Wednesday 12 February 2014

နယ်ကျော်ကြသူများ

ပြတင်းပေါက်မှ ဝင်လာသည့် နေရောင်က မျက်နှာပေါ်တည့်တည့်သို့ ကျလာသောကြောင့် မျက်စိကို မဖွင့်ချင်ဖွင့်ချင်နှင့် သူဖွင့်လိုက်ရသည်။ အိပ်နေလျက်မှ ခြင်ထောင်ကိုလှပ်ပြီး စားပွဲပေါ်မှနာရီကိုလှမ်းကြည့်လိုက်သည်။

“၈ နာရီခွဲ”

ပုံမှန်ဆိုလျှင် မနက် ၅ နာရီ သူထနေကျ ဖြစ်သည်။ ခြောက်နာရီအမှီ ဂိတ်ထိုးရသည်ကိုး။ သည်နေ့တော့ ဂိတ်ထိုးစရာ မလိုသဖြင့် နာရီကိုပင် နှိုးစက်ပေးမထားခဲ့။ တကယ်တမ်း ဂိတ်ထိုးရမည်ဆိုလျှင်လည်း သူထနိုင်မည်မဟုတ်။အတွေးပေါင်းမြောက်မြားစွာဖြင့် ချာချာလည်နေခဲ့သည်မှာ မနက် ၄ နာရီကျော်သည်အထိ။ စုစုပေါင်းအိပ်ချိန် ၄ နာရီသာသာခန့်မျှသာ ရှိထားသော သူ့အဖို့ အိပ်ရေးမဝလှသော်လည်း သွားစရာကိစ္စက ရှိနေသောကြောင့် အိပ်ယာမှ လူးလဲထလိုက်သည်။ မျက်နှာသစ်၊ သွားတိုက်ပြီးနောက် ရေအိမ်ခဏဝင်သည်။ ရေအိမ်မှအထတွင် ခေါင်းထဲ မိုက်ကနဲ တစ်ချက်ဖြစ်သွား၏။ ခါတိုင်း ညဘက်တွေမှာ သူသောက်တာ နည်းနည်းများသွားသည့်အခါ ဖြစ်တတ်သည့် ဝေဒနာမျိုး။ သည်တစ်ခါမူးခြင်းမှာ အရက်ကြောင့် မဟုတ်။ အစာမရှိခြင်းနှင့် အိပ်ရေးမဝခြင်းကြောင့် ဖြစ်ကြောင်း သူသိသည်။ 

"ပိုက်ဆံမကုန်ပဲ ဒီလိုနည်းနဲ့လည်း အရက်နာကျလို့ရသကိုး" ဟု တွေးရင်း သူပြုံးလိုက်မိသည်။


            တကြုတ်ကြုတ်ဖြင့် ဆန္ဒပြလာသော ဝမ်းမီးကို ရေအိုးစင်မှ ရေနှစ်ခွက်ဆင့်ဖြင့် တဒင်္ဂငြှိမ်းလိုက်သည်။ ကြောင်အိမ်ပေါ်မှာရှိနေသည့် တစ်လုံးထဲသော ငှက်ပျောသီးမှည့်လေးကတော့ အိပ်ယာကနိုးလာသည်နှင့် ဗိုက်ဆာတော့မည့် သားအတွက်။ သားအသက်က ၂ နှစ်ခွဲကျော်၍ သုံးနှစ်ထဲသို့ပင်ရောက်နေပြီ။ 

သူ့အမေမရှိတော့သည့်နောက်ပိုင်း သူအလုပ်သွားသည့်အခါတွင်ဖြစ်စေ၊အပြင်သွားသည့်အခါတွင်ပင်ဖြစ်စေ သားလေးကို ချီပိုး၍ခေါ်သွားရသည်မှာ သားအသက် ၂ နှစ်မပြည့်ခင်ကတည်းက။ မိန်းမဖြစ်သူက သူနှင့် အခါလည်ကျော်ကျော် သားကလေးကို ပစ်ထားခဲ့ပြီး သူတို့ဘဝထဲမှ အပြီးအပိုင် ထွက်ခွာသွားခဲ့သည်။ တကယ်တော့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြခြင်းဆိုလျှင် ပိုမှန်ပါလိမ့်မည်။ 

သားလေးကိုယ်ဝန်ကို မလွယ်ရသေးခင်ကတည်းက မိန်းမဖြစ်သူ ခြေလှမ်းပျက်နေခဲ့သည်ကို သူသတိထားမိခဲ့သည်။ သားလေးကို ကိုယ်ဝန်ဆောင်ထားရသည့် ၁၀လအတွင်းမှာတော့ ခြေငြိမ်သွားသော်လည်း သားကို အသက်လေးလတည်းနှင့် နို့ဖြတ်ခဲ့ရက်သည်။ သူ ဆိုက္ကားထွက်နင်းသည့် အခါတိုင်း သားကိုခေါ်ကာ သူ့မိန်းမက အပြင်ထွက်သွားသည့်အကြောင်း၊ တစ်ဘက်ရပ်ကွက်ရှိ အလှပြင်ဆိုင် အမည်ခံဆိုင်တစ်ဆိုင်တွင် သူ့မိန်းမကို တွေ့ရတတ်ကြောင်းတွေ သူ ကြားလာခဲ့ရသည်။ သားက သူနှင့် ချွတ်စွပ်တူ၍သာ တော်တော့၏။ မဟုတ်လျှင် ပတ်ဝန်းကျင်က ဘာတွေများ ပြောကြဦးမည်နည်း။ ကြေးစားတစ်ပိုင်း ဖြစ်နေပြီဖြစ်သော သူ့မိန်းမသည် ရုပ်ရှင် ဝတ္ထုတွေထဲကလို ခင်ပွန်းအတွက်၊ သားအတွက် ခန္ဓာကိုရင်းနှီး၍ ငွေကြေးရှာနေခြင်း မဟုတ်ဘဲ သူတို့မိသားစုနှင့် ဘဝချင်းမတိမ်းမယိမ်း ရှိသော မိန်းမများနှင့် ငွေကြေး၊ အဝတ်အစားစသည်ဖြင့် အရာရာ ပြိုင်ဆိုင်ရန်အတွက်သာ ဖြစ်ကြောင်း သူ သိလာခဲ့ရသည်။ 

ပိုက်ဆံမရှိသော်လည်း ဗဟုသုတ အနည်းငယ်ရှိသော သူက ဂုဏ်သိက္ခာကျမည်ထက် သူ့မိန်းမ သယ်လာမည့် ရောဂါများကိုသာ ပို၍ ကြောက်ရွံ့ခဲ့မိသည်။ ဆိုက္ကားသမားနှင့် အပျက်မတို့၏ အချစ်ခရီးလမ်းက အံ့သြစရာကောင်းလောက်အောင်ပင် တည်တည်ငြိမ်ငြိမ်နှင့် အဆုံးသတ်ခဲ့သည်။ သားလေးကိုတော့ သူ့မိန်းမက သူနှင့် ထားခဲ့၏။ ”သမီးလေးဆိုရင်တော့  ကြီးလာရင် အသုံးတည့်မှာမို့ ခေါ်သွားလောက်တယ်” ဟု စိတ်နာနာနှင့် သူ တွေးမိလိုက်သေးသည်။ အလုပ်တစ်ဘက်နှင့် လူမမယ် သားလေးကို ပြုစုစောင့်ရှောက်ရသည်မှာ အလွန်ကသီလှ၊ ခက်ခဲလှသော်လည်း သူဘဝ၏ တစ်ပင်တည်းသော သံယောဇဉ်ကြိုးကလေးမို့ တစ်ချက်မညည်းပဲ ကြိုးစားရုန်းကန်ခဲ့သည်။

            "မြေနိမ့်ရာလှံစိုက်” "ကံဆိုးမသွားရာမိုးလိုက်လို့ရွာ” "နူရာဝဲစွဲလဲရာသူခိုးထောင်း” စသော စကားပုံများသည် သူ့အတွက်သက်သက် ရည်ညွှန်းထားသလား ဟုပင် စိတ်အချဉ်ပေါက်စွာ တွေးလိုက်မိသည်။ ရန်ကုန်မြို့တွင် ဆိုက္ကားနင်းရသော အလုပ်သည် အသက်အန္တရာယ်နှင့် မည်မျှနီးသည်ကို လူတော်တော်များများပင် သိကြပါသည်။ အခြားအခြားသော နိုင်ငံကြီးများတွင် ယာဉ်ကြီးက ယာဉ်ငယ်ကို ညှာကြသလောက် မြန်မာပြည်တွင်တော့ ပြောင်းပြန်ဖြစ်၏။ ယာဉ်ကြီးလေလေ၊ ယာဉ်ငယ်တွေကို အနိုင်ကျင့်နိုင်လေလေ၊ ဆဲနိုင်လေလေ။ အဲယားကွန်းဘတ်စ် ဟုခေါ်သော အဲယားကွန်းမပါသည့် လိုင်းကားကြီးများ မောင်းသူတို့သည် လမ်းမ၏ ဘုရင်များဖြစ်ကြသည်။ လမ်းတွင် တွေ့သမျှ ကားကြီး၊ကားငယ်၊ စက်ဘီး၊ ဆိုက္ကား၊ လူဟူသမျှကို ဆဲဆိုကြိမ်းမောင်းနိုင်ကြ၏။ ကားကြီးက ကားလတ်ကို ဆဲ၏၊ ကားလတ်က ကားငယ်ကို ဆဲ၏၊ ကားငယ်တွေက ဆိုက္ကားသမားကို ဆဲ၏၊ သူတို့ ဆိုက္ကားသမားများကလည်း ခြေကျင်သွားသူများကို ဆဲကြသည်ချည်းသာ။ 

သည်လိုညှာတာမှု နှင့် သတိတရားကင်းမဲ့သော ကားကြီးကားငယ်တို့ ဥဒဟိုသွားလာနေကြသည့် လမ်းမကြီးများပေါ်တွင် မျက်စိကိုဖွင့်၊ နားကိုစွင့်၍ ခရီးသည် သွားလိုရာကို အမြန်ဆုံး ပို့ဆောင်ရသော ဆိုက္ကားသမားအလုပ်မှာ သိပ်တော့ မချောင်လှပေ။ သတိတစ်ချက်လွတ်သည်နှင့် အသက်ပါ ပါသွားနိုင်သည်။ သို့သော် များသောအားဖြင့် သူတို့တွေ ကြောက်သည်က အသက်အန္တရာယ် မဟုတ်။အပြာရောင်ဝတ်စုံ ဝတ်ထားသော စည်ပင်ဝန်ထမ်းများ နှင့် ဘဲဥဟု သူတို့ ခေါ်လေ့ရှိကြသော ယာဉ်ထိန်းရဲများသာ။ 

ညကလည်း အသက်အန္တရာယ်ထက်ပင် သတိထားရသည့် စည်ပင်ဝန်ထမ်းနှင့် နယ်ကျော်ကာ နင်းလာမိသော သူ့ဆိုက္ကားတို့ ပက်ပင်းတိုးမိသောကြောင့် သူ့ဆိုက္ကား အသိမ်းခံလိုက်ရသည်။ အုံနာသိလျှင် အလုပ်ပါ ပြုတ်နိုင်သော်လည်း ကံကောင်းထောက်မစွာဖြင့် အုံနာက ဆိုက္ကားကို သူ့အိမ်မှာ ညသိပ်ခွင့် ပေးထားသောကြောင့် ဆိုက္ကားအသိမ်းခံရသည့်အကြောင်းကို မသိသေးပေ။ တကယ်တော့ သူလည်း နယ်ကျော်မနင်းချင်ပါ။ ရသည့်ဆိုက္ကားခနှင့် အဖမ်းခံရလျှင် ပေးရမည့် ဒဏ်ငွေ မကာမိသောကြောင့် ဖြစ်သည်။ မနေ့ညကတော့ အုံနာကြေးပင် မပြည့်လောက်အောင် ခရီးသည်ပါးသည်က တစ်ကြောင်း၊ ငှားစီးသည့် သူက ခပ်ထွေထွေမို့ မလိုက်မချင်း ရစ်နေမှာက တစ်ကြောင်း တို့ကြောင့် နယ်ကျော်၍ နင်းခဲ့လိုက်မိသည်။

သည်နေ့တော့ စည်ပင်ရုံးသို့သွား၍ ဆိုက္ကားရွေးရတော့မည်။ ညက အုံနာကြေးနုတ်လိုက်သည့်အခါ သူ့လက်ထဲတွင် ငွေက ယနေ့အတွက် ထမင်းတစ်နပ်စာပင် မကျန်တော့။ ဆိုက္ကားရွေးဖို့ဆိုသည်ကတော့ ဝေလာဝေးပင်။ သည်ဆိုက္ကားကို အရင်းပြု၍ ထမင်းစားနေရသောသူ့အဖို့ သူတောင်းစားခွက်ပျောက်ခြင်းကမှ လက်နှင့်ခံ၍ တောင်းနိုင်သေးသဖြင့် သူ့အဖြစ်ထက်သာပေလိမ့်ဦးမည်။ သည်အတွေးများကြောင့် တစ်ညလုံးအိပ်မရခဲ့။ ယခုလည်း ခေါင်းပေါ်တွင် မီးတောင်ကြီးတစ်ခု ရွက်ထားရသလို ပူလောင် လေးလံလွန်းလှ၏။ သားငယ်ကို အိပ်ယာမှနှိုး၊ ငှက်ပျောသီးကျွေးပြီးနောက် ကျောတွင်ပိုး၍ စည်ပင်ရုံးသို့ ထွက်လာခဲ့၏။

            “သားလေးတို့ သမီးလေးတို့ရယ် အဘကို ထမင်းဖိုးလေး သနားခဲ့ကြပါ။ သားတို့သမီးတို့ ပေးမှကမ်းမှ စားရမယ့်ဘဝပါ”

လမ်းဘေးတွင် ဒူးတုပ်၍ ဦးခေါင်းကိုမြေကြီးနှင့် ထိလုမတတ် ငုံ့ကာ အသံတုန်တုန်နှင့် တောင်းနေသော အဖိုးကြီးတစ်ဦး။ သူ့အကြည့်က အဖိုးကြီး ဘေးတွင် ချွတ်ထားသော ဖိနပ်ဆီသို့ ရောက်သွား၏။ မြင်းကြယ်တံဆိပ်။ ဖိနပ်က အလတ်ကြီးရှိသေး၏။ သူ့ခြေထောက်ကို အသာ ပြန်ငုံ့ကြည့်လိုက်မိသည်။ သစ်သားခံထားသော ကားတာယာကြိုးနှင့် ခြေညှပ်ဖိနပ်၊ အောက်ခံသစ်သားပြားကို လွယ်လွယ်ပါးမသွားအောင် သံမှိုတွေ ရိုက်သွင်းထားသည့်ကြားက ဖိနပ်က ဖနောင့်ပိုင်းမှာ ပြတ်လုလု ဖြစ်နေလေပြီ။

 “ငါ့နှယ်နော်၊ သူတောင်းစားထက်တောင် မွဲနေပါလား။ အင်းလေ.. သူတောင်းစားဆိုတာက သူ့ရှိသမျှ မာနတွေ သိက္ခာတွေ အကုန်ခဝါချပြီး တောင်းရတာ။သူပိုက်ဆံဘယ်လောက်ရရ ငါတို့လိုခေါင်းမမော်နိုင်ပါဘူး။ခုလည်းကြည့်ပါလား..။ခေါင်းကိုငုံ့ထားလိုက်ရတာ မြေကြီးနဲ့တောင်ထိတော့မယ်”
         
ကိုယ့်ကိုယ်ကို ဇွတ်အတင်း အားပေးရင်း ခြေလှမ်းကို ရှေ့ဆက်လာခဲ့သည်။ သားကတော့  ကျောပေါ်မှာ အိပ်ပျော်နေရှာ၏။ စည်ပင်ရုံးကိုရောက်တော့ သူ့လို ဆိုက္ကားလာရွေးကြသူတွေနောက်မှာ တန်းစီစောင့်ရပြန်သည်။ အားလုံးမျက်နှာတွေက မသာမယာ။ အသုဘအိမ်တောင် သည်လောက် ကျက်သရေတုံးပါ့မလားမသိ။ တစ်နာရီခန့် စောင့်ပြီးသည့်အခါ သူ့အလှည့် ရောက်လာသည်။ မနေ့ညက ဖြတ်ပေးလိုက်သည့် ပြေစာဖြတ်ပိုင်းလေးကို စည်ပင်ဝန်ထမ်းထံ ကမ်းပေးလိုက်သည်။

"ဒဏ်ငွေ ငါးထောင်ဆောင်ရမယ်နော်”
ဖြတ်ပိုင်းမှာ ရေးထားသည်က သုံးထောင်သာဖြစ်သည်။ သို့သော် သည်လောကမှာ သည်ဟာလောက်က အဆန်းမဟုတ်တော့။ ငါးထောင်ဖြစ်ဖြစ် သုံးထောင်ဖြစ်ဖြစ် သူ့အတွက်တော့ အရေးမကြီးလှပါ။ သူ့မှာ တစ်ပြားမှမရှိသောကြောင့် ဖြစ်သည်။
မျက်နှာကို အချိုသာဆုံးထားလိုက်ပြီး "ဆရာရယ်..ညကအုံနာကြေးပေးလိုက်ပြီးတော့ ကျနော့်မှာ ဒီနေ့စားဖို့တောင် မကျန်ပါဘူး။ ပြီးတော့ ဒီဆိုက္ကားလေးနင်းမှ ကျနော်ထမင်းစားရမှာပါ။ ဒီည တစ်ညလုံး ဆိုက္ကားဆွဲပြီး ဆရာ့ကို ဒဏ်ကြေးလာပေးပါ့မယ်။ ကျနော့်ကို ဆိုက္ကားလေး ဒီတစ်ရက်ပေးဆွဲပါနော်”


"ခင်ဗျားတို့ ပြောလိုက်ရင် ဒီအတိုင်းချည်းပဲ၊ အဲလို ပြောတိုင်းသာ ဆိုက္ကားတွေ ပြန်ပေးနေရရင် ဥပဒေဆိုတာကို ခင်ဗျားတို့ ဘယ်လေးစားတော့မှာလဲ၊ နယ်ကျော်ရင် ဆိုက္ကားသိမ်းခံရမယ်ဆိုတာ ခင်ဗျားသိပြီးသားပဲ၊ အစောကတည်းက ဒါတွေစဉ်းစားပါလား”


"ပိုက်ဆံသုံးထောင်ပြပြီး ငါးထောင်တောင်းနေတဲ့သူက ဥပဒေအကြောင်း လာပြောနေသေးတယ်” စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲမိသော်လည်း မျက်နှာကမူ ခံစားချက်နှင့် ဆန့်ကျင်ဘက်။ သူ့မိန်းမဆီက ချစ်ခွင့်တောင်းတုန်းကတောင် သည်လောက် မျက်နှာချို မသွေးခဲ့ရဖူးပေ။

"ဥပဒေကို မလေးစားလို့ မဟုတ်ပါဘူး ဆရာရယ်၊ ကျနော့်မှာ ဒီနေ့စားဖို့ကို မရှိလို့ပါ၊ ညက နယ်ကျော်မိတာကလည်း ခရီးသည်က မူးနေတော့ ပြောလို့မရလို့ပါ။ နားလည်ပေးပါဆရာရယ်။ ကျနော်တောင်းပန်ပါတယ်၊ ဆရာကူညီမှ ကျနော် ထမင်းစားရမှာပါ”

"သားတို့ သမီးတို့ ပေးမှကမ်းမှ ထမင်းစားရမှာပါ” ဟူသည့် သူတောင်းစားအဖိုးကြီး၏ အသံကို ကြားယောင်လာမိသည်။ "သူတောင်းစားဆိုတာ ရှိသမျှ မာနတွေ၊သိက္ခာတွေ ခဝါချရတာ” ဟုပင် သူတွေးခဲ့သေးသည်။

“ကျုပ်က လုပ်ချင်တိုင်း လုပ်ပေးလို့ရတာ မဟုတ်ဘူး။ ကျုပ်အထက်က လူကို ပြောကြည့်ရဦးမှာ။ သူကလည်း ဒီတိုင်းလက်ခံမှာ မဟုတ်ဘူး။ သူ့ကို ကျုပ်က လက်ဖက်ရည်တော့ တိုက်ရဦးမှာ။ ဒီတော့ ခု ခင်ဗျား ဆိုက္ကားယူသွား၊ မှတ်ပုံတင်တော့ထားခဲ့။ မနက်ဖြန်ကျရင် ဒဏ်ကြေးလာဆောင်။ နောက်ကျတဲ့အတွက် ခင်ဗျား ခြောက်ထောင်တော့ ဆောင်ရမယ်”


"မ..မလုပ်ပါနဲ့ဆရာရယ်"

"ခင်ဗျားမကျေနပ်ရင် အခုငါးထောင်ဆောင်သွား"

သူ ဘာများတတ်နိုင်ပါဦးမည်နည်း။ ဆိုက္ကားကို စည်ပင်ဝန်းထဲမှ တွန်းထွက်လာခဲ့သည်။ ဘေးအိမ်မှာ သားကို အပ်ထားခဲ့ပြီး နာရီကိုကြည့်လိုက်တော့ မွန်းတည့်လုလု။ သည်အချိန်မှနေ၍ ည နှစ်နာရီသုံးနာရီလောက်အထိ ဆွဲမှ အုံနာကြေးရော ဒဏ်ကြေးပါကာမိနိုင်လိမ့်မည်။ ဗိုက်ထဲမှာရေပဲရှိသည့် ခန္ဓာကိုယ်က သည်လောက်အချိန်ကြာကြာ နင်းနိုင်ပါမည်လား။

"ဆိုက္ကားဆိုက္ကား" ဟုလှမ်းခေါ်သံကြောင့် သူ အပြေးအလွှား ထွက်ခဲ့လိုက်သည်။ သားအမိနှစ်ယောက် ဖြစ်ဟန်တူ၏။ ကောင်မလေးက ၁၂ နှစ်ခန့်၊ သူ့အမေကတော့ ၃၀ ဝန်းကျင်ခန့် ရှိပြီထင်သည်။ နှစ်ယောက်လုံးခပ်ဝဝတွေမို့ နင်းရသည်မှာ သိပ်တော့ မသက်သာလှ။ နေပူလွန်း၍ ထင်သည်။ သားအမိနှစ်ယောက်လုံး ထီးကိုယ်စီ ထုတ်ဆောင်းကြ၏။ အရှေ့မှာ ထိုင်သည့် ကောင်မလေးက လိမ္မော်သီးတစ်လုံး ထုတ်စားနေသည်။ လိမ္မော်သီးက အလုံးကြီးသလို အရည်လည်းရွှမ်းလှသည်။ လိမ္မော်သီးစိတ်ကို ကောင်မလေး ကိုက်လိုက်သည့် အခါတိုင်း လိမ္မော်ရည်တွေက နှုတ်ခမ်းထောင့်ကို စီးကျနေသည်။ ကောင်မလေးက နှုတ်ခမ်းကို လက်ခုံဖြင့် သုတ်လိုက်ရင်း သူ့အမေကို လှမ်းပြောသည်။ "လိမ္မော်သီးကချိုလိုက်တာအမေရဲ့၊ အမေလည်း တစ်လုံးလောက် စားကြည့်ပါဦး"။ ကုန်းတက်မို့ လက်နှစ်ဘက်ကို လက်ကိုင်ပေါ်မှာ ဖိထားရင်း ဆိုက္ကားကို အားစိုက်နင်းရသည်။ နဖူးမှကျလာသော ချွေးတွေကိုပင် မသုတ်အား။ ချွေးတွေက နှုတ်ခမ်းထောင့်သို့ စီးကျလာသည်။ လိမ္မော်သီးစားနေသော ကောင်မလေးကို ကြည့်ရင်း သူ လျှာကို တစ်ချက်သပ်လိုက်မိသည်။ အရသာက ငံကျိကျိမို့ အမောတော့ မပြေလှပေ။

ညဘက် သူများတွေ ဆိုက္ကားသိမ်းသွားချိန်အထိ သူ မနားအားသေး။ အိပ်ကပ်ထဲမှ ပိုက်ဆံတွေကို ရေတွက်ကြည့်လိုက်သည်။ အုံနာခနှင့် ဒဏ်ကြေးပြည့်ဖို့ တစ်ထောင်ကျော်ကျော်ခန့် လိုနေသေး၏။ ဗိုက်ဆာလွန်း၍ ပဲပလာတာတစ်ရာတန် တစ်ချပ်ဝယ်စားခဲ့မိသည့် ကိုယ့်ကိုယ်ကိုပင် မသထာချင်သလိုဖြစ်သွားရ၏။ သည်အတိုင်းတော့ အိမ်ပြန်၍မဖြစ်။ နေ့တွက်နှင့်ဒဏ်ကြေးအပြင် မနက်ဖြန်အတွက် စားစရိတ်တော့ သူရမှဖြစ်မည်။

"ဆိုက္ကားအားလား"

"ဘယ်သွားမလဲ"

"ရဲဘော်ဟောင်း"

"ဟာရဲဘော်ဟောင်းဆိုနယ်ကျော်နေပြီဗျ ကျနော်လိုက်လို့မရဘူး"

"လုပ်ပါကွာ.. ကိုယ်တော်တော်ပင်ပန်းနေလို့ လမ်းဆက်မလျှောက်နိုင်တော့လို့ပါ။ ဒီအချိန်ကြီးဘယ်သူမှမင်းကိုလာမဖမ်းပါဘူး"

"အာ.. မဖြစ်ဘူးဗျ။ မနေ့ညကမှ နယ်ကျော်လို့ အဖမ်းခံထားရတာ ကျနော်မလိုက်နိုင်ဘူး"

သူဆိုက္ကားကိုတွန်းထွက်တော့မည်အလုပ်

"နှစ်ထောင်ပေးမယ်ကွာ ညီလေး။ လိုက်ပို့စမ်းပါ။ မင်းကလည်းဘာမှမဖြစ်ပါဘူး။ ဒီအချိန် တစ်ခြားဆိုက္ကားတွေလည်း မရှိတော့လို့ပါကွ" သူက ထပ်ဆွယ်သည်။
နှစ်ထောင်ဆို အုံနာခနှင့် ဒဏ်ကြေး ကျေသည့်အပြင် သူနှင့် သားအတွက် မနက်ဖြန်စားဖို့ ထမင်းဖိုးတစ်ထောင်ခန့် ထွက်လာနိုင်သည်။ ခရီးသည်ကို ဆိုက္ကားပေါ်တင်ရင်း ခပ်သုတ်သုတ် နင်းလာခဲ့သည်။ ညကလည်း အတော်နက်လှပြီမို့ ထင်၏။ ရဲဘော်ဟောင်းရောက်သည်အထိစည်ပင်မပြောနှင့် လူတစ်ယောက်တောင်မှ မတွေ့ရ။

စိတ်ထဲ အနည်းငယ်ပေါ့သွား၍ အပြန်လမ်းတွင် ဆိုက္ကားနင်းရင်း သီချင်းလေးတစ်ပိုင်းတစ်စပင် သူညည်းမိ၏။ သို့သော် သူ၏ စိတ်လက်အေးချမ်းမှုက ကြာရှည်မခံလှပါ။ အရပ်ဝတ်နှင့် လူနှစ်ယောက်က သူ့ဆိုက္ကားကို လှမ်းတား၏။ သူတို့က ဆိုက္ကားနံပါတ်ကိုတစ်ချက်ကြည့်လိုက်ပြီး..
“ခင်ဗျားဆိုက္ကားနယ်ကျော်လာတယ်“ ဟု ပြောသည်။ စကားသံက လေးတိလေးကန်နှင့်။ အတော်လေးမူးလာကြပုံရသည်။

"ခင်ဗျားတို့ကဘာတွေလဲ"

“ကျုပ်တို့ က စည်ပင်ဝန်ထမ်းတွေ” ကဒ်တွေ ထုတ်ပြကြ၏။

တကယ်တော့ သည်လူတွေက သည်မြို့နယ်အပိုင်က မဟုတ်ကြ။ သို့သော် သည်လူတွေနှင့် သူပြဿနာတက်လို့မဖြစ်။ သူ့ဆိုက္ကားက ဒဏ်ကြေးမပေးပဲ နားလည်မှုနှင့် ထုတ်ယူလာသည့် ဆိုက္ကားမို့ တစ်ခုခုဖြစ်လျှင် ပြဿနာ အတော်ကြီးသွားနိုင်သည်။

"ဆရာတို့ရယ် ကျနော်မနေ့ညကမှ နယ်ကျော်လို့ ဒဏ်ငွေဆောင်ထားရတာပါ၊ ခုအုံနာကြေးမပြည့်လို့ လိုက်မိတာပါ၊ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော်။ဆရာတို့လည်း သည်မြို့နယ်ကမှ မဟုတ်တာ။ နားလည်ပေးပါဗျာ"

"ဒီမြို့နယ်က မဟုတ်လည်း စည်းကမ်းပျက်တဲ့သူဆိုရင် ကျုပ်တို့မှာ ဖမ်းပိုင်ခွင့်ရှိတယ်။ ခင်ဗျား မကျေနပ်ရင် သည်မြို့နယ်အပိုင်က လူတွေကို ကျုပ်သွားခေါ်လိုက်ရမလား။ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ မပေါက်ချင်စမ်းပါနဲ့ ကိုယ့်လူ။ ခင်ဗျားဆိုက္ကား သိမ်းခံရရင် ငါးထောင်ဆောင်ရမှာ။ ကျုပ်တို့ကို နှစ်ထောင့်ငါးရာပဲပေး။ ခင်ဗျားဆိုက္ကားနံပါတ်ကို ကျုပ်တို့ ခုပဲမေ့ပစ်လိုက်မယ် ဟဲဟဲ"

သူ အံတစ်ချက် ကြိတ်လိုက်သည်။ အိပ်ကပ်ထဲမှ ထောင်တန်နှစ်ရွက်နှင့် ငါးရာတန်တစ်ရွက်ကို လေးကန်စွာ ထုတ်ယူလိုက်သည်။ ညက အေးလာသော်လည်း ရင်ထဲမှ အပူကြောင့် ထင်၏။ ပိုက်ဆံများမှာ ချွေးတို့နှင့် စွတ်စိုလျက်။

ငွေနှစ်ထောင့်ငါးရာကို ယူပြီး ထိုသူနှစ်ယောက် လာလမ်းအတိုင်း ပြန်လှည့်သွားကြ၏။ သူတို့ထွက်လာခဲ့သော ဆိုင်ဆီသို့ ပြန်သွားသည်လား..။နောက်တစ်ဆိုင်သို့ ကူးမည်လား။ သူမတွေးတတ်။ အသေချာဆုံး တစ်ခုတော့ရှိ၏။

နယ်ကျော်မိသော ဆိုက္ကားသမားတစ်ယောက်၏ ထမင်းထုပ်ကလေးကတော့ နယ်ကျော်လာသော စည်ပင်ဝန်ထမ်းနှစ်ဦး၏ အရက်ခွက်ထဲသို့ ကျသွားခဲ့လေပြီ။

လေးစားခြင်းဖြင့်

မြတ်ပန်းနွယ်

23 comments:

BaNyar Shein said...

ဘ၀ တွေအတွက် . . .

ပြောစရာ စကားလုံး မရှိအောင်ဆွံ့အနေမိ . . . . ( အရေးအသား ကောင်းမြဲ ကောင်းဆဲပင် )

ဗညားရှိန်

ရှေးစာဆို said...

မိုက်တယ်။ ဒါမျိုးလေးတွေကို ကြိုက်တယ်။ အကြောင်းအရာ၊ အရေးအသား ထောက်စရာမရှိ။

Kaung Nyein San said...

ဝတ္ထုလေး အရမ်းမိုက်တယ်။

Ei Thiri Tin said...

ဝတ္ထုလေးက အရမ်းကိုကောင်းတယ် မမ။ ဆိုက်ကားသမားဘဝက မောစရာ။ နယ်ကျော်ကြသူတွေထဲမှာ စည်းပါကျော်တဲ့ ဆိုက်ကားသမားမိန်းမကတော့ အဆိုးဆုံးပဲ။ သူတို့ရဲ့သားလေး သနားပါတယ်။ တော်သေးတယ်။ သူ့ကိုသိပ်ချစ်တဲ့အဖေတော့ ကျန်ခနေခဲ့သေးလို့။

Aung Kyaw Zeya said...

ဝတ္ထုလေးက အရမ်းမိုက်တယ် ဆရာမရေ။ ဒီအပုဒ်လေးကို အရမ်းပဲ နှစ်သက်တယ်။ နောင်လည်း ဒါမျိုးလေးတွေ များများရေးပါဦး။

THS said...

ဇတ်နာချက်များ၊ ဖတ်ပြီး ကိုယ်တိုင်တောင် မောတယ်။ တကယ်တော့ တို့တွေ တိုင်းပြေမှာ ဒီလိုလူတန်းစား အလွှာတွေ အများကြီးရယ်ပါ။ ဖတ်သူရင်ထဲ တစ်ခုမက ဖြစ်ပေါ်သွားတယ် ဆိုတာကတော့ စာရေးသူ လက်စောင်းထက်လွန်းပါတယ်။

ကျော်အောင် said...

ဖတ်ရင်း ဖတ်ရင်း စိတ်မကောင်းလိုက်ရတာဗျာ။ ဆိုက်ကားသမားဘဝ သနားစရာ။ လက်လုပ်လက်စားတွေရဲ့ ဘဝက ရင်မောစရာပဲဗျာ။ ဝတ္ထုလေးက သိပ်ပြီးကောင်းလွန်းလို့ ချီးကျူးစရာ စကားရှာမတွေ့ပါဘူး။

ထွန်းရန်နိုင် said...

သိပ်ကိုအနှစ်ပြည့်တဲ့ စာလေးတစ်ပုဒ်ပါ ဆရာမရေ။ နှစ်သက်စွာ လေးစားစွာ ဖတ်သွားခဲ့ပါတယ်။ ခောတ်ကို ထင်ဟပ်ပြတဲ့ ဝတ္ထုလေးမို့ ပိုပြီးလေးစားရပါတယ်။

သူကြီးမင်း (တုံးဖလား) said...

ဘ၀သရုပ်ဖော်လေးမို့ ဖတ်ရတာ ခံစားချက်အပြည့်ဘဲ။ ဒါပေမဲ့ မောလိုက်တာဗျာ။ သူတို့ဘ၀လေးတွေကလဲ တကယ် သနားစရာ။

မိုးရေထဲကကောင်လေး said...

တကယ့်ကို ဝတ္ထုကောင်းလေး တစ်ပုဒ်ပါပဲ။ ဇာတ်နာလွန်းတယ် ထင်ရပေမယ့် တကယ့်လက်တွေ့ဘဝတွေက ဇာတ်ပိုနာလွန်းနေတော့ ခက်တယ်။ ဘဝထဲက ဘဝတစ်ခုကို ပီပီပြင်ပြင် တင်ဆက်ဖော်ပြထားနိုင်တဲ့ စာကောင်းလေး တစ်ပုဒ်ပါပဲ။

John ဂျွန် said...

ဇာတ်နာလိုက်တာ နွယ် ရေ။ ဘာပဲဖြစ်ဖြစ် ဝတ္တုကောင်းလေးတစ်ပုဒ်ပါပဲ။အောင်မြင်ပါစေနွယ်။

စုချစ် said...

ရသစာပေကောင်းတွေ ရေးထားတဲ့နေရာလေး ရှိနေတာ အသိနောက်ကျမိတယ်...
လင့်လေး လုပ်ထားပါရစေနော်...
အမြဲလာဖတ်နေမယ်...

ချစ်ခင်စွာဖြင့်... စုချစ်

Yoemyaykya said...

စိတ်မကောင်းလိုက်တာ။ မြန်မာနိုင်ငံက အဲလိုတွေပဲ များတယ်နော်။ အကျင့်ပျက်ခြစားတဲ့သူတွေ။ မမရေ လုံးချင်းစာအုပ်ထွက်ပီလားဟင်

Yoemyaykya said...

စိတ်မကောင်းလိုက်တာ။ မြန်မာနိုင်ငံက အဲလိုတွေပဲ များတယ်နော်။ အကျင့်ပျက်ခြစားတဲ့သူတွေ။ မမရေ လုံးချင်းစာအုပ်ထွက်ပီလားဟင်

ကြယ်ပြာ said...

နယ်ကျော်မိသော ဆိုက္ကားသမားတစ်ယောက်၏ ထမင်းထုပ်ကလေးကတော့ နယ်ကျော်လာသော စည်ပင်ဝန်ထမ်းနှစ်ဦး၏ အရက်ခွက်ထဲသို့ ကျသွားခဲ့လေပြီ။

Heart ထိသွားတယ်း(

Aunty Tint said...

လက်တွေ့ဘ၀ရဲ့ တစ်စိတ်တစ်ဒေသတွေကို သရုပ်ဖော်ရေးသွားတဲ့ ဇာတ်လမ်းအိမ်လေးဝမ်းနည်းစရာ မြတ်ရေ...

မေတ္တာဖြင့်
တီတင့်

Angelhlaing(May everybody be happy and healthy! said...

လှိုင်လည်း နယ်ကျော်လာတယ် ..မြတ်.. :P :D

လေးစားစွာဖြင့်

အစဉ်အားပေးလျှက်ပါ မြတ်ရေ...

ထရီဆာ (Teresa) said...

ရင်ထဲတော်တော် ထိတယ် မမြတ်ရယ်၊ ခံပြင်းမိနေလား တောင်မသိဘူး ....

မြသွေးနီ said...

မကျော်သင့်ပဲ နယ်ကျော်နေကြရတဲ့ ဘ၀တွေအပေါ် ခေါင်းပုံဖြတ်နေသူတွေ ရှိနေသရွေ့ ဘ၀တွေက မုန့်လုံးစက္ကူကပ်နေမှာပဲ ညီမရေ...။

witch83 said...

ဖတ်ရင်း ဖတ်ရင်း... စိတ်လည်းတို၊ စိတ်လည်းမကောင်း ဖြစ်မိတယ်။ အရေးအသားရော၊ အကြောင်းအရာရော၊ ခေါင်းစဉ်ရော.. လိုက်ဖက်မှုရှိပြီး အကုန် ကောင်းပါတယ်...

Zay Yar said...

Very Good Novel Indeed!

ရဲလင်းမြတ် said...

လက်ရှိဖြစ်ပျက်နေတာတွေကို ထပ်တူထင်ဟပ်နေတဲ့ စာကောင်းလေးတစ်ပုဒ်ပါ။ အမြဲတမ်း အားပေးနေပါတယ် ဆရာမ။

MTW said...

This essay hit my heart. Reflect the life of working class. Good job.