Sunday 15 December 2013

ဝရမ်းပြေး



From endearment springs grief,
From endearment springs fear.
For him who is wholly free
from endearment
there is no grief,
Whence then fear?

v v v

“အိမ်ထောင်ပြုတယ်ဆိုတာလေ တကယ်တော့ ဟင်းတစ်မျိုးတည်းကိုပဲ နေ့တိုင်း၊ညတိုင်း အနပ်တိုင်းမှာ စားနေရသလိုပဲ ကိုကိုရဲ့ ။ သိရဲ့လား။ တကယ်ဆို ဒီလူ့လောကမှာ စားသုံးစရာအမယ်တွေ အများကြီးရှိပါလျက်နဲ့ တစ်သက်လုံး ဟင်းတစ်ခွက်တည်း စားနေရတာ ငြီးငွေ့စရာကြီးပါ။”

သူမ ခံယူချက် အသစ်ကို ပြောပြတော့ မယုံကြည်နိုင်ဟန်ဖြင့် သူ့မှာ အံ့သြတုန်လှုပ်သွားရသည်။ သူမက နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ယင်နေသော သူ့ကို ဘာဖြစ်သွားတာလဲ ဆိုသည့် ဟန်ဖြင့် မေးငေါ့ပြလိုက်တော့ သူ့ အံ့သြတုန်ယင်နေမှုကနေ ဒေါသအဖြစ် ပြောင်းလဲသွားလေသည်။

“မေ.. မင်းဟာ တကယ့်ကို ဒဂုန်တာရာရဲ့ မေပဲ သိလား။”

သူမကို စိတ်ဆိုးဆိုးနဲ့ ပြောခဲ့သော စကားဆို၍ သည်တစ်ခွန်းသာရှိသည်။ အဲသည်နောက် ယိုသူမရှက်၊ မြင်သူရှက်သည်လား မသိ။ သူမက ဘာမှမဖြစ်ရဘဲ သူကသာ အိမ်ပေါ်က ဆင်းသွားခဲ့လေသည်။ ဒါကြောင့်လည်း "မိကျောင်းမင်းကို ရေကင်းပြတာတော့ မဟုတ်ပါဘူး။ ကိုကို ဘာလုပ်သင့်လဲ ကိုကို သိပါတယ်လေ" ဟု သရော်သလိုလို စာတစ်စောင်ကို သူ့ထံအရောက် ရေးပို့လိုက်တော့ ပြန်စာအဖြစ် ကွာရှင်းစာချုပ်တစ်စောင် ရောက်လာခဲ့သည်။ အဲဒီတုန်းကတော့ ကွာရှင်းစာချုပ်ကို ကြည့်ပြီး သူမမှာ ဟက်ဟက်ပက်ပက် ရယ်လိုက်မိတာများလေ.. သောက်လက်စ စီးကရက်တောင် သီးသွားရခဲ့ရသည့်အဖြစ်။ ပြီးတော့ မီးခိုးတွေနဲ့ လည်ပင်းတစ်လျှောက်မှာ ပူစပ်သွားလေခြင်း။

v v v



ကိုကိုက သူမ၏ ဆရာဖြစ်ပါသည်။ ဖြစ်ခဲ့ပါသည်ဟု ဆိုရပါမည်။ သူမ ပထမနှစ်မှာ ကိုကိုက သူမတို့ရဲ့ လက်ထောက်သင်္ချာနည်းပြသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ပညာထူးချွန်ထက်မြက်သော၊ အရပ်အမောင်းကောင်းကောင်းနှင့် ရုပ်ရည်ချောမောသော ကိုကို့အနားတွင် ကျောင်းသူလေးများ၊ ဆရာမလေးများ ဝိုင်းဝိုင်းလည်နေပါသည်။ သို့တိုင်အောင် ကိုကိုက သူ့ကို စိတ်ဝင်စားဟန်မပြသော၊ သူ့အတန်းကိုတောင် မှန်အောင်မတက်သော ကျောင်းသူဆိုးလေး မေ့ကိုမှ ချစ်မိခဲ့ပါသတဲ့။

ကျောင်းသူဆိုးလေး။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထောက်နည်းပြဖြစ်နေသည့် ကိုကို့အတွက် အတန်းမှန်မှန် မတက်သော၊ ကပွဲရုံတွေမှာ ညဉ့်နက်အောင် ကခုန်တတ်သော၊ ယမကာ သောက်သုံးတတ်သော၊ စီးကရက်မီးခိုးငွေ့များကို ဟန်ပါပါ မှုတ်ထုတ်တတ်သော၊ ခွာသေးသေးဒေါက်ဖိနပ်မြင့်လေးများစီးတတ်သော၊ နှုတ်ခမ်းနီရဲရဲဖြင့် ကျောင်းကိုလာလေ့ရှိသော မေက လူဆိုးမလေးတစ်ယောက်ပါတဲ့လေ။

ထို လူဆိုးမလေးကို ကိုကိုက ချစ်ခဲ့သည်။ အရေးပေးသည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်၏ အရေးပေးခြင်းကို ခံရလေတော့ ကိုကို့အပေါ်မှာ ရင်ခုန်မိတာ၊ ကိုကိုနှင့်အတူ တွဲသွားလေတိုင်း လူတကာက လည်ပြန်ငေးကြည့်ကြသည့် အဖြစ်မှာ သူမ သာယာခဲ့မိတာ မဆန်းပါ။

ဒါကြောင့်လည်း မေ ကျောင်းပြီးကာစ၊ ကိုကိုက သူမကို လက်ထပ်ခွင့်ပန်တော့ ကိုကို မတောင်းသော ကတိများကို မေက ပေးခဲ့ဖူးလေသည်။

“မေ မဆိုးတော့ဘူးနော်ကိုကို။ မေကြောင့် ကိုကို သိက္ခာမကျစေရဘူး။ မေလိမ္မာတော့မယ်။ ဒါ ကိုကို့အတွက် မေ့ခံယူချက်။”

“မေ ပျော်ရင် ကိုကိုကျေနပ်တယ်။ မေစိတ်ချမ်းသာဖို့သာ အဓိက။ မေ ပျော်သလိုနေပါကွယ်။”

ကိုကိုက မေ့ကို အလိုလိုက်ပါသည်။ အစပိုင်းတုန်းကလည်း မေတကယ် လိမ္မာခဲ့ပါသည်။ သို့သော် မေ့အပေါင်းအသင်းတွေက မေ့ကို တစ်ယောက်တည်း ပစ်ထားချင်ဟန် မတူပါ။ အဖော်ကောင်း၍ မေ ရုပ်ရှင်ရုံရောက်ရသည်။ အဖော်ကောင်း၍ မေ ကပွဲတွေ ပြန်တက်ဖြစ်သည်။ အဖော်ကောင်း၍ စီးကရက်ကို လက်ကြားပြန်ညှပ်ဖြစ်သည်။ အဖော်ကောင်း၍ မေလုပ်နေသော အရာများထဲတွင် ရင်ခုန်စရာ အကောင်းဆုံးအရာတစ်ခုကိုလည်း မေ ရှာတွေ့ခဲ့လေသည်။

ကိုကိုမဟုတ်သည့် အမျိုးသားများနှင့် ခရာတာတာ၊ညုတွဲ့တွဲ့ စကားများပြောဆိုရခြင်း၊ နားထောင်ရခြင်း။

ကိုကိုက စကားပြောညက်ပါသည်။ ပညာတတ်ပီပီ စကားပြော ယဉ်ကျေးပါသည်။ သို့သော် ကိုကိုက စကားလှလှလေးများနှင့် မေ့စိတ်နှလုံးကို မဖမ်းစားတတ်ပါ။ လိုတာထက် ပိုမပြောတတ်သော၊ မချွဲနွဲ့တတ်သော ကိုကိုက တစ်နေ့တစ်ခြား ပျင်းစရာ ကောင်းလာခဲ့ပါသည်။ စွဲမက်ဖွယ်ကောင်းသော ကိုကို့ရုပ်ရည်သွင်ပြင်သည် မက်မက်မောမော သောက်သုံးချင်လောက်အောင် ချိုမြသည် ပျားရည်စက်များ မဟုတ်တော့ပါ။ မေ့အနားမှာ အသစ်အသစ်သော သကာများ ဝဲရံလို့ နေပါသည်။

မရည်ရွယ်ပါပဲ ကိုကို့ကို သစ္စာဖောက်မိသွားတုန်းက မေ ကျိတ်ပြီး ခံစားရပါသေးသည်။ သို့သော် ရိုးစင်းသော ကိုကိုက ရိပ်စားမိဟန် မတန်ပါ။ တစ်ခါမှ နှစ်ခါ၊နှစ်ခါမှ သုံးခါ.. ထို့နောက် မကြာမကြာ ဖြစ်လာသောအခါ သူမ ထူးခြားပြီး မခံစားရတော့ပါ။ သာယာလှပါသည်။ ရင်ဖိုရပါသည်။ အသစ်အသစ်တို့သည် ဆန်းကြယ်လှပါသည်။

ညဖက်တွေ အိမ်ပြန်တာ နောက်ကျ၍ ကိုကိုက သတိပေးသည်။ ထို့ကြောင့် ရန်ဖြစ်ရသည်။ မေ စိတ်ကောက်တော့ ကိုကိုက ချော့သည်။ မပြောင်းလဲသော သူမအချိုးတို့ကို ကိုကိုက တတ်နိုင်သလောက် သည်းခံရှာပါသည်။ ပတ်ဝန်းကျင်မှ တစွန်းတစ စကားများအရ ကိုကို့ကိုခွေးဖြစ်နေပြီဟု ကွယ်ရာမှာ ပစ်ပစ်ခါခါ ပြောကြကြောင်း၊ မေ့ကိုလည်း လင်ကြီးငုတ်တုတ်ထားပြီး ခွက်ပုန်းခုတ်နေသည်ဟု ပက်ပက်စက်စက် ပြောကြကြောင်း ကိုကိုက တိုးတိုးတိတ်တိတ် ပြောပြရှာသည်။ မေ မနာဘူးဆိုတော့ ကိုကို မယုံခဲ့ပါ။ မှန်တာပြောနေတာပဲလေဟု သူမ ဆိုလိုက်တော့ ကိုကို တက်မတက် ဖြစ်သွားခဲ့ဖူးပါသည်။

ဒီလိုနဲ့ပဲ မေ့ဘဝထဲက ကိုကိုသည် ရုတ်တရက်ကြီး ( ထိုရုတ်တရက်ကြီးကတော့ သူမအတွက် ကိုကို့သိတတ်မှု၊ ကိုကို့အတွက်က အရှက်တရား ဖြစ်မည်ထင်သည် ) ထွက်သွားခဲ့ပါတော့သည်။

v v v

ကိုကိုနဲ့ ပတ်သက်ပြီး ခံစားဖူးခဲ့သည့် ဝေဒနာကို လက်ညှိုးထိုးပြပါဆိုလျှင် ဆေးလိပ်သီးသွားခဲ့ဖူးသည့်တစ်ခါပဲ ရှိပါသည်လေ။

အဲသည်နောက်တော့ သူမ ရွေးချယ်ခဲ့သည့် ဘဝလမ်းမှာ သူမ ပျော်ခဲ့ပါသည်။ ကပွဲတွေဆက်နေအောင်တက်ကာ ရင်ခွင်တစ်လက်ပြီးတစ်လက်ပြောင်းရင်း မှော်ဆန်ဆန် ကကြိုးကကွက်တွေနဲ့ ညမင်းသမီးဘဝမှာ အပျော်ကြီးပျော်ခဲ့သည်။  ဝါဝါမြင်တိုင်း ရွှေအစစ်ထင်မိလေတော့ အိမ်ထောင်တစ်လက်ကနေ နှစ်လက် နောက်ပြီး သုံးလက်ဖြစ်လာသည်။

သုံးကျောင်းပြောင်းတဲ့ရှင်၊ သုံးလင်ပြောင်းတဲ့မိန်းမ ဆိုတာလား။ အဲတာကို ဂရုစိုက်လွန်းလို့ နောက်ယောက်ျားထပ်မယူဖြစ်တာတော့ မဟုတ်ပါ။ သူမအနေနဲ့ဆိုလျှင် မိန်းမဆိုးဖြစ်ဖြစ် မိန်းမယုတ်ဖြစ်ဖြစ် ဘာအရေးလဲ။ အရေးကြီးတာက အခု လက်ရှိ ရရှိပိုင်ဆိုင်နေသည့် လူ့လောကမှာ သူမ ပျော်ရွှင်နေဖို့ပဲ မဟုတ်လား။ ဒါကြောင့်လည်း ကိုကို့လို ယောက်ျားကောင်းတစ်ယောက်ကိုတောင် သူမ ကန်ထုတ်ပစ်ခဲ့သည်ပေါ့။ အိမ်ထောင်သုံးဆက်ကွဲထားသော သူမကို ဘယ်သူကမှ တရားဝင် လက်မထပ်ကြတော့တာ ဖြစ်သည်။ သို့တိုင်အောင် သူမ မနာတတ်ပါ။

ခိုးစားလို့ရနေတဲ့ အသီးကို ဘယ်သူကများ ဝယ်စားချင်ပါ့မလဲ။ သူမ သိတာပေါ့။ အဲသည်လိုဆိုလည်း နားတောင်အေးသေးတယ်။ လင်ယူလိုက်မှ ခြေချုပ်ပြန်မိနေဦးမှာ။ ဒီနွံတွေမှာ သူမ ပျော်ပျော်ကြီး နစ်ခဲ့လေသည်။ အတွယ်အတာရယ်လို့လည်း သူမမှာ မရှိ။ အသက်တွေကြီးလာသည့်တိုင်အောင် မပျက်စီးသေးသော အလှတရားများကြောင့် ပြီးတော့ မိဘတွေလက်ထက်ကတည်းက ကျန်ရစ်ခဲ့သော၊ အခုထိအောင် သုံးမကုန်သေးသော သူမ စည်းစိမ်များကြောင့် သူမ သိပ်ပြီးအထီးမကျန်ခဲ့ရပါ။ တစ်နေ့ကအထိပေါ့။

အကောင်းကြီးကနေ ရုတ်တရက်ကြီး တရှောင်ရှောင်ဖြစ်လာကာ ဆေးမြီးတိုလေးတွေနဲ့ ကိုယ့်ကိုယ်ကို ကုသနေရကနေ အိပ်ရာထက် ဗုန်းဗုန်းလဲလေတော့ နီးစပ်ရာဆေးခန်းပြေးရသည်။ ထိုမှ ဆေးရုံ။ ဆေးရုံရောက်တော့ လိုအပ်တဲ့ စမ်းသပ်မှုတွေအကုန်အပြီး သူမမှာ ဖြစ်နေတဲ့ ဝေဒနာက သားအိမ်ခေါင်းကင်ဆာဖြစ်ချင်တာလိုလို။ ဘာလိုလို။ မထင်မှတ်ထားပဲ ဆေးရုံမှာ ရက်ကြာသွားသည်။

တစ်လကျော်၊ နှစ်လ အတွင်းမှာ လူတွေအကြောင်းကို သူမ နားလည်စပြုခဲ့လေသည်။ ဆေးရုံတက်နေသည့် အတောအတွင်းမှာ သူမဆီကို ဘယ်သူမှ ရောက်မလာခဲ့ပါ။ သူမကို မမ ဟုခေါ်သော အမျိုးသားလေးများ၊ မ ဟုခေါ်သော အမျိုးသားလတ်များ၊ ဟန်နီဟုခေါ်သော သယ်တူရွယ်တူ အမျိုးသားများ ဘယ်သူမှ ပေါ်မလာခဲ့ပါဘူးလေ။ အမြဲတမ်း လာကြည့်တာဆိုလို့ အိမ်မှာခိုင်းဖို့ ခေါ်ထားသည့် အမေတို့ဖက်က ဆွေမကင်း မျိုးမကင်း ညီအစ်မ နှစ်ဝမ်းကွဲ မိနုတို့ လင်မယားပဲ ရှိသည်။

“မမ.. မမကို လူတွေက ဟိုရောဂါဖြစ်နေတာဆိုပြီး ရပ်ကွက်ထဲမှာ လျှောက်ပြောနေကြလို့ မမက သားအိမ်မှာ ရောဂါဖြစ်တာ။ ဟိုရောဂါမဟုတ်ဘူးလို့ ရန်ပြန်တွေ့ခဲ့ရသေးတယ်။”

သူမ မဲ့ပြုံးပြုံးလိုက်မိသည်။ ဒင်းတို့တွေ ထင်လည်းထင်လောက်ပါပေသည်။ သူမကိုယ်တိုင်တောင် ဆေးစစ်ချက် အဖြေတွေ တိတိပပ ထွက်မလာခင်တုန်းက အဲဒါများလားလဲ့ဆိုပြီး ကျိတ်ပြီး ကြောက်လိုက်ရသေးသည် မဟုတ်လား။ သူမကို ဘယ်သူမှ လူနာကြည့်မလာကြသည့်အကြောင်းရင်းကို သူမ သဘောပေါက်သွားလေသည်။ အခုတော့ သူမက ရွံရှာစရာ လူသားတစ်ယောက် ဖြစ်လို့နေပြီပေါ့လေ။ လောကဓံဆိုတာ ဒါပဲနေမှာပါ။

ဆေးရုံက ဆင်းလာတော့ အိပ်ရာထဲမှာ နားနေရသည့် ရက်တွေ အကြာကြီး။ ဝေဒနာ ခံစားရတော့မှ ဘုရား၊တရားကို သူမ သတိရမိသည်။ တရားခွေတွေဖွင့်ကာ နာကြည့်သည်။ တရားစာအုပ်တွေ ဖတ်ကြည့်သည်။ ဝေဒနာ အရှင်းနီးပါး ပျောက်သွားလေတော့ မိနုနဲ့အတူ တရားစခန်း ဝင်ကြည့်သည်။

တရားသိလာလေလေ၊ အကြောက်တရား ပိုလာလေလေ။ တစ်သက်တာလုံး သူမ ကျူးလွန်ခဲ့သည့် အပြစ်တွေကို သူမ ပီပီပြင်ပြင်ကြီး မြင်နေရပြီ။ သူမ တုန်လှုပ်စပြုလာခဲ့သည်။ သံသရာကို ကြောက်ရွံ့ခဲ့ပြီ။ ဒါကြောင့်လည်း ကပွဲတွေ ဆက်နေအောက် တက်ခဲ့ဖူးတဲ့၊ နောက်ပြီး ယောက်ျားတွေကို ကြောင်တစ်ကောင်ကို သဘောထားပြီး ပလူးပလဲနေခဲ့ဖူးတဲ့ သူမက အိမ်နဲ့ ရိပ်သာကို ချောင်းပေါက်အောင် သွားတတ်ခဲ့ပြီ။

သို့တိုင်အောင် ပတ်ဝန်းကျင်က သူမကို အလွတ်မပေးပါ။ အဘွားကြီး.. သေကောင်ပေါင်းလဲဖြစ်ပြီး ဆေးရုံကဆင်းလာတော့မှ ဘုရားဘုရား လုပ်ပြနေတယ်။ ဘယ်တော့ ကမြင်းကြောပြန်ထဦးမလဲ မသိဘူး။ ခွေးမြီးကောက် ကျည်တောက်စွပ်ပါ ဟု ကွယ်ရာမှာ အတင်းပြောကြသည်။ ပြောကြပါစေလေ။ အတင်းစကားတွေကို သူမ မကြောက်ရွံ့တော့ပါ။ သူမ စိုးထိတ်နေမိသည်က တစ်ခုပဲ ရှိသည်။

ကိုကိုက သူမကို ခွင့်လွှတ်ခဲ့ပါရဲ့လား။

အဲသည်အတွေးက သူမကို နေ့ရောညပါ နှိပ်စက်စပြုသည်။ ကို့ကိုအပေါ် သစ္စာမရှိခဲ့သော သူမ လုပ်ရပ်များက တရားထိုင်တိုင်း ပြန်ပြီး ပေါ်လာနေသည်။ သူမ အဖြစ်ကို တရားပြသည့် ဆရာတော်ထံ မခြွင်းမချန် လျှောက်မိတော့ ဒါကာမကြီး.. စိတ်ကို ကာလအပိုင်းအခြားတစ်ခုမှာထား။ ဆေးရုံမှာ ဝေဒနာခံစားနေရတဲ့ အချိန်မှာပဲ စိတ်ကို ထားပြီး အာရုံတွေကို ဝေဒနာမှာ ကပ်ပါစေ။ ဆေးရုံမတက်ခင် ရှေ့က ဖြစ်ခဲ့သမျှတွေကို မေ့ထား။ မဟုတ်ရင် ဒါကာမကြီး တရားမှတ်လို့ ရမှာ မဟုတ်ဘူးတဲ့။

ဆရာတော် မှာကြားသည့်အတိုင်း သူမ ကြိုးစားပါသည်။ သို့တိုင်အောင် ကိုကို့ထံမှာ ဝန်ချတောင်းပန်ချင်သည့် စိတ်တွေက တဖွားဖွား ဖြစ်လို့နေသည်။ သူမတောင် အသက် ၄၂ရှိပြီဆိုတော့ ကိုကို့အသက်လည်း ၅၄ရှိပြီ။ ကိုကို သက်ရှိထင်ရှားမှ ရှိပါသေးရဲ့လား။ နေကောင်းကျန်းမာပါရဲ့လား။ ဘယ်တွေရောက်လို့ ဘာတွေများ လုပ်နေခဲ့သလဲ။ ကိုကိုနဲ့ပတ်သတ်ပြီး မတွေးစဖူး အတွေးထူးများက သူမ၏ ညများကို အိပ်ပျက်စေတော့သည်။

လူတစ်ယောက်အကြောင်းကို မသိချင်လို့ မေ့လျော့ထားချိန်မှာလည်း သူနဲ့ပတ်သတ်တဲ့ သတင်းဆိုလို့ သဲ့သဲ့တောင် မကြားခဲ့ရဘူး။ သိချင်လို့ စုံစမ်းချိန်မှာလည်း လူတစ်ယောက်အကြောင်းကို သိဖို့ဆိုတာ ထင်သလောက် မခက်ခဲပါဘူး။ ကိုကို့အကြောင်း စုံစမ်းဖို့ လွှတ်လိုက်သော မိနုယောက်ျားက တစ်ပတ်အတွင်း အိမ်ပြန်ရောက်လာသည်။ ကိုကိုက ပလိပ်ဖက်က ရွာတစ်ရွာမှာ ကျောင်းထိုင်ဆရာတော်တောင် ဖြစ်လို့နေပြီ။ ပြီးတော့ ကျန်းမာရေးလည်း ချို့ယွင်းနေပြီတဲ့။

ကိုကို..  အခုတော့ ဆရာတော်ပေါ့။ ဆရာတော်သတင်းကြားကြားချင်း မန္တလေးကို ဆင်းဖို့ ပြင်ရသည်။ ရန်ကုန်ကနေ မန္တလေးကို ကားစီးလျှင် တစ်ညကြာမည်။ ထို့ကြောင့် သူမ လေယာဉ်ပဲ စီးဖို့ ဆုံးဖြတ်လိုက်သည်။ ဆရာတော်မျက်နှာကို အမြန်ဆုံးဖူးမျှော်ပြီး အပြစ်တွေကို ဝန်ချတောင်းပန်ချင်လှပြီ။

မန္တလေးကနေ ပလိပ်ကို ကားဖြင့်တဆင့်ထပ်သွားရသည်။ ဆရာတော့်ကျောင်းက အရှာရမခက်ပါ။ လွယ်ကူချောမွေ့စွာဖြင့် ဆရာတော်ကျောင်းကို ရောက်ခဲ့ပါသည်။ သို့သော်လည်း .. ။

v v v

သက်တော် ၅၀
ဝါတော် ၂၄

ဆရာတော်၏ ရုပ်ကလာပ်က ကြည်ညိုဖွယ်ရာ လဲလျောင်းနေသည်။ မျက်လွှာတော်များက ငြိမ်သက်အေးစက်လျက်။ နှုတ်ခမ်းတော်များကလည်း ပိရိသေသပ်စွာ တင်းတင်းစေ့ပိတ်ထားပြီ။ အလာကောင်းခဲ့သော်လည်း အခါနှောင်းခဲ့ရပေပြီ။

သူမ ပြောချင်သော တောင်းပန်စကားများ ဆရာတော် မကြားသွားခဲ့ရပါ။
သူမ ကြားချင်သည့် ခွင့်လွှတ်စကားများ သူမ မကြားလိုက်ရတော့ပါ။ သို့သော် ဘုရား၏သားတော်၊ တရားဓမ္မရပ်ဝန်းမှ ဆရာတော်က သူမကို ခွင့်လွှတ်ခဲ့သည့်အကြောင်း သူမ သေချာပေါက် သိနေပါသည်။

ဟုတ်သည်။ သေချာပေါက် ဟုတ်ပါလိမ့်မည်။ ကိုကိုက သူမကို ဟိုတုန်းကတည်းက အပြစ်တင် စကားမှ မပြောခဲ့တာပဲ။ ကိုကိုက မေ့ကို ခွင့်လွှတ်မှာပါနော်။

ဝါတော် ၂၄။ ကိုကို့ကို မေ နောက်ဆုံးတွေ့ခဲ့ရတာလည်း နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီးပြီ။ လောကီအပူတွေကို ကိုကိုက စွန့်ခွာခဲ့မှန်း၊ တရားအမြိုက်မှာ အေးချမ်းမှုကို ရှာဖွေသွားခဲ့မှန်း သူမ လုံးဝမသိရှိခဲ့ပါ။ ဘယ်သိမှာလဲလေ။ သူမက မီးတွေထဲမှာ ပျော်မွေ့နေခဲ့သည်ကော။

သူမက ကိုကို့စိတ်တွေကို ပူလောင်စေခဲ့သူ ဖြစ်ပါသည်။ သူတစ်ပါးစိတ်ကို မီးလောင်တိုက်သွင်းခဲ့သည့် သူမဘဝကရော အေးချမ်းခဲ့ပါရဲ့လား။ တကယ်တော့ သူမ ဖြတ်သန်းခဲ့သည့် ဘဝက အပေါ်ယံ ရွှေမှုန်ကြဲသော ဘဝမျိုးပါ။ သကာဖုံးသော အပြုံးတုတို့ထံမှာ သူမ မွေ့လျော်ခဲ့သည်။ ဝါဝါမြင်တိုင်း ရွှေအစစ်ထင်ခဲ့သော သူမ အမှန်ကို မြင်တတ်လာချိန်မှာ အရာအားလုံးက နှောင်းခဲ့ပေပြီ။

ကို့ကို ရုပ်ကလာပ်ကို လက်ဆယ်ဖြာ ထိပ်မိုးက ရိုရိုသေသေ ရိုခိုးလိုက်သည်။ မျက်ရည်ပူများက ပါးပြင်ထက်မှာ လိမ့်ဆင်းလာလေသည်။

ကိုကိုရယ် .. ။

v v v

သမုဒယကြာင့် စိုးရိမ်ခြင်းဖြစ်ရ၏။
သမုဒယကြာင့် ကြောက်ခြင်းဖြစ်ရ၏။
သမုဒယ ကင်းလွတ်သောသူမှာ စိုးရိမ်ရခြင်း မရှိ။
ကြောက်ရခြင်း အဘယ်မှာ ရှိအံ့နည်း။
ဓမ္မပဒထဲမှ စာပိုဒ်လေးတစ်ပိုဒ်။ ကိုကိုကတော့ မြတ်နိုးခြင်းတို့ ကင်းလွတ်ရာမှာ ကြောက်ခြင်း၊ စိုးရိမ်ခြင်း၊ ပူလောင်ရခြင်း ကင်းစွာ ရှိနေခဲ့သည်။ သူမမှာတော့ အပျော်ကြီး ပျော်ခဲ့ပြီးမှ အပူမီးထဲမှာ တစ်ယောက်ထီးတည်း ကျန်ရစ်ခဲ့လေသည်။

တစ်ချိန်တုန်းက သူ့ဘဝထဲကနေ သူမ ထွက်ပြေးခဲ့သည်။ ထွက်ပြေးနိုင်ခဲ့သည်။ ထွက်ပြေးခွင့် သို့မဟုတ် လွတ်မြောက်ခွင့်ကို ကိုကိုက ပေးခဲ့သည်။ သို့သော် သံသရာကနေ သူမ မပြေးနိုင်ပါ။ ပြီးတော့ အတုန့်အလှည့်သဘော ငရဲကရော သူမကို ခွင့်လွှတ်ပါမည်လား။ မိုက်တုန်းက မိုက်ခဲ့ပြီးလျှင် မိုက်ပြစ်ဆိုတာလည်း ခံယူရဦးမှာပါပဲ။ အခုမှတော့ လည်ပင်းကွဲအောင် အော်ဟစ်ငိုကြွေး တောင်းပန်နေလျှင်လည်း မထူးတော့ပါ။

v v v

တကယ်တော့ သူမက သနားစရာလုံးဝမကောင်းသည့် ဝရမ်းပြေး တစ်ယောက်ပါလေ။



လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်


23 comments:

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဖတ်ရတာ ကျေနပ်လိုက်တာ မြတ်ရေ

Anonymous said...

ပတ်သက်လို့ စာလုံးပေါင်းပါတယ်
တနေ့ကပဲ ချစ်အမျှကို ပြန်ကြည့်မိတယ်။ လောကဆိုတာ ဒီလိုပဲ လှိုင်းတွေကြားထဲ စုန်ချည်ဆန်ချည်.မျောပါသွားတဲ့အခါလည်း ရှိမပေါ့

ထွန်းရန်နိုင် said...

ဝတ္တုလေးက အရမ်းကောင်းတာပဲ ဆရာမရယ်။ အစကအဆုံးထိ အရမ်းကို ဆွဲဆောင်မှုရှိတဲ့ စာလေးတစ်ပုဒ်ပါ။

Kk said...

အစကနေ အဆုံးထိ ဆွဲဆောင်မှုရှိလွန်းလှပါတယ်။
အမြဲအားပေးနေပါတယ်နော
လမင်းငယ်တော့ မဟုတ်ပါဘူး မမ :)

~ Kk ~

Thu said...

ွှအရင်တုန်းကအရေးအသားမျိုးလေးပြန်ဖတ်လိုက်ရသလိုပဲ။
သဘောကျတယ်.

ခရစ္စတလ် said...

အချစ်အလွမ်းများ ငြိမ်းစေသတည်း ကိုယ်ဆုတောင်းရင်းးးး :)

3rdthameetaw said...

တော်သေးတာပေါ့မြတ်ရယ်
အချိန်မှီလေး တရားအသိရသွားလို့ 
သူ့ ကိုကိုသာ သက်ရှိထင်ရှားရှိနေသေးရင်
ပိုကောင်းမှာပဲနော် သူ့ ကိုကိုလည်း
ဝမ်းမြောက်ဝမ်းသာ နဲ့  တရားအသိလေးတွေ
ပေးအုံးမှာ ပုဂ္ဂိုလ်မှ တရားမင်တယ်ဆိုသလိုပေါ့
အဲ့အခွင့်အရေးလေးရလိုက်ရင်တော့ ပိုပြီး
အာားကောင်းလာမယ်ထင်တာပဲ

ဇေယျာ said...

As usual, very great novel. Probably, one of my fav of yours. Keep it up.

Angelhlaing(May everybody be happy and healthy! said...

မြတ်ရေ....တော်လိုက်တာကွယ် ....

ချစ်တဲ့

လှိုင်

U K said...

Hi Thamee.. This is a great story. Hope that she could learn her mistakes and never commit the same thing again.

ရှေးစာဆို said...

ဝတ္တုလေးက အရေးအသား၊ဇာတ်အိမ်တည်ဆောက်မှု၊စာမျက်နှာအရေအတွက် အားလုံးခိုင်မာတိကျကောင်းမွန်တယ်။ ဒီလိုမျိုးအရေးအသားတွေ များများဖန်တီးနိုင်ပါစေ။

အိသီရိတင် said...

ဝတ္တုလေးက အရမ်းကို ဖတ်လို့ကောင်းပါတယ် မမ။ စာအရေးအသားတွေကလည်း အရမ်းကို ကောင်းမွန်ပါတယ် မမ။ မမ စာတွေအများကြီးကို အမြဲတမ်း ရေးသားနိုင်ပါစေလို့ ညီမလေး ဆုတောင်းပါတယ်။

Anonymous said...

I feel this is one of the most important information for me.
And i'm glad studying your article. But should remark on some general things, The website taste is ideal, the articles is truly nice :
D. Excellent activity, cheers

Feel free to visit my weblog make Easy money online fast

witch83 said...

သိပ်ဆိုးတဲ့မိန်းမတွေနဲ့ တွေ့ရတဲ့ယောကျာင်္းတွေဟာလည်း သနားဖို့ကောင်းတယ်။ သူ..အချိန်သိပ်မလွန်ခင် အမြင်မှန်ရလို့ တော်သေးတယ်။း)

တန်ခူး said...

ဝရမ်းပြေးလေးတွေပေါလာတဲ့ ခုခေတ်နဲ့ ကိုက်ညီတဲ့ တန်ဖိုးရှိတဲ့ပညာပေးပို့ စ်လေးအတွက် ကျေးဇူးပါမြတ်ရေ. ဝရမ်းပြေးလေးတွေဖတ်မိဖတ်ဖြစ်ပါစေ

blackroze said...

ကောင်းလိုက်တဲ့ ဝတ္ထုလေး မြတ်ရေ..

ပန်းအိ said...

လောကကို ဓမ္မနဲ့ထိန်းမတ်ပေးတဲ့ ဘာသာရေး ဝတ္ထုလေးစ ရေးတဲ့ မမြတ်ကို ကျေးဇူးအထူးပါ။

ကြည်ဖြူပိုင် said...

မမြတ်

သိပ်ကိုဖွဲ့စည်းမှုကောင်းတဲ့ ဇာတ်လမ်းလေးပါ
ပြီးတော့ ဒီအဖြစ်အပျက်မျိုးဆန်ဆန်တွေကို
အပြင်မှာလည်း တခါတရံတွေ့ဖူးတာမို့
တကယ့်လူ့လောကနဲ့ ထဲဝင်သက်ဆိုင်တဲ့ ၀တ္ထုကောင်းလေးတစ်ပုဒ်ပါ။

နှစ်သက်လွန်းစွာနဲ့ အားပေးဖတ်ရှုသွားပါတယ်

မမမြတ်ရေ။
ပျော်ရွှင်ဖွယ်
ကြည်နူးဖွယ်
စိတ်ချမ်းမြေ့ဖွယ်များစွာနဲ့
ပြည့်စုံနိုင်သော နှစ်သစ်လေး ဖြစ်ပါစေနော်


ချစ်ခြင်းများစွာဖြင့်

<3 <3 <3

မိုးရေထဲကကောင်လေး said...

နှစ်သက်ကျေနပ်စွာ ဖတ်သွားခဲ့ပါတယယ် မြတ်ရေ။ ကလပ်စစ်ဝတ္ထုလေးတစ်ပုဒ် ဖတ်လိုက်ရသလိုပါပဲ။ အမြဲတမ်း အားပေးနေပါတယ်။

Anonymous said...

အဟောင်းလေးတွေ ရှင်းနေတာ ဆရာမရေ။ ဒီဝတ္ထုလေးဖတ်ပြီး ဒဂုန်တာရာရဲ့ မေဝတ္ထုလေးတောင် ပြန်ဖတ်ချင်စိတ် ဖြစ်သွားတယ်။ ဒီဝတ္တုအဆုံးသတ်ပုံလေးကို ကျေနပ်နှစ်သက်မိတယ်။

ထွန်းရန်နိုင်

THS said...

အမှားကိုမြင် အမှန်ပြင်ချင်တဲ့ မေ့ကို အဆုံးသတ်မတော့ သနားမိပါတယ်။ ဝတ္ထုလေးက ပေးလိုက်တဲ့ ရသနဲ့ အသိကတော့ အံ့မခန်းပါပဲ။

John ဂျွန် said...

မေက ဆိုးလိုက်တာ နွယ်။ သူ့ကိုကိုမှာ သနားစဖွယ်။တော်သေးတယ်။ တရားဓမ္မမှာ မွေ့လျော်သွားလို့။ မေ မိုက်တယ်။ နွယ့် ဝတ္တုလေးက ကောင်းတယ်။

Thiha said...

ဒီလိုမျိုး အမျိုးသမီးနဲ့တော့ ကျွန်တော် မကြုံချင်ဘူးဗျာ။ ဒါပေမယ့် ကျွန်တော့်ကို သူရည်းစားဟောင်းနဲ့ နှိုင်းတဲ့ ချစ်သူတစ်ယောက်တော့ရှိခဲ့ဖူးတယ်။ နောက်တော့လည်း ပြတ်သွားတာပါပဲ။ သူက အရင်တစ်ယောက်ကိုချည်း သတိရနေတာကိုး။ နောက်ထပ်တော့ အချစ်ရေးမှာ ကံမဆိုးချင်တော့ပါဘူး။ ဒါပေမယ့် သမုဒယနှင့်မကင်းလွတ်နိုင်သမျှတော့...။