Thursday 8 August 2013

လရောင်ပုံပြင်





“ မောင်ရေ … ”

“ မောင် … ”

“ မောင် ..”

မောင့်ကို ကယောင်ကတမ်း တမ်းတရင်း မောဟိုက်စွာနဲ့ အိပ်မက်ကနေ မေ လန့်နိုးလာခဲ့တယ်။ မောင့်အသံကို မေ့နားထဲမှာ ဝိုးတဝါး ကြားနေရဆဲ။ ကုတင်ပေါ်ကနေ အမြန်ထပြီး ပြတင်းတံခါးတွေကို တွန်းဖွင့်လိုက်တယ်။ မောင့်ကိုများ တစ်နေရာရာမှာ တွေ့လိုတွေ့ငြား။ ခြံဝင်းထဲကို မျက်စိတစ်ဆုံး ဝေ့ကြည့်လိုက်ပေမယ့် ခွေးတစ်ကောင်၊ ကြောင်တစ်မြီးကိုမှ မေ မတွေ့ရဘူး။ လရောင်အောက်မှာ ငြိမ်သက်စွာ အိပ်ပျော်နေကြတဲ့ သစ်ပင်ကြီးတွေကိုပဲ တွေ့ရတယ်။

“ မောင်ရေ .. ”


ပြတင်းတံခါးဘောင်ကို မှီရင်း အရူးတစ်ယောက်လို ငိုကြွေးတမ်းတနေမိတယ်။

“ သမီး ..  ”

ကြီးမေက အခန်းတံခါးကို တွန်းဖွင့်ဝင်လာပြီး မေ့ ဆီ လျှောက်လာတယ်။ မေ့ လက်မောင်းကို ဆွဲခေါ်ပြီး တွဲရင်း ကုတင်ပေါ်မှာ ထိုင်စေတယ်။ ရေတစ်ခွက် ငှဲ့ပေးပြီးတော့ မေ့ကို သနားတဲ့ မျက်ဝန်းအစုံနဲ့ ကြည့်နေတာ။ မောင်ရေ.. မြင်လှည့်ပါကွယ်။
မျက်ဝန်းအစုံကိုမှိတ်ရင်း ရေတစ်ခွက်ကုန်အောင် အတင်း မော့သောက်နေတုန်းမှာ မျက်ရည်တွေက စီးကျလာကြပြန်တယ်။

“ အိပ်မက်တွေ မက်ပြန်ပြီလားဟင် ”


မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ရင်း ရေခွက်ကို ကြီးမေဆီ ပြန်ကမ်းပေးလိုက်ပြီး ခေါင်းကို ဖြည်းညင်းစွာ ငြိမ့်ပြလိုက်တယ်။

“ မေတို့အခန်းဟာ လမင်းကြီးကို ပြည့်ပြည့်ဝဝ မြင်နိုင်တဲ့ နေရာမှာ ရှိရမယ်။ လရောင်ဟာ ပြတင်းတံခါးတွေကနေ တဆင့် မေတို့အခန်းထဲကို ဝင်ရမယ်။ လသာညတွေမှာ မေတို့ရဲ့ အခန်းဟာ လရောင်နဲ့ မှိန်မှိန်လေး သာနေရမယ် နော် ”


ချစ်သူတွေ ဘဝတုန်းက မောင့်ကို ပူဆာဖူးခဲ့တဲ့အတိုင်း မောင်နဲ့မေ လက်ထပ်ပြီးတော့ အိပ်မက်ဆန်ဆန် လှပတဲ့ အိမ်လေးတစ်လုံးကို မောင့်ဆီကနေ မေ ရခဲ့တယ်။
လသာညတွေမှာ လရောင်ဟာ တစ်ချိန်တုန်းက မေ မျှော်လင့်တောင့်တ ထားခဲ့သလိုမျိုး။
လရောင်တွေ ဖြာလဲ့နေတဲ့ ဒီအခန်းငယ်လေးမှာ မေနဲ့မောင်တို့ ချစ်ကြိုးတွေ ယှက်သွယ်ခဲ့ကြတယ်။ ပြတင်းတံခါးကတစ်ဆင့် လမင်းကြီးကို ငေးကြည့်ကြတယ်။ အဲလိုငေးကြည့်တိုင်း မောင်က မေ့ကို နောက်ကနေ သိုင်းဖက်ထားပြီး မေ့ရဲ့ ဘယ်ဖက်ပုခုံးစွန်းမှာ မောင့်ရဲ့မေးလေး တင်ထားလေ့ရှိတယ်။ မေ့ဘဝရဲ့ အလှပဆုံးညတွေ နဲ့ အပျော်ရွှင်ဆုံး အချိန်တွေဟာ ဒီအခန်းလေးထဲက လသာညတွေမှာ တစ်သက်လုံး ရှိနေလိမ့်မယ်လို့ အဲဒီတုန်းက မေ ယုံကြည်နေခဲ့တာပါ မောင်ရယ်။

“ မောင် လာသွားတယ် ကြီးမေ ”

ကြီးမေက နားလည်စွာ ခေါင်းငြိမ့်ပြရှာတယ်။ မေ့လက်လေးကို ဆွဲယူရင်း ဖွဖွလေး ဆုပ်နယ်ပေးနေတယ်။

“ သမီး.. ကြီးမေကို သေချာကြည့်။ သူ သွားတာ ကြာလှပြီ သမီး။ သူ သမီးဆီကို ပြန်မလာနိုင်တော့ဘူး။ သူက သမီးရဲ့ အဝေးမှာ ရောက်နေခဲ့ပြီလေ။ သမီး သူ့ကို မေ့ရမယ်လေ။ ပြီးတော့ သမီး ကိုယ့်ကိုယ်ကို ကောင်းကောင်း ဂရုစိုက်ရမယ်။ ဟုတ်ပြီလား ”

တစ်လုံးချင်းပြောနေတဲ့ ကြီးမေစကားတွေက ပြတ်သားလိုက်တာ။ အမှန်တရားတွေကို ကြီးမေပြောနေတာဆိုတာ သိသိလျက်နဲ့ အဲဒီစကားတွေက မေ့နားထဲမှာ ခါးလိုက်တာလေ။

“ ကြီးမေ..  မောင်က ပြောတယ်။ မေတို့တွေကို သူ လွမ်းတယ်တဲ့ ။ မေတို့ဆီကို သူ ပြန်လာချင်တယ်တဲ့။ မောင် မပျော်ဘူးတဲ့။ ကြီးမေရယ် .. မောင် သိပ် ပိန်သွားတယ် ”

အိပ်မက်ထဲက မောင့်စကားလေးတွေကို ကြီးမေကို ပြန်ပြောပြရင်း မေ မျက်ရည်တွေ ကျနေမိပြန်တယ်။ ကြီးမေကတော့ စကားတစ်ခွန်းမှ မဆိုတော့ဘဲ မေ့မျက်နှာပေါ်က မျက်ရည်စတွေကိုပဲ ယုယုယယ သုတ်ပေးတယ်။  မေ့နားထဲမှာတော့ မောင့်စကားသံလေးတွေက ပဲ့တင်ထပ်နေတုန်းပါပဲကွယ်။

“ သမီး ပြန်အိပ်လိုက်နော်။ အခုမှ မနက် ၃နာရီပဲ ရှိသေးတယ် ”

ကြီးမေ စိတ်ချမ်းသာပါစေတော့ရယ် ဆိုပြီး အိပ်ရာပေါ်မှာ မေ လှဲလိုက်ပေမယ့် ဘယ်လိုလုပ် အိပ်ပျော်တော့မှာလဲ မောင်ရယ်။

“ မောင့်ကို သိပ် လွမ်းတာပဲ ကြီးမေရယ် .. ”

အခန်းတံခါးကို ဆွဲပိတ်နေတဲ့ ကြီးမေ အခန်းထဲကနေ မထွက်သွားခင် မေ လှမ်းပြောလိုက်မိသေးတယ်။
နောက်ြပန်လှည့်ကြည့်ပြီး မေ့စကားကို ခေါင်းညိတ် အသိအမှတ်ပြုသွားတဲ့ ကြီးမေရယ်၊ ဖြည်းဖြည်းချင်း ပိတ်သွားတဲ့ တံခါးရယ်ကို မေ ငေးစိုက်ကြည့်နေရင်း စောင်ကို ရင်ဘတ်အထိ ဆွဲယူခြုံလိုက်တယ်။ မျက်ဝန်းအစုံကို မှိတ်လိုက်တော့ ဖြစ်ပျက်ခဲ့သမျှ အတိတ်ရဲ့ ဇာတ်လမ်းဟောင်းတွေကို တစ်ကွက်ချင်း ပြန်မြင်လာတော့တာပေါ့။


v v v


အဲဒီနေ့က မေနဲ့မောင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေး တစ်နေ့နော်။ ထုံးစံအတိုင်း အမှတ်တရခရီးထွက်ဖို့ ပြင်ဆင်ထားတာလေးတွေကို မေက ပြန်စစ်နေခဲ့တယ်။ မောင်ကလည်း ခရီးရှည်မောင်းရမယ့် မေတို့ရဲ့ ကားလေးကို အိမ်အောက်ထပ်မှာ စစ်ဆေးလို့။ တစ်အောင့်လောက်ကြာတော့ မေ့အနားလေးကို မောင် ရောက်လာတယ်။

“ မေရာ.. မောင် ဗိုက်ဆာပြီကွာ၊ ဒါတွေ ပြီးမှ ဆက်လုပ်ပါနော် ”

မေက မောင့်ကို ရီမောပြီး မျက်စောင်းထိုးပြလိုက်ရင်း မောင်ပြောတာကို ဂရုမစိုက်ဟန်ဆောင်လို့ အဝတ်သေတ္တာကို ဇစ်ဆွဲပိတ်လိုက်တယ်။ အဲဒီနောက် မေကိုင်မယ့် ဘေးလွယ်ပိုက်ဆံအိတ်လေးကို ကောက်ကိုင်လိုက်တော့ မောင်ကလေ မေ့လက်ထဲက အိတ်ကို လုတော့တာပါပဲ။

“ ပြီးမှ ဆက်လုပ်ပါ မေရာ .. မောင် တကယ် ဗိုက်ဆာလို့ပါ ”

မူနွဲ့စွာ ချွဲနွဲ့ပြောနေတဲ့မောင့်ကို စ ချင်လို့ အခန်းတံခါးဝ အထက်မှာ ချိတ်ဆွဲထားတဲ့ နာရီကို မေက လက်ညှိုးညွှန်ပြလိုက်တယ်။

“ မောင် .. အခုမှ ၁၁နာရီကျော်ကျော်လေးပဲ ရှိသေးတာ။ မနက်ကလည်း မနက်စာတွေ အများကြီး မောင် စားထားရဲ့သားနဲ့၊ မေတော့ မဆာသေးပါဘူး။ ”

ပြောပြောဆိုဆိုနဲ့ မောင့်လက်ထဲက ပိုက်ဆံအိတ်ကို မေ ဝင်လုတော့ မောင်က မေ့လက်ကို အတင်းဖမ်းဆုပ်ချုပ်ကိုင်ပြီး မေ့ကိုလေ စွေ့ခနဲ ပွေ့ချီပစ်လိုက်တာ။ မောင်မှတ်မိသေးလားဟင်။ ပွေ့ချီရုံတင်မဟုတ်ဘဲ မေ့ကိုချီထားလျက်နဲ့ မွေ့ရမ်းပစ်တော့ မေ့မှာ အယောင်ယောင်အမှားမှား လန့်ဖျပ်ပြီး မောင့်လည်ပင်းကို အတင်းဆွဲဖက်မိတာပေါ့လို့။

“ မူးတယ် မောင်ရယ် ”

“ တကယ်.. တကယ် မူးတာပါ မောင်ရယ် ”

ရုတ်တရက် မူးဝေသွားတာမို့ အတင်းအားယူပြီး လေသံယဲ့ယဲ့လေးနဲ့ တောင်းပန်ပြောတော့မှ မောင်က မွေ့ရမ်းနေတာကို ရပ်တော့တယ်လေ။

“ မောင်က မေ့ကို အသည်းယားလို့ စတာ.. မူးသွားရင် မျက်စိလေးမှိတ်ထား။ ဒီတိုင်း ငြိမ်ငြိမ်လေးလိုက်ခဲ့။ မောင် ထမင်းစားခန်းထဲထိ ပွေ့ချီသွားမယ် ”

မောင့်အပြောလေးကို ပြုံးပြီးအသိအမှတ်ပြုရင်း မောင့်လည်ပင်းကို အတင်းဆွဲခိုထားတဲ့ လက်တွေကိုလည်း နည်းနည်းလျော့ပေးလိုက်တယ်။ မောင့်လည်ပင်းကို လက်ကလေးနဲ့ ဆွဲခိုထားတယ်ဆိုရုံလေး ဆွဲခိုလို့ လှေကားထစ်ကို သတိထားပြီး တစ်ထစ်ချင်း ဆင်းနေတဲ့ မောင့်ကို မော့ကြည့်နေမိတယ်။

“ မူးနေသေးလားဟင် ”

“ ဟင့်အင်း ”

မောင်က ပြုံးပြပြီး မေ့ နဖူးလေးကို ငုံ့နမ်းတော့လည်း မောင့်ကို မော့ကြည့်နေမိဆဲပါပဲ။

“ ဟိုတုန်းကလို မျက်လုံးလေး မှိတ်ပြီး အနမ်းခံပါလားလို့ .. ”

မောင်က မကျေမနပ်ဟန်ဆောင်ရင်း စနောက်တော့ မေ အသံထွက်ပြီး ရယ်မောလိုက်မိတယ်။

“ နမ်းတဲ့သူကို သေချာကြီး စိုက်ကြည့်နေတယ်။ ဟိုတုန်းကတော့ သူ့ကို စိုက်ကြည့်ရုံလေး ကြည့်တာနဲ့တောင် ရှက်တယ် လုပ်နေခဲ့သေးတာ၊ အဟားဟား ”

မောင်က ကိုယ့်ဘာသာပြောပြီး ကိုယ့်ဘာသာ အော်ရီနေတော့ မေက မောင့်ကို မျက်စောင်းတွေ လေးငါးဆယ်စင်း ပစ်ထည့်လိုက်တယ်။

ထမင်းစား စားပွဲနားထိ မောင်က မေ့ကို ပွေ့ချီလာတာမို့  မီးဖိုဆောင်ထဲမှာ နေ့လည်စာပြင်ဆင်နေတဲ့ ကြီးမေက မေတို့ကို ပြုံးပြီး ကြည့်နေခဲ့တာကိုရော မောင်မှတ်မိသေးရဲ့လား ဟင်။

“ ငါ့တူနဲ့ ငါ့တူမကို အခုလို ပြုံးပျော်ကြည်နူးနေတာပဲ မြင်ချင်တာ။ လင်နဲ့မယားဆိုတာ အိမ်ထောက်သက် ဘယ်လောက်ကြာကြာ အခုလိုပဲ ချစ်ချစ်ခင်ခင် ဖြစ်ရမှာပေါ့ ”

အပျိုကြီးက အိမ်ထောင်ရေး လက်ချာရိုက်နေတာမို့ မောင်ရယ် မေရယ် ကြီးမေကို ရယ်ပြီး ကြည့်နေခဲ့ကြတယ်နော်။ ကြီးမေကတော့ ဘာကိုမှသတိထားမိဟန် မတူပါဘူး။ သူ့ဘာသီဘာဝအတိုင်း ပြောချင်တာတွေကို တတွတ်တွတ် ဆက်ပြောနေခဲ့တာပါပဲ။

“ နှစ်ယောက်တည်းကမ္ဘာမှာတင် ပျော်မနေနဲ့။ မြဲပြီးသားကြိုးလေးတွေ ခိုင်သထက်ခိုင်အောင် သားသားလေးတွေ မီးမီးလေးတွေလည်း ယူကြတော့ ”

ကြီးမေစကားဆုံးတော့ မောင်က မေ့ကို မျက်စတွေ ပစ်ပြနေခဲ့တာ။

v v v 

အဲဒီနေ့က နေ့လည်စာကို မောင်ရယ်၊ မေရယ်၊ ကြီးမေရယ် စကားတပြောပြောနဲ့ ပျော်ပျော်ရွှင်ရွှင် စားခဲ့ကြတာပါ။

မကြာခင်မှာ ဒီမိသားစု ကံဆိုးမိုးမှောင်ကျတော့မယ်လို့ ဘယ်သူက ယောင်လို့တောင် ထင်ခဲ့မိမှာလဲ မောင်ရယ်။

ထမင်းစားပြီးတော့ မောင်က ကွန်ပျူတာ စားပွဲရှေ့ သွားပြီး ဖေ့စ်ဘွတ်သုံးနေတယ်။ မေက မောင့်နောက်မှာရပ်ရင်း မောင်ကြည့်နေသမျှကို မောင်နဲ့အတူတူ ခဏလိုက်ကြည့်လိုက်သေးတယ်။

“ မေ.. အထုပ်တွေပြင်တာ မပြီးသေးဘူး။ ဆက်လုပ်လိုက်ဦးမယ်နော် ဆိုတော့ မောင်က ဖေ့စ်ဘွတ် ခဏသုံးလိုက်ဦးမယ်။ ပြီးရင် မောင် လိုက်လာမယ်နော် ” တဲ့။

တကယ့်တကယ်မှာတော့ ပြင်ဆင်တာတွေ ပြီးသွားခဲ့လို့ ကြီးမေနဲ့အတူတူ ခြံထဲမှာ အဝတ်လှမ်းကူဖို့ မေ ခြံထဲဆင်းသွားချိန်ထိတောင် မောင်က ကွန်ပျူတာကို သည်းကြီးမည်းကြီး စိုက်ကြည့်နေတုန်းပါ။ မောင့်နောက်ကနေ မေ ဖြတ်လျှောက်သွားတာတောင် မောင် သတိမထားမိခဲ့ပါဘူး။ မေမြင်ယောင် လိုက်မိတယ်။ ဖေ့စ်ဘွတ် သုံးပြီးတာနဲ့ အိမ်ပေါ်တက်ပြီး မေ့ကို ရှာမယ့် မောင့်ကိုလေ။

မေ့ကို ရှာစေချင်တာနဲ့ မောင့်ကို တမင်သက်သက် အကြောင်းမကြားဘဲ ခြေဖွနင်းရင်း အိမ်ထဲကနေ မေ ထွက်သွားခဲ့တယ်။

မေတို့ အဝတ်လှန်းနေတဲ့ နေရာကနေ မေတို့ အိမ်ခေါင်းရင်း ပြတင်းပေါက်ကို လှမ်းမြင်နေရတယ်။ မေ့မှာ ပြတင်းပေါက်ကနေ ဘယ်အချိန်မှာများ မောင် ပေါ်လာမလဲရယ်လို့ ခဏခဏ လှမ်းကြည့်နေရတာ လည်ပင်းမညောင်းနိုင်အောင်ပါပဲ။

သိပ်မကြာလိုက်ပါဘူး။ မေ မျှော်လင့်ထားသလို မောင်က ပြတင်းပေါက်နားမှာ လာရပ်တယ်။ ပြီးတော့ ချက်ချင်းဆိုသလိုဘဲ လက်မြှောက်ပြတော့ မေတောင် လက်ပြန်မြှောက်ပြလိုက်သေးတယ်။ ဒါပေမယ့် မောင်ကလေ လက်မြှောက်ရုံတင်မဟုတ်ဘဲ … ။

“ မောင် ..”

ပြတင်းပေါက်ကနေ မြေပြင်ပေါ်ကို အရှိန်နဲ့ ပြုတ်ကျလာတဲ့ မောင့်ကို မြင်လိုက်ရတော့ မေ့ မျက်လုံးတွေ ပြာဝေသွားတယ်။ မြေပြင်နဲ့ မောင်နဲ့ ထိလိုက်တဲ့အခိုက်မှာပဲ မောင့်ပတ်ပတ်လည်မှာ သွေးတွေ အိုင်ထွန်းသွားတယ်။

သွေးအိုင်ထဲမှာ လဲနေတဲ့ မောင့်ဆီကို အပြေးသွားပြီး မောင့်ကို မေ ပွေ့ပိုက်ထားမိတယ်။ အဲဒီတုန်းကလေ မေ အော်ငိုမနေခဲ့ပါဘူး။ ဘာကြောင့် မောင် သည်လိုလုပ်ရသလဲလို့လည်း မေ တွေးမနေခဲ့မိဘူး။ မောင့်ကိုလည်း ဘာမှ မမေးမိဘူး။ ဘာမှလဲ မပြောမိခဲ့ဘူး။ မောင်က မေ့ကို၊ မေ့မျက်နှာကို၊ မေ့မျက်လုံးတွေထဲကို စိုက်ကြည့်နေရင်း တစ်ခုခုကို ပြောဖို့ အားယူနေတာ၊ တလှုပ်လှုပ် တရွရွဖြစ်နေတဲ့ မောင့်နှုတ်ခမ်းတွေက စကားတစ်ခွန်းမှ မထွက်ကျလာဘဲ မေ့ကို ပြုံးပြနေခဲ့တာကိုသာ မေငေးရင်း မျက်ရည်တွေပဲ တွေတွေ ကျနေခဲ့တာပါ။

အဲဒီနောက် ဖြစ်ခဲ့တာတွေကို မေ ကောင်းကောင်း မမှတ်မိတော့ဘူး။ မေ မှတ်မိသလောက် ပြောရရင် ဆေးရုံကား ရောက်လာတယ်။ မောင့်ကို ဆေးရုံသယ်သွားကြတယ်။
  
ဆေးရုံရောက်တော့ မောင့်နှလုံးမခုန်တော့ဘူး။ မောင့်နှလုံးခုန်သံကို တိုင်းတဲ့ Heart Rate Monitor ကလေးမှာ အသံလေး သုံးချက်ပဲ မြည်သွားတယ်။ တကယ်ကို နောက်ဆုံးအကြိမ်အဖြစ် သုံးကြိမ်တိတိပဲ နှလုံးခုန်သွားခဲ့တယ်။

“ မောင်ရယ် ”

“ မောင်ရယ် ”

“ ဒါ မေတို့ မင်္ဂလာသက်တမ်း သုံးနှစ်ပြည့်တာကို ကိုယ်စားပြုခဲ့တာများလား မောင်ရယ် ”

ပြုံးလျက်နဲ့ မေ့ကို ထာဝရ နှုတ်ဆက်သွားသူ မောင့်ကို ကြည့်ရင်း မေ ပြောနေခဲ့မိတယ်။

“ သမီး ..
 တောင့်မထားနဲ့။ စိတ်ကို လျော့ထား။ လျော့ထား သမီး ”

ကြီးမေရဲ့ စကားတွေက မေ့နားထဲမှာ ကြားတစ်ချက်၊ မကြားတစ်ချက်။ မေ့ကို ပြုံးပြုံးလေး စိုက်ကြည့်နေသေးတဲ့ မောင်က မေနဲ့ ဘဝခြားသွားပြီဆိုတာ မေ ဘယ်လိုယုံရမှာလဲ။

 v v v

မောင့်ကိုသဂြိုလ်တဲ့နေ့က ရှိုက်သံတစ်ချက်မှ မထွက်ဘဲ အံတင်းတင်းကြိတ်ထားတဲ့ မေ့ အနားမှာ ကြီးမေတစ်ယောက်တည်းကပဲ ဖေးဖေမမ ရှိခဲ့တာပါ။

“ ပြောတော့ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတာဆို။ အခု ဘယ်လိုလုပ် တိုက်ပေါ်ကခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေရတာလဲ ”

“ ကောင်မလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ပါပြီ ”

“ ကောင်လေးက ဘာ့ကြောင့်များ ထွက်ပေါက်ရှာသွားပါလိမ့်နော် ”

မောင့်ဈာပနကို လာပို့သူတွေရဲ့ သနားသလိုလိုနဲ့ အတင်းဆို စကားတွေဟာလည်း မေ့နားမှာ မဆံ့တော့အောင်ပါပဲ မောင်ရယ်။

တကယ်တမ်းတော့ သူတို့တွေ နားမလည်နိုင်ကြသလို မေကိုယ်တိုင်လည်း မောင်ဘာဖြစ်လို့ အဲသည်လို လုပ်ခဲ့သလဲဆိုတာကို နားမလည်ခဲ့ဘူးလေ။

မောင် သိလား။ ရုတ်တရက်ဆိုသလို မောင် မရှိတော့တဲ့ အိမ်ကြီးကလေ နွေလယ်မှာ ထီးထီးကြီးပေါက်နေတဲ့ သစ်ခြောက်ပင်ကြီးလိုပါပဲ။ မေ့ဘဝထဲကနေ မောင် အပြီးထွက်သွားခဲ့ပြီ ဆိုတာကိုလေ မေ ယုံကို မယုံနိုင်ဘူး။ တစ်ရက်ပြီး တစ်ရက်ကို ယောင်တောင်ပေါင်တောင်လေး မေ ဖြတ်သန်းရတယ်။

တရားနဲ့ ဖြေဖို့ဆိုတာတွေလည်း မေ မတွေးချင်ဘူး။ တရားစကားတွေလည်း မေ မကြားချင်ဘူး။ မောင်ရှိသေးတယ်၊ မောင်မရှိတော့ဘူး ဆိုတာတွေလည်း မေ မသိချင်ဘူး။ နေ့ရက်တိုင်း နေ့ရက်တိုင်းကို ဘာဆိုဘာမှ မတွေးမိအောင် နေရင်း မေ ဖြတ်သန်းခဲ့တယ်။ မေ့အနားမှာ မောင် မရှိခဲ့တဲ့၊ မေ့ဘဝရဲ့ ပထမဆုံး လပြည့်ညလေးတစ်ခု ရောက်မလာခဲ့ထိပေါ့။

အဲဒီညက မောင့်ကို အိပ်မက်မက်ခဲ့တယ်။ မောင်က မေ့ဆီကို လာလည်ခဲ့တယ်လေ။

“ မေ့ကို မောင် သိပ်လွမ်းတယ် မေ ..”

တိုးတိုးလျလျလေးပေမယ့် မောင့်စကားသံဟာ မေ့နားထဲမှာ ပီပီသသကို စွဲကျန်နေခဲ့တာပါ။

“ မောင် ပြန်လာချင်တယ် မေ .. ”

“ မောင်လေ သိပ်ချစ်ရတဲ့ မေနဲ့ မခွဲနိုင်ပါဘူး .. ”

မျက်ရည်တွေ စီးကျရင်း မောင် ပြောနေခဲ့တဲ့ စကားသံတွေဟာ မေ့ နားထဲမှာ အကြိမ်ကြိမ် ပဲ့တင်ထပ်လို့။ မောင့်လက်ကို ပြန်ပြီး ဆုပ်ကိုင်ဖို့ ကြိုးစားမိတော့ မောင်က တဖြည်းဖြည်း နောက်ဆုတ်သွားတယ်။ မေက ရှေ့တိုးမိလေလေ မောင်က နောက်ဆုတ်သွားလေ။ ကမ်းနေတဲ့ မေ့လက်ကို မောင်က ဖမ်းဆုပ်မကိုင်ခဲ့ဘူးနော်။

“ မောင်ရေ .. ”

“ မေ့ကိုပါ ခေါ်သွားပါ။ မေ့ကို မောင်နဲ့အတူ ခေါ်သွားပါမောင်ရယ် … ”

မောင့်ဆီကို လက်နှစ်ဖက်ကမ်းပေးရင်း အရုးတစ်ယောက်လို အော်ဟစ်ငိုကြွေးပြီး အိပ်မက်ကနေ မေ နိုးလာခဲ့တယ်။ မောင်များ ရှိနေမလားရယ်လို့ ပြတင်းပေါက်လေးကို မေ လှမ်းကြည့်လိုက်တော့ လရောင်အောက်မှာ လေတိုက်လို့ လှုပ်နေတဲ့ ခန်းစီးစလေးကိုပဲ မြင်ရတယ်။ ပြတင်းပေါက်နားကို မေ ပြေးသွားလိုက်မိတယ်။ တစ်ချိန်က မောင်လဲကျခဲ့တဲ့ နေရာလေးကို ငုံ့ကြည့်ပြီး မေ ငိုကြွေးနေတုန်းမှာ ကြီးမေဟာ အပြေးအလွှားနဲ့ မေ့ဆီ ရောက်လာခဲ့တယ်။

“ သမီး .. ”

“ မဟုတ်တာတွေ မကြံစည်ရဘူးလေ .. ”

“ သမီး သတိထားပါ ”

ပြတင်းပေါက်ဘောင်ကို ဆုပ်ကိုင်ထားရင်း ငိုနေလျက်ကပဲ ကြီးမေကို ခေါင်းယမ်းပြနေခဲ့မိတယ်။  

“ ကြီးမေရယ် .. ”

“ မောင်လေ.. မောင်။ မောင်က ပြန်လာချင်တယ် တဲ့ ”

“ မောင်က မေ့ကို သိပ်လွမ်းနေတယ်တဲ့ ကြီးမေရယ် သိရဲ့လား …”

ကြီးမေကို ဖက်ထားရင်း မောင်ဆုံးသွားပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ရှိုက်ကြီးတငင်နဲ့ အားပါးတရ မေ ငိုကြွေးမိခဲ့တယ်။

မေ့ကို ဖြေသိမ့်ဖို့ ကြိုးစားနေတဲ့ ကြီးမေရဲ့ မျက်ဝန်းမှာလည်းလေ မျက်ရည်စတွေ အပြည့်နဲ့ပါပဲ။ အဲဒီနောက်ညတွေမှာတော့ မေလေ လရောင်တွေကို မြင်ရမှာ သိပ်ကြောက်လို့ အခန်းတံခါးတွေကို ပိတ်ပစ်ခဲ့မိတယ်။ မောင့်ကို မချစ်တော့လို့၊ လရောင်တွေထဲမှာ မောင်နဲ့ မဆုံချင်တော့လို့ မဟုတ်ခဲ့ဘူးနော်။ မေ့ဘဝမှာ မောင်တကယ် မရှိတော့ဘူးဆိုတာကို လက်ခံလိုက်ရမှာ မေ ကြောက်ခဲ့လို့ပါ။

v v v


“ မောင်က မေ့ဘဝထဲကနေ သူကိုယ်တိုင် ထွက်သွားပြီးမှ ပြန်လာချင်တယ်လို့ ဆိုချင်တာလား။ ဒါမှမဟုတ် မောင်က မသွားချင်ဘဲ သွားခဲ့ရတာလား မသိဘူးနော် .. ”

ဘုန်းကြီးကျောင်းမှာ မောင့်အတွက် တစ်လပြည့် ဆွမ်းကပ်ပြီး ပြန်လာတုန်းက ကြီးမေကို ဘာရယ်မဟုတ် မေ မေးလိုက်မိတယ်။ ကြီးမေက တစ်စုံတစ်ခုကို ပြန်ဖြေဖို့ ချီတုံချတုံ ဖြစ်နေခဲ့သေးတယ်။ ပြီးတော့မှ

“ မေ ယုံလားတော့ မသိဘူး ”

“ ကြီးမေ ကြားဖူးတာတော့ ရှိတယ် ” တဲ့လေ။

“ ဘာလဲဟင် ကြီးမေ ” လို့ မေ ပြန်မေးလိုက်မိတယ်။

ကြီးမေရဲ့ မျက်နှာဟာ အဲဒီအချိန်တုန်းကလောက် ဖြူဖတ်ပြီး သွေးဆုတ်နေတာကို မေ မမြင်ဖူးခဲ့ဘူး။

“ သေသူ့ ဝိညာဉ်ကို အသက်ပြန်သွင်းပြီးတော့ ကိုယ် သိချင်တာတွေ မေးကြည့်ကြတာလေ ..”

ကြီးမေရဲ့ စကားအဆုံးမှာ မေ့လက်ထဲက ချိုင့်ဟာ အောက်ကို ပြုတ်ကျသွားပါလေရော။

v v v 

အဲဒီနောက်ရက်တွေတော့ ကြီးမေ ပြောတဲ့ နေရာကို သွားသင့်မသွားသင့် အတွေးတွေ လွန်ဆွဲနေတာ အကြိမ်ကြိမ်ပါပဲ။

မေလေ မောင် ဘာဖြစ်လို့ အဲသည်လို လုပ်သွားရသလဲ ဆိုတာကို သိပ်ပြီး သိချင်တယ်။
ပြီးတော့ မေ ခေါ်လိုက်ရင် အသားကျနေတဲ့ မောင့်ဘဝသစ်လေးများ လှုပ်ခတ်သွားမလားလို့လဲ ပူမိသေးတယ်။ ဒါပေမယ့်လေ တားဆီးမရတော့တဲ့ သိလိုစိတ်တွေကြောင့် နောက်ဆုံးမှာတော့ ကြီးမေခေါ်ရာ ကို မေ ပါသွားခဲ့ပါတယ်။

အဲဒီနေရာကို မေရောက်သွားတယ်။ အဲဒီနေရာမှာ မောင့်အသံကို မေ ကြားခဲ့ရတယ်။ မေသိပ်ချစ်တဲ့ မောင့်အသံကို နေ့ခင်းကြောင်တောင်ကြီးမှာ မေ့နားနဲ့ဆတ်ဆတ် ကြားနေခဲ့ရတာ။

မောင်က အဲသည်လို လုပ်ချင်လို့ လုပ်ခဲ့မိတာ မဟုတ်ပါဘူး တဲ့ ။ မောင်ရဲ့ အမြင်တွေ မှားယွင်းသွားခဲ့တာပါ တဲ့။ သွေးအိုင်ထဲမှာ လဲနေပြီး မေက ပွေ့ချီလိုက်တော့မှ အားလုံးကို အမှန်အတိုင်း မြင်နိုင်၊သိနိုင်ခဲ့ပါတယ် တဲ့။ မေ့ကို နောက်ဆုံးအကြိမ်အဖြစ် ချစ်တယ်ပြောခဲ့ဖို့တောင် မောင့်မှာ မတတ်နိုင်ခဲ့ပါဘူးတဲ့။ မေ့မျက်နှာကို တစ်ဝကြီး ကြည့်သွားလိုက်ရတာကိုတော့ မောင်က အရမ်းကိုပဲ ကျေနပ်ပါတယ်တဲ့ လေ ..။

အဲဒီက ပြန်လာပြီးတဲ့နောက် မေ့မှာ အရူးတစ်ယောက်လို ဖြစ်ခဲ့ရတယ်။ မောင့်ကို ဘယ်သူတွေက အမြင်တွေ မှားစေခဲ့တာလဲ။ လူတွေကို မေ မုန်းတီးလာတယ်။ ဘယ်သူ့ကိုမှ မေ မမြင်ချင်ဘူး။ မေ မတွေ့ချင်ခဲ့ဘူး။ စိတ်ရှိသ၍ အခန်းထဲမှာပဲ မေ နေတယ်။

ညဖက်တွေဆို ပြတင်းပေါက်တွေ ဖွင့်ထားတယ်။ ဒါမှ လရောင်တွေနဲ့ အတူတူ မောင်က မေ့ဆီကို ပြန်လာမယ်၊ လရောင်တွေထဲမှာ မေနဲ့မောင် ခဏတစ်ဖြုတ် တွေ့ခွင့်ရမယ် မဟုတ်ဘူးလား။ မောင်က လသာညတိုင်း မေ့ဆီကို ပြန်လာခဲ့တယ်နော်။ ကျေးဇူးတင်ရပါတယ် မောင်ရယ်။ မောင်နဲ့ ဆုံတွေ့တိုင်း မေ့ကိုပါ မောင်နဲ့ အတူခေါ်သွားဖို့ အမြဲတောင်းဆိုမိတယ်။ ဒါပေမယ့် မောင်က ရက်စက်လွန်းပါတယ်။ သနားကြင်နာစွာနဲ့ မေ့ကို ခေါ်သွားမယ်လို့ မရှိခဲ့ဘူး။ အထီးကျန်ကမ္ဘာထဲမှာ အလွမ်းတွေပေးပြီး တစ်ယောက်တည်း ထားမြဲ ထားရက်ခဲ့တယ်နော် ..။

ဒီညလည်း လပြည့်ညမို့ မောင့်ကို မေ တမ်းတခဲ့တယ်။ မောင့်အလာကို စောင့်မျှော်ခဲ့တယ်။ ပြီးတော့ မေ့ကို တစ်ယောက်တည်း မထားခဲ့ဖို့ တောင်းပန် တိုးလျှိုးထားခဲ့တယ်။ မေ့ ဆုတောင်းတွေ မပြည့်ခဲ့ဘူးကွယ်။

အခုလည်း မေတစ်ယောက်တည်း ကျန်ခဲ့ရပြန်ပြီ မောင်ရယ်။

v v v

မောင့်အကြောင်းတွေ တွေးမိပြန်တော့ မေ ငိုရပြန်တယ်။ ပါးပြင်ထက်ကနေ စီးကျလို့နေတဲ့ မျက်ရည်စက်တွေဟာ မေ့လည်ပင်းမှာသာမက၊ မေ့ခေါင်းအုံးတစ်ခုလုံးနဲ့ ရင်ဘတ်ပေါ်က စောင်လေးမှာပါ ရွှဲရွှဲစိုနေတာကို မေ သတိထားမိတယ်။ မျက်ရည်တွေ သုတ်ပြီး အကျီင်္လဲသင့်တယ်ဆိုတာ သိပေမယ့် မေ မထချင်သေးဘူး။

ပြတင်းတံခါးကို လေတိုးနေတဲ့အသံ၊ သစ်ရွက်လေးတွေ လှုပ်ခတ်နေကြသံလေးတွေကို မေ ကြားနေရတယ်။ ပြတင်းပေါက်က အဝါရောင်ခန်းဆီးလေးတွေဟာ အခါတိုင်းထက် ပိုပြီး လှုပ်ခတ်နေကြသလို။ လရောင်ဟာလည်း အရင်ညတွေနဲ့မတူ တမူထူးခြားစွာ အခန်းထဲမှာ ဖြာလဲ့နေသလိုလို။

ပြီးတော့ လရောင်တွေနဲ့အတူ ဝိုးတဝါး အရိပ်လေးတစ်ခု။ ပြတင်းပေါက်နားလေးမှာ ဝိုးတဝါး အရိပ်လေးတစ်ခုက မေ့ကို ရပ်ပြီး ကြည့်နေတယ်။

“ အို .. မောင် ”

မောင်များလား။ အရိပ်ကလေးကို  သေသေချာချာလေး စူးစိုက်ကြည့်လိုက်တယ်။

ဟုတ်တယ်။ မောင်မှ မောင် အစစ်ပါ။ ပြီးတော့ မောင်က လက်ကမ်းပေးလို့နေတယ်။ မေ့မျက်လုံးတွေ မယုံနိုင်အောင် ဖြစ်သွားရတယ်။ အိပ်ရာထက်ကနေ အမြန် လူးလှိမ့်ထလိုက်ပြီး အရိပ်ကလေးဆီ ပြေးသွားလိုက်မိတယ်။ မောင်က မေ့ကို စိုက်ကြည့်နေတယ်။

“ မေ့ကို ခေါ်သွားပါနော်.. ”

မောင့်က ပြုံးပြီး ခေါင်းငြိမ့်ပြတယ်။

ဝမ်းသာအားရနဲ့ မောင့်လက်ကို လှမ်းဆွဲလိုက်တယ်။ မောင်ကလည်း မေ့လက်ကို တင်းတင်းကျပ်ကျပ်လေး ပြန်ဆွဲထားတယ်။

“ မေ ပျော်လိုက်တာကွယ် ”

“ မောင်ရယ်.. မောင့်ကို မေ သိပ်ချစ်တယ်။ ”

မောင့်ရင်ဘတ်မှာ ခေါင်းကလေးမှီရင်း တိုးတိုးလေး မေ ပြောလိုက်မိတယ်။

လရောင်ဟာ ပိုပြီး အေးမြသွားတယ်။ ညမွှေးပန်းရနံ့တွေဟာ ပိုပြီး သင်းပျံ့လာတယ်။ သစ်ရွက်လေးတွေရဲ့ တေးဆိုသံဟာလည်း ပိုပြီး ပီပြင်လာတယ်။ မေတို့ရဲ့ ရင်ခုန်သံဟာလည်း တစ်ထပ်တည်းကျလို့။ အခုလို မေနဲ့မောင် အတူတူ ရှိသွားမှတော့ ဟိုတုန်းကလိုမျိုး လရောင်ထဲမှာ မေရယ်၊မောင်ရယ် ချစ်ကြိုးတွေ ပြန်လည်ယှက်သွယ်လို့ ရသွားပြီပေါ့ကွယ်။


လေးစားစွာနဲ့
မြတ်ပန်းနွယ်

34 comments:

THS said...

ကြည်နူးစရာ သိပ်ကောင်းတဲ့ အချစ်ဇတ်လမ်းလေးမှာ
ပျော်ဝင်နေမိတုန်း မေဆိုတဲ့ ကောင်မလေးရဲ့ ဝမ်းနည်းစရာ အဖြစ်နဲ့
အထီးကျန်စိတ္တဇ လပြည့်ည ကို မမျှော်လင့်ပဲ ခံစားသွားရတယ်
ကြိုမမြင်နိုင်တဲ့ ကံတရားလိုပဲ
ကြိုမခန့်မှန်းနိုင်အောင် ရေးတတ်တဲ့ ဇတ်လမ်းမို့ နှစ်သက်မိပြန်တယ် ။

သီးခြားကမ္ဘာရဲ့လရောင်အောက်မှာ ချစ်သူတို့ ဘဝ အေးချမ်းနိုင်ပါစေ ...။

Arsenal said...

မြတ်ရေ စာက အရမ်းဖတ်လို့ကောင်းတယ်။ မောင်က ဘာလို့ သတ်သေသွားတာလဲ. အရမ်းသိချင်ပါတယ်.

ခရစ္စတလ် said...

မောင် ဘာလို့ သေချင်သွားတယ်ဆိုတာ ထည့်မပြောထားဘူးနော်၊ ထင်ချင်သလို ထင်ပလိုက်မား ပြော ... :P

aye chan pyae said...

တကယ်ချစ်ကြတဲ့ ချစ်သူတွေမို့ လို့  ကွဲကွာကြတဲ့အခါ သိပ်ကိုကြေကွဲရမှာပါ။ ကိုယ်တိုင် အဲလို ဘ၀မျိုးရောက်ခဲ့မယ် ဆိုရင်လည်း ကိုယ့်ချစ်သူနောက်ကိုပဲလိုက်မိမှာပါ. ..သူဘယ်ဘ၀ ရောက်နေပါစေ သူ့ အနားမှာပဲ နေချင်တာပါ...

Kaung Nyein San said...

မမြတ်ပန်းနွယ်ဆီကနေ ဖတ်ရခဲတဲ့ ဝတ္တုပုံစံမျိုးလေးပါ။အမြဲတမ်း စာလာဖတ်ဖြစ်ပေမယ့် ကော်မန့်သိပ်မချန်ဖြစ်ခဲ့ဘူး။ ဒီတစ်ခါတော့ တစ်မူထူးခြားတဲ့ရေးဟန်ကြောင့် ကော်မန့်ချန်ဖြစ်ခဲ့ပါတယ်။အကြောင်းအရာနဲ့လိုက်ဖက်ညီညွတ်တဲ့ အဖွဲ့အနွဲ့ကိုလည်းတွေ့ရတယ်။စကားလုံးလေးတွေကလည်းလှပပြီးနူးညံ့တယ်။အမြင်အာရုံတွေမှားယွင်းပြီး ခုန်ချသတ်သေတယ်ဆိုတာတွေလည်း ခဏခဏဖြစ်တတ်တာမို့ ဒီဝတ္တုလေးက ယုတ္တိလည်းရှိပါတယ်။နှစ်သက်စွာ အားပေးသွားခဲ့တယ်။

witch83 said...

အစကနေ အဆုံး စိတ်ဝင်တစားနဲ့ဖတ်သွားပါတယ်. မမြတ်ရေ.. မောင် ဘာကြောင့် ဒီလို သတ်သေရတယ်ဆိုတာ လုံးဝ မပြောသွားဘုးနော်.. အင်တာနက်နောက်ဆုံးသုံးပြီး မောင်.. အမြင်မှားသွားတယ်ဆိုတော့...

Aung Thura Htet said...

အခါတိုင်းနဲ့မတူ တမူးထူးခြားနေတဲ့ ဇာတ်လမ်းလေးကို အားလည်းရတယ်။ သဘောလည်းကျတယ်။ ချစ်လည်းချစ်တယ် ဆရာမလေးရေ။

မင်းဧရာ said...

ကြည်နူးစရာ
ဆွေးမြေ့စရာ
ဝတ္ထုကောင်းလေးပေါ့
စိတ္တဇ ဝေဒနာတွေနဲ့
ကျန်နေခဲ့သူကို သနားမိတယ် ။



မင်းဧရာ

ဇေယျာ said...

It's very lovely and heart touching story. I feel bad and sad for May. Never hope to read this kind of story from you and you surprised me. Great as usual and love it!

သန့်စင် said...

ဝတ္တုလေးက အရမ်းကြည်နူးဖို့ ချစ်ဖို့ကောင်းပြီး နောက် ဝမ်နည်းစရာ ကောင်းသွားတယ်။ စိတ္တဇဆန်ဆန်နဲ့ လှပတဲ့ အချစ်ဝတ္တုလေးပါဘဲ။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မြတ်ရေ..

မောင်ဘာဖြစ်လို့ ခုန်ချသွားတယ်ဆိုတာထက် သူ ဘာကို ဘယ်လိုစဉ်းစားဆုံးဖြတ်သွားတယ်ဆိုတာ သိချင်မိတယ်။ ပြီးတော့ နောက်ဆုံးမှာ မေလည်း မောင့်နောက်ကို လိုက်သွားတယ်လား.. ဒါမှမဟုတ် မေ့ရဲ့ စိတ်ကူး အတွေးလေလား..

ဘာဖြစ်ဖြစ် ဖတ်ရင်း ကျေနပ်ရတယ်

Myint Mo said...

ဝတ္တုလေးက နူးညံ့လိုက်တာ။
မေက သူ့ကိုယ်သူ မောင်လာခေါ်တယ်ဆိုပြီး ထင်ယောင်ထင်မှားနဲ့ သတ်သေသွားတာပေါ့နော်။မောင်ဘာကြောင့်သတ်သေသွားလဲဆိုတာကို ရှင်းပြမထားတာကို သဘောကျတယ်။မေကိုယ်တိုင်လည်းမသိဘူးလို့ပြောထားတယ်။နောက်ဝိညာဉ်ကိုခေါ်မေးတာဆိုတာလည်း အပြင်မှာတွေ့ဖူးတယ်။ဒီဝတ္တုလေးကို စိတ္တဇဆန်ဆန်လေးနဲ့လှပတာမို့ ကြိုက်တယ်ဆရာမလေးရေ။

Thiha said...

ကောင်လေးကော ကောင်မလေးကော သနားစရာကောင်းလိုက်တာ။ မမြတ်ပန်းနွယ်ရဲ့ အရေးအဖွဲ့အောက်မှာ မျောသွားခဲ့ပြီ။ မေ့လုပ်ရပ်က မှားလားမှန်လားဆိုတာကို ဝေမဖန်ချင်ဘူး။ကိုယ်တိုင်လည်း အဲဒီနေရာရောက်ခဲ့ရင် ဘယ်လိုလုပ်မိမယ်ဆိုတာ တပ်အပ်ပြောနိုင်တာမှမဟုတ်ဘဲ။

3rdthameetaw said...

မြတ်ရေ ပုံပြင်လေးကိုလာဖတ်သွားတယ်ကွယ်

Angelhlaing(May everybody be happy and healthy! said...

မောင် ကဘာလို့ သတ်သေသွားရတာလဲလို့ သိချင်နေမိတယ်... မြတ်....

ခုညတော့ အိပ်ပျော်မယ် မထင်တော့ဘူး ..:)

Lynn Khit Deno said...

ဲမြုပ်ကွက်တွေ ထားထား ခဲ့သလိုပဲ ။ ဇာတ်လမ်းက ဆွဲထုတ်ချင်ရင် ဆွဲထုတ်လို့ရသေးတယ် ။ မမြတ် ဘာကြောင့် မြုပ်ထားခဲ့လဲဆိုတာ မသိဘူး ။

ခင်မင်စွာဖြင့်
ဗညားရှိန်

ကျော်အောင် said...

ကျွန်တော်ကတော့ ဘာကြောင့်မောင်သတ်သေသွားရသလဲဆိုတာ သိပ်ပြီးအရေးပါတယ်လို့မထင်မိဘူး။ဒီဝတ္တုလေးက မောင်သေသွားလို့ မောင့်ကိုတမ်းတပြီး စိတ္တဇဖြစ်ကျန်ခဲ့တဲ့ မိန်းကလေး၊နောက်ပြီး အဲဒီမိန်းကလေးက မောင့်နောက်ကိုလိုက်သွားခဲ့တယ်။အဲသည်လောက်နဲ့တင် ၀တ္တုလေးကပြည့်စုံနေပြီလို့ ထင်မိပါတယ်။ဘာပဲပြောပြော လှပတဲ့ရေးဟန်လေးကို ကျွန်တော်တော့ သဘောကျတယ်။

ကြည်ဖြူပိုင် said...

မေနဲ့မောင့်ကိုသနားလိုက်တာ။

Anonymous said...

ဝတ္တုလေးကို ချစ်လိုက်တာ မမမြတ်ရယ်။
မောင်ကော မေကော သနားဖို့သိပ်ကောင်းတယ်။ မမမြတ်ရဲ့ အရေးအသားလေးမှာ မျောသွားတာပဲ။

ဒါနဲ့လေ မမမြတ်က ဘာလို့ ဖေ့ဘွတ်မသုံးတာလဲ။ ဖေ့ဘွတ်မှာ မြတ်ပန်းနွယ်ဆိုတဲ့ အကောင့်တစ်ခုတော့ တွေ့တယ်။ အပ်ထားတာလည်းလက်မခံဘူး။အဲတာ မမမြတ်ပဲလား။အကောင့်လုပ်ထားပြီးမသုံးဖြစ်တာလား။

ထွန်းရန်နိုင် said...

I LOVE THIS NOVEL SO MUCH MA MYAT!

မမြတ်ရေးထားတာ နူးနူးညံ့ညံ့လေး။မောင့်ထက် မေက သနားဖို့လည်း ပိုကောင်းတယ်။ သူက ကျန်ခဲ့ရပြီးခံစားရသူကို။ မေသေသွားပေမယ့် မောင်နဲ့ပြန်ဆုံလိုက်ရဆိုတဲ့ဇာတ်သိမ်းမျိုးမို့ ကျွန်တော် အရမ်းသဘောကျတယ်။ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့ပေါင်းချင်တာပဲလေ။အချစ်ဝတ္တုလေးတွေ များများရေးပါလို့တောင်းဆိုပါတယ်။

Aung Kyaw Zeya said...

မြတ်ရေ ၀တ္ထုက အရမ်းဖတ်လို့ကောင်းတယ်။အစကနေ အဆုံး စိတ်ဝင်တစားနဲ့ဖတ်သွားပါတယ်။တကယ်ချစ်ကြတဲ့ ချစ်သူတွေမို့ လို့  ကွဲကွာကြတဲ့အခါ သိပ်ကိုကြေကွဲရမှာပါ။ကောင်လေးကော ကောင်မလေးကောသနားစရာကောင်းလိုက်တာ။
အားပေးသွားပါတယ်။

SSS said...

ဝတ္တုလေးကကောင်းတယ်။ ကျော်အောင်ရဲ့ကော်မန့်ကို ကျွန်တော်လည်း သဘောတူတယ်။

မသန်းသန်း said...
This comment has been removed by a blog administrator.
မသန်းသန်း said...

ဝတ္တုလေးက ဝမ်းနည်းကြေကွဲစရာ ကောင်းလိုက်တာ ဆရာမရေ။ မောင်ကောမေကော သနားဖို့ သိပ်ကောင်းတယ်။ ဘယ်လိုဆုံဆည်းခြင်းပဲဖြစ်ဖြစ် နောက်ဆုံးမှာ ဆုံဆည်းခွင့်ရသွားတယ်ဆိုတဲ့ ဇာတ်သိမ်းလေးကြောင့် ဖတ်ရတာ အားရကျေနပ်မိရပါတယ်။

Ye Lin Myat said...
This comment has been removed by a blog administrator.
Ye Lin Myat said...

မပန်းနွယ်ရဲ့ ပုံမှန်ရေးဟန်တွေကနေ သိသိသာသာ ကွဲထွက်နေတဲ့ စာလေးတစ်ပုဒ်ပဲ။ ရေးဟန်အပြောင်းအလဲနှင့် သာမာန်ရေးနေကြနေ တစ်မျိုးဖောက်ထွက်ထားတဲ့ အကြောင်းအရာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အပြင်လောကမှာ ယုတ္တိမရှိတဲ့ ဇာတ်လမ်းမျိုးကိုတော့ သိပ်ပြီးသဘောမကျလှဘူး။ ၀တ္တုကောင်းတွေ အများကြီး ထုဆစ်နိုင်ပါစေလို့ ..

အိသီရိတင် said...

ပုံပြင်လေးက သနားစရာကောင်းတယ် မမ။
ညီမလေးတော့ မေ့လို မဖြစ်ချင်ဘူး။ ဘယ်သူ့ကိုမှလည်း မဖြစ်စေချင်ဘူး။

blackroze said...

ဖတ်ပြီးတော့
စိတ်မကောင်းလိုက်တာလေ..
ဝထ္တုဆိုတာ သိနေပေမဲ့
စိတ်ထဲမှာအလွမ်းဓါတ်ခံ ၇ှိလို့လားမသိဘူး
ဝထ္တုထဲက မေ ကို သနားနေမိတယ်...
ချစ်သူတိုင်း ဘဝသက်ဆုံးတိုင် လက်တွဲနိုင်ကြပါစေလို့
တကယ်ဆုတောင်းတယ်..

တန်ခူး said...

တခါတရံအချစ်ရဲ့ညို့ ငင်မှုကခြောက်ခြားစရာကောင်းလွန်းတယ် ညီမရယ်...

ရင်လှိုင်း said...

ကျန်ခဲ့ သူ နဲ့ ချန်ခဲ့ သူ မှာ ဘယ်သူပိုပြီး ခံစားရမလဲ နော်။ ချစ်သူတိုင်း လွမ်းခြင်းတွေ ဝေးပါစေ နော်။

ငြိမ်းစိုးဦး said...

စိတ်အတွင်းကို လိုက်ပါစေတဲ့ ၀တ္ထုကို ဖတ်ခဲ့ပါတယ် ...

မိုးဇက် said...

အဲ အများကြီးချန်ထားတာပဲ

မိုးရေထဲကကောင်လေး said...

ချစ်စရာ၊ ကြည်နူးစရာ၊ ဝမ်းနည်းဆွေးမြေ့စရာ။

ဘာပဲဖြစ်ဖြစ် မေ့ကိုတော့ မသေစေချင်ဘူးဗျာ။

Anonymous said...

မေ သနားပါတယ် ဆရာမရယ်။ ဝတ္တုလေးကတော့ ဖတ်ရတာ အရမ်းကို ဆွဲဆောင်မှု ရှိပါတယ်။ မောင် ဘာလို့သတ်သေသွားလဲဆိုတာလေးတော့ သိချင်မိသေးတယ်။

ထွန်းရန်နိုင်