Friday 15 February 2013

ချစ်တတ်သူမို့


ကို့ဆီ အလည်သွားရသည့် တနင်္ဂနွေနံနက်များသည် ကျွန်မကို စိတ်လှုပ်ရှားမှု၊ ကြည်နူးမှုနှင့် ပျော်ရွှင်မှုတို့ကို အများဆုံးပေးခဲ့သည်မှာ မှန်ပါသည်။ တစ်ခါတစ်လေ ကျွန်မတို့ စိတ်အခန့်မသင့်ဖြစ်နေရသည့် အခါမျိုးတွင်တော့ တနင်္ဂနွေနံနက်များက စိတ်ပင်ပန်းမှုများကို ယူဆောင်လာတတ်လေသည်။

သူ စိတ်ခုနေတာ သိသိလျက်နှင့် ကျွန်မ မသွားလျှင် ကိုက ပိုပြီးစိတ်ဆိုးမည်။ မျက်နှာအောက်ကျို့ကာ ရှိသမျှ စိတ်အင်အားတွေ စုစည်းပြီး သွားခဲ့မိလျှင်လည်း ခနဲ့သော စကားများနှင့် စိမ်းကားအေးစက်သော အကြည့်များက ကြိုဆိုဦးမည်။ သို့သော် စိတ်တိုနေတာ သိသိလျက်နှင့် ကျွန်မဖက်က စတင်ပြီး မပျောင်းညွှတ်ပါလျှင် “ သူတောင်နေနိုင်သေးတာ၊ငါကဘာလို့မနေနိုင်ရမှာလဲလို့တွေးပြီး ကျွန်မမလာတာ” ဟု သူ စွပ်စွဲမည်။ ကျွန်မက တွင်တွင်ငြင်းလျှင်တော့ “ တော်စမ်းပါ၊ အဲသည်အတွေးတွေကို နားမလည်ဘူးထင်လို့လား “ ဟု သူ ပြောမည်။ ထိုအခါမျိုးတွင် ကျွန်မမှာ ကူကယ်ရာမဲ့စွာ မျက်ရည်ဝဲဖို့သာ တတ်နိုင်ခဲ့ရသည်။

ကျွန်မ ဘယ်တုန်းကမှ သူ့အပေါ် မာနမထားခဲ့ဖူးတာ ကိုသာ အသိဆုံးဖြစ်ပါသည်။ ထိုသို့ သိသိလျက်နှင့် ကျွန်မ ရင်ထဲမှာ စိုးရိမ်ပူပန်မှု အကြောက်တရားများကို မသိကျိုးနွံပြုကာ စိမ်းကားရက်သည့် ကို့အပြုအမူများကို အမြဲတမ်း နားလည်ရခက်စွာ လက်ခံလိုက်ရသည်ချည်းပင်။

ယခုလည်း ကျွန်မ ကြောက်ရွံ့သော တနင်္ဂနွေမနက်ခင်းမျိုးတစ်ခုကို ရင်ဆိုင်နေရသည်။ ကို ကျွန်မဆီကို ဖုန်းမဆက်၊ မက်ဆေ့ခ်ျလည်း ပြန်မပို့တာ ကြာသပတေးညကတည်းက ဖြစ်သည်။ ထိုနေ့တုန်းက မဖြစ်မနေ အသိပေးလိုက်ရသည့် ကိစ္စတစ်ခုကို သူက စိတ်ဆိုးနေခြင်း။ ကို စိတ်ဆိုးတော့မည်ဆိုတာ သိပါသည်။ သည်လောက်ထိ စိတ်ဆိုးနေလိမ့်မည်ဟုတော့ မထင်ခဲ့မိတာ အမှန်ဖြစ်၏။

နောက်ဆုံးတော့ ရာဇဝတ်အိုးကိုမှ ဒုတ်နှင့်ထိုးမိသူ ကျွန်မ အပြစ်နှင့် ကျွန်မသာ ဖြစ်တော့သည်။




*  *  *

ကိုနှင့် ကျွန်မ ချစ်သူ သက်တမ်း တစ်နှစ်ပြည့်စဉ်က အမှတ်တရအဖြစ် စာဖတ်ဝါသနာပါသော ကျွန်မအတွက် Bookmarkလေး တစ်ခု ကိုက ဝယ်ပေးခဲ့သည်။ ကျွန်မ နာမည် စာလုံးများကို ကျောက်ရောင်စုံလေးများပါသော အက္ခရာလေးများ တစ်လုံးချင်းစီ စီကာ အဆုံးသတ်တွင် အသည်းပုံလေးချိတ်ဆွဲထားသော ထိုBookmarkကလေးမှာ ကျွန်မအတွက် တန်ဖိုးထားမြတ်နိုးအပ်သောအရာတစ်ခု ဖြစ်ခဲ့ရ၏။ စိတ်ရှည်မှုနည်းလေ့ရှိသော သူကိုယ်တိုင် အက္ခရာတစ်ခုချင်းစီကို သေသေချာချာ ရွေးပေးခဲ့သော ထိုအရာလေးကို အင်မတန်မှ မြတ်နိုးတနာရှိခဲ့ရလေသည်။

“ M ကို မိုးပြာရောင်ကျောက်ကလေး ရွေးလိုက်မယ်နော် ခေးလေး .. ”

“ ဒါဆို Y ကို အနီလေးလား ကို..”

“ ဟာကွာ..ခေးကလည်း အနီကြီးက မလှပါဘူး.. ပန်းရောင်လေးလုပ်လိုက် မိန်းကလေး ပိုဆန်တာပေါ့.. ဖယ်ပါကွာ..ခေးလေး ဒီတိုင်းရပ်ကြည့်နေစမ်းပါ။ ကို ရွေးပါ့မယ် ”

အဲသည်နေ့တုန်းက ကို့စိတ်ဥတု ကြည်လင်သာယာခဲ့ပုံမှာ ကျွန်မ အံ့သြယူရသည် အထိပင်။


*  *  *

အသက်ခြောက်နှစ်ကျော်ကွာခြားသော ကျွန်မတို့ကြားတွင် ချစ်သူဖြစ်စက ကိစ္စအတော်များများတွင် ညှိယူခဲ့ရလေသည်။ ငယ်သော ကျွန်မ လုပ်ချင်၊သွားချင်သော ကိစ္စတစ်ချို့၊ နေရာတစ်ချို့က ကို့အတွက် ကလေးကလားဆန်လွန်းသည် ဆို၏။ ဟိုလိုဆိုလျှင်လည်း ကိုက “ ဟာကွာ ကိုနဲ့ မသင့်တော်ပါဘူးကွာ ” ၊ သည်လိုဆိုလျှင်လည်း “ မင်းကွာ.. ကို ရှက်ပါတယ် ” ဟု ဆိုတတ်လေသည်။ ထိုကြောင့် ကျွန်မတို့နှစ်ယောက်ကြားတွင် ချစ်သူရည်းစားများအဖြစ် တသီးတသန့်ချိန်းတွေ့ဖြစ်ကြသည့်အကြိမ်အရေအတွက်များမှာ ချစ်သူသက်တမ်းနှစ်နှစ်ပြည့်သည်အထိ လက်ချိုးရေတွက်၍ ရခဲ့လေသည်။

ချစ်သူသက်တမ်း နှစ်နှစ်ပြည့်ပြီးသည့်နောက်မှာတော့ ထိုပြသနာမှာ ပြေလည်သွားသည်။ ကျွန်မတို့နှစ်ယောက် တရားဝင်စေ့စပ်လိုက်ပြီးနောက် ကျွန်မအတွက် ကိုအချိန်ပေးထားသော အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကို့အိမ်သို့ ကျွန်မ အလည်သွားသည်။ ကျွန်မတို့အတူတူ ဟင်းချက်စားကြသည်၊ ဇာတ်ကားအတူတူ ကြည့်ကြသည်၊ စာအတူတူဖတ်ကြသည်။ တစ်ခါတစ်လေ ကာရာအိုကေ ဆိုကြသည်။ အိမ်သန့်ရှင်းရေးအတူတူ လုပ်ကြသည်။ ခိုင်လုံတိကျသော အကြောင်းပြချက်ရှိမှသာ နှစ်ယောက်အတူတူ အပြင်ထွက်ဖြစ်ကြလေသည်။

ထို့ကြောင့် ချစ်သူသက်တမ်းတစ်နှစ်ပြည့်စဉ်က အထူးအခွင့်အရေးအဖြစ် ကိုနှင့်ကျွန်မ ရုပ်ရှင်ရုံမှာ ရုပ်ရှင်အတူတူ ကြည့်ခဲ့ကြသည်။ ထို့အပြင် ပိုပြီးအမှတ်တရဖြစ်စေရန် ကျွန်မ လိုချင်သော၊ နှစ်လည်းနှစ်သက်သော Bookmarkကလေးကို သူ ကိုယ်တိုင် စိတ်ရှည်လက်ရှည် ရွေးပေးခဲ့ခြင်းဖြစ်၏။ သို့သော် ကျွန်မက ကျွန်မနှင့်အတူတူ တစ်နှစ်ကျော်အောင် အတူတူရှိနေခဲ့သော ထိုအရာကလေး ဘယ်အချိန်တွင် ဘယ်နေရာမှာ ဘယ်လိုကျပျောက်ခဲ့မှန်း မသိအောင်ပင် ခြေစလက်စ ဖျောက်ပစ်ခဲ့မိလေသည်။

ထိုအကြောင်းကို သူ့ထံ မက်ဆေ့ခ်ျပို့ကာ အသိပေးလိုက်စဉ်ကတည်းမှ ပြန်စာ မလာခဲ့သည်မှာ ယခုဆိုလျှင် နာရီပေါင်း ၆၀ကျော်သွားခဲ့ပြီ။ ကို နေနိုင်ရက်လေခြင်း။ နောက်ဆုံးတော့ ထုံးစံအတိုင်း မျက်နှာအောက်ကျို့ကာ တောင်းပန်စကား ဆိုရလေသူမှာ ကျွန်မသာဖြစ်တော့သည်။

*  *  *
“ တင်း.. တောင် ”

လူခေါ်ခေါင်းလောင်းကို တစ်ချက်နှိပ်ပြီး အသာရပ်စောင့်နေလိုက်သည်။ ရာသီဥတု ပူပြင်းသဖြင့် ချွေးစို့နေသော မျက်နှာကို တစ်ရှုးစက္ကူနှင့် အသာတို့သုတ်နေစဉ် ကို့အိပ်ခန်းတံခါး ချပ်ခနဲ ပွင့်သွားသည့် အသံကို ကြားလိုက်ရ၏။ ရုတ်တရက် အသက်ရှုပင် အောင့်လိုက်မိသလိုလို။ ညစ်ပတ်သွားပြီဖြစ်သော တစ်ရှုးစက္ကူစကို ဘေးလွယ်အိတ်ထဲသို့ ခပ်မြန်မြန်ပြန်ထည့်ကာ တံခါးမကြီးကို သူလာဖွင့်မည့်အချိန်အား စောင့်နေလိုက်သည်။

တံခါးဖွင့်ဖွင့်ချင်း ကျွန်မကို တွေ့လိုက်ရသည့် သူ့မျက်နှာမှာ ထူးခြားပြီး ပြောင်းလဲသွားမှု မရှိ။ မျှော်လင့်ထားသူတစ်ယောက် ရောက်ရှိလာသည့် မျက်နှာထားမျိုးလည်း မဟုတ်။ မမျှော်လင့်ထားသူတစ်ဦး ရောက်လာသလို ထူးဆန်းအံ့သြသွားခြင်းမျိုးလည်း ရှိလို့မနေ။ ပြုံးပြုံးရယ်ရယ် မရှိသလို စိမ်းစိမ်းကားကားလည်း မဟုတ်ပြန်။ ထိုသို့ မည်သည့် အဓိပ္ပာယ်သက်ရောက်မျိုးမှ ပေါ်ပေါက်မနေသော မျက်နှာထားမျိုးကို သူ ဘယ်လိုများ ထားတတ်ပါလိမ့်။

ကိုက တံခါးဖွင့်ပြီးပြီးချင်း ချာခနဲလှည့်ထွက်သွားသဖြင့် သူ့နောက်မှ အသာလိုက်ကာ ဖိနပ်ကို  အဝင်တံခါးမကြီးဘေးရှိ ဖိနပ်စင်အောက်ဆုံးထပ်တွင် အသာတင်ထားလိုက်ပြီး ကြောင်တောင်တောင် ရပ်နေမိသည်။ ကိုက ဧည့်ခန်းရှိ ဆိုဖာတွင် ဝင်ထိုင်လိုက်ကာမှ ပိုက်ဆံအိတ်ကို ဆိုဖာအလွတ်တစ်ခုပေါ်တင်လိုက်ပြီး ကို့ဘေးမှာ အသာဝင်ထိုင်လိုက်ရ၏။

နံနက်ကိုးနာရီခန့်သာ ရှိသေးသော်လည်း ဝီရိယကောင်းသော ကိုသည် ရေမိုးချိုးပြီး သန့်ပြန့်လို့နေပြီ။ ပူအိုက်သဖြင့် သတင်းစာတစ်စောင်ကို ဆွဲယူကာ ယပ်ခတ်လိုက်မိတော့ ကိုက နေရာမှထကာ ပြတင်းပေါက်များကို ပိတ်လိုက်ပြီး အဲကွန်းဖွင့်ပေး၏။ ယခုအချိန်ထိ ကျွန်မတို့ စကားတစ်ခွန်း မပြောရသေးပါ။

“ မနက်စာ စားပြီးပြီလား ကို “ ဟု မေးလိုက်ရမည်လား။ မဖြစ်သေးပါ။ ကိုက နိုးနိုးချင်း နွားနို့ပူပူလေးတစ်ခွက်၊ ကြက်ဥပြုတ်တစ်လုံးနှင့် ပေါင်မုန့်ကြမ်းနှစ်ချပ်စားတတ်တာ ကျွန်မ အသိ ဖြစ်၏။

“ ဒါဖြင့် နေ့လည်စာ ဘာစားကြမလဲ ကို။ အောက်ထပ်ကဆိုင်မှာ ဆင်းစားကြမလား။ ခေး တို့ ချက်စားကြမလား “  ဟု မေးလိုက်ရင်ကော။ ဒါလည်း မဖြစ်သေးပြန်ပါဘူးလေ။ ယခုမှ ကိုးနာရီတောင် ပီပီပြင်ပြင် ထိုးသေးတာမဟုတ်။ ကို့ဆီက အဖြေစကားအစား မျက်စောင်းတစ်ခု ဒါမှမဟုတ် စိတ်ပျက်စွာ ကျွတ် သပ်လိုက်သံ တစ်ခုခုသာ ရရှိနိုင်၏။

ဒါဖြင့် ဘယ်လို စကားစပြောရင် ကောင်းမလဲ။

“ နေကောင်းလား ကို “ ဟု မေးလိုကပြန်လျှင်လည်း ယခုလို စိတ်အခြေအနေမှာဆိုလျှင် “ မင်းမြင်နေတဲ့အတိုင်းပဲ။ ဘာလို့ အပိုတွေ လျှောက်မေးနေတာလဲ “ ဟု ပြန်ဟောက်မှာ သေချာသည်။

ကို စိတ်တိုနေချိန်မှာ စတင်ပြောစရာ စကားကလည်း ရှားပါဘိ။

ထိုကဲ့သို့ ဘာပြောရင်ကောင်းမလဲ စဉ်းစားနေမိစဉ် ကျွန်မ မျက်လုံးများက ကို့အိပ်ခန်းဝရှိ ရွက်လှပန်းအိုးကလေးဆီသို့ ရောက်သွားသည်။ “ ဟင်.. အပင်ကလေးတောင် ညှိုးယောင်ယောင် ဖြစ်နေပါလား။ ရေမလောင်းဘဲ ပစ်ထားတာ ဘယ်လောက်တောင် ကြာသွားပါလိမ့်။ ပြီးခဲ့သည့် တနင်္ဂနွေတုန်းကတောင် သည်လို မဟုတ်ပါဘူး “ ဆိုသည့် အတွေးများစွာက တန်းစီပေါ်ပေါက်လာသည်။

ထိုအပင်ကလေးကို လွန်ခဲ့သည့် ၂လခန့်တုန်းက ကျွန်မက ကို့ကို လက်ဆောင်ပေးခဲ့သည်။

“ ခေးနဲ့ ကိုက တစ်ပတ်မှ တစ်ခါပဲ လူချင်းတွေ့ဖြစ်တာ.. အဲဒီတော့ ကို့မှာ ခေးကိုယ်ပွားလေးလိုတယ်။ ဒါကြောင့် ဒီသစ်ပင်လေးကို ခေးက ကို့ကို လက်ဆောင်ပေးတာ။ ရွက်လှဆိုတော့ ခေးမွေးနေ့နံနဲ့ တူတူပဲ။ ဒါလေးကို ရှင်အောင် သေသေချာချာလေး ဂရုစိုက်ပါနော်.. ”

အဲသည်တုန်းက ခပ်ချွဲချွဲလေး ကျွန်မဆိုခဲ့တော့ သူက “ ကို့ခေးလေးကပေးတဲ့ အချစ်သစ်ပင်ကလေးကို ကိုက တယုတယ ပြုစုရမှာပေါ့ကွယ် ” ဟု ပြောခဲ့ဖူးလေသည်။

ယခု ကျွန်မကို ကလဲ့စားချေသည့် အနေနှင့်များ ကျွန်မသစ်ပင်ကလေးကို တမင်သက်သက် ပစ်ထားလေသလား။

“ ကိုက ကျွန်မအပေါ်မှာသာ နေနိုင်သူမဟုတ်၊ အပြစ်မဲ့သည့် သစ်ပင်ကလေးအပေါ်မှာပါ ရက်စက်တတ်သည်ပဲ။ ”
နွမ်းနေသော သစ်ပင်ကလေးကို ကြည့်ပြီး စိတ်မကောင်းသည့်စိတ်များဖြစ်လာကာ အပြစ်မရှိသော သစ်ပင်ကလေးကိုပါ အပြစ်ရှာရက်သော ကို့ကို စိတ်တိုသွားမိ၏။

“ ကို့ .. ”

ကျွန်မ အသံက ဆောင့်ကြီးအောင့်ကြီး ဖြစ်နေလေသည်။

“မင်းပြောတော့ နှစ်သက်လှပါချည်ရဲ့ဆို
တန်ဖိုးထား မြတ်နိုးရပါတယ်ဆို”

ကျွန်မ ခေါ်လိုက်သည်ကို မသိကျိုးနွံပြုကာ သူက မထူး။ သူ ပြောချင်သည့် စကားများကိုသာ ကျွန်မ မျက်နှာကို တစ်ချက် မကြည့်ဘဲ အေးစက်စွာ ဆိုလေသည်။ အင်မတန် အေးတိအေးစက်နိုင်လှသည့် သူ့ အပြုအမူကြောင့် ကျွန်မရင်ထဲတွင် စူးအောင့်သွားသည်။ ထိုအရာလေး ပျောက်ဆုံးသွား၍ ကျွန်မမည်မျှ စိတ်ထိခိုက်ကြေကွဲရသလဲ ဆိုသည်ကို တခြားသူတွေထက် သူပိုသိပါသည်။ သိလျက်နှင့် ကျွန်မစိတ်ကို ပိုပြီးထိခိုက်စေသော စကားမျိုးနှင့်မှ သူက စကားနာထိုးရက်လေသည်။

“ ဖတ်လက်စ စာအုပ်ပါ ပျောက်သွားတာလို့ မင်း ပြောခဲ့သလား ”

နှုတ်မှ မဖြေဘဲ ခေါင်းငြိမ့်ပြလိုက်မိသည်။

အဲသည်နေ့တုန်းက ဆရာမခင်ခင်ထူး၏ ရက်ကန်းလွန်း ဝတ္တုတိုများကို ဖတ်နေခဲ့၏။ ကျွန်မ နောက်ဆုံးဖတ်ခဲ့သည့်အချိန်မှာ အလုပ်မှ အပြန် ဘတ်စ်ကားပေါ်တွင်ဟု ထင်သည်။ ရထားပေါ်တွင် စာမဖတ်ခဲ့သည်မှာတော့ သေချာသည်။ မျက်စိညောင်းသဖြင့် သီချင်းနားထောင်ရင်း အိပ်လိုက်ခဲ့သည်ကိုလည်း အမှတ်ရ၏။ သို့သော် ကားပေါ်တွင် ကျန်ခဲ့သလား၊ ရထားပေါ်မှာများ ထွက်ကျခဲ့လေသလား ဆိုသည်ကိုတော့ ကျွန်မ ဘယ်လိုမှ စဉ်းစားလို့ မရ။

“ ကိုရေ.. ခေးလေ ဖတ်လက်စ စာအုပ်တစ်အုပ် ဘယ်မှကျကျန်ခဲ့လဲမသိဘူး။ အဲထဲမှာ ကိုလက်ဆောင်ပေးထားတဲ့ Bookmarkကလေးပါ ပါသွားတယ်။ ခေးလေး အရမ်းစိတ်မကောင်းဖြစ်နေရတယ်။ ကိုပေးထားတာလေး ပျောက်သွားလို့ ခေးကို စိတ်မဆိုးပါနဲ့နော်။ ခေးကို ကို အားရင် ဖုန်းခေါ်ပါနော် ”

ထို ကြာသပတေးနေ့တုန်းက ကျွန်မ ပို့ထားခဲ့သည့် မက်ဆေ့ခ်ျကလေးကို အတိအကျပင် မှတ်မိနေပါသေး၏။ သို့တိုင်အောင် သူက စာအုပ်ပါ ပျောက်သွားသလားဟု ထပ်မေးနေလေသည်။

“ ဟ.. ဖတ်လက်စ စာအုပ်တစ်အုပ်လုံး ကျကျန်ခဲ့တာတောင် မသိရလောက်အောင် မင်းစိတ်က ဘာတွေနဲ့ ထွေပြားနေတာတုန်း ”

အဖြေစကားမရှိသဖြင့် ခေါင်းသာ တွင်တွင်ယမ်းပြမိ၏။

“ ကားဂိတ်နဲ့ ရထားဘူတာရုံမှာရော မစုံစမ်းဘူးလား ”

“ စုံစမ်းပါတယ်ကို။ ပြန်လာအပ်တဲ့သူရှိရင် သိမ်းထားပေးမယ်ဆိုလို့ မနေ့တုန်းကလည်း သွားမေးပါသေးတယ်။ မတွေ့ဘူး တဲ့ .. ”

သူက ဟင်းခနဲ သက်ပြင်းရှည်ကြီးတစ်ခုကို ချသည်။ ထို့နောက် ဘာမှဆက်မပြောဘဲ ငြိမ်သက်နေပြန်သည်။ ကျွန်မ မျက်လုံးများက ရွက်လှပန်းအိုးကလေးထံ အမှတ်တမဲ့ ရောက်သွားပြန်၏။ ထိုစဉ်မှာပင် ကျွန်မလက်ကို ဆတ်ခနဲ ဆွဲယူကာ ကိုက ကျွန်မကို သူ့အိပ်ခန်းထဲသို့ အတင်းဆွဲခေါ်သွားလေသည်။ အားမတန်သဖြင့် ကိုခေါ်ရာနောက်သို့  ဒယိမ်းဒယိုင် ပါသွားရ၏။ အခန်းထဲရောက်မှ အတင်းဆုပ်ကိုင်ဆွဲထားသော လက်ကို လွှတ်ပေးလေသည်။

“ ဒီပုံတွေ ကိုနဲ့အတူ ရှိနေတာ ဘယ်လောက်ကြာပြီလဲဆိုတာ မင်းကို ပြောပြဖူးတယ်နော် .. ”

ကို့အိပ်ရာခေါင်းရင်းထက်ရှိ နံရံပေါ်တွင် ကပ်ထားသော ကိုတို့မိသားစုပုံကလေးကို လက်ညှိုးညွှန်ပြ၏။

“ ဟုတ်။ ခေး သိပါတယ် ”

တိုးတိတ်စွာ အဖြေပေးလိုက်မိသည်။

ဓါတ်ပုံကလေးဆိုသော်လည်း ဓါတ်ပုံသားဖြင့် ပုံကလေးတော့ မဟုတ်။ စာရွက်ကလေးဖြင့် သူကိုယ်တိုင် ပရင့်ထုတ်ထားသော သာမန်စာရွက်ဓါတ်ပုံလေးဖြစ်သည်။ စာရွက်အသစ်တစ်ရွက်ကို အချိန်မရွေး လွယ်လွယ်ကူကူ အသစ်ပြန်ပြီး ပရင့်ထုတ်နိုင်သော်လည်း ကိုက အိမ်ပြောင်းသည့်အခါတိုင်း နံရံတွင်ကပ်ထားသော တိပ်များကို သေသေချာချာခွာကာ ဓါတ်ပုံစာရွက်ကလေးကို ဖိုင်တွဲလေးတွင် ထည့်သိမ်းသည်။ ထို့နောက် နောက်တစ်အိမ်တွင် ကျနစွာ ပြန်ထုတ်ကပ်သည်။

“ ဒီပုံကလေးကို ခွာလိုက် ကပ်လိုက်လုပ်နေတာလည်း ခဏခဏ ရှိပြီ။ ဒီပုံလေးကို ကို ပရင့်ထုတ်ထားတာ ခြောက်နှစ်တောင်ရှိနေပြီ ခေးလေးရဲ့” ဟု ပထမဆုံးအကြိမ် ကို့အခန်းကို အလည်လာစဉ်တုန်းက ပြောပြခဲ့ဖူးလေသည်။

“ ကိုယ် တန်ဖိုးထားတဲ့ အရာဆို အဲလို သေချာသိမ်းတယ် ”

ယခုတစ်ခါ စကားနာထိုးလာသည်ကိုတော့ ကျွန်မ သည်းမခံနိုင်တော့ပါ။

“ ဟုတ်တယ်။ ကို တန်ဖိုးထားတဲ့ အရာဆို ကိုက အဲသည်လို သေချာ သိမ်းတယ်။ ကို ပေးထားတဲ့ Bookmarkကလေးကို ခေးက မတော်တဆ ပျောက်တာ။ အဲအတွက်လည်း ခေး အရမ်းဝမ်းနည်းရတယ်။ ဒါပေမယ့် ကိုကတော့ ခေး ပေးထားတဲ့ သစ်ပင်လေးကို လုံးဝတန်ဖိုးမထားဘူး။ ဒီတိုင်းပစ်ထားတယ်။ ခု အပင်လေးက ညှိုးနေပြီ။ ခေးသိတယ်။ ကိုက ခေးကိုရော ခေးနဲ့ပတ်သတ်တဲ့ အရာတွေကိုရော ဘာမှ တန်ဖိုးမထားဘူး။ အမြဲတမ်း ဥပေက္ခာပြုရက်တယ်။ ခေးက ကို့ကို သိပ်ချစ်မှန်းသိလို့ ကိုက ခေးနဲ့ပတ်သတ်တာဆို ဘာမှ တန်ဖိုးမထားဘူး။ ခေးချစ်သလို ကိုက မချစ်တတ်ဘူး။ ”
အပြစ်တင်စကားများကို တရစပ်ဆိုမိတော့ သူက ပါးစပ်အဟောင်းသားဖြင့် တအံ့တသြ ကြည့်နေလေသည်။

“ ဘုရား ဘုရား.. သူ့အပြစ်ကနေ ကျွန်တော်မျိုးဖက် မြှားဦးလှည့်လာတယ်။ မင်း တော်တော်တတ်နိုင်တာပဲ။ ”

“ ခေးက အပြစ်မရှိ မပြစ်ရှာတာမှ မဟုတ်တာ။ ကို့သစ်ပင်လည်းကြည့်ဦး ခြောက်တော့မယ်။ ရေမှန်မှန်မလောင်းမှတော့ ဘယ်သစ်ပင်က ဘယ်လောက်ကြာကြာ သည်းခံပြီး စိမ်းလန်းရှင်သန်နေနိုင်မှာလဲ။ သစ်ပင်တစ်ပင်စိုက်ထားရင် အချိန်မှန်မှန် ရေလောင်းပေါင်းသင်ရတယ်။ ဂရုစိုက်ရတယ်။ အဲတာ ကို မမေ့နဲ့။”

ခံစားချက်နှင့်ယှဉ်သော စကားများက ကရားရေလွှတ်သလို ထွက်ကျလာကြသည်။ ကျွန်မကိုဆိုလျှင် ဘယ်တုန်းကမှ အလျော့ပေးပြီး ချော့မြူခဲ့ခြင်း မရှိ၊ လိုက်လျောခဲ့သည် ဟူ၍လည်း မရှိ။ ကျွန်မကသာ ဘယ်လိုအကြောင်းပြချက်မျိုးနှင့် ကို စိတ်ဆိုးသည်ဖြစ်ဖြစ် သူ ကျွန်မကို မခေါ်ဘူးဆိုလျှင် နေမထိ ထိုင်မသာဖြစ်ကာ အတင်းချော့မော့ကာ စတင်ခေါ်ပြောခဲ့ရသူ။ ကိုကတော့ ဥပေက္ခာလည်း ပြုနိုင်သည်။ လျစ်လျူလည်း ရှုနိုင်သည်။ ဖာသိဖာသာလည်း နေတတ်သည်။

“ တစ်ချို့သစ်ပင်တွေကတော့ ရေမလောင်းလည်း ကြိုးစားရှင်သန်ကြတယ် တဲ့ ”

ခနဲ့သံပါသော ကို့စကားကို ကျွန်မ သည်းမခံနိုင်ခဲ့ပါ။

“ အော်.. ဟုတ်တယ်။ ဒါပေမယ့် ကို့သစ်ပင်က ကန္တာရဆူးပင် မဟုတ်ဘူး။ အဲတာ ကို မမေ့နဲ့။ ”

ကျွန်မ အသံက လိုတာထက် ကျယ်လောင်ကာ စူးစူးရှရှ ဖြစ်သွားသည်။

“ မင်း ကို့ကို မအော်နဲ့။ ကို မင်းထက် အသက်ခြောက်နှစ်ကြီးတယ်။ နားလည်လား ”

ကျွန်မ ပုခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်း ကိုင်လှုပ်ပြီး ပြောတော့ မျက်ရည်များက ဝဲတက်လာခဲ့သည်။ မျက်ရည်များ စီးကျမလာစေရန်မျက်နှာကို မော့ထားပြီး မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်နေစဉ် ကိုက ကျွန်မ ပုခုံးကို ဆုပ်ကိုင်ထားသည့်လက်များကို အသာဖြေလျော့ပေးလေသည်။

မျက်နှာချင်းဆိုင်ရပ်နေပါလျက် တစ်ယောက်ကိုတစ်ယောက် မျက်နှာလွှဲနေမိကြသည်။ ကျွန်မမှာ ကို့ကို ခွန်းတုံ့ပြန်စရာ စကားမရှိတော့ပါ။ ကိုကလည်း  စကားတစ်ခွန်း ဆက်မဆိုခဲ့။ တိတ်ဆိတ်နေသော အခန်းထဲတွင် တစ်ခုတည်းသော အသံကလေးအဖြစ် နံရံထက်မှ အနီရောင်နာရီကလေး၏ စက္ကန့်တံလေး ရွေ့လျားနေသည့် အသံကလေးတစ်သံသာ ရှိလေသည်။

တစ်ယောက်တည်း ထီးထီးကြီး ရပ်နေရသဖြင့် မူးသလိုလို ဝေသလိုလိုနှင့် ရင်ထဲတွင် တလှပ်လှပ် ခံစားလာရ၏။ ယခုလိုအချိန်တွင် ကိုက ကျွန်မကို ရင်ခွင်ထဲမှာ အသာပွေ့ဖက်ထားလျှင် ဘယ်လောက်ကောင်းမည်လဲ။ သို့သော် ဝေးပါသေးသည်။ ကိုလား ကျွန်မကို ထွေးပွေ့ထားမှာ။ ထို စိတ်ကူးယဉ်မှုက လက်တွေ့အခြေအနေနှင့် တော်တော်လေး အလှမ်းဝေးနေသေးသည်။ ရှုပ်ထွေးနေသော စိတ်က မခံရပ်နိုင်လောက်အောင် ငြီးစီစီ ဖြစ်လာခဲ့သည်။ နံရံကို လက်သီးနဲ့ ထိုးပစ်ရင် ကောင်းမည်။

ကျွန်မ အတွေးမဆုံးခင် ကျွန်မ ညာဖက်လက်သီးက နံရံဆီသို့ ဦးတည် ထိုးချလိုက်ခဲ့ပြီး ဖြစ်သည်။ သို့သော် ကျွန်မလက်သီးဆုပ်ကလေးက နံရံပေါ်သို့ရောက်လုရောက်ခင်မှာပင် ရပ်တန့်သွား၏။ ကျွန်မ လက်ကို ကိုက လှမ်းဆွဲထားသည် မဟုတ်လား။

“ မင်းကိုယ်မင်း နာကျင်အောင် မလုပ်ရဘူးလို့ ကိုအမြဲ ပြောထားတယ်လေ .. ”

အတန်ကြာအောင် ကျွန်မတို့ တစ်ယောက် မျက်လုံးထဲ တစ်ယောက် စိုက်ကြည့်နေမိကြ၏။ သို့သော် မည်သည့် စကားလုံးများကိုမှာ ကို့မျက်ဝန်းထဲမှာ မမြင်နိုင်လောက်အောင် မျက်ရည်များကြောင့် ကျွန်မ အမြင်အာရုံများက ဝေဝါးနေလေသည်။ ကိုရော ကျွန်မ မျက်ဝန်းထဲမှာ ဘယ်လို စကားများကို ရှာတွေ့နေလေမလဲ။

ရုတ်တရက် ကျွန်မ လက်ကို ဆတ်ခနဲ လွှတ်ချကာ ကိုက အခန်းအပြင်သို့ လှည့်ထွက်သွား၏။ အခန်းထဲတွင် တစ်ယောက်တည်း ကျန်ခဲ့သဖြင့် ရင်ထဲတွင် ဟာကနဲ ဖြစ်သွားရလေသည်။ မီးဖိုခန်းထဲထိ လျှောက်သွားသော ကို့ခြေသံများကို ကြားနေရ၏။ သူ ဘာသွားလုပ်တာပါလိမ့်။ တစ်အောင့်လောက်ကြာတော့ သစ်ပင်ရေဖျန်းသည့် ဗူးကလေးကိုင်ကာ ကို ပြန်ရောက်လာသည်။

“ ကို ကြည်ကြည်ဖြူဖြူ လက်ခံထားတဲ့ သစ်ပင်ကလေးကို ကိုက အချိန်မှန်မှန် ရေလောင်းမှာပေါ့ ခေးလေးရယ်.. နော်.. ကို ချစ်တတ်ပါတယ်ကွယ် ”

ရွက်လှပန်းပင်ကလေးကို တယုတယ ကိုင်တွယ် ရေဖြန်းနေရင်း ကိုက ညင်ညင်သာသာလေး ဆိုသည်။ ကျွန်မ အင်မတန် မက်မောသည့် ချော့မြူနည်းကလေးပါပေ။ ထိုအပြုအမူလေးကြောင့် ကျွန်မ ရင်ထဲတွင် ဝမ်းသာစိတ်များဖြစ်လာကာ နွေးသွားခဲ့ရ၏။

သစ်ပင်ကလေးကို ကျကျနန ရေလောင်းပြီးနောက် ကိုက ရေဖြန်းသည့်ဗူးကလေးကို ဘေးချကာ မတ်တပ်ရပ်ရင်း လက်နှစ်ဖက်ကို ဆန့်တန်းပေးသည်။ အလိုက်သိသော ကျွန်မက ကို့ရင်ခွင်ထဲသို့ ခပ်သွက်သွက်ကလေး ပြေးဝင်သွားလိုက်မိလေသည်။

ကျွန်မ၏ တနင်္ဂနွေနေ့ကလေးမှာ ဥပေက္ခာ မိုးသားများကြောင့် ရွှဲရွှဲစိုရလေတော့မလားဟု စိုးထိတ်မှုများစွာဖြင့် စတင်ခဲ့ရသော်လည်း နူးညံ့မှုလေပြေ ပြန်လည်တိုက်ခတ်ခဲ့သဖြင့် မိုးသားကင်းစင်သွားကာ လှပအေးချမ်းစွာ ကုန်ဆုံးသွားခဲ့လေသည်။

*  *  *

နောက်တစ်နေ့ ရုံးတွင် နေ့လည်စာထွက်စားပြီး ပြန်လာတော့ စားပွဲပေါ်မှာ ဗူးကလေးတစ်ဗူးကို တွေ့ရ၏။

“ ကို့ပန်းပွင့်လေးက သိပ်ကို နူးညံ့မှန်း ကိုသိတာပေါ့ ”

ဗူးပေါ်မှ ဝိုင်းဝိုင်းစက်စက်လက်ရေးကလေးတွေက ကျွန်မ အလွတ်ရနေသည့် ကို့လက်ရေးကလေးတွေ။

စိတ်လှုပ်ရှားစွာဖြင့် ဗူးကလေးကို ဖွင့်ကြည့်လိုက်တော့ “ကျွန်မနာမည်ကို လှပပြီး ရောင်စုံကျောက်ကလေးများနှင့် စီခြယ်ထားသည့် အင်္ဂလိပ်စကားလုံးလေးများဖြင့် ပုံဖော်ပေးထားသော Bookmarkလေးတစ်ခု။ နာမည်လေး အဆုံးတွင် ချိတ်ဆွဲထားသည့် ခရမ်းရောင် အသည်းပုံကျောက်ကလေးမှာလည်း လက်နေသည်မှာ တဖျတ်ဖျတ် ”

“ ဘယ်အချိန်တုန်းက သွားဝယ်လိုက်ကာ ဘယ်လိုများ ပို့ပေးလာပါလိမ့်။ မနက်ပိုင်း ရုံးမတက်ဘဲနဲ့များ ဆိုင်မှာ သွားလုပ်လိုက်ပေးပြီး လာပို့ပေးလေသလား ”

ကျွန်မ ဘယ်လိုမှ မတွေးတတ်ခဲ့။ ထို့အပြင် အံ့သြဝမ်းသာမှုများကြောင့်ထင့်။ ကျွန်မလက်များက ကျွန်မကိုယ်တိုင် သတိမထားမိခင်မှာပင် ကို့ဆီ ဖုန်းခေါ်မိလျက်သား။

ဒူ ဒူ ဒူ  . . .

တစ်ချက်ချင်း မြည်နေသော ဖုန်းသံနှင့်အတူ ကျွန်မ ရင်ခုန်သံများက ထပ်တူကျနေခဲ့သည်။ ကိုကတော့ ဖုန်းလာ မကိုင်သေး။ ။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

30 comments:

THS said...

လှပတဲ့ အတွေးနဲ့ တိကျတဲ့ စကားလုံးတွေပေါင်းစပ်ထားတဲ့ ချစ်သူနှစ်ယောက်ရဲ့ ချစ်တတ်သူမို့ ကိုနှစ်သက်မိတယ် ။ ကိုယ်တန်ဖိုးထားတဲ့အရာအပေါ်
လူတို့ရဲ့ အတ္တကို မြင်မိတယ် ။ အချစ်က အဲဒီ အတ္တတွေကို ဖုံးလွမ်းပစ်လိုက်တယ်လို့ ခံစားရတယ် ။

ချစ်စံအိမ် said...

စာအရေးအသားကောင်းတဲ့မြတ်ရေ လာရောက်ဖတ်ခဲ့ပါတယ်ရှင်..

Aunty Tint said...

ချစ်တတ်သူမို့လည်း အရာရာကို သည်းခံခွင့်လွှတ်ရင်း နားလည်မှုလေးပေးနေတာ စကားလုံးလေးတွေနဲ့ ဖေါ်ညွှန်းသွားတယ် မြတ်ရေ။
သဘာဝကျတဲ့ ၀တ္ထုလေးအားပေးသွားတယ်နော်
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင်

witch83 said...

အချစ်နဲ့အတ္တ အားပြိုင်ထားတာလေးကို... တွေးထားတာလေးရော.. ရေးထားတာလေးရော.. တော်တော် ကောင်းပါတယ်။း)

Anonymous said...

ဆရာမရေ.. မဖတ်ရတာကြာသွားတော့ ဆရာမ လက်ရာလေးကို သတိရနေတာ။ အချစ်ဝတ္တုအသစ်ကလေးက ကောင်းလိုက်တာ ဆရာမရေ။

မသန်းသန်း

ထွန်းရန်နိုင် said...

မြတ်ရေ.. ပျောက်မယ့်ပျောက်တော့လည်း အကြာကြီးကို ပျောက်သွားခဲ့တာပဲ။ မဖတ်ရတာကြာသွားလို့ထင်ပါတယ် မြတ်လက်ရာလေးက ကောင်းလိုက်တာ။ ပြီးတော့ မိုင်တိုင်၂၀ထဲမှာလည်း မြတ်ဝတ္တုလေးကို တွေ့လိုက်ပါတယ်။ ကွန်ဂရက်ကျူလေးရှင်းပါ မြတ်။

Anonymous said...

စာအရေးကောင်းလို့ဖြစ်မယ် အဲဒီထဲက လူကိုမုန်းလိုက်တာမှ။ အပြင်က တကယ့်အဖြစ်အပျက်မဟုတ်ပါဘူး နော်။ ဟုတ်တယ်မလား။ တကယ်ပြောတာ ရည်းစားဘ၀မှာတောင် အဲလောက်နိုင်စားနေရင် ယူပြီးရင်မလွယ်ဘူး။ ဒို့သူငယ်ချင်းတစ်ယောက်လဲ အဲလိုကြုံဖူးတယ်။ ယူပြီးတော့ စိတ်ဆင်းရဲလိုက်ရတာ။ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော ယူပြီးရင်ကျတော့ ကိုယ်ကအမြဲလျော့ပေးနေရတာ စိတ်ညစ်ဖို့ကောင်းလာရော။

စံပယ်ချို said...

မြတ်ရေ
သူတို့အချစ်တွေက အတ္တတွေအပြိုင်ကျဲနေကျသလိုပါပဲဘယ်သူမဆို ကိုယ်တန်ဖိုးတဲ့အရာကိုတော့ သေချာသိမ်းကြမှာပဲလေ
မတော်တဆ ဆိုတဲ့စကားကလဲရှိနေသေးတာပဲနော်
ဘာပဲပြောပြော မြတ်ရဲ့စာက ဖတ်တဲ့သူကိုဆွဲဆောင်နိုင်တော့ အားပြိုင်ထားတာကိုလဲ ဖတ်ကောင်းနေတယ်
မတွေ့တာကြာပေမယ့်လဲ တသ်တရရှိနေပါတယ်မြတ်ရေ

Anonymous said...

မမြတ်ရေ..မတွေ့တာကြာပေါ့နော်.. ကြည်ကြည်နူးနူး လေးခံစားသွားရတယ်နော် :)

Zayar said...

ဘယ်တော့ အသစ်တင်မလဲလို့ မကြာမကြာ လာလာကြည့်မိတယ်။ အခုလို့ မျှော်ရကျိုးနပ်တဲ့ ဝတ္တုလေးကို ဖတ်လိုက်ရတာ အဖွဲ့အနွဲ့နဲ့ အရေးအသားတော်တဲ့ မြတ်ရဲ့ ဆွဲဆောင်မှုရှိတဲ့ စာရေးဟန်ကြောင့်ပါပဲ။ နောက်ထပ်လည်း အသစ်တွေကို မကြာမကြာ ထုဆစ်နိုင်ပါစေ။

ရဲလင်းမြတ် said...

လှပတဲ့အချစ်ဝတ္တုကလေးပါပဲလား ပန်းနွယ်ရေ။ I really love this one and hope to read something like this more and more.

အလွမ်းမြို့ said...

မြတ်ရေ

မရောက်တာကြာပေါ့.ဒီနေ့လေးတော့ ရောက်ခဲ့တယ်.
အားပေးနေတယ်။ ဝတ္တုတိုလေးဆိုပေမဲ့ စိတ်ဝင်စားမှု့
အပြည့်ရှိခဲ့ပါတယ်။


ချစ်ခြင်းအားဖြင့်
အလွမ်းမြို့

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ချစ်စရာကောင်းလိုက်တာ .. ကြည်နူးစရာအဆုံးသတ်လေးပဲ

ကြောင်အော် said...

အချစ်ဝတ္တုကလေးက ကောင်းလိုက်တာ။ နင့်ကိုယ်တွေ့တော့ မဖြစ်နိုင်ဘူး။ ဘယ်သူ့အကြောင်းကို ဝတ္တုရေးလိုက်တာလဲ မှန်မှန်ပြောစမ်း။

သူရိန် said...

မရောက်တာကြာလို့ သတိတရနဲ့ ရောက်ခဲ့ပြန်တယ် မြတ်ရေ။ အသစ်မတင်တာ ကြာသွားပေမယ့် တင်မယ့်တင်တော့လည်း စောင့်မျှော်ရကျိုးနပ်ပါတယ်။ အချစ်ဝတ္တုကလေးက အရမ်းကိုကောင်းတယ်။ ကျွန်တော် အမြဲအားပေးပါတယ်။

Anonymous said...

That's lovely. :)
I did not like the character of "Ko" when the girl lost the bookmark. Such an understandable mistake.

I then could understand his act when you explain how he felt expressing about the photos he likes.

Well done, lady. :)

Yours sincerely,
TnT

Anonymous said...

hinn hinn

:)
TnT

အာဆင်နယ် said...

မြတ်ရဲ့ စာတွေမဖတ်ရတာကြာလို့ စောင့်နေတာ။ စာရေးတာ အရမ်းကောင်းလာတယ်။ ဆက်ရေးနော်။ အားပေးနေတယ်။

ချိုမြင့် said...

ညီမရေ ဖတ်ပြီး ၇င်ထဲမှာ တမျိုးလေးခံစားရတယ်။ လူကြီးတွေ ပြောတဲ့ သူချစ်ကိုသာ ရှာပါဆိုတာလေး သတိသွားယမိတယ်.. ပိုချစ်တဲ့သူက အမြဲ ပိုအရှုံးပေးရတတ်တာပါပဲလေ။

မိုးနတ်ကြယ်စင် said...

မ ရေ....ဟိုနေ့က စတင်တာတွေ့ကတည်းက
လာဖတ်ချင်နေခဲ့တာ...၀တ္ထုတိုဆိုပေမဲ့
နဲနဲရှည်တော့ (ကဗျာစာရင်ပြောတယ်လေ)
အဲဒါကြောင့် ခုမှ သေချာလာဖတ်ခဲ့ရတာ....
မ ရဲ့အရေးအသားတွေကတော့ အမြဲလိုလို
ကောင်းနေမြဲပါပဲလား...မ ကဗျာတွေပဲဖတ်ဖတ်
မ ၀တ္ထုတွေပဲဖတ်ဖတ် သိပ်မွေ့ညင်သာလှပစွာထုဆစ်
ထားမှုနဲ့ သေသပ်ကျနမှုတွေက တနင့်တပိုးရယ်..
ညလေး အမြဲအားကျရတဲ့ မ ရဲ့ကောင်းမြတ်တဲ့
အရည်အချင်းတွေပါပဲ.....ဇာတ်သိမ်းလေးက
ရင်ခုန်ချင်စရာ...ရိုးရိုးကြီးမဟုတ်ပဲ တစ်မျိုးလေး
ဆန်းပြီး လှလှပပလေး ဇာတ်သိမ်းပေးထားတာ
အတော်ပဲ နှစ်သက်မိတယ်.....:)))
ဆက်လက်ထုဆစ်နိုင်ပါစေ ချစ်မရေ....
ကောင်းသောညပါရှင်.....
မ က တခါတခါပျောက်သွားရင်လဲ အကြာကြီးးးးးးး
ပြန်ပေါ်လာတော့လဲ ကောင်းမွန်တဲ့ ရသတွေကို
ယူလာပေးလို့ လာစားရကျိုးနပ်ပါတယ်ရှင်...:)
ဒါပေသိ အကြာကြီး ပျောက်ပျောက်သွားတတ်တဲ့
တခါတခါတွေမှာတော့ မ ကို မကြာမကြာ
့လွမ်းမိသားရှင် :(

Angelhlaing(May everybody be happy and healthy! said...

ကြည်နူးစရာ ချစ်ခြင်းတွေနဲ့ပါလား မြတ်.... :)
အားပေးလျှက်ပါမြတ်ရေ..

UK said...

Hi Thamee,

This is lovely and cute. Your writing style is awesome.

Congratulation for your first publishing novel.

Keep it up and all the best to you.

မြသွေးနီ said...

အမှတ်တရလက်ဆောင်လေးတွေက တန်ဘိုးမရှိပေမယ့် ချစ်သူတွေကြားမှာ အမြဲတမ်းသက်ဝင်ရင်ခုန်စေတဲ့ သင်္ကေတလေးတွေ ဖြစ်စေတယ်။ နှစ်သက်စရာ ချစ်စရာ ၀တ္တုလေးပါ ညီမရေ..

သက်ဆု said...

တစ်ခါမှ comment မပေးခဲ့ပေမယ့် ဒီတစ်ခေါက်တော့ ပေးခဲ့ပါတယ် ...
အချစ်နဲ့ အတ္တလွန်ဆွဲပွဲမှာ အချစ်ကအနိုင်ရရှိသွားတာပေါ့နော်... ဟုတ်ကဲ့
နောက်လည်း အားပေးနေမှာပါရှင့်....

မိုးညချမ်း said...

မမရေ ... နှစ်လိုဖွယ်ရာဝတ္ထုလေးကို လာအားပေးသွားပါတယ်နော် ... :)

Anonymous said...

မရောက်တာကြာတော့ မြတ်ပန်းနွယ် တစ်ယောက် စာဖတ်ပရိတ်သတ်ကို မေ့နေပြီထင်ပ။

ငြိမ်းစိုးဦး said...

လှပတဲ့ ၀တ္ထုလို့ပဲ ဆိုပါရစေ ...

ရာဇာထွေး said...

ဝတ္ထုကောင်းလေးပါ အမမြတ်ရေ...
ချစ်သူတွေကြားမှာ ဖြစ်တတ်တဲ့နားလည်မှု လွဲမျိုးလေးတွေပါ...
ဇာတ်ကောင် နှစ်ယောက်စလုံးချစ်တတ်တဲ့သူတွေဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက်(ဖြေရှင်းလိုရတဲ့)ပြဿနာတစ် ခုအပေါ်မှာ အတ္တနဲ့အခြေခံပြီး အားပြိုင်ကြတာကိုပေါ်လွင်အောင်ရေးပြထားတာ အသက်ဝင်လှပါတယ် ခင်ဗျာ...


ခင်မင်စွာဖြင့်
ရာဇာထွေး

Anonymous said...

ဝတ္တုကလေးက အရမ်းချစ်ဖို့ကောင်းပါတယ် မမမြတ်။ကျွန်တော်အရမ်းကြိုက်တယ်။

Ye Lin Myat said...

Lovely Storyပါ မပန်းနွယ်။ နှစ်သက်စွာနဲ့ ကျွန်တော် ဖတ်သွားခဲ့ပါတယ်။