Sunday 26 January 2014

ဟောင်းနွမ်းနေတဲ့ ဂစ်တာအိုလေးတစ်လက်ဟာ မောင်


၁၃နှစ်သားလောက်ကတည်းက ဂစ်တာ ကိုင်လာတဲ့ကောင်ဗျ ဆိုတဲ့ မောင်ဟာ တကယ့် ဂစ်တာသမားလေး တစ်ယောက်ပေါ့ကွယ်။ စားဝတ်နေရေး သုံးပါးစလုံးကို ဖြေရှင်းဖို့အတွက် မောင်ဟာ ကျွန်မနဲ့ ချစ်သူဖြစ်စအချိန်ထိ ဂစ်တာတီးတဲ့ အလုပ်တစ်ခုတည်းကိုပဲ လုပ်တယ်။ မောင့်မှာ ရှိရှိသမျှ ပစ္စည်းတွေထဲမှာ အတောက်ပဆုံး၊ အသစ်လွင်ဆုံး၊ တန်ဖိုးအရှိဆုံး ဆိုတာတွေဟာ ဂစ်တာလေးတွေပဲပေါ့။

v v v

ကျွန်မကို တီးပြဖို့ဆိုပြီး ကျွန်မတို့နှစ်ယောက် အမြဲထိုင်ဖြစ်တဲ့ မယ်ဇယ်ပင်ကြီးတွေအောက်အထိ သူ့ ဂစ်တာလေးကို ယူလာလေ့ရှိပါတယ်။

တစ်ခါတုန်းကတော့ မောင်က အသစ်ရေးထားတဲ့ သီချင်းလေး ရှိတယ်ဆိုပြီး တီးတော့ မလိုလို ဆိုတော့မလိုလိုနဲ့ သံစဉ်ညှိပါလေရော။  ဒီလို မဟုတ်သေးပါဘူး၊ အင်း. ဒီလိုလေး ဖြစ်ရမှာ၊ ဟုတ်ပြီ  ဟုတ်ပြီ. အဲ အဲ.. အဲသည်လိုလေးတွေကို မောင်က တစ်ယောက်တည်း ပြောရင်း စိတ်ရှည်လက်ရှည် သံစဉ်ညှိယူပါတယ်။ ဘယ်လောက်တောင်များ စိတ်ပါဝင်စားနေခဲ့ပါသလဲဆိုရင် ဘေးနားမှာ ငုတ်တုတ်ထိုင်နေတဲ့ ကျွန်မကို လှည့်ကြည့်ဖို့တောင် မေ့သွားခဲ့တဲ့ အထိပါပဲ။ စကားဖြတ်ပြောလိုက်ရင် မောင် အာရုံပျက်သွားမှာစိုးလို့ ငြိမ်ငြိမ်လေးထိုင်စောင့်နေတဲ့ ကျွန်မက မယ်ဇယ်ပင်ကြီးကို မှီပြီး အိပ်ပျော်သွားခဲ့မိတော့ မောင်က သိပ်ပြီးစိတ်ဆိုးပါတယ်။

Saturday 18 January 2014

နောင်တထက်ပိုသော


အမဲလိုက်ဝါသနာပိုး ဘယ်ကတည်းက ကျွန်တော့်ကိုယ်ခန္ဓာထဲ ရောက်နေခဲ့သလဲ။

အဖေ့ညီဝမ်းကွဲတွေနဲ့အတူတူ တောထဲငှက်ပစ်လိုက်ခဲ့ဖူးတဲ့ ဟိုး ခြောက်တန်းဖြေပြီးကာစ နွေကျောင်းပိတ်ရက်တွေကတည်းကလား။ ကိုယ်တိုင်ကိုယ်ကျ မျှားပြီး မိလာတဲ့ ငါးကို နေရာမှာတင် ကိုင်လိုက်ပြီး ရွံ့တွေနဲ့မံလို့ လတ်လတ်ဆတ်ဆတ် ကင်စားခဲ့တဲ့ ရှစ်တန်းဖြေပြီးကာစ လူပျိုသွေးမကြွတကြွအချိန်တုန်းကတည်းကလား။ ဒါမှမဟုတ် ဆယ်တန်းဖြေအပြီး သူငယ်ချင်းတွေနဲ့ ခရီးထွက်ရင်း ပွေးကောင်တွေကို ထောင်ဖမ်းခဲ့တုန်းကလား။ ကောင်းကောင်းမမှတ်မိတော့ဘူး။

တစ်ဖက်မှာ တက္ကသိုလ် သေနတ်ပစ်အသင်း လက်ရွေးစဉ်ဖြစ်လာတဲ့အချိန် တစ်ဖက်မှာလည်း အားလပ်ရက်တွေဆို လေသေနတ်လေးလွယ်လို့ ရှဉ့်လေး ယုန်လေးတွေကို အပျော်တမ်း အမဲပစ်လိုက်တတ်တဲ့ မုဆိုးပေါက်လေးတစ်ယောက် ဖြစ်နေခဲ့ပြီဆိုတာတော့ သေချာတယ်။

လက်ရွေးစင်ရဲ့ လက်ဆိုတာ သူ့ပစ်ကွင်းထဲရောက်နေတဲ့ သားကောင်ကို ဘယ်တော့မှ အရှင်မထားတတ်ဘူး။ သူ့သေနတ်ပြောင်းဝရောက်လာတဲ့ သားကောင်ဟာ နောက်တစ်နေ့ နေထွက်တာကို ဘယ်တော့မှ ပြန်မြင်ခွင့် မရှိဘူး။ ဒါဟာ ကျွန်တော်ပြောနေကျ စကား။ ဒါကြောင့်လည်း ကျွန်တော် အမဲလိုက်တဲ့အခါ တစ်ကောင်ပဲ ရွေးတယ်။ တစ်ခါပဲ ပစ်တယ်။ ပြီးတော့ အဲတာဟာ ညနေခင်း ကျွန်တော့် အရက်ဝိုင်းရဲ့ အမြည်းပဲ ဖြစ်စေရမယ်။