာ ပြုတ်သွားရင် ဘဝပျက်မယ့် သူပါ။ ကျွန်တော့်ဇနီး၊ သားလေးနဲ့ မကြာခင် လူ့လောကထဲ ရောက်လာတော့မယ့် ရင်သွေးလေးအတွက် ကျွန်တော့် အလုပ်၊ ဒီအလုပ်ကြောင့် ရရှိထားတဲ့ အိမ်ခန်း မရှိလို့မှ မဖြစ်ဘဲ။ ဒီအလုပ်ကို ကျွန်တော် အပြုတ်မခံနိုင်ဘူးလေ။

တကယ်လို့ မနက်ဖန် အဲဒီရပ်ကွက်လေးကို သွားဖျက်ခဲ့တဲ့ အချိန် သူတို့တတွေက ကျွန်တော်တို့တတွေကို ကျိန်ဆဲကြမယ်။ အပြစ်တင်ကြမယ်။ ဒီအတွက် ကျွန်တော်တို့ကကော ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ ဘယ်သူတွေမှာ အပြစ်ရှိသလဲ။

သူတို့တတွေ ငိုကြွေးကြမယ်။ ပူဆွေးကြမယ်။ ကျွန်တော်တို့ရင်ထဲမှာလည်း ငိုကြွေးနေရတာကို ဘယ်သူတွေ သိနားလည်နိုင်မလဲ။

မြင့်မားလွန်းလှတဲ့ အိမ်ငှားခတွေ၊ ခက်ခဲလွန်းလှတဲ့ ကျောတစ်နေရာစာ၊ မရေရာတဲ့ နေရေး။ ဒီအရာတွေအတွက် ဘယ်သူတွေက တာဝန်ယူပေးကြမှာလဲ။ တစ်ရက်လုပ်စာ တစ်ရက်စားရတဲ့ သူတို့တွေအတွက် နေရေးထက် စားရေးက ပိုကြီးတယ်ဆိုတာ ငြင်းလို့ မရတဲ့ အမှန်တရားတစ်ခုပါ။

၃။

လမင်းကြီးက မြင့်သထက် မြင့်တက်သွားတယ်။ ကျွန်တော့် စိတ်ဓါတ်တွေကတော့ ဟိုးအောက်ထိ ကျဆင်းနေခဲ့တယ်။

မျက်စိကို မှိတ်ပစ်လိုက်တော့ အမှိုက်ပုံကို ဖွနေတဲ့ ကလေးငယ်လေးတွေကို မြင်ယောင်လာတယ်။ သူတို့လေးတွေ ရယ်နိုင်ဦးမှာလား၊ ဆော့ကစားနေနိုင်ဦးမှာလား။ မဖြူတော့တဲ့ ကျောင်းစိမ်းလေးတွေ ဝတ်ပြီး မှတ်မိသလောက် စာတွေကို တစ်ယောက်တစ်ပေါက် အော်ဆိုနေနိုင်ဦးပါ့မလား။

နားထဲမှာလည်း အသံတွေ ကြားယောင်လာတယ်။

“ဘယ်သွားရမှန်းလဲ မသိ၊ ဘာလုပ်ရမှန်း မသိ၊ စားစရာမရှိ။ မရှိတာမှ တကယ်ကို မရှိတာ။ ဒီညတော့ လမ်းဘေးမှာ အိပ်ရတော့မယ်”

“ကျွန်မတို့မှာ ဘာမှ မရှိဘူး။ မရှိလို့ ဒီလိုနေရာမှာ နေရတာ။ အခု သည်နေရာကို ဖျက်သွားတော့ ဘယ်သွားနေရမှာလဲ။ အိမ်ငှားဖို့လည်း မတတ်နိုင်ဘူး”

“မိဘလက်ထက်မှာတောင် အိုးအိမ် မရှိတာ၊ ဒီကလေးတွေ သားသမီးတွေ ကြီးလာရင်ကော ဘယ်လိုလုပ်ကြမလဲဗျာ” လို့ ပြောပြီး ငိုနေကြမှာလား။

မိဘတွေနဲ့အတူတူ ကလေးလေးတွေကော လိုက်ပြီး ငိုနေကြမှာလား။

သားသည်မိခင်ကရော နို့ဆာနေတဲ့ ကလေးကို နို့တိုက်ရင်း မျက်ရည်တွေ ကျနေဦးမှာလား။

နားထင်ကြောတွေတင်းထောင်နေအောင် အံကြိတ်ထားတဲ့ ဖခင်ကရော။ မျက်ရည်ပူတွေက ကျွန်တော့်မျက်နှာထက် ကျဆင်းလာခဲ့တယ်။

တဖြည်းဖြည်းနဲ့ လင်းရောင်ချည်ပျို့လာခဲ့ပြီ။ ငဲ့ကြည့်ရမယ့် မျက်နှာနှင့် ကျေပွန်ရမယ့် တာဝန်။ ကျွန်တော်လေ ရူးလိုက်ချင်ပါတယ်။

ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်လေးတစ်အုပ်ထဲက အကြောင်းရာလေးတစ်ခုကို သတိရမိတယ်။

ဗီဆူးဗီးယက်(စ)မီးတောင်ကြီး ပေါက်ကွဲတော့ အဲသည်က ထွက်လာတဲ့ ချော်ရည်ချော်မြှုပ်တွေကြောင့် အနီးမှာရှိတဲ့ ပွန်ပီမြို့ကြီး ပျက်စီးခဲ့ရတယ်။ မီးတောင်ပေါက်နေချိန်မှာ တစ်မြို့လုံးကလူတွေက ဘေးလွတ်ရာ ပြေးလွှားတိမ်းရှောင်ကြပေမယ့် အစောင့်စစ်သည်တစ်ယောက်ကတော့ ဘယ်မှမသွားဘဲ၊ သူ့တာဝန်ကျရာ နေရာမှာပဲ လုံခြုံရေးတာဝန်ကို ဆက်ပြီး ထမ်းဆောင်းနေခဲ့တယ်။ ဒါကြောင့်လည်း တစ်မြို့လုံးကို ချော်ရည်တွေ ဖုံးသွားတဲ့အခါ အဲသည့်စစ်သားဟာလည်း နေရာမှပဲကျဆုံးကျန်နေရစ်ခဲ့တယ်တဲ့။

သူက အသက်ပေးပြီး တာဝန် ကျေပွန်ခဲ့တဲ့သူ။ ကျွန်တော်ကတော့ .. ။

မကြာခင်မှာ ကျွန်တော်လည်း ကျွန်တော့် တာဝန်ကို ကျွန်တော် ထမ်းဆောင်ရတော့မယ်။ အဲသည်အချိန် ကျွန်တော့်ရင်ထဲမှာ တာဝန်ကျေပွန်ချင်တဲ့ စိတ်နဲ့ အလုပ်ပြုတ်မှာ၊ ကိုယ့်အိမ်ကိုယ့်ယာ ပျောက်ပျက်မှာ စိုးရိမ်တဲ့စိတ်၊ ဘယ်စိတ်က ပိုပြီး အလေးသာနေမှာလဲ။ ကျွန်တော့် အဖြေကို ကျွန်တော် သိတဲ့အတွက် လိပ်ပြာ မလုံပါဘူး။

ကျွန်တော့်မိန်းမ အိပ်ရာက နိုးလာပြီး ထသွားချိန်ထိ ကျွန်တော်ကတော့ အိပ်ရာထဲမှာ အတွေးတွေနဲ့ပါပဲ။

အဲဒီအချိန်မှာပဲ စည်ပင်ဝန်းထဲမှာ နံနက်တိုင်း ဖွင့်နေကျ တရားသံက ထွက်ပေါ်လာတော့တယ်။

“အာစိဏ္ဏကံ လူငယ်များနှင့် မြို့သူမြို့သားများ စုပေါင်းကျင်းပအပ်သော ထေရဝါရ ဗုဒ္ဓဓမ္မ ပူဇာပွဲတွင် ဟောကြားအပ်သော သီရိဂေဟာဖြစ်အောင် ကျင့်ဆောင်ပါ တရားတော်”

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်















No comments: