Wednesday 26 September 2012

ခဲမှန်ဖူးသည်

 
 နာရီကို ငုံ့ကြည့်လိုက်တော့ ၆နာရီထိုးပြီး ၁၅မိနစ်။

“ ဘုရားရေ.. အလုပ်ကို ရောက်ဖို့ နောက်ထပ် ၁၀မိနစ်လောက် လမ်းလျှောက်ရဦးမယ်။ ဒီလိုသာဆို ၆နာရီခွဲလောက်မှ ရောက်မှာပေါ့။ ဟို မန်နေဂျာနဲ့တော့ စကားပြောရတော့မှာပဲ။ ဟူးးး ”  

သက်ပြင်းတွေ နာနာချရင်း ခြေလှမ်းတွေကို မပြေးရုံတမယ်သာသာ အရှိန်မြှင့် တင်လိုက်ရ၏။ သည်နေ့ ကျောင်းဆင်းနောက်ကျသည်။ အမှန်တကယ်က ၅နာရီသည် အတန်းပြီးချိန် ဖြစ်သည်။ သို့သော် ဆရာက နှစ်ကုန်လျှင် တင်ရမည့် ပရောဂျက်တစ်ခုအကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြနေခဲ့သည်ဖြစ်ရာ တကယ်တမ်း အတန်းလွှတ်တော့ ၅နာရီ ခွဲလုလုပင် ရှိပြီ။

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် ကျောင်းတက်ရင်း အလုပ်လုပ်သူတစ်ယောက်အတွက် ပြေးလွှားလှုပ်ရှားရသည့်ဘဝကို မောသည်၊ ပန်းသည်ဟု မညည်းညူချင်။ အမြဲတမ်း ပြေးလွှားလှုပ်ရှားနေသည့် သူမကို သူငယ်ချင်းအချို့က “ နင့်ကြည့်ရတာ မောလိုက်တာ။ နင် မမောဘူးလားဟင် ” ဟု မေးလာသည့်အခါတိုင်း “မောတော့မောတာပေါ့၊ ဒါပေမယ့် မမောဘူး ” အရယ်အရွှမ်းဖောက်လျက် ဖြေခဲ့ဖူးသည်။ တကယ်တော့ ကျောင်းတက်ရင်း အလုပ်လုပ်ကြသည့် သူမလို ကျောင်းသားတွေ အများကြီး ရှိသည်ပဲလေ။ သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမှာလဲဟူသည့် တွန်းအားနဲ့ လှုံ့ဆော်မှုက သူမ မာနကို အမြဲတမ်း စိန်ခေါ်နေခဲ့သည် မဟုတ်လား။