Saturday 18 January 2014

နောင်တထက်ပိုသော


အမဲလိုက်ဝါသနာပိုး ဘယ်ကတည်းက ကျွန်တော့်ကိုယ်ခန္ဓာထဲ ရောက်နေခဲ့သလဲ။

အဖေ့ညီဝမ်းကွဲတွေနဲ့အတူတူ တောထဲငှက်ပစ်လိုက်ခဲ့ဖူးတဲ့ ဟိုး ခြောက်တန်းဖြေပြီးကာစ နွေကျောင်းပိတ်ရက်တွေကတည်းကလား။ ကိုယ်တိုင်ကိုယ်ကျ မျှားပြီး မိလာတဲ့ ငါးကို နေရာမှာတင် ကိုင်လိုက်ပြီး ရွံ့တွေနဲ့မံလို့ လတ်လတ်ဆတ်ဆတ် ကင်စားခဲ့တဲ့ ရှစ်တန်းဖြေပြီးကာစ လူပျိုသွေးမကြွတကြွအချိန်တုန်းကတည်းကလား။ ဒါမှမဟုတ် ဆယ်တန်းဖြေအပြီး သူငယ်ချင်းတွေနဲ့ ခရီးထွက်ရင်း ပွေးကောင်တွေကို ထောင်ဖမ်းခဲ့တုန်းကလား။ ကောင်းကောင်းမမှတ်မိတော့ဘူး။

တစ်ဖက်မှာ တက္ကသိုလ် သေနတ်ပစ်အသင်း လက်ရွေးစဉ်ဖြစ်လာတဲ့အချိန် တစ်ဖက်မှာလည်း အားလပ်ရက်တွေဆို လေသေနတ်လေးလွယ်လို့ ရှဉ့်လေး ယုန်လေးတွေကို အပျော်တမ်း အမဲပစ်လိုက်တတ်တဲ့ မုဆိုးပေါက်လေးတစ်ယောက် ဖြစ်နေခဲ့ပြီဆိုတာတော့ သေချာတယ်။

လက်ရွေးစင်ရဲ့ လက်ဆိုတာ သူ့ပစ်ကွင်းထဲရောက်နေတဲ့ သားကောင်ကို ဘယ်တော့မှ အရှင်မထားတတ်ဘူး။ သူ့သေနတ်ပြောင်းဝရောက်လာတဲ့ သားကောင်ဟာ နောက်တစ်နေ့ နေထွက်တာကို ဘယ်တော့မှ ပြန်မြင်ခွင့် မရှိဘူး။ ဒါဟာ ကျွန်တော်ပြောနေကျ စကား။ ဒါကြောင့်လည်း ကျွန်တော် အမဲလိုက်တဲ့အခါ တစ်ကောင်ပဲ ရွေးတယ်။ တစ်ခါပဲ ပစ်တယ်။ ပြီးတော့ အဲတာဟာ ညနေခင်း ကျွန်တော့် အရက်ဝိုင်းရဲ့ အမြည်းပဲ ဖြစ်စေရမယ်။


ဝါသနာဆိုတာ ပြုပြင်ယူလို့ ရတယ်။ လေ့ကျင့်မွေးမြူလို့လည်း ရတယ်။ ဒါပေမယ့် ဗီဇဆိုတာကတော့ ဖျောက်ဖျက်ဖို့ မလွယ်ဘူး။ ကျွန်တော့်အတွက် အမဲလိုက်ခြင်းဟာ ဝါသနာဆိုတာထက် ဗီဇမှာကို ပါလာတဲ့ အရာတစ်ခုဖြစ်တယ်လို့ ပြောရမလား။ မယားပြောတစ်ညလို့ ဆိုကြပေမယ့် ကျွန်တော့်အတွက် အကုသိုလ်တွေ မယူပါနဲ့ကိုရယ် ဆိုတဲ့ စုလှိုင်ရဲ့ စကားကတော့ မအောင်မြင်ရှာပါဘူး။ စုလှိုင်ကို ချစ်သလို ကျွန်တော့် သေနတ်လေးကို ကျွန်တော် ချစ်တယ်။ ပြီးတော့ သေနတ်လေးထက်ပိုပြီး အမဲလိုက်ရတာကို ချစ်တယ်။

“ကိုရယ်.. အကုသိုလ်တွေ များလိုက်တာ”

မျက်ဝန်းအိမ်မှာ မျက်ရည်လေးတွေ ကြည်လဲ့နေပြီး နှုတ်ခမ်းလေးစူထားတဲ့ ချစ်ဇနီးလေးက အမဲလိုက်ရာကကျွန်တော်ပြန်လာတိုင်း ကျွန်တော့်လက်ထဲမှာ ပါလာတဲ့ သားကောင်လေးကို ကြည့်ပြီး အဲသည်လို ညည်းညည်းညူညူလေး ပြောတတ်တယ်။

ထမင်းဟင်းဆို စုလှိုင်လက်ရာမှ မြိန်မြိန်ကြီး စားတတ်တဲ့ ကျွန်တော်က ကျွန်တော်ကိုယ်တိုင် လိုက်ခဲ့တဲ့ သားကောင်ကိုတော့ စုလှိုင်လက်ထဲ မထည့်ပေးပါဘူး။ သူ့ကို သနားလို့ပါ။ ကိုယ်တိုင်ကိုယ်ကျပဲ မီးဖိုထဲ ဝင်ပြီး စိတ်တိုင်းကျ ကြော်လှော်၊ချက်ပြုတ်လေ့ရှိပါတယ်။

ကျွန်တော်နဲ့ စုလှိုင်ရဲ့ အိမ်ထောင်သက်က သုံးနှစ်ကျော်စပြုပြီ။ ကျွန်တော်တို့ အိမ်ထောင်ရေးက သာသာယာယာပဲ။ အဖေလက်ဖွဲ့ခဲ့တဲ့ အဖေ့လုပ်ငန်းတစ်ခုကို ကျွန်တော်က ဦးစီးလုပ်ကိုင်တယ်။ စုလှိုင်တို့ မိဘတွေဖက်က လက်ဖွဲ့တဲ့ ခြံဝန်းပေါ်မှာ ကျွန်တော်တို့နှစ်ယောက် စိတ်တိုင်းကျ တစ်ထပ်တိုက်ကျယ်လေး ဆောက်ပြီးနေကြတယ်။ လိုလေသေးမရှိ ပြီးပြည့်စုံတဲ့ ဘဝလို့တော့ မပြောနိုင်သေးဘူး။ ကျွန်တော်တို့နှစ်ယောက်မှာ၊ ကျွန်တော်တို့ရဲ့ အိမ်လေးမှာ ဆည်းလည်းလေးတွေ မရှိသေးလို့။

စုလှိုင်ရော၊ ကျွန်တော်ပါ ရင်သွေးလေးတွေ အရမ်းကို လိုချင်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ကလေးက တော်တော်နဲ့ မရနိုင်ဘူး။ နှစ်ယောက်စလုံး လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ကြတယ်။ ဆေးဝါးတွေသောက်ကြတယ်။ ဒါပေမယ့် သားသမီးရနိုင်မယ့် အရိပ်အယောင်လေးကိုတောင် မတွေ့ရဘူး။

အမေကတော့ ခဏခဏပြောတယ်။ နင်က အားအားရှိ သူများအသတ်သတ်ဖို့ ချောင်းနေတဲ့သူကိုး။ ဘယ်လိုလုပ် အသက်တစ်ချောင်းက နင့်ဆီ လာချင်မှာလဲတဲ့။ အမေပြောတုန်းက ကျွန်တော် ရယ်ခဲ့တယ်။ အဲသည်လိုသာ ပြောကြေးဆို သားသတ်လုပ်ငန်းနဲ့ အသက်မွေးတဲ့သူတွေမှာ ကလေးတစ်ယောက်မှ ရှိမှာကိုမဟုတ်တော့ဘူး။ ကျွန်တော်သိတဲ့ ကြက်သည် ဘုထစ်မှာဆို ကလေးက ရှစ်ယောက်တောင်။

ဒါပေမယ့် စုလှိုင်က ကံ ကံရဲ့အကျိုးဆိုတာကို ယုံပါ ကိုရယ်လို့ ခဏခဏ ပြောလာခဲ့တော့ ကျွန်တော့်မှာ စဉ်းစားစပြုရတယ်။ တကယ်ပဲ ကျွန်တော့်ကြောင့် ကျွန်တော်တို့မှာ သားသမီးရတနာ မထွန်းကားသေးတာလား။ မှတ်မိသေးပါတယ်။ အဲသည်နေ့ နေ့လည်က စုလှိုင်နဲ့ အခြေအတင် စကားများပြီးတော့ ကျွန်တော် လေသေနတ်ဆွဲပြီး ထွက်လာခဲ့တယ်။ စုလှိုင်ကတော့ ငိုပြီး ကျန်နေခဲ့တယ် ထင်တယ်။

v v v

အိမ်ကထွက်လာကတည်းက စိတ်လက်မကြည်သာလို့ပဲလားမသိ။ တောထဲရောက်တော့လည်း တစ်ခုမှ အဆင်မပြေဘူး။ လေငြိမ်သက်နေပြီး မှိုင်းအုံ့နေတဲ့ ရာသီဥတုကြောင့် မြင်မြင်သမျှ မြင်ကွင်းတွေဟာ အခါတိုင်းထက်ပိုပြီး မှုန်မှိုင်းလေးလံနေတယ်။ ချိုးကလေးကူသံသာဖို့ ဝေးစွ ငှက်တစ်ကောင်မှတောင် မတွေ့ရဘူး။ အခါတိုင်းလို သစ်ပင်တစ်ပင်မှတစ်ပင်၊ သစ်ကိုင်းတစ်ကိုင်းမှတစ်ကိုင်း ခုန်ကူးပြေးလွှားဆော့ကစားနေတဲ့ ရှဉ့်လေးတွေလည်း ဘယ်နားရောက်နေကြသလဲ မသိ။ သစ်တောကြီးတစ်ခုလုံး ငြိမ်သက်နေလိုက်ပုံများ သုသာန်တစပြင်ကျနေတာပဲ။ အစကတည်းက တိုနေတဲ့ စိတ်ကို ပိုပြီး ဆွပေးနေသလို။ စိတ်ပေါက်ပေါက်နဲ့ တောနက်ထဲထိ ဆင်းလာလိုက်မိတယ်။

ဟိုးခပ်လှမ်းလှမ်း သစ်ပင်အကွယ်က ရိပ်ခနဲ လှုပ်ရှားမှုလေးတစ်ခုဟာ တကယ့်ကို ညင်ညင်သာသာ ပိပိပြားပြားလေးဆိုပေမယ့် သားကောင်ကိုချောင်းနေတဲ့ မုဆိုးတစ်ယောက်ရဲ့ မျက်လုံးထဲမှာတော့ ပီပီပြင်ပြင်ကို မြင်လိုက်ရပါတယ်။

ဒရယ်ပေါက်လေးတစ်ကောင်။

နှုတ်ခမ်းကို အသာဖိကိုက်လိုက်မိတယ်။ ဒီလေသေနတ်က ဒရယ်တစ်ကောင်ရဲ့ အသက်ဝိညာဉ်ကို ခြွေယူနိုင်လောက်တဲ့ အားမှ မရှိတာ။ လက်လျော့လိုက်ရမှာလား။ လက်တည့်စမ်းကြည့်လိုက်ရမှာလား။ ဝေခွဲမရဖြစ်နေချိန်တုန်းမှာပဲ တနေကုန် အဆင်မပြေခဲ့သမျှကို တော်လှန် ပေါက်ကွဲပစ်လိုက်ချင်တဲ့စိတ်က ထကြွလာတော့တယ်။ ဖြစ်ချင်ရာဖြစ်ဟာဆိုပြီး သေနတ်မောင်းကို ဆွဲချလိုက်တော့တယ်။

ဒိုင်းကနဲ မြည်သံက ငြိမ်သက်နေတဲ့ တောအုပ်ထဲမှာ ဟိန်းကနဲပဲ။ ဒရယ်က ဘိုင်းကနဲ လဲကျသွားတယ်။ သူသေသွားပြီလား။ ကျွန်တော် အပြေးအလွှားသွားကြည့်လိုက်တယ်။

သူ့အနားကို ကျွန်တော်ရောက်သွားတော့ သူက လဲကျနေရာကနေ အားယူပြီး ထဖို့ပြင်တယ်။ သူ့ကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာ မရှိပါလား။ ကျွန်တော့် ကျည်ဆံက သူ့ကို မထိမှန်ခဲ့ဘူးလား။ သေသေချာချာ အနီးကပ်ကြည့်လိုက်တော့မှ သူ့ဦးခေါင်းမှာ စီးကျနေတဲ့ သွေးတွေကို တွေ့လိုက်ရတယ်။ ကျွန်တော့်ကျည်ဆံက ဘယ်နေရာကို ထိမှန် သွားခဲ့တာလဲ။ အိုး.. ကျွန်တော့် ကျည်ဆံက။

လဲကျနေရာကနေ အတင်းကုန်းရုန်းထပြီး တောထဲကို ပြန်ဝင်ပြေးသွားတဲ့ ဒဏ်ရာကြီးတန်းလန်းနဲ့ သူ့ကိုကြည့်ရင်း အမျိုးအမည်မသိတဲ့ ဝေဒနာတစ်ခုက ရင်ထဲမှာ ဖြစ်ပေါ်လာတယ်။ တစ်တစ်ဆို့ဆို့ကြီး။


v v v


အိမ်ပြန်ရောက်တော့ လက်ချည်းဗလာနဲ့ ကျွန်တော့်ကို စုလှိုင်က တအံ့တသြနဲ့ ကြည့်တယ်။ ပြီးတော့မှ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်နဲ့ သူမက ကျွန်တော့်ဆီ ပြေးလာပြီး ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်လှုပ်ရမ်းရင်း ပြောတယ်။

“ကိုက ခုတော့ စုပြောစကားကို နားထောင်ပြီပေါ့လေ။ ဘာသားကောင်ကိုမှ မပစ်ဘဲ ပြန်လာခဲ့ပြီပေါ့လေ။ ဝမ်းသာလိုက်တာ ကိုရယ်။ စုမှာလေ ဒီနေ့လေး ဘယ်တော့ရောက်လာမလဲလို့ မျှော်ခဲ့လိုက်ရတာ။”

စုကို ဟန်ဆောင်အပြုံးတွေနဲ့ အားတင်းပြီး ပြုံးပြခဲ့လိုက်မိတယ်။

အဲဒီညက ကျွန်တော့အတွေး၊ ကျွန်တော့အိပ်စက်ခြင်းတွေဟာ ဒဏ်ရာတန်းလန်းနဲ့ တောထဲပြန်ဝင်ပြေးသွားတဲ့ ဒရယ်ငယ်လေးဆီ ရောက်နေခဲ့တယ်။ သူ မသေမရှင်ဖြစ်နေလို့နေမလား။ ဒါမှမဟုတ် ဒုက္ခိတဘဝမှာ တစ်ကောင်တည်း ဒုက္ခရောက်လို့နေမလား။ သူ့မှာ အဖော်တွေမှ ရှိရဲ့လား။ မေးခွန်းများစွာနဲ့ ကျွန်တော် အိပ်မပျော်ခဲ့ဘူး။ အနောက်ကျွန်းကို ဝင်ရောက်ပျောက်ကွယ်သွားခဲ့တဲ့ နေမင်းကြီး အရှေ့ကျွန်းကနေ ပြန်လည်ထွက်ပြူလာချိန်မှာတော့ သူ့ကို ပြန်သွားရှာဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချပြီး ဖြစ်နေခဲ့တယ်။

သူ့ကိုတွေ့ရင် ဘာဆက်လုပ်မလဲဆိုတာကိုတော့ သူ့ကိုတွေ့တော့မှပဲ မီးစင်ကြည့်ကတော့မယ်။

ပွိုင့်တူးတူး သေနတ်တစ်လက်ကို ကိုင်ပြီး တောထဲကို ကျွန်တော် ဆင်းလာခဲ့တယ်။ ဒီနေ့ကျတော့ ရာသီဥတုက သာယာလိုက်တာ။ ကျေးငှက်သာရကာလေးတွေရဲ့ တေးသီချင်း သီကျူးနေသံလေးတွေ၊ လေတိုက်တိုင်း လှုပ်ရှားယိမ်းနွဲ့သွားတဲ့ သစ်ပင်သစ်ကိုင်းတို့ရဲ့ အချင်းချင်း ပွတ်တိုက်သံလေးတွေဟာ ငြိမ့်ညောင်းသာယာလှတဲ့ ဂီတသံစဉ်တစ်ခုလို။ နာပျော်ဖွယ်ကောင်းလိုက်တာ။ ရှဉ့်ကလေးတွေလည်း ဆော့ကစားနေကြတယ်။ ဟိုးခပ်လှမ်းလှမ်းက မျောက်တွေရဲ့ အော်သံကိုတောင် ကြားလိုက်ရသလားပဲ။ ယုန်ဖြူလေးနှစ်ကောင်ကလည်း ကျွန်တော့်ရှေ့ကနေ လှစ်ခနဲ ဖြတ်ပြေးသွားလေရဲ့။

မနေ့က ဒရယ်လေးကို တွေ့ခဲ့တဲ့ နေရာကို ရောက်လာတယ်။ အခုထိတော့ အဲဒီဒရယ်လေးရဲ့ အရိပ်အယောင်လေးကိုတောင် မတွေ့ရသေးဘူး။ ရှေ့ဆက်သွားလိုက်တယ်။ တောထဲ အတွင်းခပ်နက်နက်ထိ ဆင်းလိုက်တော့မှ လွင်ပြင်တစ်ခုမှာ ကျက်စားနေတဲ့ ဒရယ်တစ်အုပ်ကို တွေ့လိုက်ရတယ်။ ဒရယ်တွေ အကောင်၂၀လောက်တောင် ရှိမလားဘဲ။ လေအောက်ဖက်မှာ ကျွန်တော်က ရှိနေခဲ့လေတော့ အေးအေးလူလူ ရှိနေကြတဲ့ သူတို့ဟာ ရန်သူရဲ့ အရိပ်အငွေ့ကို နည်းနည်းလေးတောင် သတိမူမိဟန် မရှိကြပါဘူး။ မနေ့တုန်းက ဒရယ်လေးကို ကျွန်တော် ရှာကြည့်လိုက်မိတယ်။

တွေ့လိုက်ရပါပြီ။ မျက်လုံးတစ်ဖက်မှာ ဒဏ်ရာရနေတဲ့ ဒရယ်ပေါက်စလေးကို သူ့မိခင်ဖြစ်ဟန်တူတဲ့ ခပ်ကြီးကြီး ဒရယ်တစ်ကောင်က အသာယာလေး လျှာလေးနဲ့လျက်ပေးနေတဲ့ မြင်ကွင်းလေးကို။ ဒေါသကြောင့် စိတ်လိုက်မာန်ပါ ပြုလိုက်မိတဲ့ ကျွန်တော့်အပြုအမူလေးတစ်ခုကြောင့် အပြစ်မရှိရှာတဲ့ ဒရယ်လေးတစ်ကောင်ဟာ မျက်စိတစ်ဖက်ကန်းဘဝနဲ့ သူ့တစ်သက်တာလုံး ရှင်သန်ရတော့မှာပါလား။ အဲဒီအတွေးအသိက ကျွန်တော့်ရင်ကို နာကျင်စေတယ်။ ဒီနေ့ကစပြီး ဘယ်သတ္တဝါလေးတွေကိုမှ မသတ်ဖြတ်တော့ဘူးလို့ နေရာမှာတင် ကျွန်တော် သစ္စာဆိုလိုက်တယ်။

v v v

အဲဒီအဖြစ်ပျက်ဖြစ်ပြီး နောက်ပိုင်း ကျွန်တော် ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းလာခဲ့တာ နှစ်နှစ်ကျော် သုံးနှစ်ထဲ ရောက်စမှာပဲ ကျွန်တော်တို့ မိသားစုဘဝလေးမှာ ဝမ်းမြောက်ပျော်ရွှင်စရာ အပြောင်းအလဲလေးတစ်ခု ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ရဲ့ နှစ်ယောက်တည်းကမ္ဘာလေးထဲကို လူသားလေးတစ်ယောက် ဝင်ရောက်လာတော့မယ်တဲ့။

စုလှိုင်မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိရတဲ့နေ့လောက် ပျော်ရွှင်ကြည်နူးရတဲ့နေ့ဆိုတာ ကျွန်တော့်ဘဝမှာ မရှိခဲ့ဖူးပါဘူး။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာသင်္ကေတ၊ ကျွန်တော့်အသွေးအသားနဲ့ စုလှိုင်အသွေးအသားပေါင်းစပ်ထားမယ့် လူသားလေးတစ်ယောက်ကို ကျွန်တော် ပိုင်ဆိုင်ရတော့မယ်။ အဲဒီအတွေးအသိ ပီတိလေးက ကျွန်တော့်ကို အားအင်တွေ မွေးဖွားပေးတယ်။ ခွန်အားသတ္တိတွေ ပေးတယ်။ ယုံကြည်မှုအားမာန်တွေ ဖြစ်ပေါ်စေတယ်။

သူလေးက အကျိုးပေးတယ်လို့ပဲ ဆိုရမယ်။ သူလေးကို စုလှိုင် ကိုယ်ဝန်ဆောင်ပြီဆိုကတည်းက ကျွန်တော့်စီးပွားရေးတွေက တရိပ်ရိပ်တက်လာခဲ့တယ်။ လူ့လောကထဲကို သူလေး ကျန်းကျန်းမာမာနဲ့ ရောက်ရှိလာနိုင်ဖို့အတွက် ကျွန်တော်လည်း ဘာသာရေးကို အရင်ကထက် ပိုပြီး လိုက်စားဖြစ်တယ်။ ဥပုသ်နေ့တွေမှာ ဥပုသ်သီလ ဆောက်တည်တယ်။ ဒါနမျိုးစေ့တွေချတယ်။

ကျွန်တော်တို့ရဲ့ ရင်သွေးလေးဟာ သမီးလေးဆိုတာကို သိလိုက်ရတော့လည်း ကျွန်တော့်မှာ ပျော်မဆုံးနိုင်အောင်ပါပဲ။ သိပ်ချစ်ရတဲ့ စုလှိုင်ရဲ့ ကိုယ်ပွားလေးတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတော့မယ်ဆိုတဲ့ အသိက ကျွန်တော့်ကို အချိန်တိုင်းမှာ ကျေနပ်နှစ်သိမ့်မှုကို ပေးတယ်။ တစ်နေ့တစ်ခြား လှလာတဲ့ စုလှိုင်ကလည်း အပျိုတုန်းကထက်ကို နုဖတ်ပြီး စိုပြေနေတယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်ကို အလှဆုံးအချိန်လို့ ပြောကြတာ ဖြစ်မယ်။

အခါတိုင်းနှစ်တွေထက် အအေးပိုကဲတဲ့  ဒီဇင်ဘာ နံနက်ခင်းတစ်ခုမှာ စုလှိုင်ဟာ ဗိုက်နာပါတော့တယ်။ ဆရာဝန် သတ်မှတ်ပေးထားတဲ့ ရက်ထက် တစ်ပတ်တိတိစောပြီး ဗိုက်နာခဲ့တာပါ။ ဒါပေမယ့် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ကြိုကြိုတင်တင်လုပ်ထားခဲ့တဲ့ ကျွန်တော်တို့နှစ်ယောက်စလုံးအတွက်တော့ အေးအေးဆေးဆေးပါပဲ။  မြူတွေဆိုင်းနေတဲ့ လမ်းမထက်မှာ စုလှိုင်ကို သယ်ဆောင်လာတဲ့ ကျွန်တော့်ကားလေးက ပြင်ဦးလွင်ခရိုင်ဆေးရုံဆီကို ဦးတည်လို့ပေါ့။ တစ်သက်တာလုံး ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ပြင်ဦးလွင်မြို့လေးဟာ ဒီနေ့မှ အလှတွေ ပိုနေလိုက်တာ။

မွေးခန်းထဲ စုလှိုင်ရောက်နေချိန်မှာ ကျွန်တော်ဟာ မွေးခန်းအပြင်ဖက်မှာ ထိုင်စောင့်ရင်း အင်္ဂုလိမာလသုတ်ကို ရွတ်ဖတ်ပွားများနေခဲ့တယ်။ အင်္ဂုလိမာလသုတ်ဆိုတာ စုလှိုင်မှာ ကိုယ်ဝန်ရှိပါပြီဆိုကတည်းက နေ့စဉ်နေ့တိုင်း ကျွန်တော် ရွတ်ဖတ်ပူဇော်ခဲ့တဲ့ တရားတစ်ပုဒ်ပါ။ ဒါကြောင့် မိန်းမ မွေးခန်းထဲရောက်မှ မွေးခန်းအပြင်ဖက်မှာ ဂဏာမငြိမ်သက်စွာနဲ့ ဟိုလျှောက်သည်လျှောက် လျှောက်နေပြီး အင်္ဂုလိမာလသုတ်ကို ကပေါက်တိကပေါက်ချာ ရွတ်နေတဲ့ မြန်မာရုပ်ရှင်ကားတွေထဲက ဖခင်တွေလို ကျွန်တော် ပျာယာခတ်မနေခဲ့ပါဘူး။ အကောင်းဆုံးတွေကို မျှော်လင့်ရင်း စုလှိုင်နဲ့ရင်သွေးလေး ကျန်းမာဖို့သာ မေတ္တာတွေ တဖွဖွ ပို့သနေခဲ့တာပါ။

တစ်မြို့တည်းမှာ နေတဲ့ ကျွန်တော့်အဖေနဲ့ အမေရောက်လာပြီး သိပ်မကြာမှာပဲ စုလှိုင်ဟာ ကျွန်တော်တို့ရဲ့ သမီးဦးလေးကို အောင်မြင်ချောမွေ့စွာ မွေးဖွားသန့်စင်ပေးနိုင်ခဲ့ပါတယ်။

ပျော်ရွှင်မြူးထူးစွာနဲ့ မွေးခန်းထဲကို ပြေးဝင်သွားမိတဲ့ ကျွန်တော်ဟာ သမီးလေးကို ပွေ့ပြီး ငိုကြွေးနေတဲ့ စုလှိုင်ကို အရင်ဦးဆုံး တွေ့လိုက်ရတယ်။ စုလှိုင်အနားကို ကပ်သွားပြီး သမီးလေးမျက်နှာကို ငုံ့အကြည့်မှာပဲ ကျွန်တော့်မှာ မူးမေ့လဲတော့မတတ် ဖြစ်သွားရပါတယ်။

ကျွန်တော်တို့ရဲ့ သမီးလေးမှာ မျက်လုံးလေးတွေ ပါမလာဘူး။ မျက်ခုံးမွေးနက်နက်လေးတွေအောက်က မျက်လုံးလေးတွေရဲ့ နေရာလေးမှာ မျက်လုံးနဲ့တူတဲ့ အရာလေးတောင် ရှိမနေဘူး။ မျက်လုံးလေးတွေ ဖြစ်ရမယ့် နေရာလေးက အသားလေးတွေဟာ ပါးပြင်ထက်က အသားလေးလိုပဲ။ မျက်လုံးနေရာလေးမှာ ပြောင်ချောနေတဲ့ အသားပြင်လေးပဲ ရှိတယ်။ ဘယ်လို ဖြစ်ရတာလဲ သမီးလေးရယ်။

ရုတ်ချည်းဆိုသလို ကျွန်တော့်အာရုံထဲမှာ ဒရယ်သားအမိကို မြင်ယောင်လာတယ်။ ကျွန်တော့် သေနတ်မှန်သွားတဲ့ ဒရယ်လေး။ သူ့မျက်လုံးထဲကို ကျွန်တော့်ကျည်ဆံက ထိုးဖောက်သွားခဲ့တယ်။ ဒဏ်ရာရနေတဲ့ ဒရယ်လေးကို ပွတ်သပ်ပေးနေတဲ့ ဒရယ်မကြီး။ အဲဒီမြင်ကွင်းကို ကျွန်တော့် အာရုံထဲမှာ ရှင်းရှင်းလင်းလင်းကြီး မြင်နေရတယ်။

နံရံကို လက်သီးနဲ့ ပြေးထိုးလိုက်မိတယ်။ တစ်ချက်ပြီးတစ်ချက် ဆောင့်ထိုးပစ်လိုက်တာ ကျွန်တော့ လက်ဖမိုးတစ်ခုလုံးမှာ သွေးချင်းချင်းနီသွားတဲ့အထိပါပဲ။ လှုပ်ရှားနေတဲ့ စိတ်တွေ ငြိမ်သက်စပြုပြီး အသိအာရုံတွေ စုစည်းမိလျှင်မိခြင်း စုလှိုင်ရဲ့ ရှိုက်သံသဲ့သဲ့ကို ကြားရတယ်။ အမေ့ကို လှမ်းကြည့်လိုက်တော့ အသံမထွက်ဘဲ ငိုနေတယ်။ အဖေက အံကိုတင်းတင်းကြိတ်ထားလိုက်တာများ နဖူးမှာ အကြောစိမ်းတွေ ထောင်လို့။ အဲဒီနေ့က ကျွန်တော်တို့ မိသားစုလေးမှာ ကမ္ဘာပျက်ခဲ့ပါတယ်။

v v v

ကျွန်တော်တို့ရဲ့ ရှိသမျှ စည်းစိမ်တွေကို ပုံပေးပြီး သမီးလေးအတွက် မျက်စိနှစ်ကွင်း အလင်းရအောင် ကြိုးစားခဲ့ကြတယ်။ တကယ်တော့ သမီးမှာ မျက်စိလေးနှစ်လုံး ရှိလာအောင် ဝိုင်းပြီးကြိုးစားခဲ့ကြတယ်လို့ ဆိုရမှာပါ။ အကောင်းဆုံးဆိုတဲ့ ပြည်တွင်းက ဆေးရုံတွေ၊ ဆေးခန်းတွေက လက်လျော့အပြီးမှာ နောက်ဆုံးကြိုးစားမှုအဖြစ် ပြည်ပက ဆေးရုံတွေမှာပါ သွားရောက်ပြသခဲ့တယ်။ သမီးလေးမှာ မျက်စိလေးတွေတင် မဟုတ်ဘဲ အမြင်အာရုံနဲ့ သက်ဆိုင်တဲ့ အာရုံကြောတွေပါ ပါမလာခဲ့တာတဲ့။ ဘယ်လိုဝဋ်ကြွေးမျိုးပါလဲ သမီးငယ်လေးရယ်။

နောက်ဆုံးမှာတော့ အရှိကို အရှိအတိုင်း လက်ခံနိုင်အောင် ကြိုးစားရပါတော့တယ်။ သမီးလေးရဲ့ ဘဝပေးကုသိုလ်အဖြစ် စုလှိုင်က ဖြေနိုင်အောင် ဖြေဖို့ ကြိုးစားနေချိန်မှာ ကျွန်တော်ကတော့ ကျွန်တော် ဖန်တီးခဲ့တဲ့ အကုသိုလ်ရဲ့ အကျိုးဆက်ကြောင့် သမီးလေး အခုလိုဖြစ်ရတာဆိုပြီး ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ခဲ့ပါဘူး။ စုလှိုင်ဆီမှာ ဝန်ချတောင်းပန်ဖို့ မရဲတဲ့ ကျွန်တော်ဟာ ဖြစ်သမျှအကြောင်းရာ အလုံးစုံကို မြို့ဦးကျောင်း ဆရာတော်ဆီမှာ လျှောက်ထားရင်း ငိုကြွေးမိတော့တာပါပဲ။

“ပြုသူအသစ်၊ ဖြစ်သူအဟောင်းပါ ဒကာ။ ဒကာကြောင့် သူတစ်ပါးရဲ့ ရင်သွေးလေး မျက်စိပျက်သွားရတယ်။ ဒီအပြစ်ကြောင့် ဒကာဟာလည်း မျက်စိပျက်နေတဲ့ ရင်သွေးလေးရဲ့ ဖခင်တစ်ယောက် ဖြစ်ရတယ်။ ဒကာမလေးဟာလည်း အတိတ်ဘဝက သူပြုခဲ့တဲ့ အကုသိုလ်ကံတစ်ခုခုကြောင့် သည်ဘဝမှာ သည်လိုအဖြစ်မျိုးနဲ့ ကြုံရတာပါ။ သူဟာ ဒကာ့ရဲ့ ရင်သွေးမဟုတ်ဘဲ တခြားသူရဲ့ ရင်သွေးအဖြစ် မွေးဖွားလာမယ်ဆိုရင်လည်း သည်အဖြစ်ကို သူရင်ဆိုင်ရမှာပါပဲ။ ဖြစ်သူအဟောင်းဆိုတာကိုး။ သူ့ရဲ့ အကုသိုလ်ကံကနေ သူလည်း ရှောင်လွှဲလို့မှ မရတာပဲလေ။”

ကြင်နာသနားစွာ မိန့်ကြားရှင်းလင်းပြတဲ့ ဆရာတော်ရဲ့ အသံမှာ ဂရုဏာ တရားတွေက အပြည့်။

v v v

အဲဒီနောက်တော့ အရာရာကို တရားနဲ့ ဖြေပြီး ရင်ဆိုင်ခဲ့ရပါတော့တယ်။ သမီးလေးကို မွေးပြီး နောက်ပိုင်းမှာ စုလှိုင်ဟာ အရင်ကထက် အဆပေါင်းများစွာ ရင့်ကျက်တည်ငြိမ်သွားတယ်။ သမီးလေးကို စိတ်ရှည်စွာ ပြုစုပျိုးထောင်တယ်။ ကျွန်တော်ကလည်း ခင်ပွန်းကောင်းတစ်ယောက်တာဝန်ကျေပွန်အောင်၊ ဖခင်ကောင်းတစ်ယောက်ပီသအောင် အတတ်နိုင်ဆုံး ကြိုးစားနေထိုင်ခဲ့ပါတယ်။ သမီးလေးရဲ့ကြမ္မာကို သားအဖတစ်တွေ ကြံ့ကြံ့ခံနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်မှုတွေနဲ့ ရှိနေခဲ့ကြပါတယ်။

မျက်လုံးနေရာလေးမှာ အရာလေးတောင် ပါမလာဘဲ မွေးလာတဲ့ သမီးလေးကို ဥစ္စာစောင့် ဘဝက လာသလိုလို၊ သိုက်ကပဲ လာသလိုလို ပြောကြတဲ့၊ မကောင်းဆိုးဝါး တစ်ယောက်လို သဘောထားချင်တဲ့၊ သမီးလေးကြောင့်ပဲ ကျွန်တော့်ရဲ့ စီးပွားရေးတွေ ချွတ်ခြုံကျသွားနိုင်တယ်ဆိုတာမျိုး ပြောရက်ကြတဲ့ သူတွေရဲ့ အကြောင်းကိုတော့ အသက်လေးနှစ်ကျော် ငါးနှစ်ထဲ ရောက်စပဲရှိသေးတဲ့ သမီးလေးက ဘာမှ နားမလည်ရှာသေးပါဘူး။

အခုချိန်မှာ သမီးလေး သိသမျှ ခပ်လှမ်းလှမ်းက ကျွန်တော့်ခြေသံကို ကြားတာနဲ့ ဖေဖေလို့ အော်ခေါ်ပြီး ကျွန်တော်ရှိရာအရပ်ကို သူပြေးလာမယ်။ သူ့အမေက တူလို့ အသံပြုလိုက်ရင် အသံရှိရာကို တန်းနေအောင် ပြေးသွားပြီး စုလှိုင်က ဘွားကနဲ လုပ်လိုက်တဲ့အခါ ခေါင်းကလေးလှန်မော့ရင်း ပါးချိုင့်လေးနှစ်ဖက် စုပြီး ချိုင့်ဝင်သွားအောင် ဟက်ဟက်ပက်ပက် ရယ်မောနေဖို့သာပါပဲ။

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်



20 comments:

ကောင်းငြိမ်းစံ said...

ဖတ်ရတာ ရင်ထဲမှာ နင့်ကနဲပဲ။ တစ်ပုဒ်ဆို ဆိုသလောက် ဖတ်ရတာ အားရလိုက်တာ။ စောင့်ရကျိုးနပ်ပါတယ်။

အလွမ်းမြို့ said...

ခု မှ ရောက် ဖြစ် တော့ မယ်.
စာ ထဲ မျှော သွား တယ်..

တန်ခူး said...

စိတ်မကောင်းလိုက်တာမြတ်ရယ်... နောင်ဘ၀ထိတောင်မစောင့်တဲ့ ၀ဋ်ကြွေးက ကြောက်စရာနော်... ကလေးလေးကို အရမ်းသနားနေမိတယ်...ခုလို ဇာတ်လမ်းထူးထူးဆန်းဆန်းလေးတွေနဲ့  တန်ဖိုးရှိတဲ့ message လေးတွေပေးအောင် ရေးတတ်လွန်းတဲ့ မြတ်ကို လေးစားအားကျမိတယ်...

blackroze said...

ဝဋ် ဆိုတာကတော့တကယ်ကိုမနေဘူး
ချက်ချင်းပြန်လည်တာဘဲ
ဒါပေမဲ့မိဘ ဆိုတဲ့ နေရာကနေ ကြည့်လိုက်ပြန်
တော့လည်း စိတ်မကောင်းစရာ...

စံပယ်ချို said...

မိမိပြုသမျှ အားလုံးမိမိခံစားလိုက်ရလေခြင်းပါပဲမြတ်ရေ----သမီးလေးဘ၀ကတော့ သနားစရာကောင်းလိုက်တာနော်-----
နောက်ကျသွားတဲ့နောင်တမျိုးပေါ့
မြတ်ပြောပြထားပုံလေးနဲ့လဲ အားလုံးကိုက်ညီလှတယ်
နောင်တထက်ပိုသော---------------------

Ye Lin Myat said...

ဖတ်ရတာ ကျေနပ်အားရမှု ရှိတယ်။ ဝတ္တုလေး သိပ်ကောင်းတယ်။

ပန်းအိ said...

မမြတ်ရေ..သိပ်ကောင်းတဲ့ ဘ၀၊ဓမ္မ ပညာပေး ၀တ္ထုလေးပါ၊ လူသားတွေဟာ ဘုံဘ၀တွေထဲမှာ အမြတ်ဆုံးတဲ့၊ ဘာလို့ဆို ကုသိုလ်၊ အကုသိုလ် တရားတွေအကုန်ကိုလဲ အကုန်လုပ်ခွင့်၊ ကျင့်ကြံပိုင်ခွင့် ရှိတယ်တဲ့၊ ဒါကြောင့် တန်ဘိုးရှိလှတဲ့ လူ့သက်တမ်း တိုတိုလေးမှာ လူသားတိုင်းစီ နှလုံးသားထဲမှာ ၀ဋ်ကို ကြောက်တတ်တဲ့စိတ်သာ ရှိနေကြမယ်ဆို နောင်တတရားတွေလဲ ကင်းစင်ကြမှာ။ နောက်တစ်ခုကလဲ ကံ ကံ၏အကျိုးပေးဆက်ကိုလည်း လက်ခံနိုင်အောင် ကြိုးစားကြတာ အကောင်းဆုံးပါပဲနော်။

ဇေယျာ said...

ဝတ္တုလေးက အရမ်းကို ကောင်းတယ်။ ဒီလိုမျိုး ဖြစ်ရပ်တွေ အပြင်မှာလည်း အမြဲရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ဝတ္တ္တုကောင်းလေးတွေ အများကြီး ထုဆစ်နိုင်ပါစေ။

ရှေးစာဆို said...

ရောက်ခဲ့တယ်။ ဝတ္ထုလေးကောင်းတယ်။ ရေးလက်ကို ထိန်းထားနိုင်တာသိရလို့ ဝမ်းသာပါတယ်။

Angelhlaing(May everybody be happy and healthy! said...

အခုမှပဲ ဖတ်မိတယ်... မြတ်ရဲ့ အရေးအသားကတော့ လေးစားစရာ ထက်ကို ပိုနေတာပဲ... တော်လိုက်တာ.မြတ်ရေ... အားကျမိတယ်... အတွေးလေးကိုပေါ့....

witch83 said...

ကံ ကံရဲ့အကျိုးနဲ့ ပြုသူအသစ်၊ ဖြစ်သူအဟောင်းအကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ရေးပြီး ပညာပေးထားတာလေး။ အရမ်း ဖတ်လို့ ကောင်းပါတယ် မြတ်ရေ... ရှေ့ဆက်ပြီး ဒီလို စာကောင်း၊ပေကောင်းလေးတွေ ဆက်လက် ထုဆစ်နိုင်ပါစေ။ :)

ထွန်းရန်နိုင် said...

ဇာတ်လမ်းလေးက ဝမ်းနည်းစရာပါပဲ ဆရာမရေ။ ကံကံ၏အကျိုးနဲ့ ဝဋ်လည်ခြင်းပါပဲ။ ဒီလိုမျိုးဖြစ်ရပ်တွေ မြင်ရကြားရတိုင်း စိတ်မကောင်းဘူး။ ခံစားရပါတယ်။ တကယ့် ဝတ္ထုကောင်းလေးပါ။

ထွန်းရန်နိုင်

မိုးရေထဲကကောင်လေး said...

ဖတ်လို့ အရမ်းကောင်းပါတယ် မြတ်ရေ။ ကလေးလေး သနားဖို့ ကောင်းလိုက်တာ။ ဇာတ်ကောင်အမျိုးသားလည်း တစ်သက်လုံး ခံစားနေရတော့မှာပဲ။ စိတ်မကောင်းဘူး။

Aye Chan Pyae said...

သမီးလေးကို သနားလိုက်တာ။ သမီးလေး အကုသိုလ်ဝဋ်ကြွေးတွေ အမြန်ဆုံး ကုန်ဆုံးပါစေ မြတ်ရေ။

Anonymous said...

ဝတ္တုလေးက အရမ်းကို ကောင်းပါတယ်။ ဖတ်ရတာ စိတ်မကောင်းလည်း ဖြစ်ရတယ်။ အရေးအဖွဲ့ ပိုင်နိုင် ကျွမ်းကျင်ပါပေတယ်။

ကျော်အောင် said...

ဖတ်ရတာ ရင်ထဲမှာ နင့်နေတာပဲ။ ဒီလိုမျိုးတွေကို ဖတ်ပြီးတိုင်း သိပ်ကိုခံစားရပါတယ်။ ဇာတ်ကောင်တွေကိုလည်း တအားသနားမိတယ်။

THS said...

စိတ်မကောင်းလိုက်တာ ဆိုတာထက် ပိုမပြောနိုင်တော့ပါဘူး။ ကံ ကံ၏အကျိုးပဲဖြစ်ဖြစ် ဝဋ်ကြွေးပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ကတော့ ရက်စက်လွန်းပါတယ်။

John ဂျွန် said...

အရေးအသားက ရက်စက်လိုက်တာ နွယ်။ဝဋ်ဆိုတာ သိပ်ကြောက်ဖို့ ကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် ဘာသာရေးနဲ့ ချိန်ထိုးထားတဲ့ နွယ့်စာလေးက ကောင်းပါတယ်။

Thiha said...

ဖတ်ပြီး စိတ်မကောင်း လိုက်တာဗျာ။ ဒီလိုမျိုး ဖြစ်ရပ်မျိုး အပြင်မှာ တကယ်ရှိပါသလား။ ရှိတယ်ဆိုရင်တော့ ပိုလို့တောင် စိတ်မကောင်းစရာပါ။ စာရေးဆရာမ လက်စောင်းထက်လွန်းပါတယ်ဗျာ။

U K said...

Good novel, Myat. Keep it up. Wish you all the best.