Monday 3 March 2014

ခရမ်းရောင်မေတ္တာ

၁။

သူငယ်ချင်းတွေက ညို့ကို အားကျကြတယ်။ မေမေကတော့ ညိုဟာ သိပ်ပြီး ကံကောင်းသတဲ့။ ညိုလည်း ကိုယ့်ကိုယ်ကို သိပါတယ်။ ညို့မှာက နှစ်ဖက် အဘိုးအဘွားတွေအပြင် ဖေဖေ့ဘက်ကနေတော်တဲ့ ဖေဖေ့ရဲ့ အဘွားနှစ်ယောက်၊ ညို့အတွက်တော့ အဘေးနှစ်ယောက် ရှိနေသေးတာကိုး။

မေမေ့မိဘတွေနဲ့ ညိုတို့က တစ်မြို့တည်းနေတွေမို့ ညိုဟာ သူတို့နဲ့ ရင်းရင်းနှီးနှီး ကျွမ်းကျွမ်းဝင်ဝင် ရှိတယ်။ ပညာတတ်ပြီး ခေတ်မှီတဲ့ အဘိုးနဲ့ အဘွားမို့ ညိုက သူတို့ကို သိပ်ချစ်တယ်။ သူတို့တွေကလည်း မြေးတွေနဲ့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ နေတတ်ကြတယ်။ အထူးသဖြင့် အဘိုးနဲ့ ညိုက ပိုပြီးတော့ အလွမ်းသင့်တယ်။ အဘိုးက စာပေကို ချစ်မြတ်နိုးသူ၊ စာအုပ်စာပေတွေကို စုဆောင်းသူ၊ ရှေးဟောင်းပစ္စည်းတွေကို ရူးသွပ်သူ။ အဘိုးသွေးအပြည့်ပါလာတဲ့ ညိုကလည်း စာအုပ်တွေကို ချစ်တယ်။ အဘိုး စုဆောင်းထားတဲ့ ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်တစားရှိတယ်။ မြတ်နိုးတယ်။

ဒီတော့ ညိုက အဘိုးတို့အိမ်ကို မကြာခဏ အလည်သွားလေ့ရှိတယ်။ ကျောင်းပိတ်ရက်တိုင်း ညို့ရဲ့ စားအိမ်ဟာ အရှေ့တိုက်လို့ ညိုတို့ခေါ်တဲ့ မေမေ့ရဲ့ မိဘတွေ အိမ်ပဲ။ ဒါကို ဖေဖေက မငြူစူပါဘူး။ မကန့်ကွက်ပါဘူး။ ဒါပေမယ့် အရှေ့တိုက်က အဘိုးအဘွားတွေနဲ့ ညိုရင်းနှီးချစ်ခင်သလို ရွာမှာ နေကြတဲ့ ဖေဖေ့ရဲ့ မိဘတွေနဲ့လည်း ချစ်ခင်ကျွမ်းဝင်စေချင်တယ်။

ဖေဖေ့မိဘတွေက ညိုတို့မြို့နယ်လေးကနေ ၁၄မိုင်လောက်အကွာမှာရှိတဲ့ ရွာလေးတစ်ရွာမှာ နေကြတယ်။ ရွာလေးမှ တကယ့်ကို ကျေးတောရွာလေး။ ကတ္တရာလမ်း မရှိဘူး။ ဆေးရုံမရှိဘူး။ ဆေးခန်းလေးတစ်ခုလားပဲ ရှိတယ်။ ပညာတတ်တွေ နည်းတယ်။ ဆင်းရဲချမ်းသာ မမျှတဘူး။ ယက်ကန်းစက်ရုံပိုင်ရှင်၊ ယက်ကန်းသည်နဲ့ တောင်သူဆိုတဲ့ လူတန်းစား ၃ရပ်က အဓိကပဲ။ ချမ်းသာတဲ့သူတွေက ခြေမျက်စိမြှပ်လောက်အောင် ထူထပ်တဲ့ ဖုန်တွေကြားထဲမှာ တိုက်တစ်လုံးဆောက်ပြီး ခမ်းခမ်းနားနား နေကြတယ်။ မရှိဆင်းရဲသားတွေက ခြောက်ပေပတ်လည်သာသာ တဲကုပ်လေးကို အိမ်လုပ်ပြီးနေတယ်။ တောင်သူ လုပ်စားသူတွေရဲ့ အိမ်တွေမှာတော့ နွားတွေ၊ လှည်းတွေပါ တွေ့ရမယ်။ ရွာထိပ်မှာ မူလတန်းကျောင်းတစ်ကျောင်း ရှိတယ်။ နောက်ပြီး ရွာဦးဘုန်းကြီးကျောင်း ရှိမယ်။ လယ်ခင်း ယာခင်းတွေက ရွာနဲ့နီးနီးနားနားမှာ မရှိဘူး။ ရွာကနေ ၃မိုင်လောက် လှည်းမောင်းသွားရတဲ့ တောထဲမှာ ရှိတယ်။

ဒီတော့ ရွာအိမ်လို့ ညိုတို့ခေါ်တဲ့ ဖေဖေ့မိဘတွေအိမ်ကို ညိုတို့က အခါကြီးရက်ကြီးတွေမှာပဲ ရောက်ဖြစ်ကြတယ်။ ဖေဖေနဲ့ မေမေကတော့ အလျင်းသင့်သလို သွားတတ်ကြပေမယ့် ကျောင်းပြီးရင် ကျူရှင်၊ ကျူရှင်ပြီးတော့ ကျောင်း၊ ကျောင်းနဲ့ကျူရှင် ဇယ်ဆက်သလို သွားနေရတဲ့ ညိုကတော့ ကျောင်းပိတ်ရက်တွေမှာတောင် ရွာကို ရောက်ဖြစ်တာ မဟုတ်ဘူး။ ညို့အသက် အခု ၁၀နှစ်ထဲ ရောက်တဲ့အထိ ရွာအိမ်မှာ တစ်ခါမှ မအိပ်ခဲ့ဖူးဘူး။

အခုတော့ ဖေဖေက ညို့ကို အမိန့်ပေးလာခဲ့ပြီ။ ဟုတ်တယ်။ အမိန့်။ သွားပါ ညိုရယ်လို့ ချော့ပြောတာလည်း မဟုတ်ဘူး။ ညိုသွားရင် ဖေဖေက ဘာလေးလုပ်ပေးမှာလို့လည်း မက်လုံးတစ်ခုခု မပေးဘူး။ “ အရှေ့တိုက်လည်း ညည်းအမျိုးဘဲ၊ ရွာကလည်း ညည်းအမျိုးဘဲ။ အရှေ့တိုက်က ညည်းကို ချစ်သလို ရွာကလည်း ချစ်တာပဲ။ သူတို့မှာ တစ်ဦးတည်းသော မြေးလေးမို့ဆိုပြီး ညည်းကို ချစ်ချင်တိုင်းတောင် ချစ်ရတာလည်း မဟုတ်၊ မြင်ချင်တိုင်းလည်း မမြင်ရ။  ညည်းလည်း အခု ကလေးပေါက်စ မဟုတ်တော့ဘူး။ လေးတန်းဖြေပြီးလို့ ငါးတန်းတောင် တက်တော့မယ်။ ဒီတော့ ဒီနွေ ရွာမှာ သွားနေချေ။ သင်္ကြန်တွင်းကျမှ ပြန်လာခဲ့မယ်။ ခု အထုပ်ပြင်။ ” အဲသည်လိုကြီး ပြောတာ။

ဖေဖေလည်း လှည့်ထွက်သွားရော ညို့မှာ စက်ရုံထဲရောက်နေတဲ့ မေမေ့ဆီ ပြေးပြီး ငိုမိတော့တာပဲ။ ဖေဖေ ပြောသမျှတွေ မေမေ့ကို ပြောပြပြီး ညို ရွာမသွားရစေဖို့ စစ်ကူတောင်းတယ်။

“ သွားလိုက်ပါ သမီးရယ်၊ ရွာကလူတွေက သမီးကို ချစ်ကြပါတယ်။ ”
“ ဟင့်အင်း… ညို မသွားချင်ဘူး မေမေ။ ညို သူတို့ကို မချစ်ဘူး။ သူတို့နဲ့ ညို မနေတတ်ဘူး။ သူတို့တွေက တမျိုးကြီးတွေ။ ”

“ သူတို့တွေက တောသူတောင်သားအစစ်တွေဆိုတော့ ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်းကြီးတွေ နေတတ် ပြောတတ်ကြလို့ပါ သမီးလေးရယ်။ သူတို့ စိတ်ထဲမှာတော့ သမီးလေးကို သိပ်ချစ်ကြတာ။ အခုလည်း သမီးလေးကို ရွာအလည်လာစေချင်နေတာလေ။ ရွာမှာလည်း ကြာကြာနေစေချင်တာပေါ့။ ခဏလေး နေလိုက်ပါ သမီးရယ်။ ”

“ သင်္ကြန်ကျမှ ဖေဖေက ပြန်လာခေါ်မှာတဲ့ မေမေ။ ”

“ အို သမီးလေး ပြန်လာချင်ရင် ဖုန်းသာလှမ်းဆက်လိုက်။ မေမေကိုယ်တိုင် လာခေါ်မယ်။ ဟုတ်ပြီလား သမီးလေး။ ”

အဲသည်လိုနဲ့ ညို ရွာမှာ အလည်သွားနေဖို့ ဖြစ်လာတော့တယ်။ ရွာသွားမယ့် မနက်တုန်းက ညို့မှာ ခရီးဆောင်အိတ်ထဲ ပစ္စည်းတွေ ထည့်လို့ကို မပြီးနိုင်တော့ဘူး။ မေမေ စီစဉ်ပြီး ထည့်ပေးတဲ့ အဝတ်အစားတွေ အပြင် ရတနာပန်းခင်းစာအုပ်အဟောင်းနည်းနည်းရယ်၊ ပုံဆွဲစာအုပ်နဲ့ ရောင်စုံခဲတံတွေရယ်၊ ငါးတန်းမီနင်းစာအုပ်လေးရယ်၊ ဝေါ့မင်န်းကက်ဆက်လေးနဲ့ ထူးအိမ်သင်ရဲ့ အကြွင်းမဲ့မေတ္တာတော်သီချင်း သီချင်းခွေရယ်ပါ ထည့်တယ်။ အဲတာတွေတင်မကဘဲ မေမေ ဝယ်ပေးထားတဲ့ မုန့်တွေကို ထည့်နေတာပါ ဖေဖေက မြင်တော့ ဝင်ပြောတယ်။ “ အံမလေး.. ညိုရယ်.. ရွာကလည်း ညည်းကို မုန့်မကျွေးမှာ ကျနေတာပဲ။ အလျှံပယ်ကျွေးမှာ မပူနဲ့။ ” ဖေဖေ ဘာပြောပြော ညိုထည့်ထားတဲ့ မုန့်တွေကို ညို ပြန်မထုတ်ဘူး။ မေမေ့ဆီကတောင် မုန့်ဖိုး ကပ်တောင်းခဲ့လိုက်သေးတယ်။

မေမေတို့က ရွာမှာ တညနေလုံးနေပြီးမှ ပြန်သွားတယ်။ မေမေတို့ ပြန်သွားတော့ ညို့ရင်မှာ ဟာတာတာကြီး။ မျက်ရည်တွေက ချက်ချင်းဝဲတက်လာတယ်။ ခုံပေါ်မှာ ထိုင်နေရင်းက ညို မနေတတ်သလိုကြီး ဖြစ်လာတယ်။ ထိုင်ရင်ကောင်းမလား။ ထရင်ကောင်းမလား။ ဒန်းစင်ပေါ်မှာ ဒန်းသွားစီးရမလား။ တီဗွီပဲ ကြည့်ရမလား။ ညိုမသိဘူး။ ဒါနဲ့ ညို့အထုပ်တွေ ထည့်ထားတဲ့ အမေသောင်းအခန်းထဲက ကုတင်ပေါ်မှာ သွားထိုင်နေလိုက်တော့တယ်။

ညို့ကို အမေသောင်းနဲ့ အတူတူ အိပ်ခိုင်းတယ်။ အမေသောင်းက ညို့ဖေဖေရဲ့ အဘွား။ ညို့ရဲ့ ဘေး။ အသက်က ၉၀ကျော်ပြီ။ တောင်ဝှေးနဲ့ လမ်းလျှောက်ရတယ်ဆိုပေမယ့် သူက သွက်သွက်လက်လက် သွားလာနိုင်တုန်း။ ဆံပင်တွေကတော့ တခေါင်းလုံး ဆွတ်ဆွတ်ဖြူနေပြီ။ ဒါပေမယ့် သွားတွေကောင်းသေးတယ်။ ပဲကြီးလှော်ဝါးနေတုန်း။ မျက်စိလည်း မမှုန်သေးဘူး ပြောတယ်။ ဟုတ်ရင်ဟုတ်မယ်။ အပ်ပေါက်ထိုးတိုင်း တန်းခနဲ ဝင်တာပဲ။

အမေသောင်းရဲ့ အခန်းက ရှင်းနေတာပဲ။ ကုတင်တစ်လုံးရှိတယ်။ ကုတင်ပေါ်မှာ မွေ့ရာခင်းထားတယ်။ မွေ့ရာပေါ်မှာမှ သင်ဖျူးဖျာချောတစ်ချပ် ခင်းထားတယ်။ ခြင်ထောင်မရှိဘူး။ တစ်အိမ်လုံးကို ခြင်ဇကာ အပြည့်တပ်ထားလို့ ထင်ပါရဲ့။ ညိုတို့အိမ်မှာလည်း ခြင်ဇကာအပြည့်တပ်ထားတာပဲ။ ဒါပေမယ့် ခြင်တော့ နည်းနည်း ကိုက်တာပါပဲ။ တစ်ခါတစ်လေ မေမေက ခြင်ထောင်ထောင်အိပ်တတ်တယ်။ ရွာမှာဆို ခြင်ပိုမပေါဘူးလား။ မသိတော့ပါဘူးလေ။

ကုတင်က အခန်းရဲ့ တောင်ဘက်ထောင့်မှာ ကပ်ထားတယ်။ ကုတင်ခေါင်းရင်း နံရံထောင့်မှာ ဓါးရှည်ကြီးတစ်လက်ကို ထောင်ထားတယ်။ ငှက်ကြီးတောင်ဓါးဆိုတာများလား။ ညို သွားမကြည့်လိုက်တယ်။ လေးလိုက်တာ။ ဓါးကြီးက ကြွတယ်ဆိုရုံလေးပဲ ကြွလာတယ်။ ဒါနဲ့ ညို ဓါးကြီးကို အသာပြန်ချလိုက်တယ်။ ကုတင်ပေါ်မှာ ခေါင်းအုံးနှစ်လုံးဆင့်ထားတယ်။ ခေါင်းအုံးဘေးမှာ ကျားဘမ်းပရုပ်ဆီဗူးတွေ၊ ပုဆိန်တံဆိပ်ဆေးပုလင်းတွေ တွေ့ရတယ်။ အခန်းထဲမှာ တခြားဘာမှ မရှိတော့ဘူး။ ပြောင်ရှင်းနေတယ်။ ညို့အထုပ်တွေကတော့ ကုတင်ခြေရင်းမှာ။

အထုပ်ထဲကနေ ရတနာပန်းခင်းစာအုပ်တစ်အုပ်ကို ထုတ်ပြီး ကုတင်ပေါ်မှာ လှဲဖတ်နေလိုက်တယ်။ တအောင့်လောက်နေတော့ အမေကြီး ပေါ်လာတယ်။

“ အံမယ်လေး.. ငါ့မြေးရယ်.. ညည်းပျောက်လို့အေ့ ဒီမှာ။ ငါ့နှယ်အေ.. ညည်းအဖေတို့နဲ့ ပြန်လိုက်သွားတာလည်း မဟုတ်ပါဘူး။ စောနကတောင် ရှိသေးတယ်ပေါ့။ အော်ခေါ်နေတာ။ဘယ်နှယ့် ဒီရောက်နေတာတုန်း။ လာ.. အိမ်ခန်းထဲမှာ ထိုင်။ ”

စာအုပ်လေးကိုင်ပြီး ညို အမေကြီးနောက်ကနေ လိုက်လာခဲ့လိုက်တယ်။ အမေကြီးက အသက်၆၀ကျော်ပြီ။ အရှေ့တိုက်က အမေကြီးထက် ၃နှစ်ပဲပိုကြီးတယ် ပြောတယ်။ ဒါပေမယ့် အရှေ့တိုက်က အမေကြီးထက် အများကြီး အိုစာနေတယ်။ အရှေ့တိုက်က အမေကြီးက မနက်မိုးလင်းပြီဆိုရင် ရေမိုးချိုးပြီး ကျောလယ်လောက်ကျနေတဲ့ ဆံပင်လေးကို ခေါင်းစည်းကြိုးလေးနဲ့ စည်းထားမယ်။ ရက်ဗလွန်ပါးပါးလေးလူးပြီးမှ သနပ်ခါးရေကျဲလေးကို မှုန်နေအောင် လိမ်းမယ်။ နောက် ဇာအင်္ကျီလေးတွေကို ရင်ဖုံးအကျီပုံဆန်းလေးချုပ်ဝတ်မယ်။ ပါတိတ်ထဘီအဆင်နုနုလေးတွေနဲ့ တွဲဝတ်မယ်။ ရွာအမေကြီးကလည်း ဇာအကျီင်္အဝတ်များတာပါပဲ။ ရင်ဖုံးရိုးရိုးပုံချုပ်ဝတ်တယ်။ ဒါပေမယ့် သူ့ပါတိတ်ဆင်တွေက အဆင်ကြမ်းကြီးတွေ။ နောက်ပြီး သူက ရှည်ပေမယ့် အဖျားရှုးနေတဲ့ သူ့ဆံပင်တွေကို ဘီးဆံပတ်ပတ်ပြီး ထုံးထားတတ်သေးတယ်။ သနပ်ခါးဆိုလည်း ဘဲကြားကြီး လူးမှတော့ သွားရောပေါ့။

အိမ်ခန်းထဲက ဆက်တီမှာ ဘဘကြီးက သတင်းစာဖတ်နေတယ်။

“ ဘယ်တွေသွားနေတာတုန်း.. ပျောက်လို့လိုက်ရှာနေတာ မသိဘူးလား။ နောက်ဆို လျှောက်မသွားနဲ့။ ကြားလား။ ”

ညို့ကို မြင်မြင်ချင်း ဘဘကြီးက ဆီးပြောတယ်။ ဆီးငေါက်တယ်ဆို ပိုမှန်မလားဘဲ။ ဘဘကြီး လေသံကြီးက မာပြီးထန်နေတာပဲ။ ဒါတွေကို ညိုမကြိုက်တာပေါ့။ ညိုက စကားဆို ချိုချိုသာသာလေး ပြောမှပဲ ကြိုက်တယ်။ အရှေ့တိုက်က အဖေကြီးဆို စကားပြောဆိုတာများ သိပ်ညင်သာတယ်။ အရမ်းကို ယဉ်ကျေးတာပဲ။ အဖေကြီးက ကျောင်းဆရာလုပ်နေတုန်းကဆို သူ့တပည့်တွေကို နာမည်ခေါ်ရင်တောင် နာမည်ရှေ့မှာ မတို့၊ မောင်တို့ တပ်ပြီးမှ ခေါ်တာလို့ မေမေက ပြောဖူးတယ်။ ခု ရွာက ဘဘကြီးကော၊ တခြားလူတွေ အကုန်လုံးကော အတူတူပဲ။ တိုးတိုးသာသာ ပြောလို့ရတဲ့ အကြောင်းအရာကိုလည်း အော်ပြောတာပဲ။ အမြဲတမ်း ဆူညံပွက်လောရိုက်နေရော။

ခုတော့ သည်အိမ်မှာ ညိုနေရတော့မယ်။ ညို့ကို ဖေဖေနဲ့ မေမေက ထားသွားပြီ။ ဘယ်တတ်နိုင်မှာလဲနော်။ ဖေဖေက နေစေချင်နေတာကိုး။ ညိုနေရမှာပေါ့။

“ ဟဲ့ကောင်မလေး.. မေးနေတာလေ။ ဆာပြီလားလို့။ စားတော့မလား။ ဟိုမှာ မတင်မိုးခိုင်က ဟင်းတွေကျက်နေပြီတဲ့။ ”

ကြည့်ပါလား။ ညို တွေးနေတာတောင် မဆုံးသေးဘူး။ အော်ပြောပြန်ပြီ။

“ ဟုတ်ကဲ့။ ဘဘကြီးတို့ကော စားမှာလား။ ဘဘကြီးတို့ စားမယ်ဆိုရင် သမီးလည်း လိုက်စားမယ်လေ။ ”

“ အေးစားမှာ.. လာ အတူစား။ ဟင်းပူတုန်း။ ”

“ စားမယ်ဟေ့။ ခူးတော့ ခူးတော့။ အမေသောင်းကော.. ခေါ်ဦးလေဟယ်။ ”

“ အမေကောလို့.. အမေ.. အမေ… ”

အမေကြီးက အမေသောင်းကို အော်ခေါ်နေတယ်။

“ သွား.. သမီး သွားကြည့်စမ်း။ ညည်းအမေသောင်း အိမ်နောက်မှာ ချည်ခင်ရှုပ်တွေ ရှင်းနေတာလား မသိဘူး။ ”

အမေကြီး ပြောတဲ့ အတိုင်းပါပဲ။ အမေသောင်းက အိမ်နောက်က ကွပ်ပျစ်ပေါ်မှာ ဒူးနှစ်ချောင်းကိုထောင်၊ ဒူးနှစ်ဖက်မှာ ချည်ခင်ကြီး စွပ်ထားပြီး ချည်ခင်ရှုပ်ကို ရှင်းနေတယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်လုံးကြီးက ပြူးလို့။ ချည်စတွေကို စိတ်ရှည်လက်ရှည် ရှင်းထုတ်နေတယ်။ သူ့ကြည့်ရတာ အသက်ကိုးဆယ်ကျော် အဘွားကြီးတစ်ယောက်နဲ့ကို မတူဘူး။

“ အမေသောင်း.. အမေကြီးက ထမင်းစားရအောင်တဲ့ ”

“ ငါမစားသေးဘူး.. ညည်းတို့စားနှင့်ချေကြ။ သွား.. ငါ မစားသေးဘူးလို့ သွားပြောချေ ”

“ အမေကြီး.. အမေသောင်းက မစားသေးဘူးတဲ့ ”

“ ဟော.. အမေနဲ့တော့ ခက်ပြီ။ ”

အမေကြီးက လက်ဆေးကန်မှာ လက်ဆေးနေရင်းက ရေစိုလက်ကြီးကို ထဘီမှာသုတ်၊ နောက် ထဘီကို ပြင်ဝတ်ရင်း အိမ်နောက်ဘေးကို ထွက်သွားတယ်။

“ အမေ့.. လာစားလေ။ ဘယ်အချိန်ရှိပြီတုန်း။ အမေကလည်း စားချိန်တန် စားမှပေါ့။ ပြီးရင် နေဆိုးဦးမယ်။ ကျုပ်ကို ပြောရင်လည်း အမေက ပြောလို့၊ နေရာတကာ ဆရာလိုက်လုပ်တယ် ထင်တယ်။ ပြီးကျရင် မစားဘူး။ နေဆိုးရင် အမေပဲ ခံရမှာ။ ”

အမေကြီး အသံကို အိမ်ကထဲကနေ ကြားနေရတယ်။ တော်တော်အောင်တဲ့ အသံပဲ။ တဝေါဝေါနဲ့ ဆူညံနေတဲ့ ယက်ကန်းစက်သံတွေကြားထဲမှာ ဟိန်းထွက်နေတာ။

“ ကြားတယ် မို့လား။ ညည်းအမေကြီး အသံ။ လော် မလိုဘူး.. လော်။ ”

ရုတ်တရက် ညို ကြောင်သွားတယ်။ ဘဘကြီး ဘာပြောချင်သလဲဆိုတာ ညို ချက်ချင်း သဘောမပေါက်လိုက်ဘူး။ ပြီးတော့မှ သဘောက်ပေါက်သွားပြီး ဘဘကြီးကို ရယ်ပြနိုင်တယ်။ ဘဘကြီးက ပြုံးတုံ့တုံ့ကြီး လုပ်နေတယ်။ အမေကြီး အသံကျယ်လွန်းလို့ လော်စပီကာမလိုဘူးလို့ ဘဘကြီးက ပြောချင်တာကိုး။

“ အဲ အမေဟာလေ.. ဘာမှန်းကို မသိဘူး။ ထမင်းမစားချင်ဘူးတဲ့။ ”

အမေကြီးက မဲ့ရွဲ့နေတဲ့ မျက်နှာကြီးနဲ့ ထမင်းဝိုင်းဆီ လျှောက်လာတယ်။

“ ဟဲ့.. တင်မိုးခိုင်.. သွား။ အမေ့ကို မေးချေ။ ဘာစားချင်တုန်း။ မြူစွမ်သောက်မလား၊ ခေါက်ဆွဲစားမလားလို့။ မဟုတ်လည်း ငှက်သိုက်တစ်ဗူးဖောက်တိုက်လိုက်။ ”

“ တွေ့လား.. သမီး။ ညည်း အမေသောင်းနဲ့ တစ်နေ့တစ်နေ့ အမေကြီးမှာ စိတ်ဆင်းရဲတာ။ သူက စားချင်စားတယ်။ မစားချင် မစားဘူး။ မတည့်တာဆိုလည်း သူ စားချင်ရင် စားပစ်တာပဲ။ အမေကြီးမယ်.. တစ်နေ့ တစ်နေ့ သူ့ကို ပူနေရတာ။ ”

အမေကြီးက မတင်မိုးခိုင်ကို အော်ပြောပြီးတော့ ညို့ကို ညည်းညူပြတယ်။

“ တော်ပါတော့ကွာ။ မင်း စားမှာစားစမ်းပါ။ မင့်အမေလဲမှာစိုးနေ.. မင်းအရင်လဲနေဦးမယ်။ စားစား။ ”

ဘဘကြီးက အမေကြီးပန်းကန်ထဲ ဟင်းတွေ ခပ်ထည့်ပေးနေတယ်။ ညို့ရင်ထဲမှာ တစ်မျိုးလေး ဖြစ်သွားတယ်။

ညိုရယ်၊ ဘဘကြီးရယ်၊ အမေကြီးရယ် သုံးယောက်သား ထမင်းအတူတူ စားကြတယ်။ ဟင်းအမယ်တွေက မဆိုးပါဘူး။ အမဲသားဆီပြန်၊ ချဉ်ပေါင်ရွက် အချဉ်ဟင်းချက်၊ ပြီးတော့ ခရမ်းသီးနှပ်။ ဘဘကြီးထည့်ပေးတဲ့ အမဲသားတုံးကို နည်းနည်းဖဲ့စားလိုက်တယ်။ ငံလိုက်တာ။ ဘဘကြီးတို့ကတော့ မြိန်ရေယှက်ရေ စားနေတာပဲ။ သူတို့က ဟင်းဆို လေးလေးစားတယ် ထင်ပါရဲ့။ အချဉ်ဟင်းကိုတော့ ညိုက မကြိုက်ဘူး။ ဒီတော့ ခရမ်းသီးနှပ်တစ်ဖတ် ခပ်ထည့်လိုက်တယ်။ အိမ်မှာဆိုရင် ညို ခရမ်းသီးနှပ် မစားဘူး။ ခရမ်းသီးနှပ်တင် မဟုတ်ပါဘူး။ အသီးအရွက်တော်တော်များများကို ညို မစားတတ်ဘူး။ ညို စားတတ်တာဆိုလို့ အာလူးတစ်မျိုးတည်းပဲ ရှိတယ်။

ခရမ်းသီးနှပ် တစ်ဖဲ့စားကြည့်လိုက်တယ်။ မဆိုးဘူးပဲ။ အနှစ်လေးကလည်း စားလို့ကောင်းတယ်။ အရသာကလည်း အနေတော်ပဲ။ ညို ခံတွင်းတွေ့သွားတယ်။ ဒါကြောင့် ခရမ်းနှပ်တစ်မျိုးတည်းနဲ့ ညစာကို ပြီးလိုက်တယ်။

“ ကောင်မလေး.. အမဲသားတွေ စားလေဟယ်။ ခရမ်းသီးချည်း နှိုက်နေတယ်။ ”

ဘဘကြီးက ညို ခရမ်းနှပ်ချည်း ဖိတွယ်နေတာကို သတိထားမိသွားတယ်။

“ ဟဲ့ သမီး.. ထည့်စားလေဟယ်။ ”

အမေကြီးက အမဲသားဟင်းတစ်ဖတ် ခပ်ထည့်ပေးတယ်။

“ ဟုတ်ကဲ့ အမေကြီး။ သမီးက ခရမ်းသီးနှပ် ကြိုက်လို့ပါ။ ”

“ အေးအေး.. ကြိုက်တယ်ဆိုရင်လည်း ပြီးရော။ စားစား။ များများစား။ ”

၂။

ဒီကနေ့နဲ့ဆို ညို ရွာရောက်နေတာ ၃ရက်ရှိပြီ။ ပျင်းလိုက်တာလေ။ မေမေ့ကိုလည်း သိပ်လွမ်းတာပဲ။ ညဖက်တွေ ထူးအိမ်သင်ရဲ့ခွေကို နားထောင်မိတော့ မေမေ့ကို ပိုလွမ်းရတယ်။ ငိုချင်မိတယ်။ ငိုလည်းငိုမိတယ်။ ငိုတာကို အမေသောင်း သိသွားမှာ စိုးလို့ အသံထွက်ပြီးတော့လည်း မငိုရဲဘူး။ အသံတိတ် ကျိတ်ပြီး ငိုရတယ်။

နွေရာသီမို့လား၊ စိတ်ကြောင့်ပဲလား ညိုမသိဘူး။ ရွာမှာ နေ့တာကုန်ခဲလွန်းတယ်။ နေ့ခင်းဖက်တွေမှာ ပါလာတဲ့ ရတနာပန်းခင်းစာအုပ်လေးတွေ ထုတ်ဖတ်လိုက်၊ ပုံလေးဆွဲလိုက် လုပ်တယ်။ ဒါပေမယ့် စာဖတ်ရတာကော၊ ပုံဆွဲရတာကော စိတ်သိပ်မပါဘူး။ ဒါနဲ့ တီဗွီဖွင့်ပြီး စလောင်းကနေ ရုပ်သံလိုင်းတွေကို တစ်လိုင်းပြီး တစ်လိုင်း ပြောင်းကြည့်တယ်။ စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုမှ မတွေ့ဘူး။ အပျင်းပြေအောင် ဘာလုပ်ရမှန်းလဲ မသိတော့ဘူး။ ကစားစရာ အဖော်လေးတောင် မရှိတာ သိပ်ဆိုးတာပဲ။ အရှေ့တိုက်မှာတောင် ညီမဝမ်းကွဲတစ်ယောက်နဲ့ မောင်လေးဝမ်းကွဲတစ်ယောက် ရှိသေးတယ်။ ဒီမှာတော့ ညိုတစ်ယောက်တည်း။

ဘဘကြီးကလည်း တနေကုန် စက်ရုံထဲ ဝင်လိုက်ထွက်လိုက်။ ဂွတစ်ချောင်းနဲ့ စက်အဟောင်းတွေကို ဟိုပြင်သည်ပြင်လုပ်လိုက်ချည်း လုပ်နေတယ်။ အမေကြီးလည်း တနေကုန် ငြိမ်ငြိမ်ကို မထိုင်ဘူး။ အိမ်ထဲဝင်လာလိုက်၊ စက်ရုံထဲ ထွက်သွားလိုက်၊ ဟိုလုပ်လိုက်၊ သည်လုပ်လိုက်။ အမေသောင်းကလည်း အတူတူပါပဲ။ အိမ်လည်ထွက်လိုက်၊ အိမ်နောက်ဖက်မှာ ချည်ခင်ရှုပ်ရှင်းလိုက်နဲ့ အားလုံးက အလုပ်ကိုယ်စီနဲ့ ရှုပ်နေကြတယ်။

ပျင်းလွန်းလို့ နောက်ဆုံးမှာ မေမေ့ဆီ ဖုန်းဆက်မိတယ်။ မေမေ့ အသံကြားတော့ ညို့မှာ ငိုမိတယ်။ မေမေက နောက်ထပ် သုံးရက်လောက်နေရင် လာခေါ်မယ်တဲ့။ တော်ပါသေးရဲ့။ နောက်ထပ်သုံးရက်လောက်တော့ အားတင်းထားရဦးမယ်။

ဒီလောက်ပျင်းဖို့ကောင်းတဲ့ကြားထဲ ညို စိတ်ပျက်နေတာတစ်ခု ရှိသေးတယ်။ ထမင်းစားတိုင်း ခရမ်းသီးနှပ် ပါနေတာပဲ။ အသားဟင်းတွေ ချက်သမျှက ငန်တယ်။ ညိုမစားတတ်ဘူး။ အချဉ်ဟင်းချက်တဲ့နေ့ဆိုလည်း ညိုက မကြိုက်။ ဟင်းချိုချက်ရင် တော်ပါသေးတယ်။ ဒါပေမယ့် အရံဟင်းက ဘာလို့ ခရမ်းသီးနှပ်ချည်း ဖြစ်နေရတာလဲ။ တစ်နပ်နေလည်း ခရမ်းသီး၊ နောက်တစ်နပ်လည်း ခရမ်းသီး။ ညို သတိထားမိသလောက် အနပ်တိုင်းမှာ အရံဟင်းက ခရမ်းသီးနှပ်ချည်း ဖြစ်နေတယ်။ စိတ်ညစ်လိုက်တာ။ ခရမ်းသီးကြီးကို မစားချင်တော့ဘူး။ ညို ခရမ်းသီကို မုန်းနေပြီ။

မနေနိုင်တဲ့ အဆုံး မမတင်မိုးခိုင်ကို သွားမေးမိတယ်။

“ မမ.. ဘာဖြစ်လို့ နေ့တိုင်း ခရမ်းသီးနှပ်နေတာလဲ။ ”

“ မမကို ဘဘကြီးတို့က နှပ်ခိုင်းလို့ ”

“ ဟင်.. ဘဘကြီးတို့က.. ”

“ ဟုတ်တယ်။ မမကို ဘဘကြီးကလည်း ပြောတယ်။ အမေကြီးကလည်း ပြောတယ်။ ခရမ်းသီးနှပ်ကို အနပ်တိုင်း ချက်။ ညိုလေးက ကြိုက်တယ် တဲ့။ ”

ညို့မှာ ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။ အသာလေး လှည့်ထွက်လာခဲ့တယ်။ ခရမ်းသီးနှပ်စားကောင်းတယ်လို့ ပြောမိတဲ့ ကိုယ့်ပါးစပ်ကိုယ်ပဲ မုန်းချင်မိတော့တယ်။

၃။

ခရမ်းသီးနှပ်ကို တစ်မျိုးတည်းသော ဟင်းရန်အဖြစ် တစ်ပတ်တိတိ ကျိတ်မှိတ်ပြီး စားအပြီးမှာ မေမေတို့က ညို့ကို လာခေါ်ကြတယ်။

မမတင်မိုးခိုင်က မေမေတို့အတွက် ကော်ဖီတွေ၊ မုန့်တွေ လာချတယ်။

“ စားသမီး။ ကော်ဖီလည်းသောက်။ ”

အမေကြီးက ညို့လက်ထဲကို မုန့်ပန်းကန် ကမ်းပေးတယ်။ ကော်ဖီခွက်ကိုလည်း ညို့ရှေ့တွန်းပေးတယ်။

“ ငါ့မြေး.. ပြန်လိုက်သွားမှာလား ဟုတ်လား။ ”

“ ဟုတ်ကဲ့ အမေကြီး။ ”

“ ဟင်.. ငါ့မြေးကလည်း တစ်ပတ်ပဲ ရှိသေးတယ်။ နေပါဦးလား သင်္ကြန်အထိ။ ”

ညို မေမေ့မျက်နှာကို လှမ်းကြည့်လိုက်တယ်။ မေမေက ခပ်ပြုံးပြုံးနဲ့ ပြောတယ်။

“ အစကတော့ သင်္ကြန်ထိ ထားမလို့ဘဲ။ အခု သူ့ဆရာမက ငါးတန်းစာတွေ ကြိုသင်ရအောင် ပြန်ခေါ်ခိုင်းနေလို့ပါ။ ”

“ အင်းအင်း.. ဒါဆိုလည်း ပြန်ခေါ်သွားချေ။ ”

အမေကြီးက ပြောင်ဖူးဖက် ဆေးလိပ်ကြီး ဖွာရင်း ပြောတယ်။ ဘဘကြီးကတော့ ထုံးစံအတိုင်း သတင်းစာကြီးကိုင်ပြီး ဆက်တီနောက်မှီကို မှီထားရင်း ရှုတည်တည်ကြီး ထိုင်နေတယ်။

“ ငါ့မြေး.. ဒီမှာ ပျော်ရဲ့လား။ ”

အမေကြီးရဲ့ အမေးကို ခေါင်းညိတ်ပြလိုက်တယ်။ ပါးစပ်ကလည်း ခပ်သွက်သွက်လေး ဖြေလိုက်တယ်။

“ ဟုတ်ကဲ့ အမေကြီး။ ပျော်ပါတယ်။ ”

“ အေးပါ .. အမေကြီးတို့က တောသူတွေဆိုတော့ ညည်းအရှေ့ဝိုင်းက အမေကြီး အဘကြီးတွေလို မပြောတတ်ဘူးအေ့။ ငါတို့က အပြောမချိုဘူး။ အပြောတွေ ကြမ်းတယ်။ ညည်း စိတ်မရှိဘူးမို့လား။ ”

“ ဟုတ်ကဲ့ပါ အမေကြီး။ သမီး သိပါတယ်။ ”

“ ငါတို့က ညည်း ဒီမှာနေပြီး စိတ်ဆင်းရဲနေရမစိုးလို့။ တောမှာဆိုတော့ ဘာမှ ရှိတာလည်း မဟုတ်ဘူး။ ကောင်မလေး ပျင်းနေတာဆိုပြီးတော့လည်း ငါ့မှာ စိတ်မကောင်းဘူး။ ပြန် ပြန်.. ရတယ်။ ”

ဘဘကြီးက သတင်းစာကြီးကို လက်က မချဘဲ လှမ်းပြောတယ်။ ဘဘကြီး စကားကြောင့် ညို့ရင်ထဲမှာ ဘဘကြီးကို ချစ်ခင်သနားတဲ့စိတ်တွေ ဖြစ်သွားရတယ်။

“သမီး မပျင်းပါဘူး ဘဘကြီး။ စိတ်လည်း မဆင်းရဲပါဘူး။ ”

ညို့မှာ အလိုက်သင့်လေး ပြန်ဖြေနေရတယ်။  ဖျင်ကြမ်းတဘက်ကြီး ခေါင်းပေါင်းထားပြီး ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အားပါးတရ ဖွာနေတဲ့ အမေကြီးက ညို့ကို သေသေချာချာကြီး စိုက်ကြည့်နေတယ်။ အမေကြီးကို ညိုက နှစ်နှစ်ခြိုက်ခြိုက်လေး ပြုံးပြလိုက်တယ်။

“ စား ငါ့မြေး.. မုန့်စား။ စားကောင်းလား။ ”

“ စားလို့ ကောင်းတယ် အမေကြီး။ ဒီမုန့်ကို သမီး မစားဖူးသေးဘူး။ ”

“ အေး.. အမေကြီး မန္တလေးသွားတုန်းက ဝယ်လာတာ။ ”

ညနေစောင်းတို့ ညိုတို့ ပြန်လာခဲ့ကြတယ်။ ဘဘကြီးနဲ့ အမေကြီးကို မပြန်ခင် ကန်တော့ကြတယ်။

“ အေးအေး.. ပြန်ပြန်.. ဒီကြားထဲလည်း မကြာမကြာလာဦး။ ကြားလား။ ”

ဘဘကြီးက အသံကျယ်ကြီးနဲ့ မှာတယ်။

“ လာမှာလို့ ပြောလိုက်လေ။ ”

ဖေဖေက နောက်ကနေ လက်တို့ပြီး ခပ်တိုးတိုး ပြောတယ်။

“ ဟုတ်ကဲ့ပါ ဘဘကြီး။ သမီး ဒီကြားထဲလည်း ဖေဖေတို့နဲ့အတူတူ အလည်လိုက်လာမှာပါ။ နောက်နှစ် နွေကျောင်းပိတ်ရက်ရင်လည်း အကြာကြီး လာနေဦးမှာပါ။ ”

ညို့စကားအဆုံးမှာ ဘဘကြီးကော အမေကြီးကော ခေါင်းတွေ တညိတ်ညိတ်။ သူတို့ မျက်နှာတွေမှာ အပြုံးတွေက ဝင်းလက်နေတာပဲ။


၎။

တစ်နှစ်တာဟာ မျက်စိတစ်မှိတ်လေးအတွင်းမှာပဲ ကုန်ဆုံးသွားတယ်။ နွေ၊မိုး၊ဆောင်း ရာသီစက်ဝန်းက လျှင်လျှင်မြန်မြန်ပဲ ရွေ့လျားသွားတယ်။ မြူတွေဆိုင်းနေတဲ့ ဆောင်းနံနက်ခင်းတွေ ကုန်ဆုံးသွားတော့ ရွက်ခြောက်တွေ ကြွေပြီး နွေဝင်တော့တယ်။ ပုရစ်ဖူးလေးတွေနဲ့အတူတူ နွေကျောင်းပိတ်ရက်တွေလည်း တစ်ဖန်ပြန်ရောက်လာတယ်။

ဒီတစ်ခါ ရွာမှာ တစ်ပတ်ဆယ်ရက်လောက် နေရမှာကို အရင်တစ်ခါကလို တီကောင်ဆားတို့ခံရတော့မလောက် ညို မကြောက်တော့ပါဘူး။ ဖတ်စရာ စာအုပ်တွေနဲ့ သီချင်းခွေတွေ အများကြီးကို ညို ယူသွားခဲ့တယ်။ ရွာမသွားခင် မေမေ့ကိုတော့ တိုးတိုးလေး ကပ်မှာထားရသေးတယ်။

“ အမေကြီးတို့ကို ပြောပေးပါ။ ခရမ်းသီးနှပ်ကို ညိုမကြိုက်တော့ဘူးလို့။ နော် မေမေ.. ”

မေမေက ရယ်နေတယ်။

ရွာရောက်တော့ အဘိုးနဲ့ အဘွားက ပြုံးလို့။  နေလောင်ထားလို့ တွန့်နေတဲ့ အရေးအကြောင်းတွေ ထင်းရှင်းနေသလို ညို သူတို့ဆီ လာနေမှာမို့ ပျော်ရွှင်ကျေနပ်ကြတဲ့ အရိပ်ယောင်တွေဟာလည်း အထင်းသားပါပဲ။ သည်လိုဆိုတော့လည်း ညို့ရင်ထဲမှာ ဘာကိုကျေနပ်မှန်းမသိ ကျေနပ်လို့ နေမိတယ်။

မမတင်မိုးခိုင်က ထုံးစံအတိုင်း ကော်ဖီနဲ့ မုန့်ကို လာချတယ်။ မုန့်ပန်းကန်ဘေးမှာ သားရေကွင်းအထပ်ထပ်နဲ့ သေသေချာချာ ချည်ထားတဲ့ မုန့်ထုပ်တစ်ထုပ်ကိုပါ လာချတယ်။ ဟင်.. အဲဒီမုန့်။ ညို မြင်မြင်ချင်း မှတ်မိလိုက်တယ်။

“ မေမေ.. အဲမုန့်က မနှစ်ကတည်းက မုန့်ထုပ်ထင်တယ်။ ”

မေမေ့နားလေးကို တိုးတိုးလေး ကပ်ပြောလိုက်တယ်။

“ ဟင်.. ဟုတ်ပါ့မလား သမီးရဲ့။ ”

“ ဟုတ်တယ် မေမေရဲ့။ ကြည့်ပါလား။ ”

“ အသစ်ဝယ်ထားတာ နေမှာပါ။ မနှစ်ကမုန့်ဆို ကုန်လောက်ရောပေါ့။ ”

“ ဟာ မေမေကလည်း.. ညို သေသေချာချာ မှတ်မိတယ်။ မနှစ်တုန်းက ဒီမုန့်ထုပ်ကို အမေကြီး သားရေကွင်းတွေနဲ့ သေသေချာချာ ချည်နေတယ်။ ညို မပြန်ခင် မြင်လိုက်ရတယ် မေမေ။ ”

ညိုတို့နှစ်ယောက် တိုးတိုး တိုးတိုး ပြောနေကြတော့ ဖေဖေက မျက်စပစ်တယ်။

“ ဘာတွေ ပြောနေကြတာတုန်းအေ့။ ”

အမေကြီးက ပြေင်းဖူးဖက်ဆေးလိပ်ကို မီးညှိရင်း လှမ်းမေးတယ်။ ဘဘကြီးကတော့ ထုံးစံအတိုင်း လက်ထဲမှာ သတင်းစာတစ်စောင် ကိုင်ထားပြီး ဆက်တီနောက်မှီကို မှီလို့။ အမေသောင်းရဲ့ အရိပ်အယောင်ကို မတွေ့ရဘူး။ အိမ်လည်ထွက်နေပုံရတယ်။

“ သမီးက ပြောနေတယ်။ အဲမုန့်ထုပ်က မနှစ်တုန်းက သူ့ကို ဖောက်ကျွေးတဲ့ မုန့်ထုပ်နဲ့ တူတယ်တဲ့။ အမေကြီး သိမ်းများထားလား မသိဘူးတဲ့ ”

အမေကြီးက ဆေးလိပ်မီးခိုးငွေ့တွေကို ခပ်သွက်သွက် မှုတ်ထုတ်လိုက်ပြီးတော့ ခေါင်းညိတ်ပြတယ်။

“ ဟုတ်တယ်လေ။ သူ ကြိုက်တယ်ဆိုတော့ နောက်တစ်ခါ ကျွေးဖို့ ငါ သိမ်းထားတာ။ နောက် ပြန်ရှာဝယ်ရင် မတွေ့မှာစိုးလို့။ လေမဝင်အောင် သားရေကွင်းနဲ့ သေသေချာချာ အထပ်ထပ် ချည်ပြီး စည်းပြီးမှ ဒန်အိုးအလွတ်တစ်ခုထဲ ထည့်သိမ်းထားတာအေ့။ အိမ်ကို ဘယ်သူလာလာ ချကျွေးတာမဟုတ်ဘူး။ ဟိုးတလော သီတင်းကျွတ်တုန်းကတောင် သူ့ကို ချကျွေးဖို့ ငါမေ့သွားလို့။”

အမေကြီး စကားဆုံးတော့ မေမေက ဘာပြန်ပြောရမှန်း မသိတော့လို့ ထင်ပါရဲ့။ ရယ်လို့နေတော့တယ်။ ညိုလည်းပဲ မေမေနဲ့အတူ လိုက်ယောင်ပြီး ရယ်မောလို့။


လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

19 comments:

ကြည်ဖြူခင်ခင် said...

်မမမြတ်ရေ.. ညလေးမှာလည်း ဘေးဘေးရှိတယ်.. ဒါမယ့် အဲ့လို တူတူမနေဖူးဘူး.. ဖေဖေ့ရဲ့မေမေ ဖွားဖွားနဲ့တော့ ခပ်ကြာကြာနေဖူးတယ်.. အရမ်းလည်းချစ်တယ်.. အဲ့လိုသက်ကြီးဖိုးဖွားဘိုးဘေးတွေနဲ့နေရတာ.. ကလေးလေးတွေနဲ့နေရသလိုပါပဲ..ပျော်ဖို့ကောင်းတယ်..မမမြတ်စာကိုဖတ်ရင်း ဖွားဖွားကိုတောင် သတိရသွားမိတယ်..

ချစ်ခင်ရပါသော
ညလေးချို

စံပယ်ချို said...

ရွာဓလေ့လေးမြင်ရတယ်ခရမ်းသီးနပ်စားချင်တယ်
တနှစ်လုံးသိမ်းထားတဲ့မုန့်လဲ....မျော်လင့်မိတယ်
ကိုယ် အဲလို-မေတ္တာမရခဲ့လို့ပါ

Anonymous said...

မိဘ ဘိုးဘွား ချစ်ခြင်းမေတ္တာသံယောဇဉ် လေးကိုဖွဲ့  ပြထားတာ ရင်ကိုထိပါတယ် မြန်မာ့ ကျေးလက်တော၇ွာ သဘာဝလေးတွေကိုလည်း မြင် ယောင်သတိ၇မိပါတယ်..၇သမြောက်အောင်ရိုးရိုးရှင်းရှင်းလေးရေးဖွဲ့  ထားတာမို့ နှစ်သက်ပါတယ်ရှင်။

ရှေးစာဆို said...

ဝတ္ထုလေးက မြေးအဘွားသံယောစဉ်နဲ့ ချစ်ခြင်းမေတ္တာကို ပါးပါးနပ်နပ်လေး လှပ်ပြသွားနိုင်တယ်။ စာကောင်းလေးတစ်ပုဒ်ပါ။ ဒီဘလော့နဲ့ ဖဘပေါ်မှာတင် သာယာမနေစေချင်ပါ။ ပရင့်ဖက်ကို ဝင်သင့်နေပါပြီ။ ထုတ်မယ်ကြေညာထားတဲ့ စာအုပ်လည်း ထုတ်သင့်နေတာ ကြာပါပြီ။

Anonymous said...

ဒါလေးက ဖတ်ရတာ အိပ်ယာဝင်ပုံပြင်လေးနဲ့တူတယ်လို့ ခံစားမိတယ် မမြတ်၊ နောက်ပိုင်း ရေဟန်လေးတွေ တစ်မျိုးနဲ့တစ်မျိုး မတူတာလေးတွေကို သတိထားမိတယ်၊ မိုက်စ်၏။ :)

အိသီရိတင် said...

ငယ်ဘဝလေးကို လွမ်းသွားပြီ မမရေ။ ညီမလေးတို့ ငယ်ငယ်တုန်းက နွေဆို သိပ်ပျော်ခဲ့ကြတာ၊ ကစားခဲ့ကြတာတွေ သတိရမိတယ်။

ဟန်ကြည် said...

မြေးကို သိပ်ချစ်တတ်တဲ့ အညာက ဘိုးဘွားတွေကို ပြန်သတိရပြီး လွမ်းမိတယ်ဗျာ...တကယ်တော့ တောသူတောင်သား ဘိုးဘွားတွေဟာ တကယ့်ကို သံယောဇဉ်ကြီးကြသူတွေပါ...မြို့သား မြေးတွေမြစ်တွေလာရင် တာဝန်မကျေမှာ သူရို့လေးတွေ ငြိုငြင်မှာ အင်မတန်ကြောက်ကြတဲ့ စိတ်ထားလေးတွေကို ထင်ဟပ်နေတဲ့ သည်ပို့စ်ကိုဖတ်ရင်း ဆွတ်ပျံ့လွမ်းမောဖွယ် သန္တရသကို ပီပီပြင်ပြင် ခံစားမိပါရဲ့...

Aunty Tint said...

ညအိပ်ယာမ၀င်ခင်လေးတင် မြတ်ရဲ့ 'ခရမ်းရောင်မေတ္တာ' ၀တ္ထုလေးဖတ်ပြီးခဲ့တာ မိုးလင်းကထဲက အပြင်ထွက်နေရလို့ အခုမှ ကွန်မန့်ဝင်ပေးဖြစ်တယ် မြတ်ရေ...
ဇာတ်ဝင်ခန်းလေးတွေကို မြတ်လို ပီပီပြင်ပြင်လေးတွေ ရေးတတ်အောင်လေ့ကျင့်အုံးမယ် ..

မေတ္တာဖြင့်
တီတင့်

Thiha said...

ဖတ်လို့ အရမ်းကောင်းပါတယ်။ မနက်ဖန်ပဲ မြန်မာပြည်ကို အလည်ပြန်မလို့ပါ။ အိမ်အလည်မပြန်ခင် ဒီစာလေးဖတ်ရတာ အရမ်းပဲ အကျိုးရှိပါတယ်။ အဘွားနဲ့အတူ အချိန်ပေးပြီး နေမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဝတ္တုလေးအတွက် ကျေးဇူးတင်ပါတယ်။

မိုးရေထဲကကောင်လေး said...

မြေးကိုချစ်တဲ့ အဘိုးအဘွားတွေရဲ့ ချစ်ခြင်းမေတ္တာ၊ တောသူတောင်သားတွေရဲ့ ရိုးသားမှု၊ နောက်ပြီးတော့ မိသားစုအဖွဲ့လေးကို ရိုးရိုးရှင်းရှင်းလေးနဲ့ လှပအောင်ရေးဖွဲ့ထားတာကို အရမ်းဘဲ သဘောကျမိပါတယ် မြတ်ရေ။ ဇာတ်လမ်းလေးက ဖတ်ရတာလည်း ရိုးရိုးလေး။ ပြီးတော့ ဖတ်လို့လည်း အရမ်းကောင်းတယ်။ တကယ့်ရသဝတ္တုလေးတစ်ပုဒ်ပါပဲ။

John ဂျွန် said...

ဝတ္ထုကောင်းလေးတစ်ပုဒ်ပေါ့ နွယ်။ ကိုယ်နှစ်သက်တယ်။ အကြောင်းအရာ၊ အရေးအဖွဲ့ ဘာမှပြောစရာမရှိဘူး။ ပါဖက်ပါပဲ နွယ်။

မြသွေးနီ said...

တောသူတောင်သားတွေရဲ့ ရိုးသားတဲ့ ပွင့်လင်းတဲ့ ဓလေ့တွေအများကြီးတွေ့လိုက်ရတယ်။ နောက်တစ်ကြိမ်လာချိန်မှာ ခရမ်းသီးနှပ်ပြီး စောင့်နေမယ်ထင်တာ...
နှစ်ချို့နေတဲ့မုန့်နဲ့ ဆီးကြိုတာခံခဲ့ရတာလေးနဲ့ အနားသတ်လိုက်တော့ ချစ်ဖို့ အင်မတန်ကောင်းတဲ့ ပို့စ်လေးတစ်ပုး ဖြစ်သွားရတယ်..။

Anonymous said...

ဖတ်လို့အရမ်းကောင်းပါတယ်။ ရွာဓလေ့ တောသူတောင်သားစရိုက်ကို ပါးပါးလေးလှပ်ပြထားတာ အတုယူစရာကောင်းပါတယ်။ နောက်ပြီး ဝတ္ထုလေးကို မထင်မှတ်ထားတဲ့ အဆုံးသတ်လေးနဲ့ သတ်ထားလိုက်တာ စာရေးသူ တော်ပါပေတယ်။

မောင်သီဟ said...

ပို့စ်အရှည်တွေဆို ကူးပြီးပြန်ပြန်ဖတ်ဖြစ်တယ်
ကွန်မင့်တော့ပြန်မရေးဖြစ်ပါဖူးဗျာ
း)
အားတိုင်းရောက်နေကြောင်းပါ

Aung Kyaw Zeya said...

ချစ်စရာ မြေးနဲ့ အဘိုးအဘွားတွေကို တွေ့လိုက်ရတယ်။ အရမ်းပဲ ဖတ်လို့ ကောင်းပါတယ်။ ဆရာမရဲ့ လက်ရာတွေက တိုးတက်ပြီး တိုးတက်လာတယ်။ ရေးဟန်တွေလည်း ပြောင်းလဲတယ်။ အမြဲတမ်း အားပေးနေပါတယ်။ အောင်မြင်သထက် အောင်မြင်ပါစေလို့လည်း ဆုတောင်းပါတယ်။

ဇေယျာ said...

ခုတလော စာရေးလေးတွေ စိပ်လာတယ်နော် မြတ်။ အရင်ကလိုထင်လို့ ဒီအပုဒ်တင်တာ ချက်ချင်းမသိလိုက်ဘူး။ ပေ့ခ်ျမှာမြင်မှ သိတော့တယ်။ ဝတ္ထုလေးက ကောင်းတယ်။ အသေးစိပ်လေး ဖော်ကျူးထားတာ အရမ်းမိုက်တယ်။

Anonymous said...

ဝတ္ထုဖတ်သွားတယ် ဆ၇ာမ။ ခုတလော လက်၇ာတွေသိပ်ပြောင်နေတယ်။

ဘုန်းဘုန်း

နှင်းနဲ့မာယာ said...

မမ
ခရမိးသီးနှပ်လေးကိုလဲ သဘောကျတယ်... အဘိုးတွေ အဘွားတွေအများကြီးရဲ့ သဘာဝလေးကို ဖွဲပြထားတာ သိပ်သဘာဝကျတာပဲ...
မမက သိပ်ကံကောင်းတဲ့ မြေးမလေးပေါ့...

ချစ်သော
နှင်း

Unknown said...

အဖိုးအဖွားတွေကို သတိရရင်းနဲ့ပဲ နှစ်နှစ်သက်သက် ဖတ်သွားပါတယ် ... အစ်မမြတ်ရေ ..