Monday 31 December 2012

With Me Always


မောင် ..

ဝေးနေဆဲနေ့ရက်လေးတွေမှာ နှလုံးသည်းပျက်ကြွေ၊ ပြီးတော့ မျက်ရည်လေးတွေလည်း နှင်းမြူတွေနဲ့အပြိုင် ဝေနေရတယ်။ အလွမ်းငွေ့လေးတွေ ထုထည်သိပ်သည်းမှုများလာတော့ ဝိုးတဝါးအိပ်မက်တွေနဲ့ မေ့ရင်ထဲက ရာသီဥတုလေးဟာ မှုန်မှုန်သုန်သုန်ရယ်။

အတူရှိနေမှ ပျော်ရွှင်တတ်အောင်၊ အတူမရှိနေချိန်မှာ လွမ်းမောတသစိတ်တွေနဲ့ ပြန်ဆုံကြမယ့်ရက်ကလေးတွေကို လက်ချိုးရေပြီး ရင်လှိုက်မောတတ်အောင် မောင် ပြုစားခဲ့တယ်။ သိနားလည်ဆင်ခြင်တတ်တဲ့ စိတ်ကိုရော၊ ခံစားချက်တွေမွေးဖွားရာ နှလုံးသားကိုပါ မောင်က မှိုင်းတိုက်ခဲ့ပြီးသားဖြစ်လို့ လွမ်းစိတ်တွေနဲ့ အားငယ်မိတဲ့အခါတိုင်း ပါးပြင်ထက်မှာ ပုလဲငွေဥတွေ မစုစေပါပဲ တိတ်တခိုးလေးသာ ရင်ထဲမှာ အခါခါ ငိုကြွေးမိတတ်ခဲ့ရတယ်။ မေ့ရင်ထဲမှာ စီးဆင်းနေတဲ့ မျက်ရည်မြစ်ငယ်လေးတစ်စင်းက တသွင်သွင်ပါပဲကွယ်။



အတူတူရှိနေမယ်ဆို .. ငြိမ်းချမ်းသာယာနာပျော်ဖွယ်ရာကောင်းလှတဲ့ ပင်လယ်ကြီးရဲ့ အသက်တစ်ဖန် ပြန်လည်ရှုရှိုက်သံကို မောင် ကြားနိုင်မယ်။ မိုးရေစက်ကလေးတွေဟာ မေ့ခန္ဓာထက် နေရာလပ်မကျန်အောင် အငမ်းမရ နမ်းရှိုက်ကျီစယ်ကြတဲ့အခါ ရင်ထဲမှာ ဖူးငုံနေတဲ့ ပန်းခင်းကြီးတစ်ခုလုံး ဝေဝေဆာဆာ ပွင့်လန်းလာတာ မောင်မြင်ရမယ်။ အဲဒီနောက် ပင်လယ်လေပြေတိုးဝှေ့တဲ့အခါ အလိုက်သင့် ယိမ်းနွဲ့လှုပ်ရှားကခုန်နေမယ့် ပန်းကလေးတွေရဲ့ ရယ်သံလွင်လွင်လေးတွေဟာ မောင့်ရင်ခွင်ဦးထက်မှာ ပျံ့လွင့်လို့နေဦးမယ်။ သိပ်ကိုလှပသာယာနေမယ့် ကြည်ကြည်စင်စင် နေ့ကလေးတွေပါပဲ မောင်ရယ်။ မြင်ယောင်ခံစားကြည့်လှည့်ပါကွယ်။

အတူတူရှိနေတဲ့အခါ အချစ်တွေဟာ အချစ်တွေကို ထပ်တိုးဆင့်ပွားစေဦးမှာမို့ စက္ကန့်အသစ်တစ်ခုစီတိုင်းမှာ အသစ်အသစ်ဖြစ်လာတဲ့ အချစ်သစ်တွေနဲ့ ကမ္ဘာလောကကြီးကို အလှဆင်ထွန်းညှိနိုင်ကြမယ်။ ပျိုးပျိုးပျက်ပျက် လင်းလက်နေကြတဲ့ ကြယ်ကလေးတွေနဲ့အပြိုင် တလက်လက်တောက်ပနေမယ့် အချစ်ရည်ရွှန်းရွှန်းလဲ့လဲ့ မျက်ဝန်းလေးနှစ်စုံဟာ လိပ်ပြာငယ်ကလေးတွေလို တူယှဉ်တွဲလို့ အတောင်ပံတွေ တဖျတ်ဖျတ်ခတ်ရင်း ညခင်းကို တေးဆိုသိပ်နိုင်မယ်။ ပြီးတော့ ချစ်ကြည်နူးနေတဲ့ ချစ်သူနှစ်ဦးကိုကြည့်ပြီး ရှက်ပြုံးလေးပြုံးရင်း အလင်းဖြာနေရရှာမယ့် လမင်းရဲ့ အေးမြတဲ့ထွေးပွေ့မှုအောက်မှာ ချစ်အနမ်းတွေဝေဖြာရအောင် နှစ်သစ်မှာ မောင်ပြန်လာပါကွယ်။

အမြဲအတူရှိနေပေးပါ မောင်ရယ် .. ။ ။




(ရည်ရွယ်သူနှင့်အတူ ဘလော့မှမိတ်ဆွေများအားလုံး ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။ နှစ်သစ်ရဲ့ နေ့ရက်သစ်ကလေးတွေတိုင်းမှာ စိတ်ချမ်းသာယာခြင်းအပေါင်းနှင့်ပြည့်စုံပြီး ဆန္ဒနဲ့ထပ်တူကျစွာ ဘဝနေ့ရက်များကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ )


လေးစားစွာဖြင့်
မြတ်ပန်းနွယ်

26 comments:

Aunty Tint said...

နှစ်သစ် တောင်းဆုလေးအတိုင်း တစ်လုံးတစ်ဝတည်း ပြည့်ပါစေ မြတ်ပန်းနွယ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

မမြတ်ရေ .. မင်္ဂလာနှစ်သစ်လေးပါလို့ .. နှုတ်ခွန်း ဆက်သသွားခဲ့ပါတယ်နော် .. :)

ရဲလင်းမြတ် said...

ချစ်စဖွယ် လွမ်းချင်းကလေးကို ဖတ်သွားခဲ့ပြီနော်..။

Anonymous said...

မြတ်ပန်းနွယ် ဒီလိုမျိုးရေးတာမျိုးကို ကျွန်တော် တော်တော်သဘောကျတယ်။

ကြည်ဖြူခင်ခင် said...

ပေးတဲ့ဆုနဲ့ပြည့်စုံပါစေ.. မမမြတ်ရေ.. ဘာဖြစ်ဖြစ်.. ကံကြမ္မာအဆိုးတွေကို ချန်ထားခဲ့ရပြီးတဲ့နှစ်ဟောင်းကနေ စွန့်ခွာပြီးတော့ ဒီနှစ်သစ်ကစလို့ ကံကောင်းခြင်းအညွန့်အသစ်တွေကို ဆွတ်ယူနိုင်ပါစေလို့ ဆုမွန်လွှာပို့ပေးခဲ့ပါတယ်..။

Zayar said...

Each sentence is filled with tender and gentle thoughts. Love this!

ခရစ္စတလ် said...

ကိုရီးယားလေးကို အရမ်းကြိုက်တာ။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနဲ့ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

3rdthameetaw said...

နှစ်သစ်ကူးတဲ့နေ့ ရက်လေးမှာ
ချစ်သူ ကို တမ်းတ တဲ့ ရင်တွင်းဖြစ်လေး
နားလည်ခံစားပေးခဲ့ပါတယ် မြတ်ရယ်
မြတ် လည်း ပျော်ရွှင်ခြင်းချမ်းမြေ့ခြင်းတွေ
ပိုင်ဆိုင်နိုင်ပါစေလို့ 
ဆုတောင်းခဲ့ပါတယ်နော်

ထွန်းရန်နိုင် said...

စကားလုံးလေးတွေ အရေးအဖွဲ့လေးတွေက နူးညံ့လိုက်တာ မြတ်ရယ်။ မြတ်ရဲ့ရည်ရွယ်သူတော့ ဒီစာလေးတွေ ဖတ်မိရင် ပြုံးပျော်ကျေနပ်နေတော့မယ်။

သူကြီးမင်း (တုံးဖလား) said...

ဟိုလူကတော့ မသိဘူး။
သူကြီးမင်းကတော့ ဒီစာဖတ်ရတာနဲ့တင် ဟိုလွမ်းသလိုဒီလွမ်းသလို ဖြစ်နေပြီ။း)

Anonymous said...

နူးညံ့လွန်းတယ်။

မိုးသူ(တောင်ကြီး) said...

စကားလုံးနူးနူးညံ့ညံ့လေးတွေကြားထဲမှာ
မျောသွားတယ် မမမြတ်ရေ
မင်္ဂလာရှိသောနှစ်သစ်လေးမှာ
ပျော်ရွှင်ပါစေခင်ဗျာ

ခင်တဲ့
မိုးသူ(တောင်ကြီး)

Anonymous said...

အစ်မမြတ်ရေ...
ကျွန်တော့်ဘလော့ဆီ အားတိုင်း အလည်လာပေးတဲ့အတွက် ၀မ်းသာမိကြောင်းပါ...
ဒီပို့ စ်ကို ဖတ်လို့ ရပေမယ့် တခြားပို့ စ်ကိုတော့ ဖတ်လို့ မရဘူးရယ်...
အစ်မလည်း နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့  ဆုတောင်းရင်း...
Htaw Oo
http://htawoo.blogspot.com

သူရိန် said...

အဖွဲ့အနွဲ့လေးတွေက လှလိုက်တာ။

ဆုတောင်းလေးအတိုင်း တောင်းပေးသူကော ကျွန်တော်ပါ ပြည့်ပါရစေ။

ခင်မင်းဇော် said...

ညီမမှာ ဘလော့ရှိတာ မသိဘူး ။ ခုမှ လာဖတ်မိတာ။ စာရေး ကောင်းလိုက်တာ။ အသိနောက်ကျခဲ့တယ်။ ဟိုတုန်းက အမ ဘလော့မှာ ကောမန့်ရေးရင် ဘလော့အကောင့်နဲ့ မရေးခဲ့ဘူးနော်။ ဒါ့ကြောင့် အမ မသိတာဖြစ်မယ်။

Angelhlaing(May everybody be happy and healthy! said...

လွမ်းသွားပြီ လျော်ပေးရမယ် မြတ်...:)
မင်္ဂလာ နှစ်သစ်မှာ ကျန်းမာ ရွင်လန်း အောင်မြင်ခြင်း တို့ဖြင့် ဝေဝေဆာဆာ လန်းဆန်းပါစေလို့ ဆန္ဒပြုလျှက်ပါ ..မြတ်...
ချစ်ခြင်းများစွာဖြင့်
လှိုင်

Yoemyaykya said...

အစ်မမြတ်နှစ်သစ်မှာပျော်ရွှင်ပါစေ။ အဆင်ပြေမှုများစွာနဲ့ပဲ ကြုံတွေ့ရပါစေ။

Yoemyaykya said...

အစ်မမြတ်နှစ်သစ်မှာပျော်ရွှင်ပါစေ။ အဆင်ပြေမှုများစွာနဲ့ပဲ ကြုံတွေ့ရပါစေ။

မိုးနတ်ကြယ်စင် said...

မရေ..ရေးထားတာလေးက လှပပြီး နူးညံ့လိုက်တာနော်...
ညလေးတောင် ငုတ်တုတ်မေ့သွားတယ်.
တကယ်တော်တဲ့မပဲ..သတိရနေပါတယ်မ
မတွေ့တာလဲ ကြာပေါ့..ညလေးဆီအမြဲလာ
လည်တဲ့အတွက်လဲ ကျေုးကျေးပါ...
နှစ်သစ်မှာပျော်ပါစေမရယ်....:)
ချစ်တဲ့.....မိုးနတ်

Anonymous said...

အစ်မရေ. . .မရောက်တာလဲ ကြာသွားပြီဗျာ။ အလုပ်တွေနဲ့ ရှုပ်ယှက်ခတ်နေတာမို့ မရောက်ဖြစ်တာကို ခွင့်လွှတ်ပါ။ ရောက်ရောက်ချင်း အချစ်ရနံ့တွေ ထုံမွှမ်းနေတဲ့ စာလေးတစ်ပုဒ်ဖတ်ခွင့်ရလိုက်လို့လည်း ကျေးဇူးတင်ရကြောင်းပါ။

စံပယ်ချို said...

ချစ်ခြင်းတွေပြည့်နေတဲ့ လွမ်းခြင်းလေးပေါ့နော်
တကယ်ကို နူးညံ့စွာနဲ့ အချစ်တွေခံးစားခဲ့ရတယ်
မြတ်ရေ-----------နေမကောင်းနေလို့အရောက်နောက်ကျတာနော်

အိပ်မက်ကောင်းကင် said...

အလည်လာရင်း စာလေးတွေကိုဖတ်သွားတယ်နော်
မမ မြတ်ပန်းနွယ် ရေးသားထားတာလေးတွေက အတုယူစရာကောင်းလှပါတယ်
မမမြတ်ပန်းနွယ်လည်း နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့
ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

Arsenal said...

အချစ်တွေက အချစ်တွေကို တိုးပွားစေမှာပါ။ မြတ်နဲ့ ရည်ရွယ်သူ အမြန်ဆုံး အတူရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

လွင်ပြင်လှိုင်းငယ် said...

လွမ်းစရာကဗျာကောင်းလေးပါပဲ ။အလုပ်တွေများနေလို့
အခုမှရောက်ပြီးစာကြွေးတွေရှင်းသွားပါတယ် ။

Anonymous said...

စိတ်ကူကို ခပ်နက်နက်လေး တူးပစ်ထားတာပါလား အစ်မကြီးရေ.....။
ပေးသောဆုကိုတော့ ရ ရပါလို၏ လို့ပဲ ထပ်လောင်းပြုခဲ့ပါတယ်ဗျာ။

အစ်မရဲ့ ရည်ရွယ်သူလည်း အစ်မပေးသာဆုကို
ရပါစေဗျာ။


( မင်းဧရာ )

ဆူးသစ် said...

နှလုံးသားကခံစားပြီးရေးဖွဲ့ထားတဲ့ခံစားမှုတွေကိုလာရောက်ခံစားဖတ်ရှုသွားပါတယ်ခင်ဗျာ။အဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်။လောကမှာဖြစ်ချင်တာတွေဖြစ်မလာသေးခင်ကျိတ်မှိတ်သည်းခံရတဲ့ဒုက္ခဆိုတာတော်တော်ပင်ပန်းသလိုတော်တော်ခက်ခဲပါတယ်။တစ်ချိန်တော့အဆင်ပြေသွားမှာပါဗျာ။