Friday 29 November 2013

မေတ္တာပုခက်တွင်းမှရင်သွေးငယ်လေးများ


ကျင့်သားရနေတဲ့ မျက်စိနှစ်လုံး ပွင့်လာတော့ လင်းကြက်တောင် မတွန်သေး။ ပတ်ဝန်းကျင်တစ်ခွင်က တိတ်ဆိတ်လို့နေသည်။ အိပ်ရာမှ အသာထကာ ခြေဖျားထောက်ပြီး ခပ်ဖွဖွ နင်းလျှောက်နေတာတောင် ကြမ်းခင်းက တကျီကျီ မြည်ချင်သေးသည်။ အဲဒီအချိန်မှာမှ ခေါင်းရင်းတည့်တည့်မှာ အိမ်မြောင်စုပ်ထိုးလိုက်တော့ အိပ်ပျော်နေသော အိမ်ဦးနတ်ဆီမှ အသံထွက်လာသည်။  ဟိုလှိမ့်သည်လှိမ့် ဟိုကုတ်သည်ကုတ်လုပ်ပြီး ပြန်အိပ်သွားသည်ကို အသာရပ်ကြည့်နေလိုက်၏။

လေးနာရီ ထိုးလုလုမို့ အရှေ့ဆီမှ ရောင်နီပျပျ မြင်နေရပြီ။ ရှေ့တံခါး၊ နောက်ဖေးတံခါး နှင့် အိမ်ရှိ ပြတင်းပေါက်စေ့ကို ထုံးစံအတိုင်း လိုက်ဖွင့်လိုက်သည်။ အမှောင်ထဲမှာ ခပ်ကုပ်ကုပ်လေး အိပ်ပျော်နေသော ပျဉ်ထောင်အိမ်ဟောင်းလေးကို သည်လိုနည်းနှင့် နံနက်ခင်းတိုင်းမှာ ဒေါ်စောကြည်က နှိုးနေကြ။

အိမ်ခန်းထဲမှာ အိပ်ပျော်နေသော သားက ပါးစပ်မှာ သွားရေများကျနေသည်။ သည်ကောင်လေးက အသက်၁၄နှစ်ကျော်၊ အတန်းက ကိုးတန်းရောက်နေပြီ ဆိုပေမယ့် တကယ့်ကလေးတစ်ယောက်လို။ အငယ်ဆုံးလည်းဖြစ်သည်မို့ အမေကို ကပ်ချွဲလေး။ ဟိုဖက်နှစ်ကလောက်ထိ အမေ့ရင်ခွင်မှာ အတင်းတိုးဝင်ပြီး အိပ်ချင်သေးသူ။ လူပျိုပေါက်ဖြစ်နေပါပြီသားရဲ့.. အိမ်ခန်းထဲမှာ တစ်ယောက်တည်း အိပ်စမ်းပါဟု ဒေါ်စောကြည် ဘယ်လိုပြောပြော မရ။ နောက်ဆုံး သူ့အဖေက ဗီတိုအာဏာသုံးလိုက်တော့မှ မကျေမချမ်း အိပ်ရာခွဲအိပ်ဖြစ်တော့သည်။

နောက်ဖေးမီးဖိုဖက်သွားရင်း လိုက်ကာစလေးကြားမှ သမီးအခန်းကို ချောင်းကြည့်လိုက်သည်။ သမီးက ခွေခွေလေး အိပ်ပျော်နေသည်။ ဒေါ်စောကြည်တို့ အိမ်မှာ အိမ်ခန်း၂ခန်းရှိသည်။ တစ်ခန်းမှ တံခါးရွက်မရှိ။ ပိတ်ပါးစလေးကို လိုက်ကာလုပ်ကာ အခန်းတံခါးဝမှာ ကာထားရ၏။ သမီးက တံခါးရွက်လေး တပ်ပေးဖို့ ပြောနေတာ ကြာလှပြီ။ အိမ်ကယောက်ျားကို ပြောကြည့်တော့ တပ်တာပေါ့တဲ့။ သူ့တပ်တာပေါ့နောက်မှာ တကယ်တပ်ဖြစ်ဖို့ ဘယ်နှစ်နှစ်ပေါက်ဦးမယ် မသိ။ ဒေါ်စောကြည်တို့ ညားကာစတုန်းက တံခါးတပ်ပေးဖို့ ခဏခဏ ပူဆာဖူးခဲ့တာကို အမှတ်ရမိသည်။ သူ့တပ်တာပေါ့ကို စောင့်ရင်း သမီးတစ်ယောက် သားတစ်ယောက်ရပြီးသွားတော့ တံခါးတပ်ဖို့ ကိစ္စကို သူမ မေ့ပစ်ခဲ့လိုက်တော့သည်။ သမီးကိုတော့ သည်အကြောင်းလေးကို မပြောဖြစ်ခဲ့။


မီးမွှေးကာ ရေနွေးအိုးတစ်လုံး ကောက်တည်ရင်း မျက်နှာကို ကပျာကယာ ပြေးသစ်လိုက်သည်။ ပြီးတော့  ညတုန်းက လက်ကျန်ထမင်းကြမ်းကို ချေကာ ဆား၊ ပဲငံပြာရည်တို့နဲ့ နယ်ထားလိုက်သည်။ ကြက်သွန်နီ၂ဥကို ခပ်ပါးပါးလှီးလိုက်သည်။  မနက်စာကို ထမင်းကြော်ကောင်းကောင်းမှ မစားရလျှင် လင်တော်မောင်ပါးစပ်မှ အသံစုံအောင် ထွက်တော့မည်။ ဟိုတစ်ခါတုန်းက ကြက်သွန်နီကုန်သွားလို့ ထမင်းကြော်ကို အလွတ်ကြော်ပေးလိုက်မိသည်။ တစ်နေကုန် ပင်ပင်ပန်းပန်း ကားမောင်းရှာကျွေးရတာတောင် မနက်ထမင်းကြမ်းက ဒီဟာတဲ့ ဆိုကာ ပြစ်တင်မာန်မဲတော့ ဒေါ်စောကြည် စိတ်ထိခိုက်ရသည်လေ။ အိမ်မှာ ပါးစပ်ပေါက် လေးပေါက်မှာ အလုပ်လုပ်သူက နှစ်ယောက်ဆိုတော့ အချောင်လည်ကြီးမဟုတ်သည့်တိုင်အောင် အကျပ်တည်းကြီးတော့လည်း မဟုတ်။ သို့သော် ပါးစပ်လှုပ်မှ လက်လှုပ်နိုင်သည့် သာမာန်လက်လုပ်လက်စားဘဝမှာ တစ်လတစ်လ ဈေးဖိုးလောက်ငှအောင် ဘယ်လိုသုံးစွဲရသလဲဆိုတာကို အိမ်ရှင်မတွေထက် ဘယ်သူပိုသိမှာလဲ။ ကျောင်းသားတစ်ယောက်ကလည်း ရှိသေးသည်မို့ သူ့ကျောင်းစားရိတ်ကလည်း ထောင်းသေးသည်။ ပိုက်ဆံအပ်တဲ့သူတွေက လုံးခနဲ အပ်လိုက်ရတော့ ပေးလိုက်ရသည်ကိုသာ မြင်မည်။ ဟိုတို့တို့ သည်တိတိနှင့် ပိုက်ဆံအသုံးမခံသည့်အကြောင်းကိုတော့ ဘယ်သူမှ မသိချင်ကြ။

ဒေါ်စောကြည်ယောက်ျားက မြောက်ဥက္ကလာနှင့် ဆူးလေဆွဲသည့် ၄၃ကားမောင်းသည်။ အိမ်က ပုရွက်ဆိတ်ကုန်း ဘူတာမှာမို့ ကားဂိတ်နှင့် ဘယ်လောက်မှ မဝေး။ ဝေလီဝေလင်း ငါးနာရီလောက် အိမ်ကထွက်ရင် ကားဂိတ်ကို အချိန်မှီရောက်သည်။

ရေနွေးအိုး ဆူသွားတော့ ထမင်းကြော်မည့် ဒယ်အိုးကို မီးဖိုပေါ်တင်ကာ အပူခဏပေးလိုက်သည်။ ထို့နောက် အိုးထဲကို ဆီနည်းနည်းခပ်ထည့်လိုက်ပြီး ဆီပူလာတော့ ဆနွင်းနည်းနည်း ပေါက်လိုက်သည်။ ပြီးတော့ ထမင်းကြမ်းများကို တရှဲရှဲမြည်အောင် ကြော်လိုက်သည်။ ပဲပြုတ်သည်က ငါးနာရီကျော်ပြီးမှ လာမှာမို့ အိမ်ကလူကြီးအတွက်က ပဲပြုတ်မပါ။ သည်အတွက် သူစားဖို့ ဟင်းကို ညကတည်းက ဖဲ့ချန်ထားရသည်။

ထမင်းကြော်ကို ချိုးကပ်အောင်စောင့်နေစဉ် လင်းကြက်တွန်သံက မြည်လာသည်။ သားငယ်က ထမင်းကြော်ကို ချိုးလေးနဲ့မှ ကြိုက်သည်လေ။ အိုးကို မီးဖိုပေါ်က ချပြီးသွားတော့ ယောက်ျားဖြစ်သူကို သွားနှိုးရသည်။ သူစားသောက်ပြီး ထွက်သွားသည့်တိုင်အောင် သမီးရော သားရော အိပ်ကောင်းနေကြတုန်းပဲ ဖြစ်သည်။

သားလေးကျောင်းချိန်က နံနက်ကိုးနာရီမှ ဆိုပေမယ့် သူက အင်္ဂလိပ်နှင့် နောက်ထပ်တစ်ဘာသာ စုစုပေါင်း ကျူရှင်နှစ်ဘာသာယူသည်မို့ အိမ်ကနေ နံနက်တိုင်း မနက် ၇နာရီလောက် ထွက်ရသည်။ သမီး အလုပ်ချိန်ကတော့ မနက်၉  ညနေ ၅မို့ အိမ်ကနေ ၇နာရီခွဲလောက်ထွက်ရင် ကွက်တိ။

သမီးကြီးက သိတတ်လိမ္မာသည်။ ဆယ်တန်းကိုလည်း ကျူရှင်အယူရလွတ်နှင့် နှစ်ချင်းပေါက်အောင်ရှာသည်။ အဝေးသင်တက်နေတုန်းကလည်း လမ်းထိပ်က မိတ္တူဆိုင်မှာ စာစီစာရိုက် ဝင်လုပ်သည်။ ကျောင်းပြီးသွားတော့လည်း သူတတ်သလောက် ပညာလေးနှင့် အိမ်ကို အထောက်အကူပြုပေးပြန်သည်။ အသက်လေး၂၀မပြည့်တပြည့် လှသွေးကြွယ်ပြီး လှချင်ပချင်သည့် အရွယ်ရောက်နေသည့်တိုင်အောင် ဘာသံညာသံ မကြားရသေး။ ကျောင်းပြီးတာနှင့် အို..ကျောင်းတန်းလန်းနှင့်ပင် လင်နောက်လိုက်သွားသူတွေ ဒေါ်စောကြည်တို့ ရပ်ကွက်ထဲမှာ တပုံကြီး။ သမီးလေးက သိတတ်လိမ္မာတော့ ဒေါ်စောကြည်တို့မှာ အသက်ရှုချောင်ရသည်။ သူတို့မောင်နှမနှစ်ယောက်စလုံး လက်မလွတ်ရခင်တုန်းက လကုန်ရက်တွေဆိုရင် ချာချာလည်အောင် ပိုက်ဆံပတ်ချေးခဲ့ရသည်ကို အမှတ်ရမိသည်။

ပဲပြုတ်သည်ရောက်လာတော့ ပဲပြုတ်၁၀သား ယူလိုက်သည်။ သားကော သမီးကောက ပဲပြုတ်ကြိုက်ကြသည်။ ဒေါ်စောကြည်ကကော..။ ဒေါ်စောကြည်ကတော့ သူဘာကြိုက်လို့ကြိုက်ခဲ့မှန်း မသိတော့အောင်ပင် လင်ကိုတစ်မျိုး သားသမီးကိုတစ်ဖုံ ရှေ့တန်းတင်ကာ ဦးစားပေးခဲ့ရသည်မို့ ဘာနဲ့စားရစားရဖြစ်သည်။ ဘယ်လိုနေရနေရ နေတတ်ပြီ။

တံမြက်စည်းကြမ်းနှင့် ဝိုင်းထဲကို လှည့်ပတ်လှည်းကျင်းလိုက်သည်။ မိုးအကုန် ဆောင်အကူးမို့ သစ်ပင်တို့မှ ရွက်ဟောင်းများကြွေကာ ရွက်သစ်ဖူးငုံလေးများ အစီအရီပွင့်ဖူးနေကြသည်။ နှောင်းရွက်ဝါလက်ကျန်တွေက မြောက်လေရူးဆော်သွေးတိုင်း ကြွေလေသည်မို့ ရွက်ကြွေခြောက်များမှာ နံနက်ခင်းတိုင်း လှည်းလို့ပင် မကုန်နိုင်။ မိုးလိုလို ဆောင်းလိုလို ရာသီကာလမို့ ကောင်းကင်ထက်မှာ မိုးသားလေလား၊ မြူလေလား မသဲကွဲပြန်။ သွေးလေသည့် ဆောင်းဦးလေညင်းကတော့ နေလို့ကောင်းစေရုံ အေးမြမြ။

နေရောင်ခြည်က အာရုံဦးကို လွှမ်းခြုံလာလေလေ၊ ရပ်ကွက်တစ်ခုလုံး နိုးထအသက်ဝင်လာလေလေ။ ဘေးအိမ်က သူတို့ကလေးနှစ်ယောက်ကို ငေါက်ငမ်းပြီး အိပ်ရာမှ အတင်းနှိုးနေသည့် အသံကိုကြားရသည်။ ဒီအသံကြားရပြီဆိုလျှင် နံနက်ခြောက်နာရီ။ ဒီအသံကို ကြားလျှင် သားကော၊ သမီးပါ ဒေါ်စောကြည်ကိုယ်တိုင် အနှိုးရလွတ် အိပ်ရာမှ ထလာတော့မည်။

ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင် သူတို့မောင်နှမနှစ်ယောက် နိုးလာကြပြီ။ သားငယ်က နောက်မှထသော်လည်း ရေလဲပုဆိုးနှင့် တဘက်ဆွဲကာ နောက်ဖေးကို သူ့အစ်မထက်ဦးအောင် ပြေးချသွားသည်။ သူတို့မောင်နှမနှစ်ယောက်က နံနက်တိုင်း ရေအရင်ချိုးဖို့ လုနေကြ။ သမီးကြီးက အသံတိတ် ပွစိပွစိလုပ်နေသည်။ သူတို့မောင်နှမ နှစ်ယောက်က မတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြသူတွေ။ တကယ့် ကြောင်နှင့်ကြွက်။

သားငယ်ရေချိုးနေတုန်း ထမင်းကြော်ထဲ ပဲပြုတ်ရောကာ ပြန်နွှေးလိုက်သည်။ ချိုးလေးတွေက ပူပြီး ကြွပ်နေမှ စားလို့ကောင်းသည်။ သားငယ်ရေချိုးပြီးသွားတော့ သမီးကြီးသွားချိုးသည်။ သားလေးကို ထမင်းကြော်အရင်ထည့်ကျွေးလိုက်သည်။ သူက အိမ်က အစောထွက်ရမည့်သူ။ သမီးကြီးရေချိုးပြီးသွားတော့ သားအမိနှစ်ယောက် လက်ကျန်ထမင်းကြော်ကို အတူတူ ဝေမျှစားကြသည်။ ဒေါ်စောကြည်တို့အနားမှာ သားငယ်က ရေနွေးကြမ်း တဖူးဖူးမှုတ်သောက်နေသည်။ ပြီးတော့ လွယ်အိတ်ဆွဲပြီး ကျူရှင်သွားဖို့ လုပ်သည်။

“ဟဲ့.. အငယ်ကောင်.. ကျောင်းသွားရင် ကားလမ်းဘေးက ကပ်သွား။ ကြားလား။”

“အဲဒီ အစ်မကလေ နေရာတကာ ဆရာလုပ်မယ်ဆိုတာချည်းပဲ။ ကျွန်တော် ကလေးမဟုတ်တော့ပါဘူးဗျ။”

“ဟဲ့ ကားဆိုတာ ကလေးတိုက်တိုက် လူကြီးတိုက်တိုက် သေတတ်တယ်။ ငါ လမ်းဘေးက ကပ်သွားဆိုရင် ကပ်သွားပေါ့။ လျှာမရှည်နဲ့”

“ပြီးရော ပြီးရော”

“လမ်းမှာ ဟိုဟာသည်ဟာဆို မစပ်စုနဲ့။ ဝေးဝေးကရှောင် ကြားလား။
ဟိုးတလောတုန်းကလည်း ဗုံးတွေကွဲတယ်ဆိုတော့ ကျောင်းကအပြန်မှာ နင် သွားစပ်စုတာ ငါမသိဘူးမှတ်နေလို့လား”

“ဟာ.. အစ်မကလည်းဗျာ”

သားငယ်က အိမ်ထဲကနေ ခပ်သုတ်သုတ် ပြေးထွက်သွားသည်။

“စိတ်ပူလို့ပြောတာကို.. ဒီကောင်ဟာလေ”

သမီးကြီးက ပွစိစိလုပ်ရင်း စားလက်စ ထမင်းကြော်ကို လက်စသတ်သည်။ ပြီးတော့ အလုပ်သွားဖို့ ပြင်သည်။

ကတ္တီပါဖိနပ်လေးကို လျှိုနေသော သမီးခြေထောက်လေးက ဖောင်းဖောင်းမို့မို့လေး။ သည်လိုခြေထောက်ပိုင်ရှင်မျိုးက ချမ်းသာတတ်သတဲ့။ အင်း .. သမီး မျက်နှာလေးကို ဒေါ်စောကြည် သေသေချာချာ ကြည့်လိုက်သည်။ မိတ်ကပ်ပါးပါးလေးလူးထားပြီး ရိုးရာချည်ထည်ဝမ်းဆက်လေးကို ဝတ်ထားသည့် သမီးကြီးက ကြည်လင်ရွှန်းမြလို့နေသည်။

“သမီး.. လမ်းမှာ အစစအရာရာ ဂရုစိုက်ဦးနော်။ ဘတ်စ်ကားစီးရင်လည်း ကိုယ့်ကိုယ်ကို လုံခြုံမှုရှိအောင်စီးနော်”

“အမေကလည်း.. သမီးကို ကလေးလေးကျနေတာပဲ။ စိတ်ချပါ အမေရဲ့။ သမီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်ပါတယ်”

“ဟောကြည့်.. ညည်းတောင် စောနတုန်းက အငယ်ကောင်ကို မှာနေသေးတာပဲ။ ငါက အမေဟဲ့။ ငါ့မျက်စိထဲမှာ နင်တို့တွေ အကုန်လုံးက ပုခက်ထဲက ဘုစုခရုတွေပဲ ရှိသေးတယ်”

သမီးကြီးက ပုခုံးလေးတွန့်ကာ လျှာလေးတစ်လစ်ထုတ်ပြပြီး ရယ်ကျဲကျဲလုပ်နေသည်။ ဒေါ်စောကြည်က ပြုံးရယ်ရင်း မျက်စောင်းထိုးလိုက်သည်။

လက်ကိုင်အိတ်လေးဆွဲကာ ထွက်သွားသော သမီးကြီး ဝိုင်းပြင်ရောက်တော့မှ တစ်ခုခုအမှတ်ရသဖြင့် အပြေးလိုက်ကာ အော်ပြောရသေးသည်။

“ညနေ ပြန်လာရင် ကိတ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် မုန့်တစ်ခုခု ဝယ်လာဦးဟေ့။ နက်ဖန် တန်ဆောင်တိုင်မှာ ညည်းအဘိုးနဲ့အဘွားကို သွားကန်တော့ဖို့။”

* * * * * *
အမေတို့အိမ်က “ဈ” ဈေးနားမှာ။

အမေတို့ဆီကိုရောက်တော့ အမေရော အဖေရောက သမီးနှင့်မြေးတွေကို ဝမ်းသာအားရ ကြိုဆိုကြသည်။ အမေတို့ဆီလာလည်တိုင်း အမေတို့က အခုလိုပဲ အူယားဖားယားနှင့် ဆီးကြိုနေကြ။ သည်လိုအခါတိုင်း ဒေါ်စောကြည် ရင်ထဲမှာ ထိရှရသည်။

အမေတို့အိမ်ကို အပတ်တိုင်း မဟုတ်သည့်တိုင်အောင် တစ်လ နှစ်ခေါက်၊သုံးခေါက်တော့ ကလေးတွေနဲ့အတူ ရောက်ဖြစ်သည်။ ရောက်ဖြစ်တိုင်းလည်း တနေကုန်နေကြကာ နေ့လည်စာကော ညစာပါ အမေတို့အိမ်မှာ ပြီးလိုက်ကြသည်။

သမီးလည်း သမီးမို့၊ မြေးလည်းမြေးမို့ ချစ်ကြရှာသော အမေတို့ဆီ အလည်သွားသည့်အခါတိုင်း ဒေါ်စောကြည်တို့ အိမ်မှာ မီးခိုးတိတ်ရသည်။ ကုန်ခြောက်ဆိုင်ဖွင့်ထားသော အမေတို့က ဒေါ်စောကြည်တို့ ပြန်သည့်အခါတိုင်း တောက်တိုမယ်ရလေးတွေ ထည့်ပေးလိုက်ရုံသာမကာ သူ့သားမက်အတွက် ညစာပါ ထုပ်ပေးသောကြောင့်ပင်။ ဒေါ်စောကြည်တို့ကသာ လာသည့်အခါတိုင်း လက်ဗလာ။ မုန့်လေးတစ်ခုမပါ၊ ဟင်းလေးတစ်ခွက်တောင် ချက်မသွားနိုင်။ အိုကြီးအိုမ အမေတို့ဆီကနေ အခန့်သား သွားသွားစားကြသည်မို့ စိတ်မှာ မလုံ။ ကိုယ်က သားသမီးဝတ် မကျေနိုင်ပေမယ့် မိဘတွေက မိဘတာဝန်ဝတ္တရားမပျက်ကြ။

ဒေါ်စောကြည်မှာသာ အမေတို့အိမ် တစ်ရက်တစ်ရက်သွားလည်လျှင် အိမ်စားရိတ်အတော်သက်သာသွားတတ်တော့ နောက်ပိုင်း အမေတို့အိမ်ကို အလည်သွားကြသည်မှာ အမေတို့ကို အောက်မေ့သတိရလို့ပဲလား၊ အကုန်သက်သာမည့်အရေးကို မျှော်မှန်းမိ၍ပေပဲလား.. ဘယ်တစ်ခုက အလေးသာနေသလဲ ကိုယ်တိုင်ပင် ဝေခွဲမတတ်တော့။

ယခုတစ်ခေါက်သာ တန်ဆောင်တိုင်မို့ အမေတို့ကို ကန်တော့ဖို့ ကိတ်မုန့်လေးတစ်လုံး ဟန်ပြယူသွားရသည်။ သည်ကိတ်မုန့်ကလည်း တအောင့်ကြာရင် သူ့တို့ကို ပြန်လှီးကျွေးလိုက်ဦးမှာပါပဲ။ ဒေါ်စောကြည်က ကြွေးသစ်တွေချည်း ချနေစဉ်၊ ကြွေးဟောင်းတွေဖက် တစ်ချက်လေး ခေါင်းငဲ့မကြည့်နိုင်စဉ် အမေတို့ကတော့ သမီးအချစ်၊မြေးအနှစ် လုပ်လို့နေကြသည်။

ဒီနေ့လည်းကြည့်။ ငါးဖယ်ဆုပ်ချက်က သားငယ်အကြိုက်။ ငါးဖယ်ဆုပ်ကို သားငယ်ကြိုက်မှန်း သိပေမယ့် ဈေးကြီးလွန်းသဖြင့် တစ်နှစ်နေလို့မှ တစ်ခါမချက်ဖြစ်။ အခုတော့ အမေက ကွမ်းသီးလုံးလောက် ငါးဖယ်ဆုပ်လေးတွေ ကိုးလုံး၊ဆယ်လုံးလောက်ကို ဆီပြန်ချက်ထားသည်။ သမီးကြီးအကြိုက် ဝက်သားနီချက်လည်းပါသည်။ ဒေါ်စောကြည်ကြိုက်တတ်သည့် ပဲနီလေးဟင်းချို၊ သရက်ချဉ်သုပ်။

“ဟင်းတွေက များလိုက်တာ အမေရယ်”

“အို.. ငါ့သမီးနဲ့ ငါ့မြေးတွေ စားဖို့ပဲဟာကို။ စားသာစား။ မြိန်မြိန်စားကြ”

အမေက သူ့မြေးတွေထဲ ဟင်းတွေ ခပ်ထည့်ပေးသည်။ ပြီးတော့ ဒေါ်စောကြည်ထဲကို ဝက်သားသုံးထပ်သားကြီးတစ်တုံး ခပ်ထည့်ပေးသည်။ တကယ်ဆို အဖေနဲ့အမေပန်းကန်ထဲကို အရင်ဦးချသင့်တာ။ အခုတော့ မြေးတွေနဲ့ သမီးကို ဦးဦးဖျားဖျား။

“ကောင်းလိုက်တာ ဘွားဘွား။ အရမ်းကောင်းတာပဲ။”

သားငယ်က ငါးဖယ်လေးဖဲ့လိုက်၊ ဟင်းချိုလေးသောက်လိုက်လုပ်ရင်း အဘွားဖြစ်သူကို တဖွဖွ ချီးကျူးနေသည်။ သူ့မြေးက ကောင်းတယ်တဖွဖွပြောနေတော့ အမေ့မှာ တပြုံးပြုံးနဲ့ ပါးစပ်ပင်မစေ့တော့။ သမီးကြီးကတော့ သူ့မောင်နဲ့စာလျှင် နှုတ်နှေးပေမယ့် အဘိုးနဲ့အဘွားအပေါ် သိတတ်မှုကတော့ ပိုသည်။ နေ့လည်နေ့ခင်းတွေဆိုရင် သူက သူ့အဘိုးနဲ့အဘွားကို ခြေဆုပ်လက်ဆုပ်ပြုပေးနေကြ ဖြစ်သည်။ သူ့မြေးနှိပ်နယ်ပေးတိုင်းလည်း အဖေနဲ့အမေမှာ ကျေနပ်ဂုဏ်ယူလို့ မဆုံး။ သမီးကြီးအပေါ် ချီးကျူးသံတွေ ဝေဝေညံနေပြီဆိုလျှင်တော့ သားငယ်က အားကျမခံ သူ့အဘိုးကို တက်တက်နင်းပေးသည်။ သို့သော် သူ့အလေးချိန်ကို ခံနိုင်လောက်အောင်ထိ အဖေက မမာတော့။ သည်တော့ ပြန်ဆင်းခိုင်းရသည်။ အဲသည်လိုနဲ့ အမေတို့ အိမ်လေးမှာ ရယ်သံမောသံတွေအတိ ဖုံးလွှမ်းနေတတ်သည်။

အမေက ဒေါ်စောကြည်ကို ခဏခဏ ပြောသည်။

“ညည်းနှယ်.. အပတ်တိုင်း လာလည်ပါဆိုအေ။ အပတ်ခြား အပတ်ခြား လုပ်နေတယ်။ ငါတို့မှာ သားသမီးဆိုလို့ ညည်းတစ်ယောက်ပဲ ရှိတာ။ ချစ်စရာဆိုလို့ ညည်းတို့သုံးယောက်ပဲ ရှိတာကို။ ညည်းတို့လာလည်မှ အိမ်စိုတာအေ့။ နို့မဟုတ်ရင် အိမ်က အမြဲခြောက်နေတာ။ ငါ့မြေးတွေက တကယ့်အိမ်ဆည်းလည်းတွေ။”

အမေ အဲသည်လိုပြောတိုင်း ဒေါ်စောကြည်က ခေါင်းညိမ့်ပြစမြဲ။ ဒါပေမယ့် အခုလို အပတ်ခြား လာရသည်ကိုပင် မလုံတော့ အမေတို့ အိမ်လာရတာ ပျော်သင့်သလောက် မပျော်နိုင်။ သည်တော့ အပတ်တိုင်း အလည်လာဖို့ စိတ်မှာ လိပ်ပြာက သိပ်မသန့်။ သားနှင့်သမီးကတော့ ငယ်သူတွေပီပီ ဘာမှမသိ။ အစားကောင်းတွေစားရ၍ ပျော်သည်။ မုန့်တွေအလျှံပယ်စားရ၍ ပျော်သည်။ ရံဖန်ရံခါ မုန့်ဖိုးတွေရ၍ ပျော်သည်။ ဒေါ်စောကြည်မှာသာ … ။

ဒေါ်စောကြည် ငြိမ်ကျသွားတော့ အမေက ဒေါ်စောကြည်ကို လက်တို့ပြီး ပါးစပ်ဟကာ သွားကို လက်ညှိုးဖြင့် ထိုးပြသည်။

“ဟင် အမေ .. ဘာဖြစ်လို့လဲ။ သွားနာလို့လား။”

“ဘယ်ကသာ.. အံတိုနေပြီလို့ ပြောတာ။ ညည်းက ငါမွေးထားတဲ့ သမီးပါအေ။ ညည်းဘာတွေတွေးနေလဲ ငါသိတာပေါ့။ ညည်းအကြောင်းဆို အူမချေးခါးမကျန်အောင် ကြေညက်ခဲ့သူပါအေ့။ ဒီမယ် စောကြည်.. ကိုယ့်အမေအိမ်ကိုယ် အပတ်တိုင်းလာတာ ဘာဖြစ်တုန်း။ ကိုယ့်အမေက ကျွေးလို့စားတာ ဘာဖြစ်တုန်း။ ကိုယ့်အမေက ပေးလို့ယူတာ ဘာဖြစ်တုန်း။ ငါ ကျွေးနိုင်၊ပေးနိုင်တုန်းမို့ ပေးတာ။ ညည်းသားသမီးတွေကို ညည်းချစ်သလို ငါတို့ကလည်း ညည်းကို ချစ်တယ်ဆိုတာ ညည်းအမှတ်ရဦးလေ။ အဲဒီတော့ ရှည်ရှည်ဝေးဝေး တွေးမနေနဲ့။ ငါတို့အိမ်ကို အပတ်တိုင်းလာခဲ့။”

အမေ့စကားကြောင့် ဝမ်းသာဆို့နင့်ရကာ ကြက်သီးစိမ်းလေးများပင် ထလာရသည်။ ဘာမှပြန်မပြောဘဲ မျက်လုံးဝိုင်းကြီးတွေနဲ့ ပြန်ကြည့်နေလိုက်တော့ ပြောကိုမပြောချင်ပေါင် ဆိုကာ အမေက မျက်စောင်းထိုးသည်။

တနေကုန်အောင်နေပြီး ညနေစောင်းတော့ သားနဲ့သမီးက လျှောက်လည်ချင်တယ်ဆိုသဖြင့် အမေတို့ရပ်ကွက်မှ ကထိန်ပွဲကို လျှောက်လည်ကြသည်။ အဖေကတော့ အိမ်စောင့်နေရစ်ရတာပေါ့။

ကထိန်ပွဲမှာ ဒေါ်စောကြည် ထင်ထားသည်ထက် အများကြီး စည်ကားလို့နေသည်။ ငယ်ငယ်တုန်းက ပွဲဈေးမှာ အငြိမ့်မဟုတ်ရင် ဇာတ်ပွဲတော့ပါသည်။ ယခုတော့ စတိတ်ရှိုးလိုလို ဘာလိုလိုသာ ပါ၏။ အဆိုတော်တွေကလည်း ရပ်ကွက်ထဲက မိုက်ခဲတွေချည်းပဲတဲ့။ မြိုင်မြိုင်ဆိုင်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် အစရှိသည့် သီချင်းများနေရာမှာ ဝူးဝူးဝါးဝါး သီချင်းများက အစားထိုးနေကြသည်။ ချားတို့ ရဟတ်တို့တော့ ပါသေးသည်။ မိုးပျံပူဖောင်းများမှာ အရင်ကထက် ပိုလှလာသည်။ အရုပ်ဒီဇိုင်းအရောင်စုံ အမျိုးမျိုး။ ပြီးတော့ သည်ပူဖောင်းတွေက သံပရာရည်ညှစ်ရုံလောက်နဲ့ ပေါက်သွားမည့် ပူဖောင်းမျိုး မဟုတ်တော့။ မုန့်ဈေးသည်များကတော့ မှိန်တိန်တိန် မီးရောင်အောက်မှာ အပြိုင်အဆိုင် ခင်းကျင်း ရောင်းချနေကြသည်။ ဆိုင်တိုင်းလိုလိုမှာ ဝယ်ယူစားသောက်နေကြသူတွေ တိုးဝှေ့နေကြတာ အလကား ဝေပေးနေသည့်အတိုင်းပင်။

အဲသည်မှာလည်း ကလေးတွေ လက်ညှိုးထိုးသမျှ အမေက ဝယ်ကျွေးနေတာပါပဲ။ ဒေါ်စောကြည်ငယ်ငယ်တုန်းကလည်း အဖေနဲ့အမေက ဒေါ်စောကြည် လက်ကို တစ်ယောက်တစ်ဖက်ဆွဲကာ ပွဲဈေးတန်းလျှောက်လည်ခဲ့ကြသည်ကို သတိရမိသည်။ အဖေ ကြိုက်တတ်သည့် ရေမုန့်တွေ့တော့ သုံးချပ်ဝယ်လိုက်သည်။

ရေမုန့်လေး မအေးခင် ပြန်ကြပြီး ရေမုန့်သုံးချပ်ကို အဖေ့ထည့်ကျွေးတော့ အဖေက ကျေကျေနပ်နပ်ကြီး စားသည်။ ပြီးတော့ ဒေါ်စောကြည်တို့ကိုလည်း အတင်းစားခိုင်းသည်။ အဖေစားပါ.. သမီးလည်းစား လုပ်နေကြသော သားအဖနှစ်ယောက်ကို ကြည့်ပြီး အမေက ခပ်ပြုံးပြုံး။

အမှောင်ရီပျိုးလာတော့ အိမ်ပြန်ဖို့ပြင်ရသည်။

“ငါ့နှယ်အေ.. မယ်ဇလီဖူးမှ သုပ်မကျွေးလိုက်ရ။”

အမေက သည်လောက်ကျွေးမွေးထားရသည်ကိုပင် အားမရ။

အဲသည်ညက ထုံးစံအတိုင်း အမေ့ဆိုင်မှ တိုတိုထွာထွာများ၊ ဟင်းချိုင့်များအပြင် ဒေါ်စောကြည်အတွက်ဆိုပြီး ဆွှယ်တာအကျီင်္တစ်ထည် ပေးသည်။ အကျီင်္အရောင်က သူမအကြိုက်ဆုံး နက်ပြာရောင်။ အဖေကလည်း သူ့မြေးတွေကို မုန့်ဖိုးပေးသေးသည်။ အဲဒီနောက် အဖေနဲ့အမေကို ကန်တော့ပြီး ပြန်လာခဲ့ကြသည်။

အမေနဲ့အဖေက ဝိုင်းတံခါးထိပ်ထိ လိုက်ပို့ပေးသည်။

“ဟဲ့.. စောကြည် .. လမ်းမှာ အစစအရာရာ ဂရုစိုက်သွား။ ချိုင့်တွေခွက်တွေမှာ ခြေခေါက်ခက်လဲနေဦးမယ်။ ညည်းက ခြေသိပ်ခိုင်တတ်တာ မဟုတ်ဘူး။ ပြီးတော့ ပွဲဈေးကလည်း ရှိနေတော့ လူတွေလည်း ရှုပ်တယ်။ စက်ဘီးတို့ ဆိုက်ကားတို့ အမူးသမားတို့ အကုန်သာရှောင်အေ”

အမေက စိုးရိမ်တကြီး မှာနေသည်။ သမီးကြီးမျက်နှာမှာ အပြုံးရိပ်လေးသမ်းသွားတာ မြင်လိုက်ရသလိုလို။ အမေ့ကို တစ်ခုခုပြန်ပြောဖို့ ဒေါ်စောကြည် နှုတ်ပြင်လိုက်မိသည်။

သို့သော် ထိုစကားကို သူမပြောလိုက်လျှင် အမေ ပြန်ပြောလာမည့် စကားများကို ကြားယောင်ရင်း နှုတ်ဖျားမှ ကျအံ့လုလု စကားလုံးများကို အသာပြန်မျိုချလိုက်သည်။

“ဟုတ်ကဲ့ အမေ။ သမီး ဂရုစိုက်သွားမှာပါ။”

ဒေါ်စောကြည်က စကားကြောင့် အမေက ကျေကျေနပ်နပ်ကြီး ပြုံးသည်။

ထိုအပြုံးသည် ကြယ်နက္ခတာရာများ အစုံလင်ဆုံး ညချမ်း၏ ကောင်းကင်ထက်ရှိ အလှဆုံး၊ အသာယာဆုံး၊ အရောင်အလင်းဆုံး ဖြစ်သည့် တန်ဆောင်မုန်း၏ လပြည့်လထက် ပိုမိုထွန်းလင်းတောက်ပသည်ဟု ဒေါ်စောကြည် အကြွင်းမဲ့ ယုံကြည်နေမိလေသည်။

အပြန်လမ်းတစ်လျှောက်မှာတော့ “စိတ်မပူပါနဲ့ အမေရဲ့၊ အမေ့သမီးက ကလေးနှစ်ယောက်အမေတောင် ဖြစ်နေပြီကို”လို့ ဒေါ်စောကြည် ပြောလိုက်လျှင် အမေခွန်းတုန့်ပြန်မည့် စကားလေးက ဒေါ်စောကြည် စိတ်အစဉ်မှာ ကပ်ငြိပါလာလေတော့သည်။

“ညည်းသားသမီးတွေကို ညည်းပူတတ်သလို ငါလည်း ညည်းကို ပူတာပဲအေ့”


လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်



29 comments:

3rdthameetaw said...

မြတ်ရေးလိုက်တဲ့
၅၂၈ သွယ်မေတ္တာဘွဲ့ လေးတွေဖတ်ရတိုင်း
မျက်ရည်စို့ ပြီးကြည့်နူးကျေနပ်ခဲ့ရတယ်
ဒီတစ်ခါလည်း မျက်ရည်စို့ ခဲ့တယ်မြတ်ရယ်

အိသီရိတင် said...

ဝတ္တုလေးက ကောင်းလိုက်တာ မမ။ ရင်ထဲထိ စိမ့်ဝင်ခံစားရတယ်။

ဇေယျာ said...

Nice as always. Beautifully crafted novel for mother's love. Keep it up, Myat.

ရွှေမန်းသားလေး said...

ဒီလိုမျိုး ၀တ္တုလေးတွေဆို အရမ်းသဘောကျတယ်။ ဒီဟာလေး တော်တော်ကောင်းတယ်။နင် မဂ္ဂဇင်းတွေကို ပို့သင့်နေပြီနော်။

blackroze said...

ဖတ်လိုက်ရတာ ရင်ထဲကို ငြိမ့်ငြိမ့်လေး
စီးဆင်းသွားတယ် နွယ်ရေ

စံပယ်ချို said...

ဒေါ်စောကြည်အကြောင်းစဉ်းစားရင်း----မေမေကိုပဲသတိရနေမိတယ်

Libratun said...

Lovely article. Filled with full of love and tender.

Cheers,
TnT

Let me reshare it too.
http://goo.gl/0GhQet

Anonymous said...

very lovely..it touches my heart!

U K said...

Good Novel, Thamee.
Beautifully written and also its objective is meaningful.

မသန်းသန်း said...

ဝတ္တုလေးက ကောင်းလိုက်တာ ဆရာမရေ။ အရမ်းပဲ နှစ်သက်မိပါတယ်။

Aunty Tint said...

ဝတ္ထုကောင်းလေးတစ်ပုဒ် ရင်ထဲမှာစွဲကျန်ခဲ့တယ် မြတ်ရေ.. ရန်ကုန်ရောက်တုန်း ရသလောက် မွှေနှောက်သွားပြီနော်...

မေတ္တာဖြင့်
တီတင့်

ယုမွန် said...

ဝတ္တုလေးက အရမ်းကောင်းတယ်။ ဖတ်ရင်း ဖတ်ရင်း မေမေ့မျက်နှာကို ပြေးမြင်မိတာပဲ။ ယုကို ယုမေမေက သိပ်ချစ်တယ်။ အခုထိလည်း ကလေးလေးတစ်ယောက်လိုမြင်နေပြီး ဘာမဆို တဖွဖွ မှာနေတုန်းပဲ။ ဝတ္တုလေးက တကယ့်ကိုရင်ထဲရောက်အောင်စွဲခေါ်နိုင်တယ်။

တန်ခူး said...

အမေ့အိမ်က ပြန်လာခါစမို့  ပိုပြီးခံစားရပါတယ် မြတ်ရေ... နေမကောင်းတဲ့သားကို စိတ်မချလို့  မအိပ်ဖြစ်တဲ့ကိုယ့်ကို စိတ်မချပဲ မအိပ်တဲ့အဖေ့ကို အရမ်းလွမ်းသွားတယ်... စကားလုံးတလုံးစီတိုင်းက ဘ၀တွေမို့  ဘ၀တွေထင်ဟပ်အောင် ရေးတတ်လွန်းတာကို အားကျလေးစားမိတယ်

မောင်သီဟ said...

ကူးသွားတယ်ဗျာ့း)

သူရိန် said...

မြတ်ရေ.. မရောက်တာကြာသွားလို့ အရင်က အကြွေးတွေပါ ဆပ်သွားခဲ့တယ်။ ၀တ္တုလေးက အရမ်းကို ကောင်းတာပဲ။ အပေါ်က ကော်မန့်လေး တစ်ခုပြောသလို စကားလုံးတိုင်းက ဘဝတွေ။ စာတွေအမြဲတမ်းရေးပါ။အမြဲတမ်းအားပေးနေပါတယ်။

witch83 said...

ကိုယ့်ဟာနဲ့ကိုယ် အလုပ်တွေ ရှုပ်နေတာနဲ့ ခုမှ ဖတ်ဖြစ်တယ်။ဝတ္တုလေးက ဖတ်လို့ ကောင်းလိုက်တာ။ စာလေးက ဝမ်းလည်းနည်းဖို့ကောင်းတယ်။ ကြည်နူးဖို့လည်း ကောင်းတယ်။း)

Thiha said...

အရမ်းကောင်းတဲ့ ၀တ္တုလေးပါ မြတ်။
အမြဲတမ်းအားပေးနေပါတယ်။
နောင်လည်း ၀တ္တုကောင်းလေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ် မကြာမကြာ ဖတ်ရဖို့ မျှော်လင့်ပါတယ်။

မောင်မျိုး said...

အမေနဲ့ပက်သက်တာတွေ သက်မှတ်သမျှဖတ်ရတိုင်း ကြက်သီးထတယ် ။ ရှားရှားပါးပါး ဘလော့ပေါ်က အမေအကြောင်းလေးတွေ ဖတ်ခွင့်ရလို့ ကျေးဇူးး)

Anonymous said...

အရမ်းကို ကောင်းတဲ့၊ ပြီးပြည့်စုံတဲ့ ဝတ္တုလေးပါ။ ဖတ်ပြီးတော့ နှစ်သက်ကြည်နူးမျက်ရည်ဝဲရပါတယ် သူငယ်ချင်းရေ။

ရှေးစာဆို said...

ဝတ္တုကောင်းလေးကို အားပေးသွားပါတယ်။ မြတ်ပန်းနွယ်က တင်သမျှဝတ္တုတွေအားလုံးကကောင်းနေတော့ တခြားပြောစရာမရှိပါဘူး။စာအတင်ကျဲတာလေးတစ်ခုပါပဲ။

Anonymous said...

ကောင်းလိုက်တာ မ ရယ်... တကယ့်ကို ရင်ထဲ ထိရှစေတဲ့...စာကောင်းတပုဒ်ပါပဲ

ငြိမ်းစိုးဦး said...

မေတ္တာစီး​ကြောင်းမှာ ​လောင်း​လှေငြိမ့်​ငြိမ့်​​လေးစီးရသလို သယ်​​ဆောင်​​ပေးတဲ့စာကို ဖတ်​ခဲ့ပါတယ်​ ...

ထွန်းရန်နိုင် said...

မိဘမေတ္တာဖွဲ့လေး။ ဖတ်ရင်းဖတ်ရင်း အဖေရယ် အမေရယ်ကို မြင်ယောင်လာတယ်ဗျာ။

Anonymous said...

Appreciaate this post. Will trу it out.

Ηeгe iss my blog post: itunes gift card generator

ပျိုးယုဝသုန် (Pyo Yu Wathone) said...

အသက်တွေ ကြီးလာလေလေ မိဘ ဆိုတာ တန်ဖိုးထားရမယ့် အဖိုးမဖြတ်နိုင်တဲ့ ရတနာ ဆိုတာ ပိုသိလာရလေလေ ပါပဲ မြတ်ရေ ..။

ရင်လှိုင်း said...

အမေတွေ အတွက်တော့ သားသမီးတိုင်းဟာ ဘယ်အရွယ်ပဲရောက်ရောက် သူတို့ စိတ်ထဲမှာ ဘုစုခရုလေးတွေ ပေါ့နော်။

Anonymous said...

We аre a group of volunteers anԁ ѕtarting a neww scheme inn our community.
Youur web site offered us with valuable info to work on.
You'ѵe ԁone a formidable job annd our entire community will be thankful tto you.


Review my websіte :: hostgator 1 cent coupon

John ဂျွန် said...

မိသားစုအဖွဲ့လေးက ချစ်ဖို့ကောင်းလိုက်တာ။ အရမ်းမိုက်တယ် နွယ်။

Thiha said...

ကြည်နူးဖို့ သိပ်ကောင်းတဲ့ မိဘမေတ္တာဘွဲ့လေးပါ ခင်ဗျာ။ ကျွန်တော့်ကိုလည်း အမေက အခုထိ ကလေးလေးတစ်ယောက်လို နေရာတကာ ပူပန်နေတုန်း။ ကျွန်တော်ကဖြင့် တစ်ယောက်တည်း ရေမြေခြားမှာ နေလာတာ ဆယ်နှစ်လောက် ရှိနေပါပြီ။