သမုဒ္ဒရာ
ရေဇလာတွင်
လွင့်ကာကြွေပျက်
ရေတစ်ပွက်သို့
ဖြစ်ပျက်မစဲ
တည်မမြဲသည့်
ဒွန်တွဲတံထွာ
သင်္ခတာနှင့်
ခန္ဓာဓမ္မ
အနိစ္စဟု
စိတ်မှသိမြင်
ဥာဏ်ဆင်ခြင်ခဲ့ ။ ။
ငါ၏ခန္ဓာ
မမြဲပါလည်း
ရင်မှာဖွဲ့သီ
စာပန်းချီနှင့်
စင်ကြည်မေတ္တာ
တေးကဗျာသည်
ခန္ဓာပျက်သုဉ်း
ကွယ်ကာပြုန်းလည်း
တည်ဦးမည်ဟု
ဓိဌာန်ပြုမိ
ငါ၏သစ္စာ
ထက်စေပါကြောင်း
ရင်မှာညွတ်ပျောင်း
ဆုခြွေတောင်း၏ ။ ။
လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်
20 comments:
လှလိုက်တဲ့ ကဗျာလေး။
တရားဓမ္မလေးကို ပါးပါးလေးနဲ့ လှစ်ကာပြသွားတဲ့ ကဗျာလေး။
ချစ်ခင်လေးစားစွာဖြင့်
ဂျွန်မိုး
ကောင်းမွန်ပြီး အနှစ်အရသာ ပြည့်ဝလွန်းတဲ့ ကဗျာလေးပါ ဆရာမ။ စာရေးသူရဲ့ စေတနာကိုပါ မြင်တွေ့နေရပါတယ်။ လေးစားပါတယ် ဆရာမ။
ဖြစ်ပျက်မှုသဘောလေးကို ရိုးရှင်းစွာရေးဖွဲ့ထားတဲ့ အဖွဲ့လေးကို နှစ်သက်လှပါ၏ မမြတ် :)
တောင်းဆုပြုပုံလေးနဲ့ ခေါင်းစဉ်လေး လိုက်ဖက်တယ် မြတ်ရေ... ချစ်စရာကဗျာတစ်ပုဒ်..
မေတ္တာဖြင့်
တီတင့်
ဝိုး.. ကဗျာလေး မိုက်တယ်။ တကယ့်ကို ရှေးရိုးညွှန်းတမ်းအတိုင်း ရေးစပ်ထားတာပဲ။ ဖွဲ့သူရဲ့ သစ္စာ တည်မြဲပါစေ၊ တောင်းဆုလည်း ပြည့်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။
အရမ်းကိုဖတ်လို့ကောင်းတဲ့ကဗျာလေးပါ အမမြတ်ရေ...
ရိုးရိုးရှင်းရှင်းရေးဖွဲ့ထားတာ တစ်ကယ့်ကိုအနုပညာဆန်တယ် အမမြတ်ရေ..
အားပေးလျှက်ပါခင်ဗျာ...
ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး
နွယ်က ဒီလို ကဗျာတွေလည်း ရေးတာပဲလား။ ဒီကဗျာလေးကို ကိုယ်နှစ်သက်တယ်။ အနှစ်သာရတွေ ပြည့်လွန်းနေတယ်။အောင်မြင်ပါစေ နွယ်။
သိုသိပ်ဝှက်ကွယ်ထားစရာ မလိုအောင် အလှတရားတွေ ဖွဲ့သူ့သစ္စာထဲမှာ ကျစ်လစ်သိပ်သည်းစွာ ရှိနေပါသည် ။
လှပလိုက်တဲ့ ကဗျာလေး။ ရည်ရွယ်ချက်လေးကလည်း ကောင်းတယ်။ ရှေးရိုးကဗျာဖွဲ့စည်းမှု နိုင်နင်းပုံကိုလည်း တွေ့မြင်ရတယ်။ လေးစားပါတယ် မြတ်။
တရားဓမ္မကိုဖက်တွယ်ထားတဲ့ ကဗျာ့လက်သံလေး ကဗျာ့တေးသံတွေက ဘယ်တော့မှ ပျက်ပြန်းမှာ မဟုတ်ပါဘူး မမြတ်ရေ။ ခန္ဓာဆုံးချင်ဆုံး ကဗျာတွေကတော့ ထာဝစဉ်ရှင်သန်နေမှာ သေချာပါတယ်။
တကယ့်ကို အနှစ်ပြည့်ပြီး ကောင်းမွန်တဲ့ ကဗျာလေးပါပဲ။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုစာအုပ်တွေ အဖွင့်မျက်နှာက ကဗျာလေးကိုတောင် သတိရမိတယ်။
ငါ့စာဖတ်၍
မမြတ်တိုင်စေ မရှူံးစေသား
ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ
တပိုဒ်တလေ တွေ့ငြားပေမူ
စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ
ငါမွန်အမြတ် ငါအတတ်ဟု
စာဖတ်သူပေါ် ခေါင်းကိုကျော်၍
ငါသော်ဆရာ မလုပ်ပါတည်း .... ။ ဆိုတာလေးလေ။
မမြတ်ပန်းနွယ်လည်း ဖွဲ့သူ့သစ္စာကဗျာလေးထဲက တောင်းဆုလေးအတိုင်း ပြည့်ဝပါစေ ခင်ဗျာ။ စာပေတာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့သူတစ်ဦး ဖြစ်ပါစေလို့ လေးလေးနက်နက် တောင်းဆုပြုပါတယ်။
ကဗျာလေးက အရမ်းပဲ ကောင်းမွန်လှပါတယ်။ တရားသဘောကို ဆင်ခြင်သိပြီးမှ စာပေတွေကို မပျောက်ပျက်စေချင်လို့ သစ္စာပြုထားတာလေး.. အတော့်ကို နှစ်သက်မိပါတယ်။ စာရေးသူရဲ့ တောင်းဆုလေး ပြည့်ပါစေလို့ ထပ်ဆင့်ဆုတောင်းပေးပါတယ်ဗျာ။
တရားဓမ္မလေးပါဝင်ဖွဲ့စည်းထားတဲ့မြန်မာကဗျာ စစ်စစ်လေးဖတ်လိုက်ရလို့ကျေးဇူးပါမြတ်ရေ
ကဗျာလေးကို အရမ်းကို နှစ်သက်သဘောကျပါတယ် ဆရာမ။ တကယ်ကို ကောင်းမွန်လှပါတယ်။ အမြဲတမ်း အားပေးနေပါတယ်။
ညီမလေး.. စာတွေ တစိုက်မတ်မတ်ပြန်ရေးနေတာ ကောင်းလိုက်တာ.. ကိုယ့်ညီမရေးထားတဲ့ ဒီလိုကဗျာမျိုးလေး ဖတ်ရတော့ အရမ်းကျေနပ်မိတယ်..
အနုပညာမြောက်လှတဲ့ နောက်ပြီး အနှစ်သာရပြည့်ဝတဲ့ တကယ့်မြန်မာကဗျာကောင်းတစ်ပုဒ်ပါ။ ခုခေတ်မှာ လူတွေက ကာရန်မဲ့ကဗျာတွေလောက်ကို အားထုတ်နေတာ။ ဒီလိုမျိုး ကဗျာကို ဟုတ်တိပတ်တိ ရေးလည်း မရေးတတ်ကြတော့ဘူး။ ရေးတတ်ဖို့လည်း မကြိုးစားကြတော့ဘူး။ မမြတ်ပန်းနွယ်ဆီမှာ ဒီလိုမျိုး ကဗျာဖတ်ရတာ သိပ်ပြီး ကျေနပ်မိတယ်။ အမြဲတမ်း အားပေးနေပါတယ်။ အောင်မြင်ပါစေ..။
ကောင်းလိုက်တဲ့ ကဗျာလေး။ အနုပညာဆန်ဆန် နုနုညံ့ညံ့ ရိုးရိုးရှင်းရှင်းလေး ဖွဲ့ဆိုသွားတယ်။ ဖတ်လို့ အရမ်းကို ကောင်းပါတယ်။ ဖွဲ့သူ့ရဲ့ တောင်းဆုလေး ပြည့်ပါစေလို့ ထပ်ဆင့် ဆုတောင်းပါတယ် ခင်ဗျာ။
ကဗျာလေးက တိုတိုလေးနဲ့ ထိထိမိမိလေး။ ကောင်းလိုက်တာ မမ။ သစ္စာပြုပုံလေးကော၊ ဆုတောင်းလေးကိုကော သဘောကျတယ် မမ။ မမရဲ့ တောင်းဆုလေး ပြည့်ပါစေနော်။
သည်ဘက်ခေတ်မှာ လေးလုံးစပ်လင်္ကာကို စည်းဝင်ဘောင်မိအောင် ရေးနိုင်တာ အတော်ရှားသွားပြီ...အားနည်းလာနေတဲ့ မြန်မာရနံ့ကဗျာတွေအတွက် ရေးလက်ကောင်းတစ်ယောက် ရလာတာ သိရလို့ အတိုင်းမသိ ၀မ်းသာမိပါတယ်...
သည်လိုကဗျာလေးတွေ ထပ်ရေးပါဦးလို့ တောင်းဆိုပါရစေ...
ကျွန်တော် ကဗျာလေးကို အစက သဘောမပေါက်ဘဲ ဖေ့ဘွတ်မှာမှာ ကော်မန့်ပေးလိုက်မိတာ ဆောရီးပါ။ အခုတော့ ကဗျာလေးကို သေသေချာချာ ပြန်ဖတ်ပြီး သဘောပေါက်သွားပါပြီ။ အပေါ် က်ာမန့်လေးတွေကို ဖတ်ပြီးတော့မှ ဖေ့ဘွတ်ပေါ်မှာ ပေးခဲ့တဲ့ ကော်မန့်ကြောင့် စိတ်မကောင်းပါဘူး။
Post a Comment