Saturday 26 October 2013

မြတ်နိုးမှုလက်ဆောင်



ဘာမှမရှိသော မနက်ဖြန် အလွတ်တစ်ခုထဲသို့ မျှော်လင့်ခြင်းအချို့ကို ထည့်လိုက်သည်။


မျက်လုံးအစုံကို မှိတ်၍ ထားလိုက်သောကြောင့် အိပ်စက်ခြင်းတို့၏ ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားရပေဦးမည်။ အိပ်မက်တို့၏ အရှင်သခင်ဖြစ်သော အိပ်မက်စောင့်နတ်သမီးသည် သာယာနာပျော်ဖွယ် တေးသံတို့ဖြင့် အိပ်မက်တို့ကို ညဦးယံသို့ ယူဆောင်လာပေလိမ့်မည်။ အိပ်မက်တို့သည်ပင်လျှင် ည၏ တန်ဆာပလာဖြစ်၏။

အိပ်မက်ထဲတွင် ချစ်သူ့လက်ကို မြဲမြဲဆုပ်ကိုင်ကာ အဆုံးအစမရှိသော မိုးကောင်းကင်ထဲ၌ ပြေးလွှားနေမိသည်။ တိမ်ဖြူဖြူတစ်အုပ်နှင့် တွေ့၏။ ချစ်သူက သူ၏ လက်တို့ဖြင့် တိမ်တွေကို ထိတွေ့ဆော့ကစားလိုက်သည်။ ထို့နောက် ကျေနပ်စွာဖြင့် လှလှလေး ပြုံးသည်။ ချစ်သူ၏ အပြုံးတို့ကြောင့် တိမ်တို့သည် ရိုကျိုးဝပ်တွားစွာ ခယလျက် ခရီးဆက်ကုန်ကြ၏။

နှင်းဆီပန်းရနံ့တို့ဖြင့် ထုံမွှမ်းနေသော ဥယျာဉ်တစ်ခုထဲသို့ ရောက်လာကြသည်။ ဆူးမရှိသော နှင်းဆီ နီနီရဲရဲ တစ်ပွင့်အား ချစ်သူက ခူးယူပြီးနောက် ကျွန်မ၏ ဆံနွယ်ထက်တွင် ပန်ဆင်ပေးလိုက်သည်။ ထို့နောက် ချစ်သူက သဲ့သဲ့လေး ပြုံး၏။ ချစ်သူ၏ အပြုံးတို့ကြောင့် လှပသော ရောင်စုံလိပ်ပြာတို့သည် ပန်းဥယျာဉ်ထက်တွင် ဝဲပျံကခုန်ကြလေသည်။

တောင်တန်းစိမ်းစိမ်းတို့ပေါ် ရောက်လာခဲ့ပြီ။ တောင်ကျစမ်းရေတို့သည် တသွင်သွင် စီးဆင်းနေကြ၏။ စမ်းရေတို့၏ ဂီတရေစီးသံကြောင့် ချစ်သူက ပါးလျသော နှုတ်ခမ်းလွှာလေးတစ်စုံ ကွေးညွှတ်သွားရုံ ပြုံးလိုက်သည်။ ထိုအခါ ချစ်သူ၏ မေးစေ့မှ အချိုင့်လေးကို ပီပီပြင်ပြင် မြင်လိုက်ရ၏။ ချစ်သူ၏ အပြုံးကြောင့် ရွှေရောင်ငါးကလေးများ ကူးခတ်ကုန်ကြသည်။

ဆောင်းတွင်း အိပ်မက်သည် ကယောက်ကယက် ရှိလှ၏။ အိပ်ရာထက်တွင် ငြိမ်သက်စွာ လဲလျောင်းနေမိသည်။ ညသည် တစ်ဝက်ပင် မကျိုးသေးပါ။ အပြင်ဖက်တွင် အရိုးခိုက်အောင် အေးနေပေလိမ့်မည်။ ပြတင်းတံခါးမှ တဆင့် နှင်းတို့ ကျနေသည်ကို  မှုန်မှုန်ဝါးဝါး လှမ်းမြင်နေရသည်။

ချစ်သူ၏ အမည်နာမအား နှလုံးသားထက်တွင် ကဗ္ဗည်းတင်ထားမိ၏။ ချစ်ခြင်းမေတ္တာဟူသည် ချစ်ခြင်း၏နောက်တွင် မေတ္တာတရားရှိသည်ဟု ပြောချင်တာများလား။ ကျွန်မကတော့ ထိုသို့ ယူဆလိုက်သည်။

ချစ်သူ၏ အပြုံးတို့သည် နံနက်ခင်းတွင် အဦးဆုံး မြင်တွေ့ရသော နေရောင်ခြည် ဖြစ်သည်။ ချစ်သူ၏ အပြုံးတို့ဖြင့် နှလုံးသွေးတို့ နွေးထွေးရ၏။ ချစ်သူ၏ အပြုံးတို့သည်ပင်လျှင် အိပ်မက်တို့၏ သခင်၊ မျှော်လင့်ချက်အပေါင်း၏ ရေသောက်မြစ် ပြီးတော့ ပျော်ရွှင်မှုအပေါင်း မြစ်ဖျားခံရာအရပ်ဒေသ ဖြစ်နေပြန်သည်။

အဖိုးတန် ရတနာပစ္စည်းများဖြစ်ကြသော စိန်၊ရွှေ၊ကျောက်သံပတ္တမြားတို့အား တန်ဖိုးဖြတ်ရာတွင် ရတီဖြင့် တိုင်းတာကြသည်။ ကျွန်မကတော့ လောကတွင် ရှိရှိသမျှသော အဖိုးတန် ရတနာတို့အနက် မေတ္တာတရားသည် ရတီအမြင့်ဆုံး ရတနာတစ်ပါးဟု ဆိုချင်သည်။

ဆံပင်တွေ တဖြည်းဖြည်း ရှည်လာသည်။ တရားသဘောတို့ ပါးလျကုန်ကြပြီ ထင်၏။ လက်ရှိ အချိန် တင်္ဒဂလေးမှာပင် ဆံပင်တွေ ရှည်လာနေသည်ကို သတိပြုမိသင့်သည်။ ပစ္စုပ္ပန်ကို လွှတ်ချလိုက်မိသည်နှင့် စိတ်တို့သည် မရေတွက်နိုင်သော အဟုန်ဖြင့် ချစ်သူရှိရာ အရပ်သို့ ဦးတည်ထွက်ခွာသွားကြသည်။

အိပ်မပျော်သူတို့အဖို့ ညတာသည် ရှည်စမြဲ ဖြစ်သည်။ ဇွတ်မှိတ်အိပ်ဖို့ ဆန္ဒမရှိတော့သည့် တစ်ရေးနိုးညတွေလည်း များခဲ့ပြီ ဖြစ်၏။ ထိုညများတွင် စိတ်ဇက်ကြိုးတို့အား အသာဖြေချ ထားလိုက်တော့သည်။ ထို့နောက် နှုတ်မှလည်း ခပ်ဖွဖွလေး ရေရွတ်အမိန့်ပေးမိစမြဲ။
  အလင်းထက်မြန်သော အရှိန်ဖြင့် ချစ်သူထံ ကဆုန်ပေါက် ပြေးစေ .. 

ဒီလိုနှင့် အာရုံကျင်း၍ အလင်းရောက်တော့မည်။ မနက်ဖြန်ကို ချောင်းကြည့်လိုက်တော့ ဘာမှ ရှိမနေသည့် အလွတ်တစ်ခု မဟုတ်တော့။

အလို .. ချစ်သူ့လက်နှင့် ပျိုးထားသော မျှော်လင့်ခြင်း သစ်ပင်ငယ်လေးက နေရောင်ခြည်ကို ငံ့လင့်နေသည်ကော။ ။


လေးစားစွာဖြင့်
မြတ်ပန်းနွယ် 

16 comments:

THS said...

နူးညံ့သိမ်မွေ့သော ခံစားမှု နှင့် လှပသောသရုပ်ဖော်ရေးဖွဲ့မှု တို့ ပေါင်းစုံသွားခဲ့ သော် ၊မေတ္တာတရားသည်ပင်လျှင် မြတ်နိုးမှုလက်ဆောင် ဖြစ်နေတတ်ပေသည် ။

PS>> HAPPY BIRTHDAY TO SOMEONE

Cameron said...

ချစ်စရာအမှတ်တရစာစုလေး....း)

ဆွေလေးမွန် said...

နူးနူးညံ့ညံ့ အဖွဲ့ အနွဲ့ လှပလွန်းပါဘိ.

Anonymous said...



အလင်းထက်မြန်သော အရှိန်ဖြင့် ချစ်သူထံ ကဆုန်ပေါက် ပြေးစေ ..

စံပယ်ချို said...

မျော်လင့်ခြင်းသစ်ပင်လေး နေရောင်မြန်မြန်ရပါသေလို့
လာရောက်ဆုတောင်းပေးခဲ့ပြီနော်

Reader said...

ချစ်ခြင်းမေတ္တာဟူသည် ချစ်ခြင်း၏နောက်တွင် မေတ္တာ တရားရှိသည်ဟု ပြောချင်တာများလား။ ကျွန်မကတော့ ထိုသို့ ယူဆလိုက်သည်။

ဟုတ်တယ်နော် မမြတ် :)

Yoemyaykya said...

အမှတ်တရ စာဖွဲ့လေး ခံစားသွားပါတယ်။
မနက်ဖြန် အလွတ်ထဲ မျှော်လင့်ခြင်းတွေ ထည့်လိုက်ပါပြီ။

ဟန်ကြည် said...

အရေးအသား နူးညံ့သိမ်မွေ့လိုက်တာ...ဘာပဲရေးရေး ဒိုးဒိုးဒင်းဒင်းကြီးပဲ ထွက်နေရှာတဲ့ ဦးဟန်ကြည်တစ်ယောက် သဘောတကျနဲ့ အထပ်ထပ် ပြန်ဖတ်မိသွားပါကြောင်း...

3rdthameetaw said...

မေတ္တာတရားသည် ရတီအမြင့်ဆုံး ရတနာတစ်ပါး

......ဆိုထိုက်ပါတယ် မြတ်ရယ်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ရောက်လာတယ်မြတ်ရေ.. လက်ဆောင်ကလေးက မြတ်နိုးစရာလေး

ငြိမ်းစိုးဦး said...

မေတ္တာတရားသည် ရတီအမြင့်ဆုံး ရတနာတစ်ပါး ... လို့ လှပစွာ ၀တ်မှုန်ကူးပေးတာ ...

blackroze said...

မနက်ဖန်တိုင်းမှာ မျှော်လင့်ချက်တွေ
ပြည့်နေပါစေနော်..

ခင်တဲ့ ပစ်ပစ်

အိပ်မက်ကောင်းကင် said...

မရောက်တာကြာလို့ အလည်တစ်ခေါက်ရောက်လာခဲ့ပါတယ်
အရေးအသားလေးတွေ၊တင်စားထားပုံလေးတွေက အတုယူစရာကောင်းလှတယ်
ဘာပဲဖြစ်ဖြစ် မမမြတ်ပန်းနွယ်ကိုအရမ်းအားကျတယ်
ပျော်ရွှင်စရာနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

မိုးရေထဲကကောင်လေး said...

ချစ်သူတော့ ပျော်နေတော့မှာပဲ မြတ်ရေ။

Anonymous said...

ဆရာမရဲ့ ချစ်သူ ကံကောင်းလိုက်တာ။

ထွန်းရန်နိုင်

Thiha said...

ဒီလိုစာစုလေးကို ချစ်သူဆီက လက်ဆောင်ရသူဟာ သိပ်ပြီးတော့ ကံကောင်းသူပါပဲ။ အားကျမိပါတယ်။