၁။
ဆံပင်ဆေးဆိုးတဲ့
ဗူးကလေးတွေရယ်၊ ဇလုံသေးသေးလေး တစ်ခုရယ်၊ သွားပွတ်တံအဟောင်းလေးတစ်ချောင်းရယ် ပြီးတော့
ကြည့်မှန်သေးသေးလေးတစ်ခုရယ်ကို ကိုင်ပြီး မေမေက တွယ်တာ စာဖတ်နေတဲ့ အိမ်ရှေ့စားပွဲလေးနား
ရောက်လာတယ်။
“ မေမေ
ဘာလုပ်မလို့လဲ။ ”
“ မေမေ
ဆံပင်ဆေးဆိုးမလို့ သမီး။ အိမ်ထဲမှာ မှောင်လို့လေ။ အခု ဆိုးထားလိုက်တော့ တော်ကြာလို့
ရေချိုးရင် ခေါင်းပါ တစ်ခါတည်း လျှော်လို့ရတာပေါ့။ ”
“ မေမေက
ဆေးဆိုးနေရပြီပေါ့ ”
“ ဆိုးရပြီပေါ့
သမီးရယ်။ ကြာပါပေါ့။ မေမေမှ မငယ်တော့တာပဲကွယ်။ ”
တွယ်တာ့
ရင်ထဲမှာ တစ်မျိုးခံစားလိုက်ရပြီး မေမေ့မျက်နှာကို သေချာမော့ကြည့်လိုက်မိတယ်။ မေမေ
အိုသွားခဲ့ပြီပဲ။ မေမေ့အသက် တဖြည်းဖြည်းကြီးလာခဲ့မှန်း တွယ်တာ သိပေမယ့် အသက်ကြီးခြင်းနဲ့အတူ
အိုမင်းခြင်းပါ တွဲပါနေတယ်ဆိုတာကို တွယ်တာ လုံးဝ မေ့နေခဲ့တယ်။
“ သမီး
ဆိုးပေးမယ် မေမေ .. ဒါပေမယ့် ဆေးဘယ်လိုစပ်ရမလဲ သမီးမသိဘူး။ ”
မေမေက ခပ်တွေတွေလေး
စဉ်းစားလိုက်သေးတယ်။ ပြီးတော့မှ ပြုံးပြီး ခေါင်းညိတ်ပြတယ်။
မေမေ ရောစပ်ပေးထားတဲ့
ဆိုးဆေးလေးကို သွားပွတ်တံအဟောင်းလေးနဲ့ ကော်ပြီး မေမေ့ငယ်ထိပ်နေရာလေးက ဆံပင်အဖြူလေးတွေ
စပြီး ဆိုးပေးလိုက်တယ်။ မေမေ့မှာ ဆံပင်ဖြူလေးတွေ သိပ်များတာပဲ။
“ သမီး..
အထဲက ဆံပင်ဖြူတွေကိုပါ သေချာလေး ပါအောင် ဆိုးပေးနော်။ ”
“ ဟုတ်ကဲ့
မေမေ။ ”
ကြည့်မှန်သေးသေးထဲကနေ
မြင်နေရတဲ့ မေမေ့ကို လှမ်းပြုံးပြလိုက်တယ်။ မေမေက တွယ်တာကို ပြန်ပြုံးပြတယ်။ မေမေ့
မျက်ဝန်းထဲက အပြုံးလေးတွေ တောက်ပနေသေးပေမယ့် မေမေ့ မျက်လုံးတွေကတော့ အရေးအကြောင်းတွေနဲ့
တွဲကျနေခဲ့ပြီဆိုတာ တွယ်တာ သတိထားမိလိုက်တယ်။
မေမေ အိုမင်းရင့်ရော်လာခဲ့တာကို
ငါဘာလို့များ သတိမထားမိခဲ့ရတာလဲ .. ။
ဆိုးဆေးအနက်ရောင်တွေ
ဖုံးလွှမ်းသွားပြီဖြစ်တဲ့ မေမေ့ ဆံပင်လေးတွေက တွယ်တာ မြင်ကွင်းထဲမှာ ဝါးသထက် ဝါးလာခဲ့တယ်။
စိတ်ကို တင်းနေတဲ့ ကြားထဲက ဝမ်းနည်းစိတ်တွေက တလှိမ့်လှိမ့် တက်လာခဲ့တယ်။ မျက်ရည်ပူတစ်စက်က
မေမေ့ဦးခေါင်းထက် ဖောက်ကနဲ ကျသွားတယ်။ အဲဒီနောက် နောက်ထပ် တစ်စက်ပြီး တစ်စက်။
“ ဟင်..
သမီး။ ”
ပူနွေးတဲ့
အထိအတွေ့ကြောင့်ပဲလား။ မှန်ထဲကနေ မြင်လိုက်လို့ပဲလား မသိဘူး။ မေမေက တွယ်တာ့ကို လှည့်ကြည့်တယ်။
သွားပွတ်တံ ကိုင်ထားတဲ့ လက်ရဲ့ လက်ခုံနဲ့ မျက်ရည်တွေကို ပွတ်သုတ်လိုက်ပြီး မျက်ရည်တွေ
ကြားကနေ မေမေ့ကို ပြုံးပြလိုက်တယ်။
“ သမီး..
ဘာလို့ ငိုနေတာလဲ။ ”
မေမေက တွယ်တာ့လက်ထဲမှာ
ကိုင်ထားတဲ့ ဆိုးဆေးတွေ ထည့်ထားတဲ့ ဇလုံးလေးရယ်၊ သွားပွတ်တံလေးကို လှမ်းယူလိုက်ပြီး
စားပွဲပေါ် တင်လိုက်တယ်။ အဲဒီနောက် တွယ်တာ့ကို လက်နှစ်ဖက် ကမ်းပေးတယ်။
“ မေမေ..
တကယ် အသက်ကြီးသွားပြီနော်။ မေမေ အသက်တွေကြီးပြီး ပြောင်းလဲသွားခဲ့တာကို သမီး မသိလိုက်ဘူး။
”
ပြောပြောဆိုဆိုနဲ့
ရှိုက်ငိုရင်း မေမေ့ရင်ခွင်မှာ မျက်နှာအပ်ထားလိုက်မိတယ်။ မေမေက တွယ်တာ့ ကျောကလေးကို
ပုတ်ပေးနေတယ်။ စိတ်ရှိလက်ရှိ ငိုကြွေးရင်း မေမေ့ရင်ခွင်မှာ တွယ်တာ ငြိမ်သက်နေမိတယ်။
၂။
“ သမီးကလေ
မွေးကတည်းက လေနာ ပါလာတာ သိလား။ ညနေ၊ညနေဆို သမီးမှာ လေနာပြီ။ သမီး မျက်နှာလေး ရှုံ့မဲ့နေပြီး
သမီးလေးငိုတယ်ဆိုရင်လေ မေမေ့မှာ သိပ်စိတ်ဆင်းရဲရတာ။ မေမေက သမီးလေးကို ပွေ့ချီပြီး သမီးလေး
အိပ်မပျော်မချင်း လမ်းလျှောက်သိပ်ခဲ့တာ သမီးရဲ့ ”
လေနာလို့ဆိုပြီး
တဂျီဂျီလုပ်နေတဲ့ တွယ်တာ့ကို မေမေက အိပ်ရာထက်မှာ လှဲစေပြီး ဗိုက်ကို အုန်းဆီပူကလေးရယ်
ပြာကလေးရယ် ရောပြီး လိမ်းပေးနေတယ်။ မှတ်မှတ်ရရ အဲဒီတုန်းက တွယ်တာ သုံးတန်း။
တွယ်တာက
ခဏခဏ နေမကောင်းဖြစ်တတ်ပြီး နေမကောင်းဖြစ်ပြီဆိုရင် မေမေ့ကို ဘေးနားမှာ တစ်ချိန်လုံး
ရှိစေချင်ခဲ့တယ်။ မေမေကလည်း တွယ်တာ့ဘေးက တစ်ဖဝါးမခွာဘဲ အမြဲအတူ ရှိပေးခဲ့တယ်။ တွယ်တာ
အိပ်ပျော်နေတုန်း မေမေက တစ်ခုခုထလုပ်ချိန်မှာ နိုးလာပြီး မေမေ့ကို မတွေ့ရရင် အသံကျယ်ကြီးနဲ့
အော်ခေါ်တတ်ခဲ့တယ်။ မေမေ အပြေးအလွှားရောက်လာပြီဆိုရင်လည်း နှုတ်ခမ်းကြီးစူ၊ မျက်စောင်းကြီးထိုးပြီး
စိတ်တွေ အကြီးအကျယ်ကောက်ခဲ့ဖူးတယ်။ အဲသည်လိုမျိုးတိုင်း မေမေက တွယ်တာ့ကို စိတ်ရှည်လက်ရှည်
ချော့မြူလေ့ရှိတယ်။ “ သမီးရယ်.. မေမေက သမီးလေးနိုးလာရင်စားဖို့ သွားပြီးပြင်ဆင်ချက်ပြုတ်နေတာပါ
သမီးလေးရဲ့။ သမီးလေးကို ထားသွားတာ မဟုတ်ဘူးနော် ” ဆိုပြီး တွယ်တာ့မျက်နှာကို တရှုးရှုးနဲ့
မွှေးတယ်။ အဲဒီအခါကျမှ တွယ်တာက စိတ်ကောက်ပြေလေ့ရှိတယ်။
ဒါပေမယ့်
မေမေ ဖျားနာခဲ့ဖူးပါရဲ့လားလို့ ပြန်တွေးယူရလောက်အောင်အထိ တွယ်တာ မေမေ့ကို ဂရုတစိုက်
မပြုစုခဲ့ဖူးဘူး။ လူသားတစ်ယောက်ပီပီ မေမေ ဖျားနာနေချိန်တွေမှာ တွယ်တာ ဘာတွေများ လုပ်နေခဲ့ပါသလဲ။
တွယ်တာ တအံ့တသြ ပြန်တွေးနေမိတယ်။ မေမေ နေမကောင်းဖြစ်နေတဲ့အချိန်ကို တွယ်တာ မသိခဲ့ဘူး။
ဘယ်လောက်များ အံ့သြဖို့ ကောင်းသလဲနော်။
၃။
တွယ်တာ့မှာ
မျက်ခုံးမွှေးအဆွဲရလွတ်အောင် လှပပြီး နက်မှောင်သွယ်တန်းတဲ့ မျက်ခုံးမွေးလေးတွေ ရှိတယ်။
နှာတံသွယ်သွယ်လေး ရှိတယ်။ ပြီးတော့ နားရွက်ကားကားလေးလည်း တစ်စုံရှိတယ်။ မေမေ့ ကျေးဇူးကြောင့်သာ
မဟုတ်ရင် တွယ်တာမျက်နှာလေးက သည်လောက် ပြီးပြည့်စုံခဲ့မှာ မဟုတ်ဘူး။
မေမေ ပြောပြလေ့ရှိတဲ့
စကားလေးတွေကို အခုနေ ပြန်တွေးကြည့်တော့ တွယ်တာ မှတ်မိနေသေးတယ်ဆိုတာ သိလိုက်ရတယ်။
“ သမီးလေး
အူတာရဲလေးကတည်းက မေမေကလေ သမီးလေး ကြီးလာရင် လှစေချင်လို့ ကွမ်းရိုးလေးကို ပါးစပ်လေးနဲ့
ကိုက်ကိုက်ပြီး မျက်ခုံးမွေးလေးတွေကို သမီးမျက်နှာကျလေးနဲ့ လိုက်ဖက်အောင် ဆွဲပေးတာ။
ကလေးတွေ ငယ်တုန်း အဲသည်လိုလေး ဆွဲပေးရင် မျက်ခုံးမွေးလေးတွေက ဆွဲထားတဲ့အတိုင်း ပေါက်တယ်
လို့ မေမေ့ကို သူများတွေက ပြောတာကိုး။ သမီးကို မနက်တိုင်း မျက်ခုံးမွေးဆွဲပေးဖို့ မေမေ
မပျင်းခဲ့ဖူးဘူး သိလား။ ”
“ ပြီးတော့
သမီးရဲ့ နှာခေါင်းလေး။ သမီးရဲ့ နှာခေါင်းလေးက မပြားပါဘူး။ ဒါပေမယ့် သိပ်ပြီးတော့လည်း
မချွန်တော့ မေမေက သမီးကြီးလာရင် မလှမှာ စိုးရိမ်တာပေါ့။ အဲတာနဲ့ သမီးရဲ့ နှာခေါင်းကလေးကို
လက်ကလေးနဲ့ ဖွဖွလေး ဆွဲဆွဲပေးသေးတယ်။ သွယ်တန်းနေအောင်လို့လေ ”
“ သမီးရဲ့
နားရွက်ကလေးကတော့ မှတ်မှတ်ရရပဲပေါ့ သမီးရယ်။ သမီးရဲ့ ဘယ်ဖက်နားရွက်ကလေးက ဗိုက်ထဲမှာများ
ဖိမိခဲ့လို့လား မသိဘူး။ မွေးလာကတည်းကလေ ဘယ်ဖက်နားရွက်ဖျားကလေးက ရှေ့ကိုခေါက်နေတယ်။
အဲတာ မေမေက သမီးလေးကို နို့တိုက်တိုင်း နားရွက်အခေါက်ကလေးထဲကို လက်ချောင်းကလေးထည့်ပြီး
နောက်ကိုတွန်းထား ပေးတယ်။ ကလေးတွေ ငယ်တုန်း အရိုးနုတုန်းမို့ ပြင်လို့ရတယ်လေ။ အဲတာ
တဖြည်းဖြည်းနဲ့ နားရွက်ကလေးက ပြန့်လာတာ သမီးရဲ့။ သမီးလေး ကြီးလာလို့ နားရွက်ကလေး ခေါက်နေရင်
ရှက်နေမှာစိုးလို့လေ။ မေမေ သမီး တစ်နှစ်ကျော် နို့ဖြတ်သွားတဲ့အထိ နို့တိုက်တိုင်း အဲလိုလေး
လုပ်ပေးတာ ”
ငယ်ငယ်တုန်းက
နွေရာသီကျောင်းပိတ်ရက် နေ့လည်နေ့ခင်းဖက်တွေ တွယ်တာကိုချော့သိပ်ရင်း မေမေက ဒီအကြောင်းလေးတွေကို
မကြာမကြာ ပြောပြခဲ့ဖူးတယ်။ အဲသည်လိုလေးတွေ မေမေ ပြောပြတိုင်း တွယ်တာက ဘာဖြစ်လို့ ကြည်နူးကျေးဇူး
မတင်တတ်ခဲ့ရတာလဲ။
“ မေမေကလည်း
သမီးငယ်ငယ်တုန်းကအကြောင်းတွေပဲ ခဏခဏ ပြောနေတာ.. သမီးကို မေမေ့ရဲ့ ခွေးကြီး ဂျော အကြောင်းပဲ
ပြောပြ။ ”
တွယ်တာ
ငါးတန်းတက်ရမယ့် နွေကျောင်းပိတ်ရက် နေ့လည်ခင်းတစ်ခုမှာ မေမေ့ကို အဲသည်လို ပြောခဲ့ဖူးတာဆိုတာကလည်း
တွယ်တာ့မှတ်ဥာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း ရှိနေသေးတယ်။
၎။
တွယ်တာ
ရှစ်တန်းတုန်းက ဖေဖေနဲ့ မေမေတို့ ဘာလုပ်လုပ်၊ ဘာပြောပြော ဘဝင်မကျခဲ့ဘူး။ နေရာတကာ အရိပ်တကြည့်ကြည့်နဲ့
ဘာမဆို လိုက်ပြောလွန်းတယ်လို့ တွယ်တာ ထင်ခဲ့မိတယ်။ ဒါကြောင့်လည်း ကိုးတန်းကို ရန်ကုန်မှာ
ကျောင်းတက်မယ်နော်လို့ ပူဆာခဲ့တာပေါ့။
ဖေဖေနဲ့
မေမေက “ သမီးက တကယ်တက်ချင်တာလား ” တဲ့။ အဲသည်တစ်ခွန်းပဲ မေးပါတယ်။ တွယ်တာကလည်း “ ဟုတ်တယ်။
တကယ်တက်ချင်တယ် ” လို့ ဖြေခဲ့တယ်။
တွယ်တာ့ကို
မေမေဆယ်တန်းတုန်းက နေခဲ့တဲ့ ဘော်ဒါဆောင်မှာ ထားကြတယ်။ ဘော်ဒါဆောင်အုပ် ဆရာကြီးကလည်း
မေမေ့ ဆရာကြီး၊ တွယ်တာတို့ကို အုပ်ချုပ်မယ့် အဆောင်မှူးဆရာမကလည်း မေမေ့သူငယ်ချင်း၊
နောက်ပြီး Chemistry နဲ့ English သင်တဲ့ ဆရာတွေကပါ မေမေဆယ်တန်းကတည်းက ဆရာတွေ။ အဲသည်လောက်
မေမေ့အရိပ်တွေနဲ့ မကင်းတဲ့ နေရာမှာတောင် မေမေက တွယ်တာ့ကို စိတ်မချစွာနဲ့ ထားခဲ့တာပါ။
တွယ်တာကတော့ ငါတော့ လွတ်ပြီ၊ ကျွတ်ပြီ ဆိုပြီး ရင်ထဲမှာ ကျိတ်ဝမ်းသာရင်း ပျော်ပျော်ရွှင်ရွှင်ကြီး
ကျန်ရစ်ခဲ့ပါတယ်။
အဲသည်ကတည်းက
မေမေနဲ့ တွယ်တာရဲ့ ဝေးကွာခြင်းဟာ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တော့ဘူးဆိုတာ မေမေ သိနားလည်ခဲ့သလိုမျိုး
တွယ်တာက ဘာဖြစ်လို့ ကြိုမတွေးတတ်ခဲ့တာလဲ။
ဘော်ဒါဆောင်စည်းကမ်းတွေအောက်မှာ
ကျဉ်းကျပ်စွာ မခံစားရဘဲ အမေ့အိမ်မှာမှ မပျော်တဲ့ တွယ်တာက ကိုးတန်းပိတ်လို့ အိမ်ပြန်ရတာတောင်
မေမေနဲ့ အတူတူ ရယ်ရယ်မောမော မနေခဲ့ဘဲ ဆယ်တန်းစာတွေချည်း ကြိုကျက်နေခဲ့တယ်။
သည်လိုနဲ့
တွယ်တာဟာ မေမေ့ရင်ခွင်ကနေ ဝေးသထက် ဝေးရာကို ရောက်ခဲ့တော့တယ်။
ဆယ်တန်းဖြေပြီးတော့လည်း
မေမေက တွယ်တာကို ဆရာဝန် ဖြစ်စေချင်ခဲ့တယ်။ တွယ်တာကတော့ တွယ်တာ့သူငယ်ချင်းနဲ့အတူ စင်္ကာပူမှာ
ကျောင်းတက်ချင်ခဲ့တယ်။ ထမင်းမစား၊ ရေမသောက်ဘဲ ဆန္ဒပြတဲ့ တွယ်တာ့ အလိုကို မေမေက လိုက်လျောရပါတော့တယ်။
လေယာဉ်ကွင်းဆင်းတဲ့နေ့မှာ ငါတော့ ဘာမဆို ငါ့စိတ်တိုင်းကျ နေခွင့် လုပ်ခွင့် ရတော့မယ်ဆိုတဲ့
အသိကြောင့် ပြောမပြတတ်အောင် ပျော်နေတဲ့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လွန်ကဲနေတဲ့ တွယ်တာက
မေမေ့မျက်ရည်တွေကို အပြုံးမပျက် လျစ်လျူရှုနိုင်ခဲ့ပါတယ်။
ကမ္ဘာမြေရဲ့
ဆွဲအားနဲ့ ဆန့်ကျင်ပြီး တရိပ်ရိပ် တက်သွားတဲ့ လေယာဉ်ကြီးပေါ်မှာ သူငယ်ချင်းတွေနဲ့ တွယ်တာ
ပြုံးရယ်နေချိန် မေမေ လေဆိပ်က အဆောင်လေးထဲမှာ မျက်ရည်ကျရင်း လက်ပြကျန်ရစ်ခဲ့ရမှာပါပဲ။ ဘာဖြစ်လို့ မေမေ့ကို သနားရကောင်းမှန်း တွယ်တာ မသိခဲ့ရတာလဲ။
၅။
“ မေမေ့ကို
ဖုန်းလေး မှန်မှန်ဆက်ပါ သမီးရယ်၊ မေမေ့ကို တစ်ပတ်တစ်ခါ မဆက်ချင်ရင်တောင် နှစ်ပတ်တစ်ခါလောက်တော့
ဆက်ပါ။ အခုလို သုံးလေးပတ်ကြီး ဖုန်းမဆက်တော့ မေမေ စိတ်ပူလို့ပါ ”
တစ်လတစ်ခါ
ဖုန်းဆက်တာတောင် ဒီလောက် ဂျီရလားဆိုပြီး တွယ်တာ စိတ်ပျက်လက်ပျက် ခံစားမိခဲ့တယ်။
“ မေမေကလည်း..
ဒီမှာ မအားဘူးလေ။ ကျောင်းကလည်း အချိန်ပြည့်တက်ရတယ်။ စာတွေကလည်း အများကြီး။ စနေ၊ တနင်္ဂနွေတွေမှာလည်း
အချိန်ပိုင်းက လုပ်ရသေးတယ်။ အားရင် အားသလိုဆက်မှာပေါ့ မေမေရဲ့ ”
ကက်ကက်လန်
ရန်တွေ့တာ မဟုတ်သည့်တိုင်အောင် တွယ်တာ စကားပြောတဲ့လေသံတွေထဲမှာ စိတ်မရှည်ခြင်းနဲ့ စိတ်ပျက်ခြင်းရဲ့
အရိပ်အငွေ့တွေ ပါနေခဲ့တယ်။ ဒါပေမယ့် မေမေက အပြစ်တင်စကားတစ်ခွန်း မဆိုခဲ့ဘူး။
“ အင်းပါ..
မေမေက သမီးကို စိတ်မချလို့ မဟုတ်ပါဘူး။ သမီးကို စိတ်ချပါတယ်။ မေမေ့ကွယ်ရာမှာဆိုတော့
တစ်ခါတစ်လေ မေမေ စိတ်ပူမိတာပါ ”
မေမေ့ အသံလေး
သိသိသာသာဖျော့ကျသွားတော့မှ “ တစ်ပတ်တစ်ခါ မဟုတ်တောင် နှစ်ပတ်တစ်ခါတော့ ဆက်ဖြစ်အောင်ဆက်မယ်နော်။
စိတ်မပူပါနဲ့ ” လို့ တွယ်တာ ပြောခဲ့တယ်။ ဒါပေမယ့်လည်း မေမေ့ဆီကို တွယ်တာ ဖုန်းမှန်မှန် မဆက်ခဲ့ပါဘူး။
အဲသည်လိုနဲ့
တွယ်တာတို့ မြို့ကလေးမှာ အင်တာနက်လိုင်းတွေ ရသွားတော့ မေမေက တွယ်တာနဲ့ VZO ခဏခဏ ပြောချင်ပြန်တယ်။
မြန်မာပြည်ရဲ့ ကော်နက်ရှင်ကြောင့် ရုပ်မြင်ရတော့လည်း ရုပ်ကထစ်နေ၊ ပြောပြန်တော့လည်း
ကောင်းကောင်းမကြားရတဲ့ အခြေအနေကို တွယ်တာက စိတ်မရှည်ခဲ့ဘူး။ မေမေကတော့ တွယ်တာ့ကိုမြင်ရတာကိုပဲ
စိတ်ချမ်းသာပြီး အင်တာနက်ကို ကျေးဇူးတွေ တင်နေချိန် တွယ်တာကတော့ ကော်နက်ရှင် ဒီလောက်ဆိုးတာတောင်
အွန်လိုင်းခဏခဏ လာရပါ့မလားဆိုပြီး မေမေ့ဆီ ဖုန်းဆက် ရန်တွေ့တတ်ခဲ့တယ်။ ခဏခဏ တွယ်တာ
ရန်တွေ့လို့လား မသိပါဘူး။ “ ကော်နက်ရှင်ကလည်း သိပ်မကောင်းတော့ မေမေတို့တွေ့ရချိန်နဲ့
သမီးကုန်သွားတဲ့အချိန် မကာမိပါဘူး။ သမီးအချိန်လေးတွေက တန်ဖိုးရှိတယ်။ သမီးလေး လုပ်စရာ
ရှိတာလုပ်နော်။ မေမေ အွန်လိုင်းမလာတော့ဘူး ” ဆိုပြီး မေမေ အွန်လိုင်း မလာခဲ့တော့ဘူး။
အဲသည်အတွက် တွယ်တာမှာ တော်တော်လေးကို စိတ်သက်သာရာရခဲ့ဖူးပါသေးတယ်။ တွယ်တာ ဘယ်လောက်များ
ဆိုးသွမ်းခဲ့သလဲနော်။
၆။
တွယ်တာ
ကျောင်းတက်နေတဲ့ တစ်လျှောက်လုံး မေမေ့အိမ်ကို တစ်ခေါက်မပြန်ဖြစ်ခဲ့ဘူး။ မေမေ့ကို တွယ်တာ
ပစ်ထားခဲ့တယ်။ မေမေက အလည်ပြန်လာဖို့ ခေါ်တိုင်း နောက်မှနော်လို့ ပြောခဲ့မိတယ်။ တကယ်တမ်း
ကျောင်းပြီးတော့လည်း တွယ်တာ မပြန်ခဲ့ပါဘူး။
တွယ်တာ
ဘွဲ့ယူတော့ မေမေနဲ့ဖေဖေ အလည်လာခဲ့တယ်။ အဲသည် ၁၀ရက်ကျော်လေးမှာလည်း မေမေ စိတ်ချမ်းသာအောင်
ထားခဲ့တဲ့ သမီးလိမ္မာလေး တွယ်တာ မဖြစ်ခဲ့ပါဘူး။
မေမေက မနက်တိုင်း
တွယ်တာကို ထမင်းစားစေချင်တယ်။ ထမင်းတွေ ထချက်တယ်။ တွယ်တာက မနက်စာမစားဘဲ ဖြစ်သလိုနေတာ
ကြာပြီ။ ဒီတော့ မနက်စာကို ထမင်းစားမဝင်တော့ဘူး။ မေမေကတော့ လှုပ်စိ လှုပ်စိနဲ့ တွယ်တာစားတာကို
အားမရလို့ ထင်တယ်။ “ များများ စားပါ သမီးရဲ့
” ဆိုပြီး ထမင်းတွေရော၊ ဟင်းတွေရော တွယ်တာ ပါးစပ်အပြည့်ဖြစ်အောင် လှမ်းလှမ်းခွံ့တယ်။
“ ပါးစပ်ထဲ ပြည့်လျှံနေအောင် မလုပ်ပါနဲ့မေမေရဲ့၊ စားပါ့မယ်၊ စားလည်းစားနေပါတယ်ဆိုပြီး
” တွယ်တာ ရန်တွေ့ပေမယ့် မေမေကတော့ စိတ်မဆိုးပါဘဲ ပါလာသမျှတွေ ထုတ်ကျွေးတယ်။ ဟင်းတွေ
တစ်မျိုးပြီးတစ်မျိုး ချက်ကျွေးတယ်။
အပြင်လေ
ျှာက်လည်ကြတော့လည်း မေမေနဲ့ တွယ်တာ ပြသနာတက်တာပဲ။ ဖေဖေကတော့ ရှပ်အကျီင်္နဲ့ ဘောင်းဘီဝတ်တာမို့
ကိစ္စမရှိဘူး။ မေမေကတော့ ပါတိတ်လုံချည်တွေ ထည်လဲဝတ်တာမို့ တွယ်တာ စိတ်အနှောင့်ယှက်ဖြစ်ရတယ်။
“ လူကြားထဲမှာ ထဘီကြီးဝတ်ထားတော့ မြန်မာမှန်း လူသိတာပေါ့ ” ဆိုတော့ မေမေက “ သမီးကလည်း
မေမေတို့က မြန်မာပဲလေ။ မြန်မာမှန်း သိတော့လည်း ဘာဖြစ်သလဲ သမီးရယ်။ ဒါ မေမေတို့ ရိုးရာဝတ်စုံပဲလေ။
ကိုယ်လူမျိုးက ထဘီဝတ်တဲ့ လူမျိုးမို့လို့ ကိုယ်ထဘီဝတ်တယ်။ ဒါရှက်စရာမှ မဟုတ်ဘဲကွယ်
” တဲ့။ တွယ်တာတော့ မေမေ့ကို ပြောလို့ကိုမနိုင်ပါဘူးဆိုတဲ့ ပုံစံမျိုးလုပ်ပြပြီး လက်မြှောက်အရှုံးပေးခဲ့လိုက်ရတယ်။
ဒါကြောင့် မေမေနဲ့ လည်ပတ်ခဲ့တဲ့ အချိန်တွေမှာလည်း ပျော်သင့်သလောက် တွယ်တာ မပျော်ရွှင်ခဲ့မိဘူး။
ဓါတ်ပုံတွေထဲမှာ ဖေဖေနဲ့ မေမေရဲ့ မျက်ဝန်းတွေမှာသာ အပျော်တွေနဲ့ တောက်ပနေပြီး တွယ်တာ
မျက်နှာလေးက မှုန်ကုပ်ကုပ် ဖြစ်နေခဲ့တယ်။
၇။
“ မေမေ သိပ်နှမြောတယ် သမီးရယ် .. မေမေ နေ့စဉ်နေ့တိုင်း
မမြင်တွေ့လိုက်ရပါဘဲ မေမေ့သမီးလေးက ၁၄နှစ် သမီးလေးကနေ အသက်၂၀အရွယ် သမီးလေးတစ်ယောက်အဖြစ်
ကြီးပြင်းရောက်ရှိသွားခဲ့တယ်။ ဒီကာလတွေအတွင်းမှာ သမီးနဲ့ မေမေ အတူတူ နေခဲ့ရတဲ့ ရက်ပေါင်း
၅၀တောင် ရှိပါ့မလား။ ငါ့သမီးလေးနဲ့ ခွဲခွာရတာဟာ သူ့ရှေ့ရေးအတွက်ဆိုပြီး အမြဲ ဖြေတွေး
တွေးခဲ့ပါတယ် သမီးရယ်။ ဒါပေမယ့်လေ မေမေက သမီးကို သိပ်လည်းလွမ်းသလို၊ မေမေ မမြင်လိုက်ရပါဘဲ
လူလားမြောက်သွားတဲ့ သမီးလေးကို မေမေ သိပ်နှမြောတာပဲ ”
မေမေမြန်မာပြည် ပြန်မယ့်နေ့မှာ တွယ်တာ့ကို ဖက်ပြီး
မေမေငိုခဲ့တယ်။ မေမေငိုနေတာကို တယုတယ နှစ်သိမ့်သင့်တယ်လို့ တွယ်တာ မသိတတ်ခဲ့ဘူး။
“ မေမေကလည်း မငိုနဲ့လေ။ တစ်နေ့ကျ မေမေ့အိမ်ကို အပြီးပြန်လာမှာပေါ့။
နောင်လည်း မေမေအချိန်မရွေးလာလည်ပေါ့ ”
ဝတ်ကျေတန်းကျေသာသာ ချော့မြူခဲ့တဲ့ တွယ်တာ့စကားကို
မေမေက ကျေကျေနပ်နပ်ကြီးနဲ့ ခေါင်းတညိတ်ညိတ်ပေါ့။ တစ်ကယ့်တစ်ကယ်မှာတော့ သုံးနှစ်ကျော်ထပ်ကြာသွားသည့်တိုင်အောင်
မေမေလည်း လာမလည်ဖြစ်ခဲ့သလို တွယ်တာလည်း မပြန်ဖြစ်ခဲ့ပါဘူး။ တွယ်တာ ဘာလို့များ အဲသည်လောက်ထိ
နေစိမ့်ခဲ့ရတာပါလဲ။
၈။
ပြသနာဆိုတာ အဖော်အပေါင်းနဲ့ လာတတ်တယ်ဆိုတဲ့ စကားက
သိပ်မှန်ပါတယ်။
တွယ်တာ အလုပ်တစ်ခုကနေ တစ်ခုအပြောင်း နေထိုင်ခွင့်
မကျလို့ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေချိန် ချစ်ရသူကလည်း ထားသွားခဲ့တယ်။ တွယ်တာ့မှာ ခံစားလိုက်ရတာ
အလူးအလဲပါပဲ။ ကျောင်းမှာကတည်းက ချစ်ခဲ့ရသူမို့ သံယောဇဉ်တွယ်ငြိခဲ့ရတဲ့ အချိန်တွေကလည်း
ကြာခဲ့ပြီ မဟုတ်လား။ သူနဲ့ မခွဲနိုင်တဲ့ တွယ်တာက မြန်မာပြည်ကိုတောင် အလည်တစ်ခေါက် မပြန်ခဲ့သူလေ။
ဒီလိုနဲ့ပဲ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာတဲ့အခါ
တွယ်တာ့မှာ ရွှဲရွှဲစိုခဲ့ရပါတယ်။
မေမေကတော့ တွယ်တာ အလုပ်လုပ်ဖို့ နေထိုင်ခွင့် မကျတာကိုပဲ
“ သမီးလေး ကျောင်းဆက်တက်ဖို့ ဖန်လာပြီ။ မေမေတော့ ဝမ်းသာတယ်။ ကျောင်းဆက်တက်ပေါ့ ဆိုပြီး
” အားပေးခဲ့တယ်။ တွယ်တာကတော့ ပိုလီပြီးလို့ ရတဲ့ လခကလေးနဲ့ တင်းတိမ်ကျေနပ်ပြီး အလုပ်လုပ်၊
ငွေစုရင်း ကိုယ်ပိုင်ဘဝလေးတစ်ခုကို တည်ထောင်ဖို့ ကြိုစားခဲ့သူ မဟုတ်လား။ မေမေ့ကို ဘယ်တုန်းကမှ
စိတ်ထဲမှာ အလေးအနက် မထားခဲ့မိတဲ့ တွယ်တာက မေမေ့ရဲ့ အားပေးစကားတွေကြောင့် အားတုံ့အားနာ
ခံစားမိခဲ့ရတယ်။ မေမေဟာ ငါ့ကို သိပ်ချစ်ပါလားလို့ သိမြင်လာခဲ့ရသလို ကိုယ်လုပ်ခဲ့တဲ့
အပြစ်တွေအတွက်လည်း နောင်တတွေရစ ပြုလာခဲ့တယ်။ တွယ်တာ သိပ်ပြီး မိုက်ခဲ့တယ်မဟုတ်လား။
၉ ။
ကျောင်းသားနေထိုင်ခွင့် ကျမလာခင်မှာ လက်ထဲမှာ ကိုင်ထားတဲ့
နေထိုင်ခွင့်က ကုန်သွားခဲ့ပြီ။ တွယ်တာ မဖြစ်မနေ မြန်မာပြည် ပြန်ရတော့မယ်။ ခြောက်နှစ်ကျော်
ခုနှစ်နှစ်နီးပါး မပြန်ဖြစ်ခဲ့တဲ့ မေမေ့အိမ်ကို ပြန်ရတော့မယ်ဆိုတော့ တွယ်တာ သိပ်ပြီး
လေးတွဲ့ဖင့်နွဲ့နေခဲ့တယ်။ စိုးရိမ်ပူပန်စိတ်တွေ၊ အားနာမှုတွေ၊ အားငယ်မှုတွေက တွယ်တာ ရင်ထဲမှာ
အပြည့်အသိပ်။ အဆင်ပြေတုန်းက အိပ်မက်တောင် ထည့်မမက်ဖြစ်ခဲ့တဲ့ မေမေ့အိမ်ကို ဒုက္ခရောက်ချိန်မှာမှ
ပြန်လည်ခိုဝင်မယ့် သမီးမိုက် မဟုတ်လား။
“ သမီး.. ကိုယ့်အိမ်ကို ပြန်လာတာ ဘာမှ ဂရုစိုက်စရာ
မလိုဘူး။ ပြန်သာလာခဲ့။ ဒါသမီးအိမ်ပဲလေ။ သမီးအိမ်ကို သမီးပြန်လာရမှာပေါ့။ မေမေတို့က
သမီးပြန်လာမှာမို့ ပျော်နေကြတာ။ သမီး နေလို့ရသလောက်သာနေ။ မေမေက သမီးကြိုက်တဲ့ ဟင်းတွေ
နေ့တိုင်းချက်ကျွေးမှာ။ သမီး ဘာမှ စိတ်မညစ်နဲ့။ ဝမ်းမနည်းနဲ့။ မေမေတို့က သမီးကို သိပ်ချစ်တာ
”
မေမေ့ရဲ့ အားပေးစကားတွေကို ရင်ဝယ်ပိုက်ပြီး တွယ်တာ
အိမ်ပြန်ခဲ့တယ်။ တွယ်တာ့ကို ဆီးကြိုပွေ့ဖက်တဲ့ မေမေ့မျက်ရည်တွေက ကွဲအက်နေတဲ့ တွယ်တာ
နှလုံးသားကို ပြန်လည်ရှင်သန်စေခဲ့ပါတယ်။
မိခင်မေတ္တာရဲ့ အေးမြမှုတွေကို တွယ်တာ တစ်ဖန် ပြန်လည်ခံစားခဲ့ရတယ်။
ဟိုးတုန်းက အမှတ်တမဲ့ဖြစ်ခဲ့ရတဲ့ မေမေ့ စေတနာလေးတွေဟာ အခု တွယ်တာ ရင်ထဲကို ထဲထဲဝင်ဝင်
ခံစားစေတဲ့ အရာလေးတွေချည်း ဖြစ်ခဲ့ရတယ်။
၁၀။
အိမ်ပြန်ရောက်စမှာ
မနေတတ် မထိုင်တတ်နဲ့ အသားမကျသလို ဖြစ်ခဲ့ရပေမယ့် တစ်ရက်ပြီး တစ်ရက် တွယ်တာ စိတ်ချမ်းသာ ပျော်ရွှင်ခဲ့ရတယ်။
မေမေ့ရင်ခွင်ရဲ့ လုံခြုံနွေးထွေးမှု၊ မေမေ့ မေတ္တာရဲ့ အေးမြမှုတွေကို တွယ်တာ တစ်ဝကြီး
ခံစားခွင့်ရခဲ့တယ်။ မေမေနဲ့ အတူရှိနေချိန်လေးတွေကို တန်ဖိုးထားတတ်ခဲ့တယ်။ အမေဆိုတာက
ချစ်သူတစ်ယောက်လို စိတ်ဆိုးစိတ်ကောက် မလုပ်တတ်ဘဲ အမြဲတမ်း ကိုယ့်ကို အရိပ်လိုကြည့်ပြီး
ပေးဆပ်ခြင်းနဲ့ ချစ်တတ်သူ မဟုတ်လား။
မနက်ခင်းတွေမှာ
မေမေနဲ့အတူတူ ဘုရားရှိခိုးတယ်။ ဈေးအတူတူသွားတယ်။ မေမေ ချက်ပြုတ်တဲ့အခါ တွယ်တာက ဘေးကနေ
စကားထိုင်ပြောတယ်။
“ သမီးက
ဘာမှလည်း မလုပ်တတ် မကိုင်တတ် မချက်ပြုတ်တတ်ဘူးနော် .. ”
မေမေနဲ့အတူတူ
မီးဖိုချောင်ကို ပထမဆုံး စဝင်တဲ့နေ့က တွယ်တာ ညည်းသလိုပြောတော့ မေမေက ရယ်တယ်။
“ အဲတာ
တကယ်တော့ မေမေ့အပြစ် သမီးရဲ့။ သမီးကို အပူတွေ လောင်မှာစိုးပြီး မီးဖိုထဲ မဝင်စေခဲ့တာ
မဟုတ်လား။ မေမေ့စိတ်ကူးက သမီး ဆယ်တန်းဖြေပြီးရင် သင်ပေးမယ်ပေါ့။ ဒါပေမယ့် ဆယ်တန်းဖြေပြီးတော့လည်း
သင်ချိန်မှ မရှိခဲ့တာ။ မေမေ့ကြောင့်ပါ။ ”
“ တစ်ခါမှ
မချက်ဖူးလို့လား မသိဘူး။ သမီးလေး ချက်ရပြုတ်ရမှာလည်း ဝါသနာ မပါဘူး ”
“ အင်းပေါ့
သမီးရဲ့။ ဒါပေမယ့် တတ်ထားသင့်တယ်လေ။ အခု မေမေ ချက်တာ ပြုတ်တာတွေ လိုက်ကြည့်။ နောက်
သမီး ဟိုပြန်ရောက်တော့ စမ်းပြီး ချက်ကြည့်ပေါ့နော့ ”
နေ့တိုင်း
နေ့တိုင်း မေမေ ချက်ပြုတ်တဲ့ အချိန်တိုင်း ချက်နည်းပြုတ်နည်းသင်ယူတာက နည်းနည်း၊ စကားတွေ
ပြောတာက များများ။ မေမေကလည်း တွယ်တာ ဘာပြောပြော နားထောင်လို့ မဝခဲ့။ တွယ်တာကလည်း ဘာတစ်ခုမှ
ထိန်ချန်မထားဘဲ မေမေ့ကို အကုန်ဖွင့်ပြောပြခဲ့တယ်။ မေမေကလည်း ဘာတစ်ခုမှ အပြစ်မတင်ခဲ့ရှာဘူး။
တွယ့်တာကို နားလည်တယ်။ သနားတယ်တဲ့။
အေးချမ်းတဲ့
မေမေ့မေတ္တာရေတွေကို တွယ်တာ ဝဝလင်လင်ကြီး သောက်သုံးခွင့် ရခဲ့ပါတယ်။
၁၁။
ဒီအကြောင်းတွေ
ပြန်တွေးမိပြီး မေမေ့ရင်ခွင်ထဲမှာ တွယ်တာ မျက်ရည်တွေ မဆည်နိုင်ခဲ့ဘူး။
“ မေမေ..
သမီး ဆိုးခဲ့ပါတယ်။ မိုက်ခဲ့ပါတယ်။ သမီး မေမေ့ကို ပစ်ထားခဲ့တယ်။ မေမေ သမီးကို စိတ်မဆိုးဘူးလားဟင်
”
“ သမီးရယ်..
မေမေက သမီးကို အမြဲတမ်း နားလည်နေပါတယ်ဆိုရင် မေမေ အပိုပြောတယ်လို့ မထင်ပါနဲ့။ သမီးကို
မေမေ နားလည်တယ်။ သမီး ဘာတွေပဲ လုပ်ခဲ့ လုပ်ခဲ့ မေမေ သမီးကို တစ်ခါမှ အပြစ်မယူခဲ့ဖူးဘူး။
စိတ်လည်း မဆိုးခဲ့ဖူးဘူး။ မေမေ့ရင်ထဲမှာ သမီးအတွက် အချစ်တွေပဲ ရှိတယ်။ သမီးက ဒီကမ္ဘာမှာ
မေမေ အချစ်ရဆုံး၊ မေမေ့သွေး၊ မေမေ့အသက်ပဲလေ။ မေမေရဲ့ အတွယ်အတာလေး။ သမီးလေး အခုလို စိတ်မကောင်းဖြစ်နေရချိန်တွေမှာ
မေမေ့အနားခေါ်ထားလိုက်နိုင်ပြီး သမီးလေး စိတ်ချမ်းသာအောင် ထားခွင့် ရနေတာကိုပဲ မေမေ့မှာ
ကျေနပ်နေတာပါ။ ပျော်နေတာပါ သမီးလေးရယ်။ ”
မေမေက တွယ်တာ့ကို
တင်းတင်းကြပ်ကြပ် ဖက်လိုက်ရင်း ပြောတယ်။ မေမေ့ စကားတွေ ကြားရတာ တွယ်တာ စိတ်ချမ်းသာလိုက်တာလေ။
“ မေမေ
သမီး မေမေ့ကို သိပ်ချစ်တယ်။ နောက်ဆို သမီး မေမေ့ကို ပစ်မထားတော့ပါဘူးနော်။ ဆိုးလည်းမဆိုးတော့ဘူးနော်။
သမီး မေမေ့ကို သိပ်ချစ်တယ် သိလား။”
“ အင်းပါ
သမီးလေးရယ်။ မေမေလည်း သမီးလေးကို သိပ်ချစ်တယ်။ မငိုတော့နဲ့နော် သမီး။ တိတ် တိတ်။ အခု သမီးက မေမေနဲ့ အတူတူ ရှိနေပြီပဲလေ။
ပြီးတော့ သမီးလေး ဟိုကိုပြန်ရောက်သွားပြီးရင်လည်း ကျောင်းပိတ်တိုင်းသာ မေမေ့ဆီ ပြန်လာခဲ့။
မေမေက သမီးစားချင်တာတွေ အကုန်ချက်ကျွေးမယ်။ မေမေတို့ အတူတူ ခရီးတွေ ထွက်ကြမယ်။ လျှောက်သွားကြမယ်နော်။
”
မျက်ရည်တွေဖြိုင်ဖြိုင် ကျနေတာ မဟုတ်တော့တဲ့တိုင်
မျက်ရည်စတွေ ဝေ့သီနေသေးတဲ့ တွယ်တာ မျက်နှာလေးကို မေမေက မော့ယူပြီး ပါးပြင်ပေါ်က မျက်ရည်စလေးတွေကို အသာအယာလေး သုတ်ပေးတယ်။
မေမေ့ကို မှီနွဲ့ထားရင်း၊ မေမေ့ကိုယ်ရနံ့လေးကို
ရှုရှိုက်ရင်း တွယ်တာ ငယ်ငယ်လေးကတည်းက ရှုရှိုက်ရမိနေကြ မေမေ့ ကိုယ်သင်းရနံ့လေးက မပြောင်းလဲသေးမှန်း
သတိထားမိလိုက်တယ်။ မေမေ့ကိုယ်ရနံ့လေးက သင်းမြဲသင်းနေပေမယ့် မေမေရုပ်ရည်ကတော့….. ။
၁၂။
“ မေမေ သိပ်နှမြောတယ် သမီးရယ် .. မေမေ နေ့စဉ်နေ့တိုင်း
မမြင်တွေ့လိုက်ရပါဘဲ မေမေ့သမီးလေးက ၁၄နှစ် သမီးလေးကနေ အသက်၂၀အရွယ် သမီးလေးတစ်ယောက်အဖြစ်
ကြီးပြင်းရောက်ရှိသွားခဲ့တယ်။ ဒီကာလတွေအတွင်းမှာ သမီးနဲ့ မေမေ အတူတူ နေခဲ့ရတဲ့ ရက်ပေါင်း
၅၀တောင် ရှိပါ့မလား။ ငါ့သမီးလေးနဲ့ ခွဲခွာရတာဟာ သူ့ရှေ့ရေးအတွက်ဆိုပြီး အမြဲ ဖြေတွေး
တွေးခဲ့ပါတယ် သမီးရယ်။ ဒါပေမယ့်လေ မေမေက သမီးကို သိပ်လည်းလွမ်းသလို၊ မေမေ မမြင်လိုက်ရပါဘဲ
လူလားမြောက်သွားတဲ့ သမီးလေးကို မေမေ သိပ်နှမြောတာပဲ ”
အဲသည်လိုမျိုး မေမေပြောခဲ့တုန်းက မေမေဘယ်လိုခံစားနေခဲ့ရမလဲ
ဆိုတာကို တွယ်တာ နားလည်သွားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ တွယ်တာလည်း တွယ်တာ မမြင်တွေ့လိုက်ရပါဘဲ
တဖြည်းဖြည်း အိုမင်းလာပြီး ဇရာဆီ ချဉ်းနင်းဝင်ရောက်သွားခဲ့ရတဲ့ မေမေ့ကို သိပ်နှမြောမိသွားလို့ပါပဲ။
လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်
24 comments:
မေမေ့ မေတ္တာဟာ ဘယ်လောက်ကြီးမားလိုက်ပါသလဲ .. ကိစ္စများမြောင် လူတို့ဘောင်ကြားမှာ မေမေ့ကို မေ့လျှော့နေခဲ့တာတွေ များခဲ့တယ်၊ ခလုပ်ထိမှ အမိ တ ရတယ်ဆိုတာလဲ အကျင့်တစ်ခုလို ဖြစ်လို့ ... ဒီိပို့စ်လေးကတော့ မေ့လျှော့နေမိတဲ့ မေတ္တာတရားအကြောင်း တစ်ချို့ကို လှုပ်နှိုးစေခဲ့ပြီ ။ ဝမ်းနည်းရပါတယ်၊ မေမေ အသက်ရှည်ကျန်းမာပါစေ ။ ။
Very good one.
Exactly like the one ur first post of the blog
It hits directly to my mind.
I also thought of my parents while reading it.I got the message u wanna send to ur readers. Every single one...
Great job!!
ဒီဝတ္ထုလေး အမ တစ်နေရာရာမှာများ တင်ဖူးသလား မသိဘူး။ အမရေးမှန်းတော့ သိတယ်။ ဘယ်မှာ ဖတ်ဖူးလဲတော့ မမှတ်မိဘူးရယ်။ ဒုတိယအကြိမ်မြောက် နှစ်သက်စွာ ဖတ်သွားပါတယ်။း)
mom's love
မိဘနဲ့သားသမီးကြားက ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေးပါ။ အတောင်တွေစုံတဲ့အခါ ငှက်တွေက အဝေးကိုပျံဖို့ အားသန်ကြသလို အသိုက်ထဲက အိုမင်းမှုနဲ့ ထီးတည်းကျန်မှုကို မေ့လျော့နေတတ်ကြတယ် မဟုတ်လား. အဝေးရောက်လွတ်လပ်မှုဟာ အရာများစွာကိုမေ့လျော့ပြီး ချုပ်ချယ်တယ်လို့ပဲ စိတ်စွဲနေမိတာ.
ဆွတ်ဆွတ်ပြန့်ပြန့်လေး ခံစားလိုက်ရတယ် ။ ကိုယ်တိုင် အမေနဲ့ ဝေးနေလို့ထင်ရဲ့ ။ မိဘ ဆိုတာကတော့လေ သားသမီးလေးတွေ သူတို့ဘဝ ထဲ ရောက်ပါပြီ ဆိုကတည်းက ပေးဆပ်လိုက်ကြတာ နောက်ဆုံး ထွက်သက်အထိပါပဲ
ပြန်လည် ကာ ဖေးမ နိုင်ကြပါစေ ဗျာ ။
အချိန်မှီ အမေ ကို နှမြောဖို့ သတိရတာ တော်သေးတာပေါ့ နော်
ကြည်နူး စရာကောင်းတဲ့ ၀တ္ထုလေးတပုဒ်ပါပဲ မြတ်ရယ်
မြတ်ရေ.. အင်တာနက်လေး ရတုန်း အပြေးအလွှားလေး ဖတ်သွားတယ်။ဒီဟာလေးဖတ်ပြီးတော့ အမေ့ကို သတိရလိုက်တာ။ငါတို့တွေက အယူပဲရှိပြီး အပေးမရှိကြပါလားလို့လည်း အရင်ကထက်ကိုပိုပြီး သဘောပေါက်မိတယ်။အခုလိုမျိုး ဝတ္တုကောင်းတွေအများကြီး တစ်သက်လုံးရေးသားနိုင်ပါစေ။
အစ်မမြတ် စာလေးတွေက ဖတ်ရတာ အနှစ်သာရရှိတယ်။ အစ်မမြတ် လုံးချင်းဝတ္ထုရော ထွက်ပြီလား။
မိခင်မေတ္တာကို အပီအပြင် ခံစားသွားပါတယ်။
အနော်လဲ မေမေ့ကို အရမ်းချစ်တဲ့သူပါ။
သဘောကျနှစ်သက်တယ်ဆိုတာထက်ကို ပိုပါတယ် ဆရာမရေ။ တကယ့်ကို အနှစ်သာရပြည့်ဝတဲ့ ၀တ္တုလေးပါ။ ပေးချင်တဲ့မက်ဆေ့ခ်ျလေးကလည်း အရမ်းကိုလှပပါတယ်။
Your Twe Tar in the article is reflecting me. Thank you for the awesome article.
စာဖတ်နေရင်နဲ့ ကိုယ့်မေမေကိုပဲမျက်စိထဲမှာမြင်နေရတယ်မြတ်ရေ.....
အမေ ဆိုတာ တစ်ချိန်က သမီး ပါတဲ့ . . . ကိုယ့်သမီး ရဲ့ စိတ်ကို အမေသာလျှင် နားလည်ဆုံး ဖြစ်ပါလိမ့်မယ်
မေကြီး ကိုလွမ်းလာတယ်။
ဒီစာကို ဖတ်လိုက်ရချိန်မှာ အမေ ကျွန်တော့်ကို
ချစ်သလားလို့ တွေးမိတယ် ... ချစ်တယ်ဆိုတာ သိပေမဲ့
အမေက သူ့ခံစားချက်ကို မဖော်ပြတတ်ခဲ့လေတော့
သူ ကျွန်တော့်ကို မချစ်ဘူးလို့ ထင်နေမိတာ မှားလား
ကျွန်တော်ကတော့ အမေ့ကို သိပ်ချစ်ပါတယ်
ရင်ဖွင့်သွားတယ် အဟီး
ညီမရေ. ဒီစာလေးဖတ်ပြီးမျက်ရည်ဝဲမိတယ်. ကိုယ်ကိုတိုင် အမေတယောက်ဖြစ်လာမှ အရင်က မိဘကို နားမလည်နိုင်တာတွေ ပိုနားလည်နိုင်လာတယ်. အိမ်တခေါက်ပြန်တိုင်း ပိုပိုအိုမင်းလာတဲ့ မိဘတွေကိုမြင်ရင် စိတ်ထဲကြိတ်ဝမ်းနည်းမိတာ. အားမလိုအားမရဖြစ်ပြီး အဖေနဲ့ အမေအတွက်လက်ဆောင်လေးတွေဝယ်ရင် ခပ်နုနုလေးတွေရွေးဝယ်ဖြစ်သေးတာ. ညီမစာလေးတွေက အမြဲဟိုးနှလုံးသားထဲထိ တိုးဝင်တတ်တယ်.
မိဘနဲ့ သားသမီးတွေကြားက မေတ္တာဖွဲ့ ဇာတ်လမ်းလေးကို ရေးထားတာ ကောင်းမှကောင်း...မမြတ်ရေ..ဖတ်ရင်းနဲ့  အမေ့ကို မျက်စိထဲ မြင်ယောင်နေတယ်..း)
Master piece of your?
This is my most fav one among all you have posted. Keep it up, Nwe.
တိုးတက်သထက် တိုးတက်ကောင်းမွန်လာတဲ့ ဆရာမလေးရဲ့ အရေးအသားတွေကို အံ့သြမိပါရဲ့။
ခင်တဲ့
ကိုလူကြီး
မြတ်...စာလေးတွေက ဖတ်ရတာ အရမ်း
အရသာရှိသလို ဆွဲဆောင်တယ်။ ကြိုက်လည်း
ကြိုက်တယ်။
အမြဲတမ်း အားပေးနေလျှက်ပါ...။
lps
ခုတော့ မိဘနားမှာ ကပ်ချွဲ နေနိုင်ခဲ့ပြီ..
ဒီလိုနေနိုင်ဖို့က တကယ်ဆိုဘာမှ မလိုပါဘူး.. စိတ်ကလေး တစ်ခု ပါပဲ..
ဖတ်ရတာ ကျေနပ်လိုက်တာ
ဖတ်ရတာ နင့်ကနဲပဲ။ ကျွန်တော်တော့ အခု မိဘတွေအနားမှာပဲ နေထိုင်လုပ်ကျွေးဖြစ်တယ်။ ကိုယ်တတ်နိုင်နေတုန်းလေး မိဘအနားမှာ နေဖြစ်တယ်။ နောင်တစ်ချိန် ကိုယ်လည်း ကိုယ့်မိသားစုတာဝန်တွေနဲ့ ဖြစ်လာတဲ့အခါ မိဘတွေကို မေ့လျော့နေမိဦးမလား မသိပါဘူး။
Post a Comment