Sunday 15 December 2013

ဝရမ်းပြေး



From endearment springs grief,
From endearment springs fear.
For him who is wholly free
from endearment
there is no grief,
Whence then fear?

v v v

“အိမ်ထောင်ပြုတယ်ဆိုတာလေ တကယ်တော့ ဟင်းတစ်မျိုးတည်းကိုပဲ နေ့တိုင်း၊ညတိုင်း အနပ်တိုင်းမှာ စားနေရသလိုပဲ ကိုကိုရဲ့ ။ သိရဲ့လား။ တကယ်ဆို ဒီလူ့လောကမှာ စားသုံးစရာအမယ်တွေ အများကြီးရှိပါလျက်နဲ့ တစ်သက်လုံး ဟင်းတစ်ခွက်တည်း စားနေရတာ ငြီးငွေ့စရာကြီးပါ။”

သူမ ခံယူချက် အသစ်ကို ပြောပြတော့ မယုံကြည်နိုင်ဟန်ဖြင့် သူ့မှာ အံ့သြတုန်လှုပ်သွားရသည်။ သူမက နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ယင်နေသော သူ့ကို ဘာဖြစ်သွားတာလဲ ဆိုသည့် ဟန်ဖြင့် မေးငေါ့ပြလိုက်တော့ သူ့ အံ့သြတုန်ယင်နေမှုကနေ ဒေါသအဖြစ် ပြောင်းလဲသွားလေသည်။

“မေ.. မင်းဟာ တကယ့်ကို ဒဂုန်တာရာရဲ့ မေပဲ သိလား။”

သူမကို စိတ်ဆိုးဆိုးနဲ့ ပြောခဲ့သော စကားဆို၍ သည်တစ်ခွန်းသာရှိသည်။ အဲသည်နောက် ယိုသူမရှက်၊ မြင်သူရှက်သည်လား မသိ။ သူမက ဘာမှမဖြစ်ရဘဲ သူကသာ အိမ်ပေါ်က ဆင်းသွားခဲ့လေသည်။ ဒါကြောင့်လည်း "မိကျောင်းမင်းကို ရေကင်းပြတာတော့ မဟုတ်ပါဘူး။ ကိုကို ဘာလုပ်သင့်လဲ ကိုကို သိပါတယ်လေ" ဟု သရော်သလိုလို စာတစ်စောင်ကို သူ့ထံအရောက် ရေးပို့လိုက်တော့ ပြန်စာအဖြစ် ကွာရှင်းစာချုပ်တစ်စောင် ရောက်လာခဲ့သည်။ အဲဒီတုန်းကတော့ ကွာရှင်းစာချုပ်ကို ကြည့်ပြီး သူမမှာ ဟက်ဟက်ပက်ပက် ရယ်လိုက်မိတာများလေ.. သောက်လက်စ စီးကရက်တောင် သီးသွားရခဲ့ရသည့်အဖြစ်။ ပြီးတော့ မီးခိုးတွေနဲ့ လည်ပင်းတစ်လျှောက်မှာ ပူစပ်သွားလေခြင်း။

v v v

Friday 29 November 2013

မေတ္တာပုခက်တွင်းမှရင်သွေးငယ်လေးများ


ကျင့်သားရနေတဲ့ မျက်စိနှစ်လုံး ပွင့်လာတော့ လင်းကြက်တောင် မတွန်သေး။ ပတ်ဝန်းကျင်တစ်ခွင်က တိတ်ဆိတ်လို့နေသည်။ အိပ်ရာမှ အသာထကာ ခြေဖျားထောက်ပြီး ခပ်ဖွဖွ နင်းလျှောက်နေတာတောင် ကြမ်းခင်းက တကျီကျီ မြည်ချင်သေးသည်။ အဲဒီအချိန်မှာမှ ခေါင်းရင်းတည့်တည့်မှာ အိမ်မြောင်စုပ်ထိုးလိုက်တော့ အိပ်ပျော်နေသော အိမ်ဦးနတ်ဆီမှ အသံထွက်လာသည်။  ဟိုလှိမ့်သည်လှိမ့် ဟိုကုတ်သည်ကုတ်လုပ်ပြီး ပြန်အိပ်သွားသည်ကို အသာရပ်ကြည့်နေလိုက်၏။

လေးနာရီ ထိုးလုလုမို့ အရှေ့ဆီမှ ရောင်နီပျပျ မြင်နေရပြီ။ ရှေ့တံခါး၊ နောက်ဖေးတံခါး နှင့် အိမ်ရှိ ပြတင်းပေါက်စေ့ကို ထုံးစံအတိုင်း လိုက်ဖွင့်လိုက်သည်။ အမှောင်ထဲမှာ ခပ်ကုပ်ကုပ်လေး အိပ်ပျော်နေသော ပျဉ်ထောင်အိမ်ဟောင်းလေးကို သည်လိုနည်းနှင့် နံနက်ခင်းတိုင်းမှာ ဒေါ်စောကြည်က နှိုးနေကြ။

အိမ်ခန်းထဲမှာ အိပ်ပျော်နေသော သားက ပါးစပ်မှာ သွားရေများကျနေသည်။ သည်ကောင်လေးက အသက်၁၄နှစ်ကျော်၊ အတန်းက ကိုးတန်းရောက်နေပြီ ဆိုပေမယ့် တကယ့်ကလေးတစ်ယောက်လို။ အငယ်ဆုံးလည်းဖြစ်သည်မို့ အမေကို ကပ်ချွဲလေး။ ဟိုဖက်နှစ်ကလောက်ထိ အမေ့ရင်ခွင်မှာ အတင်းတိုးဝင်ပြီး အိပ်ချင်သေးသူ။ လူပျိုပေါက်ဖြစ်နေပါပြီသားရဲ့.. အိမ်ခန်းထဲမှာ တစ်ယောက်တည်း အိပ်စမ်းပါဟု ဒေါ်စောကြည် ဘယ်လိုပြောပြော မရ။ နောက်ဆုံး သူ့အဖေက ဗီတိုအာဏာသုံးလိုက်တော့မှ မကျေမချမ်း အိပ်ရာခွဲအိပ်ဖြစ်တော့သည်။

နောက်ဖေးမီးဖိုဖက်သွားရင်း လိုက်ကာစလေးကြားမှ သမီးအခန်းကို ချောင်းကြည့်လိုက်သည်။ သမီးက ခွေခွေလေး အိပ်ပျော်နေသည်။ ဒေါ်စောကြည်တို့ အိမ်မှာ အိမ်ခန်း၂ခန်းရှိသည်။ တစ်ခန်းမှ တံခါးရွက်မရှိ။ ပိတ်ပါးစလေးကို လိုက်ကာလုပ်ကာ အခန်းတံခါးဝမှာ ကာထားရ၏။ သမီးက တံခါးရွက်လေး တပ်ပေးဖို့ ပြောနေတာ ကြာလှပြီ။ အိမ်ကယောက်ျားကို ပြောကြည့်တော့ တပ်တာပေါ့တဲ့။ သူ့တပ်တာပေါ့နောက်မှာ တကယ်တပ်ဖြစ်ဖို့ ဘယ်နှစ်နှစ်ပေါက်ဦးမယ် မသိ။ ဒေါ်စောကြည်တို့ ညားကာစတုန်းက တံခါးတပ်ပေးဖို့ ခဏခဏ ပူဆာဖူးခဲ့တာကို အမှတ်ရမိသည်။ သူ့တပ်တာပေါ့ကို စောင့်ရင်း သမီးတစ်ယောက် သားတစ်ယောက်ရပြီးသွားတော့ တံခါးတပ်ဖို့ ကိစ္စကို သူမ မေ့ပစ်ခဲ့လိုက်တော့သည်။ သမီးကိုတော့ သည်အကြောင်းလေးကို မပြောဖြစ်ခဲ့။

Saturday 26 October 2013

မြတ်နိုးမှုလက်ဆောင်



ဘာမှမရှိသော မနက်ဖြန် အလွတ်တစ်ခုထဲသို့ မျှော်လင့်ခြင်းအချို့ကို ထည့်လိုက်သည်။

Wednesday 16 October 2013

မြင်းမိုရ်သို့အပြန်




၁။

ဆံပင်ဆေးဆိုးတဲ့ ဗူးကလေးတွေရယ်၊ ဇလုံသေးသေးလေး တစ်ခုရယ်၊ သွားပွတ်တံအဟောင်းလေးတစ်ချောင်းရယ် ပြီးတော့ ကြည့်မှန်သေးသေးလေးတစ်ခုရယ်ကို ကိုင်ပြီး မေမေက တွယ်တာ စာဖတ်နေတဲ့ အိမ်ရှေ့စားပွဲလေးနား ရောက်လာတယ်။

“ မေမေ ဘာလုပ်မလို့လဲ။ ”

“ မေမေ ဆံပင်ဆေးဆိုးမလို့ သမီး။ အိမ်ထဲမှာ မှောင်လို့လေ။ အခု ဆိုးထားလိုက်တော့ တော်ကြာလို့ ရေချိုးရင် ခေါင်းပါ တစ်ခါတည်း လျှော်လို့ရတာပေါ့။ ”

“ မေမေက ဆေးဆိုးနေရပြီပေါ့ ”

“ ဆိုးရပြီပေါ့ သမီးရယ်။ ကြာပါပေါ့။ မေမေမှ မငယ်တော့တာပဲကွယ်။ ”

တွယ်တာ့ ရင်ထဲမှာ တစ်မျိုးခံစားလိုက်ရပြီး မေမေ့မျက်နှာကို သေချာမော့ကြည့်လိုက်မိတယ်။ မေမေ အိုသွားခဲ့ပြီပဲ။ မေမေ့အသက် တဖြည်းဖြည်းကြီးလာခဲ့မှန်း တွယ်တာ သိပေမယ့် အသက်ကြီးခြင်းနဲ့အတူ အိုမင်းခြင်းပါ တွဲပါနေတယ်ဆိုတာကို တွယ်တာ လုံးဝ မေ့နေခဲ့တယ်။

Sunday 15 September 2013

အစွန့်ပယ်ခံပန်း၏ ရင်တွင်းစကား


တကယ်တော့ ကျွန်မတို့ ဇာတ်လမ်းလေး ပြီးဆုံးသွားခဲ့တာ နှစ်နှစ်ကျော်၊ သုံးနှစ်ထဲ  ရောက်ခဲ့ပါပြီ။ ဒါပေမယ့် ပြန်တွေးမိလိုက်တိုင်း မနေ့တစ်နေ့ကလို ခံစားလို့ ရနေသေးတာ ဘာကြောင့်များပါလဲ။ မခေါ်ဘဲရောက်လာခဲ့ပြီး မနှင်ဘဲ ထွက်ပြေးသွားခဲ့သည့် သက်ဆိုင်သူကတော့ ဟောသည်ကျွန်းနိုင်ငံလေး၊ ပန်းခြံဘေးက တိုက်ခန်းလေး နဲ့ သူ့အခန်းပြတင်းပေါက်တည့်တည့်မှ မြင်နေရသည့် Braddell Roadဆိုသည့် ဆိုင်းဘုတ်လေးအပါအဝင် ကျွန်မကိုပါ မေ့လျော့နေမည်မှာ သေချာပါသည်။

ရှိပါစေတော့.. သူတောင် မေ့ရက်နိုင်သေးတာပဲ၊ ငါက ဘာဖြစ်လို့များ သတိတွေရနေရမှာလဲ၊ အောက့်မေ့နေရမှာလဲ လို့ ကျွန်မ မကပ်တွက်ရက်ပါ။ ချစ်ခြင်းဆိုသည့်အရာမှာ မာနနှင့်ယှဉ်တွဲသည့် အတွေးတွေ မရှိကောင်းဘူး မဟုတ်ပါလား။ ချစ်ခြင်းတွင် အရေးကြီးဆုံး အရာတစ်ခုမှာ ကိုယ့်ခံစားချက်ကို သစ္စာရှိခြင်းဟု ကျွန်မကတော့ ထင်သည်။

Thursday 8 August 2013

လရောင်ပုံပြင်





“ မောင်ရေ … ”

“ မောင် … ”

“ မောင် ..”

မောင့်ကို ကယောင်ကတမ်း တမ်းတရင်း မောဟိုက်စွာနဲ့ အိပ်မက်ကနေ မေ လန့်နိုးလာခဲ့တယ်။ မောင့်အသံကို မေ့နားထဲမှာ ဝိုးတဝါး ကြားနေရဆဲ။ ကုတင်ပေါ်ကနေ အမြန်ထပြီး ပြတင်းတံခါးတွေကို တွန်းဖွင့်လိုက်တယ်။ မောင့်ကိုများ တစ်နေရာရာမှာ တွေ့လိုတွေ့ငြား။ ခြံဝင်းထဲကို မျက်စိတစ်ဆုံး ဝေ့ကြည့်လိုက်ပေမယ့် ခွေးတစ်ကောင်၊ ကြောင်တစ်မြီးကိုမှ မေ မတွေ့ရဘူး။ လရောင်အောက်မှာ ငြိမ်သက်စွာ အိပ်ပျော်နေကြတဲ့ သစ်ပင်ကြီးတွေကိုပဲ တွေ့ရတယ်။

“ မောင်ရေ .. ”

Wednesday 17 July 2013

ပျားရည်ခတ်တဲ့ အဆိပ်





ဒီတစ်ခါ ကျေးရွာဥက္ကဌ ရွေးရင် မဲခွဲပြီး ရွေးကြမယ်ဆိုပေမယ့် ငါရမှရပါ့မလားဆိုတဲ့ ပူပင်စိတ်က ကိုမြဝင်းမှာ လုံးဝကို မရှိ။ သူနဲ့အတူတူ အရွေးခံမယ့်သူဆိုလို့ ကိုမောင်ညွန့်တစ်ယောက်ပဲ ရှိတယ် မဟုတ်လား။

ကိုမောင်ညွန့်နဲ့ ကိုမြဝင်းဆိုတာက အသက်အရွယ်ကလည်း မတိမ်းမယိမ်း၊ ပိုက်ဆံရှိတာချင်းလည်းတူ၊ ကားတောင် ရွှေငါးစီးတာချင်း တူကြတယ်။ နှစ်ယောက်ပေါင်းရင်တောင် ဆယ်တန်းမရောက်တဲ့ ပညာအရည်အချင်းကိုတော့ ထည့်မပြောနဲ့ပေါ့။ ဒါပေမယ့် ကိုမောင်ညွန့် ရွာ့ဥက္ကဌလုပ်နေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ။ ပြီးတော့ ရွာအတွက် လုပ်ပေးတာကနည်းနည်း၊ သူ့အတွက် ရိတ်တာကများများ နောက်ပြီး ဟိုလူနဲ့လည်း အဆင်မပြေ၊ ဒီလူနဲ့လည်း ဘုကလန့်၊ ဥက္ကဌ သက်တမ်းကြာလာလေလေ ဘယ်နေရာမှာမဆို ငါမပါရင် မပြီးဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဟန် လုပ်ပါများလေတော့ ရွာ့ချဉ်ဖတ်ကြီး ဖြစ်လာခဲ့တာပေါ့။ ရွာထဲက လူတွေက သူ့ကို မြန်မြန် ဖြုတ်ချပစ်ချင်လှပြီ။ ဒါကို ကိုမြဝင်း အသိ။ ဒီတော့ ငါ ရွာဥက္ကဌ ဖြစ်မှဖြစ်ပါ့မလားလို့ ဘာကြောင့်များ ကိုမြဝင်းက တွေးပူနေရဦးမှာလဲ။ ဒီထက်သေချာတာတောင် ဒီလောက်သေချာမှာတဲ့လား။ ဥက္ကဌရွေးမယ့်နေ့အထိ ကိုမြဝင်းတစ်ယောက် မေးစေ့ပွတ်ပြီး ဒူးနှန့်နေရုံပဲပေါ့။

အဲသည်လိုနဲ့ စိတ်အေးလက်အေး ရှိနေတဲ့ ကိုမြဝင်းကို သူ့တပည့် မောင်မောင် သယ်လာတဲ့ သတင်းဆိုးကြီးက ထိုင်ရတော့မလိုလို၊ ထရတော့မလိုလို ပျာယာခတ်သွားစေတယ်။

Sunday 14 July 2013

“မိုးတယ် ရွာတယ် စိုတယ်” နှင့် တစ်မျက်နှာ ဝတ္တုတိုများ



 “ မိုးတယ် ရွာတယ် စိုတယ် ”

“ ကြွတယ် ”

“ လှမ်းတယ် ”

“ ချတယ် ”

ထီးကလေးကို လက်မှာပိုက်ထားတဲ့ မြတ်ပန်းနွယ်တစ်ယောက် ခြေလှမ်းတိုင်းကို ပစ္စုပ္ပာန်ကျကျ မှတ်နိုင်အောင် ကြိုးစားရင်း ခြေတစ်လှမ်းကုဋေတစ်သန်းဟန်နဲ့ ဆွမ်းစားဆောင်ဖက်ကို လျှောက်လာတယ်။ မြတ်ပန်းနွယ်ရဲ့ ရှေ့မှာရော နောက်မှာပါ တရားမှတ်ရင်း ဆွမ်းစားဆောင်ဖက်ကို ကြွနေကြတဲ့ ယောဂီတွေ။

“ လှမ်းတယ် ”

“ ချတယ် ”

“ ဟင်.. မိုးပေါက်ကလေးတွေ။ ”

Tuesday 2 July 2013

နှလုံးသားမှာ ကြတ်တဲ့လ


၁။

ဖန်ဝါနေမင်းကြီးက ဂေါယာကျွန်းဖက် ယွန်းလေလေ စိတ်တွေက ပိုပြီးလှုပ်ရှားလာလေလေ။ သည်နေ့ သည်ရက် သည်လိုညနေခင်းကို ဘယ်လောက်ထိ မျှော်နေမိခဲ့တယ်ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးပါ။

နိုင်ငံရပ်ခြားမှာ ကျောင်းတက်နေချိန် တစ်လျှောက်လုံး အမိမြေနဲ့ ပတ်သက်ပြီး အလွမ်းရဆုံး ရာသီပွဲတော်က ကျွန်တော်တို့ ဇာတိမြို့ငယ်ကလေးရဲ့  မြင်းမိုရ်ပွဲတော်ပဲ ဖြစ်တယ်။

ရောင်စုံနီယွန်မီးတွေ ထိန်ထိန်ညီးတဲ့ မြို့ပြညတွေမှာ ငြီးငွေ့လာလေလေ မှိတ်တုတ် မှိတ်တုတ် ဆီးမီရောင်လေးတွေနဲ့ ပကာသနကင်းမဲ့စွာ လှပနေတဲ့ သန်တူလရဲ့ လပြည့်ညချမ်းကို ကျွန်တော် လွမ်းမိလေလေ။

အဲသည် လပြည့်ညကလေးနဲ့ ဝေးကွာခဲ့ရတဲ့ ရက်ပေါင်း တစ်ထောင်ကျော်ပြီးမှပဲ မပူလွန်း၊ မအေးလွန်းဘဲ မိုးလေငြိမ်သက်တဲ့ သီတင်းကျွတ်လမှာ ဇာတိမြို့ငယ်ကလေးကို အလည်တစ်ခေါက် ရောက်ဖြစ်ခဲ့တော့တယ်။

Tuesday 11 June 2013

ကိုယ့်တေးသံ




ကိုယ့်တေးသံ

ကိုယ်သီကြွေးတဲ့ သည်သီချင်းဟာ
သာယာငြိမ့်ညောင်းတဲ့ သူ့ဂီတ အတောင်ပံတွေကို ဖြန့်ကျက်ရင်း
ချစ်သူရဲ့  နှစ်လိုဖွယ်ရာရင်ခွင်တစ်ခုလို
မင်းကို သိုင်းဖွဲ့ထားပါလိမ့်မယ် ကလေးရယ်။

သူဟာ
မင်းရဲ့ နဖူးပြင်မှာ
ကောင်းချီးမင်္ဂလာအနမ်းတစ်ပွင့်ကို ခြွေချလိမ့်မယ်။

Thursday 16 May 2013

သစ္စာဖြင့်လိမ်းကျံအပ်သောမုသား (တစ်ခွန်း)


“ ကဲ.. ဘယ်သူ့မြေပုံလေး အလှဆုံးလဲဆိုတာ သိချင်နေကြပြီလား .. ”

“ ဟောဒီအရုပ်ကလေးရဲ့ ပိုင်ရှင် ဘယ်သူဖြစ်မယ်လို့ထင်လဲ။ ”

ဆရာမက အတန်းထဲ ဝင်လာလာချင်း ကြွေနဲ့လုပ်ထားတဲ့ ယုန်ရုပ်ဖြူဖြူလေးကို ခြင်းတောင်းထဲကနေ ထုတ်ပြီး စားပွဲပေါ်တင်ရင်း ပြောတယ်။

“ ရင်တွေခုန်လိုက်တာ။ ဒီအရုပ်လေးကို ငါလိုချင်တယ်။ ငါ ရမှပါ့မလား။ ငါ ရပါစေ။
ရင်မောရလွန်းလို့ အာခေါင်တွေတောင် ခြောက်လာပြီ။ ရေဆာလိုက်တာ။ အရုပ်လေးက သိပ်ချစ်ဖို့ကောင်းတယ်။ ဆုရသူဟာ ငါ ဖြစ်ပါစေ။ ”

ချစ်မိုးစွေ စိတ်ထဲမှာ တဖွဖွ ဆုတောင်းနေမိတယ်။

“ ကဲ အလှဆုံး မြေပုံလေးဆွဲနိုင်တဲ့ .. ”

Friday 15 February 2013

ချစ်တတ်သူမို့


ကို့ဆီ အလည်သွားရသည့် တနင်္ဂနွေနံနက်များသည် ကျွန်မကို စိတ်လှုပ်ရှားမှု၊ ကြည်နူးမှုနှင့် ပျော်ရွှင်မှုတို့ကို အများဆုံးပေးခဲ့သည်မှာ မှန်ပါသည်။ တစ်ခါတစ်လေ ကျွန်မတို့ စိတ်အခန့်မသင့်ဖြစ်နေရသည့် အခါမျိုးတွင်တော့ တနင်္ဂနွေနံနက်များက စိတ်ပင်ပန်းမှုများကို ယူဆောင်လာတတ်လေသည်။

သူ စိတ်ခုနေတာ သိသိလျက်နှင့် ကျွန်မ မသွားလျှင် ကိုက ပိုပြီးစိတ်ဆိုးမည်။ မျက်နှာအောက်ကျို့ကာ ရှိသမျှ စိတ်အင်အားတွေ စုစည်းပြီး သွားခဲ့မိလျှင်လည်း ခနဲ့သော စကားများနှင့် စိမ်းကားအေးစက်သော အကြည့်များက ကြိုဆိုဦးမည်။ သို့သော် စိတ်တိုနေတာ သိသိလျက်နှင့် ကျွန်မဖက်က စတင်ပြီး မပျောင်းညွှတ်ပါလျှင် “ သူတောင်နေနိုင်သေးတာ၊ငါကဘာလို့မနေနိုင်ရမှာလဲလို့တွေးပြီး ကျွန်မမလာတာ” ဟု သူ စွပ်စွဲမည်။ ကျွန်မက တွင်တွင်ငြင်းလျှင်တော့ “ တော်စမ်းပါ၊ အဲသည်အတွေးတွေကို နားမလည်ဘူးထင်လို့လား “ ဟု သူ ပြောမည်။ ထိုအခါမျိုးတွင် ကျွန်မမှာ ကူကယ်ရာမဲ့စွာ မျက်ရည်ဝဲဖို့သာ တတ်နိုင်ခဲ့ရသည်။