Wednesday 26 February 2014

ဖွဲ့သူ့သစ္စာ

သမုဒ္ဒရာ ရေဇလာတွင်
လွင့်ကာကြွေပျက် ရေတစ်ပွက်သို့
ဖြစ်ပျက်မစဲ တည်မမြဲသည့်
ဒွန်တွဲတံထွာ သင်္ခတာနှင့်
ခန္ဓာဓမ္မ အနိစ္စဟု
စိတ်မှသိမြင် ဥာဏ်ဆင်ခြင်ခဲ့ ။ ။

ငါ၏ခန္ဓာ မမြဲပါလည်း
ရင်မှာဖွဲ့သီ စာပန်းချီနှင့်
စင်ကြည်မေတ္တာ တေးကဗျာသည်
ခန္ဓာပျက်သုဉ်း ကွယ်ကာပြုန်းလည်း
တည်ဦးမည်ဟု ဓိဌာန်ပြုမိ
ငါ၏သစ္စာ ထက်စေပါကြောင်း
ရင်မှာညွတ်ပျောင်း ဆုခြွေတောင်း၏ ။ ။


လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

Saturday 22 February 2014

မန်းဒေး


နိုးကတည်းက ချောင်းဆိုးနေတာ တရစပ်။ ညတုန်းကတော့ အကောင်းကြီးပါ။ နိုးလာတော့မှ လည်ချောင်းထဲကကို ယားပြီး ဆိုးနေတော့တာ။ ချောင်းဆိုးပျောက်ဆေးယူသောက်လိုက်မိတယ်။ သိပ်မကြာပါဘူး။ ဘာအခန့်မသင့်တယ်မသိ။ ခေါင်းထဲကမူးလာပါလေရော။

ခေါင်းအုံတာတွေ ပြေလိုပြေငြား ရေသွားချိုးလိုက်တယ်။ ရိုးရိုးတန်းတန်း ရေသွားချိုးတာဆို ဘာမှ ဖြစ်စရာ အကြောင်းမရှိဘူး။ အခုတော့ ဂီတသံစဉ်လေး နားထောင်ရင်း ရေချိုးမယ်လို့ ကွန့်လိုက်မိတယ်။ ဖုန်းကို မျက်နှာသစ်ကြွေကန်အထက်က မျက်နှာသစ်ဆေးဗူးလေးတွေ၊ သွားတိုက်ဆေး၊ သွားတိုက်တံလေးတွေ တင်ထားတဲ့ စင်ပေါ် တင်လိုက်တယ်။ တစ်ခါတစ်လေလည်း ဒီလိုယူလာပြီး တင်တာပါပဲ။ ဒီနေ့မှပဲ ဖုန်းက အဲဒီကြွေကန်ထဲ ပြုတ်ကျပါရော။ အစကတည်းက အလုပ်သိပ်မလုပ်ချင်တော့တဲ့ ဖုန်းပါဝါခလုတ်ကြီးက လုံးဝကို ပျက်သွားတော့တယ်။ ဖုန်းမှာ Lockချလို့လည်း မရ၊ Screen Shot ရိုက်လို့ကလည်း အဆင်မပြေတော့ဘူး။ အိုင်ဖုန်း 5Sထွက်နေပြီ ဆိုပေမယ့် ဒီ အိုင်ဖုန်း5 ကိုင်တာ တစ်နှစ်ကျော်ပဲ ရှိသေးတာ။ လျှောက်ထားတဲ့ လိုင်းက နှစ်နှစ်စာချုပ်ဆိုတော့ နောက်ထပ် ရှစ်လလောက်တော့ ကျိတ်မှိတ်သည်းခံပြီး ကိုင်ပေရော့။

ဖုန်းပြုတ်ကျတာကို တရေးတယူလုပ်လိုက်မိတာနဲ့ တိုင်မင်တွေက လွဲကုန်ပြန်ရော။ ၈နာရီလောက်မှာ ရေချိုးပြီးရမယ်။ နောက် ဘုရားရှိခိုး၊ ရှစ်နာရီခွဲရင် အိမ်ကထွက်။ အဲသည်လို မှန်းထားတာကနေ တကယ်တမ်း ရေချိုးပြီးတော့ ၈နာရီ၁၀မိနစ်။ ရေကိုကပျာကယာသုတ်၊ တွေ့ရာအကျီင်္တစ်ထည်ကို ခပ်သုတ်သုတ်ကောက်စွပ်ပြီး မနေ့တုန်းကဝတ်ထားတဲ့ ဂျင်းဘောင်းဘီပဲ ပြန်ကောက်ဝတ်လိုက်တယ်။ မျက်နှာကိုတော့ ဘာမှလူးမနေတော့ဘူး။ နောက်ကျနေပြီကိုး။

Wednesday 12 February 2014

နယ်ကျော်ကြသူများ

ပြတင်းပေါက်မှ ဝင်လာသည့် နေရောင်က မျက်နှာပေါ်တည့်တည့်သို့ ကျလာသောကြောင့် မျက်စိကို မဖွင့်ချင်ဖွင့်ချင်နှင့် သူဖွင့်လိုက်ရသည်။ အိပ်နေလျက်မှ ခြင်ထောင်ကိုလှပ်ပြီး စားပွဲပေါ်မှနာရီကိုလှမ်းကြည့်လိုက်သည်။

“၈ နာရီခွဲ”

ပုံမှန်ဆိုလျှင် မနက် ၅ နာရီ သူထနေကျ ဖြစ်သည်။ ခြောက်နာရီအမှီ ဂိတ်ထိုးရသည်ကိုး။ သည်နေ့တော့ ဂိတ်ထိုးစရာ မလိုသဖြင့် နာရီကိုပင် နှိုးစက်ပေးမထားခဲ့။ တကယ်တမ်း ဂိတ်ထိုးရမည်ဆိုလျှင်လည်း သူထနိုင်မည်မဟုတ်။အတွေးပေါင်းမြောက်မြားစွာဖြင့် ချာချာလည်နေခဲ့သည်မှာ မနက် ၄ နာရီကျော်သည်အထိ။ စုစုပေါင်းအိပ်ချိန် ၄ နာရီသာသာခန့်မျှသာ ရှိထားသော သူ့အဖို့ အိပ်ရေးမဝလှသော်လည်း သွားစရာကိစ္စက ရှိနေသောကြောင့် အိပ်ယာမှ လူးလဲထလိုက်သည်။ မျက်နှာသစ်၊ သွားတိုက်ပြီးနောက် ရေအိမ်ခဏဝင်သည်။ ရေအိမ်မှအထတွင် ခေါင်းထဲ မိုက်ကနဲ တစ်ချက်ဖြစ်သွား၏။ ခါတိုင်း ညဘက်တွေမှာ သူသောက်တာ နည်းနည်းများသွားသည့်အခါ ဖြစ်တတ်သည့် ဝေဒနာမျိုး။ သည်တစ်ခါမူးခြင်းမှာ အရက်ကြောင့် မဟုတ်။ အစာမရှိခြင်းနှင့် အိပ်ရေးမဝခြင်းကြောင့် ဖြစ်ကြောင်း သူသိသည်။ 

"ပိုက်ဆံမကုန်ပဲ ဒီလိုနည်းနဲ့လည်း အရက်နာကျလို့ရသကိုး" ဟု တွေးရင်း သူပြုံးလိုက်မိသည်။

Monday 3 February 2014

ငါးလေးတစ်ကောင်ဖမ်းမိတယ်

ကျုပ် သေချင်ပြီ၊ သေချင်ပြီ၊ သေချင်ပြီဗျာ။ နေမထူး၊ သေမထူးတဲ့ ဘဝမှာ ဘာလို့များ ကျုပ်က ရှင်သန်နေရဦးမှာလဲ။ အမြန်ဆုံးသာ သေလိုက်ချင်ရဲ့။ တကယ်ဆို မနေ့ကတည်းက ကျုပ်သေခဲ့ဖို့ကောင်းတယ်။ အခုတော့ ဒုက္ခဝဋ်ဆင်းရဲတွေထဲမှာ ကျန်ရစ်ရှင်သန်နေရလေတော့ ကျုပ်က ကံဆိုးသူလား၊ ကံကောင်းသူလား။

ကမ္ဘာဟာ ရွာကြီးတစ်ရွာတဲ့။ ဟုတ်မယ်။ ကမ္ဘာကြီး အဲသည်လောက် ကျဉ်းသွားလို့သာ ကျုပ်တို့လည်း ဒီ ၄ပေသာသာလောက်ရှည်၊ ၂ပေလောက်ကျယ်ပြီး၊ ၂ပေလောက်နက်တဲ့ ဒီပလစ်စတစ်ဗုံးကြီးထဲမှာ နေ နေရတာပေါ့။ ကျုပ်တို့ တစ်ချို့အမျိုးတွေတော့ ကျယ်ပြောတဲ့ ကန်ကြီးတွေထဲမှာ လတ်ဆတ်တဲ့ လေကိုရှုပြီး နွေးထွေးတဲ့ နေရောင်ခြည်ရှိတဲ့ ကောင်းကင်ပြာကြီးကို မော့ကြည့်နေကြမှာ။ ကျုပ်မှာသာ။

ဒီလောက် ပုပ်စော်နံတဲ့ရေတောင် သည်လောက် ပုပ်စော်နံပါ့မလား။ ရေတွေက မည်းပုပ်နေတာပဲ။ မည်းပုပ်နံစော်နေတဲ့အထဲ မှောင်ကမှောင်နေသေးတယ်။ ဘယ်မှာလဲ နေရောင်ခြည်နုနု၊ ဘယ်မှာလဲ လတ်ဆတ်တဲ့ လေ။ ကျုပ်ရှုနေရတဲ့လေကို တတ်သိသလောက် ခွဲခြမ်းစိပ်ဖြာကြည့်လိုက်တယ်။ ရွံ့ပုပ်နံ့က ၃၀ရာခိုင်နှုန်း၊ ပုပ်နေတဲ့ ရေမှော်နံ့က ၂၀ရာခိုင်နှုန်းလောက်နဲ့ ကျုပ်တို့တွေက နံစော်နေတဲ့ ကိုယ်နံ့တွေက ၅၀ရာခိုင်နှုန်းလောက်ရှိမယ်။

ဒီလို အနေဆင်းရဲ၊ အစားဆင်းရဲဖြစ်နေမှတော့ ဘယ်သူက နေပျော်တော့မှာလဲ။ ဘယ်သူ့ကို ကြည့်လိုက် ကြည့်လိုက် ခပ်ယဲ့ယဲ့ပဲ ကျန်တော့တယ်။ ဘယ်မှာလဲ အပြုံးတွေ၊ ဘယ်မှာလဲ အပျော်တွေ၊ ဘယ်မှာလဲ တက်ကြွမှုတွေ။ ငှက်ဆိုတာ ပျံရင်းသေ ဆိုရင် ငါးဆိုတာလည်း ကူးရင်းသေသင့်တယ် မဟုတ်လား။ ခုတော့ ရေနစ်သေတဲ့ငါးလို့များ ရှိလာတော့မလားဘဲ။ အော်.. ဒုက္ခတွေ၊ ဒုက္ခတွေ။ သေမှပဲ အေးမှာ။