Thursday 23 October 2014

လှမ်းမီပေမယ့်


အို…

နီသွေးစိုစို ဝါညိုညက်ညက်

ခရမ်းဖက်ပြန် သည်ပင်ယံ၌

ပျော်စံငြိမ်းအေး ရင်ထိမွှေးသည့်

ပိုက်ထွေးညှို့ပြင်း ရွှေအင်ကြင်းကို

ပြင်းပျစိတ်ညို ခူးဆွတ်လိုလည်း

ပန်းဆိုသည်မှာ ပင်ထက်သာပင်

ဝေဆာတင့်မော သူ့သဘောကြောင့်

စောကြောဆန္ဒ မေ့အတ္တကို

ဖြူလွမေတ္တာ ကရုဏာဖြင့်

ဖုံးကာသိမ်းထုပ် ခူးလက်ရုပ်၍

လှမ်းဆုတ်ခဲ့သည် ပင်ထက်ဆီမှ

ကြည်ရွှင်လင်းစို အင်ကြင်းပျိုသည်

နွေမိုးဖြတ်လွှမ်း ဆောင်းထိလန်းစေ.. ။

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

Monday 13 October 2014

“သောနုတ္ထိုမျက်ရည်”


၁။

“ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုခဲ့အိမ်
ရံရွေလယ် ထည်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်”

ခပ်လှမ်းလှမ်းကနေ ပျံ့လွင့်လာတဲ့ သီချင်းသံက တိုးတိုးလေးပါပဲ။ ဒါပေမယ့် ရင်ထဲမှာ သိပ်ပြီး ကျယ်လောင်နေတယ်။

နေ့စေ့လစေ့ ကိုယ်ဝန်ကို လွယ်ထားရတဲ့ ဇနီးသည်ကတော့ ခပ်စောစောကတည်း အိပ်ရာဝင်သွားခဲ့ပြီ။ သားလေးကလည်း သူ့အမေ့ဘေးမှာ ရသလောက်လေး ကပ်ပြီး ခွေခွေလေး အိပ်နေရှာတယ်။ ပျဉ်ချပ်တွေကြားကနေ တိုးဝင်လာတဲ့ လရောင်အောက်မှာ အေးအေးချမ်းချမ်း အိပ်ပျော်နေရှာတဲ့ သူတို့လေးတွေကို ကြည့်ငေးရင်း ရင်ထဲမှာ မောသထက် မောလို့လာတယ်။

ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ လမင်းကြီးက ပူလောင်နေတဲ့ ရင်ကို မအေးမြစေနိုင်တော့ပါဘူး။

၂။

“သို့

……………………
……………………
……………………

 ၁။  …….မြို့နယ်၊ အမှတ်(…)ရပ်ကွက်၊ ….လမ်းပေါ်တွင် ကျူးလွန်နေထိုင်သဖြင့် ယခုအမိန့်စာ ထုတ်ပေးသည့် နေ့မှစ၍ (…..)ရက်နေ့ နောက်ဆုံးထားပြီး မြေပေါ်ရှိ နိုင်ငံပိုင်ပစ္စည်းမှတပါး အခြားအရပ်ရပ် ပစ္စည်းများကိုလည်း ဖျက်သိမ်းရှင်းလင်းပြီးလျှင် မြေပေါ်မှ ထွက်သွားပါရန် အမိန့်ပေးပါကြောင်း။

၂။ အကယ်၍ အမိန့်စာကို မလိုက်နာ ပျက်ကွက်ခဲ့လျှင် ………………………
…………………………………………………………………………………… ”

အဲသည်စာရွက်လေး လက်ထဲကို ရောက်လာတဲ့ နေ့ကတည်းက ကျွန်တော့်ရင်မှာ မီးလောင်တော့တာပါပဲ။

“ဒီစာရွက်ကို ယူသွား။ သွားဝေချည်။ အပြောချည်း မဟုတ်ဘူး၊ တကယ်လည်း စာထဲကအတိုင်း လုပ်မှာလို့ မင်း သေသေချာချာ ရှင်းပြခဲ့။ ၂ရက်အတွင်း ပြောင်း၊ မပြောင်းရင် တကယ်ဖျက်ပစ်မယ်ဆိုတာ မင်း ပြောဖြစ်အောင် ပြောခဲ့။ ကြားလား။ သွားတော့”

ဆရာ့ရုံးခန်းထဲကနေ ထွက်လာကတည်းက ကျွန်တော့်ခြေလှမ်းတွေကို ကမ္ဘာ့အကြီးမားဆုံး ဆွဲအားကြီးတစ်ခုက နှေးကွေးစေခဲ့တယ်။ ကျွန်တော့်ခန္ဓာကိုယ်မှာ စီးဆင်းနေတဲ့သွေးတွေဟာ ပွက်ပွက်ဆူနေခဲ့တယ်။ တွေဝေမှုတွေကလည်း ဝင်ထွက်သက်တိုင်းမှာ လွှမ်းခြုံနေခဲ့တယ်။

အဲသည် ကျူးကျော်ရပ်ကွက်လေးထိပ်မှာ စည်ပင်က ဆိုင်းဘုတ်တစ်ခုကို တွေ့ရတယ်။

“စည်ပင်ပိုင်မြေ
မကျူးကျော်ရ။
ကျူးကျော်ပါက ဥပဒေနှင့်အညီ အရေးယူခြင်း ခံရမည်”

ကျွန်တော် ခါးခါးသီးသီး ပြုံးမိတယ်။

အဲဒီရပ်ကွက်လေးမှာ အရာအားလုံးက အသားတကျ အသက်ဝင်နေခဲ့ပါတယ်။ အမှိုက်တွေဖုံးလွှမ်းနေတဲ့ မြေပြင်၊ ကျိုးကျိုးကျဲကျဲတဲ့ ဓနိမိုး၊ ယိုင်ယိုင်နဲနဲ တဲလေးတွေ၊ ဆိုးရွားလှတဲ့ အနံ့အသက်၊ ကလေးထိန်းနေရတဲ့ ကလေးငယ်တွေ၊ စာသင်ခန်းထဲ မရောက်နိုင်ဘဲ အမှိုက်ပုံမှာ အမှိုက်ကောက်နေကြတဲ့ ကလေးတစ်သိုက်၊ ကလေးတွေ နားမှာ ဝိုင်းနေတာက ခွေးဝဲစားတွေ ပြီးတော့ တအအအော်မြည်နေတဲ့ ကျီးကန်းတွေကလည်း ဝဲတက် ပျံသန်းလိုက်၊ အမှိုက်ပုံထက်မှာ နားလိုက်။

နုဝင်းလှတဲ့ ကလေးငယ်တွေရဲ့ ပါးပြင်ထက်မှာ သနပ်ခါး မရှိဘူး။ ချေး(ဂျီး)ကြောင်းတွေ အထပ်ထပ် ဖြစ်နေကြတယ်။ ကလေးတစ်ယောက်ကတော့ သစ်ပင်အောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ အိမ်တစ်အိမ်ရှေ့မှာတော့ တစ်ချိန်တုန်းက ကျောင်းစိမ်းအကျီင်္အဖြူလေး ဖြစ်ခဲ့ပုံရတဲ့ ညစ်နွမ်းနွမ်း အကျီင်္ဖြူလေးတစ်ထည် လှမ်းထားတယ်။

တစ်အိမ်ချင်း အနီးကပ် လိုက်ကြည့်မိတော့ လူကြီးတွေဆိုလို့ အဘိုးကြီး နှစ်ယောက်စ၊ သုံးယောက်စနဲ့ အဘွားကြီးတစ်ယောက်လားပဲ တွေ့ရတယ်။ ကျန်တဲ့သူတွေက မြို့ထဲမှာ အလုပ်သွားဆင်းကြတာ ထင်ပါရဲ့။ စာရွက်တွေကို မြင်သာတဲ့နေရာမှာတင် တာဝန်ကျေရုံ ကပ်ခဲ့ပေးလို့လည်း ရပါတယ်။ ဒါပေမယ့် သူတို့တွေ ပြန်လာချိန်အထိ စောင့်နေခဲ့လိုက်တယ်။

သူတို့တွေပြန်လာကြတော့ စာရွက်ထုတ်ပြပြီး ဖယ်ပေးဖို့ ပြောမိတော့ ပင်ပန်းနေကြတဲ့ သူတို့တတွေရဲ့ မျက်လုံးတွေဟာ ပိုပြီးမှေးမှိန်သွားတော့တယ်။ တစ်ယောက်ကနေ တစ်ယောက် လက်တို့လိုက်တော့ ကျွန်တော့်အနားမှာ ဝိုင်းနေတဲ့သူတွေက များသထက် များလာခဲ့တယ်။ အလုပ်က ပြန်ရောက်စ သူတွေကလည်း ကျွန်တော်တို့ဆီ တန်းပြီးလာကြတော့ မကြာခင်မှာပဲ ဒီရပ်ကွက်ထဲက လူတော်တော်များများ စုံသွားခဲ့တော့တယ်။

“ခင်ဗျားတို့ အခုမြင်တဲ့ အတိုင်းပဲဗျာ။ ဒီရပ်ကွက်ကနေ ခင်ဗျားတို့ ဖယ်ပေးရမယ်။ ဒီတော့ ကိုယ့်ပစ္စည်းတွေကိုယ် သေသေချာချာ သိမ်းဆည်းထုပ်ပိုးပြီး အမြန်ဆုံးသာ ပြောင်းကြပါ”

မပြောမပြီးမို့ ပြောလိုက်ရပေမယ့် ကျွန်တော့်ရင်ထဲမှာ တအားနာကျင်ရတယ်။

“ဆရာရယ်.. ကျွန်တော်တို့က ဘယ်ကို ပြောင်းရမှာလဲ။ ကျွန်တော်တို့ကို ငှဲ့ပါဦး။ တစ်ရက်လုပ်မှ တစ်ရက်စားရသူတွေ။ စားရေးတောင် အနိုင်နိုင်ပါ ဆရာရယ်။ နေရေးကို ငဲ့ကွက်ပါဦး”

“ဦးတို့ ဒီမှာနေလာတာ ၁၅နှစ်လောက် ရှိပါပြီကွာ။ ဒီလိုပဲ ဖယ်ခိုင်းတာပဲ။ ပြီးတော့လည်း လာမဖျက်ပါဘူး။ နားလည်ပေးကြတာပါပဲ။ ခုလည်း နားလည်ပေးပါကွာ။ ဦးတို့က ဒီရပ်ကွက်သားတစ်ပိုင်း ဖြစ်နေပါပြီ။”

“ကျွန်တော်တို့က ကျူးကျော်မြေမှာ နေတယ်ဆိုပေမယ့် ဆရာရယ်။ အလကားနေရတာ မဟုတ်ဘူး။ မြေငှားခ ပေးရသေးတယ် ဆရာရဲ့။ မြေငှားခတွေကလည်း ဟိုးတုန်းက တစ်လ တစ်သောင်းလောက်ရယ်၊ ခုဆို နှစ်သောင်း၊နှစ်သောင်းခွဲတောင် ပေးရတာ။ ဒီတဲဆောက်တုန်းကလည်း အရပ်ထဲက ဆွဲပြီး အကြွေးယူဆောက်ရတာ”

“ဆရာလေးရယ်.. ကျွန်မတို့ ဒီရပ်ကွက်ကို ရောက်လာတုန်းကဆိုရင်လေ ဒီနေရာကြီးက ကိုင်းတောကြီး။ ကိုင်းတောကြီးမှ အထူကြီးပဲတော်။ ဟော.. ကိုယ်ထူကိုယ်ထ ရှင်းပြီးတော့မှ ဒီတဲတွေဆိုတာ ဖြစ်လာတာ။ ဒီတဲတွေ ဖြစ်ဖို့ကလည်း ကြွေးတွေထဲ အကြာကြီး ပတ်ချာလည်ဝိုင်းနေရသေးတာ”

“မလုပ်ပါနဲ့ ဆရာရယ်။ မလုပ်ပါနဲ့။ တကယ်.. အားလည်း ကိုးပါတယ်။ တကယ် အားကိုးပါတယ် ဆရာရဲ့။ နာဂစ်ကြောင့် အိမ်ပါသွားလို့ ဒီရန်ကုန်တက်ပြီး လုပ်စားရတာ။ ကလေးကလည်း ၃ယောက်တောင် ရှိတာ။ ကျောင်းလည်း တစ်ယောက်ပဲ ထားနိုင်တယ်။ ၂ယောက်လုပ်စာ ဆိုပေမယ့် မလောက်ဘူး ဆရာရဲ့။ ဒီကပြောင်း ဘယ်သွားနေရမှာတုန်း။”

“ကျွန်မတို့မှာ နေစရာ မရှိဘူး။ မိန်းမတွေချည်း ၄ယောက် စုနေတာ။ အမျိုးလည်း မရှိဘူး။ ကျွန်မတို့ အချင်းချင်းက တရွာတည်းသားတွေ။ မိသားစုတွေလည်း အကုန်သေပြီ။ နေစရာမရှိလို့မှ ကျူးကျော်တဲမှာ နေရတာ။ ပြောင်းခိုင်းတော့ ဘယ်ပြောင်းရမတုန်း”

“ကူညီပါ ဆရာလေးရယ်။ အားကိုးပါတယ်။ အဘိုးတို့ အိုကြီးအိုမကျမှ လမ်းပေါ် မအိပ်ပါရစေနဲ့။ အဘိုးမှာ ပိုင်ဆိုင်တာဆိုလို့ ဟောဟိုက ဘုရားဆင်းတုတော်လေးပဲ ရှိတာပါ။ သူများကျွေးတာစားပြီး သေဖို့ စောင့်နေရတာပါ။ ငဲ့ပါဦး လူလေးရာ”

တစ်ယောက်တစ်ခွန်း တောင်းပန်သံတွေကြောင့် စိတ်မထိန်းနိုင်ပဲ မျက်ရည်တွေ ဝဲလာခဲ့ရတဲ့ အထိပါပဲ။

“ခင်ဗျားတို့ အားလုံးကို ကျွန်တော် ကိုယ်ချင်းစာပါတယ်ဗျာ။ ကျွန်တော်ကလည်း တာဝန်အရမို့ ပြောရတာပါ။ ဘယ်လုပ်ချင်ပါ့မလဲ။ ဒါပေမယ့် မဖျက်ဖို့၊ ဖျက်ဖို့ ဆိုတာက ကျွန်တော့် သဘော၊ ကျွန်တော့် ဆန္ဒနဲ့ ပြီးတာ မဟုတ်ဘူး။ အထက်က အမိန့်အတိုင်း လိုက်နာရတာပါ။ ကျွန်တော့်ကိုလည်း နားလည်ပေးကြပါ။ ခင်ဗျားတို့ကိုလည်း ကျွန်တော် နားလည်းလည်တယ်။ သနားလည်း သနားတယ်။ ကိုယ်ချင်းလည်း စာပါတယ်။ ဒါကြောင့် အစိုးရက အဓမ္မ မဖျက်ဆီးပစ်ခင် သေသေချာချာ သိမ်းထုပ်ပြီး ရွေ့ပြောင်းကြပါဗျာ၊ ကျွန်တော်ကလည်း တောင်းပန်နေတာပါ။ အမြန်ဆုံးသာ ရွေ့ကြပါဗျာ”

အဲကနေ ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး ရင်ထဲမှာ အသံတိတ် ငိုကြွေးနေခဲ့မိတယ်။

သည်ဘဝတွေ၊ သည်ဒုက္ခတွေကို ဖြတ်သန်းခဲ့ဖူးတဲ့ ကျွန်တော်ဟာလည်း ငယ်ဘဝနေ့ရက်တွေကို အဲသည်လို ကျူးကျော်တဲလေးထဲမှာပဲ နေထိုင်ကြီးပြင်းခဲ့ရပါတယ်။

ကျွန်တော်တို့ ရပ်ကွက်လေးက သိပ်ပြီး နံစော်လွန်းလှတဲ့ အမှိုက်ပုံကြီးတစ်ခုရဲ့ ဘေးမှာ ရှိတယ်။ လူနေအိမ်ခြေကလည်း ခပ်ကျဲကျဲလေးပါပဲ။ ခွေးတွေလည်း သိပ်ပြီးပေါတယ်။ လျှပ်စစ်မီး ဆိုတာတော့ ဝေလာဝေးပေါ့။ ရေတွင်းကလည်း တော်တော်လှမ်းတဲ့ နေရာမှာ ဆိုတော့ အစစအရာရာ တအားကို ဒုက္ခရောက်တာပါပဲ။

ဘယ်သူ့ကိုပဲ ကြည့်လိုက်ကြည့်လိုက် ပိန်ကပ်၊စုတ်ပြတ်သတ်နေတာပေါ့။ အားလုံးထဲမှာမှ ကျွန်တော်က ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်ခဲ့ရတယ်။ တစ်ရပ်ကွက်လုံးမှာ အစိုးရကျောင်းတက်နိုင်တဲ့သူဆိုလို့ ကျွန်တော်တစ်ယောက်တည်းပဲ ရှိခဲ့တယ်။

အဘတို့က ကျွန်တော့်ကို ကျောင်းထားပေးခဲ့တယ်။ သူတို့ အပင်ပန်းခံ၊ အငတ်ခံပြီးတော့ကို ထားပေးခဲ့ကြတာပါ။ အဘကော၊ အမေပါ တစ်နေကုန်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရတာတောင် အစားအသောက်ဆို ကျွန်တော့်ကို ဝလင်အောင် ကျွေးပြီးမှာ ကျန်တာလေး ဝေမျှစားကြတယ်။ အလုပ်ကြမ်းသမားတွေ ဆိုပေမယ့် စိတ်ဓါတ်တွေ မကြမ်းတမ်းကြတဲ့ အဘနဲ့ အမေက ကျွန်တော့်ကို ဆုံးမစကားတွေ ပြောတယ်။ သူတို့လို အလုပ်ကြမ်းသမားတစ်ယောက်လည်း ဘယ်တော့မှ မဖြစ်စေရဘူးတဲ့။ အဲဒီ သံဓိဌာန်ချမှတ်ပြီး ကျွန်တော့်ကို ဆယ်တန်းပြီးအောင် ကျောင်းထားပေးခဲ့ကြတယ်။

ကျွန်တော် ဆယ်တန်းအောင်ပြီးတဲ့နှစ်မှာပဲ အဘကော၊ အမေပါ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခဲ့ကြတယ်။ အထီးကျန်တစ်ကောင်ကြွက် ဘဝမှာ တက္ကသိုလ်ဆက်တက်ဖို့ မကြိုးစားတော့ဘဲ စည်ပင်မှာ ရရာအလုပ်ကို ဝင်လုပ်ခဲ့တယ်။ ဆယ်တန်းလေး အောင်ထားသူဆိုတော့ ပြာတာလောက်ကနေ စရတာပေါ့။ တော်တော်လေး ကြာရတော့ စာရေးရာထူးတက်သွားတယ်။ အိမ်ခန်းလေးလည်း ရုံးဝင်းထဲမှာ ရလိုက်တယ်။

စာရေးဆိုပေမယ့် တကယ်တော့ ကျွန်တော်က အထက်လူကြီး ခိုင်းတာမှန်သမျှကို အကုန်လိုက်လုပ်ရတဲ့ တောက်တိုမယ်ရတစ်ယောက်ပါ။ သစ်ပင်စိုက်လည်း ကျွန်တော်ပါရတယ်၊ ဈေးခွန်ကောက်လည်း ကျွန်တော်ပါရတယ်၊ ခွေးလေခွေးလွင့်တွေရှင်းတော့လည်း ကျွန်တော်ပါရတယ်။ တကယ်တော့ ကျွန်တော်က ခိုင်းတာ မှန်သမျှ ကျေပွန်အောင် လုပ်ပြီး၊ အထက်လူကြီး ကြည်ဖြူအောင် နေရတဲ့ အလုပ်သမားခေါင်းလိုပါပဲ။

ဒီအလုပ်ကို ကျွန်တော် မက်မောတွယ်တာမိတဲ့ တစ်ခုတည်းသော အရာကတော့ အိမ်ခန်းလေးပါပဲ။ ဒီအိမ်ခန်းရပြီးတဲ့ နောက်မှာမှ ကျွန်တော့်ဘဝက သားနဲ့၊ မယားနဲ့ လူလူသူသူ ဖြစ်လာခဲ့မဟုတ်လား။

ကျူးကျော်ရပ်ကွက်မှာ နေရတုန်းကဆိုရင် အပေါ့အလေး သွားရတာကအစ ဒုက္ခရောက်ရတယ်။ ညဘက်တွေမှာလည်း ကြမ်းပိုးတွေ၊ ခြင်တွေက ရန်သူကြီးတစ်ယောက်လို ဝိုင်းခဲကြ၊ ကိုက်ကြတယ်။ အဆိုးဆုံးကတော့ အိပ်နေတုန်းမှာ ကိုယ်ပေါ်ကနေ ဖြတ်ဖြတ်ပြေးကြတဲ့ ကြွက်ကြီးတွေပေါ့။ မီးကလည်း မရှိ၊ ဖယောင်းတိုင်ကိုလည်း ဖေါဖေါသီသီ မတတ်နိုင်တာမို့ တစ်ည ဖယောင်းတိုင် တစ်တိုင်ပဲ ထွန်းနိုင်ခဲ့တယ်။ အဲဒီတစ်တိုင် ကုန်ပြီးဆိုရင် အတင်းဖျစ်ညှစ်ပြီး အိပ်ရင်အိပ်၊ မဟုတ်ရင်တော့ အမှောင်ထဲမှာ ငုတ်တုတ်ထိုင်ပြီး ရောက်တတ်ရာရာတွေ လျှောက်တွေးနေမိတာပေါ့။

လသာညတွေဆိုရင်တော့ မှိန်ပျပျ လရောင်အောက်မှာ နေသာသေးတာပေါ့။ ဒါပေမယ့်လည်း အမှိုက်နံ့တနံနံ၊ ခွေးသံတညံညံနဲ့ဆိုတော့ စိတ်ကူးယဉ်ချင်စရာတော့ ဘယ်ရှိမလဲ။ မည်းမှောင်နေတဲ့ အမှောင်ထဲမှာ ငုတ်တုတ်ထိုင်နေရတဲ့ အချိန်တွေထက်တော့ စိတ်ကျဉ်းကျပ်မှု သက်သာရာရတာပေါ့။

အခုတော့ ကျွန်တော်က နေရေးမပူရတော့တဲ့ အချိန်မှာ၊ ဒုက္ခရောက်နေပြီး သူတွေကို ထပ်ပြီး ဒုက္ခပေးရမယ့် တာဝန်တစ်ခု လက်ထဲ ရောက်ရှိလာခဲ့တော့ အရင်တုန်းက အေးချမ်းလှပြီ ထင်ခဲ့မိတဲ့ သည်အလုပ်အကိုင်ကလည်း အေးချမ်းမှု မပေးတော့ပါဘူး။

တာဝန်အရ ကျူးကျော်ထဲကနေ ဆင်းပေး၊ ဖယ်ပေးဖို့ တိုက်တွန်းရပေမယ့် ကျွန်တော့် ရင်ထဲမှာ သိပ်ပြီး နာတယ်။ ကစဉ့်ကလျား ဖြစ်ကြတော့ သူတို့ အခြေအနေတွေကို ကျွန်တော်က မြင်မိ၊ သိနေမိတော့ တကယ် ခံစားရပါတယ်။ ဒါကြောင့်လည်း အထက်က ပေးထားတဲ့ ၂ရက်ဆိုတဲ့ အချိန်ထက် ကျော်လွန်ပြီး နောက်ထပ် အပိုရက်တစ်ရက် ပေးခဲ့မိတာပေါ့။

၃ရက်မြောက်တဲ့နေ့မှာ ကျွန်တော် သွားကြည့်တော့လည်း ဘယ်သူမှ ဘာမှမပြင်ဆင်ရသေးဘူး။ အရာအားလုံးဟာ ဒုံရင်းက ဒုံရင်းပါပဲ။ ကျွန်တော့် စကားကို ဘယ်သူမှ အလေးမထားကြဘူး။ တကယ်မလုပ်ဘူးလို့ သူတို့တွေက ထင်နေကြတာမို့ သေသေချာချာ ရှင်းပြမိလေလေ ကျွန်တော့်ကို မုန်းတီးကြလေလေ။

ရှေ့ရက်တွေတုန်းက ပူဆွေးခဲ့ကြတဲ့ သူတို့ မျက်ဝန်းတွေမှာ အခုတော့ ဒေါသရောင်တွေ ဝင်းလက်နေကြတယ်။

တောင်းပန်စကားတွေ တဖွဖွ ပြောခဲ့တဲ့ သူတို့ နှုတ်ဖျားတွေကနေ ဆဲရေးတိုင်းထွာတဲ့ စကားတွေပဲ ထွက်ကျလာကြတယ်။

အားကိုးတကြီး ကျွန်တော့်လက်မောင်းကို ဆုပ်ဆိုင်ခဲ့ကြတဲ့ သူတို့ရဲ့ လက်တွေက အခုတော့ လက်သီးတပြင်ပြင်။

ကိုယ့်အိမ်ကိုယ့်ယာကို ဖျက်ပစ်မယ်လို့ လာပြောတဲ့ သူတစ်ယောက်ကို ဘယ်သူတွေက ကြည်ဖြူနိုင်ပါမလဲ။ ကျွန်တော့်ရင်ထဲမှာတော့ သူတို့ကို သနားတဲ့ စိတ်ရယ်၊ နေရာလေးပျောက်ပျက်သွားရင်တောင် တခြားပိုင်ဆိုင်တဲ့ ပစ္စည်းလေးတွေ ဘာတစ်ခုကို ထပ်ပြီး မပျောက်ပျက်စေချင်တဲ့ စေတနာတွေပဲ ရှိပါတယ်။ သတ်မှတ်ရက် ကျော်လွန်ပြီးတဲ့အထိမှ သူတို့တတွေ မရွေ့ပြောင်းကြဘူးဆိုရင် အထက်က လူကြီးတွေက ဘူဒိုဇာနဲ့ ဇွတ်ဖျက်ခိုင်းကြတော့မှာ မဟုတ်လား။ ဆင်းရဲသားဘဝက လာတဲ့ ကျွန်တော်က ဝါးတစ်လုံးချင်း၊ ဓနိတစ်ချပ်ခြင်းရဲ့ တန်ဖိုးကြီးမားမှုကို ကောင်းကောင်းကြီး သိနားလည်နေတယ်လေ။

ဒါကြောင့်လည်း လေးရက်မြောက်နေ့အထိ မရွေ့ပြောင်းရသေးတဲ့ သူတို့ကို တစ်ရက် ထပ်စောင့်မိခဲ့တယ်။ အဲဒီကနေ ရုံးကို ပြန်လာခဲ့တော့ ကျွန်တော့် အထက်ရှိက ကျွန်တော့်ကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ စောင့်ကြိုနေခဲ့တာပေါ့။

“ငါကကော ဖျက်ချင်လွန်းလှတယ် မင်းထင်နေလား။ ငါ့မှာကော ကိုယ်ချင်းစာစိတ် မရှိဘူးလို့ မင်းက ထင်နေတာလား။ ငါလည်း ခိုင်းတာ လုပ်ရတာကွ”

“အထက်က ငါ့ကို ပေးထားတာ ၂ရက်တည်း။ ဒါလည်း မင်းသိတယ်။ အခု ဘယ်နှရက်ရှိပြီလဲ။ တစ်အိမ်မှ မပြောင်းရသေးဘူး။ အမိန့်အတိုင်းဆို ဖျက်ရတော့မှာ။ ခုတော့ ငါ့ကို ပြောနေကြပြီ”

“တစ်ခုခုဆိုရင် ငါ့နေရာတော့ အထိခိုက်မခံနိုင်ဘူး။ မင်းကိုပဲ လက်ညှိုးထိုးရမှာပဲ။ အဲကျမှ မင်းပါ နေရာပျောက်သွားမယ်နော်”

“မနက်ဖန် မင်းအပြီးဖျက်၊ အေး မဖျက်နိုင်ဘူးဆိုရင် မင်းအလုပ်ပြုတ်ပြီသာမှတ်။ အဲကျူးကျော်တဲကိစ္စ မနက်ဖန်မှ အပြီးမဖြတ်နိုင်ရင် မင်းလည်း တစ်ခါတည်း အထုပ်ပြင်ထား။”

ရေပက်မဝင်အောင် ပြောဆိုနေတဲ့ အထက်လူကြီးမျက်နှာကို ငေးကြည့်နေရုံက လွဲပြီး ကျွန်တော် ဘာများ ပြောနိုင်မှာလဲ။

သူလည်း သူ့တာဝန် ထမ်းဆောင်ရတဲ့ သူပဲလေ။ ကျွန်တော်ကကော။ ကျွန်တော်လည်း ကျွန်တော့်တာဝန် ထမ်းဆောင်ရမယ့် သူပါပဲ။ လုပ်ပိုင်ခွင့် မရှိတဲ့ကြားထဲကနေ ရက်တွေ အတင်းဆွဲထားခဲ့ပြီးပြီဆိုတော့ ကျွန်တော် ဘာမှ ထပ်မလုပ်နိုင်တော့ပါဘူး။
ကျွန်တော်ကိုယ်တိုင်ကလည်း ရုံးက ပေးထားတဲ့ ဒီအိမ်ခန်းကနေသာ ဆင်းရရင်၊ ဒီအလုပ်သာ ပြုတ်သွားရင် ဘဝပျက်မယ့် သူပါ။ ကျွန်တော့်ဇနီး၊ သားလေးနဲ့ မကြာခင် လူ့လောကထဲ ရောက်လာတော့မယ့် ရင်သွေးလေးအတွက် ကျွန်တော့် အလုပ်၊ ဒီအလုပ်ကြောင့် ရရှိထားတဲ့ အိမ်ခန်း မရှိလို့မှ မဖြစ်ဘဲ။ ဒီအလုပ်ကို ကျွန်တော် အပြုတ်မခံနိုင်ဘူးလေ။

တကယ်လို့ မနက်ဖန် အဲဒီရပ်ကွက်လေးကို သွားဖျက်ခဲ့တဲ့ အချိန် သူတို့တတွေက ကျွန်တော်တို့တတွေကို ကျိန်ဆဲကြမယ်။ အပြစ်တင်ကြမယ်။ ဒီအတွက် ကျွန်တော်တို့ကကော ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ ဘယ်သူတွေမှာ အပြစ်ရှိသလဲ။

သူတို့တတွေ ငိုကြွေးကြမယ်။ ပူဆွေးကြမယ်။ ကျွန်တော်တို့ရင်ထဲမှာလည်း ငိုကြွေးနေရတာကို ဘယ်သူတွေ သိနားလည်နိုင်မလဲ။

မြင့်မားလွန်းလှတဲ့ အိမ်ငှားခတွေ၊ ခက်ခဲလွန်းလှတဲ့ ကျောတစ်နေရာစာ၊ မရေရာတဲ့ နေရေး။ ဒီအရာတွေအတွက် ဘယ်သူတွေက တာဝန်ယူပေးကြမှာလဲ။ တစ်ရက်လုပ်စာ တစ်ရက်စားရတဲ့ သူတို့တွေအတွက် နေရေးထက် စားရေးက ပိုကြီးတယ်ဆိုတာ ငြင်းလို့ မရတဲ့ အမှန်တရားတစ်ခုပါ။

၃။

လမင်းကြီးက မြင့်သထက် မြင့်တက်သွားတယ်။ ကျွန်တော့် စိတ်ဓါတ်တွေကတော့ ဟိုးအောက်ထိ ကျဆင်းနေခဲ့တယ်။

မျက်စိကို မှိတ်ပစ်လိုက်တော့ အမှိုက်ပုံကို ဖွနေတဲ့ ကလေးငယ်လေးတွေကို မြင်ယောင်လာတယ်။ သူတို့လေးတွေ ရယ်နိုင်ဦးမှာလား၊ ဆော့ကစားနေနိုင်ဦးမှာလား။ မဖြူတော့တဲ့ ကျောင်းစိမ်းလေးတွေ ဝတ်ပြီး မှတ်မိသလောက် စာတွေကို တစ်ယောက်တစ်ပေါက် အော်ဆိုနေနိုင်ဦးပါ့မလား။

နားထဲမှာလည်း အသံတွေ ကြားယောင်လာတယ်။

“ဘယ်သွားရမှန်းလဲ မသိ၊ ဘာလုပ်ရမှန်း မသိ၊ စားစရာမရှိ။ မရှိတာမှ တကယ်ကို မရှိတာ။ ဒီညတော့ လမ်းဘေးမှာ အိပ်ရတော့မယ်”

“ကျွန်မတို့မှာ ဘာမှ မရှိဘူး။ မရှိလို့ ဒီလိုနေရာမှာ နေရတာ။ အခု သည်နေရာကို ဖျက်သွားတော့ ဘယ်သွားနေရမှာလဲ။ အိမ်ငှားဖို့လည်း မတတ်နိုင်ဘူး”

“မိဘလက်ထက်မှာတောင် အိုးအိမ် မရှိတာ၊ ဒီကလေးတွေ သားသမီးတွေ ကြီးလာရင်ကော ဘယ်လိုလုပ်ကြမလဲဗျာ” လို့ ပြောပြီး ငိုနေကြမှာလား။

မိဘတွေနဲ့အတူတူ ကလေးလေးတွေကော လိုက်ပြီး ငိုနေကြမှာလား။

သားသည်မိခင်ကရော နို့ဆာနေတဲ့ ကလေးကို နို့တိုက်ရင်း မျက်ရည်တွေ ကျနေဦးမှာလား။

နားထင်ကြောတွေတင်းထောင်နေအောင် အံကြိတ်ထားတဲ့ ဖခင်ကရော။ မျက်ရည်ပူတွေက ကျွန်တော့်မျက်နှာထက် ကျဆင်းလာခဲ့တယ်။

တဖြည်းဖြည်းနဲ့ လင်းရောင်ချည်ပျို့လာခဲ့ပြီ။ ငဲ့ကြည့်ရမယ့် မျက်နှာနှင့် ကျေပွန်ရမယ့် တာဝန်။ ကျွန်တော်လေ ရူးလိုက်ချင်ပါတယ်။

ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်လေးတစ်အုပ်ထဲက အကြောင်းရာလေးတစ်ခုကို သတိရမိတယ်။

ဗီဆူးဗီးယက်(စ)မီးတောင်ကြီး ပေါက်ကွဲတော့ အဲသည်က ထွက်လာတဲ့ ချော်ရည်ချော်မြှုပ်တွေကြောင့် အနီးမှာရှိတဲ့ ပွန်ပီမြို့ကြီး ပျက်စီးခဲ့ရတယ်။ မီးတောင်ပေါက်နေချိန်မှာ တစ်မြို့လုံးကလူတွေက ဘေးလွတ်ရာ ပြေးလွှားတိမ်းရှောင်ကြပေမယ့် အစောင့်စစ်သည်တစ်ယောက်ကတော့ ဘယ်မှမသွားဘဲ၊ သူ့တာဝန်ကျရာ နေရာမှာပဲ လုံခြုံရေးတာဝန်ကို ဆက်ပြီး ထမ်းဆောင်းနေခဲ့တယ်။ ဒါကြောင့်လည်း တစ်မြို့လုံးကို ချော်ရည်တွေ ဖုံးသွားတဲ့အခါ အဲသည့်စစ်သားဟာလည်း နေရာမှပဲကျဆုံးကျန်နေရစ်ခဲ့တယ်တဲ့။

သူက အသက်ပေးပြီး တာဝန် ကျေပွန်ခဲ့တဲ့သူ။ ကျွန်တော်ကတော့ .. ။

မကြာခင်မှာ ကျွန်တော်လည်း ကျွန်တော့် တာဝန်ကို ကျွန်တော် ထမ်းဆောင်ရတော့မယ်။ အဲသည်အချိန် ကျွန်တော့်ရင်ထဲမှာ တာဝန်ကျေပွန်ချင်တဲ့ စိတ်နဲ့ အလုပ်ပြုတ်မှာ၊ ကိုယ့်အိမ်ကိုယ့်ယာ ပျောက်ပျက်မှာ စိုးရိမ်တဲ့စိတ်၊ ဘယ်စိတ်က ပိုပြီး အလေးသာနေမှာလဲ။ ကျွန်တော့် အဖြေကို ကျွန်တော် သိတဲ့အတွက် လိပ်ပြာ မလုံပါဘူး။

ကျွန်တော့်မိန်းမ အိပ်ရာက နိုးလာပြီး ထသွားချိန်ထိ ကျွန်တော်ကတော့ အိပ်ရာထဲမှာ အတွေးတွေနဲ့ပါပဲ။

အဲဒီအချိန်မှာပဲ စည်ပင်ဝန်းထဲမှာ နံနက်တိုင်း ဖွင့်နေကျ တရားသံက ထွက်ပေါ်လာတော့တယ်။

“အာစိဏ္ဏကံ လူငယ်များနှင့် မြို့သူမြို့သားများ စုပေါင်းကျင်းပအပ်သော ထေရဝါရ ဗုဒ္ဓဓမ္မ ပူဇာပွဲတွင် ဟောကြားအပ်သော သီရိဂေဟာဖြစ်အောင် ကျင့်ဆောင်ပါ တရားတော်”

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်















Saturday 11 October 2014

“မြေချုန်းသံ”


၁။

ဒီဇင်ဘာသည် ကျွန်မတို့ မြို့နယ်လေးသို့ အကျည်းတန်စွာ၊ ရက်စက်စွာ၊ တုန်လှုပ်ချောက်ချားစွာ ဝင်ရောက်လာခဲ့လေသည်။

၂။

ရာသီဥတုတွေ ပြောင်းလဲဖောက်ပြန်ကုန်သည်မှာ အောက်တိုဘာလလယ်ရောက်ပြီဟေ့ဆိုလျှင် အနွေးထည်ထူထူ ဝတ်ဆင်ရလေ့ရှိသော ကျွန်မတို့ မြို့ကလေးသည် နိုဝင်ဘာလကုန်သွားသည့်တိုင်အောင် အအေးဓါတ် လွှမ်းခြုံခြင်း မခံရသေးပေ။

နံနက်စောစောနှင့် ညဉ့်လယ်ပိုင်းတွင် အေးသက်သက်လေး ဖြစ်နေတတ်သည်မှတပါး တစ်နေကုန် အိုက်စပ်စပ်။ နှင်းမြူတွေ ခြုံလွှမ်းနေသော နိုဝင်ဘာနံနက်ခင်းတို့သည် ကျွန်မတို့ မကြာခဏ ပြန်ပြောင်းပြောလေ့ရှိသည့် ငယ်ငယ်တုန်းကပေါ့ဆိုသည့် ခေါင်းစဉ်အောက်မှာသာ ရှိတော့သည်။ ယခုတော့ တန်ဆောင်မုန်းလ ကထိန်ပွဲတော်ကြီးသာ ပြီး၍သွားသည်။ ဘယ်မှာလဲ နှင်းမြူ၊ ဘယ်မှာလဲ အအေးဓါတ်၊ ဘုရားစူးရစေရဲ့၊ တကယ်ဆောင်းတွင်းပါ ဟု ကျိန်တွယ်ရတော့မလိုလို။

ယခုလည်းကြည့်။ နံနက်ခင်း ရောင်နီပင် မပျို့သေးခင် တဖွဲဖွဲမှသည် သည်းသည်းထန်ထန် ရွာလာသော မိုးက ဒီဇင်ဘာကို အကြိုထောက်သည်။ အိပ်ပျော်ဖို့ ကြိုးစားသော်လည်း အိပ်၍ မပျော်တော့ပြီမို့ မိုးဖွဲလေးတွေကို မှန်ပြတင်းမှ အသာ ချောင်းကြည့်လိုက်၏။ တိမ်ညိုတိမ်မည်းများက မကြာမီ မိုးတိတ်ဦးမည်မဟုတ်ဟု ပြောနေသည့်အလား။ အတင်းကျိတ်မှိတ်အိပ်ပျော်အောင် မကြိုးစားတော့ဘဲ အိပ်ရာမှ ထလာလိုက်သည်။

ဖေဖေ၊မေမေနှင့် ညီမလေးတို့က အိပ်မောကျနေဆဲ။

အောက်ထပ်ရောက်တော့ ခြံဝင်းတံခါးမှ မီးများကိုပိတ်ကာ ဧည့်ခန်းမီးကို ဖွင့်လိုက်သည်။ မောင်လေး အခန်းတံခါးကို အသာလှပ်ကာ ချောင်းကြည့်လိုက်တော့ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။ မိုးအေးအေးနှင့် စောင်ခြုံကာ ကွေးနေအောင် အိပ်လို့နေလေသည်။

ရေချိုးခန်းဖက် ထွက်လာကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး၊ တရားခွေဖွင့်ရန် စက်ဆီအသွား မီးက ဖျတ်ခနဲ ပျက်သွား၏။ တစ်နေရာရာမှာ လျှပ်စစ်ရှော့ခ် ဖြစ်ပြီလား မသိပါ။

မိုး သည်လောက်ရွာမှတော့ မီးပျက်တာ မဆန်းပါ ။ လေကြမ်းကြမ်းကလေးတိုက်လိုက်လျှင် မီးတွေ ပျက်သွားတတ်တာ၊ မိုးတွေ သည်းသည်းမည်းမည်းရွာလျှင် (တစ်ခါတစ်လေ ခပ်ဖွဲဖွဲလေး ရွာလျှင်ပင်) လျှပ်စစ်ရှော့ခ်ဖြစ်တတ်တာ၊ မိုးတွေဆက်တိုက်ရွာလျှင် မီးတွေ မလာတော့တာ သည်မြို့နယ်လေး တကယ်တော့ ကျွန်မတို့နိုင်ငံရဲ့ ထုံးစံပဲ မဟုတ်လား။

မီးပျက်သွားပြီမို့ တရားခွေလည်း ဖွင့်မရတော့ပါ။ ဝန်းကျင်တစ်ခုလုံးကလည်း အလင်းပျို့ရုံသာရှိသေးသည်မို့ ဘာကိုမှ လင်းလင်းရှင်းရှင်း မမြင်ရသေး။ လမ်းမထက်တွင်လည်း မိုးသံမှတစ်ပါး အခြားသံ မကြားရသေးချေ။ အရာအားလုံးသည် ရာသီမဟုတ် ရွာသွန်းနေသော မိုးရေများအောက်၌ တိတ်တဆိတ် အိပ်မောကျနေဆဲပင်။ ကျွန်မနှင့်အတူတူ နိုးထနေသူမှာ ဦးခေါင်းတည့်တည့် မျက်နှာကျက်မှ စုပ်ထိုးလိုက်သော အိမ်မြှောင်တစ်ကောင်သာ ရှိပေမည်။

အတင်းကြိုးစားပြီး ပြန်အိပ်လိုက်ရမလားဟု တွေးမိလိုက်ကာ ဖုန်းနာရီကို ကြည့်လိုက်တော့ နံနက် ၅နာရီကျော်ကျော်လေးသာ ရှိသေး၏။ အိပ်မည်ဆိုလျှင် အနည်းဆုံး တစ်နာရီခန့် ကောင်းကောင်း အိပ်လို့ ရဦးမည်။ သို့သော် ပြန်အိပ်လို့ မရတော့မှာ သေချာပြီးနောက် အိပ်ရာထက်တွင် လူးလွန့်ကာ အပျင်းထူနေရမည်ကို ကျွန်မက မနှစ်မြို့။ ထို့ကြောင့် ဘက်ထရီအားသွင်းထားသော စာကြည့်မီးကို ဖွင့်ကာ ဒိုင်ယာရီ စာရွက်များကို စာမျက်နှာအသစ်တစ်ခုဆီ ရောက်အောင် လှန်လိုက်ရင်း သုံးနေကျ ခရမ်းရောင် မှင်စို ဖောင်တိန်ကို ထုတ်ယူလိုက်သည်။

“ ဒီဇင်ဘာက ဆောင်းကို မိုးလေး တစ်ပြိုက်နှစ်ပြိုက်နဲ့ ကြိုတယ်။ ဆောင်းကလည်း ဆောင်းမပီ။ မိုးကလည်း အခါမဟုတ်ဘဲ ရွာလို့ကောင်းနေပါပေါ့။ ဆောင်းကြောင့် မအေးဘဲ မိုးကြောင့် စိမ့်လို့နေတဲ့ နံနက်ခင်းမှာ ကိုယ်တစ်ယောက်တည်း ယောင်ချာချာ။ ”

မြတ်ပန်းနွယ်
၁.၁၂.၂၀၁၂
နံနက် ၅နာရီ ၂၅ မိနစ်၊ စနေနေ့

ကောက်ကာငင်ကာ စိတ်ထဲမှာ ပေါ်လာသည့်အတိုင်း ရေးခြစ်လိုက်မိသည့် စာကြောင်းတွေက ခပ်ကြောင်ကြောင်။ ကိုယ်ရေးထားတာကို ပြန်ဖတ်ပြီး ကျွန်မ ပြုံးလိုက်မိသေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရေးထားသည့်စာကို ကိုယ်တာဝန်ယူရမည်ဆိုတော့ ထုံးစံအတိုင်း စာပိုဒ်လေးအောက်မှာ လက်မှတ်ထိုးလိုက်ပြီး ရက်စွဲ၊ နေ့ရက်နှင့် အချိန်ကို ရေးခြစ်လိုက်သည်။

၃။

မှိန်ပျပျ မီးရောင်အောက်တွင် ဒိုင်ယာရီစာမျက်နှာအဟောင်းများကို ကြုံရာ ပြန်လှန်ဖတ်နေစဉ် မီးပြန်လာ၏။ စာအုပ်ကို ပိတ်လိုက်ကာ နေရာတကျ ပြန်သိမ်းလိုက်သည်။ ထို့နောက် ဆရာတော်ဦးဥတ္တမသာရ၏ ပရိတ်ကြီး ၁၁သုတ်နှင့် ပဌာန်းဒေသနာတော် တရားတော်ကို ဖွင့်လိုက်ကာ နာယူရင်း အိမ်သန့်ရှင်းရေး လုပ်နေလိုက်သည်။

ဧည့်ခန်းကို ရှင်းလင်းပြီးနောက် မီးဖိုခန်းထဲ လှည်းကျင်းနေစဉ် မေမေနှင့် ညီမလေးတို့ နိုးလာကြသည်။ နံနက်စာအတွက် သားအမိ သုံးယောက် လုံးပန်းနေကြစဉ် ဖေဖေနှင့် မောင်လေးတို့ နိုးလာကာ၊ သူတို့တွေ ကိုယ်လက်သန့်စင်ပြီးချိန်၌ ကျွန်မတို့၏ ပူပူနွေးနွေး နံနက်စာလည်း အဆင်သင့် ဖြစ်နေလေပြီ။

၎။

ကျွန်မတို့၏ နံနက်စာက ရိုးစင်းသည်။ ထမင်းဖြူဖြူ ပူပူလေး ရှိသည်။ ကြက်သွန်နှင့်ရောမွှေကာ ကြော်ထားသော ကြက်ဥမွှေကြော်ရှိသည်။ ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်နှင့် ငါးပိအနည်းငယ်ရောကာ ထားသည့် ငရုတ်သီးအစိမ်းထောင်းတစ်ခွက်ရှိသည်။ ထို့နောက် လက်ဖက်တစ်ပန်းကန်၊ စတီးခွက်ကြီးကြီးတွင် ထည့်ဖျော်ထားသော ကော်ဖီခွက်ကြီးတစ်ခွက်နှင့် ရေနွေးလင်ဗန်းတစ်ဗန်း။

“ မနက်က ဘာလို့ အစောကြီး အောက်ဆင်းသွားတာလဲ၊ ပြန်တက်လာဦးမယ် မှတ်နေတာ”

ဖေဖေက ငရုတ်သီးထောင်းတစ်ဇွန်းကို သူ့ပန်းကန်ထဲ ခပ်ထည့်ရင်း မေး၏။

“ အစက ပြန်တက်လာဦးမို့ ဖေဖေ။ နောက် မအိပ်ချင်တော့တာနဲ့ အောက်မှာပဲ ဟိုလုပ်သည်လုပ် လုပ်နေလိုက်တာ ”

“ သြော် အဲဒါကြောင့် တရားခွေ ဖွင့်ပြီး နာနေတာလား ”

“ ဟုတ်တယ် ဖေဖေ.. ဒါပေမယ့် မီးက ပျက်သွားသေးတယ်။ ဖွင့်မို့လုပ်နေတုန်း မီးပျက်သွားလို့ မီးပြန်လာအောင် စောင့်လိုက်ရသေးတယ် ”

“ ဟဲဟဲ.. တို့မြို့ မီးကတော့ သည်လိုပဲ ”

မေမေက ရယ်ကျဲကျဲဖြင့် ဝင်ထောက်သည်။ မေမေ့ စကားပင် မဆုံးသေး၊ မီးပျက်သွားပြန်လေသည်။

“ဟာ”

“ ပြောရင်းဆိုရင်း ပျက်ပြန်ပြီ ”

“ ဟုတ်ပါ့ ဟုတ်ပါ့ ”

မိုးစဲစပြုပြီဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခွင်သည် အာရုံဦးနေရောင်ခြည်အောက်တွင် ပီပီပြင်ပြင် လင်းကျင်းလာ၏။ ကိုယ့်ပန်းကန်ထဲ တစ်ဇွန်းခပ်ထည့်စားလိုက်၊ သူ့ပန်းကန်ထဲ ခပ်ထည့်ပေးလိုက်နှင့် ကျွန်မတို့ မိသားစု၏ နံနက်စာ ထမင်းဝိုင်းမှာ နွေးထွေးစွာ ပြီးဆုံးသွားသည်။ ထို့နောက် ကော်ဖီခွက်ကြီးကို တစ်ယောက်လက် တစ်ယောက်ကမ်းကာ တစ်ယောက်တစ်ကျိုက်စီ လက်ပြောင်းလဲသောက်ကြရင်း စကားစမြည် ပြောဖြစ်ကြပြန်သည်။

“ မိုးကလည်း ခုရက်ရွာပိုင်း ရွာနေတယ်နော်၊ တကယ်ဆို ဆောင်းဝင်ပြီး ချမ်းသင့်ပြီ ”

ကျွန်မက ညည်းညည်းညူညူဆိုမိတော့ မောင်လေးက-

“ ဟိုးတုန်ကဆို ဒီလို မနက်ခင်းမျိုးမှာ စကားပြောရင် ပါးစပ်က အငွေ့တွေထွက်နေပြီ ”

မောင်လေးပြောတာလည်း ဟုတ်သည်။ ကျွန်မတို့ ငယ်စဉ်က ဒီလို ဆောင်းနံနက်မျိုးတွေမှာ မောင်နှမတစ်တွေ ဆွယ်တာအကျီထူထူကြီးတွေဝတ်ပြီး အိမ်ရှေ့မှာ မီးလှုံရင်း ပြောင်းဖူးတွေ၊ ထန်းပင်မြစ်တွေ ဖုတ်စားခဲ့ကြဖူးသည်။ အဲသည်တုန်းက စကားပြောလိုက်တိုင်း အခိုးငွေ့တွေက ပါးစပ်မှ ထွက်နေတာကို မြင်ခဲ့ကြရသည်။

“ တကယ်တော့ သည်မိုးက ကထိန်ပွဲတုန်းက ရွာရမယ့် မိုး။ ကထိန်မိုး။ နောက်ကျပြီး အခုမှ ရွာနေတာ။ ဒီမိုးကုန်ပြီးရင်တော့ စချမ်းပြီ ”

မိုးစဲသွားပြီဖြစ်သော အပြင်ဖက်ကို လှမ်းငေးနေရင်း ဖေဖေက ဆိုသည်။

“ ဟုတ်တယ်။ ဒီမိုးပြီးသွားရင်တော့ တစ်လပိုင်းကုန် နှစ်လပိုင်းအလယ်လောက်ထိ အေးပြီ ”

ရေနွေးခွက်တွေထဲ ရေနွေးလိုက်ငှဲ့နေသော မေမေက ဖေဖေ့စကားကို ထောက်ခံလိုက်၏။ ထို့နောက် ကျွန်မတို့ကို ရေနွေးခွက်တစ်ခွက်စီ ကမ်းပေးသည်။

ရေနွေးပူပူလေးတွေ မှုတ်သောက်ရင်း ရောက်တတ်ရာရာ စကားတွေပြောနေကြစဉ် အိမ်ရှေ့မှာ ဆိုင်ကယ်တစ်စီး လာရပ်သံကို ကြားလိုက်ရ၏။

“ လျှပ်စစ်က လူတွေ ဖျူ့စ် လာဆက်ပြီ ”
အိမ်ရှေ့ကို လှမ်းကြည့်လိုက်တော့ လျှပ်စစ်မှ ဝန်ထမ်းတစ်ယောက် ထရန်စဖော်မာအိုးပေါ် တက်ဖို့ပြင်နေသည်။ အိမ်ရှေ့တွင် ကျွန်မတို့ နေထိုင်သော ဗဟိုရပ်ကွက်၏ ထရန်စဖော်မာအိုးရှိ၏။

“ မီးပြန်လာတော့မယ် ”

မီးပြန်လာတော့မှာမို့ ကျွန်မတို့ ပျော်နေကြသည်။

“ မီးလာရင် စိမ့်နေခြည် သီချင်းလေးဖွင့်ဟေ့ ”

ဖေဖေက သူ့အကြိုက်ခွေကို ဖွင့်ခိုင်းသည်။

“ အဲတာဆို အဲခွေထဲက ရင်တွင်းဆု သီချင်းလေး အရင်ဖွင့်ပါဟယ်။ မမကြီးက အဲတာလေးကြိုက်လို့”

မောင်လေးက အမြဲတမ်း သီချင်း ထဖွင့်တတ်သူ ဖြစ်သဖြင့် ကျွန်မက တောင်းဆိုလိုက်တော့ သူက သာသာနှင့်နာနာနှက်ကာ စကားတစ်ခွန်း တုန့်ပြန်ပြောသည်။

“ မမကြီး မကြိုက်တာလေးများ ရှိရင် ပြောပါဦးဗျာ ”

သူ့စကားကြောင့် ကျွန်မမှာ ရယ်ရအခက်၊ ငိုရအခက်။

ကျွန်မတို့ မိသားစု ရယ်မောနေကြစဉ် ထိုလျှပ်စစ်မှသူက အိမ်ဝိုင်းထဲ ဝင်လာသည်။ ထို့နောက် အိမ်ရှေ့တံခါးတွင် ရပ်ကာ “ အစ်ကိုကြီး ကျွန်တော် ရုံးကို ဖုန်းခေါ်ချင်လို့ဗျ ” ဟု ပြောသည်။

“ ဟေ့ရောင်.. ၂သိန်းတန်ဖုန်းတွေ ထွက်နေတာ ကြာပြီ။ ဝယ်မကိုင်သေးဘူးလားကွ။ ဘာလဲ ငါးထောင်တန် ဖုန်းကဒ်စောင့်နေတာလား ”

ဖေဖေက စနောက်လိုက်တော့ သူက ဟက်ဟက်ပက်ပက် ရယ်ရင်း “ဝယ်ပါတယ် အစ်ကိုကြီးရာ။ စောနတုန်းက မိုးရွာနေတာနဲ့ ထားခဲ့တာပါ ” ပြော၏။

ဟိုးယခင် လက်ကိုင်ဖုန်းများ ပေါပေါသီသီ ခေတ်မစားခင်တုန်းက လျှပ်စစ်မှသူများသည် မီးကြိုးဆက်ပြီးနောက် ကျွန်မတို့အိမ်မှ ဖုန်းကို သုံးကာ လျှပ်စစ်ရုံးကို အကြောင်းကြားပြီး မိန်းခလုတ် ပြန်တင်ခိုင်းလေ့ရှိ၏။ ထို့ကြောင့် လျှပ်စစ်မှ လူအများစုနှင့် ဖေဖေနှင့်က ဘော်ဒါများ ဖြစ်နေလေသည်။

သူ ဖုန်းမချရသေးမှီပင် မီးပြန်လင်းလာခဲ့သည်။

“ ဘယ်လိုလဲကွ။ မိုးရွာတာ တစ်ညပဲရှိသေးတယ်။ မီးက ပျက်ပြီ ”

ဖေဖေက စနောက်ပြန်တော့ သူက ရယ်ချည်းနေသည်။

“ ဟိုး အရှေ့ဘက်က အိုးတွေမှာ ကြိုးတွေ ရှုပ်ယှက်ခတ်နေလို့ အစ်ကိုကြီးရ။ အဲကနေ ရှော့ခ်ဖြစ်ပြီး တစ်မြို့လုံး ပျက်သွားတာ။ ခု အရှေ့ကို တစ်ခေါက်ပြန်ကြည့်လိုက်ဦးမယ်။ ”

“ဟင် ဒါဆို ပျက်ဦးမှာပေါ့ ”

“ ဟုတ်တယ် အစ်ကိုကြီး။ အရှေ့ကို လုပ်ပြီးရင် ဒီဖက်ကို ပြန်လာခဲ့မယ်။ အဲတာပြီးရင်တော့ ရပြီ။ တစ်နေကုန် မပျက်တော့ဘူး ”

ပြောပြောဆိုဆိုဖြင့် ထွက်သွားသော သူ့ ကျောပြင်ကို ဘာရယ်မဟုတ် ကျွန်မ ငေးနေခဲ့မိသည်။

“ ကဲ ကဲ.. မီးက ပြန်ပျက်ဦးမှာဆိုတော့ စိမ့် မနေခြည် နဲ့ဦး။ ကြားလား၊ အဖေကြီး.. အဆက်ဟောင်းကြီးသီချင်းကို ပြီးမှ နားထောင်တော့ ”

စိမ့်နေခြည် သီချင်းကို ခဏခဏ ဖွင့်ခိုင်းတတ်သော ဖေဖေ့ကို စနောက် စောင်းပြောလိုက်သော မေမေ့ စကားကြောင့် ကျွန်မတို့ မောင်နှမ သုံးယောက် ဝိုင်းရယ်ကြ၏။ ဖေဖေကတော့ “ မင်းကွာ ” ဆိုပြီး ပြုံးနေလေသည်။

၅။

ကျွန်မတို့ မိသားစု ဖေဖေပြောပြသော လက်ပန်းတောင်းတောင် ကိစ္စဝိစ္စများ၊ မျက်ရည်ယိုဗုံးတင်မကဘဲ မီးလောင်ဗုံးများပါ သုံးသည့်အကြောင်းများကို နားထောင် ငြင်းခုန်နေကြစဉ် စောစောတုန်းက လူ ပြန်ရောက်လာ၏။ သူတစ်ယောက်တည်းတော့ မဟုတ်။ သူနှင့်အတူ အဖော်တစ်ယောက် ပါလာသည်။ အရှေ့အိုးမှာ ကြိုးဆက်နေခဲ့သော သူ ဖြစ်ရမည်။

“ ဖုန်းထပ်ဆက်ဦးမယ် အစ်ကိုကြီးရေ .. ”

ဖုန်းခေါ်နေသော်လည်း ဖုန်းဝင်ပုံမရ။ နှစ်ခေါက်၊ သုံးခေါက်လောက် ဆက်တိုက် ခေါ်နေတာကို တွေ့ရသည်။ ထို့နောက် စိတ်ပျက်လက်ပျက်ဟန်ဖြင့် ဖုန်းကို ပြန်ချလိုက်ပြီး လိုင်းမအားဖြစ်နေတယ်ဗျ ဆို၏။

“ ဘယ်လိုလဲ.. အကုန်ကောင်းသွားပြီလား ”

“ အရှေ့အိုးမှာ ကြိုးတွေက ရှုပ်နေတာ။ ဘယ်ကြိုးက ဘယ်စက်ရုံကမှန်းလည်း သေသေချာချာက မသိ။ အဲဟာတွေကနေ ရှော့ခ်တွေဖြစ်ပြီး တစ်မြို့လုံး ပျက်နေတာဆိုတော့ ကျွန်တော်လည်း ကြိုးတွေအကုန်လုံးကို ဖြတ်ခဲ့လိုက်တယ်။ ကြိုးအချောင်း ၂၀လောက် ရှိမယ် ထင်တယ်။ နောက် သူတို့ လှမ်းခေါ်တော့မှ ပြန်လိုက်ဆက်ပေးတော့မယ်။ အဲလိုမှပဲ လောလောဆယ်မှာ ကျန်တဲ့ အိုးတွေကို မီးလွှတ်ပေးလို့ ရမှာ။”

သူ့ အပြောကို အဖော်ပါလာသူက ခေါင်းလေး တညိတ်ညိတ်နှင့် ထောက်ခံ၏။
သူက ပြောလည်းပြော၊ ဖုန်းလည်း ထပ်ကာထပ်ကာ နှိပ်ကြည့်နေရာ နောက်ဆုံးတော့ ဖုန်းဝင်သွားခဲ့လေသည်။

“ ဟဲလို .. ဟုတ်ကဲ့ အစ်ကို။ ညီလေး ကြိုးတွေ ပြန်လုပ်ပြီးသွားပြီ။ အရှေ့အိုးကိုတော့ ကြိုးတွေ ညှိပြီး ရှုပ်နေတာမို့ ခဏဖြတ်ခဲ့လိုက်တယ်။ အဲတာ အခု ဗဟိုအိုးကို ဖျူ့စ်ပြန်ဆက်ပေးလိုက်ဦးမယ်။ ခဏရှိရင် အချိန်မှန်းပြီးတော့ အစ်ကို အဲဖက်ကနေ မိန်းပြန်တင်လိုက်တော့နော်။ ညီလေး ဖုန်းပြန်မဆက်တော့ဘူး။ ရုံးရောက်မှ ဆက်တော့မယ် ”

သူ့ စကားကြောင့် ကျွန်မစိတ်ထဲတွင် ထင့်ခနဲ တစ်ချက် ဖြစ်သွားမိ၏။ ဖေဖေကတော့ ချက်ချင်း ဝင်ဟန့်လေသည်။

“ ဟေ့ရောင်. ပြီးသွားရင် ဖုန်းပြန်ဆက်မယ် ပြောလေကွာ။ အဲကျမှ မိန်းပြန်တင်ပါစေပေါ့။ ဘယ်နှယ့်.. ဒီကြားထဲ ဖွင့်ချလိုက်ရင် ခက်ကုန်တော့မယ်။ သေချာလုပ်ဦး ”

ဖေဖေ့ စကားကြောင့် နောက်လူက သူ့ကို လက်တို့၏။ သူက ခေါင်းအသာငြိမ့်ပြကာ စကားပြင်ပြောမည်ဟန်ပြင်စဉ် တစ်ဖက်က ဖုန်းချသွားသည် ထင်၏။ သူက တယ်လီဖုန်းကို ဖုန်းခွက်ပေါ် အသာပြန်တင်လိုက်သည်။

“ ပြန်ခေါ်လေကွာ ”

“ ရပါတယ် အစ်ကိုကြီးရာ။ ညီလေး ပြန်မခေါ်တော့ပါဘူး။ .. အခုချက်ချင်းပဲ ပြေးဆက်လိုက်မယ်။ ကျေးဇူးပါ အစ်ကိုကြီးရာ။ ညီလေး သွားပြီနော် ”

ခပ်သွက်သွက် နှုတ်ဆက်ကာ အပြေးတပိုင်း ထွက်သွားသော သူ့ ပုံစံအမူအရာနှင့် စကားပြောဆိုသည့်ဟန်တို့မှာ အခါတိုင်းထက်များ ထူးခြားနေသလား။ ရုတ်တရက် ကျွန်မရင်ထဲ ထင့်ခနဲဖြစ်သွားသည်ဖြစ်ရာ ထိုအတွေးဆိုးတို့ကို လျှင်မြန်စွာ မောင်းထုတ်လိုက်ရသည်။

သို့သော်.. သိပ်မကြာလိုက်။

မကြာတာမှ ၃မိနစ်တောင် မကြာလိုက်။

အုန်းဆိုသော အသံဆိုးကြီးနှင့်အတူ အိမ်ရှေ့ရှိ ထရန်စဖော်မာအိုးကြီးမှာ မီးတွေပွင့်ထွက်သွားသည်ကို ကျွန်မတို့ အားလုံး ကြားလိုက်၊မြင်လိုက်ရလေသည်။

ကျွန်မတို့မိသားစု ရုတ်တရက် ကြောင်သွားသည်။ ထို့နောက်မှ ရှော့ခ်ဖြစ်ပြီဆိုသော အသိနှင့်အတူ သူတို့ ဆိုသော အသိများက တစ်ပြိုင်တည်းလိုလို ဝင်လာကြသည် ထင်ပါ၏။ ကျွန်မတို့အကုန်လုံး အိမ်ထဲမှ ကပျာကယာ ပြေးထွက်ကြည့်ကြလေသည်။

လျှပ်စစ်ဓါတ်အိုးပေါ်မှ နောက်ပြန်လန်ကျကာ ထရန်စဖော်မာအိုးကို ခတ်ထားသော သံပန်းချွန်များတွင် ချိတ်မိနေသော သူ့ကို မယုံကြည်နိုင်စွာ၊ ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရ၏။ သူ့အဖော်မှာ သွေးရူးသွေးတန်းဖြင့် ကျွန်မတို့ ခြံဝန်းထဲ ပြေးဝင်လာလေသည်။

“ လျှပ်စစ်ရုံးကို မြန်မြန်ဆက် ”

ဖေဖေက အလျှင်အမြန် အော်ဟစ်သတိပေးလိုက်သည်။ ဖုန်းဝင်ဟန် မတူပါ။ ၂ခါ ၃ခါ ဆက်တိုက်ခေါ်ကြည့်ပြီး ပျာယာခတ်နေလေသည်။

“ သား .. လျှပ်စစ်မှူးဟန်းဖုန်းဆီ ဆက်လိုက် ”

မောင်လေးက သူ့ဟန်းဖုန်းဖြင့် လျှပ်စစ်မှူးဆီခေါ်စဉ် ကျွန်မနဲ့ မေမေကလည်း လူနာတင်ယဉ်ကို ဖုန်းဆက်ခေါ်ရသည်။ ထို့နောက် ရဲစခန်းကိုလည်း အကြောင်းကြားရသေး၏။

“ တစ်ယောက်မှ ထရန်စဖော်မာအိုးနဲ့ မကပ်နဲ့ဦး။ မိန်းခလုတ်မချရသေးဘူး။ အကုန် ဓါတ်လိုက်ပြီး သေကုန်လိမ့်မယ် ”

ဖေဖေ့ စကားသံနှင့်အတူ၊ အိမ်တွေထဲမှ ထွက်လာကာ ခြံဝန်းတံခါးများထိပ်တွင် ရပ်ကြည့်နေကြသူများအချင်းချင်း တစ်ယောက်တစ်ပေါက် အော်သစ်သံများက ကျွန်မတို့ ပတ်ဝန်းကျင်လေးတွင် ဆူညံပွက်လောရိုက်သွားသည်။

သံပန်းတွင် ချိတ်နေသော သူ့ ခန္ဓာကိုယ်မှာ မည်းချိတ်လောင်ကျွမ်းကာ အရေပြားများ လန်နေသည်ကို လှမ်းမြင်နေရ၏။ သေးသေးသွယ်သွယ် သူ့ ကိုယ်လုံးသည် ဖောင်းပွလျက် ရှိချေသည်။

မိန်းခလုတ်ချပြီးသွားပြီဆိုသည့်တိုင်အောင် ထို ထရန်စဖော်မာအိုးအနား ကျွန်မတို့ အပါအဝင် မည်သူမှ မသွားရဲကြပါ။ မိနစ်ပိုင်းအတွင်း လူတစ်ယောက်လုံး လောလောလတ်လတ် ဓါတ်လိုက်သွားသည်ကို မြင်လိုက်ရသူများအဖို့ စွန့်စားရဲသည့် သတ္တိ မည်သို့ရှိပါမည်နည်း။ မိန်းခလုတ် ချလိုက်ပါပြီ၊ လျှပ်စစ်ဓါတ် မရှိတော့ပါ ဆိုသည့်တိုင် မည်သူမှ အနားမသွားရဲကြသေးပါ။

ထိုစဉ် သူ့နဲ့အဖော်ပါလာသူ တစ်ယောက်သာ သတ္တိကောင်းစွာဖြင့် သူ့ဆီ ပြေးသွားကာ သူ့ကို အတင်းဆွဲချဖို့ ပြင်လေသည်။ ပါးစပ်မှလည်း လူအများကို ဝိုင်းဝန်းကူညီရန် အော်သစ်အကူအညီ တောင်း၏။

“ လာကြပါဦးဗျာ .. ဆွဲချကြပါဦးဗျာ ”

“ အသက်ငွေ့ငွေ့လေး ရှိပါသေးတယ်ဗျ ”

လူအများက စိတ်မကောင်းဖြစ်ကာ ကူညီနေချင်ကြသည့်တိုင်၊ အနားကို တဖြည်းဖြည်း တိုးကပ်သွားသည့်တိုင် မည်သူတစ်ဦးတစ်ယောက်ကမှ ရှေ့ထွက်ကာ သံပန်းတိုင်ထိပ်မှာ ချိတ်မိနေသည့် ခန္ဓာကိုယ်ကို ဖြုတ်ချရန် ကိုယ်ထိလက်ရောက် အကူအညီ မပေးရဲသေး။

သူ့သူငယ်ချင်းက အော်ဟစ်ငိုယိုကာ အကူညီတောင်းနေရာမှ သံပန်းတိုင်များကို လက်ဖြင့် ပြေးဆုပ်ကိုင်ကာ “ ဟောသည်မှာဗျာ .. ကျွန်တော် ကိုင်နေတာ သံပန်းပါ။ ဘာလျှပ်စစ်ဓါတ်မှ မရှိတော့ပါဘူး။ မိန်းခလုတ်လည်း ချလိုက်ပါပြီ။ ကျွန်တော့်ကို ကူကြပါ ” ဆိုတော့မှ ထိုသူကို သံပန်းတိုင်များမှ ဖြုတ်ချရန် ရပ်ကြည့်နေသူများမှ ဝိုင်းဝန်းကြိုးပမ်းကြတော့သည်။

ဖေဖေနှင့် မောင်လေးက အိမ်ရှေ့ထွက်ကာ ကူညီနေစဉ် ကျွန်မ၊ မေမေ နှင့် ညီမလေးတို့က ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေကြသည်။ ထရန်စဖော်မာအိုးပေါ်ရှိ တန်းတစ်ခုတွင် သူ ချွတ်ထားခဲ့သော သဲကြိုးအစိမ်းရောင်လေးနှင့် ဆင်ကြယ်ဖိနပ်အဖြူရောင်လေးကို မေမေက တိတ်တဆိတ် လက်ညှိုးထိုးပြသည်။ သစ်လွင်နေသေးသော ဖိနပ်ဖြူဖြူကလေးကို ငေးကြည့်နေရင်း ကျွန်မ မျက်ဝန်းတွင် မျက်ရည်များက ဝေ့ဝဲတက်လာသည်။ သူ့ကို သံတိုင်များထက်မှ ဖြုတ်ချလိုက်နိုင်ပါပြီ။

အဆင်သင့်စောင့်နေသော လူနာတင်ကားပေါ် သူ့ကို ခက်ခဲစွာ တင်ခေါ်သွားကြပြီးနောက် အိပ်အပေါ်ထပ်သို့ ကျွန်မ ပြေးတက်လာခဲ့မိသည်။

ဘုရားစင်ရှေ့တွင် လက်အုပ်ချီမိုးရင်း သူ့အတွက် ဆုတောင်းမေတ္တာပို့ကာ ငြိမ်ငြိမ်သက်သက်နေရင်း စိတ်ကိုဖြေလျော့နေမိသည်။

သူ ..။

လောလောလတ်လတ်ကလေးကပင် စကားစမြည် ပြောဆိုကာ ရယ်မောနေခဲ့သည့်သူ ..။
အခုတော့ သူ့ ကံကြမ္မာကို မည်သူမှ မသိနိုင်သေး။
ဘုရားတပည့်တော်မ ပြုပြုခဲ့ဖူးသမျှ ကုသိုလ်ကောင်းမှူအစုစုတို့ကို ၃၁ဘုံတွင် ကျင်လည်ကုန်ကြသော ဝေနေယျ သတ္တဝါအပေါင်းတို့အား အမျှဝေပါ၏။ ထိုကောင်းမှူအစုစုတို့၏ ဂုဏ်ကျေးဇူးကြောင့် ထိုသေလုမျောပါးဖြစ်နေသူသည် ဘေးရန်ကင်းရှင်းကာ အမြန်ဆုံး သက်သာကောင်းမွန်လာပါစေ။

ဆုတောင်းမေတ္တာပို့သပြီးနောက် အောက်ထပ်သို့ ဆင်းလာကာ ထရန်စဖော်မာအိုးဖက် လှမ်းမျှော်ကြည့်မိသည်။

ရုတ်ရုတ် ရုတ်ရုတ်နှင့် ဝိုင်းနေသော လူများလည်း စဲသွားကြပြီ။ လျှပ်စစ်ရုံးမှ လူများလည်း ရောက်နေကြပြီး ထရန်စဖော်မာအိုးအတွင်း သန့်ရှင်းရေးလုပ်နေကြသည်။ လူတစ်ယောက်ကတော့ အိမ်ရှေ့အုတ်ကန်မှာ သူ့ပုဆိုးမှ သွေးများကို ဆေးကြောနေလေသည်။ ရေပုံးတွေ တစ်ပုံးပြီးတစ်ပုံးဖြင့် ရေလာခပ်ကာ ထရန်စဖော်မာအိုးဝန်းကျင်ရှိ သွေးများကို သန့်ရှင်းအောင် ဆေးကြောနေကြသည့် မြင်ကွင်းမှာ ဝမ်းနည်းကြေကွဲစရာ။ ရဲများလည်း ရောက်လာကြပြီဖြစ်ရာ မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ယူနေကြသည်။

သူ့ဖိနပ်ကလေးကို လှမ်းကြည့်လိုက်တော့ အဲသည်နေရာလေးမှာပဲ ရှိနေသေး၏။ အတန်ကြာတော့မှ မှတ်တမ်းတင် ဓါတ်ပုံရိုက်နေသော ရဲတစ်ယောက်က သတိပြုမိပြီး လက်ညှိုးညွှန်ပြကာ တက်ယူခိုင်းတော့ လျှပ်စစ်ရုံးမှ ဝန်ထမ်းတစ်ယောက်က တက်ယူရလေသည်။

ဆေးရုံသို့ လိုက်သွားခဲ့သော ဖေဖေ ပြန်ရောက်လာတော့ လူနာအခြေအနေကို ပြောပြသည်။

“ သတိတော့ ပြန်လည်လာပြီ။ ပူလွန်း နာလွန်းလို့ပေါ့ကွာ.. ဝူးဝူးဝါးဝါး အော်နေတယ်။ သနားပါတယ်။ သိလား။ ပေါင်တစ်ဖက်ကလည်း ၃ပိုင်းတောင် ကျိုးသွားတယ်တဲ့။ ငှက်ပျောရွက်တွေ သွားရှာတဲ့သူလည်း သွားရှာပေါ့ကွာ။ အခုတော့ မန်းလေးကို သယ်သွားကြပြီ။ အဲတာလည်း ချက်ချင်း မသွားဘဲ လူစုံအောင် စောင့်နေရသေးတယ်။ တကယ်ဆို မန်းလေးကို တစ်ခါတည်း မောင်းသွားကြပါလား.. ခုတော့ ဟိုလူစောင့် သည်လူစောင့်နဲ့အချိန် မကုန်သင့်ဘဲ ကုန်တာပေါ့ကွာ ”

ဖေဖေက မျက်စိမျက်နှာ မကောင်းစွာဖြင့် ပြောပြနေ၏။

သူ သတိရလာပြီ ကြားတော့ တော်ပါသေးရဲ့ ဟု အောက်မေ့မိသည်။ သို့သော် နာကျင်မှု ဝေဒနာကို သိစိတ်နှင့် ခံစားနေရမည့်အဖြစ်ကို တွေးကြည့်ရမည်ကိုပင် ကျွန်မ စိတ်ထဲမှာ မကောင်း။ ရင်ထဲမှာ မချိ။ ငါသာဆိုလျှင်ဆိုပြီး ဆက်မတွေးရဲအောင် ဖြစ်ရသည်။

ဆန့်သောလက် မကွေးမှီ၊ ကွေးသောလက် မဆန့်မှီ ဆိုသော စကားသည် သိပ်ပြီး မှန်ကန်ပါလားဟု ဆင်ခြင်မိသည်။ ယခု ပြုံးနေသော်လည်း နောင်မိနစ် အနည်းငယ်အတွင်း ကြုံတွေ့ရင်ဆိုင်ရမည့် ကံကြမ္မာကို ကျွန်မတို့ အားလုံး မသိနိုင်။ ထို အသိကို ယခု လက်ငင်းချက်ချင်းပင် ကြုံတွေ့ သင်ယူလိုက်ရ၏။

အိမ်အနီးနားပတ်ဝန်းကျင်တွင် ထို သူ အကြောင်းကို တစ်ယောက်တစ်ပေါက် ပြောဆိုနေသံများက ဆူညံနေဆဲဖြစ်သည်။ ထို အသံများကြောင့် ကျွန်မ ရင်တွေ တလှပ်လှပ်တုန်လာသည့်အပြင် မူးဝေ၍ လာသည်။ ထို့ကြောင့် အိမ်ထဲရှိ ပြန်ဝင်ထိုင်ကာ သံဗုဒ္ဓေဂါထာတော်မြတ်ကို ရွှတ်ဖတ်သရဇ္ဇယ်နေမိသည်။

ထိုစဉ်မှာပင် အိမ်ရှေ့သို့ လျှပ်စစ်ရုံးမှ လူတစ်ယောက်လာရပ်ပြီး ဖေဖေ့ကို စကားလှမ်းပြောလေသည်။

“ အစ်ကိုရေ.. သူ ဆုံးပြီ ”

မယုံနိုင်စရာ ထိုစကားကို ကြားလိုက်ရတော့ ကျွန်မ နားများကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်မိသည်။ ဒါ တ ကယ် ဖြစ် နေ တာ လား ..။

“ ဟာ.. စောနလေးကတင် ကျွန်တော့်ရှေ့ မှာ သူ အော်ပြီး ညည်းနေသေးတာပါ။ ခု မန်းလေးသွားနေတာလေ ”

“ဟုတ်တယ် အစ်ကို။ ဒါပေမယ့် အခု လမ်းကနေ ပြန်လှည့်လာကြပြီ ”

“ သနားလိုက်တာဗျာ။ ဒါ မသေသင့်ဘဲ သေရတာ”

“ဟုတ်တယ်… ဒါ လျှပ်စစ်တွေ စဆင်ကတည်းက စနစ်တွေ မကျခဲ့လို့။ မိုးရွာရင် ရှော့ခ်တွေ ထ ထ ဖြစ်တာ။ ကျွန်တော်တို့လည်း သိသိကြီးနဲ့ လုပ်နေရတာပဲ။ အသက်ကို ဖက်နဲ့ ထုပ်ထားရတဲ့ အလုပ်ဗျ”

“”

“”

ဖေဖေတို့ အချေအတင် ပြောဆိုနေသော စကားများကို ကျွန်မ မကြားနိုင်တော့ပါ။ ကြားနိုင်စွမ်းလည်း မရှိတော့ပါ။

ကျွန်မ နားထဲတွင် အုန်း ခနဲ အော်မြည်သွားသော ရှော့ခ်ဖြစ်သံနှင့် အတူ ပြုံးနေသေည့်သူ့ မျက်နှာကိုသာ မြင်ယောင်လျက်။

၆။

နံနက်တုန်းက အငြိုးတကြီး ရွာသွန်းခဲ့သော မိုးနှင့်အတူ ရက်စက်စွာ ဝင်ရောက်ခဲ့သော ဒီဇင်ဘာသည် အခုတော့လည်း သူ မဟုတ်တော့သည့်အလား မှုန်မှိုင်း ငြိမ်သက်လို့နေသည်။

သွေးအေးသူတစ်ယောက်၏ အေးစက်ခြင်းမျိုးနှင့် နေ့လည်ခင်းမှာလည်း အေးတိစက်အေးစက်။ တိမ်ညို တိမ်မည်းများ ကင်းစင်သွားသည့်တိုင်အောင် ကောင်းကင်မှာ အုံ့ဆိုင်းနေသေးသည်။ အလင်းရောင်ရှိသော်လည်း နွေးထွေးမှု မရှိ။ နေရောင်ခြည်ကို မမြင်ရ။ ပသာဒ မဖြစ်လိုက်လေခြင်း။ ဒီဇင်ဘာက ရက်စက်လွန်းပါသည်။

ကဲ.. လူတစ်ယောက်၏ အသက်နှင့်သွေးကို ရက်စက်စွာ စုပ်ယူပြီးမှ ဖွင့်လှစ်လိုက်သော ဒီဇင်ဘာကို ရက်စက်သည်ဟု မဆိုလျှင် မည်သို့ ဆိုရတော့မည်နည်း။

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

(လွန်ခဲ့သော နှစ်နှစ်ခန့်က ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုကို ပြန်လည်ခံစား ရေးဖွဲ့ထားပါတယ်။)

“ပြဒါးမဲ့”

၁။

မိဆိုးရေ.. မထင်မှတ်ထားတဲ့ အချိန်၊ မမျှော်လင့်ထားတဲ့ အရပ်မှာ နင့်ကို ရုတ်တရက် မျက်နှာချင်းဆိုင် တွေ့လိုက်ရတော့ ငါလေ သိပ်ပြီးတော့ အံ့သြ ပျော်ရွှင်သွားမိတယ်။ နင် စဉ်းစားကြည့်လေ။ ငါ့မှာ နင့်ကို လွမ်းလွန်လွန်းလို့ တွေ့ရလို တွေ့ရငြား နင် သွားတတ်တဲ့ ကော်ဖီဆိုင်လေး၊ နောက်ပြီးတော့ စာကြည့်တိုက်လေး၊ ကျန်သေးတယ်.. နင် သွားနေကျ ပန်းခြံကြီးထဲက နင်ထိုင်နေကျ နေရာလေးတွေမှာ ရှာခဲ့မိတယ်။ စောင့်ဆိုင်းခ
ဲ့ဖူးတယ်။ မျှော်ခဲ့ဖူးတယ်။ တစ်ရက်၊ တစ်ပတ်၊ တစ်လ ကနေ သုံး၊လေး၊ငါးလ မနေ့ကအထိဆို ခြောက်လနဲ့မှ ခုနှစ်ရက်ပေါ့။ မတွေ့ခဲ့ရပါဘူးဟာ။ နင့်ရဲ့ အရိပ်အယောင်လေးကိုတောင် ငါ့မှာ မမြင်ခဲ့ရပါဘူး။ နေနိုင်သူကြီး နင်က ငါ့ကိုတင် မဟုတ်ဘဲ၊ နင်နှစ်သက်ခဲ့ဖူးတဲ့ အရာတွေ အကုန်လုံးကို မေ့ပစ်လိုက်တဲ့ အတိုင်းပါပဲ။

အခုတော့ကြည့်။ ငါ လုံးဝ မကြိုက်တဲ့ (ဟိုးတုန်းကလည်း နင် လုံးဝ မကြိုက်ခဲ့တဲ့) Peri Peri Chicken ကို သူငယ်ချင်းတွေ အတင်းဆွဲခေါ်လာလို့ လာစားအပြီး ဆိုင်ထဲကအထွက်၊ အဝင်တံခါးဝမှာ အတွင်းကနေ ငါ တွန်းဖွင့်လိုက်တဲ့ တံခါးရွက်ကို နင်က ဆွဲဖွင့်ဖို့ လက်အလှမ်း နင့်ကိုငါ ဘွားခနဲ တွေ့လိုက်ရပါလေရော။

မထင်မှတ်ထားတဲ့ အချိန်၊ မမျှော်လင့်ထားတဲ့ အရပ်မှာ နင့်ကို ရုတ်တရက် မျက်နှာချင်းဆိုင် တွေ့လိုက်ရတော့ ငါလေ သိပ်ပြီးတော့ အံ့သြ ပျော်ရွှင်သွားမိပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ နင့်နောက်မှာ အရိပ်တစ်ခုလို ကပ်ပါလာတဲ့ လူတစ်ယောက် (နင့်အကောင်)က နင့်ခါးလေးကို လှမ်းကိုင်ပြီး ပွေ့ဖက်လိုက်တာကို မြင်လိုက်ရတော့ စောနတုန်းက ငါ့ရဲ့ ပျော်ရွှင်မှုလေးဟာ နေရောင်ခြည်ထဲမှာ ဖောက်ခနဲ ပေါက်သွားရရှာတဲ့ ဆပ်ပြာပူဖောင်းလေးလိုပါပဲ။ တဒင်္ဂပျော်ရွှင်မှုလေးဟာ စက္ကန့်ပိုင်းလေးပဲ သက်တမ်းရှည်ကြာခဲ့ပါတယ်။

မိဆိုးရယ်.. အိမ်အပြန်လမ်းတစ်လျှောက်လုံး ငါ့ရင်ဘတ်ထဲမှာ နင်နေတယ်။ ဟုတ်တယ်။ နင့်ပုံရိပ်တွေနဲ့ ဆို့နင့်နေတယ်။ နာနာကျင်ကျင်ကြီးနဲ့ တစ်မျိုးကြီးပါပဲ။ စူးစူးရှရှ နာကျင်မှုလည်း မဟုတ်ဘူး။ ငါ့ရင်ဘတ်ကြီးထဲမှာ အတုံးလိုက်၊ အတစ်လိုက်ကြီး နာနေတာဟာ။ ငါက နင့်ကိုပဲ တွေ့ချင်ခဲ့ပြီး၊ ငါ့စိတ်ကူးထဲက နင့်ပုံရိပ်တွေမှာ နင့်အကောင်ကိုမှ ထည့်မမြင်မိခဲ့တာ။ နင်တို့နှစ်ယောက်အကြောင်းကို ငါ သိနေခဲ့တယ်ဆိုပေမယ့်လေ ငါ့ရဲ့နင်ကို၊ သူ့ရဲ့နင်အဖြစ် မျက်ဝါးထင်ထင် မြင်ရဖို့တော့ တကယ် အားမရှိပါဘူးဟာ။ အဲသည် အားမျိုးလည်း မွေးနိုင်မယ် မထင်ပါဘူး။

နင်ကတော့ သိပ်ပြီးတော့ ဟန်ဆောင်ကောင်းတယ်နော်။ ငါ့ကို မြင်လိုက်ရဲ့သားတဲ့၊ ငါမှန်း သိလိုက်တဲ့ အရိပ်တစ်ခုလည်း နင့် မျက်ဝန်းထဲမှာ ဖြတ်ပြေးသွားရဲ့သားနဲ့ ချက်ချင်းဆိုသလို နင့်ကိုနင် ထိန်းလိုက်နိုင်တယ်။ မယုံနိုင်စရာပါပဲဟာ။ နင်က ငါ့ကို လမ်းမထက်မှာ မျက်နှာချင်းဆိုင် ကြုံဆုံလိုက်ရတဲ့၊ တစ်ကြိမ်တစ်ခါမှ မသိကျွမ်းခဲ့ဖူးတဲ့ သူစိမ်းတစ်ယောက်လိုကို သဘောထားလိုက်နိုင်တာ၊ ငါ မယုံနိုင်ဘူးဟာ။

နင့်အကောင်ကတော့ ငါ့ကို မြင်ဟန် မတူပါဘူး။ နင့်ကို အတင်းဖက်ပြီး ဆိုင်ထဲ တွန်းဝင်သွားတာပဲ။ ငါကတော့ နင်နဲ့ ဆုံလိုက်ရတဲ့ အဲသည်အခိုက်အတန့်လေးမှာပဲ ရပ်တန့် ကျန်နေရစ်ခဲ့တာပါ။ တစ်နေကုန်လို့ ညရောက်ခဲ့ပေမယ့်လည်း ငါ့အတွေးထဲမှာ လတ်လတ်ဆတ်ဆတ် နင့်ပုံရိပ်တွေက ကိန်းအောင်းနေတုန်း။

နင် သိပ်ပြီး လှနေတယ်နော်။ ဖြူဝင်းနေတဲ့ နင့်အသားလေးတွေကလည်း စိုပြီး နုဖတ်နေတော့တာပဲ။ ထူထဲလှတဲ့ နင့်ဆံနွယ်တွေကို ရွှေရောင်တောက်တောက်လေး ဆိုးထားပြီး အလိပ်လေးတွေ၊ အခွေလေးတွေ လုပ်ထားပုံကလည်း ပုံပြင်ထဲက မင်းသမီးလေးအတိုင်းပါပဲဟာ။

အဲဒီနက်ပြာရောင် ဂါဝန်အကြပ်လေးနဲ့ နင်နဲ့ သိပ်လိုက်တယ် သိလား။ ပခုံးပေါ်က ဇာအတွန့်အဖတ်လေးတွေကြောင့် နင့်အလှတွေဟာ ထင်းနေတာပဲ။ နင်က ဇာအတွန့်လေးတွေပါတဲ့ အကျီင်္လေးတွေနဲ့ဆို သိပ်လှတာဟ။ တကယ်တော့ နင်က နဂိုကကို လှပြီးသားပါ။ နဂိုရှိမှ နကိုင်းထွက်တယ် မဟုတ်လား။ အရင်တုန်းကတော့ နင်က မပြင်မဆင် မဖြီးမလိမ်းလေ။ အဲသည်လိုမျိုး ပြီးပြီးရော နေလို့သာ အမြဲတမ်း အာပေတူးရုပ် ထွက်နေခဲ့တာ။

ငါ့အတွက် မဟုတ်တော့ပေမယ့်လည်း လှပနေတဲ့ နင့်ကိုမြင်ရတာတော့ တကယ်ပဲ ငါ ကျေနပ်ပါတယ်။ စိတ်လည်း ချမ်းသာတယ်။ ငါတို့အတူတူ ရှိနေခဲ့တုန်းက ကြော့ကြော့လေး လှနေတဲ့ နင့်ကို မြင်ရခဲတယ်လေ။

အခုတော့ ငါတို့ တကယ်ဝေးသွားကြပြီနော်။ ငါ့အနားမှာ နင် မရှိတော့ဘူး။ ဟောင်းနွမ်းခဲ့ပြီဖြစ်တဲ့ အဖြစ်အပျက်တွေပဲ ငါ့အနားမှာ ကျန်ရစ်တော့တယ်။