Sunday 13 July 2014

ငွေနွံ



၁။

ငါ မြင်မြင်ချင်း စွဲလန်းမိသွားတဲ့ မျက်ဝန်းပိုင်ရှင်လေးကို ဒီလိုနေရာမျိုးမှာ ပြန်တွေ့ရလိမ့်မယ်လို့ ငါ ဘယ်လိုလုပ် ထင်မိမှာလဲ။ ဒီလိုနေရာမျိုးဟာ နင်နဲ့ သက်ဆိုင်နေတဲ့၊ နင် အင်မတန် ရင်းနှီးကျွမ်းဝင်တဲ့ နေရာတစ်ခု ဖြစ်နေမယ်လို့ ငါ မထင်မိတာကလေ၊ အဲသည်လိုနေရာဟာ ငါနဲ့ အကျွမ်းတဝင် မရှိနေလို့ပေါ့။

တကယ်ပါ။ သည်လို နေရာမှာ နင့်ကိုတွေ့လိုက်ရတော့ ငါ တော်တော်တုန်လှုပ်သွားရပါတယ်။ တစ်ချိန်တည်းမှာပဲ နင့်အကြောင်းကိုပါ ကြားသိလိုက်ရတော့ ငါနားနှစ်ဖက်ကိုတောင် ငါမုန်းတီးသွားမိသေးတယ်။ မကြားဝံ့တာတွေကိုမှ ကြားလိုက်မိတာကိုး။

အခုသည်နေရာနဲ့ နင် တန်မှတန်ရဲ့လားလို့လည်း တွေးနေဖို့ ငါ့မှာ အခွင့်အရေး မရှိခဲ့ဘူး။ အခုလိုနေရာမှာ နင် တကယ်ပျော်နေသလားလို့ စဉ်းစားဖို့လည်း ငါ့မှာ အချိန်မရခဲ့ဘူး။ ဘာလို့လဲဆိုတော့ နင့်နဲ့တန်တန် မတန်တန်၊ နင် ပျော်နေသည်ဖြစ်စေ မပျော်ဘူးဘဲဖြစ်ပါစေ သည်လိုနေရာမှာမှ ခိုးခိုးခစ်ခစ် ရယ်မောနေတဲ့ နင့်ကို ငါ တွေ့လိုက်ရတာကိုး။ လျှပ်တစ်ပြက် မြင်လိုက်ရတုန်းက ငါရင့်ကို ဒိန်းကနဲ တန်းပြီးဝင်ဆောင့်သွားခဲ့တဲ့ ရွှန်းလက်တောက်ပနေတဲ့ နင့်မျက်ဝန်းအကြည့်လေးတွေက အခုတော့ ရီရီဝေဝေ။

ရက်ပေါင်းများစွာကြာအောင် နင့်ကိုငါ ရှာပုံတော်ဖွင့်နေမိသေးတယ်။ အဲသည်နေ့ ကျောင်းပိတ်ခါနီးလို့ စာမေးပွဲတွေ စဖြေရတဲ့ ပထမဆုံးရက်၊ တက္ကသိုလ်အဝင်ဝမှာ နင့်ကို မြင်လိုက်ရကတည်းကပေါ့။ ငါက ကျောင်းဝင်းထဲကို အဝင်၊ နင်က ကျောင်းဝင်းထဲကအထွက်၊ တကယ်တော့ နင့်ကိုငါ မြင်လိုက်ရတာ ဆိုင်ကယ်ချင်း ဖြတ်မောင်းသွားတဲ့ စက္ကန့်ပိုင်းလေးပါပဲ။

နင့်မျက်နှာလေးက ဘာမိတ်ကပ်မှ မလိမ်းခြယ်ထားပဲနဲ့ကို ပန်းရောင်လေး ပြေးနေတာ၊ နင့် နှုတ်ခမ်းလေးတွေကလည်း ဆေးမဆိုးထားပဲ ရဲလို့နေပါရော။ အထူးသဖြင့်တော့ နင့် မျက်ဝန်းလေးတွေပေါ့။ အဲဒီမျက်ဝန်းနက်နက်လေးတွေက ဖြူစင်လိုက်တာဟာ။ ပြီးတော့ နင့်မေးစေ့ထက်က မှည့်နက်နက်ကလေး။ နင့်မျက်ဝန်းနက်နက်လေးတွေနဲ့အပြိုင် ပနံရလိုက်တာ။ အဲဒီပုံရိပ်လေးကို မြင်လိုက်ရတဲ့ အခိုက်အတန့်လေးအတွင်းမှာပဲ ငါက စွဲလန်းသွားရတာဟ။ ငါ့ရင်ထဲမှာ ဓါတ်ပုံရိုက်ယူထားမိလိုက်သလိုပါပဲဟာ။

အဲဒီ ပုံရိပ်လေးကလေ ငါ စာမေးပွဲအတွက် ဖုတ်ပူမီးတိုက် စာကျက်နေရချိန်မှာတောင် ငါ့စာအုပ်တွေပေါ်မှာ အကျအနကို နေရာယူလို့။ နင့်ကြောင့် ကယောက်ကယက် ဖြစ်နေရတဲ့ စိတ်တွေ ငြိမ်ပါစေတော့ဆိုပြီး ဘုရားစင်ရှေ့မှာ ငါ အကျအနထိုင်လို့ တရားမှတ်ဖို့ ကြိုးစားချိန်ထိလည်း လိုက်ပါလာသေးတာ။ ရေချိုးခန်းထဲက မှန်မှာ၊ အိပ်ရာထက်က မျက်နှာကျက်မှာ၊ ငါ့လက်ပတ်နာရီ ဒိုင်ခွက်လေးမှာ အို.. နေရာအစုံမှာပါပဲဟာ။ နင့်ကို ငါ မြင်ယောင်နေမိတာလေ။ တကယ် တကယ်..။ ငါလေ ဂျပန်သီချင်းတစ်ပုဒ်က စာသားလေးကိုတောင် သတိတွေ ရနေခဲ့မိသေးတာ။ ဘာတဲ့။ “ ငါ့ မျက်လုံးဖွင့်ထားချိန် နေရာတကာမှာ နင့်ကိုငါ တွေ့ရလို့ ငါ့မျက်လုံးကို ပိတ်လိုက်မိတယ်။ အဲဒီအခါမှာပဲ ငါ့မျက်ခွံနောက်မှာ ပုန်းနေတဲ့ နင့်ကိုငါ တွေ့လိုက်ရပါရော ” တဲ့။ ငါလည်း အဲဒီ သီချင်းစာသားလေးအတိုင်း ဖြစ်နေခဲ့တာပေါ့ဟာ။

ဒါကြောင့်မို့လည်း နင့်ကိုငါ နေ့တိုင်း ကျောင်းထိပ်မှာ လာလာစောင့်နေမိတာပေါ့။ ငါ့မှာ နင် ဘယ်မေဂျာကမှန်းလဲ မသိ။ ဘယ်ရီးယားကမှန်းလဲ မသိ။ တကယ်တော့ နင် ဒီကျောင်းက ကျောင်းသူ ဟုတ်မဟုတ်ဆိုတာပါ ငါ မသိဘူးလေ။ ဒါပေမယ့် ငါ ဇွဲကောင်းခဲ့တယ်ဟ။ နင့်ကိုငါ ကျောင်းထိပ်မှာ နေ့တိုင်း စောင့်တယ်။ ကျောင်းဝင်းထဲမှာ၊ ကန်တင်းတွေမှာ နင့်ကိုများ တွေ့လိုတွေ့ငြား ငါပတ်ရှာတယ်။ စာမေးပွဲခန်းရောက်နေချိန်လေးမှာပဲ ငါ့ ခန္ဓာကိုယ်ဟာ ခဏ ဂဏှာငြိမ်တာပေါ့။ ဒါတောင် ငါ့စိတ်တွေက ယောက်ယက်ခတ်နေတုန်း။ ငါ စာမေးပွဲခန်းထဲမှာ ထိုင်နေချိန် နင်နဲ့များ လွဲသွားမလားဆိုပြီးတော့လေ။

ငါလေ နင့်ကိုတွေ့ရဖို့အတွက် ငါ့စာမေးပွဲရက်တွေ အကုန် ပြီးသွားတာတောင် ကျောင်းကို ရောက်ဖြစ်နေခဲ့တာ။ တခြားမေဂျာတွေရဲ့ နောက်ဆုံးနေ့ စာမေးပွဲကြီး ပြီးသွားလို့ ကျောင်းမှာ ကျောင်းသားတစ်ယောက်မှ မကျန်တော့တဲ့အချိန် အထိပေါ့ဟာ။ အဲသည့်နေ့တုန်းက ငါဘယ်လောက်များ စိတ်ပျက်အားကုန် ဖြစ်နေခဲ့သလဲဆိုတာ နင် တွေးကြည့်တတ်မှာတောင် မဟုတ်ဘူးဟ။

ငါ့ကိုယ်ငါလည်း အခါခါ အပြစ်တင်မိပါရဲ့။ ဟုတ်တယ်လေ။ ဖျတ်ခနဲပဲ တွေ့လိုက်ရတဲ့ ပုံရိပ်လေးကိုမှ ဒီလောက် အသည်းအသန် ဖြစ်နေမိတာကိုး။ ဒါပေမယ့် ငါ့ကိုငါ ပြန်ခွင့်လွှတ်လိုက်မိတယ်။ ဘာကြောင့်လဲ နင်သိလား။ နင်က ငါ့ဘဝမှာ ပထမဆုံး စွဲလန်းမိရတဲ့ မိန်းကလေးမို့။ ဖူးစာပါရင် ပြန်ဆုံမှာပေါ့လို့ ငါ့ကိုငါ ဖြေနေခဲ့တာပါ။ နင့်ကို စတွေ့လိုက်တဲ့ နေ့ကနေ ဒီနေ့အထိ ရက်တွေကို ရေတွက်ကြည့်မယ်ဆိုရင်လေ မှတ်မှတ်ရရ ၅၃ရက် ရှိသွားခဲ့ပြီဟ။ ဒီ ၅၃ရက်လုံးလုံး နင့်ကိုငါ စွဲလန်းနေတုန်းပဲ။ နင့်ပုံရိပ်လေးကို ငါ မက်မက်မောမော ရှိနေဆဲပဲ။ နင်နဲ့ငါ ပြန်ဆုံချင်နေဆဲပဲ။

အဲသည်လောက် ငါ အရူးအမူးစွဲလန်းရပါတယ်ဆိုတဲ့ နင့်ကို ဒီလိုနေရာမှာ တွေ့လိုက်ရတော့လေ ငါ အရှင်လတ်လတ် မီးမြှိုက်ခံလိုက်ရသလိုပါပဲဟာ။ ငါ့မျက်လုံးကို ငါ မယုံနိုင်အောင် ဖြစ်သွားရတယ်။ ဒါပေမယ့်လေ အဲဒီ နှုတ်ခမ်းလေး၊ အဲဒီမျက်ဝန်းလေး၊ အဲဒီမှည့်လေးတွေက နင်မှနင်ပဲဆိုတာကို သက်သေခံနေကြတာ။

အခု ငါမြင်နေရတဲ့ နင့်ပုံရိပ်လေးက ဟိုတစ်ခါ ငါတွေ့လိုက်ရသလို ပကတိ အရိုးခံ အလှလေးနဲ့တော့ မဟုတ်တော့ဘူးပေါ့။ မိတ်ကပ်တွေကြောင့် နင့်မျက်နှာဟာ ပိုပြီးတော့ ကြွကြွရွရွလေး လှနေတယ်။ နင့်မျက်ခုံးတွေဟာလည်း ထင်းနေတာပဲ။ နင့်မျက်ဝန်းက မျက်တောင့်ကော့ကော့ရှည်ရှည်ကြီးတွေကလည်း သဘာဝအတိုင်းမှ မဟုတ်ဘဲ။ ပိုပြီးလည်းရှည် ပိုပြီးလည်း ကော့ညွှတ်နေကြတယ်လေ။ နှုတ်ခမ်းကိုလည်းလေ နီရဲနေအောင် ဆိုးထားလိုက်တာ။ နင့်နှုတ်ခမ်းက သိပ်လှတော့ တကယ်ကို နှင်းဆီပန်းတစ်ပွင့်ပါပဲဟာ။ နင် ပါးစပ် အဖွင့် အပိတ်လုပ်လိုက်တိုင်းလေ ငါ့စိတ်ထဲ ပန်းလေးတစ်ပွင့် ပွင့်အာသွားလိုက် ငုံဖူးသွားလိုက် ဖြစ်နေတာကို မြင်နေရတဲ့အတိုင်းပဲ။ နင်က နှုတ်ခမ်းနီရောင်နဲ့ လိုက်ဖက်အောင် ပါးကိုလည်း ဆေးနီတွေ ခြယ်ထားသေးတယ်။ ဒီလို ဆေးဆိုးပန်းရိုက် မျက်နှာနဲ့ နင်က တစ်ဖက်လူ ယစ်မူးလောက်အောင် လှလှပပ ညှို့ယူနေနိုင်တာ။ ဒါကြောင့်လည်း နင့်ဘေးက ဘဲနာကြီးက နင့်မျက်နှာကို တစ်ချက်လေးတောင် မခွာ ငမ်းနေတာပေါ့။

၂။

တကယ်တော့ ဒီလိုနေရာကို ငါတစ်ခါမှ မလာဖူးဘူးဟ။ ငါက အေးအေးဆေးဆေး နေရတာကိုမှ သဘောကျနှစ်ခြိုက်သူ။ ငါ့အလိုဆို ဒီလိုနေရာထက် မန်းလေးတောင်ပဲ တက်လိုက်ချင်ပါရဲ့။ မဟုတ်လည်း ကျုံးဘေးမှာ အေးအေးလူလူထိုင်ပြီး ကဗျာတွေစပ်နေမိမှာ။ ကဗျာတွေ စပ်နေချိန် ခြေသလုံးမှာ လာကိုက်တဲ့ ခြင်တွေကိုတော့ ငါက ဥပေက္ခာပြုထားမှာပေါ့။

အခုက နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ ငါ့သူငယ်ချင်းတစ်ယောက်က ဒီကို အလည်ပြန်လာတယ်။ သူက သူငယ်ချင်းအားလုံးနဲ့ တွေ့ချင်တယ်ဆိုပြီး ဒီနေရာမှာ ချိန်းခဲ့တယ်။ တကယ်ဆို ငါ မလာချင်ဘူး သိလား။ ငါ့သူငယ်ချင်းတွေ အကုန်လုံးက အတင်းဝိုင်ဆွယ်ကြတယ်။ အဆွယ်ကောင်းလွန်းလို့ ပါလာတယ်လို့လည်း နင်မထင်လိုက်နဲ့ဦး။ အလည်ပြန်လာတဲ့ သူငယ်ချင်းမျက်နှာနဲ့မို့ ငါလိုက်လာခဲ့တာ။ နင်နဲ့ ပြန်လည်ဆုံဆည်းဖို့ကံ ပါလာလို့ ထင်ပါရဲ့ဟာ။

ဒီနေရာရောက်ရောက်ချင်းပဲ ခြံဝင်းထဲမှာ ထွန်းထားတဲ့ မီးရောင်တွေကိုကြည့်ပြီး ငါ နှာခေါင်းရှုံ့မိပါရဲ့။  ငါတို့ နိုင်ငံလား လျှပ်စစ်မီး ရှားတာ။ ဒီနေရာကိုသာ ခေါ်ပြလိုက်ချင်မိတယ်။ တကယ်ပါပဲဟာ။ မီးတွေကို မလိုဘဲ ထွန်းထားလိုက်တာများ ပျိုးပျိုးပြက်ပြက်။ ငါ့မျက်လုံးထ ဟိုနှစ်တုန်းက ဖယောင်းတိုင်နဲ့ဆန္ဒပြထားတဲ့ မြင်ကွင်းတွေ အစီအရီပေါ်လာပါရော။

ဟူးးးး ကနဲ သက်ပြင်းရှည်ကြီးတစ်ခုကို ငါ မှုတ်ထုတ်လိုက်တော့ ဦးဆောင်ပြီး ခေါ်လာတဲ့ သူငယ်ချင်းက ဘာလဲဆိုတဲ့ဟန်နဲ့ မေးဆတ်ပြတယ်။ ငါ ဘာမှပြန်မပြောဖြစ်လိုက်ဘူး။ ပုခုံးပဲ တွန့်ပြလိုက်မိတယ်။


၃။


ငါ့ကောင်တွေက စတိတ်ရှိုးစင်နဲ့လည်း သိပ်မလှမ်းတဲ့၊ အမှောင်ရိပ်လည်း ပိုကျတဲ့ ထောင့်တစ်ထောင့်က စားပွဲမှာ ထိုင်တယ်ဟ။ လိုက်လာပြီးမှတော့ ငါ ဘာဂျီးဂျောင်မှ များမနေတော့ဘူးလေ။ သူတို့ စီစဉ်မှုနောက် အသာတကြည် ငြိမ်ပြီး လိုက်နေလိုက်တာပေါ့။ သိပ်မကြာပါဘူး။ ဘီယာတွေ ရောက်လာတယ်။ အပြင်းစားအရက်တွေ ရောက်လာတယ်။ ဆေးလိပ်တွေ ရောက်လာတယ်။ အမြည်းတွေ ရောက်လာတယ်။ ပြီးတော့ မိန်းကလေးတွေ ငါတို့ဘေး ရောက်လာတယ်။ ငါ့ဘေးမှာ လာထိုင်တဲ့ မိန်းကလေးကို ငါ ခေါင်းခါပြလိုက်တော့ အဲဒီကောင်မလေးက မျက်စိပျက် မျက်နှာပျက်နဲ့ ထွက်သွားလေရဲ့။ ငါ့ဘော်ဒါက သူ့ကို လှမ်းခေါ်ပြီး မုန့်ဖိုးနည်းနည်းပေးလိုက်ရတယ်။ အဲဒီအခါကျမှ ပြုံးပြုံးရွှင်ရွှင် ဖြစ်သွားတဲ့ သူ့မျက်နှာကိုကြည့်ပြီး ငါလေ …။ ဘာမှမဟုတ်တော့ပါဘူးဟာ။ ထားလိုက်ပါတော့။

အို.. နင်တို့ဆိုင်ထဲမှာ အသံတွေက တဖြည်းဖြည်းနဲ့ ဆူပွက်သထက် ဆူပွက်လာနေတယ်။ ဒီလောက်ဆူညံနေတဲ့ သီချင်းသံတွေဟာ ဂီတ မှမဟုတ်တာ။ ဒါကို ဖျော်ဖြေရေးပါလို့ ငါတော့ လုံးဝ လက်မခံဘူး။ ဆလိုက်မီးရောင်စုံတွေ ထွန်းထားတဲ့ စတိတ်ရှိုးစင်ပေါ်မှာ နောက်ခံ တေးသီချင်းအလိုက် ကခုန်နေတဲ့ မိန်းကလေးတွေကို မြင်ရတာလည်း မျက်စိ မချမ်းသာစရာပဲပါဟာ။ အသားစိုင်တွေ လှုပ်ခါယမ်းပြီး တုန်နေအောင် ခန္ဓာကိုယ်ကြီးတွေ  ဟိုခုန် ဒီတွန့် ဟိုလှုပ် ဒီလှုပ်နဲ့ ၊ မြွေတွေလို တွန့်ကာလိမ်ကာ ကနေလိုက်ကြတာ။ သူတို့ အခေါ်မှာ ဆက်ဆီအကပေါ့နော်။ ငါ့မျက်လုံးထဲတော့ ဆားပက်ခံလိုက်ရတဲ့ တီကောင်သာသာပါပဲဟာ။ သတီစရာကို မရှိဘူး။ ၅မိနစ်လောက်တောင် မကြည့်လိုက်နိုင်ဘူးဟ။ တစ်ခါတည်းကို မူးနောက် စိတ်ပျက်သွားတာပဲ။ ငါ့ကောင်တွေကို ကောင်မလေးတွေ ကိုယ်စီနဲ့ တွတ်ထိုးနေလေရဲ့။ သောက်လိုက် စားလိုက် ဖက်လိုက် ကိုင်လိုက် နမ်းလိုက်နဲ့ အို.. စိတ်ပျက်စရာပဲ။

ကျွတ်စ်။

အဲတာနဲ့ ငါက စတိတ်စင်ကို ကျောပေးထိုင်ပြီး ဘီယာကို စိမ်သောက်ဖို့ နောက်ကို လှည့်လို်က်မိတယ်လေ။ အဲဒီမှာပါပဲ။ ဘဲနာကြီးတစ်ကောင်ဘေးမှာ ထိုင်နေပြီး ကော့တေးခွက်ကို ထိလိုက် တို့လိုက်၊ အဲလူကြီး ပြောသမျှ စကားတွေနောက်မှာ သဘောကျနေဟန်နဲ့ ခေါင်းကိုလှန်မော့ပြီး တခစ်ခစ် ရယ်လိုက်၊ အဲလူကြီးကို ရီရီဝေဝေ ညုတုတုအကြည့်တွေနဲ့ ကြည့်လိုက် မျက်စောင်းထိုးလိုက်လုပ်နေတဲ့ နင့်ကို ငါ တွေ့လိုက်ရတာ။ အဲဒီတဒင်္ဂမှာပဲ တဝုန်းဝုန်း ဆူညံနေတဲ့ ဂီတသံတွေ ငါ့ရင်ကို တဒိန်းဒိန်း လာဆောင့်နေတဲ့ အရှိန်ထက် အဆထောင်သောင်းမက ပြင်းတဲ့ အရှိန်တစ်ခုက ငါ့ရင်ကို ဝင်ဆောင့်သွားတယ်။

ဒါ ငါ စွဲစွဲလန်းလန်း ရှာဖွေနေရတဲ့ ပုံရိပ်လေးဆိုတဲ့ အသိက ငါ့ရင်ကို စူးစူးဝါးဝါး နာကျင်စေလိုက်တာဟာ။ နင့်ကိုလည်း ငါ တော်တော်ကြာအောင် စိုက်ကြည့်မိတယ် ထင်ပါရဲ့။ နင်က ငါ့ကို သတိထားမိသွားလို့ထင်တယ် ပြန်လှမ်းကြည့်ပြီး ရယ်ပြနေတယ်လေ။ ဟုတ်မှာပေါ့။ နင်က ရယ်နိုင်မှာပေါ့။ နင်က ငါ့ကိုလည်း မသိဘူး။ နင့်ကိုငါ စွဲလန်းနေတယ်ဆိုတာလည်း မသိဘူး။ ဒီနေရာမှာ နင့်ကိုငါ တွေ့လိုက်ရလို့ ငါ့ရင်မှာ ဘယ်လောက်တောင် တုန်လှုပ်ခြောက်ချားစွာ ခံစားလိုက်ရလဲဆိုတာလည်း နင်မသိဘူးလေ။

နင် ရယ်ပြတာကိုတွေ့တော့ ငါလေ အယောင်ယောင်အမှားမှားနဲ့ စားပွဲဖက် ပြန်လှည့်လိုက်မိတယ်။ စိမ်သောက်ဖို့ ရည်ရွယ်ထားတဲ့ ဘီယာတစ်ခွက်လုံးကိုလည်း တစ်ချိုက်တည်း မော့သောက်ပစ်လိုက်မိတယ်။ တုန်ယင်နေတဲ့ ငါ့လက်တွေနဲ့ ဘီယာဂျားကို လှမ်းဆွဲလိုက်တော့ ဝိတ်တာတစ်ယောက်က အလိုက်တသိနဲ့ပဲ ငါ့လက်ထဲက ဘီယာဂျားကိုယူပြီး ခွက်ထဲငှဲ့ပေးတယ်။ တော်သေးတယ်။ ငါ အလဲလဲ အကွဲကွဲဖြစ်နေတာကို ငါ့ကောင်တွေကတော့ မရိပ်မိလိုက်ဘူး။ သူတို့ကောင်မလေးတွေနဲ့သူတို့ အလုပ်များနေတာကိုး။

ဘီယာကို ငှဲ့ပေးပြီး လှည့်ထွက်ဖို့ ပြင်နေတဲ့ ဝိတ်တာ့လက်ကို ငါ လှမ်းဆွဲထားလိုက်မိတယ်။ ဟုတ်တယ်လေ။ နင့်အကြောင်းကို ငါသိချင်မှတော့ နင့်ဝန်းကျင်ကလူတွေကိုပဲ ငါ မေးကြည့်ရမှာပေါ့။

“ သူ့နာမည်က ဧကရီ တဲ့။ ဘေးက ဘိုးတော်က သူ့စပွန်ဆာကြီးတွေထဲက တစ်ယောက်လေ။ ဧကရီက တစ်ရက်တစ်ရက်ကို သိန်းကျော်မှန်နေတဲ့သူ အစ်ကိုရ။ သူ့ဘိုးတော်ကြီး ပြန်သွားရင်တော့ ဝိုင်းတွေမှာ လိုက်ထိုင်တယ်။ ဒါပေမယ့် ကြေးသိပ်ကြီးတာဗျ။ အစ်ကို ဘယ်လောက်တန် ပန်းကုံးစွပ်မှာလဲ။ ကျွန်တော် သွားပြောထားမယ်လေ ”

“ နိုး.. ညီ။ ကိုယ် သိချင်ရုံပဲ ”

ကျောခိုင်းထွက်သွားတဲ့ ဝိတ်တာကို ကြည့်ရင်း သူပြောသွားတဲ့ စကားတွေက ငါ့ နားထဲမှာ ပဲ့တင်ထပ်နေခဲ့တာ နင် သိလား။ စပွန်ဆာကြီးတွေနဲ့တဲ့။ သိန်းကျော်မှန်နေသူတဲ့။ ကြေးသိပ်ကြီးတယ်တဲ့။ ငါ့ ရင်တွေ နာလိုက်တာ။ ငါ့နားကိုတောင် ငါ မုန်းမိပါရဲ့။ မနာဝံ့တာကိုမှ နာကြားလိုက်ရတာကိုး။

နင့်နာမည်လေးကတော့ သိပ်လှတဲ့၊ သိပ်ပြီးမွှေးပျံ့တဲ့ ပန်းနာမည်လေးပဲနော်။ ကျောင်းထိပ်မှာ တွေ့လိုက်ရတဲ့ နင့်ပုံရိပ်လေးနဲ့ နင့်နာမည်လေးက သိပ်လိုက်တယ်။ ဧကရစ်ပန်းလေးတွေက တကယ့်ကို ဖြူဖြူစင်စင် မွှေးမွှေးပျံ့ပျံ့လေးတွေ။ ပြီးတော့ သူတို့က ညှိုးနွမ်းနေတာတောင် မွှေးရနံ့မပြယ်တတ်ဘူးလေ။ နင်ကကော သူတို့ကိုများ အားကျလို့ မြေခနေသလားဟင်။ ငါ့ရင်တွေ တအားမောသွားတယ်။

တကယ်ဆို ငါ စွဲလန်းရတဲ့ ပုံရိပ်လေးဟာ ဒီလိုနေရာက ဒီလိုမိန်းမဆိုတာ သိသိချင်း ရှက်ကြောက်နာကျင်စွာနဲ့ နင့်ကိုငါ ချက်ချင်း ရွံရှာပြီး မုန်းတီးသင့်တာပေါ့။ ခုတော့ဟာ နင့်ကို နှမြောတဲ့စိတ်တွေက ငါ့ရင်မှာ တလှိမ့်လှိမ့် လှိမ့်တက်လာတယ်ဟ။

“ ဧကရီရယ်.. ”

နင့်နာမည်ကို တိုးတိုးဖွဖွ ညည်းရင်း အရက်ပြင်းတစ်ခွက်ကို ငှဲ့လို့ ငါ သောက်ဖို့ဟန် ပြင်လိုက်မိတယ်။ အဲဒီအချိန်မှာပါပဲ။ ပူနွေးတဲ့ အတွေ့အထိလေးတစ်ခုက ငါ့ပုခုံးတစ်ဖက်ကို ညင်ညင်သာသာလေး လာထိတယ်။ ငါ နောက့်ကို လှည့်ကြည့်လိုက်မိတယ်။ အိုးးး နင်ပါလား။ နင်။ ငါ့ရှေ့မှာ ရပ်နေရင်း၊ ငါ့ကို ပြုံးပြနေရင်း၊ ငါ့ပုခုံးကို မလွှတ်သေးဘဲ ကိုင်ထားတာ နင်မှနင်ပေါ့။ စောစောက နင်ထိုင်နေတဲ့စားပွဲကို ငါလှမ်းကြည့်လိုက်တော့ ဟို ဘဲနာကြီး မရှိတော့ဘူး။

“ ယူ့ဘေးမှာ ကိုယ် ဝင်ထိုင်မယ်နော် ”

ပြောပြောဆိုဆိုနဲ့ ဘေးဝိုင်းက ကုလားထိုင်ကိုဆွဲပြီး နင်က ငါ့ဘေးမှာ ဝင်ထိုင်တယ်လေ။ နင်က ရဲတင်းလွန်းလိုက်တာဟာ။ အင်းပေါ့လေ။ နင့်အတွက်တော့ ဒါတွေဟာ ထမင်းစား ရေသောက်ပေါ့။နော်။ ငါ့မှာတော့ အံ့သြတုန်လှုပ်ရလွန်းလို့ အသက်တောင် အလျှင်မှီအောင် ရှုနေရပြီဟ။

“ ယူ စိတ်အိုက်နေသလားဟင်.. ယူ့မျက်နှာက တစ်ချိန်လုံး စူပုပ်နေတာပဲ ”

နင်က ငါ့ကို အရေးတယူလုပ်ပြီး စကားပြောနေပါလား။ ခက်တယ်ဟာ။ နင့်ကိုငါ ချက်ချင်း စကားပြန်မပြောလိုက်နိုင်ဘူး။ ငါ့လည်ပင်းဝမှာ တင်းကြပ် ဆို့တစ်နေတယ်လေ။ အပေါ်နှုတ်ခမ်းကို ငါ ကိုက်ထားလိုက်မိတယ်။ နင်က ငါ့မျက်နှာကို စိုက်ကြည့်နေလိုက်တာ။ နင့်အကြည့်ကြောင့် ငါတော့ ရူးတော့မှာပါပဲ။ တကယ်လို့ နင်နဲ့ အခုလို တွေ့ဆုံခြင်းဟာ ဒီလိုနေရာမှာသာ မဟုတ်ရင် ငါလေ သိပ်ကို ပျော်နေမှာ။ အခုလို အာစေးမိထားသလို ငါ့နှုတ်ကလည်း ဆွံ့အနေမှာ မဟုတ်ဘူးဟ။ ခုတော့ ငါ့ခန္ဓာကိုယ်ကလည်း ငါ့သဘော မပါဘဲနဲ့ကို ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေမိပါရော။

အသက်ကို ပြင်းပြင်းရှုထုတ်လိုက်ရင်း ဆေးလိပ်ဗူးဆီကို ငါလက်လှမ်းလိုက်မိတယ်။ ငါ့လက်တွေ လှုပ်ရှားရတာ လေးပင်လိုက်တာ။ ဆေးလိပ်ကို နှုတ်ခမ်းမှာတပ်ပြီး မီးညှိဖို့ မီးခြစ်လိုက်ရှာတော့ နင်က ငါ့ကို ဆေးလိပ်မီး လာညှိပေးတယ်လေ။ မီးခြစ်ဗူးကို ဟန်ပါပါ ဖွင့်ပြီး ဟန်ပါပါ ပြန်ပိတ်လိုက်တဲ့ နင့်စတိုင်က တကယ့်ကို နိုင်ငံခြားဇာတ်ကားထဲက မင်းသမီးတစ်ယောက်လိုပါပဲဟာ။ လက်မခံချင်ပေမယ့် တကယ်ကို ကြည့်လို့ကောင်းတာဟ။ ဒါကြောင့်လည်း ဟိုဝိတ်တာပြောသလို နင်က သိပ်ကို ကြေးကြီးနေတာ ထင်ပါရဲ့လေ။

“ ယူတို့က ကျောင်းသားတွေလား ”

နင်က ငါ့ကို မေးပြီး စပ်စုနေတာ။ နင်လည်း ကျောင်းသူပဲ မဟုတ်ဘူးလားလို့ ငါပြန်မေးချင်လိုက်တာဟာ။ ဒါပေမယ့် ငါ့ကိုယ်ငါ အချိန်မှီ ထိန်းလိုက်နိုင်ပါတယ်။ ငါ နင့်ကို မမေးရက်ပါဘူးလေ။ နင့်အမေးကိုတော့ ငါ ခေါင်းငြိမ့်ပြလိုက်မိပါတယ်။

“ ယူ ဝင်လာကတည်းက မျက်နှကြီး စူပုပ်နေလို့ ကိုယ်သတိထားမိတာ.. ပြီးတော့ ကိုယ့်ကို ယူစောစောက စူးစူးစိုက်စိုက် လှမ်းကြည့်နေတာဆိုတော့လေ ကိုယ့်ကိုများ ယူ စိတ်ဝင်စားသလားလို့ .. ”

နင်က တကယ်ကို မကြောက်တတ်ဘူးနော်။ နင့်စကားလုံးတွေက ပွင့်လင်းလွန်းတယ်။ ငါ့စိတ်ထဲ နင်က ကျားသစ်မလေးတစ်ကောင်နဲ့တောင် တူလာတယ်။ တကယ်ဆို ငါက နင့်ကို ပန်းပွင့်လေးပဲ ဖြစ်စေချင်သူလေ။ စိတ်ထဲမှာ နင့်ကို စကားတွေ ဆက်တိုက်ဆိုသလို ပြောနေမိပေမယ့် အပြင်မှာတော့ ငါ့နှုတ်ခမ်းတွေက ဆွံ့အလို့။

“ အင်းပါ..။ ယူ စိတ်အိုက်နေတာကို ကိုယ် သက်သာအောင်လုပ်ပေးလို့ ရလိုရငြား ကိုယ်လာတာ…။ ခု ယူ့ကို ဆက်မနှောင့်ယှက်တော့ပါဘူး။ Enjoy နော် ”

နင့်ကို ငါ စကားတစ်ခွန်းမှ ပြန်မပြောမိလို့ ထင်ပါရဲ့။ နင် မျက်နှာနည်းနည်း ပျက်သွားတယ်။ ဒါပေမယ့် နင်က သိပ်ကို ဟန်ဆောင်ကောင်းတာပဲနော်။ မျက်နှာလေး တစ်ချက် အိုသွားပေမယ့် အပြုံးလေးတစ်ပွင့်က ချက်ချင်းကို နောက်က လိုက်လာခဲ့တာ။ နင် ထသွားဖို့ဟန်ပြင်မှ နင့်ကိုငါ အလန့်တကြား လှမ်းပြီး တားလိုက်မိတယ်။

  နေပါဦး ဧကရီရယ် . ”

ရုတ်တရက် ငါ့ပါးစပ်ကနေ နင့်နာမည်လေးကို လွှတ်ခနဲ ခေါ်လိုက်မိတယ်။ ငါ့ အသံတွေ သိပ်များ နူးညံ့သွားသလား။ ပြီးတော့ တုန်ယင်နေသလားပဲ။ နင်ကတော့ သတိထားမိမယ် မထင်ပါဘူး။

“ အလဲ့.. ကိုယ့်နာမည်ကိုတောင် သိနေပါလား ”

နင့်နာမည်ကို ငါသိနေလို့တဲ့။ နင်က ကျေနပ်သွားတာ။ အဲဒီအရိပ်တွေက နင့်မျက်နှာမှာ လာပြီး ထင်ဟပ်တယ်လေ။

“ ကဲ ပြောပါဦး။ ဘာကြောင့် ယူမျက်နှာကြီး သည်လောက်တောင် စူပုပ်နေရလဲ ဆိုတာ ”

နင့်မေးခွန်းကို ငါဘယ်လို ဖြေရမှာလဲ။ နင့်ကို သည်လိုနေရာမျိုးမှာ တွေ့လိုက်ရလို့ပါ။ နင်က သည်လိုမိန်းမစားမှန်း ငါသိလိုက်ရလို့ပါ လို့ အားမနာတမ်း ငါ ဖြေလိုက်ရမှာလား။ ဟင့်အင်း.. အဲသည်လို စကားတွေနဲ့ နင့်ကိုငါ မပြောရက်ပါဘူးဟာ။ ကဲ ငါ့ကို အကြံပေးစမ်းပါဦး။ နင့် မေးခွန်းကို ငါ ဘယ်လိုဖြေရမလဲ ဆိုတာလေ။

“ အင်း.. မင်းတို့ ဆိုင်က ဆူပွက်နေတာကိုး။ ငရဲကျနေတာပဲ ”

ငါ့ စကားကို ကြားတော့ နင်က မဲ့ပြုံးပြုံးတယ်။ ငါ့ကို မျက်စောင်းထိုးလိုက်တာများ။ ငါ တကယ် ပြာကျလောက်ပါရဲ့။ ပြီးတော့လေ ငါ မထင်မိဘူးသိလား။ ငါ ကျောင်းရှေ့မှာ တွေ့ခဲ့တဲ့ ကောင်မလေးက အဲလောက်ဆွဲဆောင်မှု ရှိတဲ့ မျက်စောင်းမျိုး ထိုးတတ်မယ်လို့ ငါမထင်ခဲ့မိဘူး။ ငါ့အတွေးကိုငါ ရီချင်မိတယ်။ အင်းလေ.. မထင်မိလို့ဘဲ နင့်ကို ငါမထင်ထားတဲ့ ဒီနေရာမှာ တွေ့လိုက်ရတာပေါ့။ ငါပြုံးလိုက်မိလား မသိပါဘူးဟာ။ နင်က ငါ့ကို မျက်ခုံးပင့်ကြည့်တယ်။ ပြီးတော့ မျက်စောင်းထပ်ထိုးပါရော။ နင် ဘယ်လို မိန်းကလေးလဲဟယ်။ ငါ တကယ်မောလာပြီ။

“ ငရဲကျနေတာပဲ ဆိုတော့ ယူက ငရဲရောက်ဖူးလို့လား ”

နင်တော်တော် ကတ်သီးကပ်သတ် ပြောတတ် မေးတတ်တာပဲ ဧကရီရယ်။ ငါ နင့်ကို ဘာမှပြန်မဖြေချင်တာနဲ့ပဲ လက်ထဲက ဆေးလိပ်ကို ရှိုက်ဖွာပစ်လိုက်တယ်။

“ နေဦး။ ယူ့ဘေးမှာ လာထိုင်တဲ့အတွက် ကိုယ့်ကို ပန်းတစ်ကုံးမှ စွပ်စရာ မလိုပေမယ့် ..”
အဲဒီနောက် နင်က ငါ့လက်ထဲက စီးကရက်ကို ခပ်တည်တည်နဲ့ ဆွဲယူသောက်တယ်။ နင်က တကယ့်ကို ကျားသစ်မလေးပဲနော်။ နင့်လှုပ်ရှားမှုတွေကြောင့် ငါ့မှာ ဆူဆူညံညံ ဂီတသံတွေကို မေ့လျော့လို့။ ငါ့အာရုံတွေ အကုန်လုံးက နင်တစ်ယောက်တည်းဆီမှာ။
နင်က စီးကရက်ကို နှစ်ချက်လောက် ဆက်တိုက်ဖွာလိုက်ပြီးတော့ ငါ့လက်ထဲကို ပြန်ထည့်ပေးတယ်။ ပြီးတော့ ငါ့ဘီယာခွက်ကို ဆွဲဖယ်၊ နောက်ထပ် ခွက်အလွတ်တစ်လုံးထဲမှာ အပြင်းစားအရက်တွေငှဲ့ပြီး ငါ့ကို ကမ်းပေးတယ်။ ငါလေ ငြင်းဆိုဖို့တောင် သတိမရတော့ပါဘူး။ နင်က ငါ့ကို ပြုံးပြီးစိုက်ကြည့်နေတယ်။ နင့်အကြည့်တွေက တကယ့်ကို ကြည်ကြည်ပြာပြာ ရီရီဝေဝေ၊ ဗို့အားပြင်းတဲ့ အဲဒီဆွဲညှို့မှုကို ငါ မခံစားနိုင်ပါဘူး။ ဒါနဲ့ပဲ အရက်ခွက်ကို ဆတ်ခနဲကောက်ကိုင်ပြီး တရှိန်ထိုး မော့ချပစ်လိုက်တယ်။ ပြင်းပြင်းရှရှ ရနံ့တစ်ခုနဲ့အတူ ပူပူနွေးနွေးအရည်တွေက ငါ့လည်ပင်းတစ်လျှောက်မှာ ကမူးကရူး စီးဆင်းသွားတယ်။ ခါးသက်သက်အရသာက လျှာပေါ်မှာ။ ငါ့မျက်နှာရှုံ့မဲ့သွားလို့ ထင်ပါရဲ့။ နင်က ခေါင်းလေးလှန်မော့ပြီး ဟက်ဟက်ပက်ပက် ရယ်မောလို့။
ငါပြန်တဲ့အချိန်အထိ နင်က ငါ့ဘေးမှာ ရှိနေပေးခဲ့တာ ဘာကြောင့်လဲလို့ ငါ မတွေးကြည့်ချင်ဘူး။ နင်က ငါ ဆိုင်ထဲက ထွက်လာတဲ့အထိ အဖော်လုပ်ပေးခဲ့တယ်နော်။ ငါတိုနှစ်ယောက် ဆုံစည်းမှုက တကယ့်ကို ချိုပြင်းစူးရှကြီး။
၎။
အဲသည့်နေရာမှာ နင်ရှိနေမှတော့ နင့်ကိုကြွေတဲ့ငါက အဲသည်နေရာကို ခဏခဏ ခြေဆန့်ဖြစ်ပြီပေါ့။ နှစ်ရက်ခြား၊ သုံးရက်ခြားဆိုသလို ငါ့ကောင်တွေနဲ့အတူတူ ရောက်ဖြစ်တယ်။
“ကိုယ့်ကို သီချင်းတစ်ပုဒ်လောက် ဆိုပြပါ” လို့ ငါတောင်းဆိုတော့ နင်က Celine Dion ရဲ့ To Love You More ကို ဆိုတာနော်။ ကြွေသထက် ကြွေရပါတယ် ဧကရီရယ်။ ဆွဲဆောင်မှုရှိလွန်းတဲ့ အသံကို ညှို့ငင်နိုင်စွမ်းရှိတဲ့ အကြည့်တွေနဲ့ တန်ဆာဆင်လိုက်တော့ ငါအပါအဝင် ဆိုင်ထဲက ဘဲတွေအကုန် ကြွေတော့တာပေါ့။
နင်က သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုတယ်။ ငါက တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း နင့်ကို မော်ဖူးတယ်။ နင့်အသံကို ငါမကြားရဘူး။ နင့်ကို ငေးမော့ကြည့်နေချိန် ငါ့နားထဲမှာ ဘာသံကိုမှ မကြားရတော့ဘူး။ ငါ့အာရုံတွေ အကုန်လုံးက နင့်ရဲ့ လှုပ်ရှားမှုလေးတွေမှာ။ ငါ့ သိစိတ်၊ မသိစိတ်မှာ နင့်ကို မြင်နိုင်စွမ်းတစ်ခုပဲ ရှိတော့တယ်။ အာရုံခြောက်ပါးမှာ နှစ်ပါးပဲ အလုပ်လုပ်တော့တယ်။ တစ်ခုက ငါ့မျက်လုံး။ နောက်တစ်ခုက ငါ့နှလုံးသား။
တစ်စတစ်စနဲ့ နင်က ငါ့ကို ခင်သထက် ခင်မင်လာတယ်။ နင်က ငါ့ကို သူငယ်ချင်း အရင်းတစ်ယောက်လို ပေါင်းတယ်။ ငါက နင့်အပေါ် စွဲလန်းနေခဲ့ဖူးပေမယ့် နင်နဲ့ သူငယ်ချင်းတွေ ဖြစ်ပြီးနောက်မှာ ပြစ်မှားလိုစိတ်တွေနဲ့ မဆက်ဆံခဲ့ပါဘူး။ ငါက နင့်ကို ဖြူဖြူစင်စင် ပန်းလေးတစ်ပွင့်ကို အလှကြည့်သလို ကြည့်ချင်နေတာပါ။ နင်ကလည်း နင်တို့ဆိုင်ကို ငါလာပြီဆို နင့်ဘေးနားက ဘဲနာတွေကို ကစ်ထုတ်ပြီး ငါနဲ့ လာထိုင်တာပဲ။ နင့်ရဲ့ အဲဒီအပြုမူလေးကြောင့်လည်း နင်တို့ဆိုင်က အပြန် ငါနဲ့ အဲဘဲနာတွေ လက်သီးချင်းယှဉ်ထိုးရတာ နှစ်ခါရှိနေပြီ။ နင်ကတော့ ငါ့နားလေး လာထိုင်းတိုင်း ငါ့နာမည်ကို တဖွဖွခေါ်ရင်း နင်ပြောချင်တာတွေအကုန် ပြောတာပဲ။ နင်ပြောသမျှတွေ နားထောင်ရင်း ငါ့မှာ တစ်ခါတစ်လေ ကြည်နူးရ၊ တစ်ခါတစ်လေ ခြောက်ချားရ၊ တစ်ခါတစ်လေ စိတ်တွေမွန်းကျပ်ရ၊ တစ်ခါတစ်လေ ဒေါသတွေဖြစ်ရ။ ဒေါသတွေ ဖြစ်တဲ့အခါ ငါ ဘာကို မကျေနပ်မှန်းမသိဘူး။ နင့်ကိုလား၊ နင့်ကို ဆွဲနှစ်ခဲ့တဲ့ ကံကြမ္မာကိုလား။ ငါ မသိဘူးဟာ။
၅။
“ တကယ်တော့လေ တို့ဘဝကကို မှားနေခဲ့တာ သိလား .. စိုင်းရယ်.. တို့လေ လူမိန်းကလေးဧကရီ မဖြစ်ဘဲ ပန်းဧကရစ်လေး ဖြစ်ခဲ့ရင် သိပ်ကောင်းမှာလို့ ခဏခဏ တွေးမိတယ် သိလားဟင်.. သိလားလို့။ ”
နင့်ဆီ ငါရောက်လာချိန်မှာ နင်က ရေချိန်ကိုက်နေခဲ့ပြီ။ ငါ့ရှေ့က ခွက်ကိုပါ ကောက်ယူသောက်ရင်း ဗလုံးဗထွေးနဲ့ နင်ပြောနေတဲ့ စကားတွေကို နားထောင်ရင်း ငါလေ သက်ပြင်းတွေ အခါခါ ချမိတယ်။
 “ ပန်းကလေး မဖြစ်ချင်တောင် တို့က ပန်းသီလေး ဖြစ်ချင်တယ်။ အဟတ်ဟတ်  .. ”
နင်က နင့်စကားကိုနင် သဘောတကျနဲ့ ရယ်မောလိုက်ပြီးတော့ စောစောက နင်အကုန်မော့သောက်လိုက်လို့ လွတ်နေတဲ့ ခွက်ထဲကို အရက်တွေ ထပ်ပြီးငှဲ့နေပြန်တယ်။ ခွက်ကို ကိုင်ပြီး နင်သောက်ဖို့ ဟန်ပြင်နေတုန်းမှာပဲ နင့်လက်ကို ငါလှမ်းဆွဲထားလိုက်တယ်။
“ တော်ပြီ ဧကရီ.. မင်း မူးနေပြီကို ”
“ ဟုတ်တယ်။ တို့ မူးနေတယ် သိလား. တို့လေ ထပ်ပြီး မူးချင်သေးတယ် ”
နင်က ခွက်ကို အတင်းလုယူနေလို့ ငါ့မှာ ခွက်ကို ခပ်လှမ်းလှမ်း တွန်းပို့လိုက်ရတယ်။
 “ တော်ပြီ ဧကရီ.. မင်း ဘာဖြစ်နေတာလဲ။ ဒီမှာ ကိုယ့်မျက်နှာကို မင်း သေချာကြည့်စမ်း။ မင်း ဘာဖြစ်နေတာလဲလို့ ”
“ တို့လား.. တို့လေ ကိုယ့်ဘဝကို သိပ်ခါးနေမိလို့ပေါ့ ”
ဘဝကို သိပ်ခါးနေလို့ ဆိုတဲ့ နင်လေသံနဲ့ နင့်အကြည့်တွေက ဘယ်သူမပြု မိမိမှု ဆိုတဲ့ ရုပ်မျိုး။ ဖြစ်လာသမျှကို ခါးဆီးခံဖို့ အဆင်သင့် ဖြစ်နေတဲ့ သူတစ်ယောက်လိုပေါ့။ ငါလေ နင့်ကို ဒီနွံကနေ အမြန်ဆုံး ရုန်းထွက်စေချင်ပါပြီ။

၆။
ငါ့မွေးနေ့မို့ နင့်ကို ဘုရားခေါ်လာတဲ့ မနက်မှာ ဘုရားမရောက်ဖြစ်တာ ၃နှစ်ရှိသွားလို့ နင်ပြောတော့ ငါ အံ့သြမိတယ်။ ဘာဖြစ်လို့ဆိုတော့ နင်က “ဘုရားကို မျက်နှာချင်းမဆိုင်ရဲလို့” တဲ့။ ငါ့ရင်ထဲမှာ စူးကနဲပဲ။
“အဖေသေသွားတယ်။ အမေက နောက်ယောက်ျားနဲ့။ ပထွေးက အသုံးမကျဘူး။ ငါ့က အဲဒီတုန်းက ဆယ်တန်းအောင်စ။ မောင်လေးနဲ့ ညီမလေးလည်း ရှိသေးတယ်။ နောက်ပိုင်း အမေကပါ တရှောင်ရှောင် ဖြစ်လာတယ်။ လိုအပ်ချက်တွေက အများကြီး။ ကွက်လပ်တွေက အများကြီး။ ဘယ်သူမှ ဖြည့်မယ့်သူ မရှိဘူး။ အဲဒီကွက်လပ်တွေကို ဖြည့်ဖို့ ငါက …။ စိုင်း .. ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။”
နင် ခဏခဏ ပြောဖူးလို့ ငါ အလွတ်ရနေခဲ့ပြီ ဖြစ်တဲ့ နင့်အကြောင်းတွေက ငါ့ခေါင်းထဲမှာ တန်းစီပေါ်လာတယ်။
“ ဧကရီ.. နင် ကျောင်းပြီးရင် ဘာဆက်လုပ်မှာလဲ”
“ဘာကိုလဲ..”
“ဟ.. နင်အခု ဘွဲ့ရတော့မယ်။ အဲတာကြောင့် နင် ဘာဆက်လုပ်မှာလဲ။ ဒီအတိုင်း မျောလိုက်နေတော့မလို့လားလို့ မေးနေတာဟ”
နင်က ငါ့ကို မျက်လုံးပြူးကြီးနဲ့ တအံ့တသြကြည့်တယ်။
“စိုင်း.. ဒီအလုပ် ဆက်မလုပ်လို့ ငါက ဘာအလုပ် လုပ်စားရမှာလဲ။”
“ဟ.. ဒါဆို နင် ဘာကြောင့်များ ဘွဲ့ယူနေသေးလဲ”
အဲဒီနောက် တိတ်ဆိတ်မှု တစ်ခုက ငါတို့နှစ်ယောက်ကြားမှာ ကြီးစိုးနေတာ အကြာကြီး။ ခရေပင်ကြီးတွေကလည်း ဒီနေ့ကျမှ တိတ်ဆိတ်လိုက်တာ။ ဘုရားရိပ် တရားရိပ်မှာ ထိုင်နေကြပေမယ့် ငါတို့နှစ်ယောက်စလုံးရဲ့ ရင်တွေ မအေးမြနေတာ အသေအချာ။
“စိုင်းရယ်.. ငါ ဖြည့်ရတဲ့ ကွက်လပ်တွေက အများကြီး။ ငါ ရထားတဲ့ ဘွဲ့နဲ့ ငါ ဘာလုပ်စားလို့ ရမှာလဲ။ အဲသည်လို လုပ်စားတဲ့ တစ်လဝင်ငွေက အခု ငါ့ရဲ့ တစ်ရက်ဝင်ငွေလောက်ပဲ ရှိတာ မဟုတ်လား။”
“ဒါပေမယ့် အဲဒီအကြောင်းပြချက် တစ်ခုတည်းနဲ့ ဒီဘဝကြီးမှာ နင် နစ်မြှုပ်နေတော့မှာလား။ ဟုတ်မှ မဟုတ်တာ။ နင့်ကိုနင် ကယ်တင်ရမယ်လေ။ နင့်ကိုနင်မှ မကယ်တင်ရင် ဘယ်သူက ကယ်တင်မှာလဲ။”
“ငါရင်လည်း သေရင်သေ၊ ရောဂါသည် ငါ့အမေပဲ သေရင်သေ၊ မဟုတ်လည်း အငယ်နှစ်ကောင် သေ၊ အဲဒီအခါကျမှပဲ ငါလည်း သည်ဝဋ်တွေကနေ ကျွတ်တော့မှာ”
“နင် စကားပြောတွေ ဆင်ခြင်စမ်း ဧကရီ။ ဒါ ဘုရားမြေ”
“ဆောရီးပဲ စိုင်းရယ်။ နင်က အပေါင်းအသင်း မလုပ်အပ်တဲ့ မိန်းမနဲ့မှ အပေါင်းသင်း လုပ်နေတာကိုး။ ငါလို မိန်းမပါးစပ်က ဒီလို စကားပဲ ထွက်လာမှာပဲ”
“တော်တော့လို့ ငါပြောနေတယ်။”
ငါ့ အသံက ကျယ်သွားတယ်။ နင်လည်း ငြိမ်သက်သွားတယ်။ နင့်ကိုငါ စိုက်ကြည့်နေလိုက်တယ်။ နင်က မျက်လွှာချထားတယ်။ တအောင့်လောက်ကြာတော့ နင့်နှုတ်ခမ်းတွေက တလှုပ်လှုပ် တရွရွ ဖြစ်လာတယ်။
“ငါ ပျော်လွန်းလို့ လုပ်စားနေတယ်လို့များ နင် ထင်နေသလား။ ငါ ကျေနပ်နေတယ်လို့ နင် ထင်နေသလား။ ငါခံစားနေရတဲ့ ငရဲ ငါပဲ သိတယ်။ ငါ့မှာ အရှင်လတ်လတ် ငရဲကျနေတဲ့ ဘဝ။ နင်မသိလို့လား။ ငါလည်း သည်ဘဝကနေ အမြန်ဆုံး လွတ်မြောက်ချင်ပါပြီ”
ပြောပြီးတော့ နင်ငိုတယ်။ ရှိုက်ကြီးတငင်နဲ့ကို ငိုတယ်။ နင့်ကိုငါ မနှစ်သိမ့်မိဘူး။ နှစ်သိမ့်စရာ စကားလုံးလည်း ငါ့မှာမှ မရှိဘဲ။ စိတ်မကောင်းဘူး။ တကယ်တော့ နင်တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ နင်တို့ နယ်ပယ်က မိန်းကလေးတိုင်းအတွက် စိတ်မကောင်းဘူး။ ဒါတွေရဲ့ အရင်းအမြစ်ဟာ ဘာလဲ။ ငါလေ အမြစ်ကနေ တူးပြီး မြေလှန်ပစ်လိုက်ချင်တယ်။
၇။
ဆိုင်ထဲကို ငါ ဝင်လာတော့ နင်က အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို ဆွေးဆွေးမြေ့မြေ့ ဆိုနေတယ်။ နင့်မျက်လုံးတွေက ဒီည နည်းနည်း မှိုင်းညှို့နေသလိုပဲ။ ရီဝေတာထက် ပိုတယ်။ ဆွေးမြေ့ခြင်းကာလာတွေ ခြယ်သထားတဲ့ နင့်မျက်ဝန်းတွေဟာ သိပ်ကို လှနေတယ်။
“နေမယ်ဆိုရင်လေ ကိုယ်ဟာ ခလုတ်တစ်ခုမို့ သွားတော့မယ် အချစ်ရယ်။
ခြေတစ်လှမ်းတိုင်းဟာ မင်းအကြောင်းအတွေးစတွေနဲ့ ပြည့်လို့နေမှာကိုတော့ သိပါရဲ့ ။
ကိုယ်လေ မင်းကို အမြဲတမ်း ချစ်နေမှာပါ အချစ်ရယ် …. အမြဲတမ်း ချစ်နေမှာပါ ။
ခါးသက်ချိုမြတဲ့ အမှတ်တရတွေ … ဒါဟာအကုန်ပါပဲ။
ကိုယ်နဲ့အတူ ယူသွားမယ့် အရာဟာ ဒါပါပဲ။
သွားတော့မယ်နော် … မငိုပါနဲ့ကွယ် .. ။
ကိုယ်ဟာ မင်းလိုအပ်တဲ့ သူတစ်ယောက် မဟုတ်ဘူးဆိုတာ တို့နှစ်ယောက်လုံး သိပြီးသားပဲလေ …”

သီချင်းဆိုပြီးသွားတော့ နင်က အခါတိုင်းလို ငါ့ဆီ မလာခဲ့ဘူး။ စင်နောက်ဖက်ကို ဝင်သွားတယ်။ နင်ပေါ်လာမလားလို့ ငါမျှော်ပေမယ့် နင်ပေါ်မလာဘူး။ ကိစ္စလေးတွေ ရှိလို့နေမှာပါလေဆိုပြီး ငါ တွေးနေလိုက်တယ်။ ပြီးတော့ စိတ်ရှည်လက်ရှည်နဲ့ ဆိုင်သိမ်းချိန်ထိ ပေကပ်ပြီး ငါစောင့်တယ်။ နင် မလာခဲ့ဘူး။ နင့်အရိပ်ယောင်တောင် မတွေ့ရဘူး။ ဒါနဲ့ ဝိတ်တာတစ်ယောက်ကို ခေါ်မေးတော့မှ သီချင်းဆိုပြီးကတည်းက နင် ပြန်သွားပြီတဲ့လေ။ ဝိတ်တာ မျက်ဝန်းတွေက တစ်ခုခုကို ပြောချင်နေတဲ့ဟန်။

“ပြောလေညီ။ ဘာပြောစရာရှိလို့လဲ”

“သူ့ကိုခေါ်သွားတဲ့လူက Surfကားနဲ့ အစ်ကို”

ဝိတ်တာက ပြောပြီးမှ အားနာသလို ကြည့်တယ်။ ပြီးတော့ ခပ်သွက်သွက် ထွက်သွားတယ်။ တကယ်တော့ မေးမိတဲ့ ငါကိုက မှားတာ။ မေးမိတဲ့ ငါကိုက အမှား။ ဆိုင်ထဲကနေ ငါ ထွက်လာတော့ ငါဟာ ငါ မဟုတ်သလိုကြီး။ နင်ဟာ အဲသည်လို မိန်းကလေးမှန်းသိရဲ့နဲ့ ဘာဖြစ်လို့ အခုကျမှ ငါ့ရင်ဘတ်ထဲမှာ စူးအောင့်နာကျင်နေရတာလဲ မသိဘူး။ ငါ့စိတ်ထဲမှာ ယူကျုံးမရစိတ်တွေ၊ ဝမ်းနည်းကြေကွဲမှုတွေ နောက်ပြီး ဘယ်အချိန်ကတည်းက အစပျိုးနေခဲ့မှန်း မသိတဲ့ နင့်အပေါ်မှာ ယိုဖိတ်နေတဲ့ အချစ်စိတ်၊ နင့်ကို ပိုင်ဆိုင်လိုစိတ်၊ ငါ့အရိပ်အောက်မှာ လန်းဆန်းတဲ့ ပန်းလေးတစ်ပွင့်လို ဖူးပွင့်နေစေချင်တဲ့ စိတ်တွေကို ငါ အလန့်တကြား တွေ့လိုက်ရတယ်။

အားးး

အသံကျယ်ကြီးနဲ့ အော်ဟစ်ပြီးတော့ ငါ လမ်းမီးတိုင်ကို လက်သီးနဲ့ ထိုးချလိုက်တယ်။ ရင်ဘတ်ထဲက နာကျင်မှုတွေ လျော့ပါးသွားမလားလို့ပါ။

နောက်ရက်ကျတော့ နင့်ကိုငါ နင်တို့ လမ်းထိပ်ကနေ စောင့်နေလိုက်တယ်။ လက်ပတ်နာရီကို ငုံ့ကြည့်ပြီး ခပ်သုတ်သုတ် လျှောက်လာတဲ့ နင်က ငါ့ကားကို တွေ့လိုက်တော့ တုန့်ကနဲ့ တစ်ချက် ဖြစ်လိုက်သေးတယ်။ ပြီးတော့ ငါ့ကားဆီကို နင်လျှောက်လာတယ်နော်။ ငါက ကားတံခါးကို အထဲကနေ လှမ်းဖွင့်ပေးထားလိုက်တယ်။ နင်က အသာဝင်ထိုင်ပြီး သက်ပြင်းပူတွေ ချတယ်။ ငါ့ကိုလည်း မကြည့်ဘူး။ ဘာစကားမှလည်း မပြောဘူး။ ငါလည်း နင့်ကို ဘာမှ စမပြောမိသေးဘူး။ ဒါပေမယ့် ထောင်သောင်းသိန်းသန်းချီတဲ့ စကားလုံးတွေကတော့ ငါ့ရင်ထဲမှာ။ အလုအယက် အတင်းအကြပ် ထိုးထွက်ဖို့ ကြိုးစားနေကြတာများ လည်ပင်းထဲမှာ စကားလုံးတွေနဲ့ တစ်ဆို့လို့။ မွန်းကျပ်မှုတွေနဲ့ နာကျင်မှုတွေက အားပြိုင်နေကြတယ်။ စိတ်ပိုင်းဖြတ်ပြီးတဲ့ စကားတွေကို ပြောဖို့ ငါ ပါးစပ်ပြင်မယ်ကြံတော့ နင်က ငါ့ထက် ဦးသွားတယ်။

“အမေ နေမကောင်းဘူး စိုင်း”

နင်က ငါ့ကို မကြည့်ဘဲ နင့်ပေါင်ပေါ်က ပိုက်ဆံအိတ်လေးကို စိုက်ကြည့်ပြီး ပြောနေတယ်။ ငါက ဘေးတစောင်းမြင်နေရတဲ့ နင့်မျက်နှာလေးကို သေချာစိုက်ကြည့်ပြီး နားထောင်နေလိုက်တယ်။

“မနေ့က မနက်ကတည်းက ဆေးရုံတင်ထားရတယ်။”

နင်က သက်ပြင်းတွေ ချနေပြန်တယ်။

“အမေ့ နှလုံးက ခွဲစိတ်ဖို့ လိုအပ်တယ်တဲ့ စိုင်းရယ်”

နင့်မျက်နှာလေးက မော့လာတယ်။ ငါ့ဖက် လှည့်ကြည့်တယ်။ ပြီးတော့ ခါးခါးသက်သက် ပြုံးပြတယ်။

“အဲတာ ငါ ငွေလိုတယ်လေ”

အဲဒီ စကားလေးက တိုးတိုးလျလျလေး မဟုတ်ဘဲ ခါးသီးမှုတွေ အပြည့်နဲ့ တုန်တုန်ယင်ယင်လေး ထွက်ကျလာတယ်။ ငါ့ကို မမြင်နိုင်တဲ့ အကြည့်တွေနဲ့ ငေးကြည့်နေတဲ့ နင့်ကို ငါ သေချာ စိုက်ကြည့်လိုက်တယ်။ ပြီးတော့ နင့်ပုခုံးကို ငါ့လက်နှစ်ဖက်နဲ့ တင်းကျပ်နေအောင် ဆုပ်ကိုင်လိုက်တယ်။ နင် မမျှော်လင့်ထားတဲ့ ငါ့အပြုမူကြောင့် နင်က ငါ့ကို တအံ့တသြ၊ ပြီးတော့ အလန့်တကြား ပြူးကြည့်တယ်။ နင် ရုန်းတယ်။ ငါ မလွတ်ပေးမိဘူး။ တင်းသထက် တင်းကြပ်အောင် ကိုင်ထားလိုက်တယ်။

“ဧကရီ.. နင့်ကိုငါ လက်ထပ်မယ်။ နင် ငါ့ကို လက်ထပ်ရမယ်။ ကြားလား။”

“ဘာပြောတယ် စိုင်း။ နင် ရူးနေလား။”

“ငါ မရူးဘူး ဧကရီ။ ငါ မရူးဘူး။ နင် ငါ့ကို လက်ထပ်ရမယ်လို့လေ။ နင့်ကို ငါချစ်နေတာ နင် မသိဘူးလား။”

“တော်ပါ စိုင်းရာ။ ဘာလဲ နင်က လှည်းကျိုးထမ်းမလို့လား။ မဟာကယ်တင်ရှင် သူရဲကောင်းကြီး လုပ်မလို့လား။ စွန့်လွှတ်အနစ်နာတွေ ခံမယ်ပေါ့လေ။ နင် သိပ်ကို စိတ်ကူးယဉ်တာပဲဟာ..”

ပြောပြီး နင်က ရယ်တယ်။ အာခေါင်ကို ခြစ်ပြီး နင် ရယ်တယ်။ တကယ့်ကို ကြေးစားမိန်းမတွေရဲ့ ရယ်သံမျိုးနဲ့။ အဲဒီ ရယ်သံကို ငါ ရွံတယ်။

 “ဧကရီ.. အဲသည်လို မရယ်စမ်းနဲ့”

“ရယ်မယ်။ ရယ်မယ်။ ရယ်ရလွန်းလို့ပါ။ တကယ် တကယ်.. စိုင်း . စိုင်း . နင်ဟာလေ။”

ပြောပြောဆိုဆိုနဲ့ နင်က ဆက်ရယ်တယ်။
“မရယ်နဲ့လို့ ငါ ပြောနေတယ်။ အဲဒီ ကြက်ဆန်ဆန် အသံနဲ့ မရယ်စမ်းနဲ့”

“ဟဲ့.. ကြက်မပါးစပ်က ကြက်သံပဲ ထွက်မှာပေါ့ စိုင်းရဲ့”

အဲဒီနောက်တော့ နင့်ရဲ့ပါးကို ငါ ဖြန်းခနဲ ရိုက်ချလိုက်မိတော့တယ်။ ပြီးတော့မှ ငါ့လက်ဖဝါးကို ငါ အလန့်တကြား ကြည့်မိတယ်။ နင်လည်း ရယ်တာ ရပ်သွားတယ်။ တိတ်ဆိတ်မှုတွေက ကားထဲကို အကြာကြီး လွှမ်းခြုံထားတယ်။ တော်တော်လေး ကြာလေးတော့မှ ရှိုက်သံသဲ့သဲ့လေးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။ နောက်တော့ နင် ငိုတယ်။ ရှိုက်ကြီးတငင်နဲ့ကို နင် ငိုတယ်။ ငိုနေတဲ့ နင့်ကို ငါ မပွေ့ဖက်မိဘူး။ နင့်မျက်ရည်တွေကို ငါ မသုတ်ပေးမိဘူး။ နင့်ကို အားရပါးရ ငိုစေချင်တယ်။ နင့်မျက်ရည်တွေ ကုန်သွားတဲ့အထိ ငိုနေတာကို ငါ ပြီးအောင် စောင့်မယ်။ ပြီးကျရင် နောက်ထပ် နင် ဘယ်တော့မှ မျက်ရည်မကျစေရဘူး။ မျက်ရည် ကျခွင့် မပေးဘူး။

နင်က စိတ်ရှိလက်ရှိ ငိုကြွေးတယ်။ တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်အောင် ငိုတယ်။ မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်။ နောက်တော့ တလှိမ့်ချင်း။ ပြီးတော့ နင်အငိုတိတ်သွားတယ်။ ပါးပြင်ပေါ်က မျက်ရည်စတွေကို ငါ လှမ်းသုတ်ပေးမယ် လက်ရွယ်တော့ နင်က ငါ့လက်ကို တွန်းဖယ်ပြီး နင့်လက်ခုံနဲ့ နင် အကြမ်းပတမ်း သုတ်တယ်။

“စိုင်း .. နင် စေတနာကို ငါ သိပါတယ်။ ပြီးတော့ နင် ငါ့ကို ချစ်တာလည်း ငါ သိတယ်။ နင့်ရဲ့ ဖြူဖြူစင်စင် အချစ်ကို ငါ မခံယူရဲဘူး။ အချစ်ဆိုတာကို စိတ်ကူးမယဉ်စမ်းနဲ့ စိုင်း။ ငါဟာ နင့်ဘဝမှာ အမြဲ ရှိနေမှာ မဟုတ်ဘူး။ ငါတို့နှစ်ယောက်က ဘဝတစ်ကွေ့မှာ တစ်ခဏတာ ဆုံစည်းရတဲ့ ဖြတ်မျဉ်းနှစ်ကြောင်းပါ။ နင့်ဘဝမှာ နင် ပျော်အောင် နေပါ။ ငါလည်း ငါ့ဘဝမှာ ပျော်နေတယ် မဟုတ်ပေမယ့် အတတ်နိုင်ဆုံး ပျော်အောင် နေနေတယ်။”

“အဲဒီလိုဘဝမျိုးမှာ နင့်ကို ငါ မမြင်ချင်တော့တာ ဧကရီ”

“ဒါဆိုရင်တော့ နင် ငါ့ကို အပေါင်းအသင်း မလုပ်ဖို့ပဲ ရှိတယ်။ ဒါ ငါ့ဘဝ၊ ငါ့ အသက်မွေးလမ်းကြောင်း။ ဒါ လက်တွေ့အကျဆုံးပဲ”

“ရုန်းထွက်မယ်ဆို ရုန်းထွက်နိုင်တဲ့ လမ်းကြောင်းတွေ အများကြီး ရှိတယ် ဧကရီ။ နင်လဲ ဘွဲ့ရတစ်ယောက်ပဲ”

“အဲဒီထဲက တစ်ခုက နင့်မယားလုပ်ဖို့လား။ ဟားဟားဟား …”

နင်က အာခေါင်ကို ခြစ်ပြီး ရယ်ပြန်တယ်။ ဒီတစ်ခါတော့ ငါ လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပါတယ်။

“စိုင်း.. ငါ ငွေလိုတယ်။ ငါ့ မိသားစုအတွက် ငါ ငွေလိုတယ်။ ငါ လိုအပ်တဲ့ ငွေပမာဏကို ရှာဖွေပေးနိုင်တဲ့ နောက်ထပ် အလုပ်တစ်ခု မတွေ့သေးဘူး။ ငါပြောတဲ့ နောက်အလုပ်တစ်ခုဆိုတာ ငါလက်ရှိလုပ်နေတဲ့အလုပ်နဲ့ ဘာမှ မဆိုင်တဲ့၊ ငါးပါးသီလဖောက်ပြားစရာ မလိုတဲ့၊ အရှင်လတ်လတ် ငရဲကျရတဲ့အချိန်တွေ မကြုံရမယ့် အလုပ်တစ်ခုပေါ့။ အဲသည်လိုမျိုး အလုပ်ကို တွေ့တဲ့နေ့ အဲဒီအလုပ်ကို ငါ ပြောင်းလုပ်မယ်။ အဲဒီအလုပ်ထဲမှာ နင့်မိန်းမဆိုတဲ့ အလုပ်တော့ မပါဘူး စိုင်း။”

ပြောပြီးပြီးချင်း နင်က ကားတံခါးကို ဆွဲဖွင့်တယ်။ နင့်ကို ငါ မတားမိဘူး။ ငါ့ကို ကျောခိုင်းပြီး တစ်လှမ်းချင်းထွက်ခွာသွားတဲ့ နင့်ခြေလှမ်းတွေမှာ ဘယ်လိုခံစားချက်တွေကို ထွေးပွေ့လို့ ထားလေမလဲ။ ဟိုတစ်ညတုန်းက နင်ဆိုတဲ့ သီချင်းလို ငါ့အကြောင်း အတွေးစတွေနဲ့ ပြည့်လိုနေမလား။ ဆေးရုံပေါ်က နင့်အမေအကြောင်းလား။ ဒါမှမဟုတ် နင့်ရဲ့ဘဲနာတွေ ..။

အတွေးစတွေကို ရပ်ပစ်လိုက်တယ်။ နင်ဟာ ငါနဲ့ အကွာအဝေးအားဖြင့် သိပ်မဝေးသေးဘဲနဲ့ နင့်ကျောပြင်ဟာ ဝေဝါးသထက် ဝေဝါးလာတယ်။ အဲဒီတော့မှ အပြင်မှာ မြူတွေဆိုင်းနေမှန်း ငါ သတိထားမိတယ်။ မြူတွေ ဆိုင်းနေတာမှ တကယ့်ကို ပိတ်ပိတ်ဆည်းဆည်း သိပ်သိပ်သည်းသည်း။ ခပ်လှမ်းလှမ်းမှာ ဘာတွေ ရှိသလဲဆိုတာတောင် သေသေချာချာ ကွဲကွဲပြားပြား မမြင်နိုင်ဘူး။ သည်နေရာ ဒေသကို ကျွမ်းဝင်မထားဘူးဆိုရင် ခပ်လှမ်းလှမ်းမှာ ဘာရှိသလဲဆိုတာကို လှမ်းမမြင်နိုင်လောက်အောင် ဒီညနေခင်းမှာ မြူတွေသိပ်ဆိုင်းနေတယ်။

“အမြန်ဆုံး မြူတိမ်ကင်းစင်ပြီး နေခြည်ထွေးလို့ နွေးပါစေ။”

ငါ ဆုတောင်းလိုက်မိတယ်။ ငါတို့မြို့လေးအတွက် အထူးသဖြင့် နင့်ဘဝလေးအတွက်ပေါ့။

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

Wednesday 9 July 2014

“ချစ်ခြင်းတွင် နိုင်သူသာရှုံးစမြဲ”



၁။

ဇာ ရည်းစားထားတော့မယ်ဆိုတော့ ဘယ်သူမှ မယုံကြဘူး။ ပြီးတော့ ကြည့်စမ်းပါဦး။ လုပ်ပြနေလိုက်ကြတာ။ မဲ့တဲ့သူကမဲ့။ ရွဲ့တဲ့သူကရွဲ့။ လက်နှစ်ဖက်လုံး ခါပြသူက ခါပြ။ ခေါင်းယမ်းတဲ့သူကယမ်း။ ဘယ်လောက်များ မခံချင်စရာကောင်းလိုက်လဲ။ အင်းပေါ့လေ။ သူတို့တွေက မယုံကြဘူးပေါ့။

“အံမလေး ဇာ နင်လောက် ပြောင်ချော်ချော် နဲ့ ဘယ်သူ့ကို ဘယ်လို စနောက်ရမလဲလို့ အမြဲတမ်း စဉ်းစားနေတဲ့သူကို ဘယ်သူက ကြိုက်မှာတုန်းဟယ်။”

“အင်းလေ.. ရုပ်လေးကဖြင့် ချစ်စရာလေး။ သနားကမားလေး။ နောက်လိုက် ပြောင်လိုက်တာလည်း သူ့ပြင် နှစ်ယောက်မရှိဘူး။ ရုပ်လေးနဲ့တောင် မလိုက်ဘူး။ သင်တန်းမှာ နင့်ကို လက်လန်လွန်းလို့ကို ဘယ်သူကမှ မကြိုက်ရဲပါဘူးဟယ်။”

“တော်တန်တိတ်… နင်တို့ပါးစပ်တွေ ပိတ်ထားလိုက်ကြစမ်း။ ငါ စရနောက်ရတာ ဝါသနာပါတာကို နင်တို့တွေ သိတယ်။ ဒါပေမယ့် ခု နင်တို့တွေ တစ်ကောင်ကိုမှ ငါ စလို့ မရတော့ဘူး။ ငါ ပျင်းတယ်။ ပျင်းတယ်။ ပျင်းတယ်ဟ။ ဒါကြောင့် ငါ ရည်းစားထားမယ်။ ရှင်းပြီလား။”

“စ စရာ ကုန်သွားလို့ နောက်တစ်မျိုး ထွင်ပြန်ပြီလား သူငယ်ချင်းလေးရယ်။ မောနေမယ်။ လာလာ။ ရေသောက်။ ငါတို့ကတော့ မယုံတာ မယုံတာပဲ။ ဟဲ ဟဲ ဟဲ”

သူတို့တွေကို ပြန်ရှင်းပြရမှာ မောလွန်းလို့ ဇာ လက်လျော့လိုက်တယ်။ နေနှင့်ဦးပေါ့။ ဒင်းတို့တွေ ဇာ့အကြောင်း သိရစေ့မယ်။ နောက်ရက်မှ ကိုမျိုးကို သူတို့ဆီ ခေါ်လာပြလိုက်ဦးမယ်။ စိတ်ထဲကမှာ ဒင်းတို့ကို မကျေနပ်စိတ်တွေက တဖွားဖွား။ ဟုတ်တယ်လေ။ တစ်ခါတစ်လေလေး အတည်ပြောပါတယ်။ ယုံလိုက်ကြမယ် မရှိဘူး။ ဝိုင်းဟားကြတယ်။ ဒါဟာ အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တာပဲ။ ဟင်း။ ကိုမျိုးနဲ့ကို ပေးတွေ့ပစ်လိုက်ဦးမယ်။

၂။

နောက်ရက် ဇာက သူငယ်ချင်းတွေကို ကိုမျိုးနဲ့ မိတ်ဆက်ပေးတယ်။ မျက်နှာပြောင်တဲ့ သူငယ်ချင်းတွေက ကိုမျိုးကို သနားစရာလေးတစ်ယောက်လို တမင်ဟန်လုပ်ပြီး ဝိုင်းကြည့်နေကြသတဲ့။ ဘယ်လောက်များ မုန်းဖို့ကောင်းလိုက်လဲ။ ပြီးတော့ စကားတွေနဲ့လည်း ချွန်တွန်းတွန်းသေးတယ်။

“အစ်ကိုရယ်. သူ့အကြောင်းကို သေချာမှ သိရဲ့လား။ သင်တန်းမှာတော့ သူ့ကို လူတိုင်းက လက်လန်တာ။”

“ဇာက စပြီး ရည်းစားစာပေးတာပဲ ဖြစ်ရမယ်။”

“အစ်ကို့ကို သူက ချစ်လို့မဟုတ်ဘူး သိလား၊ ကြပ်ဖို့ ပြန်ကြိုက်တာတဲ့။ အစ်ကိုတော့ ဇာ့လက်ချက်မိတော့မှာ အသေချာပဲ။”

တစ်ယောက်တစ်ပေါက် ဆူညံနေအောင် ဝိုင်းပြောကြတယ်။ ဇာ စိတ်တိုလိုက်တာလေ။ ကိုမျိုးကတော့ မျက်နှာတစ်ချက် မပျက်ဘူး။ ခပ်ပြုံးပြုံးပဲ။

၃။

ကိုမျိုးက ဇာ့ကို သိပ်ချစ်ပါတယ်။ ကိုမျိုးက ဇာ့ထက်လည်း ငါးနှစ်ကြီးတယ်။ ကျောင်းပြီးကတည်းက သူ့ဖေဖေရဲ့ လုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတဲ့ သူတစ်ယောက်။ တည်ငြိမ်ရင့်ကျက်ဟန်ရှိတဲ့၊ စိတ်ရှည်ပြီး သဘောထားကြီးဟန်ရှိတဲ့၊ ရုပ်ရည်လည်း သန့်ပြန့်တဲ့ ကိုမျိုးကို မြင်မြင်ချင်း မဆိုးဘူးလို့ ဇာ တွေးခဲ့မိတယ်။ အဲတာကြောင့်လည်း ကိုမျိုးကို ဇာ လက်ခံလိုက်တာပေါ့။ ကိုမျိုးကတော့ ဘာကိုကြည့်ပြီး ဇာ့ကို သဘောကျတာလဲတော့ မသိဘူး။ လူကြီးမိဘချင်း သဘောတူလို့ ဇာတို့နှစ်ယောက် နီးစပ်ရတယ်ဆိုပေမယ့် ကိုမျိုးက ဇာ့ကို သိပ်ချစ်တယ်။ ညီမလေးတစ်ယောက်လို သည်းခံခွင့်လွှတ်ပြီး ချစ်နိုင်တယ်ဆိုတဲ့ အချစ်မျိုးနဲ့ ဇာ့ကိုချစ်တယ်။ အဲတာကို ဇာ သေသေချာချာလေး ခံစားပြီး သိနေတယ်။

ဇာဘယ်လောက် စစ နောက်နောက် ကိုမျိုးက သည်းခံတယ်။ ဇာ ဘယ်လောက်ပဲ ဗရုတ်ကျကျ ကိုမျိုးက အပြစ်မပြောဘူး။

ဟိုးတစ်ခါတုန်းက မနက်စောစောစီးစီး ကိုမျိုးဆီကို ဇာ ဖုန်းလှမ်းဆက်တယ်။

“ကိုမျိုးရေ.. ခုတလောလေ ဇာ့စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ကံများ ညံ့နေသလား မသိဘူး။ ဘာလုပ်လုပ် အဆင်မပြေသလိုကြီး ခံစားနေရတယ်။ အဲတာလေ ဇာ ဒီနေ့ ဥပုသ်စောင့်မို့။ ကိုမျိုးပါ ဇာနဲ့အတူတူ ဥပုသ်လိုက်စောင့်ပါလားဟင်”

တမင်လုပ်ယူထားတဲ့ ညှောင်နာနာ အသံလေးနဲ့ ပြောလိုက်တယ်။

“စောင့်မှာပါ ဇာလေးရဲ့။ ကိုမျိုးတို့ အတူတူ ဥပုသ်စောင့်ကြမယ်နော်။ ဒါထက် ဘုရားကော သွားချင်သေးလား။ ကုမ္ပဏီမသွားခင် လာခေါ်ရဦးမလား။”

“ရတယ် ရတယ်။ လာမခေါ်နဲ့။ ဘုရားမသွားတော့ဘူး။ အိမ်မှာပဲ ကိုယ့်ဘာသာကိုယ် သီလယူလိုက်တော့မယ်။”

“အင်းပါ။ ဒါဆိုလည်း လာမခေါ်တော့ဘူးနော်။ ဇာလေးသာ ကံညံ့နေလား ဘာလား လျှောက်မတွေးနဲ့။ ဟုတ်ပြီလား။”

“ဘာလဲ.. ကိုမျိုးက ဥပုသ်အတူတူ မစောင့်ချင်တာလား။ လူကို မယုံတာလား”

“မဟုတ်တာ ဇာလေးရဲ့။ ကိုမျိုးက ဥပုသ်လိုက်စောင့်မှာပါ။ ဇာလေးကို စိတ်မပင်ပန်းစေချင်တာ၊ ဒါကြောင့် ဟိုဟိုသည်သည်တွေ တွေးမနေနဲ့လို့ ပြောတာ။ ဟုတ်ပြီလား”

ကိုမျိုးနဲ့လည်း ဖုန်းပြောပြီးရော ဇာက သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ချိန်းတယ်။ တနေကုန် ရှော့ပင်းထွက်တယ်။ မုန့်တွေ လျှောက်စားတယ်။ ညနေစောင်းတော့မှ အိမ်ပြန်တယ်။ အိမ်လည်း ပြန်ရောက်ရော တနေကုန် လည်ပတ်၊ စားသောက်နေတဲ့ ပုံတွေကို ဖေ့ဘွတ်ပေါ်မှာ တင်ပြီး ကိုမျိုးကို Tagလိုက်တယ်။ Tagပြီး မကြာပါဘူး၊ ကိုမျိုးက ဖုန်းခေါ်လာတယ်။

“ဇာလေးရယ်”

“ဟဲဟဲဟဲ”

“ဘယ်လိုလုပ်လိုက်တာလဲဟင်”

“ဟဲဟဲ.. ဓါတ်ပုံတွေထဲက အတိုင်းပဲလေ”

“သြော်.. ဇာဇာ.. ဇာဇာ”

“ဘာလဲ.. ကိုမျိုးက စိတ်ဆိုးချင်တာလား။ ဒီက သူ ကုသိုလ်ရပါစေတော့ဆိုပြီး သွယ်ဝိုက်တဲ့ နည်းနဲ့ ဥပုသ်စောင့်ခိုင်းရတာကို။ ကိုမျိုး တနေ့ တနေ့ စီးပွားရေးတွေနောက်ပဲ လုံးချာလည်လိုက်နေတာ ဗြုန်းကနဲ သေသွားရင် ငရဲတန်းဆင်းရမှာ သိနေလို့ စေတနာနဲ့ ခိုင်းတာ သိပြီလား”

“ဟုတ်ပါပြီ ဇာဇာရယ်။ ကိုမျိုးက ဘာပြောနေလို့လဲ”

“ဇာဇာ.. ဇာဇာ နဲ့ လာခေါ်နေတာကိုး”

“အင်းပါ ဇာလေးရယ်။ ဟုတ်ပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ကိုမျိုးက ဇာလေးကြောင့် ဥပုသ်ရသွားတယ်။ ဒီတော့ ဇာလေးကို ကိုမျိုးက အမျှဝေတယ်နော်။ ဇာလေးက သာဓုခေါ်ရမယ်။ အမျှ အမျှ အမျှ”

ဇာ့မှာ အောင့်သက်သက်ကြီး ဖြစ်သွားခဲ့ရဖူးတယ်။

၎။

တစ်ခါတုန်းကကျတော့ ဟင်းချက်ကျွေးပါရစေဆိုပြီး ဟင်းတွေတစ်ခွက်မှ စားမဖြစ်အောင် ချက်လိုက်တယ်။ ကြက်သားဟင်းထဲကို ဆားတွေ အဆုပ်လိုက်ထည့်တယ်။ ငါးဟင်းကျတော့ ငါးကို အကြေးခွံမချွတ်ဘဲ ချက်တယ်။ ဟင်းရည်ထဲကို ရှာလရည် ပုလင်းတစ်ဝက်ကျိုးအောင် ထည့်တယ်။ ငရုတ်သီးစိမ်းတွေထောင်းပြီး မရမ်းသီးထောင်းလို့ ညာတယ်။ အချိုပွဲအတွက် ပန်းသီးတွေ၊ လိမ္မော်သီးတွေကို အတုတွေဝယ်ပြီး ပန်းကန်ထဲမှာ အလုံးလိုက် ခပ်တည်တည် ထည့်ထားတယ်။   ကိုမျိုးကတော့ ပွပြီ၊ မုဆိတ်ပျားစွဲပြီ၊ ဇာချက်ကျွေးတာကို ငါတော့ စားရချည်ရဲ့ဆိုတဲ့ ပုံစံကြီးနဲ့ ရောက်ချလာတယ်။ ကိုမျိုး ကံဆိုးရမယ့်ကံဖန်လာတာက ဖေဖေကော မေမေပါ အဲသည်နေ့က သူတို့မိတ်ဆွေတစ်ယောက်ရဲ့ ဆိုင်ဖွင့်ပွဲကို သွားနေကြလို့ပဲ။ ဖေဖေတို့ အလစ်မို့ ဇာတစ်ယောက်တည်း ထင်တိုင်းကြဲထားတာပေါ့။

“စား.. ကိုမျိုး.. စား။ ဒါက ကြက်သားဆီပြန်”

ကြက်သားတစ်တုံးကို ကိုမျိုးထမင်းပန်းကန်ထဲ ခပ်ထည့်ပေးလိုက်တယ်။

“ဇာလေးလည်း စားလေ”

“ဟင့်အင်း.. ဇာက မနက်စာကို စောစောလေးကမှ စားထားတာ။ ဗိုက်ပြည့်နေသေးတယ်။ ဒါတွေ အကုန်လုံးက ကိုမျိုးကို စားစေချင်လို့ ဇာ ကိုယ်တိုင် ပထမဆုံးအကြိမ် မီးဖိုထဲဝင်ပြီး ချက်ထားတာ သိလား။ စားနော် ကိုမျိုး။ အားပါးတရ စား။ ကိုမျိုးစားတာကို ဇာက ထိုင်ကြည့်ချင်တာ”

ပြောပြောဆိုဆိုနဲ့ ဇာက ငါးဟင်းတစ်တုံးလည်း ခပ်ထည့်ပေးလိုက်သေးတယ်။ ကိုမျိုးက ကြက်သားကို ခက်ရင်းနဲ့ ထိုးဖဲ့လိုက်ပြီး ပါးစပ်ထဲ အသာထည့်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ ကိုမျိုး မျက်နှာက မဲ့ကနဲ ဖြစ်သွားတယ်။ ဟင်းရည်ပန်းကန်ဆီ လက်လှမ်းပြီး ဟင်းရည်တစ်ဇွန်းကို ခပ်သောက်လိုက်တယ်။ သူ့မျက်လုံးတွေ ပြူးထွက်သွားတယ်။ ဇာက မသိချင်ယောင်ဆောင်ပြီး ကိုမျိုးကို မျက်လုံးအဝိုင်းသားလေးနဲ့ ငေးကြည့်နေလိုက်တယ်။ ကိုမျိုးက မျက်ခုံးကို ပင့်ပြီး ပြုံးပြတယ်။ ပြီးတော့ ငါးကို ဖဲ့လိုက်တယ်။ ငါးကို ဖဲ့ရုံပဲဖဲ့ပြီး မစားတော့ဘဲ ဘေးကို အသာလေးတွန်းတာ ဇာသတိထားမိတယ်။ ပြီးတော့ ငရုတ်သီးထောင်းတစ်ဇွန်းကို သူ့ပန်းကန်ထဲ ခပ်ထည့်လိုက်တယ်။

“အဲတာ မရမ်းသီးထောင်းလေ။ ပုစွန်ခြောက်တွေ အများကြီးနဲ့ ထောင်းထားတာ။ ဆိမ့်နေတာပဲ။ မစပ်ဘူးသိလား။”

ကိုမျိုးက သတိထားပြီး ငရုတ်သီးထောင်းနည်းနည်းကို ထမင်းနဲ့မြှုပ်ပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။ ပြီးတော့ အပြုံးမပျက် ဝါးနေတယ်။

“စားမကောင်းရင် အပြစ်မတင်ရဘူးနော်။ ဇာက တစ်ခါမှ ဟင်းချက်ဖူးတာမဟုတ်ဘူး”

ဇာက ခပ်ချွဲချွဲနဲ့ လုပ်ပြီး ပြောတော့ ကိုမျိုးက ခေါင်းကို အသာညိတ်ပြီး ပြုံးပြတယ်။ ပြီးတော့ ငါးကို တစ်ဖဲ့ဖဲ့ပြီး စားလိုက်တယ်။ အဲသည်နောက် ကြက်သားတစ်ဖဲ့ အဲသည်နောက် ဟင်းရည်တစ်ဇွန်း။ ပြီးတော့ ငရုတ်သီးထောင်း။ တစ်ဇွန်းပြီး တစ်ဇွန်းကို မျက်နှာတစ်ချက်မပျက်ဘဲ စားပြလေတော့ ဇာ့မှာ နေရထိုင်ရတာ တစ်မျိုးကြီး ဖြစ်လို့လာတော့တယ်။

“ကိုမျိုး.. ဘာလို့ အဲလောက် စားနေတာလဲ”

“ဟင်.. ဇာလေးက ကိုမျိုးကို စားစေချင်လို့ စေတနာနဲ့ ချက်ကျွေးတာပဲ။ စားရမှာပေါ့။”

“မဟုတ်ဘူးလေ။ ဇာက ကိုမျိုးကို စချင်လို့ တမင်သက်သက် စားမဖြစ်အောင် ချက်ထားတာ သိရဲ့သားနဲ့ ကိုမျိုးက စားနေတယ်။”

“ဟုတ်လား.. ကိုယ် မသိဘူး ဇာလေး”

“ကိုမျိုးကလည်း သိရဲ့သားနဲ့။”

“တကယ် မသိတာပါဗျာ”

ပြောပြောဆိုဆိုနဲ့ နောက်တစ်ဇွန်း ထပ်စားတယ်။

“ခုသိလိုက်တော့။ မစားပါနဲ့တော့”

“ဟောဗျာ.. အစကတော့ ကိုမျိုး မြိန်ရေယှက်ရေ စားပြတာ ကြည့်ချင်လို့ပါဆို”

“စောစောတုန်းက ဟုတ်တယ်။ အခု မဟုတ်ဘူး။”

“မရဘူး။ စားမှာပဲ။”

“မစားပါနဲ့ တောင်းပန်ပါတယ် ကိုမျိုးရယ်”

“မရဘူး။ စားမှာပဲ။”

ကိုမျိုးက ပြောပြောဆိုဆိုနဲ့ ဟင်းရည်တစ်ဇွန်း ခပ်သောက်ဖို့ ပြင်လိုက်တယ်။ ဇာက ဟင်းရည်ဇွန်းတန်းလန်းနဲ့ ကိုမျိုးလက်ကို အတင်းလှမ်းဆွဲထားရတယ်။

ကိုမျိုးနဲ့က အမြဲတမ်း အဲဒီတိုင်းပဲ။ ဒီက သူ့မျက်နှာကြီး ရှုံ့မဲ့နေတာကို ကြည့်ပြီး လက်ခုပ်လက်ဝါးတီး ဟားချင်တယ်။ သူက အခုလို အတည်ပေါက် ပြန်ပြီးတုန့်ပြန်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ အပြင် ဇာကပါ အဲဒီဟင်းတွေကို ဆက်မစားဖို့ အတင်းတောင်းပန်နေရသေးတယ်။ ပြီးတော့ ဝမ်းပိတ်ဆေးတွေလည်း တောင်းတောင်းပန်ပန်နဲ့ အတင်း တိုက်လိုက်ရသေးတယ်။

၅။

ဒီအကြောင်းတွေကို နောက်ရက် သင်တန်းမှာ သူငယ်ချင်းတွေကို ပြောပြတော့ သူတို့တွေက ခေါင်းတွေခါယမ်းလို့။

“ဇာဇာ.. ဇာဇာ.. နင်ဟာလေ. ဟို ကျားစားခံရတဲ့ ကောင်လေး ဖြစ်တော့မှာ။ သိလား။ ဟိုပုံပြင်လေးလေ။ အဟမ်း အဟမ်း .. တစ်ခါတုန်းကပေါ့ ..”

“တော် ဆက်မပြောနဲ့။ ငါ သိတယ်။ တစ်ခါတုန်းက ကောင်လေးတစ်ယောက်ရှိတယ်။ သူက တအားအစနောက်သန်တယ်။ တောထဲမှာ ထင်းခွေသွားပြီဆိုရင်.. ကျား ကျား တို့ ကျားကိုက်ပြီ ကျားကိုက်ပြီတို့ ခဏခဏ အော်စတယ်။ နောက် သူ ခဏခဏ စလွန်းလို့ သူအော်ရင် ဘယ်သူကမှ လာမကြည့်တော့ဘူး။ အဲ အဆုံးသတ်မှာတော့ တကယ်ကျားကိုက်ခံရပြီး သေသွားလေသတည်း။ ဟုတ်တယ်မို့လား။ ဟွန်း.. အဲဒီပုံပြင်ကို ငါ သိပါတယ်။ ကြားရတာများလွန်းလို့ ဖန်တရာတေနေပြီ။”

“အေး.. သိတယ်ဆိုရင်လည်း နင့်အချိုးတွေ ပြင်ပါလားဟယ်။”

“အင်းလေဟာ.. ကိုမျိုးက နင့်ကို ချစ်လို့ သည်းခံတာပေါ့ဟ။ နင်တို့တွေ ရည်းစာဖြစ်စကလည်း ယတြာချေရမှာမို့ဆိုပြီး ကိုမျိုးကို သူဝတ်လေ့ဝတ်ထမရှိတဲ့ ကြောင်ကြောင်ကျားကျား လူငယ်ဒီဇိုင်းတွေ ဆင်၊ ဟိုတန်းလန်း ဒီတန်းလန်း ချိန်းကြိုးတွေ တပ်ပေးပြီး ဘုရားတက်ခိုင်းသေးတယ်ဆို.. နင်နဲ့တော့ သိပ်ခက်တာပဲ”

“ကိုမျိုးက တော်တော်သဘောထားကြီးလို့နော။ မဟုတ်ရင် နင်မလွယ်ဘူး သိလား မိဇာ။ ”

“တော်ပါတော့ဟာ။ ဒီမှာ ငါပြောမယ်။ စနောက်တယ်ဆိုတာ ဟားချင်လို့၊ ရယ်ချင်လို့။ ပျော်ချင်လို့။ အခုဟာက ငါ့မှာ ဟားရယ်ဖို့ နေနေသာသာ၊ ကျွတ်ဆင်ဖြစ်နေလို့ စိတ်ပျက်နေတာ။ နင်နင်တို့ တိတ်တိတ်နေကြ။”

ပြောပြောဆိုဆိုနဲ့ ဇာက သူ့မေးစေ့ကို လက်နဲ့ပွတ်ပြီး ဥာဏ်နီဥာဏ်နက်တွေ ထုတ်နေတယ်။ တအောင့်လောက်လည်း ကြာရော.. “ဟာ ဟုတ်ပြီ.. ဟဲဟဲ.. ငါ့နှယ်နော်.. ဘာဖြစ်လို့များ စောစောစီးစီး မစဉ်းစားမိတာပါလိမ့်” ဆိုပြီး မပြောမဆိုနဲ့ သူငယ်ချင်းတွေကို ထားပြီး ထထွက်သွားတယ်။

၆။


“ကိုမျိုး.. ဇာလေ”

“အင်း.. ဇာလေး။ ဘာဖြစ်လို့တုန်း။ အသံလည်း မကောင်းပါလား။ ပြော”

“ဇာလေ သင်တန်းကဆင်းတော့၊ သူငယ်ချင်းတွေ ရုပ်ရှင်သွားကြည့်တာလည်း မလိုက်ချင်တော့၊ အိမ်ပြန်ရမှာလည်း ပျင်းနေသေးတာနဲ့လေ..”

“အင်း.. အဲဒီတော့”

“ဇာ.. တစ်ယောက်တည်း အေးအေးလူလူ ကော်ဖီလာသောက်နေတာ။ ကန်တော်ကြီးက Signature မှာ။”

“အဲဒီတော့ ဘာဖြစ်လို့လဲ”

“အဲဒီတော့လေ။ ဟဲ.. ဟိုဟာ။ ဟိုဟာဖြစ်လို့.. အဟဲ”

“ဟင်.. ဘယ်ဟာလဲ”

“ဟာ ကိုမျိုးကလည်း ဟိုဟာလေ။ မိန်းကလေးတွေ တစ်လတစ်ခါလေ.. ”

“ဟင်.. ဟိုဟာ.. အော.. ဟိုဟာ။ အင်း။ ဟိုဟာဖြစ်တာ”

“ဟုတ်တယ်။ ဟိုဟာ ဖြစ်တယ်။ အဲတာ ဘာဘာညာညာတွေ ဘာမှ ပါမလာဘူး။ ဝတ်လာတာကလည်း ကွာတားဘောင်းဘီ ဖက်ဖူးစိမ်းရောင်လေး။ ဇာ့မှာ ထိုင်ရာကတောင် မထရဲဘူး။ အဲတာ ကိုမျိုးက လိုအပ်မယ်ထင်တာတွေ ကြည့်ဝယ်ပြီး ဇာ့ဆီကို အမြန်ဆုံး လာခဲ့ပါနော်။”

“အိုခေ.. အိုခေ.. ကိုယ် အမြန်ဆုံး လာခဲ့မယ်။ နာရီဝက်အတွင်း ရောက်အောင်လာခဲ့မယ်နော်။”

ပြောပြောဆိုဆိုပဲ ကိုမျိုးက ဖုန်းကို အမြန်ချသွားတယ်။ ဇာ သိတယ်လေ။ ကိုမျိုးတစ်ယောက် နီးရာဆိုင်တစ်ဆိုင်ကို ပြေးပြီး ဘာညာသရကာတွေ စုံစေ့နေအောင် ဝယ်ရင်း ပျာယာတွေခတ်နေတော့မယ်ဆိုတာ။ ကိုမျိုးဖြစ်နေမယ့် ပုံကို မြင်ယောင်ကြည့်ရင်း ဇာ တစ်ယောက်တည်း တခွိခွိ ဖြစ်နေတယ်။

နာရီဝက်လောက် ရှိတော့ ချွေးသံရွှဲရွှဲနဲ့ ကိုမျိုးရောက်လာတယ်။ သူ့လက်ထဲမှာ အထုပ်ကြီး တစ်ထုပ်နဲ့။

“ဇာလေး.. ရော့။ သွားမလား..”

“ဘယ်ကိုလဲ”

“အိမ်သာဖက်လေ.. ကိုမျိုး နောက်ကနေ လိုက်ခဲ့ပေးမယ်။”

“ဟင့်အင်း.. မသွားပါဘူး။ ဇာ ရှုလည်း မပေါက်ချင်ဘူး။ ဗိုက်လည်း မနာဘူး”

ဇာက ခပ်တည်တည်နဲ့ အကြောင်ရိုက်လိုက်တယ်။

“ဟင်.. ဟိုဟာဖြစ်လို့ဆို။ အဲတာ လိုအပ်မယ်ထင်တာတွေ အကုန် ဒီအထုပ်ထဲမှာပါတယ်။”

ကိုမျိုးက သူ သယ်လာတဲ့ အထုတ်ကြီးကို အတင်း ထိုးပေးတယ်။

“ဒီထဲက ဘာတွေတုန်း.. မှန်းစမ်း။ ကြည့်အောင်”

ဇာက ခပ်တည်တည်နဲ့ အထုပ်ထဲက ပစ္စည်းတွေကို တစ်ခုချင်း ထုတ်တယ်။

“ဟယ်.. ဒါက စကပ်ကြီး။ ဆိုဒ်ကြီးကလည်း အကြီးကြီးပဲ။ အဆင်ကြီးကလည်း တုံးလိုက်တာ။”

“ဟယ်.. ဒါက အကျီကြီးပါလား။ အဘွားကြီးဆင်ကြီး။”

“ဟယ်.. ဒါက အမျိုးသမီး လစဉ်သုံး ပစ္စည်းကြီး။”

ဇာက အသံကို မြှင့်ပြီး အော်ပြောလိုက်တယ်။ ဘေးစားပွဲက လူတွေရဲ့ အကြည့်တွေ ဇာတို့ဆီ ရောက်လာတယ်။ စားပွဲထိုးမလေးရဲ့ တိုးတိုးကျိတ်ကျိတ် ရယ်သံကလည်း မဖုံးနိုင် မဖိနိုင် ထွက်လာတယ်။ ဇာက မသိကျိုးနွံ့ပြုပြီး အရိုးခံမျက်နှာလေးက ကိုမျိုးကို လှမ်းကြည့်လိုက်တယ်။ ကိုမျိုးက သူ အကြပ်ခံရပြီဆိုတာ သိသွားပြီး မျက်နှာကြီး နီရဲတက်လာတယ်။ အံကြီးကို ကြိတ်ထားလိုက်တာများ မပြုံးနိုင် မရယ်နိုင်နဲ့။

“ကိုမျိုးရာ.. ဇာ့ကို လက်ဆောင်ပေးတာများ ဒီလောက်ထိ စေ့စပ်ဖို့ မလိုပါဘူး။ ဒါကြီး မပေးလည်း ဇာက ချစ်ပါတယ် ကိုမျိုးရ။”

ဇာက ပစ္စည်းတွေကို အထုတ်ထဲ ပြန်ထည့်ပြီး တစ်ဆိုင်လုံး ကြားလောက်တဲ့ အသံနဲ့ အော်ပြောတယ်။ ကိုမျိုးခမျာ ခေါင်းတောင် မဖော်ရဲတော့ဘူး။ ဆိုင်ထဲကနေ ဇာတို့နှစ်ယောက် ထွက်လာတော့ လူတွေက ရယ်ကျဲကျဲနဲ့ ကြည့်နေကြတယ်။ ရှက်ရှက်နဲ့ ခေါင်းကြီး ငုံ့ထားလိုက်တဲ့ ကိုမျိုးက ဝင်ပေါက် မှန်တံခါးကို မမြင်ဘဲ ခေါင်းနဲ့ ဝင်ဆောင့်မိလိုက်သေးတယ်။ တစ်ဆိုင်လုံးက လူတွေရဲ့ ရယ်သံက ဝါးကနဲပဲ။

ဆိုင်ပြင်ဖက်ရောက်တော့ ဇာက ကိုမျိုးကို လက်ညှိုးကြီးထိုးပြီး ခွက်ထိုးခွက်လန်ရယ်တယ်။ ကိုမျိုးက မျက်နှာကြီး ရှုတည်တည်နဲ့ လုံးဝလိုက်မရယ်ဘူး။ တစ်လမ်းလုံးလဲ ဇာ့ကို စကားမပြောဘူး။ ဇာမှာသာ တစ်လမ်းလုံး ရယ်လိုက်ရတာ။ အိမ်ရောက်တော့လည်း ကိုမျိုးက ကားပေါ်ကမဆင်းဘူး။ ဇာကို ချပေးပြီးတော့ ချက်ချင်း လှည့်ပြန်သွားတာပဲ။ ကိုမျိုးကိုကြည့်ပြီး ဇာ့မှာ ရယ်လိုက်ရတာ ဗိုက်တွေတောင် နာလို့။

အဲဒီညက ဇာ့ကို ကိုမျိုးက ဖုန်းမဆက်ဘူးရယ်။ အခါတိုင်းဆို ညတိုင်း ဖုန်းဆက်နေကြ။ အခု မဆက်ဘူးဆိုတော့ ကိုမျိုး ဒေါပွနေသေးတယ်ဆိုတာ ဇာ သိတာပေါ့။ ကိုမျိုး ဒေါပွလေလေ ဇာက အူတက်အောင် ရယ်ချင်လေလေပဲ။ မချော့ဘဲ ပစ်ထားလိုက်တယ်။ ဘယ်လောက်မှ မနေပါဘူး။ နောက်တစ်နေ့ မနက်လင်း မိုးလင်းရော သူ့ဘာသာ ဖုန်းဆက်ပြီး ပြန်စခေါ်လာတာပဲ။ ဇာကလည်း အရင်ရက်တုန်းက ဘာမှမဖြစ်ခဲ့သလို ခပ်တည်တည်ပဲ။

၇။

အခုလောက်ဆို ကိုမျိုးတစ်ယောက် ပျာယာခတ်နေလောက်ပြန်ပြီ။ ကားအက်ဆီးဒင့်ဖြစ်လို့ ဆေးရုံရောက်နေတယ်လို့ ဇာက ဖုန်းဆက်ထားတာကိုး။ တကယ်က သူငယ်ချင်းတစ်ယောက်ရဲ့ အမေဆေးရုံတက်နေလို့ ဇာတို့တွေက သတင်းလာမေးကြတာ။
သတင်းမေးပြီး ပြန်မလို့ ကားပါကင်ဖက်လျှောက်လာတော့ ကားပါကင်မှာ အလောတကြီး ပါကင်ထိုးနေတဲ့ ကိုမျိုးကားကို တွေ့လိုက်ရတယ်။

ကိုမျိုး ကားနားလေး ကပ်သွားပြီး ကားမှန်ကို လက်နဲ့သွားခေါက်လိုက်တယ်။ ကိုမျိုးက ကားမှန်ကိုချပြီး ဇာ့ကို မျက်လုံး အပြူးသားနဲ့ ကြည့်နေတယ်။ ဇာက ပခုံးနှစ်ဖက်ကို တွန့်ပြပြီး ရယ်ပြလိုက်တယ်။ ပြီးတော့ လက်ညိုးကို သေနတ်လို လုပ်လို့ ကိုမျိုးကို ချိန်ပစ်လိုက်တယ်။ ကိုမျိုးက နှုတ်ခမ်းကို တင်းတင်းကိုက်ပြီး ကားကို ဝူးကနဲ မောင်းထွက်သွားတယ်။

အဖြစ်ပျက်က မြန်လွန်းလို့ သူငယ်ချင်းတွေ အားလုံး ကြောင်တောင်တောင်လေးတွေ ဖြစ်ကုန်တယ်။

“ငါ ကားအက်ဆီးဒင့်ဖြစ်လို့ ဆိုပြီး သူ့ဆီကို ဖုန်းဆက်ထားတာ။ အဲတာ အဲတာ.. ”

ဇာ ရှင်းပြလိုက်တော့ သူငယ်ချင်းတွေ အားလုံးက မျက်စောင်းထိုးကြတယ်။

“နင် အဲလိုမလုပ်သင့်ဘူး။ ဟိုက စိတ်ပူပြီး လိုက်လာတာ။ သူ ဘယ်လောက် စိတ်ပူနေခဲ့တယ်ဆိုတာ သူ့မျက်နှာမှာ အထင်းသားကြီး”

“နင်က လုပ်ချလိုက်ပြန်ပြီဟာ။ နင် ဘယ်လောက်စစ ဒါမျိုးကတော့ မလုပ်ကောင်းဘူး။ ဟိုမှာ ကိုမျိုး ဘယ်လောက် စိတ်ဆိုးသွားလဲ။ နင် လိုက်သွားပြီး တောင်းပန်သင့်တယ်။”

“အေးဆေးပါဟာ.. သူ့ဘာသာ မနက်ဖန်ကျရင် ကောင်းသွားမှာပဲ။ ငါတောင်းပန်စရာ မလိုပါဘူး။ အေးဆေး အေးဆေး”

ဇာက ပေါ့ပေါ့ပါးပါးပဲ။ သူငယ်ချင်းတွေကိုတောင် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သေးတယ်။ သူငယ်ချင်းတွေကတော့ ဇာ့ကို လက်လန်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ခေါင်းတွေ ယမ်းလို့။

နောက်ရက်ကျတော့ ကိုမျိုး ဖုန်းခေါ်မလာခဲ့ဘူး။ တစ်ရက်.. နှစ်ရက်ကနေ သုံးရက်လောက်ဖြစ်လာတော့ ဇာ နေမထိ ထိုင်မသာ ဖြစ်လာတယ်။ ဇာ လွန်သွားခဲ့ပြီလား။ ကိုမျိုးက ဇာ့ကို တစ်ခါမှ ဒီလို စိတ်မဆိုးဖူးပါဘူး။ 

ကိုမျိုးဆီက ဖုန်းမျှော်ရတာ ကြာရတာ ဇာ ကိုမျိုးကို စိတ်တိုလာမိတယ်။ ခေါ်လာပါစေဦး၊ ဒီက ဦးအောင် စိတ်ကောက်ပစ်လိုက်ဦးမယ်ဆိုပြီး ကိုမျိုး ဖုန်းကို မျှော်ပေမယ့် ကိုမျိုးက ခေါ်မလာခဲ့ဘူး။ တစ်ပတ်တိတိ ပြည့်တဲ့နေ့မှာ ဇာကပဲ စပြီး ဖုန်းခေါ်လိုက်မိတယ်။

ဇာ ဖုန်းခေါ်လိုက်တော့ အိမ်မှာ စောင့်နော်၊ လာခဲ့မယ်ဆိုပြီး ဖုန်းချသွားတယ်။ ပြီးတော့ ဇာ့ကို လာခေါ်ပြီး ကန်တော်ကြီးထဲကို မောင်းသွားတယ်။ ကန်တော်ကြီးရောက်တဲ့အထိ ဇာ့ကို စကားလည်း တစ်ခွန်းမှ မပြောဘူး။ တစ်ချက်မှလည်း လှည့်မကြည့်ဘူး။ ကားရပ်တော့ ဇာက ကားပေါ်က ဆင်းပြီး ခုံတန်းလေး တစ်ခုပေါ်မှာ သွားထိုင်တယ်။ ကိုမျိုးက ဘေးနားလေးမှာ အသာလေး ဝင်ထိုင်တယ်။ အဲဒီထိလည်း စကားတစ်ခွန်းမှ မပြောသေးဘူး။

“ကိုမျိုး.. ဘာဖြစ်လို့ စကားမပြောတာလဲ။ လူကြီးဖြစ်ပြီးတော့ ဘာဖြစ်လို့ အဲဒီလောက် စိတ်တိုနေရတာလဲ။  ဇာက စတာ သိသိကြီးနဲ့ ဘာလို့ ခုထိ စကားမပြောတာလဲ”

“အော… မင်းက မင်း စတာပဲ သိတာကိုး။ မင်းဆေးရုံရောက်နေတယ်ဆိုတော့ ကိုယ့် ရင်ထဲ ဘယ်လောက် ပူသွားလဲ မင်းသိလား။ ဆေးရုံကို လာတဲ့ လမ်းတစ်လျှောက်လည်း ဘုရားစာတွေ ရွတ်ပြီး ကားကို ဘယ်လိုအမြန်မောင်းလာခဲ့တာလည်းရော မင်းသိလား။ ကံကောင်းလို့ အဲဒီနေ့က ကိုယ် မသာမပေါ်တာ”

“ကိုမျိုးနော်.. ဇာကို အဲသည်လို ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း မပြောနဲ့။”

“အော.. မင်းအလှည့်ကြတော့ သိတတ်လိုက်တာ.. တစ်ဖက်လူအတွက်ကျတော့ နည်းနည်းလေးမှ စဉ်းစားပေးဖော်မရဘူး။ မင်း ကိုယ့်ကို ဘယ်လောက်ပဲ စစနောက်နောက်၊ ဘယ်လောက်ပဲ ကြပ်ကြပ် ကိုယ် သည်းခံခဲ့တယ်။ ဒါပေမယ့် အခုလို ကြပ်တာကျတော့ မလွန်လွန်းဘူးလား။ အဲဒီနေ့က ဖုန်းထဲမှာ ဘာပြောခဲ့လဲ။ မင်းက .. ခုအရေးပေါ်ခန်းထဲ ဝင်ရတော့မယ်။ အမြန်ဆုံးလာခဲ့ပါလို့ ပြောပြီး ဖုန်းကို တန်းချသွားတယ်။ ကိုယ် ပြန်ခေါ်တော့လည်း မကိုင်ဘူး။ ကိုယ့်မှာ မင်း ဘာဖြစ်မှန်းလည်း သေသေချာချာ မသိရဘူး။ ကိုယ် ဘယ်လောက်များ စိတ်ပူခဲ့ရတယ် ထင်လဲ။ လူကြီးတွေ ရှော့ခ်ရမှာစိုးလို့ သူတို့ဆီကိုလည်း ဖုန်းဆက်ပြီး အကြောင်းမကြားရဲသေးဘူး။ မင်းဆီကို အမြန်ဆုံး ပြေးလာခဲ့ရတယ်။ ကိုယ် ဘယ်လို ခံစားရလဲ မင်း သိမှာ မဟုတ်ဘူး။ ဘယ်သိမလဲ..။ မင်းမှာက အချိန်ပြည့် သူများကို စချင် နောက်ချင်တဲ့ စိတ်တွေနဲ့ချည်း ပြည့်နေတာကိုး။ ကိုယ်ချစ်တဲ့သူတစ်ယောက် အသက်များ ဆုံးရှုံးသွားနိုင်သလားဆိုတဲ့ ပူပန်မှုက ဘယ်လောက်ပြင်းထန်တယ်ထင်လဲ”

“တော်ပါတော့… မပြောပါနဲ့တော့။ ”

“ပြောရမှာပဲ။ ကိုယ့်မှာ ပူပန်စိတ်တွေနဲ့ အမောတကော ပြေးလာရတယ်။ မင်းက အပြုံးမပျက်ဘူး။ အရယ်မပျက်ဘူး။ ကိုယ့်ကို တောင်းပန်ရမယ့် အစား မင်းကတောင် ပြန်ပြီး စိတ်ကောက်လိုက်သေးတယ်။ ဒီမှာ ဇာ.. မင်းကိုယ့်ကို တခြားနည်းတွေနဲ့ ဘယ်လို စစ ကိုယ် သည်းခံနိုင်တယ်။ ဒီလိုနည်းနဲ့တော့ ကိုယ့်ကို မစနဲ့။ ကိုယ် သည်းမခံနိုင်ဘူး။ ကြားလား။ ကိုယ်ချစ်ရတဲ့လူတစ်ယောက် တစ်ခုခုဖြစ်ပြီဆိုတဲ့ အသိကို ကိုယ်လုံးဝ မခံစားနိုင်ဘူး။ နားလည်လား။”

ကိုမျိုးက ပြောပြောဆိုဆိုနဲ့ ဇာ့လက်မောင်းနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ဇာ့ကို ကိုင်လှုပ်တယ်။ ကိုမျိုးရဲ့ အမူအယာနဲ့ လေသံကြောင့် ဇာ့မှာ ငိုမိသွားတဲ့ အထိပါပဲ။

အဲဒီနေ့က ကိုမျိုးနဲ့ ဇာ ပြန်ပြီး အဆင်ပြေသွားတယ်ဆိုပေမယ့် ဇာ့ရင်ထဲမှာ ကိုမျိုးကို မကျေနပ်ဘူး။ အထူးသဖြင့် ဇာက အလျော့ပေးပြီး ပြန်ခေါ်လိုက်ရတာ၊ ဇာက စပြီး ပြန်ခေါ်ခဲ့တာကိုတောင် ဇာ့ကို ငေါက်ငမ်းနေခဲ့တာတွေအတွက် ဇာ မကျေနပ်ဘူး။ ဒါကြောင့်လည်း ကိုမျိုး မကြိုက်ဘူးဆိုတာ သိသိကြီးနဲ့ နောက်တစ်ခေါက် စနောက်လိုက်မိတာပေါ့။

၈။

“ကိုမျိုး.. ဇာ အသက်ရှုလို့ မရဘူး။ ရင်တွေ တအားကြပ်နေတယ်။ ရင်ဘတ်ထဲကလည်း တအားအောင့်နေတယ်။ ဘယ်လိုမှ မနေသာဘူး။ အိမ်မှာ ဇာတစ်ယောက်တည်းရယ်။ မြန်မြန်လာပါနော်။ ”

ဇာက မနည်းအားယူပြီး ပြောနေရတဲ့ လေသံလေးနဲ့ လုပ်ပြောလိုက်တော့ ကိုမျိုးက တကယ် ယုံသွားတယ်။ ဖေဖေနဲ့ မေမေ အလုပ်ကိစ္စနဲ့ မန္တလေးဆင်းနေတာကိုလည်း ကိုမျိုးသိတယ်။ ပြီးတော့ ဇာ့မှာ ရင်ကြပ်ရှိတာ၊ ဟိုးတလောတုန်းက ညဖက်ကြီး တအားတွေ အသက်ရှုကြပ်ပြီး ရင်ဘတ်တွေ အောင့်လို့ ဆေးရုံတက်ထားရလည်း သူ အသိပဲဆိုတော့ ဇာ အကြံအောင်မြင်သွားတယ်။ ကိုမျိုးက အိမ်နေရင်းဝတ်တဲ့ စွပ်ကျယ်အင်္ကျီဖြူလက်ဇကလေးရယ်၊ ပုဆိုးခပ်နွမ်းနွမ်းတစ်ထည်ရယ်ကို ဝတ်ပြီး ရောက်ချလာတယ်။

ကိုမျိုးရောက်လာတဲ့အချိန်  ဧည့်ခန်းထဲက တီဗွီရှေ့မှာ ဇာ K-Popအက လိုက်ကနေတယ်။

“ဇာဇာ..”

“ကိုမျိုး..”

“ဒါလား မင်း ရင်ဘတ်အောင့်တာ။”

ကိုမျိုး မျက်ဝန်းထဲက ခါးသီးမှုတွေနဲ့ အေးစက်မှုတွေကို မြင်လိုက်ရတော့ ဇာ တအားလန့်သွားတယ်။

“အဲ.. မဟုတ်.. ဟိုဟာ.. စောစောက အောင့်တယ်။ အခု ပျောက်သွားတာ.. အဟဲ။”

ရယ်ကျဲကျဲ ဖြစ်နေတဲ့ ဇာ့ မျက်နှာကို အချိန်မှီ မျက်နှာပိုး သတ်လိုက်လည်း မမှီတော့ပါဘူး။ ကိုမျိုးဒေါသက ပေါက်ကွဲသွားပြီ။

“ဒီလိုမလုပ်ပါနဲ့လို့ မင်းကိုငါ ဘယ်နှခါ ပြောရမလဲ”

ကိုမျိုးက သူ့လက်ကို လေထဲမှာ ဝှေ့ယမ်းပြီး အော်တယ်။ ဒေါသတကြီးနဲ့ သူ့ အော်သံက ကျယ်လောင်လွန်းလို့ ဇာ တအား ကြောက်လန့်သွားမိတယ်။

“ ဒီလို ရင်ဘတ်အောင့်လို မင်း ဆေးရုံတက်ထားရတာ  တစ်ပတ်လောက်ပဲ ရှိသေးတယ်။ ဒီလိုရောဂါမျိုးက အခန့်အသင့်ရင် အသက်ရှုပိတ်ပြီး သေသွားနိုင်တယ်လို့ ငါက သိထားတော့ ဘယ်လောက်များ စိတ်ပူရတယ် ထင်လဲ.. မင်းကွာ။ မင်း..။”

ကိုမျိုးက ဒေါသတကြီး အော်ဟစ်ငေါက်ငမ်းတယ်။ သူ့တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်ယင်နေတယ်။

“ကိုမျိုး..”

ဇာက ကိုမျိုး လက်မောင်းကို အတင်းပြေးဆွဲလိုက်တယ်။ ကိုမျိုးက ဇာ့လက်ကို ဆောင့်ဆွဲဖြုတ်ချလိုက်ပြီး ဇာ့ကို တွန်းထုတ်တယ်။ မထင်မှတ်ထားတဲ့ အပြုအမူကြောင့် ဇာ့မှာ ကြက်သေသေသွားရတယ်။

“မင်း ငါ့ကို လာမထိနဲ့။ လာလည်း မခေါ်နဲ့။ မင်းလိုမိန်းမမျိုးက ငါလိုကောင်နဲ့ မတန်ဘူး။”

ပြောပြောဆိုဆိုနဲ့ ကိုမျိုးက လှည့်ထွက်သွားတယ်။ ဇာ့မှာ ကိုမျိုး နောက်ဆုံးပြောခဲ့တဲ့ စကားကြောင့် ကြမ်းပေါ်မှာ ထိုင်ရက်သား ပုံလဲကျသွားရတဲ့ အထိပါဘဲ။

“မင်းလိုမိန်းမမျိုးက ငါလိုကောင်နဲ့ မတန်ဘူးတဲ့”

အဲဒီစကားကို ထပ်ကာထပ်ကာ ပြန်ကြားနေမိပြီး တညနေလုံး၊ တညလုံး ဇာ ငိုနေမိတယ်။ တညလုံး ငိုနေခဲ့လို့ထင်တယ်။ မနက်လင်းခါနီးတော့ ရင်ဘတ်ထဲက တအားအောင့်လာပြီး အသက်ရှုရတာ အရမ်းခက်ခဲလာတယ်။ အရင်တစ်ခါကလို ပြန်ဖြစ်ပြီ ဆိုတာ သိပေမယ့် ဒီအတိုင်းဆို ဆေးရုံကို ဇာ ကိုယ်တိုင် ကားမောင်းနိုင်တော့မှာ မဟုတ်ဘူး။

ကိုမျိုးဆီဖုန်းဆက်ရမလား ..။

ဟင့်အင်း။ မဆက်တော့ပါဘူး။ သူ ယုံမှာမဟုတ်ဘူး။ ဇာက ကိုမျိုးဆီ ဖုန်းမဆက်ဘဲ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ဆီ ဖုန်းဆက်လိုက်တယ်။ ဘယ်သူမှ ဖုန်းမကိုင်ကြဘူး။ စောစောစီးစီးမို့ ဖုန်းသံပိတ်ထားပြီး အိပ်နေကြတာလား၊ ဒါမှမဟုတ် ဇာက တစ်ခုခု ကြပ်မှာ စိုးလို့ တမင်ပဲ မကိုင်တာလား။

Inhaler ရှုထားတာလည်း မသက်သာဘဲ ရင်ဘတ်ထဲက အောင့်သထက် အောင့်လာတော့ အရဲစွန့်ပြီး ကိုမျိုးဆီ ဖုန်းဆက်လိုက်မိတယ်။ ကိုမျိုးက ဖုန်းမကိုင်ဘူး။ အင်းလေ.. ငါလို မိန်းမမျိုးက ဆက်တာကို သူက ဘယ်ကိုင်မှာလဲ။ မျက်ရည်ပူတွေက ပါးပြင်ထက် လှိမ့်ဆင်းလာတယ်။ အဲဒီမှာပဲ ဖုန်းသံမြည်လာလို့ ကြည့်လိုက်တော့ ကိုမျိုး။

“ကိုမျိုး.. ဖုန်းပြန်ခေါ်တယ်နော်”

“အင်း”

ကိုမျိုးအသံက အိပ်ရာထစ အသံဆိုပေမယ့် အေးစက်တင်းမာနေတယ်။

“ဇာလေ ရင်ဘတ်တွေ အရမ်းအောင့်နေလို့ ကိုမျိုး အမြန်ဆုံး လာခဲ့ပါနော်”

ကိုမျိုးက ဘာမှမပြောဘဲ ရုတ်တရက် ဖုန်းချသွားခဲ့တယ်။ ကိုမျိုးရဲ့ တုန့်ပြန်မှုကြောင့် ဇာ့မှာ ငိုမိတယ်။ ဖြစ်သင့်ပါတယ်လေ.. ဖြစ်သင့်ပါတယ်။ ဘယ်သူမပြု မိမိမှုပါပဲ။

အဲတာ ငါ့ကြောင့်.. အဲတာ ငါ လုပ်တာပဲ။ ဇာ မနည်းအားယူပြီး အိပ်ရာထဲကနေ ထသွားလိုက်တယ်။ ကားသော့ကို ဆွဲယူပြီး အိမ်အောက်ထပ်ကို ဖြေးဖြေးချင်း ဆင်းလာခဲ့တယ်။ လှေကားထစ်တွေ တစ်လှမ်းချင်းကို မနည်းအားယူပြီး ဆင်းနေရတယ်။ မောလိုက်တာလေ။ ရင်ဘတ်ထဲမှာလည်း တင်းကြပ်နေတာပဲ။ မျက်ရည်တွေကလည်း ဘာဖြစ်လို့များ တရစပ် ကျနေရပါလိမ့်။ ဘာလို့ ငါ့စိတ်တွေ ဒီလောက် ပျော့ညံ့နေရတာလဲ။ မနည်းအားတင်းပြီး ခြံတံခါးကို သွားဖွင့်လိုက်တယ်။ ခြံတံခါးကို ဖွင့်လိုက်တဲ့အခါမှာပဲ ခြံရှေ့ကို ရောက်လာတဲ့ ကိုမျိုး ကားကို တွေ့လိုက်ရတယ်။

ကိုမျိုးက ကားပေါ်ကနေ ပြေးဆင်းလာတယ်။ ဇာက ကိုမျိုးကို ကြည့်ပြီး ငိုမိတယ်။ ကိုမျိုးက ဇာ့လက်လေးကို ဆုပ်ကိုင်လိုက်တော့ ဇာတစ်ကိုယ်လုံး ပျော့ခွေသွားတော့တယ်။ ကိုမျိုးက ဇာ့ကို ကားပေါ်ပွေ့တင်ပြီး ဆေးရုံခေါ်သွားတယ်။

လမ်းမှာ ဇာက ကိုမျိုးကို မေးမိတယ်။

“ကိုမျိုး.. ဇာ စတတ်မှန်း သိရဲ့နဲ့ ဒီတစ်ခေါက်လည်း ရောက်လာတယ်နော်။ ဘာလို့လဲဟင်”

“မမေးပါနဲ့ ဇာလေးရယ်.. ငြိမ်ငြိမ်လေး နေနော်။ ပိုပြီး မောနေလိမ့်မယ်။”

“ဟင့်အင်း.. ဇာ သိချင်တယ်”

“အင်း.. ဇာလေး စတတ်တာ ကိုယ် သိတယ်။ နောက်တစ်ခါ အစခံရမလားလို့လား စိုးရိမ်တယ်။ နောက်တစ်ခါ အစခံရရင် ကိုယ်ဘယ်လောက် ခံရခက်မလဲ၊ ဒေါသထွက်မလဲ ဆိုတာလည်း ကိုယ် သိတယ်။ ဒါပေမယ့် တကယ်ပဲ ဇာလေး တစ်ခုခုများ ဖြစ်နေသလား ဆိုတဲ့ စိုးရိမ်စိတ်က ကိုယ့်ကို ခြောက်လှန့်တယ်။ အဲဒီစိုးရိမ်စိတ်ကို ဖျောက်လို့မရဘူး။ အဲဒီတော့ အစခံရလည်း ခံရပါစေတော့ဆိုပြီး ကိုယ် ရောက်လာတယ်။”

“ဇာတောင်းပန်ပါတယ်နော်.. တကယ်တော့ ဇာလို မိန်းမနဲ့ ကိုမျိုးနဲ့ မတန်ပါဘူး။ ဇာ တောင်းပန်ပါတယ်။”

တောင်းပန်စကားတွေ တဖွဖွ ပြောနေမိတဲ့ ဇာ့ကို ကိုမျိုး ပြန်ပြောလိုက်တဲ့ စကားကြောင့် ဇာ့ရင်ထဲမှာ နောင်တတရားတွေနဲ့ အတူတူ အမျိုးအမည် မသိတဲ့ ပီတိတွေကတဖွားဖွား ဖြစ်လို့လာတယ်။ ပြီးတော့ ကိုမျိုးနဲ့ ပတ်သတ်ပြီး တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ ခံစားချက်တွေလည်း ရင်ထဲမှာ ပေါက်ဖွားလာတယ်။ အရင်တုန်းက ကိုမျိုးကို ငါဘာလုပ်လုပ်၊ သည်းခံမယ့် လူကြီးဆိုပြီး လက်ခံခဲ့ပေမယ့် အခုကျမှ အရင်ကနဲ့ မတူနဲ့ ခံစားချက်တွေကို ခံစားလိုက်ရတော့တယ်။

“မတောင်းပန်ပါနဲ့ ဇာလေးရယ်။ ကိုယ် ပြောမယ်။ သေချာနားထောင်နော်။ ကိုယ် ဘယ်လောက်ပဲ အစခံခဲ့ရ၊ခံခဲ့ရ ဇာလေး တကယ် ဒုက္ခရောက်ချိန်မှာ ဇာလေးနားမှာ ကိုယ် ရှိနေခွင့် ရခဲ့မယ်ဆိုရင် အရင်တုန်းက အစခံခဲ့ရတာတွေ အားလုံးအတွက် တန်ပါတယ်လို့ ကိုယ် ဖြေတွေးပြီးသားပါ။ အခု ကိုယ်ကျေနပ်တယ်။ ဇာလေးသာ စကားတွေ ထပ်မပြောနဲ့တော့။ ငြိမ်ငြိမ်လေး နားနေနော်။ ဇာလေးကို ကိုယ်က သိပ်ချစ်တာ။ ဟုတ်ပြီလား။”

အဲဒီ စကားလေးကြောင့် ဇာ့မှာ ဘာပြန်ပြောရမှန်း မသိဘဲ ကိုမျိုးကိုသာ ကားမှန်လေးထဲကနေတဆင့် ငေးကြည့်နေမိတော့တယ်။ ကိုမျိုးကတော့ ကြည်လင်နေတဲ့ မျက်နှာလေးနဲ့ ကားကို ဂရုတစိုက်နဲ့ မြန်နိုင်သမျှ အမြန်ဆုံး မောင်းနေတာပေါ့။

လေးစားခြင်းဖြင့်

မြတ်ပန်းနွယ်