နိုးကတည်းက
ချောင်းဆိုးနေတာ တရစပ်။ ညတုန်းကတော့ အကောင်းကြီးပါ။ နိုးလာတော့မှ လည်ချောင်းထဲကကို
ယားပြီး ဆိုးနေတော့တာ။ ချောင်းဆိုးပျောက်ဆေးယူသောက်လိုက်မိတယ်။ သိပ်မကြာပါဘူး။ ဘာအခန့်မသင့်တယ်မသိ။
ခေါင်းထဲကမူးလာပါလေရော။
ခေါင်းအုံတာတွေ
ပြေလိုပြေငြား ရေသွားချိုးလိုက်တယ်။ ရိုးရိုးတန်းတန်း ရေသွားချိုးတာဆို ဘာမှ ဖြစ်စရာ
အကြောင်းမရှိဘူး။ အခုတော့ ဂီတသံစဉ်လေး နားထောင်ရင်း ရေချိုးမယ်လို့ ကွန့်လိုက်မိတယ်။
ဖုန်းကို မျက်နှာသစ်ကြွေကန်အထက်က မျက်နှာသစ်ဆေးဗူးလေးတွေ၊ သွားတိုက်ဆေး၊ သွားတိုက်တံလေးတွေ
တင်ထားတဲ့ စင်ပေါ် တင်လိုက်တယ်။ တစ်ခါတစ်လေလည်း ဒီလိုယူလာပြီး တင်တာပါပဲ။ ဒီနေ့မှပဲ
ဖုန်းက အဲဒီကြွေကန်ထဲ ပြုတ်ကျပါရော။ အစကတည်းက အလုပ်သိပ်မလုပ်ချင်တော့တဲ့ ဖုန်းပါဝါခလုတ်ကြီးက
လုံးဝကို ပျက်သွားတော့တယ်။ ဖုန်းမှာ Lockချလို့လည်း မရ၊ Screen Shot ရိုက်လို့ကလည်း
အဆင်မပြေတော့ဘူး။ အိုင်ဖုန်း 5Sထွက်နေပြီ ဆိုပေမယ့် ဒီ အိုင်ဖုန်း5 ကိုင်တာ တစ်နှစ်ကျော်ပဲ
ရှိသေးတာ။ လျှောက်ထားတဲ့ လိုင်းက နှစ်နှစ်စာချုပ်ဆိုတော့ နောက်ထပ် ရှစ်လလောက်တော့
ကျိတ်မှိတ်သည်းခံပြီး ကိုင်ပေရော့။
ဖုန်းပြုတ်ကျတာကို
တရေးတယူလုပ်လိုက်မိတာနဲ့ တိုင်မင်တွေက လွဲကုန်ပြန်ရော။ ၈နာရီလောက်မှာ ရေချိုးပြီးရမယ်။
နောက် ဘုရားရှိခိုး၊ ရှစ်နာရီခွဲရင် အိမ်ကထွက်။ အဲသည်လို မှန်းထားတာကနေ တကယ်တမ်း ရေချိုးပြီးတော့
၈နာရီ၁၀မိနစ်။ ရေကိုကပျာကယာသုတ်၊ တွေ့ရာအကျီင်္တစ်ထည်ကို ခပ်သုတ်သုတ်ကောက်စွပ်ပြီး မနေ့တုန်းကဝတ်ထားတဲ့
ဂျင်းဘောင်းဘီပဲ ပြန်ကောက်ဝတ်လိုက်တယ်။ မျက်နှာကိုတော့ ဘာမှလူးမနေတော့ဘူး။ နောက်ကျနေပြီကိုး။
ကျောင်းလွယ်အိတ်ထဲကို
စာအုပ်တွေ အမြန်ကောက်ထည့်ပြီးတော့ ခေါင်းအုံးဘေးနားက အိုင်ပတ်( Ipad )ကို လှမ်းယူလိုက်တယ်။
ဒီကောင်လေးကို ဝယ်ထားတာ မကြာသေးဘူး။ အသစ်လေးပဲ ရှိသေးတာ။ ညတုန်းက စာဖတ်ရင်း အဖုံးကို
ချွတ်ထားတာမို့ အဖုံးကို ပြန်အစွပ်မှာ လက်က ချော်ထွက်သွားတယ်။ သွားပြီ။ အိုင်ပတ်နဲ့
အောက်က သံမတလင်းနဲ့ ပြေးဆောင့်လိုက်တာများ ခွပ်ကနဲပဲ။ မတ်တပ်ရပ်လျက်က ပြုတ်ကျတာဆိုတော့
အရှိန်က သိပ်မသေးဘူး။ ကုန်ပါပြီတော်။
မကြည့်ရဲ
ကြည့်ရဲနဲ့ ကောက်ယူကြည့်လိုက်တယ်။ ထင်တဲ့အတိုင်းပဲ။ Screen ကြွသွားပြီ။ ထောင့်နှစ်နေရာက
Screenက အပေါ်ကို ကြွတက်နေတယ်။ အောက်ထောင့်တစ်နေရာမှာ Screen မှန်လေးက ကွဲနေတယ်။ နောက်ပြီး
အိုင်ပတ်ပတ်ပတ်လည်မှာ ပွန်းပဲ့ပိန်သွားတာတွေကတော့ ပြောမနေနဲ့တော့။ အသစ်ကလေးပဲ ရှိသေးတာကို
ခုလိုဖြစ်တော့ ရင်နာလိုက်တာ။ ဘယ်တတ်နိုင်မလဲ။ ဘယ်သူမပြု မိမိမှုပဲ။ ကိုယ့်ဘာသာ ဆတ်ဆော့ပြီး
အဖုံးချွတ်ထားမိတာကိုး။ အစကတည်းက အဖုံးတပ်ပြီး စာဖတ်တတ်တဲ့ အကျင့်လုပ်ထားရင် သည်လိုဖြစ်မှာကိုး
မဟုတ်ဘူး။
ဒါနဲ့ အိုင်ပတ်ကို
ပြင်ဆိုင်ပို့ဖို့ Warranty လိုက်ရှာရတယ်။ သူ့ကို ဝယ်ထားတုန်းက ဘောက်ချာလိုက်ရှာရတယ်။
တစ်နှစ်အတွင်းဆို အလကား ပြင်ပေးမှာမို့လား။ ခက်တာက ဘောက်ချာပျောက်နေတယ်။ Warrantyတော့
တွေ့ပါရဲ့။ အထဲမှာက ဘာမှ ဖြည့်ထားတာ မဟုတ်ဘူး။ ဘောက်ချာကို ဒီအိုင်ပတ်ဗူးခွံထဲမှာ
Warrantyနဲ့အတူတူ ထည့်တားတယ် ထင်နေမိတာ။ ခုတော့ မရှိပါလား။ တခြား ဘောက်ချာတွေနဲ့ အတူတူ
ရောပြီး ပစ်လိုက်မိပြီ ထင်ပါရဲ့။ အဲဒီ ဘောက်ချာ ရှာနေတာ အတော်ကြာသွားတယ်။ နာရီကို ကြည့်လိုက်တော့
ကိုးနာရီထိုးဖို့ ငါးမိနစ်။ ဒါနဲ့ နောက်မှ ထပ်ရှာတော့မယ်ဆိုပြီး အဲကိစ္စကို ခဏထားလိုက်တယ်။
ဘုရားကို ပုဆိန်ပေါက်ရှိခိုးပြီး တွေ့ရာဖိနပ်ကောက်စွပ် ထွက်လာခဲ့တယ်။
လမ်းရောက်တော့မှ
ငုံ့ကြည့်မိတယ်။ စီးလာမိတဲ့ ဖိနပ်က ဝယ်ထားတာ မကြာသေးတဲ့ စွပ်ဖိနပ်။ ဝယ်ပြီးပြီးချင်း
တစ်ခါလားပဲ စီးရသေးတယ်။ ဖိနပ်လေးက အမြင်ကတော့ လှပါရဲ့။ အရောင်လေးကလည်း နုယဉ်ပါရဲ့။
ခက်တာက စီးရတာ ဘယ်လိုမှ သက်တောင့်သက်သာ မရှိ။ ဟိုတစ်ခေါက် စီးတုန်းကပဲ ကြည့်။ ခြေကျင်းဝတ်မှာ
အသားနီလန်ကို လန်သွားတာမှ မြင်မကောင်း ရှုမကောင်း။ ခု ဘယ်လိုဖြစ်ပြီး ဒီဖိနပ်ကိုမှ စွပ်လာမိတယ်
မသိ။ ဘယ်လောက်မှ မသွားရသေးဘူး။ ဖိနပ်က ဗီဇပြနေပြီ။ ညာဘက်ခြေကျင်းဝတ်မှာ စပြီး နာလာပြီ။
ဘူတာကို ရောက်ဖို့က ထပ်လျှောက်ရဦးမယ်။ ဒါနဲ့ ခဏရပ်ပြီး အိတ်ထဲမှာ အနာကပ်ပလာစတာ ပါလိုပါငြား
ရှာကြည့်လိုက်တယ်။ မပါဘူး။ ခြေလှမ်းအရှိန်ကို နှေးလိုက်တယ်။ အဆင်မပြေပါဘူး။ မြန်မြန်လှမ်းကြည့်တယ်။
ပိုဆိုးတယ်။ တအောင့်လောက်ကြာတော့ ဘက်ဘက်ကပါ
ညာဘက်ရဲ့ လမ်းစဉ်ကို လိုက်ပြီ။ ခြေတစ်လှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း ဖိနပ်နှစ်ဖက်က
ဘယ် ညာ ဘယ် ညာ ညာသံပေးပြီး အပြတ်သတ် တိုက်ခိုက်နေတဲ့အတိုင်းဘဲ။ မဖြစ်တော့ဘူး။ ဘယ်လိုမှ
ရှေ့ဆက်လို့ မဖြစ်တော့ဘူး။ ဖိနပ်ချွတ်ပြီး ခြေဖနောင့်တွေကို ကြည့်လိုက်တယ်။ နှစ်ဖက်စလုံး
အရည်ကြည်ဖုကြီးတွေ အတော်ထနေပြီ။ စိတ်ကိုလျော့လိုက်တယ်။ ဖိနပ်ကို လက်ကကိုင်ရင်း အိမ်ဖက်ကို
ပြန်လျှောက်လာခဲ့တယ်။
အိမ်ရောက်တော့
ဖိနပ်နှစ်ဖက်ကို စင်ပေါ်မှာ ဖြစ်သလို ပစ်တင်လိုက်တယ်။ စင်ရဲ့ ဘေးစွန်ဆုံးက ဖိနပ်တစ်ဖက်က
ပြုတ်ကျလာလို့ ပြန်ကောက်တင်နေရသေးတယ်။ ကျွတ်စ်.. စုတ်တစ်ချက် သပ်လိုက်မိတယ်။
အခန်းထဲရောက်တော့
အရည်ကြည်ဖုတွေကို သေသေချာချာ ပြန်ကြည့်လိုက်တယ်။ မသေးပါလား။ နောက် နာရီကို တစ်ချက်ကြည့်လိုက်တယ်။
၉ နာရီ ၂၀မိနစ်။ အိပ်ရာထက်ကို ဗုံးကနဲ ပစ်လှဲချလိုက်တော့တယ်။ တော်ပြီ။ ကျောင်းမသွားတော့ဘူး။
အတန်းက ၉ နာရီခွဲ စမယ်။ ရထားစီးရင် ကြာမှာကိုက ၂၅မိနစ်။ ကဲ။
သည်လောက်
အိုးနင်းခွက်နင်းတွေ ဆက်တိုက်ဖြစ်နေမှတော့ ဘယ်လိုလုပ်ပြီး စိတ်တွေက ကြည်လင်တော့မှာလဲ။
အိပ်ရာထက်မှာ အတော်ကြာအောင် ပက်လက်လှဲနေလိုက်တယ်။ လှဲနေရင်း နားထဲမှာ မိုးကျသံလိုလို
လေတိုးသံလိုလို ငြိမ်ငြိမ်ဝပ်ဝပ် အသံစီစီလေးတစ်ခု ကြားနေရတယ်။ ဒါနဲ့ ပြတင်းပေါက်ဖက်ကို
ခေါင်းထောင်ကြည့်လိုက်တယ်။ အပြင်မှာ နေကြီးက သာလို့။ မိုးဖွဲတွေက ကျလို့။ ကောင်းကင်ပြင်ကြီးက
လင်းလင်းထင်းထင်းကြီး။ ဘာတိမ်မှ ရှိတာလဲ မဟုတ်ဘူး။ ဘယ်လောက်များ စိတ်ပျက်စရာ ကောင်းလိုက်လဲ။
လူကို ငိုချင်သလိုလို ရယ်ချင်သလိုလို ဖြစ်လာတော့တာပဲ။
အား.. ခေါင်းတွေကို
လက်နှစ်ဖက်နဲ့ တဗျင်းဗျင်းမြည်အောင် ကုတ်ပစ်လိုက်တယ်။ ရူးတော့မှာပဲ။ တမနက်လုံး ဘာတွေဖြစ်နေမှန်းကို
မသိဘူး။ မဖြစ်ဘူး။ မဖြစ်ဘူး။ အာရုံပြောင်းအောင် ဇာတ်ကားလေးရင်လည်း ကြည့်မှ။ ဒါနဲ့ ကွန်ပျူတာလေး
ကောက်ဖွင့်လိုက်တယ်။ ဖြစ်ပုံများ အင်တာနက်လိုင်းက ကျနေသတဲ့။ နင့်ဘိုးအေမှပဲ မြန်မာပြည်ကို
အားကျနေသလားဟ။ Modem Boxလေးကို ကြည့်ပြီး ဆဲထည့်ပစ်လိုက်တယ်။ ဒီလိုမျိုး လိုင်းကျတာက
တစ်ခါတစ်လေ အင်တာနက်လိုင်းကို ပြုပြင်ထိန်းသိမ်းရေးလုပ်ချိန်တွေမှာ
( တစ်နှစ်မှာ တစ်ခါ၊နှစ်ခါလောက် ) ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲတစ်ခါတစ်လေက ဒီနေ့တော့
မဖြစ်သင့်ဘူး ထင်တာပဲ။ ခုက ချိန်ကိုက်များ လာရွဲ့သလား အောက်မေ့ရတယ်။
ဘာလုပ်ရင်
ကောင်းမလဲ။ ဘာလုပ်နေရင် ကောင်းမလဲ။ ဇာတ်ကားလည်း ကြည့်လို့ အဆင်မပြေတော့ဘူး။ အပြင်ထွက်ရအောင်ကလည်း
နေပူမိုးရွာဖြစ်နေတယ်။ ငါ စာဖတ်လို့လည်း စိတ်နှစ်နိုင်မယ် မထင်ဘူး။ ဘာမှမလုပ်ဘဲ ဇွတ်အတင်း
ထိုးအိပ်လိုက်ရ။ ဒါလည်း မကောင်းသေးဘူး။ ခုတလော လေ့ကျင့်ခန်း မလုပ်တာ ကြာလို့ ထင်တယ်။
လူက ဝချင်ချင် ဖြစ်လာတယ်။ ဟိုရက်က ပေါင်ချိန်ကြည့်တာ ၂ပေါင်တောင် တက်နေတယ်။ ဒီတော့
အိပ်လို့လည်း မဖြစ်သေးဘူး။ ငါ ဘာလုပ်ရင် ကောင်းမလဲ။
ပစ်ထားတာ
ကြာပြီဖြစ်တဲ့ ပန်းချီပစ္စည်းတွေကို ပြေးမြင်တယ်။ ဟုတ်တယ်။ ပန်းချီဆွဲမယ်။ စုတ်တံနဲ့
လက်နဲ့မထိတာတောင် အတော်ကြာပြီပဲ။ မရှိဘူးဆိုလှ အနည်းဆုံးတော့ ခြောက်လပဲ။ ဒါနဲ့ ခုတင်အောက်က
ပန်းချီကားတင်တဲ့ ဒေါက်ကို ထုတ်လိုက်တယ်။ ဖုန်တွေကို မရှုချင်မှ အဆုံး တစ်ဝကြီး ရှုလိုက်မိတယ်။
ဒေါက်မှာလည်း ဖုန်တွေရော၊ ကျပ်ခိုးတွေရော တွယ်ကပ်နေတယ်။ အဲတာတွေကို အရင်ရှင်းရပြန်တယ်။
ပြီးတော့
စာအုပ်စင် အောက်ဆုံးမှာ ထောင်ထားတဲ့ ကင်းဗတ်တစ်ခုကို သွားယူလိုက်တယ်။ ကင်းဗတ်က ၃ချပ်တောင်
ရှိနေသေးတယ်။ နှစ်ချပ်က သုံးပေ နှစ်ပေ အရွယ်။ နောက်တစ်ခုကတော့ အဲထက်သေးတယ်။ ဒါနဲ့ သုံးပေ
နှစ်ပေ တစ်ချပ်ကို ကောက်ကိုင်ပြီး ဒေါက်ပေါ်မှာ အကျအန တင်လိုက်တယ်။
နောက် ဆေးတွေ
ထည့်ထားတဲ့ ဗီရိုပေါ်က အထုပ်ကြီးကို ဖြေရပြန်တယ်။ ဆီဆေးဗူးတွေ၊ ရေဆေးတွေ၊ Acrylics တွေ
နောက် ဆိုဒ်အမျိုးမျိုး၊ ခဲသားအမျိုးမျိုးနဲ့ ခဲတံတွေ၊ ဖယောင်းခဲ ရောင်စုံတွေ အများကြီးပဲ။
အိတ်ထဲမှာ ဆေးတွေကတော့ စုံနေအောင် ရှိတယ်။ ပန်းချီပိုးထနေတုန်းက ဝယ်စုထားတာတွေ။ ရေဆေးဗူးတွေကို
ထုတ်လိုက်တယ်။ နောက် သေချာသိမ်းဆည်းထားတဲ့ စုတ်တံအိတ်ကြီးကို ထုတ်လိုက်တယ်။ ပန်းချီဆွဲဖို့ပြင်ဆင်ရတာကကို
အတော်လေး ကြာတယ်။ ခြေထောက်ကလည်း ပိုနာလာလို့ သွားတိုက်ဆေး သွားအုံရသေးတယ်။ နဂိုကတည်းက
မကြည်တဲ့စိတ်တွေ ပိုတောင် ညစ်ညူးလာသလိုပဲ။
ခဏပါလေ။
ပန်းချီစဆွဲတာနဲ့၊ ပန်းချီထဲ စိတ်ရောက်သွားတာနဲ့ ဒါတွေ အကုန် မေ့သွားမှာပါ။ စိတ်ရဲ့
ဖြစ်သိမှုတွေအကုန်လုံးက စုတ်ချက်နဲ့ ကင်းဗတ်ထိစပ်နေမယ့် နေရာလေးရယ်၊ ဆေးရောင်တွေ စပ်ထားတဲ့
ခွက်လေးတွေမှာရယ်ပဲ ရှိနေမှာ။ စိတ်ထဲမှာ ရှုပ်ထွေးနေတာတွေမှန်သမျှ မေ့သွားမှာပဲ။ အရောင်တွေ၊
အရုပ်တွေ ကြားထဲမှာ စိတ်ဟာ ပျော်လာမှာပဲ။ သေချာပါတယ်။ ပန်းချီဆွဲနေရင် စိတ်က ပန်းချီထဲပဲ
လုံးလုံးရောက်သွားမှာပါ။
ဒါနဲ့ ကင်းဗတ်ရှေ့မှာ
မျက်နှာချင်းဆိုင်ရပ်ပြီး ဘယ်လိုပုံဆွဲရမလဲလို့ အာရုံခံရပြန်တယ်။ ဟုတ်တယ်လေ။ ဆွဲမယ်သာ
ပြောတာ ဘာဆွဲမယ်ဆိုတာတောင် စဉ်းစားရသေးတာ မဟုတ်ဘူး။ မျက်စိကို မှေးစင်းထားလိုက်ပြီး
နှလုံးသားထဲက ပုံရိပ်ကို စိတ်ကူးမှာ ပုံဖော်ကြည့်နေမိတယ်။
နေရောင်ခြည်
ခပ်နွေးနွေးလေး ကျရောက်နေမယ့် တောအုပ်လေးတစ်အုပ်။ ဟုတ်ပြီ။ ပန်းချီကားထဲမှာ နေရောင်ခြည်လေးတွေ
ဖြာနေဖို့အတွက် ပန်းချီကားအောက်ခံကို အစိမ်းနုနဲ့ အဝါနု ပြေနေအောင် ရောရမယ်။ အဝါနုကို
အရင်ဆုံး တစ်ထပ်ဆွဲမယ်။ နောက် ပန်းချီကား အလည်မကျတကျမှာ စက်ပိုင်းပုံခပ်ကြီးကြီး ချန်လှပ်ပြီးတော့
ကျန်တဲ့နေရာတွေကို အစိမ်းနုခြယ်မယ်။ ဒါဆို ရပြီ။ အဆင်ပြေပြီ။
ဟိုး ခပ်ဝေးဝေးက
သစ်ပင်တွေပါ ပါအောင် ဆွဲရမယ်။ နောက်ပြီး ဝါးပင်လေးတွေလည်း ပေါက်နေရဦးမယ်။ အဓိက က ဘာကို
ဆွဲမှာလဲ။ စဉ်းစားစမ်း။ အော သိပြီ။ ပန်းချီထဲမှာ သစ်ပင်ကြီး တစ်ပင်ကို အားပြုပြီး မှုန်းခြယ်မယ်။
သစ်ပင်ကြီးမှာ ပန်းတွေ ဝေဆာနေအောင် ပွင့်ပေးလိုက်မယ်။ ပန်းတွေကို ဘာအရောင် လုပ်ရင်ကောင်းမလဲ။
အနီရောင်စိုစိုနဲ့ ပန်းရောင်လွင်လွင်လေးတွေ ဟိုတစ်ပွင့် သည်တစ်ပွင့် လုပ်မှပဲ။ အစိမ်းနောက်ခံမှာ
ပန်းပွင့်လေးတွေက ကြွရွနေမှာ။ အစိမ်းကိုလည်း အနု အရင့်လေးတွေ စုံနေအောင် သုံးရမှာပဲ။
ခပ်လှမ်းလှမ်းက သစ်ပင်တွေကို ဝါစိမ်းရောင် သုံးမယ်။ အနီးနားက သစ်ပင်တွေကို စိမ်းလွင်လွင်လေး
လုပ်မယ်။ အဓိက ထားမယ့် သစ်ပင်ကြီးကိုတော့ ကျောက်စိမ်းရောင်မရောက်တရောက်လေး ထားလိုက်မယ်။
သစ်ပင်ခြေရင်းမှာ မြက်ပင်စိမ်းစိမ်းလေးတွေ ပေါက်နေရမယ်။ ဟုတ်ပြီ။ အိုခေပြီ။
ဒါပေမယ့်
သစ်ပင်ကြီးကို အထီးတည်းထားမှာလား။ ဒါဆို မြင်ကွင်းက ခြောက်ကပ်ကပ်ကြီး ဖြစ်နေမလားပဲ။
မကောင်းသေးဘူး။ ဆော့ကစားနေတဲ့ ကလေးငယ်လေးတွေကို ထည့်ရမလား။ မဟုတ်သေးဘူး။ ကလေးတွေကို
မထည့်ချင်ဘူး။ ဒါဖြင့် ချစ်သူ စုံတွဲလေးတွေကို ထည့်ရင်ကောင်းမလား။ မဟုတ်သေးဘူး။ ပန်းချီကားက
ချစ်သူတွေကို ကိုယ်စားပြုတဲ့ အဓိပ္ပာယ်တစ်ခုခု မပါစေချင်ဘူး။ ငါ အဓိက ဘာကို ပြောချင်လဲ။
ငါက ပန်းချီကားမှာ သဘာဝတရားတွေနဲ့ ပြည့်နေစေချင်တာ။ ကြည်လင်မှု တစ်ခုကို ရချင်တယ်။ ပြီးတော့..
မပြည့်စုံတဲ့ ပြည့်စုံခြင်းတစ်ခုခုကို ဖော်ပြချင်တယ်။ ဟုတ်တယ်။ မပြည့်စုံတဲ့ ပြည့်စုံခြင်း..။
ဒီလောကကြီးမှာ ဘယ်အရာမှ ပြီးပြည့်စုံအောင် ကောင်းမွန်တယ်ဆိုတာ ရှိတာ မဟုတ်ဘူး။ ဒီလိုပဲ
မပြည့်စုံမှုတွေထဲကနေပဲ ပြည့်စုံခြင်းကို ရှာဖွေတည်ဆောက်ယူရတာ။ ဒါလေးကို ပါအောင်ဆွဲမယ်။
ဒါလေးကို ငါ ဘယ်လိုဖော်ပြမလဲ။
မြင်ကွင်းကို
ခြုံငုံပြီး ပြန်မြင်ကြည့်စမ်း။ နေခြည်လေးတွေ ဖြာနေတဲ့ တောအုပ်။ သစ်ပင်၊ ဝါးပင်လေးတွေ
ပေါက်နေတယ်။ ဒီထဲမှာ ခပ်ကြီးကြီးသစ်ပင်တစ်ပင်။ သစ်ပင်ကြီးမှာ ပန်းတွေက ဝေဝေဆာဆာ ဖူးပွင့်ဝေလို့။
သူ့နားတစ်ဝိုက်မှာ ပေါင်းပင် မြက်ပင်လေးတွေနဲ့။ ဒီလောက် မျက်စိပသာဒဖြစ်နေတဲ့ မြင်ကွင်းလေးကို
ဘယ်လို မပြည့်စုံတဲ့ ပြည့်စုံခြင်းဖြစ်အောင် လုပ်မလဲ။ တွေးစမ်း။ တွေးစမ်း။ ဟာ.. သိပြီ။
သစ်ပင်ကြီးမှာ ဒန်းလေးတစ်စင်း ချိတ်ဆွဲလိုက်မယ်။ စီးသူမဲ့နေတဲ့ ဒန်းလေး။ ငါကွ။ လက်ဖျောက်တစ်ချက်တီးလိုက်မိတယ်။
စိတ်ကူးထဲမှာတော့
ပန်းချီးကားလေးက အိုကေသွားပြီ။ လက်တွေ့ချဆွဲဖို့ပဲ ကျန်တော့တယ်။ စိတ်ကူးထဲက အရောင်လေးတွေ
ရအောင် ဆေးရောင်လေးတွေကို ခွက်ထဲမှာ စိတ်တိုင်းကျ စပ်လိုက်တယ်။ အဆင်ပြေမယ် ထင်တာပဲ။
အပြားကြီးကြီး
စုတ်တံကို ရေထဲအရင်နှစ်လိုက်တယ်။ နောက် ရေတွေနဲ့ချည်း ကင်းဗတ်ပေါ်ကို စုတ်ချက်ကြမ်းကြမ်း
ပစ်တင်လိုက်တယ်။ နောက်တအောင့်လောက်နေတော့ ရေ နောက်တစ်ထပ် ထပ်တင်လိုက်တယ်။ ဒီလောက်ဆို
ကင်းဗတ်လည်း ရေဝပြီ။ အဝါနုရောင် ခပ်ကျဲကျဲ ရောထားတဲ့ ခွက်ထဲ စောနက စုတ်တံကိုပဲ နှစ်လိုက်တယ်။
နောက်ပြီးတော့ ကင်းဗတ်စပေါ်မှာ ခပ်သွက်သွက်လေး ရေးခြယ်လိုက်တယ်။ ဆေးစက်တွေက ရှောရှောလျှူလျှူနဲ့
အောက်ထိ ပြေးဆင်းသွားတယ်။ တော်သေးတာပေါ့။ ဒေါက်တိုင်ရဲ့အောက်မှာ သတင်းစာတွေ ကြိုခင်းထားပေလို့။
ဆေးတစ်ချို့က အောက်ထိ စီးကျ လွင့်စဉ်တယ်။ ရေနည်းနည်းကျဲသွားတာကိုး။
အဝါနုရောင်
စိုနေတုန်းမှာ အစိမ်းနု လိုက်ရပြန်တယ်။ ဒါမှ သည်အရောင်နှစ်ခုက ပြေပြေလေး ပေါင်းစပ်နေမှာ။
အဆင်ပြေတယ်။ ဒါနဲ့ ဝါစိမ်းရောင်စပ်ထားတဲ့ ဆေးခွက်ထဲကို အရွယ်တော် စုတ်တံတစ်ချောင်းနှစ်ပြီး
ခပ်ဝေးဝေးက သစ်ပင်တွေရဲ့ ပင်စည်ကို ပုံဖော်လိုက်တယ်။ နောက် တစ်ဖြည်းဖြည်းနီးလာတဲ့ သစ်ပင်တွေရဲ့
အရောင်ကိုကျတော့ ခပ်လွင်လွင်လေး စိမ်းနေတဲ့ အစိမ်းမျိုး။ တော်တော်လေး အဆင်ပြေသားပဲ။
စုတ်ချက်က အကြမ်းစားတွေ ဆိုပေမယ့် ပီပီပြင်ပြင်တော့ ရှိသား။ ကိုယ်ဆွဲထားတာကို ကြည့်ပြီး
ကျေနပ်မိတာတာ။
နောက်တော့
သစ်ပင်စည်တွေမှာ အကိုင်းအလက်တွေ လိုက်ထည့်ရတယ်။ အရွက်တွေ ဆွဲရတယ်။ မဆိုးဘူး။ တော်တော်လေး
ဟုတ်နေပြီ။ အရောင်လေးတွေပေါင်းစပ်ထားပုံကလည်း ပြေသားပဲ။ အရွက်လေးတွေကတော့.. အင်း မဆိုးပါဘူးလေ။
သိပ်မဆိုးလှပါဘူး။ ဒါနဲ့ ပန်းချီကားအောက်ဆုံးမှာ
မြက်ခင်းပြင်တွေ ဆွဲရပြန်တယ်။ အနက်ရောင်တစ်ထပ်ဆွဲလိုက်တယ်။ ဟိုးဝေးဝေးက မြက်ခင်းပေါ့။
နောက်တော့ အနက်ရောင်ကို လက်တစ်လုံးစာလောက်ချန်ပြီး အဲဒီအပေါ်မှာ အစိမ်းရောင်ထပ်ရပြန်တယ်။
စိမ်းစိုနေတဲ့ မြက်ခင်းပေါ့။ မြက်ခင်းပေါ်မှာက ဟိုတစ်ပျောက် သည်တစ်ပျောက် ကျနေတဲ့ နေရောင်ခြည်။
အားလုံး ပါဖက်ပဲ။
သစ်ပင်ကြီးပဲကျန်တော့တယ်။
ခပ်တုတ်တုတ် ပင်စည်ကြီးတစ်ခုကို ပန်းချီကားက လေးချိုးတစ်ချိုးလောက်မှာ ရေးလိုက်တယ်။
နောက် ကားရဲ့ သုံးချိုးတစ်ချိုးမကထိ သူ့ရဲ့ အကိုင်းအလက်တွေကို ဖြာထွက်ပစ်လိုက်တယ်။
နောက် သစ်ရွက်တွေ ဖြည့်တယ်။ ပန်းတွေ ဖြည့်တယ်။ အရောင်တွေ ထပ်တင်တယ်။ သစ်ပင်ကြီးက ကြွရွလာပြီ။
ပန်းပွင့်လေးတွေဆို မထိရက် မတို့ရက်စရာ။ မွှေးရနံ့လေးတွေတောင် သင်းလို့လာသေး။ သစ်ပင်ကြီးလည်း
ဆွဲပြီးရော ခေါင်းထဲမှာ အလင်းတစ်ခုက ဖြတ်ပြေးသွားတယ်။ Tree of Dreams တဲ့။ ဒါဟာ ပန်းချီကားရဲ့
နာမည်ပဲ။
ဆွဲရတာ
အရသာ ရှိသထက် ရှိလာတယ်။ စိတ်တွေ အကုန်လုံးက သည်မှာပဲ နစ်မြုပ်နေတာ။ သိပ်ပြီး မိုက်တဲ့
ဖီလင်ပဲ။ ဒန်းလေးကို ဆွဲဖို့ ပြင်တယ်။ နောက် အသက်ကို မျှင်းမျှင်းရှုပြီး ဒန်းကြိုးလေးတွေကို
တစ်ချက်ဆွဲ ဆွဲချလိုက်တယ်။ ပြီးသွားပြီ။ ငြိမ်သက်နေရှာတဲ့ အထီးကျန် ဒန်းလေး။
ပန်းချီကားလေးက
စိတ်ကူးထဲက အတိုင်းလေးတော့ ပြီးသွားပြီ။ ဒါနဲ့ ကားလေးကို စေ့စေ့စပ်စပ် ပြန်ကြည့်ပြီး
အရောင်တွေ ဟိုဖြည့် သည်ဖြည့် လုပ်တယ်။ လုပ်ရင်း လုပ်ရင်း အရှိန်ကတက်လာတယ်။ လိုတဲ့နေရာတွေတင်
မကဘူး။ မလိုတဲ့နေရာမှာပါ အရောင်တွေ ထပ်ဖြည့်နေမိတယ်။ ဒါကိုလည်း သိနေတယ်။ သိနေရဲ့သားနဲ့လည်း
မရပ်နိုင်ဘူး။ ဒီလောက်လည်း မဆိုးပါဘူးလေ။ အဲသည်လို တွင်တွင်ပြောရင်း စုတ်ချက်တွေကို
သ လို့ကို မပြီးနိုင်အောင်ပဲ။ နောက်ဆုံး လက်တွေ ညောင်းကိုက်ပြီး စုတ်တံကိုတောင် မ မနိုင်လောက်တဲ့ထိ
ဖြစ်လာမှ စုတ်တံကို လွှတ်ချလိုက်တော့တယ်။ အစိမ်းရင့်ရောင်တွေ ပေကျံနေတဲ့ စုတ်တံက သတင်းစာပေါ်ကို
ဘုတ်ခနဲ ပြုတ်ကျသွားတယ်။ လူလည်း သမံတလင်းပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။
ဗိုက်ထဲက
တကျုတ်ကျုတ် မြည်နေတာကို သတိထားမိလိုက်တယ်။ ဟုတ်သားပဲ။ တနေကုန် ဒီပန်းချီကို စိတ်ရောက်နေတာ
အချိန်ကိုတောင် သတိမထားမိဘူး။ အပြင်ဖက်ကို လှမ်းကြည့်လိုက်တော့ မိုးက တိတ်နေပြီ။ မိုးတိတ်နေရုံတင်
မကဘူး။ နေတောင်ဝင်တော့မှာ။ ကြည့်စမ်း။ တနေကုန် ထမင်းမေ့ ဟင်းမေ့ကို ဖြစ်ခဲ့တာပါလား။
ပန်းချီကားကို
လှမ်းမော့ကြည့်လိုက်တယ်။ ဟင်.. ဆတ်ခနဲ မတ်တပ်ထရပ်လိုက်တယ်။ နောက် သေသေချာချာ ပြန်ကြည့်တယ်။
အနီးကပ် ကြည့်တယ်။ အဝေးက ကြည့်တယ်။ သေသေချာချော ကြည့်ပြီးသွားတော့ ခေါင်းကို လှန်မော့ပြီးတော့ကို
ဟက်ဟက်ပက်ပက် ရယ်မိတော့တာပဲ။ ဟုတ်တယ်လေ။ ပန်းချီကားကို ကြည့်ပါဦး။
သစ်ပင်တွေက
အုံ့ဆိုင်းနေတယ်။ နေရောင်ခြည် ကောင်းကောင်းမရဘူး။ သစ်ကိုင်း သစ်လက်တွေ ထောင်တက်နေပုံက
ခြောက်ချားဖွယ်ရာ။ အရောင်တွေကလည်း စိမ်းပုတ်ပုတ် အရောင်ကြီး။ နောက်ပြီး သစ်ပင်ကြီးကဆို
အဆိုးဆုံး။ မှိုင်းပြီး ပုပ်နေတဲ့ အရောင်က စိုစိုပြေပြေလည်း မရှိဘူး။ တစ်ခုခုကို ခြောက်လှန့်နေသလိုလို၊
အလိုမကျသလိုလိုကြီး ရပ်တည်ပေါက်ရောက်နေတာ။ စီးသူမဲ့ ဒန်းလေးကောပဲ ဘာထူးလဲ။ လေတိုက်ရင်ပဲ
ကြိုးတွေ ပြတ်ထွက် လွင့်ပြုတ်သွားတော့မယ့် အတိုင်း။ ဝါးပင်ကြီးတွေ ရပ်နေတာလည်း အထီးကျန်ဆန်ဆန်ကြီးတွေ။
အဖော်အသင်း ဝါးပင်တွေ ရှိနေပေမယ့်လည်း တစ်ပင်နဲ့တစ်ပင် အခေါ်အပြော မလုပ်ကြသလိုလို။ ခပ်စိမ်းစိမ်းကြီးတွေ
လုပ်နေတယ်။ အဆိုးဆုံးက သစ်ပင်ကြီးမှာ ပွင့်နေတဲ့ ပန်းပွင့်တွေပဲ။ ပွင့်ချပ်တွေက ကြီးမားလှပပါရဲ့။
အရောင်တွေကတော့ စိတ္တဇဆန်လိုက်တာ။ ဘယ်သစ်ပင်ကများ အနီရောင်ပန်းပွင့်နဲ့အပြာရောင်ပန်းပွင့်တွေကို
တစ်ပြိုင်တည်း ပွင့်လို့လဲ။ ခုတော့ ပန်းပွင့် အနီတွေနဲ့ အပြာတွေက ရောနှောပေါက်ရောက်နေလိုက်တာ
စိတ်ပျက်စရာ။
ပန်းချီကားကို
အဝေးက ရပ်ကြည့်လိုက်တော့ Haunted forestကြီး တစ်ခုလိုလို။ ခုပဲ ဝိညာဉ်တွေ၊ တစ္ဆေသရဲတွေ
ထွက်လာတော့မယ့် အတိုင်း။ အနီးကပ် ကြည့်လိုက်တော့ သည်လိုမဟုတ်ပြန်ဘူး။ တိတ်ဆိတ် ငြိမ်သက်ခြင်းတွေ
ကြီးစိုးနေတဲ့၊ ဘာမှမရှိတော့ခြင်းတွေ အတိပြီးနေတဲ့ အရပ်တစ်ခု ဖြစ်နေတယ်။ ခေါင်းထဲမှာ
လက်ခနဲ ဖြစ်သွားတယ်။ သိပြီ။ ဒီပန်းချီကားက မမှားပါဘူး။ နာမည်လေးနဲ့ လွဲသွားတာပဲ ရှိတယ်။
နာမည်ပြောင်းပေးလိုက်ရင် ပန်းချီကားက မှန်ပြီပဲပေါ့။
အားပါးတရ
ပြုံးလိုက်မိတယ်။ နောက် စုတ်တံခပ်သေးသေးတစ်ချောင်းကို အနီရောင်ဆေးခွက်ထဲ နှစ်လိုက်တယ်။
နောက်ပြီး ပန်းချီကားရဲ့ ညာဖက်ထောင့်စွန်မှာ ရဲရဲနီစွေးနေတဲ့ အနီရောင်နဲ့ ပန်းချီကားရဲ့
နာမည်ကို ရေးချလိုက်တော့တယ်။
Exodus
တဲ့။
လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်
Exodus
= လူများစွာ ထွက်ခွာသွားခြင်း
= To Go Out, Go Forth
= Exit, Departure
21 comments:
ဖတ်ပြီးတဲ့ အဓိပ္ဗါယ်သက်ရောက်မှု များစွာနဲ့ ခြယ်မှုန်းထားတဲ့ ပို့စ်လေးလို့ ခံစားမိခဲ့တယ် မမြတ် .... လူလဲ နဲနဲမောသွားတယ် :)
Written Beautifully. Has its own deep meanings. Enjoy reading this.
ဝတ္ထုလေးက အရမ်းကို ကောင်းပါတယ်။ နေ့တစ်နေ့ရဲ့ အဆင်မပြေမှု လွဲချော်မှုတွေအကြောင်းကို ဖော်ပြထားတာ အရမ်းပီပြင်တယ်။ စာပန်းချီခြယ်မှုန်းထားတာလဲ ဝတ္ထုဖတ်နေရင်းနဲ့ကို ပန်းချီကားကို မြင်ယောင်လာစေတယ်။ ဝတ္ထုလေးဖတ်ပြီး အဆုံးမှာ မထင်မှတ်ဘဲ ပန်းချီကားလေးကို တွေ့လိုက်ရတော့လည်း စိတ်ကူးထဲမှာ ပုံဖော်ထားမိတာနဲ့ ထပ်တူနီးပါးပဲ။ စာရေးသူဟာ စာရေးကောင်းသူတစ်ယောက်တင်မဟုတ်ဘဲ ပန်းချီပညာမှာလည်း နိုင်နင်းတယ်လို့ မှတ်ယူပါတယ်။
ဒီလိုမျိုး ဝတ္ထုလေးကို သိပ်ပြီးနှစ်သက်ပါတယ်။ ငတ်မွတ်နေတဲ့ရသတစ်ခုကို ပြန်လည်ရရှိလိုက်သလိုပါပဲ။ ကျေးဇူးတင်ပါတယ် ဆရာမ။
အဆင်မပြေမှုများစွာကို Tree of Dreams ပန်းချိကားလေးနဲ့ အစားထိုးပြီး စိတ်အေးချမ်းမှုယူသွားတဲ့ ဇာတ်အိမ်လေး ပီပြင်တယ် မြတ်ရေ...
မေတ္တာဖြင့်
တီတင့်
အမမြတ်ရေ ၀တ္တုတိုကောင်းကောင်းတစ်ပုဒ် ဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ..
ဖြစ်တောင့်ဖြစ်ခဲ တစ်နေ့တာအဆင်မပြေမှု အလွဲလေးတွေကိုဖော်ပြထားတာဖြင့် ဖတ်ရင်းနဲ့ ပြုံးမိပါတယ် အမမြတ်ရေ... မဖတ်ရသေး တဲ့ဝတ္ထုလေးတွေအများကြီးရှိပါသေးတယ် အမမြတ်ရေ...
အချိန်ရရင်လာဖတ်ပါအုန်းမယ်ခင်ဗျာ...
ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး
ခပ်သွက်သွက် ခပ်မြူးမြူး ရေးတဲ့ ရေးဟန်ကို သဘောကျတယ်...ဖြစ်စဉ်နဲ့ လိုက်ဖက်တဲ့ ရေးဟန်မျိုးလေ...သည်အနေအထားမျိုးမှာ ၀ါကျရှည်တွေနဲ့ ဖွဲ့နွဲ့ရေးလိုက်ရင် သည်ရသမျိုး ပေါ်မှာမဟုတ်တော့ဘူး...အခုတော့ ရေးဟန်ရဲ့နောက်မှာ ရသပါ တစ်ခါတည်း ကပ်ပါလာတာ အင်မတန် အားရဖို့ကောင်းတဲ့ အရေးအသားလို့ သုံးသပ်ရပါလိမ့်မယ်...
ပန်းချီကားနဲ့ ပတ်သက်တဲ့ အတွေးကလေး အကြောင်းအရာကို အဆင်ပြေအောင် အနားသတ်သွားတဲ့ ဇာတ်ထွဋ်ပိုင်းမှာ ပန်းချီကားနာမည်ကို ပြောင်းလိုက်တဲ့ဇာတ်ကွက်ဟာ တကယ့်အလှဆုံးနေရာပါပဲ...
ဘိုင်သဝေး...ပန်းချီကားလေး လှတယ်...Art for art sake ပေါ့...ဟုတ်ဘူးလား...
ဖတ်ရတာ စိတ်ကိုဆွဲယူသွားစေတယ်.. ဆွဲဆောင်မှုတော်တော်ရှိတာပဲ မမမြတ်
ဝိုး.. ဒီဝတ္ထု အရမ်းမိုက်တယ်။ ဇာတ်အိမ် ဖွဲ့စည်းပုံ၊ အရေးအသား တင်ပြမှု၊ ပန်းချီကား၊ ပန်းချီကားရဲ့အမည် အားလုံးပါဖက်ပဲ။
အရမ်းကို ဆွဲဆောင်မှု ရှိတဲ့ ဝတ္ထုလေးပါ။ အစမှ အဆုံးတိုင်အောင် နှစ်သက်စွာ ဖတ်ရှုသွားခဲ့ပါတယ်။ ပန်းချီကားလေးဆွဲနေတာကို သရုပ်ဖော်ထားတာ အမိုက်ဆုံးပါပဲ။ ပန်းချီကားလေးကိုပါ မြင်တွေ့ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် မမမြတ်။
အရမ်းကို ကောင်းပါတယ်။ မန်းဒေးအကြောင်း ဝတ္ထုလေးကို မန်းဒေးမှာ ဖတ်သွားခဲ့ပါတယ်။
အဲ့လိုအလွဲတွေနဲ့ တနေကုန်အသူလဲပန်းချီထိုင်ဆွဲဖူးတယ်။
ကင်းဗတ်စပေါ်တော့မဟုတ်ဘူး။ကွန်ပျုတာပေါ်
ထွက်လာတော့ ပြူးကြောင်ကြောင်..နဲ့..
မြတ်ပန်းနွယ်လိုတော့နာမည်လှလှလေးမပေးတတ်ခဲ့ဘူး။:D
ဘာပဲပြောပြောရင်ထဲပေါ့သွားတာတော့အမှန်ပဲ...
ပြီးပြည့်စုံတဲ့ရသစာတာတစ်ပုဒ်ဖတ်ခဲ့ရပါတယ်
@Ahhtu
ဝတ္ထုလေးကို ဖတ်လို့ အရမ်းကောင်းပါတယ် ဆရာမရေ။ ပန်းချီကားလေးကော အရမ်းမိုက်တယ်။ ၂ခုစလုံးကို အရမ်းသဘောကျနှစ်သက်ပါတယ်။
အလွဲတွေဖတ်ပြီး မောလိုက်တာဗျာ။ ကျွန်တော်လည်း ခုတလော အဆင်မပြေမှုတွေ များနေတယ်။ ဘာပဲဖြစ်ဖြစ် ဝတ္ထုကောင်းလေးတစ်ပုဒ်ပါ။ ပန်းချီကားလေးကဆို အရမ်းကို ကောင်းပါတယ်။ အရောင်လေးတွေက ခြောက်ချားဖွယ်ရာ ဖြစ်မနေပါဘူး။ စိုပြီး လှပါတယ်။
ဒီပို့ စ်လေးနဲ့ အတူ. ဒီပန်းချီလေးနဲ့ အတူ. ဘဝအမောတွေ ကမောက်ကမတွေ အိုးနင်းခွက်နင်းတွေ အဆီအငေါ်မတည့်မှုတွေ ...အကုန် Exodus... ဒီအတွက် ကျေးဇူးပါမြတ်ရေ
ပန်းချီလည်းဆွဲတာတော်
စာရေးတာလည်းကောင်း
လေးစားအားကျပါတယ်နွယ်ရေ
ဝတ္ထုကောင်းလေး တစ်ပုဒ်ပဲ နွယ်။ Yeah,, Keep it up!
အလွဲလေးတွေ ဖတ်ရတာ ရင်မောသွားတယ်။ တော်သေးတယ်။ တစ်နေ့တာရဲ့ အဆုံးမှာတော့ လှပတဲ့ ပန်းချီကားလေးတစ်ချပ် ကျန်ရစ်ခဲ့ပေလို့။ ပန်းချီကားလေးမှာ နူးညံ့ခြင်းတွေ စိမ့်ဝင်နေပါတယ်။ Exodus ဆိုတဲ့ အမည်ထက် Tree of Dreams ဆိုတာလေးနဲ့ ပိုပြီး လိုက်ဖက်တယ်လို့ ထင်မိပါတယ်။
ရေးထားတာလေးက သွက်တော့ ဖတ်ရင်း ကိုယ်ပါ မောနေမိတယ်။ ကိုယ်တိုင်လဲ ရုံးသွားကာနီးတိုင်း ဟိုဆွဲသည်ဆွဲနဲ့ အမြဲတမ်း ကတိုက်ကရိုက်လေ။ ၀ါသနာပါတဲ့ ပန်းချီကားချပ်လေးနဲ့ စိတ်ထွက်ပေါက်ပေးလိုက်တာလေးက ချစ်စရာ အနားသတ်လေး..။
(“ စောနက ” ဆိုတဲ့ ..စကားပြောစကားလုံးလေးအစား “စောစောတုန်းက”လို့ ပြင်လိုက်နော် ညီမလေး..။)
ဝတ္တုလေးက အရမ်းကိုပဲ ကောင်းပါတယ် မမ။ နောက်ထပ်လည်း အများကြီး ထပ်ရေးပါနော်။ မမကို အမြဲတမ်း အားပေးနေပါတယ်။ ထူးချွန်အောင်မြင်တဲ့ စာရေးဆရာမတစ်ဦး ဖြစ်ပါစေနော် မမ။
Post a Comment