Sunday 15 September 2013

အစွန့်ပယ်ခံပန်း၏ ရင်တွင်းစကား


တကယ်တော့ ကျွန်မတို့ ဇာတ်လမ်းလေး ပြီးဆုံးသွားခဲ့တာ နှစ်နှစ်ကျော်၊ သုံးနှစ်ထဲ  ရောက်ခဲ့ပါပြီ။ ဒါပေမယ့် ပြန်တွေးမိလိုက်တိုင်း မနေ့တစ်နေ့ကလို ခံစားလို့ ရနေသေးတာ ဘာကြောင့်များပါလဲ။ မခေါ်ဘဲရောက်လာခဲ့ပြီး မနှင်ဘဲ ထွက်ပြေးသွားခဲ့သည့် သက်ဆိုင်သူကတော့ ဟောသည်ကျွန်းနိုင်ငံလေး၊ ပန်းခြံဘေးက တိုက်ခန်းလေး နဲ့ သူ့အခန်းပြတင်းပေါက်တည့်တည့်မှ မြင်နေရသည့် Braddell Roadဆိုသည့် ဆိုင်းဘုတ်လေးအပါအဝင် ကျွန်မကိုပါ မေ့လျော့နေမည်မှာ သေချာပါသည်။

ရှိပါစေတော့.. သူတောင် မေ့ရက်နိုင်သေးတာပဲ၊ ငါက ဘာဖြစ်လို့များ သတိတွေရနေရမှာလဲ၊ အောက့်မေ့နေရမှာလဲ လို့ ကျွန်မ မကပ်တွက်ရက်ပါ။ ချစ်ခြင်းဆိုသည့်အရာမှာ မာနနှင့်ယှဉ်တွဲသည့် အတွေးတွေ မရှိကောင်းဘူး မဟုတ်ပါလား။ ချစ်ခြင်းတွင် အရေးကြီးဆုံး အရာတစ်ခုမှာ ကိုယ့်ခံစားချက်ကို သစ္စာရှိခြင်းဟု ကျွန်မကတော့ ထင်သည်။


ဒါကြောင့်လည်း သူသိသိ မသိသိ သူ့ကို ကျွန်မ လွမ်းဆဲ၊ သူသိသိ မသိသိ သူ့ကို ကျွန်မ သစ္စာစောင့်ဆဲ၊ နောက်ပြီးတော့ သူသိသိ မသိသိ သူနဲ့အတူ စနေညနေခင်းတိုင်း လျှောက်ခဲ့ဖူးသည့် ဆည်မြောင်းဘောင်လေးဘေးက ကျောက်ခင်းလမ်းသွယ်လေးကို ကျွန်မတစ်ယောက်ထဲ မကြာခဏ လျှောက်ဖြစ်နေဆဲ။ အဲသည်လို လမ်းလျှောက်ဖြစ်တိုင်းလည်း ကျွန်မ အတွေးတွေထဲမှာ စိုးမိုးနေခဲ့သည့် အရာတွေဟာ ထားရစ်ခဲ့လေခြင်းဆိုပြီး သူ့ကို အပြစ်တင်သော အတွေးများမဟုတ်ဘဲ ပိုင်ဆိုင်ခဲ့ဖူးသည့် အတိတ်က အချိန်လေးများကို အောက်မေ့တသရုံလေးသာ ဆိုတာကိုတော့ သူ့အား ကျွန်မနှုတ်မှ ဖွင့်ပြောလို့ မဟုတ်ဘဲ နှလုံးသားချင်း သိနားလည်ကာ ကြားသွားစေချင်ပါသည်။


v v v

မမှာမကြား ချိန်းမထားခဲ့သော နိုဝင်ဘာလဆန်း၏ သောကြာညနေခင်းလေးတစ်ခုတွင် ကျွန်မ မက်မက်စက်စက် စားတတ်သော လှကလေးစိန်ထိုးမုန့်များ၊ နှစ်နှစ်ခြိုက်ခြိုက်သောက်တတ်သော ရွှေဖီမိုးလွတ်လက်ဖက်များ၊ ပြီးတော့ ကျွန်မ အသည်းအသန် ပိုင်ဆိုင်ချင်နေသော ဂျူး၏ မြစ်တို့၏မာယာစာအုပ် နှင့်အတူ ကျွန်မဆီ သူ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါသည်။

လက်ပွေ့အိတ်လေးကို ရင်ပတ်မှာ ကပ်ထားပြီး တင်းသထက် တင်းအောင် ပိုက်ထားရင်း ပြုံးနေသော မျက်ဝန်းများ၊ ထစ်အ တုန်ရီစွာ ထွက်ကျလာသော နှုတ်ခွန်းဆက်စကားများဖြင့် ကျွန်မ သူ့ကို တအံ့တသြ ကြိုဆိုခဲ့ဖူးပါသည်။

မြစ်တို့၏မာယာစာအုပ်နှင့်အတူ ကျွန်မဘဝထဲ ဝင်ရောက်လာခဲ့သော သူသည် ကျွန်မ၏ နှလုံးသားကို လှည့်စားကစားမည့် မာယာရှင်တစ်ယောက် ဖြစ်နေခဲ့မှန်း တော်တော်လေး နောက်ကျပြီးမှ ကျွန်မ သိခဲ့ရတာကတော့ လှည့်စားကစားတတ်သည့် သူ့အပြစ်မဟုတ်ဘဲ ယုံလွယ်တတ်သော ကျွန်မ၏ ညံ့ဖျင်းမှုသာ ဖြစ်ပါလိမ့်မည်။

ထိုသို့ဆိုပါလျှင် သူက ကျွန်မကို ကစားနေသည်ဟု သိသိကြီးနှင့် အပြစ်မတင်ရက်၊ မနာကျည်းရက်၊ မမုန်းတီးရက်ဘဲ ချစ်နေမြဲ ချစ်နေကာ တစ်နေ့နေ့ တစ်ချိန်ချိန် သူထားသွားခဲ့လျှင်လည်း အတူရှိခဲ့ဖူးသည့် အချိန်များကို ပြန်ပြောင်းအောက်မေ့တသရင်း နေရစ်ခဲ့မည်ဟု ဆုံးဖြတ်ခဲ့ခြင်းကို ဘယ်လိုအမည်တပ်ရပါမလဲ။

သူနှင့်ပတ်သတ်ပြီး မချင့်မရဲဖြစ်ရသည့် တစ်ခုတည်းသော အရာမှာတော့ ကျွန်မ ထင်ထားမိသည့် အချိန်ထက် စောစီးစွာ ကျွန်မကို ချန်ရစ်ခဲ့ခြင်းပင် ဖြစ်ပါသည်။

v v v

သူနှင့် စတင်ဆုံစည်းခဲ့သည့် ပထမဆုံးညနေခင်းလေးသည် လှပပြီး ကျက်သရေအပေါင်းနှင့် ပြည့်စုံသော ပန်းချီကားလေးတစ်ချပ်လို ကျွန်မအာရုံမှာ စွဲမြဲနေခဲ့ပါသည်။ နီညိုရောင် ရှပ်အကျီလေးလက်ရှည်လေးကို တံတောင်ဆစ်နားထိ ခေါက်ထားကာ ဂျင်းပင်နက်ပြာရောင်လေးနှင့် တွဲဖက်ဝတ်ဆင်ထားသည်။ ထိပ်မှာ ချွန်ပြီး ကော့နေသည့် ရှုးဖိနပ်အဖြူရောင်လေးကို စီးထားခဲ့ပြီး လက်ထဲမှာတော့ အဖြူရောင် ကြွပ်ကြွပ်အိတ်ကြီး တစ်လုံးကို သူဝတ်စားထားသည်နှင့် မလိုက်ဖက်စွာ ကိုင်ဆွဲထားသည်။

ကျွန်မကို လှမ်းမြင်လိုက်တုန်းက လှစ်ခနဲပြုံးလိုက်သည့် နှုတ်ခမ်းပါးလေးများ၊ အပျော်ရိပ်သမ်းနေသော မျက်ဝန်းနက်နက်လေးများ၊ နောက်ပြီး ပါးလေးတွန့်သွားတယ်ဆိုရုံလေး ပြုံးလိုက်ရုံမျှနှင့် ထင်းခနဲ ပေါ်လာသည့် ပါးချိုင့်လေးနှစ်ဖက်၊ လက်ဆောင်ထုပ်ကြီးကို ကမ်းပေးလိုက်တုန်းက ထင်ရှားစွာ မြင်လိုက်ရသည့် ပါးလျသော သူ့လက်ဖမိုး အရေပြားအောက်က စိမ်းပြာရောင် အကြောမျှင်များ။ ထိုအရာအားလုံးကို နှစ်သက်သဖြင့် အကြိမ်ကြိမ် ကြည့်ရှုမှတ်သားထားမိသော ပန်းချီကားတစ်ချပ်၏ အသေးစိတ် မှုန်းခြယ်ထားမှုများလို ကျွန်မ မှတ်မိလို့နေပါသေးသည်။

အဲဒီနေ့က မက်ဒေါ်နယ်ဆိုင်လေး၏ အပေါ်ထပ်ရှိ ချောင်ကျကျ ထောင့်တစ်နေရာလေးမှာ ကျွန်မတို့ ထိုင်ဖြစ်ခဲ့ကြသည်။ သူ့ကို ရှိန်းတိန်းတိန်း ဖြစ်နေသည့် ကျွန်မက နှုတ်သွက်သင့်သလောက် မသွက်ခဲ့ပေမယ့် သူကတော့ ဘာဂါလေးစားလိုက်၊ အအေးလေးသောက်လိုက်၊ စကားတွေပြောလိုက်ဖြင့် အလွန် သွက်လက်နေခဲ့လေသည်။

“ဖုန်းတွေ ဒီလောက်ခေါ်တာ ဘာဖြစ်လို့ ချက်ချင်း မကိုင်တာလဲ။ နောက်ထပ် နာရီဝက်လောက် ထပ်စောင့်ပြီးလို့မှ နန္ဒာက မဆက်သွယ်လာခဲ့ရင် အစ်ကိုက ပြန်တော့မယ်တောင် စိတ်ကူးနေတာ ..”

အားနာစွာ ပြုံးပြရင်း “ဘယ်သူခေါ်နေမှန်းမှ မသိတာ” ဟု ခပ်တိုးတိုးလေး ဖြေခဲ့ဖူးသည်။

မသိတဲ့ နံပါတ်ခေါ်လျှင် ဖုန်းမကိုင်တတ်သည့် ကျွန်မက ဆယ်မိနစ်ခြားတစ်ခါဖြင့် ၆ခါလောက် ဆက်တိုက်ခေါ်နေခဲ့သည့ ကျွန်မ မသိသော ဖုန်းနံပါတ်လေး တစ်ခုကို စိတ်အနှောင့်ယှက်ဖြစ်စွာ ကြည့်ငေးနေရင်း ဘယ်သူများဖြစ်မလဲ။ “အသိတစ်ယောက်ယောက်သာဆို ဒီလောက်ဖုန်းခေါ်နေမယ့်အစား ဘယ်သူဘယ်ဝါပါဆိုတာ မက်ဆေ့ခ်ျပို့သင့်တာပေါ့” ဟု တွေးနေခဲ့မိသည်။

ထိုအချိန်တွင်မှ “ကိုယ်ပါ။ ဒီညနေခင်း ဖုန်းဆက်မယ်၊ မင်းဆီကို လာခဲ့မယ်လို့ မေးလ်ပို့ထားတယ် မဟုတ်လား။ အခု နန္ဒာနေတယ်ဆိုတဲ့ ဘူတာရုံမှာ ကိုယ်စောင့်နေခဲ့တာ တစ်နာရီရှိပြီ။ ကိုယ်နဲ့တွေ့ဖို့ စိတ်ကူးရှိရင် ပြန်ဆက်သွယ်လိုက်ပါ။ နာရီဝက်တိတိ ကိုယ်ထပ်စောင့်မယ်" ဆိုသည့် မက်ဆေ့ခ်ျလေး ဝင်လာခဲ့တော့ သူဘယ်သူ ဆိုတာ နာမည်ထည့်မပြောထားသည့်တိုင်အောင် သူ ဘယ်သူမှန်း ကျွန်မ ချက်ချင်း သိခဲ့သည်။ ပျော်ရွှင်မှု၊ မယုံကြည်နိုင်မှု ပြီးတော့ အံ့သြမှုများဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဖြစ်သွားခဲ့ရသည်။

ကျွန်မ ရောက်နေသည့် နေရာကနေ ဘူတာဖက် လှည့်ပြန်မယ်ဆိုလျှင် ငါးမိနစ်ခန့် လမ်းလျှောက်ရမည်။ ထိုနေရာမှ ရှေ့တည့်တည့်သို့ ဆယ်မိနစ်ခန့် လျှောက်လျှင်တော့ ကျွန်မအိမ် ပြန်ရောက်မည်။ တစ်နေကုန် ရုံးတက်ထားသဖြင့် နွမ်းနယ်နေမှာ သေချာသည့် မျက်နှာမျိုးဖြင့် ယခုမှ ပထမဆုံးအကြိမ် ဆုံမည့် လူတစ်ယောက်ကို ရင်မဆိုင်ချင်ခဲ့ပါ။

ရှေ့ဆက်သွားရမှာလား၊ နောက်ပြန်လှည့်ရမှာလား၊ ဖုန်းခေါ်ရမှာလား၊ မှန်ထုတ်ကြည့်ပြီး နည်းနည်းပါးပါး အလှပြင်ရမှာလားဟု လားပေါင်းများစွာဖြင့် ဝေခွဲမရဖြစ်နေသော်လည်း ကျွန်မ ခြေလှမ်းများက ဘူတာရုံဖက်သို့ လှမ်းနေခဲ့သည့်အပြင် လက်ကလည်း သူ့ဖုန်းနံပါတ်ကို ခေါ်ဆိုနေခဲ့ပြီ ဆိုတာကို အလန့်တကြား သတိထားမိတော့ သူက ဖုန်းကိုင်ခဲ့ပြီ ဖြစ်သည်။

ဘူတာမှာပဲ အစ်ကို စောင့်နေမယ် ဆိုသည့် စကားလေး ဆုံးတော့ ဖုန်းကို အိတ်ထဲ အမြန်ပစ်ထည့်ကာ မှန်နှင့်ခေါင်းဘီးကို ထုတ်ပြီး သွားရင်းလာရင်း ခေါင်းဖီးရသည်။ ထို့နောက်  မျက်နှာရှိ အဆီများကို သုတ်သည့် အဆီသုတ်စက္ကူဖြင့် မျက်နှာပြင်တစ်ခုလုံးကို ကမန်းကတန်း သုတ်မိသည်။ ပြီးတော့ မိတ်ကပ်ဘူးလေးထုတ်ပြီး တို့ဖတ်လေးဖြင့် ဟိုတို့တို့ သည်တို့တို့ လုပ်မိသည်။  အဲဒီနောက်တော့ ဘယ်ကနေ ဘယ်လို ဘူတာရုံကို ရောက်သွားခဲ့သလဲဆိုတာကို သတိမထားမိခဲ့တော့ပါ။

ဖေ့ဘွတ်ပေါ်မှာ မြင်ဖူးထားသည့် သူ့မျက်နှာလေးကို မြင်လျှင်မြင်ချင်း မျက်မှန်းတန်းခဲ့မိသဖြင့် သူ့ဆီတည့်တည့် လျှောက်သွားတော့ သူကလည်း ကျွန်မဆီ လျှောက်လာလေသည်။ အဲဒီနောက် အေးအေးဆေးဆေး စကားပြောလို့ရမယ့် ဆိုင်တစ်ဆိုင်ကို သွားရအောင် ဆိုသဖြင့် ကျွန်မကပင် ဦးဆောင်က မက်ဒေါ်နယ် ဆိုင်လေးသို့ ခေါ်လာခဲ့မိသည်။ ကိုယ် တစ်ညနေလုံး ဘာမှ မစားရသေးဘူးဆိုကာ သူက ဘာဂါ၊ အာလူးကြော်နှင့် လိမ္မော်ရည်တစ်ခွက် မှာသည်။ ကျွန်မကတော့  ညစာမစားရသေးဘဲနှင့် အလွန်အမင်း ဗိုက်ပြည့်နေသလိုလို ခံစားနေရသဖြင့် လိမ္မော်ရည်တစ်ခွက်ထဲပဲ မှာဖြစ်ခဲ့သည်။

ဆိုင်အောက်ထပ်မှာ လူများသလောက် အပေါ်ထပ်မှာတော့ လူသိပ်မရှုပ်ခဲ့ပါ။

“ဘာလဲ.. ခေါ်မယ် မထင်ခဲ့လို့လား”

“အင်း.. မနေ့ ညနေကတင် မြန်မာပြည်ရှိနေတော့ ဒီနေ့ ဒီကိုရောက်လာမယ်လို့ ဘယ်လိုလုပ် ထင်ထားမှာလဲ။ ပြီးတော့ အစ်ကိုက ဘာမှ မပြောထားတာ ..”

တွေ့စကလောက် ရှိန်မနေတော့သည့်တိုင်အောင် သူနှင့် မျက်နှာချင်းဆိုင်ပြီး စကားပြောရခြင်းအတွက် သက်တောင့်သက်သာ ဖြစ်မနေခဲ့ပါ။

“မနေ့က မြန်မာပြည်မှာဆိုပေမယ့် ဒီနေ့ စင်္ကာပူရောက်ချင်လည်း ရောက်လာနိုင်တယ် မဟုတ်လား။ ဒီနှစ်နိုင်ငံဆိုတာ ဘယ်လောက်ဝေးတာမှတ်လို့။ အဲလိုပဲ။ အစ်ကိုက သူများ မထင်ထားတာတွေ လုပ်တတ်တယ်။ ပြီးတော့ အစ်ကို ဘာကြောင့်ချက်ချင်းရောက်လာတယ်လို့ နန္ဒာထင်လဲ။”

ကျွန်မ ရိုးသားစွာ ခေါင်းယမ်းပြလိုက်မိသည်။

“အင်း.. အစ်ကို နန္ဒာကို တွေ့ချင်စိတ်တွေ အရမ်းပြင်းပျလာလို့။”

သူ့စကားအဆုံးမှာ ဘာပြန်ပြောလို့ ပြောရမှန်း မသိအောင် ဆွံ့အသွားခဲ့ရပြီး အသက်ရှုတွေ မြန်လာခဲ့သဖြင့် လိမ္မော်ရည်သောက်ရန် လှမ်းယူလိုက်ရာ ကတုန်ကယင်ဖြစ်နေသည့် လက်က ခွက်ကို မကိုင်မိလိုက်ဘဲ တိုက်ချမိလိုက်လေသည်။

“အိုး အို.. ဘယ်လိုဖြစ်ရတာလဲ နန္ဒာရယ် ..”

ဖြစ်သွားသည့် အဖြစ်အပျက်ကို သူက သဘောကျသွားသည့်ဟန်ဖြင့် ပြုံးရယ်လိုက်ရင်း စားပွဲပေါ်မှာ ဖိတ်စင်သွားသည့် လိမ္မော်ရည်များကို တစ်ရှုးစက္ကူများဖြင့် အမြန်လိုက်သုတ်ပေးနေစဉ် ကျွန်မကတော့ သူ့လှုပ်ရှားမှုလေးများကို သတိလက်လွတ် ငေးကြည့်နေမိရင်း ထိန်းမရအောင် မြန်နေသော ရင်ခုန်သံများကို ထိန်းချုပ်နိုင်စွမ်းမဲ့စွာ လွှတ်ထားခဲ့လိုက်ရသည်။

ကျွန်မတို့နှစ်ယောက် ဇာတ်လမ်းလေးက ထိုကဲ့သို့ ကသောင်းကနင်းဆန်ဆန် စတင်ခဲ့လေသည်။

v v v
ယောက်ျားတစ်ယောက်ကို လွယ်လွယ်ကူကူ ချစ်သူရည်းစားအဖြစ် လက်ခံမိလိမ့်မည်ဟု ကိုယ့်ကိုယ်ကို ဘယ်တုန်းကမှ မထင်ခဲ့မိသော ကျွန်မသည် သူနှင့်တွေ့ဆုံပြီး တစ်လမပြည့်တပြည့်မှာ သူ့ကို သိပ်ချစ်သည့် သူ့ချစ်သူ ဖြစ်သွားခဲ့သည်။

ကျွန်မဆီ သူရောက်လာခဲ့တုန်းက ကျွန်မတို့နှစ်ယောက်၏ အွန်လိုင်းပေါ်က မိတ်ဆွေသက်တမ်းမှာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ တစ်ယောက်အကြောင်း တစ်ယောက် သိသင့်သလောက် သိထားသော မိတ်ဆွေနှစ်ယောက်၏ ဆက်ဆံရေးမျိုးဖြင့် တစ်ပတ်ကို နှစ်ကြိမ်လောက် စကားတွေ ပြောဖြစ်ခဲ့ကြသည်။

စောကဲဗလုထူး ဆိုသည့် သူ့နာမည်ဆန်းဆန်းလေးမှ စ၍ ဖေ့ဘွတ်ပေါ်မှာ ရေးတင်လေ့ရှိသည့် သူ့ကဗျာလေးတွေအဆုံး သူနှင့် ပတ်သတ်သည့် အရာတော်တော်များများကို သဘောကျမိသည့်အတွက် သူ့အပေါ်မှာ သံယောဇဉ်လေးတွေ မသိမသာ ရစ်တွယ်လာခဲ့တာကတော့ ကျွန်မဖက်က အပိုင်းဖြစ်သည်။ သူကတော့ ကျွန်မအပေါ်မှာ ရိုးရိုးသားသား ခင်မင်နေရှာတာပါဟု ကိုယ့်ကိုယ်ကို ပြောရင်း ခဏခဏလည်း ကျွန်မ ရှက်ခဲ့ရဖူးသည်။ သူလိုလူက ဘာမပြော ညာမပြောနှင့် ကျွန်မ ဘဝထဲကို ဗြုန်းစားကြီး ဝင်ရောက်လာခဲ့သည့်အခါ ကျွန်မ ဘဝ၏တစ်စိတ်တစ်ပိုင်းအဖြစ် လက်ခံဖို့ အဆင်သင့်မဖြစ်ခဲ့သေးသလို ငြင်းဆန်နိုင်သည့် အင်အားမျိုးလည်း မရှိခဲ့ပါ။

ကျွန်မကပဲ သိပ်ပြီး အညှာလွယ်ခဲ့တာလား၊ သူကပဲ တတ်နိုင်လွန်းအားကြီးခဲ့တာလား ကျွန်မ မသိပါ။ ကျွန်မ သိတာက စကားပြောလျှင် ကျွန်မ မျက်လုံးထဲကို စိုက်ကြည့်ပြီး ပြောတတ်သော သူ့အကြည့်များကြောင့် ကျွန်မ ရင်ခုန်သည်။ ပြုံးရယ်လိုက်တိုင်း ချိုင့်ဝင်သွားသော ချစ်စရာ ပါးချိုင့်လေးများက ကျွန်မစိတ်တွေ လှုပ်ရှားနေအောင် ယဉ်ယဉ်ကျေးကျေး ဆွဲဆောင်သည်။ ပြီးတော့ ဘယ်လိုမှ ကြိုတင်ခန့်မှန်းလို့ မရအောင် ပြောတတ် ပြုမှုတတ်သည့် သူ့အကျင့်လေးကို ကျွန်မ စွဲလန်းသည်။ ထို့ကြောင့်လည်း ခွင့်မတောင်းဘဲ ကျွန်မလက်ကို ဆွဲကိုင်ခဲ့သော သူ့လက်များကို မဖြုတ်မိဘဲ၊ ပိုင်စိုးပိုင်နင်း ဖက်ထားခဲ့သည့် သူ့ရင်ခွင်ကနေ ရုန်းမထွက်မိဘဲ၊ ယဉ်ကျေးမှု မရှိသည့် သူ့အနမ်းများကို မငြင်းဆန်မိဘဲ အချိန်တိုလေးအတွင်းမှာ ကျွန်မက သူ့ကို စွဲစွဲလမ်းလမ်း ရူးရူးမူးမူး တွယ်တွယ်တာတာဖြင့် သိပ်ကို ချစ်သွားခဲ့မိတာ ဖြစ်မည်။

v v v

“အစ်ကို.. ဘာလို့ ရုတ်တရက်ကြီး နန္ဒာ့ဆီ ရောက်လာတာလဲ။ ဘာလို့ ရုတ်တရက်ကြီး နန္ဒာကို့ ချစ်သွားတာလဲ။ ဘာလို့ ရုတ်တရက်ကြီး နန္ဒာနဲ့ နီးစပ်ချင်ရတာလဲ။”

ကျွန်မနှင့်အတူ တစ်နိုင်ငံတည်းမှာနေချင်လို့ ဆိုကာ  စီးပွားရေးဆိုင်ရာ ဘွဲ့လွန်တစ်ခုကို စိတ်မပါတပါတက်ရင်း အတင်းတွယ်ကပ်နေသော သူ့ကို ကျွန်မ မေးမိတော့ သူက လက်ကာပြကာ “ဟိုးထား၊ ဟိုးထား ဆရာမလေး။ မေးခွန်းတွေက သိပ်များနေပြီ” ဟု ရယ်လျက် ဆိုလေသည်။

“မင်းကွာ.. စာရေးဆရာမပေါက်စလေးလို့ မပြောရဘူး။ စကားက သိပ်များတာပဲ။ ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲဆိုတော့ မင်းကို သိပ်တွေ့ချင်သွားလို့။ ဘာလို့ သိပ်တွေ့ချင်သွားလဲဆိုတော့ မင်းကို ချစ်သွားလို့။ ဘာလို့ ချစ်သွားလဲ ဆိုတော့ မင်းက ကဗျာဆန်ဆန် နူးညံ့လို့။ အဲသည်လို ကဗျာဆန်ဆန် နူးညံ့တဲ့ ကောင်မလေးတစ်ယောက်ကို ကိုယ့်ချစ်သူ ဖြစ်စေချင်တယ်။ ဒါပါပဲ။ ကဲ ကိုယ့်အဖြေတွေက မင်းကို လုံလောက်တဲ့ စိတ်ကျေနပ်မှု ပေးရဲ့လား။”

“ဟုတ်။ ဒါပေမယ့် ..”

“ဒါပေမမယ့်နဲ့။ ပြောလက်စနဲ့ ကိုယ် ဆုံးအောင်ပြောမယ် အိုခေ။ သီတင်းကျွတ်လပြည့်ညတုန်းက မင်း ဘာလုပ်ခဲ့လဲ။ ပန်းခြံမှာ တစ်ယောက်တည်း ဆီမီးတွေ သွားထွန်းတယ် မဟုတ်လား။ ဆီမီးတွေနဲ့ မင်းနာမည်ကို ပုံဖော်ခဲ့တယ် မဟုတ်လား။ နောက် အဲဒီပုံတွေကို ဖေ့ဘွတ်ပေါ် တင်တယ်လေ။ာ မင်းရဲ့ အဲဒီအပြုအမူလေးကြောင့် ကိုယ့်နှလုံးသားက လှုပ်ခတ်သွားရတယ်။ မင်းက ကိုယ်ထင်ထားတာထက် အများကြီး ကဗျာဆန်ပြီး စိတ်ကူးသိပ်ယဉ်ပါလားလို့ ကိုယ်သိသွားတယ်။ အဲဒီတော့ မင်းကို ကိုယ် ချစ်သွားတယ်။ မင်းကို ချစ်တယ်လို့ အွန်လိုင်းပေါ်မှာ ကိုယ်မပြောချင်ပါဘူး။ ဒါကြောင့် မင်းဆီကိုယ်ရောက်လာတယ်။ မင်းနဲ့အတူ ရှိချင်လို့ ကိုယ် ဒီမှာ စိတ်မပါလက်မပါနဲ့ အတင်းဖျစ်ညှစ်ပြီး ကျောင်းဆက်တက်နေတယ်။ ကဲ.. ဆရာမလေး။ ကျေနပ်တော့။”

ရှားပါးစွာ သူ စိတ်လိုလက်ရ ရှိခဲ့သည့် စနေညနေခင်းတစ်ခုမှာ သူ့အိမ်ဘေးရှိ ရေမြောင်းဘောင်လေးအတိုင်း လမ်းလျှောက်ရင်း သူ ပြောခဲ့ဖူးသည့် စကားလေးတွေ ကျွန်မနားထဲမှာ စွဲနေတုန်းပင် ဖြစ်သည်။

သို့သော် အံ့သြစရာ ကောင်းသည်မှာ ကျွန်မကြောင့် ဒီနိုင်ငံလေးမှာ လာနေသည်ဆိုသည့် သူနှင့် ကျွန်မ နီးကပ်စွာ ပတ်သတ်ခွင့်ရသည်မှာ တစ်ပတ်မှ နှစ်ကြိမ်ထဲပင်။ ဗုဒ္ဓဟူးညနေနှင့် စနေနေ့ခင်း။ ကြားထဲတွင် မလိုအပ်ဘဲ ဖုန်းမပြောဖြစ်ကြ၊ မက်ဆေ့ခ်ျ မပို့ဖြစ်ခဲ့ကြပါ။ ကျွန်မ အနေနှင့်ဆိုလျှင်တော့ နံနက်ခင်းတိုင်းမှာ သူ့ဖုန်းသံနှင့်အတူ နိုးထပြီး ညအိပ်ရာဝင်ချိန်တိုင်း သူ့အသံလေးကို ကြားလိုက်ချင်ပါသည်။ သို့သော် ကြားရက်များတွင် ကျွန်မဆီ ဖုန်းစမဆက်တတ်သော သူ့ကို ကျွန်မက ဖုန်းဆက်တိုင်းလည်း နွေးနွေးထွေးထွေး သိပ်မရှိတတ်တော့ အမြဲတမ်းကြီး နှောင်ဖွဲ့ခံရတာ မကြိုက်လို့ထင်ပါရဲ့ဟု ဖြေတွေးတွေးလိုက်ကာ သူ့လွတ်လပ်ခွင့်ကို ကျွန်မ မနှောင့်ယှက်ခဲ့တော့ပါ။

ဗုဒ္ဓဟူးနေ့ ညနေခင်းတွေကတော့ ရိုးစင်းပါသည်။ ကျွန်မတို့ အိမ်နားလေးက ရှော့ပင်းမောလေးမှာ ညစာအတူစားပြီးနောက် ရုပ်ရှင်ကြည့်ကြသည်။ ကျွန်မက ညနေ ခြောက်နာရီထိ ရုံးတက်ရသဖြင့် ညစာစားပြီးသည့်နောက်တွင် ကျွန်မတို့ ဝင်ကြည့်နိုင်သည့် အစောဆုံးပွဲမှာ ရှစ်နာရီနောက်ပိုင်းပွဲများ ဖြစ်သည်။ ထို့ကြောင့် ရုပ်ရှင်ပြီးချိန်တိုင်းသည် ၁၁နာရီထက် ပိုပြီး မစောခဲ့ပါ။

ပေါက်ပေါက်ဆုပ် စားသည့်အခါ သူက အငန်ကြိုက်ပြီး ကျွန်မက အချိုမှ စားတတ်သည်။ ထိုပြသနာကို ပေါက်ပေါက်ဆုပ် တစ်ယောက်တစ်ဗူး ဝယ်ယူခြင်းဖြင့် လွယ်လွယ်ကူကူ ဖြေရှင်းခဲ့လိုက်ကြသည်။ ပြီးတော့ သူက Coke သောက်သည်။ ကျွန်မကတော့ ရုပ်ရှင်ကြည့်နေတုန်း တစ်ခုခုသောက်လျှင် ရုပ်ရှင်မပြီးခင်မှာပင် သန့်စင်ခန်းဖက် သွားရသည့်အဖြစ်ကို စိတ်ပျက်သဖြင့် ဘာမှမသောက်ဖြစ်။

ရုပ်ရှင်ပြီးပြီဆိုလျှင် ဘတ်စ်ကားမှတ်တိုင်သွားကာ ဘတ်စ်ကားအတူ စောင့်စီးကြသည်။ ကျွန်မတို့နှစ်ယောက်လုံးစီးရမည့် ကား တူနေခြင်းမှာ ကျွန်မအတွက် ကံကောင်းမှုတစ်ခု။ သူက ကျွန်မကို တကူးတက အိမ်ပြန်လိုက်ပို့ပေးမည့် ပုံစံ မရှိတာ ကျွန်မ သိသည်။  ဘတ်စ်ကားနံပါတ် ၈၅၂ကို ၅မှတ်တိုင် စီးပြီးလျှင် ကျွန်မဆင်းရမည့် Yishunအားကစားရုံရှေ့က မှတ်တိုင်ကို ရောက်သည်။ သူကတော့ ဂိတ်ဆုံးသည်အထိ ဆက်စီးရမည့်သူ။ ကျွန်မက ဘတ်စ်ကားပေါ်က ဆင်းလိုက်ပြီးတိုင်း သူလိုက်ပါသွားသည့်ကားကို မျက်စိရှေ့ကနေ ပျောက်သွားသည်အထိ လှမ်းမျှော်ကြည့်တတ်သည်။ သူ့ကို မြင်ရရ မမြင်ရရ သူလိုက်ပါသွားသည့် ကားလေးတိုင်းကို ကျွန်မ အမြဲ ငေးကြည့်ခဲ့မိဖူးပါသည်။

များသောအားဖြင့်ကတော့ အပတ်စဉ် အပတ်တိုင်း ကားကောင်းကောင်း မကောင်းကောင်း ကျွန်မတို့ အောင့်အီးပြီး ရုပ်ရှင်ကြည့်ဖြစ်ခဲ့သည်။ ရှားရှားပါးပါး ရုပ်ရှင်မကြည့်ဖြစ်သည့် ညနေများတွင်တော့ ညစာကို ဇိမ်ပြေနပြေစားကာ ကျွန်မ အိမ်အောက်ထိ လမ်းအတူလျှောက်ရင်း သူက အိမ်ပြန်လိုက်ပို့ပေးတတ်သည်။ တကယ့်ကို ရှားရှားပါးပါးပါ။

စနေနေ့များတွင်တော့ ကျွန်မက သူ့ဆီကို အလည်သွားပါသည်။ ၁၁နာရီခွဲပြီဆိုလျှင်သူ့ဆီ ကျွန်မ ရောက်ပြီ။ ကျွန်မရောက်လာမှ အိပ်ရာထမည်ဖြစ်သော သူ့ဆီကို နေ့လည်စာတွေ ဝယ်ပြီးမှ ကျွန်မ သွားလေ့ရှိသည်။ ကျွန်မ ရောက်လာပြီဆိုလျှင် သူက အိပ်ချင်မူးတူးဖြင့် တံခါးဖွင့်ပေးမည်။ ထို့နောက် ကျွန်မ လက်ထဲမှ အထုပ်များကို လှမ်းယူကာ မီးဖိုထဲက စားပွဲပေါ်မှာ သွားတင်မည်။ ပြီးတော့ တဘက်ဆွဲကာ ရေဝင်ချိုးမည်။ သေချာသည်ကတော့ ကျွန်မကို မပွင့်တပွင့် မျက်လုံးများဖြင့် အမြဲကြိုခဲ့ပြီး တယိမ်းတယိုင် နှင့် တရွတ်ဆွဲနေသော ခြေလှမ်းများဖြင့် ရေချိုးခန်းထဲ သူ ဝင်ခြင်းပင်။

သူ ရေချိုးနေပြီဆိုလျှင်တော့ ကျွန်မက သူ့အခန်းမှ ပြတင်းပေါက်များကို လေကောင်းလေသန့်ရအောင် ဖွင့်မည်။ ထိုအခါတိုင်း Braddell Roadဆိုသည့် လမ်းညွှန်ဆိုင်းပုဒ်ကို တွေ့ရတတ်သည်။ ပြီးတော့ သူ့အိပ်ရာကို သိမ်းပေးမည်။ တစ်ပတ်လုံး စိတ်တိုင်းကျဖွထားသော သူ့စာကြည့်စားပွဲကို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ရှင်းလင်းသည်။ စားပွဲပေါ်မှာ၊ စင်ပေါ်မှာ ဟိုတစ်ခွက် သည်တစ်ခွက်နှင့် တန်းစီနေသော အအေးသောက်ထားသည့် ခွက်များကို မီးဖိုထဲက ဘေစင်ဆီယူကာ ဆေးရသည်။

သူရေချိုးပြီးသွားလျှင်တော့ ကျွန်မတို့အတူ နေ့လည်စာ စားပါသည်။ သူ့အိမ်ရှင်လင်မယားက စင်္ကာပူနိုင်ငံသား တရုတ်လူမျိုးတွေ။ သူတို့က စနေနေ့ဆိုလျှင် နံနက်ကိုးနာရီလောက်ကတည်းက အိမ်ကနေ ထွက်သွားတတ်ပြီး ညနေခင်းမှ ပြန်လာလေ့ရှိကြသည်။ ထို့ကြောင့် များသောအားဖြင့်တော့ လွတ်လပ်အေးဆေးသော စနေနေ့လည်ခင်းများကို ကျွန်မတို့ ပိုင်ဆိုင်ခဲ့ကြပါသည်။

နေ့လည်စာကို စကားတပြောပြောဖြင့် လေးဆယ့်ငါးမိနစ်ခန့်ကြာအောင် ဇိမ်ဆွဲစားကြသည်။ ပြီးတော့ လိမ္မော်ရည် တစ်ယောက်တစ်ခွက် သောက်ကြသည်။ သူ့ဆီမှာ Sunkist က လိမ္မော်ဖတ်လေးများပါသည့် လိမ္မော်ရည်ဗူးကြီးတွေ ကုန်နေသည့်အခါဟူ၍ တစ်ခါမှ မရှိခဲ့ပါ။ အဲသည်လောက်ထိအောင် သူက လိမ္မော်ရည်ကြိုက်သူဖြစ်ပြီး တစ်ယောက်တည်းဆိုလျှင် အချိုရည်သောက်သည့်အကျင့်ကို ဖျောက်ထားသော ကျွန်မကတော့ ချွင်းချက်တစ်ခုအနေဖြင့် သူနှင့်မှ အတူတူ လိမ္မော်ရည်တစ်ခွက် ဝင်သောက်တတ်ပါသည်။ တစ်ခုတည်းသော သူ့အကျင့်ကောင်းလေးမှာ နေ့လည်စာစားပြီးတိုင်း ပန်းကန်းတွေအားလုံးကို ဆေးပေးချင်းပင်။ ကျွန်မ ဘယ်လိုဝင်လုလု ကျွန်မကို လုံးဝ မဆေးစေခဲ့ပါ။

တစ်ခါတုန်းက ကျွန်မကို တံခါးဖွင့်ပေးပြီးနောက် ချာကနဲ ပြန်လှည့်သွားကာ သူ့အိပ်ခန်းထဲ ပြန်ဝင်သွားခဲ့ဖူးသည်။ မထင်မှတ်ထားသော သူ့အပြုအမူကြောင့် ကျွန်မ ရုတ်တရက် ကြောင်သွားရသည်။ လက်ထဲက အထုပ်တွေတစ်ဖက်နှင့် အိမ်တံခါးပိတ်ဖို့ ဘယ်လိုမှ မဖြစ်သည်မို့  အစားအသောက်ထုပ်တွေကို မီးဖိုထဲက စားပွဲပေါ်မှာ အရင်သွားတင်ရသေးသည်။ ထို့နောက် အိမ်တံခါးကိုပိတ်ကာ သူ့အိပ်ခန်းထဲကို ဝင်လိုက်တော့မှ ကုတင်ပေါ်မှာ အပျင်းထူပြီး မှောက်အိပ်နေသော သူ့ကို တွေ့ရလေသည်။

သူ့ကုတင်ပေါ်မှာ ဘေးတစောင်း ဝင်ထိုင်ရင်း သူ့လက်မောင်းကို အသာလှုပ်ရမ်းပြီး နှိုးတော့ အီးအီးအဲအဲဖြင့် ဗလုံးဗထွေး စကားပြန်ပြောသည်။ ကျွန်မက အတင်းထခိုင်းလျှင် ငါးမိနစ်နော် ငါးမိနစ်.. ဆယ်မိနစ်တည်းပါ နော်ဆိုပြီး အတင်းပေအိပ်နေသည်။ ပြီးတော့ အတင်းပေအိပ်ရုံနှင့် အားမရဘဲ သူ့ဘေးက ထသွားမည် ပြင်သော ကျွန်မလက်ကို အတင်းဆွဲကာ “မထသွားနဲ့နော်.. ဆံပင်လေးတွေကို ဖွပေးနေ..” ဆိုပြီး ခိုင်းလိုက်သေးသည်။ ငါးမိနစ်ကနေ ဆယ်မိနစ်၊ ဆယ်မိနစ်ကနေ ဆယ့်ငါးမိနစ်ဖြစ်လာတော့ ကျွန်မ စိတ်မရှည်တော့ပါ။

ကျွန်မ စိတ်တိုစပြုပြီကို မရိပ်မိသောသူက “မသွားပါနဲ့ဦး။ ကျောပေါ်မှာလေ ကကြီး ခခွေးလေးတွေ ရေးပေးနေ” ဟု ခိုင်းတော့ “ဘာလုပ်ခိုင်းတာလဲ။ နန္ဒာမသိဘူး။ ထပါတော့ဆို။ နန္ဒာစိတ်ဆိုးတော့မယ်” ဆိုကာ ခြိမ်းခြောက်သော်လည်း သူ ဂရုမစိုက်ခဲ့ပါ။

“ဟာကွာ.. ကျောပေါ်ကိုလေ လက်ချောင်းထိပ်လေးနဲ့ စာလေးတွေ လျှောက်ရေးနေလေ။ ဒါလေးတောင် မသိဘူးလား.. ဇာတ်ကားတွေထဲမှာ မမြင်ဖူးဘူးလား ..”

သူ့ စကားကို ကျွန်မ စိတ်ဆိုးပြီး ကုတင်ပေါ်ထိုင်နေရာက ထကာ “အစ်ကို့ဘာသာ ထချင်ထ၊ မထချင် မထနဲ့။ သဘော။ နန္ဒာ့ကိုလည်း လုံးဝ ဂရုမစိုက်နဲ့။ ဟုတ်ပြီလား။”

ကျွန်မ ပွစိပွစိပြောတော့ သူ မခံနိုင်ခဲ့ပါ။ ခေါင်းကို တဗျင်းဗျင်းကုတ်ရင်း ကုတင်ပေါ်မှ ဆောင့်ကြီးအောင့်ကြီး ထသည်။ ထို့နောက် တဘက်ကို ခပ်ကြမ်းကြမ်း ဆွဲယူကာ အခန်းတံခါးကို အသံမြည်အောင် ပိတ်ပြီး ရေသွားချိုးလေသည်။

သူက တစ်ပြန်ကြီး စိတ်ဆိုးရမလားဟု ကျွန်မ သူ့ကို အမှန်တကယ် စိတ်ကောက်သွားတော့သည်။ သို့သော် လူကဲခတ်ညံ့သော သူက ကျွန်မ စိတ်ဆိုးနေမှန်း ချက်ချင်း မသိခဲ့ရှာပါ။

“ဆာတယ်ဆို.. စားမယ်လေ။ ထ”

စာကြည့်စားပွဲမှာ ထိုင်နေသော ကျွန်မကို သူက တီရှပ်တစ်ထည် ကောက်စွပ်ရင်း အသံမာမာဖြင့် ပြောသည်။ ကျွန်မက ခေါင်းယမ်းပြလိုက်သည်။

“ဘာတုန်းဟ.. စောနကပဲ ဗိုက်ဆာလို့ဆိုပြီး ပွစိပွစိ လုပ်နေပြီးတော့။”

“ဟုတ်တယ်။ စောစောက ဆာတယ်။ အခု မဆာတော့ဘူး။ မစားချင်တော့ဘူး။ သိပြီလား။”

“ဘာလဲ မင်းက ကိုယ့်ကို ရွဲ့တာလား..”

ဘာမှပြန်မပြောဘဲ ခပ်စိမ်းစိမ်းကြည့်ကာ မျက်နှာကို တစ်ဖက်လွှဲလိုက်တော့ သူက ကျွန်မ နောက်လာရပ်ပြီး ကျွန်မ ပခုံးနှစ်ဖက်ကို ကိုင်ကာ သူ့ဖက် ဆွဲလှည့်ပစ်လိုက်သည်။

“အကြမ်းပတမ်း လာမလုပ်နဲ့နော်။ သူ့ဆီကို နေပူပူကနေ တကူးတက လာရတာကိုမှ အားမနာ၊ အစားသောက်ထုပ်တွေ သယ်လာရတဲ့ မျက်နှာကိုမှ မထောက်။ အကြာကြီး ပေအိပ်တယ်။ ပစ်ထားတယ်။ အစ်ကိုက နန္ဒာ့ကို နည်းနည်းမှ မညှာဘူး။ အစ်ကိုက …”

ကျွန်မ စကားမဆုံးခင် မဆုံးလိုက်ပါ။ ကျွန်မ နှုတ်ခမ်းမှ ကျဆင်းလာမည့် စကားများကို သူ့နှုတ်ခမ်းက ပိတ်ပင်တားဆီးခဲ့သည်။ ကျွန်မ ရုန်းမရအောင် သူ့လက်နှစ်ဖက်က ကျွန်မ ဦးခေါင်းကို ထိန်းချုပ်ထားပြီး ခပ်ကြမ်းကြမ်း နမ်းပစ်လိုက်ပြီးမှ လွှတ်ပေးခဲ့တော့ ကျွန်မ အမှန်တကယ် ပါးစပ်ပိတ်သွားခဲ့ပါသည်။

“လာ.. ထမင်းသွားစားမယ်နော်..”

သူ့အသံမှာ ကျွန်မ ကြားသာရုံလေး။ လေသံသဲ့သဲ့လေး။

အဲသည်နောက်တော့ အဲသည်လိုအဖြစ်မျိုး ထပ်မဖြစ်ခဲ့တော့ပါ။

နေ့လည်စာစားပြီးသည့် အချိန်မှ ညနေခင်း ငါးနာရီ၊ခြောက်နာရီခန့်အထိကတော့ ကျွန်မတို့၏ နှစ်ဦးပိုင်အချိန်လေးဖြစ်သည်။ တရုတ်ရိုးရာ ပန်းချီကားများ၊ ကြွေထည်ပစ္စည်းများဖြင့် ပြည့်နှက်နေသော အိမ်လေးတွင် ကျွန်မတို့ကို စောင့်ကြည့်နားစွင့်နေမည့်သူဟူ၍ ကြောင်လေးတစ်ကောင်တောင် မရှိပါ။ လွတ်လပ်ပြီး တိတ်ဆိတ်ငြိမ်သက်သော နေ့လည်ခင်းများကိုတော့ ကျွန်မတို့တော့ လှလှပပ ကုန်ဆုံးစေခဲ့တာ များပါသည်။

သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ ဟစ်ဟော့သီချင်းတစ်ပုဒ်ဖြင့် ဂစ်တာတီးပြီး သီချင်းဆိုကာ ပထမဆုရခဲ့ဖူးသော၊ ဟစ်ဟော့သီချင်းများကိုမှ စွဲစွဲလန်းလန်း နှစ်သက်တတ်သော သို့သော် တီရှပ်ပွပွနှင့် ဒူးအထက်နားထိ ဂွကျနေသော ဂျင်းဘောင်းဘီပွပွကြီးများကို တစ်ခါမှ မဝတ်ဘူးသော သူက ကျွန်မကို ဂစ်တာတီးပြတိုင်း ဟစ်ဟော့သီချင်းများကိုသာ ဆိုပြလေ့ရှိပါသည်။

တစ်ခါတစ်လေတော့ ကျွန်မတို့နှစ်ယောက် အွန်လိုင်းမှ ရုပ်ရှင်ရှာပြီး ကြည့်ကြသည်။ သူ အကြိုက်ဆုံး ဇာတ်ကားတစ်ကားဖြစ်သည့် Wicker Parkကို မိုးတဖောက်ဖောက်ကျနေသော ပျင်းရိဖွယ် စနေနေ့လည်ခင်းတစ်ခုတွင် ကျွန်မတို့အတူတူ ကြည့်ခဲ့ကြသည်။ ဇာတ်ဝင်တေးဖြစ်သည့် The Scienctist သီချင်းကို ဆွေးမြေ့စွာ နားထောင်ရင်း သူ့ရင်ခွင်မှာ ကျွန်မ ငြိမ်သက်နေခဲ့ဖူးသည်။ Once ရုပ်ရှင်ကို ကြည့်တော့လည်း Falling Slowly သီချင်းနှင့် If you want me သီချင်း နှစ်ပုဒ်တို့ကို ချစ်ကျွမ်းဝင်မိရပြန်သည်။ August Rush ကြည့်စဉ်တုန်းကလည်း August၏ ဂစ်တာလက်သံများကို နှစ်သက်မိရပြန်သည်။

ကော်ဖီမသောက်တတ်သော သူက ကော်ဖီနှစ်သက်သော ကျွန်မအတွက် ကျွန်မအကြိုက်ဆုံး ကော်ဖီဖြစ်သည့် Old Townမှ White Coffeeများကို ဝယ်ထားလေ့ရှိသည်။ ပြီးတော့ ရုပ်ရှင်ကြည့်သည့်အခါတိုင်း ကျွန်မအတွက် သူကိုယ်တိုင် ကော်ဖီတစ်ခွက် ဖျော်ပေးတတ်သည်။ ကျွန်မက ကော်ဖီလေးကို တစ်ငုံပြီးတစ်ငုံ အရသာခံပြီး ဇိမ်ပြေနပြေ သောက်နေသည့်အခါတိုင်း သူကတော့ လိမ္မော်ရည်အေးအေးလေးကို တစ်ခွက်ပြီး တစ်ခွက် သောက်သည်။

ရုပ်ရှင်ကြည့်ပြီးသွားကြပြီဆိုလျှင်တော့ ကျွန်မက သူတစ်ပတ်လုံးဝတ်ထားပြီး သောကြာနေ့တုန်းက လျှော်လှန်းထားသည့် အဝတ်အစားများကို မီးပူတိုက်ပေးလေ့ ရှိပါသည်။ သူ တားနေလျက်က အမြဲတမ်း မီးပူတိုက်ပေးခဲ့တာကတော့ ချစ်သူကို မပင်ပန်းစေချင်သည့် ကျွန်မ၏ စေတနာသက်သက်သာ။ ပြီးတော့ သူကလည်း စေတနာ ရှိဖို့ ကောင်းသူ တစ်ယောက် ဖြစ်ခဲ့သည်။

ကျွန်မက သူ့ကုတင်ပေါ်မှာထိုင်ပြီး  မီးပူတိုက်နေသည့်အခါတိုင်း ကျွန်မကို ပစ်ထားပြီး သူလုပ်ချင်ရာ လုပ်မနေခဲ့ဘဲ ကွန်ပျူတာရှေ့ထိုင်ကာ  ဖေ့စ်ဘွတ်ပေါ်က သတင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ဖတ်ပြမည်။ သီချင်းတွေ လျှောက်ဖွင့်ပြသည်။ စကားတွေ ဟိုရောက်သည်ရောက် ပြောမည်။ ကျွန်မက မီးပူတိုက်ရင်း သူပြောသမျှကို နားထောင်မည်။

ကျွန်မ မီးပူတိုက်ပြီးသွားလျှင် ကော့ပြန့်နေသည့် အဝတ်အစားများကို သူကိုယ်တိုင် ဗီရိုထဲကို တရိုတသသိမ်းမည်။ ထို့နောက် မီးပူထိုးသည့်စင်ကို ခေါက်သိမ်းကာ စတိုခန်းထဲ ပြန်ထည့်မည်။ ပင်ပန်းသွားပြီလားဟင်ဟု ကျွန်မကို မေးမည်။ အဲသည်လို အပြုအမူလေးတွေကြောင့်လည်း ကျွန်မက သူနှင့်ပတ်သတ်ပြီး စေတနာ ပိုသထက် ပိုနေခဲ့ရတာ ဖြစ်မည်။

ညနေစောင်းပြီဆိုလျှင်တော့ ကျွန်မတို့နှစ်ယောက် သူ့အိမ်အောက်ရှိ ရေမြောင်းလေးဘေးက ပန်းခြံလေးထဲမှာ လမ်းလျှောက်ကြသည်။ မှိုင်းညို့နေသည့် သစ်ပင်ကြီးများ၊ စိမ်းစိုနေသည့် မြက်ခင်းပြင်များ၊ ရေမြောင်းထဲက ကြည်လင်နေသည့် ရေစီးကြောင်းလေး၊ ရေစီးကြောင်းလေးထဲမှာ မျောပါနေသည့် ရွက်ကြွေများ၊ လမ်းဘေးတစ်လျှောက်မှာ အစီအစဉ်မကျနစွာ ပေါက်နေသည့် လမ်းဘေးပန်းပင်လေးများက ကျွန်မတို့၏ ညနေခင်းကို လှပစေသည်။ ကျေးငှက်သံလေးများ၊ ပုရစ်စီသံလေးများ၊ ဖားအော်သံလေးများက အဖော်ပြုကြသောအခါ ဆည်းဆာချိန်လေးမှာ ပိုပြီး ပြည့်စုံ လှပသွားရသည်။

ထိုလှပသော ဆည်းဆာချိန်လေးတွေ လမ်းလျှောက်ထွက်ကြသော ကျွန်မတို့သည် တစ်ယောက်လက်ကိုတစ်ယောက် တွဲမထားခဲ့ကြဘူးပါ။ လက်သန်းလေးချင်းတောင် ချိတ်မထားခဲ့ဘူးပါ။ ကျွန်မကတော့ တစ်ခါတစ်ရံမှာ ချစ်သူ့လက်ကို တွဲချိတ်ထားချင်စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်တတ်သော်လည်း သူ သက်တောင့်သက်သာ မရှိဘူးဆိုသည့် အရာမို့ ဇွတ်အတင်း မလုပ်ဖြစ်ခဲ့ပါ။ အများအမြင်မှာတော့ တင့်တယ်စေသည်ပေါ့။ ကျွန်မရင်ထဲမှာတော့ .. ။

သည်လိုနှင့် ကျွန်မတို့သည် တစ်ပတ်ကို နှစ်ကြိမ်ပဲ တွေ့ဆုံကာ တခြား ဘယ်နေရာမှလည်း အတူတူ လည်ပတ်ခဲ့ခြင်း မရှိခဲ့ပါ။ ကျွန်မ အနေနဲ့ဆိုလျှင် ချစ်သူ့လက်ကိုတွဲပြီး နေရာစုံအောင် သွားလိုက်ချင်ပါသည်။ တစ်လောကလုံးကို ဒါကျွန်မချစ်သူဆိုပြီး ကြေညာလိုက်ချင်ပါသည်။ သို့သော် ဒါတွေ ကိုယ်စိတ်မဝင်စားဘူးသိဘူး ဆိုသည့် သူ့တစ်ချက်လွှတ် ငြင်းဆိုမှုကြောင့် ခရစ်စမတ်၊ နယူးရီးယား၊ချစ်သူများနေ့များ၊ သူ့မွေးနေ့နှင့် ကျွန်မမွေးနေ့များတွင် တစ်နိုင်ငံတည်းတွင် ရှိနေကြပြီး တစ်ခါမှ မဆင်နွှဲဘူးကြသည့် ချစ်သူတွေ ဖြစ်လေသည်။

သူနှင့်ကျွန်မ မတွေ့ဖြစ်သည့် ကျန်သည့်ငါးရက်တွင် သူ ဘာတွေလုပ်နေခဲ့သလဲဟု ကျွန်မအမြဲတွေးမိသည်။ သို့သော် ချစ်သူကို အကြွင်းမဲ့ယုံကြည်စိတ်ဖြင့် ဘာတစ်ခုမှ ကျွန်မ သူ့ကို မမေးခဲ့ဘူးပါ။ သံသယကင်းမဲ့စွာ ကျွန်မ သူ့ကို သိပ်ချစ်ခဲ့ဖူးသည်။

သူနှင့် မတွေ့ဖြစ်သည့် အချိန်တွေမှာ ကျွန်မရော ဘာတွေလုပ်နေသလဲဟု သူမမေးခဲ့ခြင်းကိုလည်း သူ့ဖက်က ကျွန်မအပေါ်ကို ယုံကြည်ခြင်းအဖြစ်၊ တခြားအမျိုးသားနှင့် ကျွန်မအပေါ် သဝန်မတိုတတ်ခြင်းအပေါ်ကိုလည်း သူ၏ သဘောထားပြည့်ဝခြင်းအဖြစ်၊ ကျွန်မ နေကောင်းရဲ့လား၊အစစအရာရာအဆင်ပြေရဲ့လားဟု ဂရုမစိုက်တတ်ခြင်းကိုလည်း ကျွန်မ၏ တစ်ကိုယ်ရည်အစွမ်းအစကို အလေးထားခြင်းအဖြစ် ကျွန်မဘာသာ ဂုဏ်ယူစွာ ဖြေတွေးခဲ့ဖူးသည်။

v v v

သူနှင့်ပတ်သတ်ပြီး ကျွန်မ ရင်ထဲမှာ တအုံ့အုံ့နွေးနွေး ဖြစ်နေသည့် မေးခွန်းတွေတော့ ရှိခဲ့ဖူးသည်။ တစ်ယောက်ယောက်က သူ့မှာ ချစ်သူ ရှိလားမေးလျှင် သူ ဘာပြန်ဖြေမလဲ ကျွန်မ သိပ်သိချင်သည်။ ကျွန်မကို သူ ဘယ်လိုသဘောထားသလဲ ကျွန်မ သိချင်သည်။ သူ့ဘဝမှာ ကျွန်မက ဘယ်လောက်ထိ အရေးပါအရာရောက်သလဲ ကျွန်မ သိချင်သည်။

မအောင့်အီးနိုင်တော့သည့် နေ့လည်ခင်းတစ်ခုမှာတော့ ကျွန်မ၏ မေးခွန်းများကြောင့် သူနှင့်ကျွန်မ ပြသနာအကြီးအကျယ် တက်သွားရလေသည်။

“အစ်ကို.. တစ်ယောက်ယောက်က အစ်ကို့မှာ ရည်းစား ရှိလားလို့ မေးလာရင် မရှိဘူးလို့ ပြောမှာမို့လား”

“သိနေတယ်ဆို ဘာလို့ လာမေးနေတုန်း”

အဲဒီတုန်းက ကြည်လင်နေသော သူ့မျက်နှာက ချက်ချင်းမှိုင်းညို့သွားသည်။ မျက်မှောင်တွေလည်း ကုပ်သွားခဲ့တော့ နောက်ထပ် ဆက်မေးသင့်မမေးသင့် ကျွန်မ တွေဝေသွားရသည်။ သို့သော် စမိမှတော့ မထူးပါဘူးတွေးကာ မျက်စိစုံမှိတ်ပြီး ဆက်မေးမိလေသည်။

“ဒါဆို နန္ဒာက အစ်ကို့အတွက် ဘာလဲ”

“အဲဒါ ဘာမေးတာလဲ။”

“နန္ဒာ့ကို ပြန်မမေးနဲ့လေ။ အစ်ကို့ကို မေးနေတာ။ အစ်ကိုဖြေ..”

“နန္ဒာ.. မင်း ကိုယ့်ကို သက်သက်ရစ်နေပြီ”

“နန္ဒာက ရစ်တယ်ဟုတ်လား။ နန္ဒာက ရစ်နေတာ မဟုတ်ဘူး။ အစ်ကိုသာ နန္ဒာ့အပေါ်မှာ အေးစက်လွန်းတာ။ အစ်ကိုနဲ့ နန္ဒာရဲ့ အစွန်းဆုံးသော ရင်းနှီးမှုကလည်း ဒီအိပ်ခန်းထဲမှာပဲရှိတယ်။ အပြင်ရောက်ပြီဆို အစ်ကိုက နန္ဒာတို့နှစ်ယောက်ဟာ ဘာမှမဟုတ်သလို ဟန်ဆောင်ကောင်းတယ်။ နေတတ်တယ်။ အဲဒီ အစ်ကို့အပြုအမူတွေအတွက် နန္ဒာ့ရင်ထဲမှာ ဘယ်လောက် နေရခက်လဲသိလား”

အဲသည်တုန်းက သွေးအေးအေးဖြင့် သူပြန်ပြောခဲ့သည့် စကားများက ကျွန်မကို တော်တော်လေး နာကျင်စေခဲ့ပါသည်။

“အင်း။ ဒီလိုတွေ ဖြစ်လာတဲ့အတွက် ကိုယ် စိတ်မကောင်းပါဘူး။ မင်းကိုချစ်လို့ မင်းရှိတဲ့ဒေသဆီ ရောက်လာခဲ့ပါပြီ ဆိုတဲ့နောက် မင်းက ဘာတွေ လောဘကြီးနေတာလဲ။ ဘာတွေ ထပ်လိုချင်နေတာလဲ။ အခု မင်းရနေတာတွေကို အချစ်လို့ မထင်ဘူးလား။ ဘာတွေ မကျေနပ်ဖြစ်နေတာလဲ။”

“မကျေနပ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အစ်ကိုက နန္ဒာ့အပေါ် စိမ်ကားအေးစက်လွန်းတယ်။ နန္ဒာချစ်သလောက် နန္ဒာ့ကို မချစ်ဘူး။ နန္ဒာတွယ်တာသလောက်လည်း နန္ဒာ့ကိုမတွယ်တာဘူး”

“နန္ဒာ.. မင်း သိပ်မှားသွားပြီသိလား။ ကိုယ် မင်းကို ချစ်တယ်လို့ပဲ ပြောခဲ့တာ။ သိပ်ပြီး တွယ်တွယ်တာတာ ဖြစ်လိမ့်မယ်လို့ မင်း မထင်နဲ့။ မင်းကို ချစ်လို့ရနေသရွေ့ ကိုယ်ချစ်မယ်။ မင်းကို မချစ်တော့တဲ့နေ့ ဒါမှမဟုတ် မင်းကို ဆက်ချစ်ဖို့ မဖြစ်နိုင်တော့တဲ့နေ့ ကိုယ် မင်းကို အချိန်မရွေးထားသွားမှာ။ မင်း သိပြီနော်.. ကိုယ်က မင်းနဲ့ဝေးရလို့ဆိုပြီး ဝမ်းနည်းနေမယ့် ယောက်ျားမျိုး မဟုတ်ဘူး။ မင်းနဲ့ဝေးသွားပြီးရင် မင်းဆိုတာ ကိုယ့်ဘဝထဲမှာတင် မဟုတ်ဘူး။ ကိုယ့်မှတ်ဥာဏ်ထဲမှာပါ ရှိမှာ မဟုတ်တော့ဘူး။ ကိုယ် မင်းကိုပဲ တစ်သက်လုံး ချစ်သွားမယ်လို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးဘူး။ ကိုယ်က ကိုယ်စိတ်ပါသလောက်ပဲ ချစ်ဖို့ စိတ်ကူးရှိတယ်.. ခံစားလို့ မရတော့တဲ့တစ်နေ့ရောက်လာရင် ခံစားလို့ရနေသေးသယောင် ဟန်ဆောင်ပြီး ချစ်ပြနေမယ် မထင်နဲ့။ မင်းကို …”

“တော်ပါတော့။ အစ်ကို ဆက်မပြောပါနဲ့တော့ ..”

“ပြောရမယ်လေ။ မင်းက စ မေးတာကိုး။ မင်းကို လွတ်လပ်ပြီး ပွင့်လင်းတဲ့ ပြီးတော့ ယောက်ျားတစ်ယောက်ကို အတင်းတွယ်ကပ်တတ်တဲ့ မိန်းမတစ်ယောက်မဟုတ်ဘူးလို့ အစက ကိုယ်ထင်ခဲ့တာ။ အဲသည်လို ထင်မိလို့လည်း မင်းဘဝထဲကို ကိုယ် ဝင်ရောက်ပတ်သတ်မိခဲ့တာ။ ဘယ်လိုလဲ နန္ဒာ ကိုယ်ထင်တာ မှားသွားသလား။ ဟင်.. ဖြေလေ”

“ဟင့်အင်း.. နန္ဒာ့ကို မမေးနဲ့”

ဘေးလွယ်အိတ်ကို ဆွဲကာ သူ့အိမ်ထဲက ပြေးထွက်လာခဲ့မိတာကို ကျွန်မ မှတ်မိပါသည်။ သူ လိုက်ခေါ်မှာ မဟုတ်မှန်း သိသိကြီးနဲ့ သူများ လိုက်လာလေမလားဟု ဘတ်စ်ကားမှတ်တိုင်မှာ ကားထိုင်စောင့်ရင်း သူ့ခြေသံကို နားစွင့်ခဲ့မိဖူးတာကို ကျွန်မ မှတ်မိပါသည်။ သို့သော် ကျွန်မ အိမ်ပြန်ရောက်သွားချိန်၊ နောက် ညအိပ်ရာဝင်ချိန်၊ နောက်ပြီး တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားကာ သုံးပတ်မြောက် စနေရောက်လာသည်အထိ သူက ဖုန်းတစ်ချက် မခေါ်ခဲ့၊ မက်ဆေ့ခ်ျတစ်ခု မပို့ခဲ့တာပါ။ အမြဲတမ်း အလျော့ပေးတတ်သော ကျွန်မကလည်း အဲဒီတစ်ခါတွင်မှ သူ့ကို စမခေါ်ဘဲ အသည်းမာစွာ တင်းခံနေခဲ့မိတာကိုလည်း  နာကျင်စွာ မှတ်မိခဲ့ပါသည်။

သို့သော် အဲသည် သုံးပတ်မြောက် စနေနေ့ နေ့လည်ခင်း ဖေ့ဘွတ်ဝင်လိုက်ချိန်မှာတော့ သူ့စာမျက်နှာဆီ လုံးဝမကြည့်ဘူးဟု တင်းခံနေသည့်ကြားမှ သူတင်ထားသည့် စတေးတပ်တစ်ခုကို Newsfeedမှာ တွေ့လိုက်ရပြီးသည့်နောက် ကျွန်မ ဘယ်လိုမှ မနေနိုင်တော့ပဲ သူ့ဆီ ဖုန်းခေါ်မိတော့သည်။

“ကျွန်တော့်ရဲ့ အစိတ်အပိုင်းလေးတစ်ခုက ကျွန်တော့်ကို ပစ်ထားတဲ့အခါ ကျွန်တော် နာဖျားရတယ်။ တစ်ကိုယ်ရေ ဖျားတဲ့ညတွေ ကုန်လွန်စေဖို့ အချစ်လေး ကိုယ့်ဆီ အမြန်ဆုံးလာပါ။”

အဲဒီစတေးတပ်လေးကြောင့်ပဲ သူတကယ်ဖျားနေသလားဟု စိတ်ပူသည့်စိတ်က ကျွန်မ၏ ခပ်ပါးပါး မာနလေးကို အလဲထိုးနိုင်ခဲ့လေသည်။

“အစ်ကို.. အခု ဘယ်မှာလဲ”

“အိမ်မှာ ..”

“နန္ဒာလာခဲ့မယ်..”

“ကိုယ်စောင့်နေမယ်နော်။ မြန်မြန်လာခဲ့နော်။”

အဝတ်အစား ကပျာကယာလဲကာ သူ့ဆီကို ချက်ချင်း ပြေးသွားခဲ့ဖူးသည်။ သူက အိမ်တံခါး ကြိုဖွင့်ထားနှင့်ပြီး ကျွန်မ ခြေသံကြားတော့ အိမ်ရှေ့ထွက်လာကာ ဆီးကြိုခဲ့ဖူးသည်။ အိမ်ထဲရောက်တော့ ကျွန်မကို သူ့ရင်ခွင်မှာ ထွေးပွေ့ကာ နဖူးပြင်ပေါ်၊ ပါးပြင်ပေါ် အနမ်းတွေ တဖွဖွ ခြွေခဲ့ဖူးသည်။

“နေမကောင်းဘူးဆို ..”

“ဟင့်အင်း။ ကိုယ်နေကောင်းတယ်။”

အဲဒီနောက် သူက ဆက်မပြောဘဲ ခဏငြိမ်နေသေးသည်။ ပြီးတော့မှ ခပ်ဆဆဖြင့်

“မင်းက သိပ်မာနကြီးတာပဲနော်.. အခုလည်း ကိုယ့်စတေးတပ်လေးကြောင့်သာ မဟုတ်ရင် မင်း ကိုယ့်ဆီကို ရောက်လာမှ မဟုတ်ဘူးဆိုတာ ကိုယ် သိတယ်။ ဒါကြောင့် အဲသည်လို တမင်တင်တာ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ အချစ်လေးရယ်။ I was missing you so badly, baby ..”

ဟု ပြောလေသည်။

ချစ်စရာ သူ့အပြုအမူလေးကြောင့်လည်း ဟိုရက်တွေက သူပြောခဲ့သည့် စကားတွေကို သတိမရတော့ဘဲ၊ ပစ်ထားရက်လိုက်တာ၊ နေနိုင်ရက်တယ်ဟု မတွေးမိတော့ဘဲ သူ့ရင်ခွင်ထဲမှာ ကျွန်မ ကျေနပ်စွာ မှီနွဲ့နေခဲ့ဖူးသည်။

သူက ကျွန်မနှင့် ပတ်သတ်ပြီး အရာရာမှာ သွေးအေးတတ်သလောက် ကျွန်မကတော့ သူနှင့်ပတ်သတ်ပြီး အရာတော်တော်များများကို သည်းသည်းလှုပ် ချစ်ခဲ့မိပါသည်။ ကဗျာရေးသော်လည်း ဂစ်တာတီးသော်လည်း  အနုပညာမဆန်သော တိုတိုဖောင်းဖောင်း လက်ချောင်းလေးများ၊ ဖြူဖွေးနေသော ခြေဖမိုးထက်က ယှက်ဖြာနေသည့် အကြောစိမ်းလေးတွေများ၊ မေးစေ့လုံးလုံးလေးနှင့် အပြစ်ကင်းစင်လွန်းသည့် မျက်နှာဝိုင်းဝိုင်းလေး နောက်ပြီး ဖြူသွယ်သော လည်ပင်းပေါ်မှာ အစိမ်းရောင်မှည့်လေး နှစ်လုံး။ အားလုံးကို ကျွန်မက စွဲလန်းစွာ ချစ်မြတ်နိုးခဲ့ဖူးသည်။

သူပြောသလိုပဲ တစ်နေ့နေ့မှာ သူ ငါ့ကို မချစ်နိုင်တော့လို့ ထားသွားခဲ့ရင်တောင် အတူရှိခဲ့ဖူးတဲ့ အချိန်လေးတွေကို ပြန်ပြောင်းအောက်မေ့ပြီး ငါ နေရစ်ခဲ့မယ်။ ငါ သူ့ကို သိပ်ချစ်ရမှာကို မကြောက်တော့ဘူး။ တစ်ချိန်မှာ ဘာပဲဖြစ်ဖြစ် သူ့ကိုငါ ချစ်လို့ချစ်နေသ၍ အစွမ်းကုန်ချစ်မယ်။ ငါနဲ့အတူ ရှိနေချိန်မှာ အရာရာ သူ့စိတ်တိုင်းကျ ဖြစ်စေရမယ်။ ဘယ်လိုလုံ့လဝီရိယမျိုးမှ သူက ထူးကဲစွာ စိုက်ထုတ်ထားတာလည်း မဟုတ်ပါဘဲနဲ့  အဲသည်လို ဆုံးဖြတ်ချက်မျိုး ချမိသည်အထိ သူ့ကို သိပ်ပြီးချစ်နေမိတာ ကျွန်မ၏ ဝဋ်ကြွေးတစ်ခုပဲလား။

v v v

“လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဒီပေါ်မှာ ကောင်မလေးတစ်ယောက် အအေးဗူးကြီး တိုက်ချပစ်ခဲ့တာ မှတ်မိသေးလား”

ကျွန်မ ခေါင်းလေးကို အသာအယာပုတ်ကာ သူ စနောက်တော့ အံ့သြပျော်ရွှင်သွားခဲ့ဖူးသည်။

“အစ်ကို မှတ်မိတယ် ဟုတ်လား ..”

“မေ့စရာလား။ ကိုယ့်မှာ တစ်ရှုးတွေနဲ့ အမြန် လိုက်သုတ်ပေးခဲ့ရတာ …”

အဲဒီ ဗုဒ္ဓဟူးနေ့ညက ရုပ်ရှင်ကြည့်ပြီး အိမ်ပြန်လာတော့ ပထမဆုံးတစ်ကြိမ် ကျွန်မတို့ တွေ့ဆုံခဲ့သည့် မက်ဒေါ်နယ်ဆိုင်ရှေ့ ဖြတ်အလျှောက်မှာ ထူးကဲစွာ သူ ရွှင်မြူးနေခဲ့သည်။

“ရေခဲမုန့်စားမလား နန္ဒာ။ ကိုယ်ဝယ်ကျွေးမယ်”

ထို့နောက် ကျွန်မ ခေါင်းမငြိမ့်ရသေးခင်မှာပင် ကျွန်မလက်ကို ဆွဲကာ မက်ဒေါ်နယ်ဆိုင်အတွင်းသို့ ဝင်သွားခဲ့ပြီ ဖြစ်သည်။

Vanila အရသာ ရေခဲမုန့် တစ်ယောက်တစ်ခုဆီ ကိုင်ကာ ဇိမ်ပြေနပြေစားရင်း ကျွန်မ အိမ်ဖက်ဆီသို့ ဖြေးညင်းစွာ လျှောက်ခဲ့ကြသည်။

အိမ်ပြန်လမ်းတစ်လျှောက်သည် ထိန်ထိန်သာနေသော လမင်းကြောင့် သိပ်ကို လှနေခဲ့လေသည်။ အုံ့အုံ့ဆိုင်းဆိုင်း သစ်ပင်ကြီးတွေကြားထဲမှ အတင်းတိုးထွက်လာရသည့် လရောင်သည် မြေပြင်ထက်က သစ်ရွက်ကြွေများပေါ်မှာ ညင်သာစွာ နားစက်သည်။ သစ်ကိုင်းအချင်းချင်း ပွတ်တိုက်သွားသွားသံ၊ သစ်ရွက်တွေ လေတိုးသံ၊ မြေပြင်ထက်က သစ်ရွက်ကြွေအပေါ် ကျွန်မတို့ နင်းချလိုက်သဖြင့် မြည့်သွားသည့် အသံ၊ တဒီးဒီးအော်နေသည့် ညပိုးကောင်းလေးတွေရဲ့ အသံ နောက် ခပ်လှမ်းလှမ်းက ဖားအော်သံတစ်ချို့က တိတ်ဆိတ်နေသော ည၏ ဂီတသံများ ဖြစ်သည်။

အဲသည်ညက ညဉ့်တော်တော်နက်သည်အထိ သူ မပြန်ဖြစ်ခဲ့ပါ။  ကျွန်မအိမ်အောက်က ကလေးကစားကွင်းလေးထဲမှာ နှစ်ယောက်အတူထိုင်ပြီး စကားပြောဖြစ်ခဲ့ကြသည်။ နောက်မှီပါသော ခုံတန်းလေးပေါ်မှာ မှီထိုင်နေခဲ့ကြပြီး သူက ကျွန်မ လက်လေးတစ်ဖက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်ထားခဲ့သည်။

ကျွန်မတို့ ထိုင်နေသည့် နေရာတွင် သစ်ပင်များ မရှိတော့သဖြင့် လမင်းကြီးကို ကောင်းစွာ မြင်နေရသည်။ ကောင်းကင်ထက်မှာ လမင်းကြီးက ဝိုင်းစက်လို့နေသည်။ ကြီးမား ဝိုင်းစက်ပြီး လှပလွန်းလို့လည်း နိုဝင်ဘာလ၏ လပြည့်လကို Flower Moonလို့ ထင်စားကြသည် နေမှာပေါ့။ အဲသည်ညက ၁၂နာရီကျော်ပြီးမှ သူ ပြန်သွားခဲ့လေသည်။

လှပလွန်းသည့် လရောင်အောက်မှာ ကြင်နာစွာ ခြွေချသွားခဲ့သည့် အနမ်းရှည်ကြီးတစ်ခုကြောင့် ကျွန်မမှာ မူးယစ်ရီဝေစွာ ကျန်ခဲ့ရသည်။

လှပသော ညချမ်းလေးတစ်ခု၏ နောက်တွင် စိတ်နှလုံး ကြေနွမ်းစရာ နံနက်ခင်းတစ်ခု ဆီးကြိုနေခဲ့မည် ဆိုတာကိုတော့ ဘယ်တုန်းကမှ ကျွန်မ မတွေးခဲ့မိဘူးပါ။

အဲသည်နေ့ နံနက်စောစော သူ ဖုန်းခေါ်လာခဲ့တော့ အံ့သြဝမ်းသာစိတ်များဖြင့် ဖုန်းကိုင်လိုက်ခဲ့မိတာကို ကျွန်မ ကောင်းကောင်း မှတ်မိပါသေးသည်။

သို့သော် သူနှုတ်ဖျားမှ ကျဆင်းလာသည့် စကားများက နားရှိလို့တောင် မယုံနိုင်စရာ စကားတွေ .. ။

“နန္ဒာ.. ကိုယ်တို့ လမ်းခွဲစို့။ မင်းလို နူးညံ့တဲ့၊ ကိုယ့်အလိုကို လိုက်လျော သိတတ်လွန်းတဲ့ မိန်းကလေးက ကိုယ့်ထက် သာတဲ့၊ ကိုယ့်ထက်ပိုပြီး မင်းကို ချစ်တတ်တဲ့ ယောက်ျားမျိုးနဲ့ ထိုက်တန်ပါတယ်။ ကိုယ်တို့ လမ်းခွဲရအောင်..”

“ဟင် အစ်ကို။နန္ဒာ့ကို မစပါနဲ့။ အဲသည်လို မပြောပါနဲ့”

“နိုး။ ကိုယ် စနေတာ မဟုတ်ဘူး။ တကယ်ပြောနေတာ။ ကိုယ်လည်း ကိုယ့်ဘဝကို မေ့ထားပြီး ဒီမှာ လာနေ နေခဲ့တာ တစ်နှစ်ရှိပြီ။ ကိုယ့်အလုပ်တွေ၊ ကိုယ့်မိသားစု၊ ကိုယ့်ဘဝအမှန် ဒါတွေအားလုံးကို ကိုယ် ပစ်မထားသင့်တော့ဘူး။ ကိုယ့်ကြောင့်လည်း မင်း ပျော်သင့်သလောက် မပျော်ရဘူးဆိုတာ ကိုယ် သိပါတယ်။ you deserve someone better than me ပါ”

“အစ်ကို.. you deserve someone better than me ဆိုတာ အခုခေတ်မှာ လမ်းခွဲရင် သုံးဖို့အကောင်းဆုံး စကားလုံးပဲ ဆိုတာ နန္ဒာ သိတယ်။ အစ်ကို မနေ့ညကတောင် အကောင်းကြီးကို အခုမှ ဘာလို့ ရုတ်တရက်ကြီး..”

“မထင်မှတ်တာတွေ လုပ်တတ်တာ ကိုယ့်အကျင့်ဆိုတာ မင်း မေ့သွားပြီလား”

“အစ်ကို နန္ဒာ့ကို မကွေ့ပတ်နဲ့။ တည့်ပြော..”

“အေး. တည့်ပြောရရင် မင်းကို ကိုယ် ဆက်မချစ်နိုင်တော့ဘူး။ မင်းနဲ့အတူ ရှေ့မဆက်ချင်တော့ဘူး။ မင်းက ကိုယ့်အပေါ်လည်း သိပ်ကောင်းတယ်။ အလိုလည်း လိုက်တယ်။ ဘာမဆို ကိုယ့်စိတ်တိုင်းကျ ဖြစ်စေဖို့ မင်းကြိုးစားတယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ မင်းနဲ့အတူနေရတာ ဘာမှ စိတ်လှုပ်ရှားဖို့ မကောင်းတော့ဘူး။ အရာရာ ကိုယ့်စိတ်တိုင်းကျ ဖြစ်နေတော့ ပျင်းဖို့ကောင်းလာတယ်။ မင်းနဲ့အတူ နေရတာ ကိုယ် ပျင်းလာတယ်.. တကယ်တော့ ကိုယ့်အပေါ်ကောင်းတဲ့အတွက် ကျေးဇူးတင်စရာပါ။ ဒါပေမယ့် ကိုယ်က အချစ်ဆိုတာကို စိတ်လှုပ်ရှားမှုတွေ အမြဲရှိစေချင်တယ်”

“အခု ကိုယ်က မင်းနဲ့ လမ်းဖွဲဖို့ ကိုယ် အဆင်သင့်ဖြစ်နေပြီ။ ပြီးတော့ ဒီမနက် လေယာဉ်နဲ့ပဲ ကိုယ် ပြန်တော့မှာ။”

“အစ်ကိုက နန္ဒာ့ကို ထားခဲ့ဖို့အတွက် ကြိုတင်ပြင်ဆင်ခဲ့ပြီးသားပေါ့။ ဟုတ်လား။”

“ဟုတ်တယ်။ ဒီလောက်ရှင်းနေတာတောင် မင်း သဘောမပေါက်သေးဘူးလား”

“ဒါဆို ဒီကြားထဲမှာ နန္ဒာ့ကို လှည့်စားခဲ့တာ၊ ကစားခဲ့တာ”

“ဒါတော့ မင်း ထင်ချင်သလိုထင် ..”

“အစ်ကို ဘာတွေလုပ်နေတာလဲ အစ်ကို သိရဲ့လား။ နန္ဒာ့ဘဝထဲကို ဝင်လာချင်တုန်းကလည်း ဗြုန်းစားကြီး ဝင်လာတယ်။ အခုလည်း နန္ဒာ့ဘဝထဲက ထွက်သွားဖို့ အဆင်သင့်ဖြစ်မှ သိရတယ်။ အစ်ကို့လုပ်ရပ်တွေဟာ တော်တော်မှန်ကန်နေသလား။ တော်တော်လေးကို တရားမျှတမှု ရှိနေသလား.. ဟင်”

“ဒါတွေ လာမမေးနဲ့။ ကိုယ် မသိဘူး နန္ဒာ။ ကိုယ် သိတာ တစ်ခုပဲ ရှိတယ်။ မင်းက လမ်းခွဲခြင်းဆိုတဲ့ စကားကို သွေးအေးအေးနဲ့ လက်ခံပြောဆိုမယ့် မိန်းမ မဟုတ်ဘူး။ မင်း တစ်ခုခုကို မိုက်ရူးရဲပြီး မလုပ်ဘူးလို့ မပြောနိုင်ဘူး။ ကိုယ် မင်းကို မယုံဘူး”

“နန္ဒာ့ကို မယုံဘူး။ ဘာကိုလဲ။ နန္ဒာက ဘာတွေကို မိုက်ရူးရဲဆန်ဆန် လုပ်မှာမို့လဲ”

“အိုခေလေ .. ကိုယ် ပြောမယ်။ ကိုယ်တို့ လမ်းခွဲကြမယ်ဆိုတာကို သိပြီးနောက်ပိုင်းမှာ အမှတ်တရ တစ်ခုခု ကျန်ချင်လို့ဆိုပြီး မင်း သောက်နေတဲ့ ဆေးတွေကို ကိုယ်မသိအောင် မသောက်တော့ဘဲ ရပ်ပစ်လိုက်တာမျိုး၊ ကိုယ့်ရင်သွေးလေးကို ကိုယ် မသိအောင် အရယူသွားတာမျိုး၊ မင်းလို စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေးမျိုးမှာ ဒီလိုအမျိုးတွေလည်း ရှိတယ်ဆိုတာ ကိုယ်ကောင်းကောင်း သိတယ်။”

လက်တစ်ဖက်က ဖုန်းကို တင်းတင်းကိုင်ထားရင်း၊ နောက်လက်တစ်ဖက်က လက်သီးကို ခပ်တင်းတင်းဆုပ်ထားရင်း နှုတ်ခမ်းကိုလည်း ပြတ်လုမတတ် ကိုက်ထားမိခဲ့တာကို ကျွန်မ ကောင်းကောင်း မှတ်မိပါသည်။ ကျွန်မအပေါ် သူ့၏ အထင်သေးမှုများကတော့ ပြောဖွယ်ရာကို မရှိတော့ပါ။ တစ်ဖက်သတ်အတွေးများဖြင့် တစ်ဖက်သတ်ဆုံးဖြတ်ချက်များကို တစ်ဖက်သတ်ဆန်ဆန် ချမှတ်တတ်သည့်နေရာမှာ သူ့ကို လိုက်မှီမည့်သူ ရှိပါဦးတော့မလား။ သို့တိုင်အောင် သူ ကျွန်မကို စနောက်နေတာပါဟု ကျွန်မက ယုံချင်နေခဲ့ပါသေးသည်။

“တော်ပါတော့။ ဆက်ပြီး မပြောပါနဲ့တော့ အစ်ကိုရယ်။ အဲသည်လိုမျိုး မနောက်ပါနဲ့နော်။ နန္ဒာ့မှာ ခံနိုင်ရည် မရှိဘူး။ မစပါနဲ့ အစ်ကိုရယ် .”

“ ကျွတ်စ်… ကိုယ် အတည်ပြောနေတာပါဆိုကွာ..ကဲ ကိုယ်သွားတော့မယ်။ မင်း ကံကောင်းပါစေ။”

ပြတ်တောက်သွားသော တယ်လီဖုန်းလိုင်းသည် ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံးက ရှိရှိသမျှ အင်အားတွေကို မညှာမတာ စုပ်ယူသွားခဲ့သဖြင့် ရပ်နိုင်စွမ်းတွေ ကင်းမဲ့သွားကာ ကိုယ့်ခန္ဓာကိုယ်ပင် မနိုင်တော့ဘဲ နေရာမှာတင် ဒူးနှစ်ဖက်က ခွေကာ ညွှတ်ကျသွားခဲ့ရသည်။

မခေါ်ဘဲလာ၍ မနှင်ဘဲပြေးခဲ့သော သူသည် ကျွန်မ ဘဝထဲမှ ထိုကဲ့သို့ ဗြုန်းစားကြီး ပျောက်ကွယ်သွားခဲ့လေသည်။
v v v
သူ မြန်မာပြည် ပြန်ရောက်သွားခဲ့ပြီးနောက် ကျွန်မကို ဆက်သွယ်လာဦးမလားလို့ မျှော်ခဲ့မိသေးသည်။ သို့သော် မေးလ်လေးတစ်စောင်တောင် မပို့၊ ဖုန်းလေးတစ်ခါမဆက်ခဲ့ဘဲ၊ ဖေ့ဘွတ်ထက်မှာတောင် သူစိမ်းပြင်ပြင်လို သူ နေနိုင်ရက်ခဲ့သည်။ တစ်ရက်ပြီး တစ်ရက် မှသည် တစ်လပြီး တစ်လနှင့် လချီသွားခဲ့သည်တိုင် သူ ကျွန်မကို အဆက်အသွယ် မလုပ်ခဲ့ပါ။ အွန်လိုင်းပေါ်မှာ သူ ရှိနေလျက်နဲ့ ငါ့ကိုတောင် မခေါ်ပါလားဆိုသည့် အသိက ကျွန်မကို ပိုပြီးနာကျင်စေသည်။

ချစ်ရသူ၏ ရုတ်တရက် စွန့်ပစ်ခြင်းဒဏ်ကို အလူးအလဲ ခံစားနေရသော ကျွန်မသည် ချစ်ရသူက မျက်စိရှေ့မှာပင် စိမ်းကားပြနေသောဒဏ်ကိုတော့ ကြာရှည် ခံနိုင်စွမ်း မရှိပါ။ ထို့ကြောင့်လည်း ဖေ့ဘွတ်မှာ သူ့ကို ကျွန်မ Unfriend လုပ်ပစ်ခဲ့မိသည်ပေါ့။

ထို့အတွက် သူ့ဆီမှ စိမ်းကားရက်စက်သော စာတစ်စောင်ကို ဂျီမေးလ်မှာ ကျွန်မ ရရှိခဲ့လေသည်။ မျှော်နေတုန်းက မပေါ်လာခဲ့ဘဲ မမျှော်လင့်ချိန်မှာမှ လက်ခံရရှိလိုက်သော ထိုစာသည် ရင်လွှာကို ရက်ရက်စက်စက် ထိုးခွင်းလိုက်ပြန်သည့် မြှားတစ်စင်းလို။

“မင်းကတော်တော်မိုက်ရိုင်းတာပဲ။ မင်းများ ကိုယ့်ကို တစ်ခုခု ပြောစရာရှိမလား။ မင်းတစ်ယောက်တည်းများ ငိုနေမလားလို့ ကိုယ်က မင်းတစ်ခုခု ပြောချင်ရင် နားထောင်ပေးမယ်ဆိုပြီး အွန်လိုင်းမှာ ကိုယ် စောင့်ခဲ့တယ်။ လူတစ်ယောက်နဲ့ မပတ်သတ်တော့ဘူးဟေ့ဆိုရင် လုံးဝ ပြန်လှည့်မကြည့်တတ်တဲ့ ကိုယ်က မင်းနဲ့ကျတော့မှ နောက်ဆံတင်းမိရတယ်။ ဒါတောင်  မင်းက ဘာမှ မပြောဘဲ ကိုယ့်ကိုတောင် ဖေ့ဘွတ်မှာ Unfriend လုပ်ပစ်လိုက်သေးတယ်။ မင်းက စပြီး ရိုင်းတာမို့ ကိုယ်ကလည်း မင်းကို ဖေ့ဘွတ်မှာတင် မဟုတ်ဘူး၊ ဂျီတော့မှာရော ကိုယ့်ဘဝထဲမှာပါ ဘလော့ခ် လုပ်လိုက်တော့မယ်။ ဂွတ်ဘိုင် နန္ဒာ။”

ထိုစာကို ဖတ်ပြီးတော့ ကျွန်မ နာကြည်းစွာ ပြုံးမိခဲ့သည်။ သူ တကယ်ပြန်သွားပြီ ဆိုတာကို မယုံကြည်နိုင်စွာဖြင့် သူ့အိမ်ကို လိုက်သွားခဲ့တုန်းက “သူ မရှိတော့ဘူးလေ။ ပြန်သွားပြီ” ဟု သူ့အိမ်ရှင်တွေက ကျွန်မကို အထင်သေးသည့် မျက်ဝန်းတွေနှင့် ကြည့်ရင်း ပြောလိုက်တုန်းကတောင် မနာကြည်းမိခဲ့သော ကျွန်မက သူနဲ့ပတ်သတ်ပြီး ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် နာနာကျည်းကျည်း ပြုံးခဲ့မိခြင်း။

ကျွန်မက ရိုင်းတယ်တဲ့လား။ ရှိပါစေတော့လေ။ သူသိပ်ရိုင်းတယ်လို့ မနောကံဖြင့်ပင် မစွပ်စွဲခဲ့ဖူးတာကိုတော့ ကျွန်မလိပ်ပြာက အသိဆုံးဖြစ်ပါသည်။

အစစအရာရာ ကြိုတင်ပြင်ဆင်မှုများနှင့် ကျွန်မ ဘဝထဲ သူရောက်လာခဲ့တုန်းကလည်း ကသောင်းကနင်းဖြင့် သူ့ကို ကျွန်မ ဆီးကြိုခဲ့ရသည်။ အစစအရာရာ ကြိုတင်ပြင်ဆင်မှုများနှင့် ကျွန်မကို သူ့ဘဝထဲက ကန်ထုတ်လိုက်တော့လည်း အလဲလဲ အပြိုပြိုဖြင့် အရှိကို အရှိအတိုင်း လက်ခံနိုင်အောင် ကြိုးစားခဲ့ရသည်။ ဒါတွေကို သူက မမြင်နိုင်ဘူးတဲ့လား။

သူက ရက်ရက်စက်စက် ထားခဲ့ပြီးတော့မှ ကျွန်မက သူ့ကို သေမတတ် လွမ်းဆွတ်ကြောင်း၊ နှလုံးသည်းပွတ်တွေ ပျက်ကြွေမတတ် ချစ်နေသေးကြောင်း စာတစ်တန် ပေတစ်ဖွဲ့ဖြင့် ပြောစေချင်နေသေးတာလား။ ကျွန်မ ရင်တွင်းမှ စကားများကို ကျွန်မ ဖွင့်ပြောပြမှ သိမည်ဆိုလျှင် ရှိပါစေတော့။ ထပ်ခါထပ်ခါ ပြောခဲ့ဖူးသည့် အပ်ကြောင်းထပ်နေပြီဖြစ်သော ဓါတ်ပြားဟောင်းတစ်ချပ်ကို ပြန်မဖွင့်ပြချင်တော့ပါ။ ထို့ကြောင့်လည်း ကျွန်မက သူ့ကို စတင်ပြီး မဆက်သွယ်ခဲ့မိတာပေါ့။ ဒါကို သူမကျေနပ်ဘူးဆိုရင်ဖြင့် ကျွန်မ ဘာမှ မတတ်နိုင်ပါ။

အဲသည်လိုနှင့် ကျွန်မတို့ အမှန်တကယ် ဝေးသွားခဲ့တော့သည်။

v v v

ကျွန်မ ဘဝထဲမှာ သူ မရှိတော့သည်မှာ နှစ်နှစ်ကျော် သုံးနှစ်ထဲ ရောက်နေသည့်တိုင်အောင် အချစ်သစ် မရှာခဲ့ခြင်းမှာ အချစ်ဆိုသည့်အရာကို ထပ်မံမြည်းစမ်းရမှာ ကြောက်ရွံ့သွား၍လည်း မဟုတ်ဘဲ၊ သူ့နေရာမှာ အစားမထိုးနိုင်ခြင်းလည်းမဟုတ်ဘဲ၊ တစ်နေ့နေ့မှာ သူ ပြန်ပြီး စိတ်လည်လာဦးမလားလို့ သူ့အချစ်ကို မျှော်လင့်တမ်းတနေမိ၍လည်း မဟုတ်လည်း ကျွန်မအပေါ် ကျွန်မ သစ္စာရှိခြင်း၊ ကျွန်မကို ကျွန်မ တန်ဖိုးထားခြင်း ဖြစ်ပြီး သူ့အကြောင်းတွေ တွေးမိတိုင်းလည်း ကျွန်မ အတွေးထဲမှာ စိုးမိုးနေခဲ့သည့် အရာတွေမှာ ထားရစ်ခဲ့လေခြင်းဆိုပြီး သူ့ကို အပြစ်တင်သည့် အတွေးများမဟုတ်ကြောင်းနှင့် ပိုင်ဆိုင်ခဲ့ဖူးသော အတိတ်က အချိန်လေးများကို အောက်မေ့တသရုံလေးသာဆိုတာကိုတော့ ကျွန်မ နှုတ်မှ ဖွင့်ဟစရာမလိုဘဲ သူ့အား ကြားသိစေချင်သည့်စိတ် တစ်ခါတစ်ရံတွင် ပြင်းပြင်းပြပြ ဖြစ်နေမိပါသေးသည်။

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

24 comments:

THS said...

''ချစ်ခြင်းတွင် အရေးကြီးဆုံး အရာတစ်ခုမှာ ကိုယ့်ခံစားချက်ကို သစ္စာရှိခြင်း'' ဆိုတာမှာ အတွေးခြင်းထပ်တူကျမိတယ် .. လူသားတွေရှိနေတဲ့အရပ်မှာ ချစ်ခြင်းမေတ္တာတွေ ရှိနေရဦးမှာပါ၊ အမျိုးမျိုးသော အချစ်ဇတ်လမ်းတွေလဲရှိနေမှာပါပဲ ...... .. ဇတ်လမ်းကောင်းလေးဖတ်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။ အဆင်ပြေ ပျော်ရွှင်ပါစေ ။

မသန်းသန်း said...

ဝတ္တုလှလှလေးကို သဘာတကျကျနဲ့ဖတ်သွားပါတယ် ဆရာမရေ။ဒီလိုမျိုးလေးတွေဖတ်ရတာ ဆရာမဂျူးငယ်ငယ်ကလက်ရာလေးတွေကို ဖတ်နေရသလိုပဲ။အရေးအသားကလည်းအရမ်းလှတယ်။

အေးချမ်းပြည့် said...

ဝတ္ထုလေးက အရမ်းဆွဲဆောင်လွန်းလို့ ထိုင်ရာမထ ဖတ်မိတယ်။ တကယ်တော့ ဘယ်သူ့ အပြစ်လို့ ပြောရမလဲ?? ယောကျာ်းတွေက ချစ်ရုံသာချစ်ချင်ကြပြီး အချစ်ရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ တာဝန်ယူတာ သစ္စာရှိတာ ဘ၀တစ်လျှောက်လုံး လက်တွဲတာတွေကို တန်ဖိုးမထားကြဘူး။ မိန်းကလေးတွေကတော့ တကယ်ချစ်ပြီဆိုရင် သစ္စာရှိရှိ မြတ်နိုးစွာနဲ့  ဘ၀တစ်လျှောက်လုံး လက်တွဲချင်ကြတာပါ။ မြတ် ပုံဖော်သွားတဲ့ ဇာတ်လမ်းလေးက သိပ်ကိုပြောင်မြောက်လွန်းတယ် ဒီထက် အောင်မြင်ပါစေ မြတ်ရေ...

Angelhlaing(May everybody be happy and healthy! said...

မြတ်.... ရေ ခံစားအားပေးလျှက်ပါ နော်..:)

Arthur said...

ဘာလို့ ယောက်ျားလေးက အမြဲတမ်းလူဆိုးချည်း ဖြစ်နေရတာလဲ။ မတရားဘူး။ ဇာတ်လမ်းကို မကြိုက်ဘူး။ အရေးအသားကတော့ အရမ်းကိုကောင်းပါတယ်။

ဇေယျာ said...

Beautiful Novel with excellent writing!

Thiha said...

စာအရေးအသားက ကောင်းလိုက်တာဗျာ။ ၀တ္တုဖတ်ပြီး ဒီလိုဇာတ်ကောင်မျိုး တကယ်ရှိပါ့မလားတွေးမိသလို သူ့ကိုလည်း အရမ်းအမြင်ကပ်မိတယ်။ မမြတ်ပန်းနွယ်ရဲ့ အဖွဲ့အနွဲ့ကောင်းလို့ ဖြစ်မယ်။အမြဲတမ်းအားပေးနေပါတယ်ဗျာ.

Libra said...

လှပတဲ့ ၀တ္တုတိုကောင်းလေးတစ်ပုဒ်ပါ။
အရေးအဖွဲ့တွေက အရမ်းကိုကောင်းတာပဲ။

နွေတေးရှင် (မင်းဧရာ) said...

ဝတ္ထုကောင်းလေးကို
ဖတ်ရှု့ခံစားသွားတယ် အစ်မရေ....

အပစ်ကင်းသော ချစ်ခြင်းတွေနှင့်
မထိုက်တန်သူ ဟုသာ ပြောချင်မိပါသည် ဗျာ ။

လသာည said...

အခုမှပဲ ရောက်ဖူးတာ။ တကယ်ကို ပိုင်နိုင်တဲ့အရေးအဖွဲ့တွေနဲ့ စာရေးကောင်းတဲ့သူအဖြစ် အားကျချီးကျူးမိပါတယ်။

အမြဲဖတ်လို့ရအောင့် လင့်ခ်လေးပါ ယူသွားပါတယ်။

လုလင်ငယ်သွေး said...

အရမ်းကောင်းပါတယ်

လင်းခေတ် said...

ကောင်းမွန်တဲ့ ၀တ္တုတိုလေးတစ်ပုဒ်ပါ လို့ ပြောချင်တယ် ။ ဒါပေမဲ့ ခင်မင်မှု အနေနဲ့ ဝေဖန်ချင်ပါတယ် ။ ၀တ္တုရေးဆရာ တစ်ယောက် မဟုတ်ပေမဲ့ ၊ အနုပညာစိတ်လေး ရှိသူ ပီပီ အနုပညာစိတ်နဲ့ ကြည့်တဲ့အခါ ခါတိုင်းရေးတာတွေလောက် စိတ်ကို မလှုပ်ခတ်စေဘူး ။ ကောင်းမွန်တဲ့ ၀တ္တုတိုလေးပါ လို့ပဲ မှတ်ချက်ပေးပါရစေ ။

ခင်မင်စွာဖြင့်
အကို ဗညား

Anonymous said...

အရေးအဖွဲ့တွေ တော်တော်လှတယ် မမြတ်ပန်းနွယ်။ဆက်ကြိုးစားပါ။အောင်မြင်မှာပါ။

ဆရာမ
သွယ်

ရွှေမန်းသားလေး said...

နင့်လက်ရာတွေတက်လာတယ်။ဝါကျအရှည်ကြီးတွေကို စကားဆက်တွေနဲ့ဖွဲ့ထားတာ လှလိုက်တာ။နင့်ဝတ္တုတိုင်းမှာ ယောက်ျားလေးကို အမြဲလူဆိုးလုပ်ခိုင်းတာတော့ မကောင်းဘူး။ဒါပေမယ့် ဝါသနာကို တဖြည်းဖြည်းချင်း အကောင်အထည်ဖော်နိုင်တာကိုတော့ တကယ်ချီးကျူးတယ်။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ရောက်ခဲ့တယ် မြတ်ရေ..
ဖတ်နရင်းနဲ့ နန္ဒာ ကိုလည်း ဂရုဏာ ဒေါသ ဖြစ်ရတယ်... နာမည်၅လုံးနဲ့ ကျေးဇူးရှင်ကိုလည်း နရင်းချည်း လှိမ့်အုပ်ချင်နေတော့တာပဲ ..

ချစ်တဲ့
ဝသုန်

ဝီရဓမ္မ( Brave The Dhamma) said...

ဦးဇင်းလာလည်ပြီး ပိုစ့်လေးတွေဖတ်သွားပါတယ်။ ဒကာမကြီးကျန်းမာချမ်းသာပါစေ။

အိသီရိတင် said...

ဝတ္တုလေးဖတ်သွားတယ် မမ။
သူ့လိုယောက်ျားမျိုးကို ညီမလေး သိပ်မုန်းတာပဲ။

rose of sharon said...

စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေး ဖတ်သွားတယ်.... ကောင်မလေးကိုသနားတယ် :(

3rdthameetaw said...

မြတ်ရေ
အတ္တကြီးပြီး သူကပဲ အနိုင်ရချင်လွန်းတဲ့သူမျိုးနဲ့
လမ်းခွဲတာ ကောင်းပါတယ်
စိတ်အေးချမ်းသာနေရတာပေါ့
တခါတလေ သတိရနေတာလောက်ပဲလေ
သက်တောင့် သက်သာ သတိပဲ ရနေလိုက်တာ
ပိုကောင်းပါတယ်

မြတ်သဇင်နိုင် said...

မမရေ မမဝတ္ထုတွေက အရမ်းကောင်းတယ်

မြတ်နိုးခင် said...

အရမ်းကောင်းတဲ့ ပိုစ်လေးပါပဲ မရေ
စွဲဆောင်မှုက ဘာနဲ့နိုင်းပြရမလဲ မသိအောင်ပါပဲ
အမြဲလေးစား...လျှက်.........

မိုးရေထဲကကောင်လေး said...
This comment has been removed by a blog administrator.
Anonymous said...

ဖြူသီရဲ့ ချစ်ရေစင် သီချင်းလေးကို သတိရမိတယ် ဆရာမရေ။ ကျွန်တော်တို့ အမျိုးသားတိုင်း ဒီလို တာဝန်မဲ့သူချည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုးယောက်ျားတွေလည်း တကယ်ရှိတာမို့ အမျိုးသမီးငယ်လေးတွေကို သတိချပ်စေချင်ပါတယ်။

ထွန်းရန်နိုင်

မိုးရေထဲကကောင်လေး said...

ဒီလောက်ဆိုးတဲ့ အမျိုးသား ရှိပါ့မလား မြတ်ရယ်။ ကောင်မလေးကိုတော့ ညီမလေးသာဆိုရင် ရိုက်ပစ်လိုက်ချင်တယ်။ အချစ်ကိုကိုးကွယ်လွန်းလို့။ ဇာတ်လမ်းလေးက ကောင်းလွန်းတော့ ဇာတ်ကောင်တွေကို အပြင်မှာ တကယ် မရှိစေချင်ဘူး။ ကောင်မလေးကို သနားလို့ပါ။