Saturday 10 November 2012

မိုးမြင့်ထက်တွင် ပျံသန်းခြင်း


ဒီမနက်ခင်းလောက် မမကြီးတို့ရဲ့ ပန်းကန်တွေကို ဆေးပေးချင်တာမျိုး မဖြစ်ဖူးသေးဘူး။ စက်ရုံအပေါက်နဲ့ ဆက်နေတဲ့ တိုက်တံခါးဖွင့်ကတည်းက ပန်းကန်ခေါ်ဆေးခိုင်းမယ့် အသံကို စောင့်နေရတာ။ ဆောင်းတွင်းမနက်ခင်းကြီးမှာ ရေအေးတွေကိုင်ပြီး ပန်းကန်ဆေးပေးနေချင်တယ် ဆိုတာ လူကြားရင် ရယ်ချင်စရာကြီးနော်။

အခါတိုင်းဆို ဒီလိုအချိန်မျိုးရောက်ရင် ချည်ခင် လက်ကျန်တွေကိုပဲ ရေတွက်နေသလိုလို၊ အထည်ကွင်းတွေပဲ စစ်နေသလိုလိုနဲ့ အလုပ်များနေဟန် ဆောင်ရတာ အမော။ ဘေးမှာထိုင်နေတဲ့ မပို နဲ့အပြိုင် မသိမသာ ကပ်တွက်ရင်း နောက်ဆုံး သူ လုံးဝ မထတာ သေချာမှ ဝင်းခိုင်က ထတာ။ အေးခိုင် နဲ့တော့ မကပ်တွက်ပါဘူး။ သူက ညီမပဲ။ ဒါကြောင့် မပို အလုပ်မဆင်းတဲ့ရက်တွေမှာ မမကြီးက ပန်းကန်းဆေးခိုင်းရင်တော့ ဝင်းခိုင်ပဲ သွက်သွက်လက်လက် ထဆေးပေးလိုက်တယ်။ တစ်ညလုံး အလုပ်ဆင်းထားရလို့ ပင်ပန်းနေတာချင်းအတူတူ အေးခိုင် နားပါစေတော့။ သူက ဝင်းခိုင်ထက် ၃နှစ်တောင် ငယ်တာကိုး။

ဒီမနက်ကတော့ အရင်နေ့တွေလို မဟုတ်ဘူး။ ဖင်ပေါ့ပေါ့နဲ့ ပန်းကန်းထဆေးပေးပြီး မျက်နှာလုပ်စရာက ရှိနေတယ်။ မပို လည်း ဒီအသံကို စောင့်နေတယ် ဆိုတာ သိသာတယ်။ ကြည့်ပါလား။ သူ့ လက်ကျန်ချည်တွေကို ချည်ချခုံနားမှာ ယူစရာရှိနေတာတောင် သွား မယူသေးဘဲနဲ့  ဒီအပေါက်ဝနားမှာ ပေထိုင်ပြီး ဝင်းခိုင်တို့နဲ့အပြိုင် ချည်အရှုပ်တွေ ရှင်းချင်ယောင်ဆောင်နေတာ။ မနေ့က မမကြီးပြောထားတဲ့ ကိစ္စကြောင့် သူလည်း မမကြီးကို ဖားဖို့ ချောင်းနေတာနေမှာပေါ့။ ဒါကြောင့် မမကြီး ခေါ်ခိုင်းမယ့်အသံကို ဝင်းခိုင်က မပို နဲ့အပြိုင် နားစွင့်နေရတာ။


*   *   *

“ တစ်ယောက်ယောက် ပန်းကန်းဝင်ဆေးပေးပါဦး ဟေ့။ ပြီးရင် တိုက်ရှေ့ကိုလည်း တစ်ယောက်လှည်းပေးဦး။ ညတုန်းက လေတိုက်တယ် ထင်တယ်။ တိုက်ရှေ့မှာ သစ်ရွက်တွေချည်းပဲ ”

မျှော်နေတုန်းမှာပဲ မမကြီးက စာရင်းစာအုပ်တွေပိုက်လို့ စက်ရုံထဲကို ဝင်လာတယ်။  ရေမိုးချိုးပြီးလို့ သနပ်ခါး အဖွေးသား လူးထားတဲ့ မမကြီးက ရိပ်ပန်းစ မိုးပြာရောင် အကျီပွပွကို အပြာရင့်ရောင် ဒါးကြီးပါတိတ်နဲ့ တွဲဝတ်ထားတယ်။ ဘယ်အချိန်ကြည့်ကြည့် ပါတိတ်ရောင်စုံကို သူ့ခါးကချတယ်လို့ မရှိဘူး။ ပေါများလိုက်တာများ အဆင်စုံ၊ အသွေးစုံပဲ။ ဝင်းခိုင်တို့တောင် မမကြီးဆင်ထားတဲ့ အကျထည်တွေနဲ့ လူမွှေးလူတောင် ပြောင်ရသေးတယ် မဟုတ်လား။

မမကြီး အသံဆုံးဆုံးချင်း ဝင်းခိုင်က တိုက်ထဲကို လှစ်ခနဲ ပြေးဝင်သွားပြီး အေးခိုင်က ဘေးနားက တံမြက်စည်းကို ကောက်ဆွဲတယ်။ ဒီလိုတော့လည်း အေးခိုင်က အပါးပဲ။ ညတုန်းက မမှာမိလိုက်လို့ အလိုက်မှ သိပါ့မလားဆိုပြီး ရင်ပူနေရတာ။ အစောနတုန်းက ခပ်တိုးတိုး ကျိတ်မှာချင်တာတောင် မပို က ဘေးနားကမခွာ ဖြစ်နေတာမို့ ပြောခွင့်မသာလိုက်ဘူးလေ။ အခုတော်သေးတာပေါ့။ မပို ကတော့ စက်တပ်ထားသလို သွက်နေတဲ့ ဝင်းခိုင်တို့ ညီအစ်မကို ကြည့်ပြီး စိတ်အပျက်ကြီး ပျက်နေတော့မှာ။

ဘာပဲဖြစ်ဖြစ် ဝင်းခိုင်တို့က မပို ထက် အလုပ်ပိုကြိုးစားတယ်ဆိုတာ  မမကြီး သိပြီးသားပါ။

 “ညည်းတို့တွေ အလုပ်ကြိုးစားတာလည်း ကြိုးစား၊ မပို လိုလည်း သွက်သွက်လက်လက်လေးနေ။ မပိုဆို ညည်းတို့ညီအစ်မလောက် အလုပ်မကြိုးစားပေမယ့် သွက်လိုက်တာ၊ လည်လိုက်တာမှ တအား။”

ဝင်းခိုင်နဲ့အေးခိုင် နှစ်ယောက်တည်း ရှိချိန်မှာ မမကြီး ပြောခဲ့တဲ့ စကားတွေလေ။

*   *   *

ပန်းကန်ဆေးကန်ထဲမှာ ပုံအောနေတဲ့ ဆေးရမယ့် ပန်းကန်ခွက်ယောက်တွေကို မြင်တော့ ဝင်းခိုင် ပခုံးလေး ကျုံ့သွားမိတယ်။ ဆေးရမယ့် ပန်းကန်တွေက များတာကိုး။ ဟင်းအိုးကချည်း သုံးလုံး။ ဒါအပြင့် ချိုးအမည်းတွေ ကပ်နေတဲ့ ဆီကြော်အိုးတစ်လုံးလည်း ပါသေးတယ်။ ပင်ပန်းရချည်ရဲ့လို့ ညည်းညူစိတ်ပျက်မနေဘဲ ဆပ်ပြာအဆီဗူးကို ခပ်သွက်သွက် လှမ်းကိုင်လိုက်တယ်။
ဆီကြော်အိုးထဲကို ဆပ်ပြာအဆီနည်းနည်းထည့်၊ ရေနည်းနည်းထည့်ပြီး ဘေးခဏဖယ်ထားလိုက်တယ်။ ချိုးကပ်နေတာတွေကို ရေနူးထားလိုက်မှ ခဏနေလို့ ဆေးရင်  လွယ်ကူမှာကိုး။ ဟင်းအိုးထဲမှာ ရှိနေတဲ့ ဟင်းအကျန်တွေကိုတော့ ခပ်လှမ်းလှမ်းက ဝက်စာအိုးထဲ သွားထည့်ထားလိုက်တယ်။ ဒီဝက်စာတွေကို ခဏနေရင် အဖေက လာယူတော့မှာ။

*   *   *

အဖေ့မှာ ဝက်နှစ်ကောင် ရှိတယ်။ တကယ်တော့ ငွေပိုငွေလျှံလေးတွေ စုမိအောင်ဆိုပြီး အဲဒီဝက်နှစ်ကောင်ကို ဝယ်မွေးထားခဲ့တာ။ အဖေစိတ်ကူးပုံက “ဝက်ကလေး နှစ်ကောင်မွေးမယ်။ အထီးတစ်ကောင် အမတစ်ကောင်။ အမက ဇီးရှိရင် ဝက်ကလေးတွေ ထပ်ပွားဦးမယ်။ အထီးကိုတော့ ပေါ်ချိန်ရောက်ပြီဆိုရင် ရောင်းပစ်လိုက်မယ်။ အဲကရတဲ့ ငွေနဲ့ နောက်ထပ်နှစ်ကောင်ထပ်မွေး။ အဲသည်လိုမျိုး ရောင်းလိုက်၊ ပြန်ဝယ်လိုက်နဲ့ ဝက်မွေးမြူရေးလေးတစ်ခုများ ဖြစ်လာလေမလား ” တဲ့။

တကယ်တမ်းကျတော့ အမကလည်း ဇီးမကျ၊ အထီးကိုလည်း ပေါ်ချိန်ရောက်တော့ သံယောဇဉ်က ဖြစ်နေပြီး မရောင်းရက်။ အဲသည်လိုနဲ့ အဖေ့ဝက်နှစ်ကောင်က အိမ်မှာသောင်တင်သွားပါလေရော။ လူတွေတောင် တစ်နပ်ပြီးတစ်နပ် အူစိုအောင် အလျှင်မှီ စားနိုင်သောက်နိုင်ဖို့ အငယ်ဆုံးလေးနှစ်ယောက်ကလွဲပြီး ကျန်တဲ့ မိသားစုဝင်တွေ အကုန်လုံး အလုပ်ထွက်လုပ်ကြရတာ မဟုတ်လား။ ဒီတော့ ဝက်တွေကို ဝက်စာသီးသန့် ဘယ်ဝယ်ကျွေးနိုင်ပါ့မလဲ။ မမကြီးတို့အိမ်က စားကြွင်းစားကျန်လေးတွေကိုပဲ ယူပြီး ကျွေးရတာပေါ့။  

ပြီးတော့ ကလေးနှစ်ယောက်မှာ တစ်ယောက်က ငါးတန်း၊ တစ်ယောက်က သုံးတန်းပဲ ရှိသေးတယ်။ဆယ်တန်းကျောင်းသား မောင်လေးကလည်း အလုပ်နားထားတယ်။ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ဖို့ စာကို ဖိပြီးကြိုးစားရမယ်ဆိုပြီး အဖေက အလုပ်ပေးမလုပ်တော့တာ။ အဖေက သားသမီးတိုင်းကို သူတို့အစွမ်းရှိသလောက် အတန်းပညာ ဆုံးအောင် သင်စေချင်တဲ့သူမျိုးလေ။

“ဘွဲ့ရလို့ ပညာနဲ့ အလုပ်လုပ်စားလို့ ရတာ မရတာက တစ်က ၊ မင်းတို့အစွမ်းရှိသလောက် ပညာသင်ကြားပေးရမှာက ငါတို့ မိဘတာဝန်။ ငါတို့တုန်းကဆို ငါတို့ကလည်း ပညာရေး မလိုက်နိုင်ဘူး။ ငါတို့မိဘတွေကလည်း မထားနိုင်ပါဘူး။ မဖြစ်ဖြစ်အောင် ထားပေးရမယ်ဆိုတဲ့အသိမျိုးလည်း သူတို့တွေမှာ မရှိဘူး။ ဒါကြောင့် ငါဆို ဘုန်းကြီးကျောင်းထွက်၊ မင်းတို့အမေဆို သေစာရှင်စာပဲ တတ်တာ။ မင်းတို့မောင်နှမတွေကိုတော့ ငါတို့လို မဖြစ်စေချင်ဘူး။ စာလည်း ကြိုးစားသင်ယူ၊ တစ်ဖက်တစ်လမ်းကနေလည်း မိဘကို ဝိုင်းဝန်း ကူညီပြီး သိတတ်ကြ ”

သီတင်းကျွတ်လပြည့်ညတုန်းက အဖေပြောခဲ့တဲ့ စကားတွေကို အတိအကျ မှတ်မိနေသေးတယ်။ အဲဒီညတုန်းက စက်ရုံတွေ ပိတ်လို့ တစ်အိမ်လုံး ဘယ်သူမှ အလုပ်ဆင်းစရာ မလိုခဲ့ဘူး။ အိမ်ရှေ့က ဝါးကွပ်ပျစ်မှာ မိသားစုတတွေ ဝိုင်းဖွဲ့ထိုင်ပြီး အမေသုပ်ပေးတဲ့ လက်ဖက်သုပ်ဖွယ်ဖွယ်လေးကို  တစ်ယောက်တစ်လှည့် လက်ကမ်း စားနေကြတုန်းက အဖေ ပြောခဲ့တာ။ ရေနွေးကြမ်းလေးသောက်လိုက် လက်ဖက်လေး မြုံ့လိုက် လုပ်နေတဲ့ အမေကလည်း အဖေပြောတာကို ထောက်ခံနေလိုက်တာများ ခေါင်းလေးတစ်ငြိမ့်ငြိမ့်။

အဲဒီအချိန်တုန်းက ဝင်းခိုင်က သင်္ချာနဲ့ ဘွဲ့ရကာစ။ အေးခိုင်က စာရင်းကိုင် နောက်ဆုံးနှစ်။ ကျောင်းပြီးသွားတော့ မြို့တက်ပြီး လခစားအလုပ် တစ်ခုခုရှာမလား တွေးမိပေမယ့် အဆင်ပြေ မပြေဆိုတာက မသေချာ။ တကယ်လို့ အလုပ်ရခဲ့ရင်တောင် မြို့မှာ ကုန်ဦးမယ့် နေစားရိတ်၊ စား စားရိတ် အကုန်နှုတ်လိုက်ရင် လက်ထဲမှာ ပိုက်ဆံအပိုလည်း ကျန်မှာမဟုတ်တော့။ ငွေပိုငွေလျှံ မစုဆောင်းမိနိုင်မယ့် အတူတူ မြို့တက်ပြီး အလုပ်လုပ်ဖို့ အဖေက အားမပေးခဲ့ဘူး။ အဖေနဲ့အမေက ရသင့်ရထိုက်သလောက်လေးကို သမာအာဇီဝကျကျ ရှာဖွေစားသောက်ပြီး ရိုးဂုဏ်လေးနဲ့ တင့်တယ်ချင်တဲ့သူတွေ။

“ မြို့တက်ပြီး အလုပ်လုပ်ရင်း ဘဝပျက်သွားသူတွေ မိန်းကလေးတွေ တစ်ပုံကြီး။ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဘဲ သေချင်တဲ့ကျား တောပြောင်းသလို ဖြစ်နေဦးမယ်။ ညည်းအသက်လေး ၂၀သာသာရယ် ရှိသေးတယ်။ ရောက်ချင်တဲ့နေရာရောက် ဖြစ်ချင်တာဖြစ်ပါစေဆိုပြီး မလွှတ်လိုက်နိုင်ဘူး။ ငါတို့က ငွေသာ မရှိရင်နေမယ်။ အရှက်တရားနှင့် ဂုဏ်သိက္ခာတော့ ရှိချင်တယ်။ သည်မှာပဲ ခဏနေပြီး ယက်ကန်းရုံမှာပဲ အလုပ်လုပ်ပါဦးအေ။ ညည်းတို့မောင်နှမတတွေ ကောင်းစားဖို့အတွက် ငါတို့လင်မယားက အမြဲတွေးနေတာပါ ” လို့ အဲဒီညမှာပဲ အဖေက ပြောခဲ့သေးတယ်။

ဒါကြောင့်လည်း ဝင်းခိုင်တို့ ညီအစ်မက တက္ကသိုလ်ဘွဲ့ရ ယက်ကန်းသည်တွေ၊ အရပ်စကားနဲ့ဆို လက်လုပ်လက်စားတွေ ဖြစ်နေကြတာပေါ့။ ယက်ကန်းရုံတွေမှာ တစ်ည ကိုယ်အထည်ဘယ်နှကွင်း ရက်နိုင်လဲ ဆိုတာပေါ် မူတည်ပြီး တစ်ကွင်းချင်းဈေးနဲ့တွက်ပေးတယ်။ ပြီးတော့  ငါးရက်တစ်ခါ ပိုက်ဆံ ရှင်းပေးတယ်။ ကိုယ်လုပ်နိုင်သလောက် ကိုယ်ရတဲ့ လက်လုပ်လက်စား အစစ်ပေါ့။

ဝင်းခိုင်က တက္ကသိုလ်ဘွဲ့ရ ယက်ကန်းသည်တွေလို့ စိတ်နာနာနဲ့ ပြောတိုင်း အဖေက မျက်စောင်းကြီး တထိုးထိုး။

ဟိုတစ်ရက်တုန်းကလည်း ဆယ်တန်းကျောင်းသားမောင်လေးက “ စာတွေကျက်နေလည်း ဘာထူးလဲအဖေရာ။ ပြီးရင်လည်း ယက်ကန်းရုံမှာပဲ လုပ်ရမှာကို။ ဆယ်တန်းအောင်သွားရင် တက္ကသိုလ်တက်ဖို့ အဖေတို့ ပိုရှာရဦးမယ်။ ပိုပင်ပန်းမယ်။ ဒီတော့ သား ကျောင်းထွက်လိုက်တော့မယ် ” တဲ့။ မောင်လေး စကားလည်း ဆုံးရော အဖေက ဒေါသတွေ တရှုးရှုး ထွက်ပြီး အော်အော်ပြောနေတာများ တစ်ရပ်ကွက်လုံး ကြားလောက်ပါရဲ့။

“ ငါတို့ဘာသာ ဘယ်လောက်ပင်ပန်း ပင်ပန်း မင်းတို့ အရေးမဟုတ်ဘူး။ မင်းတို့ အရေးက စာကြိုးစားဖို့။ အတန်းပညာတွေ ဆုံးအောင် သင်ယူဖို့။ မိဘကို သိတတ်ချင်တယ်၊ လိမ္မာချင်တယ် ဆိုရင် စာကြိုးစား။ အပိုမသုံးနဲ့။ ကျောင်းပိတ်တဲ့အချိန် စက်ရုံမှာ အလုပ်လုပ်ကူ ”

မောင်လေးက အဖေ့ကို မော့ကြည့်ရင်း မျက်ရည်တွေ ဝိုင်းနေခဲ့တယ်။

 “ငါတို့တုန်းက ငါတို့မိဘတွေက သူရင်းဌားတွေ။ လယ်ကို အဌားထွန်ရတာ။ သေစာရှင်စာတောင် မတတ်ဘူး။ ငါတို့ကတော့ သေစာရှင်စာတတ်တယ်။ လယ်သူရင်းဌားတွေလည်း မဟုတ်ဘူး။ ငါဆို စက်ပြင်ဆရာ။ မင်းတို့အမေဆိုလည်း အပ်ပေါက်သည်။ ငါတို့မိဘတွေတုန်းက အခြေအနေထက်တော့ သာသေးတယ်။ ဒါပေမယ့် ငါတို့လည်း အတန်းပညာ မတတ်ဘူး။ ဒါကြောင့် မင်းတို့ကို အတန်းပညာတတ်အောင် သင်ပေးနေတာ”

အဖေက သူ့မိဘတွေတုန်းက အခြေအနေနဲ့ လက်ရှိ ဝင်းခိုင်တို့မိသားစု အခြေအနေကို ခိုင်းနှိုင်းပြခဲ့တယ်။

“ မိသားစုတစ်စုရဲ့ အဆင့်အတန်းမြင့်တက်လာဖို့ မိသားစုဝင်တိုင်းက ကြိုးစားရမှာ။ နိမ့်ကျနေတဲ့ ဘဝတွေကို အမြင့်ရောက်အောင် ဆွဲတင်ပေးနိုင်တာ ပညာပဲ။ ပညာဆိုတာ အမြင့်ရောက်အောင် ပျံသန်းဖို့အတွက် အတောင်ပံ ”

“ အခြေအနေအရ ဘွဲ့ရလည်း ဒီယက်ကန်းရုံတစ်ခုပဲ အလုပ်လုပ်စရာ ရှိတယ်ဆိုပေမယ့် တစ်သက်လုံး ဒီအတိုင်းချည်းဖြစ်နေမယ်လို့ မင်းတို့ကို ဘယ်သူပြောလဲ။ အခွင့်အလမ်းဆိုတာ အခြေအနေ အချိန်အခါနဲ့ လာမှာပဲ။ ဒီမိသားစုလေးရဲ့ အဆင့်အတန်းကို ဒီလိုနည်းနဲ့မှ မမြှင့်တင်ရင် ဘယ်လိုလုပ် မြင့်မားလာတော့မှာလဲ။ မျိုးဆက်တစ်ဆက်ထက် တစ်ဆက် သာအောင်၊ထူးချွန်အောင် ကြိုးစားကြမယ်ဆိုရင် တဖြည်းဖြည်း အမြင့်ကို ရောက်လာမှာ ကျိန်းသေပဲ ”

လက်သီးလက်မောင်းတန်းပြီး အားကုန် အော်ပြောနေတဲ့ အဖေ့ကိုကြည့်ရင်း မောင်လေးခမျာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျနေခဲ့တယ်။ အမေကလည်း မျက်ရည်လေးစမ်းစမ်းနဲ့။ ညဖက် အလုပ်ဆင်းထားလို့ အိမ်ခန်းထဲမှာ အိပ်နေတဲ့ ဝင်းခိုင်က အေးခိုင်နဲ့အတူ တိတ်တိတ်လေး ထချောင်းကြည့်နေခဲ့တာ။ ပြီးတော့ ညီအစ်မနှစ်ယောက် ပြိုင်တူ သက်ပြင်းလည်း ချခဲ့မိပါရဲ့။ အဖေ့အမြင်နဲ့ ရည်မှန်းချက်ကိုရော၊ မောင်လေးအတွေးကိုရော နားလည်နေကြသူတွေ မဟုတ်လား။

တစ်ချိန်တုန်းက ကျောင်းထွက်လိုက်ဖို့ ဝင်းခိုင်လည်း စိတ်ကူးဖူးတယ်။ အဲဒီစိတ်ကူးကို အဖေ့ပြောပြလိုက်တော့ အဖေက လေသံအေးအေးလေးနဲ့  နားဝင်အောင် ရှင်းပြခဲ့ဖူးတယ်။

“ သမီးရယ်.. သမီးက မိန်းကလေး။ အဖေတို့က ဆင်းရဲတယ်။  သမီးကို ဘာအမွေမှ မပေးနိုင်ဘူး။ ဒီပညာအမွေလေးပဲ ပေးနိုင်တာ ရအောင်ယူသွားပါ။ မိန်းကလေးတစ်ယောက် ပိုက်ဆံမချမ်းသာလည်း ပညာမဆင်းရဲတော့ မျက်နှာမငယ်ရဘူးပေါ့  

အဖေ့ရဲ့ အဲဒီစကားတွေကြောင့်ပဲ မပြည့်မစုံနဲ့ တက္ကသိုလ်တက်ခဲ့ရတဲ့ နေ့ရက်တွေကို သတ္တိရှိရှိ ကျော်ဖြတ်ရဲခဲ့တယ်။

 “ ဒီမိသားစုလေးရဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင်ဖို့ ” ဆိုပြီး ဆင်းရဲတဲ့ ဘဝမှာ သားသမီးတိုင်းကို အတန်းပညာ ဆုံးအောင် တတ်ရောက်သင်ကြားနိုင်ဖို့ တစ်မိသားစုလုံး တက်ညီလက်ညီ အလုပ် ကြိုးစားကြရတာပေါ့။

*   *   *

အတွေးစုံအောင် တွေးနေမိတာမို့ ပန်ကန်းတွေ ဆေးလို့ဆေးနေမိမှန်း မသိတော့လောက်အောင် ဖြစ်သွားရတယ်။ ဇွန်းတွေ၊ ပန်းကန်တွေ၊ ဇလုံတွေကို အရင်ဆုံးဆေးပြီး ပန်းကန်စင်ပေါ်မှာ သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ် သွားတင်ထားလိုက်တယ်။

အိုးနှစ်လုံးကို ဆေးဖို့ပြင်တော့ အဖေက ဝက်စာ လာယူပြီ။ အဖေ့ကို လှမ်းကြည့်လိုက်တော့ “ ဘာမှ မစိုးရိမ်နဲ့” ဆိုတဲ့ ပုံစံမျိုးနဲ့ ခေါင်းငြိမ့်ပြပြီး အားပေးရှာတယ်။ ဟိုကိစ္စနဲ့ ပတ်သတ်ပြီး မမကြီးကို ပြောပေးဖို့ ဝင်းခိုင်တို့ညီအစ်မက အဖေ့ကို အပူကပ်ထားတာ။ အခုလည်း အဖေက ဝက်စာလာယူရင်း မမကြီးကို ပြောပေးမှာ။ ဝက်စာလှယ်ဖို့ ယူလာတဲ့ အိုးလေးကို အဖေက  စားကြွင်းစားကျန်တွေ ထည့်ထားတဲ့အိုး ဘေးမှာ ချပြီး မမကြီးကို ရှာဖို့ ထွက်သွားတယ်။ ခြေလှမ်းကျဲကျဲတွေလှမ်းရင်း ခပ်သွက်သွက် ထွက်သွားတဲ့ အဖေ့နောက်ကျောပြင်ကို ကြည့်ရင်း ရင်တွေ မောနေမိတယ်။  “ အမဲရိုးနှယ်၊ ဟင်းအိုးမှ အားမနာ ” လို့တော့ မမကြီး မထင်ကောင်းပါဘူးလေ။ အိုးထဲကို ဆပ်ပြာအဆီတွေ ညှစ်ချရင်း ကိုယ့်စိတ်ကိုယ် ဖြေရတယ်။

*   *   *

တအောင့်လောက်ကြာတော့ အိမ်ရှေ့စားပွဲမှာ လာထိုင်တဲ့ အဖေနဲ့ မမကြီး အသံကို ကြားလိုက်တယ်။ မီးဖိုချောင်နဲ့ အိမ်ရှေ့ကို လမ်းကြားလေးတစ်ခုနဲ့ ဆက်ထားတယ်။ အဲဒီလမ်းကြားလေးထိပ်မှာ သံတံခါးလေးတစ်ချပ်ရှိပေမယ့် ညဖက်တွေမှ ပိတ်ထားတတ်ပြီး နေ့ခင်းဖက်ဆို ဒီအတိုင်းလေး ဖွင့်ထားတတ်တယ်။ ဒါကြောင့်လည်း မမကြီးနဲ့ အဖေတို့ ပြောနေတဲ့ စကားတွေကို အတိုင်းသား ကြားနေရတာပေါ့။

“ လာ ကိုသစ်ခိုင် ထိုင်။ ဝင်းခိုင်ရေ.. ရေနွေးဗန်း ယူခဲ့ပါဦး ဟေ့ ”

ပွက်ပွက်ဆူအောင် ကြိုပြီးထည့်ထားတဲ့ ရေနွေးတွေကို ဓါတ်ဗူးအကြီးကြီးထဲကနေ ရေနွေးအိုးလေးထဲ ပြောင်းထည့်လိုက်တယ်။ စောစောလေးကတင် ဆေးကြောပြီး ရေစစ်ထားတဲ့ ရေနွေးပန်းကန်လေးတွေကို လင်ဗန်းလေးထဲမှာ စီစီညီညီလေး မှောက်လျက်တင်လိုက်ပြီး သယ်သွားလိုက်တယ်။ အဖေနဲ့ မမကြီးက မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြောနေကြတာပေါ့။ ရေနွေးဗန်းကလေးကို စားပွဲပေါ် အသံမမြည်အောင် တင်ပေးလိုက်ပြီးတော့ အသာလေး လှည့်ထွက်ခဲ့လိုက်တယ်။ ပြီးတော့ ဆေးဖို့ကျန်နေတဲ့ အိုးတွေကို ဆေးနေရင်း အဖေတို့ ပြောနေတာတွေကို နားထောင်နေမိတယ်။

“ ရေနွေးသောက် ကိုသစ်ခိုင်။ ကလေးတွေ အလုပ်ကြိုးစားရဲ့လားလို့ လာမေးတာလား ”

အဖေက မကြာမကြာ အခုလို လာပြီး ကျွန်မတို့ အလုပ်ကြိုးစားရဲ့လား၊ ခိုင်းစရာရှိတာ အကုန်ခိုင်းပါ။ တတ်သင့်တာတွေ အကုန်သင်ပေးပါ၊ မမကြီးလက် အပ်ပါတယ် လို့ ပြောလေ့ရှိတယ်။

 “ ထုံးစံအတိုင်း ဆိုပါတော့ မမကြီးရေ။ အိမ်က ကလေးတွေ အခြေအနေလေးမေးရင်း၊ တခြား ပြောစရာလေးလည်း ရှိလို့ပါ ”

“ သူတို့ ညီမက အလုပ်ကြိုးစားပါတယ်။ ကလေးကတည်းက လုပ်လာသူတွေဆိုတော့ ထွေထွေထူးထူး ပြောစရာလည်း မရှိပါဘူး။ ဟိုရက်ကတောင် ညည်းတို့တွေ အလုပ်ကြိုးစားတာလည်း ကြိုးစား၊ မပို လိုလည်း သွက်သွက်လက်လက်လေးလည်း နေလို့ ပြောလိုက်သေးတယ်။ အဲလို မပို နဲ့ နှိုင်းပြောမှ မခံချင်ဖြစ်မှာ မဟုတ်လား ”

မမကြီးက ပြောပြီးရယ်နေတော့ အဖေလည်း သံယောင်လိုက်ပြီး ရယ်မောနေတယ်။ ဝင်းခိုင်ကတော့ မပိုဆိုတဲ့ နာမည်ကြားတာနဲ့ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားရတယ်။

“ အငယ်ကောင်လေးရော.. စာတွေ တော်တော်ရနေပြီလား။ ဟိုရက်က သူ အိမ်လာလို့ လိုအပ်တဲ့ဘာသာတွေ ကျူရှင်ယူ။ မမကြီး ထားပေးမယ်။ တစ်နှစ်တည်းနဲ့ အောင် အောင်လုပ်လို့ ပြောလိုက်သေးတယ် ”

မောင်လေးအကြောင်းကို မမကြီးက မေးနေတယ်။ ဝင်းခိုင်တုန်းကလည်း လိုရင် ကျူရှင်ယူနော်လို့ ပြောခဲ့ဖူးတယ်။ အေးခိုင်တုန်းကတော့ မမကြီးက ဇွတ်ကို ကျူရှင်တက်စေခဲ့တာ။ အဲဒီတုန်းက အေးခိုင် စာကောင်းကောင်း မလိုက်နိုင်ဘူးဆိုတာ မမကြီးက ရိပ်မိနေလို့ ထင်ပါတယ်။

*   *   *

မှတ်မှတ်ရရ မမကြီးတို့ဆီမှာ ဝင်းခိုင် အလုပ်ဝင်တော့ ခုနှစ်တန်းဖြေပြီးစ နွေရာသီကျောင်းပိတ်ရက်။
 “ မမကြီးတို့က ပညာရေးကို အလေးအနက်ထားတတ်သူတွေ မို့ အဲဒီမှာ အလုပ်လုပ် ” လို့ အဖေက ပြောခဲ့တယ်။ ကျောင်းပိတ်တွေရက်မှာ အလုပ်လုပ်ခွင့်ပေးဖို့ အဖေကိုယ်တိုင် အလုပ်လိုက်အပ်ပေးတော့  မမကြီးက ကြည်ကြည်ဖြူဖြူ လက်ခံခဲ့တယ်။ လိမ်မာသိတတ်တဲ့ကလေး ဆိုပြီးတော့လည်း ချီူးကျူးခဲ့သေးတယ်။ ပြီးတော့ ဝင်းခိုင်က ကလေးဆိုတော့ နေ့ခင်းတွေချည်းပဲ အလုပ်လုပ်လုပ်၊ ညဖက်အိပ်တဲ့။ ဒီမြို့လေးက တခြားစက်ရုံတွေနည်းတူ မမကြီးတို့စက်ရုံကလည်း ၂၄နာရီလုံး နေ့ဆိုင်း၊ညဆိုင်း အလုပ်သမားခွဲပြီး လည်ပတ်ပေမယ့် ဝင်းခိုင်ကိုတော့ ညဆိုင်းမှာ မခိုင်းခဲ့ဘူး။

အဲသည်လိုနဲ့ နှစ်စဉ်နှစ်တိုင်း နွေရာသီကျောင်းပိတ်ရက်နဲ့ သီတင်းကျွတ်ကျောင်း ပိတ်ရက်တွေမှာ အလုပ် လုပ်ဖြစ်ခဲ့တယ်။ ဆယ်တန်းတက်မယ့်နှစ်မှာတော့ စာကို အာရုံစိုက်ကျက်ဖို့ အလုပ် ခဏနားရတာပေါ့။ ဝင်းခိုင် အားငယ်နေမှာစိုးလို့ ဆိုပြီး မမကြီးက မုန့်ဖိုးတွေ ခဏခဏ ခေါ် ပေးခဲ့တယ်။ ဝင်းခိုင်အလုပ်နားတဲ့နှစ်မှာ အေးခိုင်က အလုပ်စဝင်ခဲ့တာ။ ဝင်းခိုင်တို့ ညီအစ်မတွေကို အားကျတဲ့ မပို လည်း ကိုးတန်းကတည်းက မမကြီးတို့ဆီမှာ အလုပ်ဝင်တယ်။ မပိုက ဝင်းခိုင်တို့ညီအစ်မနဲ့ အိမ်နီးချင်း။ သူက ဝင်းခိုင်ထက် တစ်နှစ်ငယ်ပြီး အေးခိုင်းထက် နှစ်နှစ်ကြီးတယ်။ ပြီးတော့ သူလည်း သင်္ချာနဲ့ ကျောင်းပြီးထားတယ်။

*   *   *

“ကောင်လေးက စာကျက်ရှာပါတယ်။ တစ်ချက်တစ်ချက်တော့ အားလျော့သလိုလို ပြောတတ်တယ် ဗျာ ။ သူ့ကို ပညာရေးလိုက်စားဖို့ နားဝင်အောင် တော်တော်ပြောရတယ် ”

အဖေက မောင်လေးအကြောင်းကို ပြောပြနေတယ်။

“ မမကြီး သမီးကြီးရော။ ဟိုမှာ အစစအရာရာ အဆင်ပြေလား ”

မမကြီးမှာ မပိုနဲ့ရွယ်တူ သမီးတစ်ယောက်ရှိတယ်။ သူက စာတော်တယ်၊ စာလည်း သိပ်ဖတ်တယ်။ ဆယ်တန်းအောင်တုန်းက ဆေးမှတ်မှီရဲ့သားနဲ့ ဆေးကျောင်းမတက်ခဲ့ဘူး။ ဝင်းခိုင်သာ သူ့နေရာမှာဆိုရင် ဆေးကျောင်းတက်ပြီး ဆရာဝန်မကြီး ဖြစ်ဖို့ စိတ်ကူးယဉ်မိမှာပဲ။ သူကတော့ နိုင်ငံခြားမှာပဲ ကျောင်းဆက်တက်ချင်တယ်တဲ့။ သူ့ဆန္ဒကို မမကြီးတို့ကလည်း လိုက်လျော ခွင့်ပြုတယ်။ ဝင်းခိုင်သာ ကြားထဲကနေ ဆေးကျောင်းဝင်ခွင့်ဆိုတာလေးကို နှမြောနေမိတာ။

“ သမီးကြီးက အဆင်ပြေပါတယ်။ အမှတ်တွေလည်း ကောင်းတယ် ပြောတာပါပဲ။ အမြဲတမ်း မြင်တွေ့နေရတာလည်း မဟုတ်တော့လည်း ကိုယ်တွေက သူပြောသမျှ ယုံရတာ မဟုတ်လား။  

အဲသည်လိုသာ ပြောတာပါ။ မမကြီးအသံမှာ  သူ့သမီးအပေါ် ယုံကြည်စိတ်ချမှုတွေ အပြည့်ပါနေတာ ဝင်းခိုင်သိတာပေါ့။ ဆေးပြီးသွားတဲ့ အိုးတွေကို စင်ပေါ်မှာ ရေစစ် ထားလိုက်ရင်း စောစောတုန်းက ရေနှူးထားတဲ့ ဒယ်အိုးကို ကောက်ကိုင်လိုက်တယ်။ မမကြီးတို့ ပြောသမျှ နားစွင့်နေရတာနဲ့ ဒီနေ့ ပန်းကန်းဆေးတာ လိုတာထက် ပိုကြာနေပြီ။ အဖေကလည်း အခုထက်ထိ လာရင်း ကိစ္စကို မပြောသေးဘူး။ သံဘရပ်ရှ် အပျော့စားလေးနဲ့ ဒယ်အိုးမျက်နှာပြင်ကို တိုက်ချွတ်လိုက်တယ်။ ရေနူးထားတာမို့ ချိုးတွေက လွယ်လွယ်ကူကူ ကွာကျလာတယ်။

“ ဒါနဲ့ မနေ့တုန်းက ကလေးတွေရှေ့ ကျွန်မပြောလိုက်တဲ့ စာရင်းကိုင်နှစ်ယောက် ငှားမယ် ဆိုတာနဲ့ ပတ်သတ်ပြီး ကိုသစ်ခိုင် လာပြောတာ မဟုတ်လား ”

စကားအဆက်မစပ်မရှိဘဲ မမကြီးက ကောက်ကာငင်ကာနဲ့ အဖေ့ကို မေးလိုက်တော့ ဝင်းခိုင်နားထင်မှာ သွေးတွေဆောင့်တက်သွားရတယ်။

“ ဟုတ်ပါတယ် မမကြီး။ မနေ့တုန်းက သမီးတွေ အိမ်ပြန်လာတော့ အဲဒီအကြောင်း ပြောပြတယ်။ မမကြီးက စာရင်းကိုင်နှစ်ယောက် ငှားမယ်တဲ့။ အဲတာ သူတို့တွေ လုပ်ချင်လိုက်တာတဲ့။ အဖေရယ် မမကြီးကို ပြောပေးပါ ဆိုတာနဲ့ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ရောက်လာရတာပါ မမကြီးရေ ”

ဒယ်အိုးကို ပြောင်စင်နေအောင် တိုက်ချွတ်နေလိုက်ရင်း နားကို ကားနေအောင် စွင့်ထားလိုက်မိတယ်။

“ ကိုသစ်ခိုင်ရယ်.. သူတို့ရှေ့မှာ ထုတ်ပြောတယ် ဆိုကတည်းက သူတို့ကို လုပ်စေချင်လို့ပေါ့။  ကလေးကတည်းက အလုပ်လုပ်လာခဲ့ပြီး ကိုယ့်မျက်စေ့ရှေ့တင် ကျောင်းပြီးသွားသူတွေ ရှိနေလျက်နဲ့ အပြင်ကလူကို ခေါ်ပါ့မလား ”

မမကြီး အသံက ပေါ့ပေါ့ပါးပါးနဲ့ ရွှင်ရွှင်လန်းလန်း ရှိလိုက်တာ။ ဝင်းခိုင်တို့တော့ ကံစမ်းမဲ ပေါက်ပြီ ထင်ပါရဲ့။ ဆေးပြီးသွားတဲ့ ဒယ်အိုးကို ပန်းကန်စင် အောက်ဆုံးအဆင့်မှာ မှောက်တင်လိုက်ပြီးတော့ ပန်းကန်ဆေးကန်ကိုပါ တိုက်ချွတ်ဆေးကြောလိုက်တယ်။

“ မနေ့က သူတို့ညီအစ်မ လာပြောမလားလို့ စောင့်နေသေးတယ်။ တကယ်ဆို သမီးတို့ လုပ်ချင်တယ်လို့ လာပြောရင် ပြီးရောပေါ့။ အခုတော့ အဖေကို လာပြောခိုင်းနေတယ်။ တကယ့်ကလေးတွေအတိုင်းပဲ ”

“ ဟုတ်ပါတယ် မမကြီးရယ်။ အခုလည်း ကျွန်တော်က ညည်းတို့လုပ်ချင်တာ ညည်းတို့ဘာသာ မမကြီးဆီမှာ ခွင့်တောင်းပေါ့။ အဖေတော့ မမကြီးကို အားနာတယ်။ ကလေးပီပီ ကိုယ်တိုင်သွားပြောဆိုတာကို ငိုနေကြတယ်လေ။ အဲတာနဲ့ ကျွန်တော်လည်း မမကြီးကို ပြောတာတော့ ပြောပေးမယ်။ အလုပ်ရတာ မရတာတော့ အဖေနဲ့ မဆိုင်ဘူးနော်လို့ ပြောခဲ့ရတယ်။ မမကြီးမှာလည်း စီစဉ်ထားတာလေးတွေ၊ စဉ်းစားထားတာလေးတွေ ရှိမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဇွတ်အတင်းကြီး တောင်းဆိုတာ မဟုတ်ပါဘူး .. ”

အဖေ့စကားတွေကို နားထောင်ရင်း ဝင်းခိုင်ပြုံးနေမိတယ်။ အိမ်မှာတုန်းကတော့ ဒီလိုမဟုတ်ပါဘူး။   “ညည်းတို့အလုပ်ရအောင် ငါပြောပေးမယ်။ ဒါက တကယ့်အခွင့်အရေးပဲ။
ဒီအလုပ်ရသွားရင် ညည်းတို့ရဲ့ ဘဝ တစ်ဆင့်မြင့်ပြီ။ ညည်းတို့ တတ်ထားတဲ့ ပညာနဲ့ လုပ်စားလို့ရပြီပေါ့။ ညည်းတို့မှာ ရှိတဲ့ အတောင်တွေနဲ့ ပျံသန်းခြင်းရဲ့အစပဲမဟုတ်လား။ ဒီမိသားစုလေးရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့ ပထမခြေလှမ်းပေါ့” လို့ အားတက်သရောနဲ့ အဖေ ပြောနေခဲ့တယ်။

“ ကိုသစ်ခိုင်သိလား။ မနေ့က ကျွန်မ ပြောပြီး ထွက်သွားတော့ နောက်ကနေ မပို လိုက်လာတယ်။ ပြီးတော့ မမကြီး.. သမီး စာရင်းကိုင် လုပ်ချင်တယ်။ သမီးလည်း သင်္ချာနဲ့ ကျောင်းပြီးတာမို့ မမကြီး သင်ပေးမယ်ဆိုရင် လုပ်တတ်မှာပါတဲ့။ ချက်ချင်းကို လာပြောတာ။ လူငယ်ဆိုတာ အဲသည်လို ဖြစ်နေရမှာပေါ့။ သွက်သွက်လက်လက်နဲ့ အခွင့်အလမ်း မှန်သမျှကို ဆုပ်ကိုင်နိုင်ရမှာ။ ဘယ်အခွင့်အရေးမဆို လက်မလွတ်အောင်၊ အရယူနိုင်အောင် ကြိုးစားရမှာ။ မပို က ဝင်းခိုင်တို့လောက် လက်ကြောသိပ်မတင်းပေမယ့် အဲသည်လိုမျိုး သွက်သွက်လက်လက်လေး ရှိလို့ ကျွန်မက သဘောကျနေတာလေ။ ဝင်းခိုင်တို့ကိုလည်း အဲသည်လို ဖြစ်စေချင်တာပေါ့ .. ”

မပိုက မမကြီးကို ပြောတောင် ပြောပြီးပြီ ဆိုပါလား။ မမကြီးကလည်း မပို ကို သဘောကျပြီး ချီးကျူးနေတယ်။ ဝင်းခိုင် မျက်လုံးမှာ မျက်ရည်ကြည်တွေ ဝေ့တက်လာတယ်။

ဒီလိုသာဆိုရင် စာရင်းကိုင် တစ်နေရာကို မပို ရတော့မှာ သေချာသလောက် ရှိနေပြီ။ နောက်ထပ် တစ်နေရာပဲ ကျန်တော့မယ်ဆိုရင် ညီအစ်မနှစ်ယောက်လုံး ဘယ်လုပ်ရတော့မှာလဲ။ မမကြီးက ဝင်းခိုင်ကို ခေါ်မလား၊ အေးခိုင်ကို ခေါ်မလားလည်းမသိ။ ဝင်းခိုင်ရသွားရင် အေးခိုင်အတွက်လည်း စိတ်မကောင်း ဖြစ်ရမယ်။ တကယ်လို့ အေးခိုင်ရသွားရင်လည်း ဝင်းခိုင် ဝမ်းသာနေမှာပါ။ ဒါပေမယ့် ကိုယ့်အတွက်ကိုယ် စိတ်မကောင်း ဖြစ်နေမိမှာပေါ့။ စီးကျလာတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ သုတ်လိုက်ပြီး မမကြီးတို့ ဘာတွေဆက်ပြောမလဲဆိုတာ ဆက်ပြီး နားထောင်နေလိုက်တယ်။

“ ဟုတ်ပါတယ် မမကြီးရယ်။ ကျွန်တော်လည်း သူတို့ကို အဲတာလေး ပြောနေတာပါပဲ။ ရိုး တာက ကောင်းတယ်။ ဒါပေမယ့် မ အ နဲ့လို့။ အူတူတူ အတတကြီး မနေကြနဲ့လို့။ မပို လေးလို လူငယ်ပီပီ သွက်သွက်လက်လက် နေဖို့ အမြဲ ပြောပါတယ် ”

“ ကျွန်မ စားရင်ကိုင်နေရာ လိုတာက နှစ်ယောက်တည်း။ ညီအစ်မ နှစ်ယောက်ထဲကမှ တစ်ယောက်ပဲ ခိုင်းမယ်ဆိုရင်လည်း တစ်ယောက်မဟုတ်တစ်ယောက် စိတ်မကောင်း ဖြစ်ရမယ် ။ ဝင်းခိုင်တို့ကိုပဲ ခိုင်းပြီး မပိုကို ပစ်ထားလိုက်မယ်ဆိုရင်လည်း မပိုခမျာ ဝမ်းနည်းနေရရှာမှာ။ ကိုယ့်မျက်စေ့ရှေ့တင် ကြီးလာကြသူတွေ ဆိုတော့ အားလုံးကို တန်းတူညီတူ ဖြစ်စေချင်တာပေါ့ ”

“ ဒီတော့ ကျွန်မ ညီမလေးဆီကို ဖုန်းဆက်လိုက်တယ်။ သူလည်း စာရင်းကိုင် ခေါ်မယ် ပြောနေတာဆိုတော့ လူရှာပြီးပြီလားပေါ့။ အဲတာ လူမရသေးဘူးဆိုတာနဲ့ သူ့ဖက်ကို တစ်ယောက်ပို့ပေးမယ် ပြောလိုက်တယ်။ အဲဒီတော့မှပဲ ကျွန်မလည်း သုံးယောက်လုံးအတွက် စိတ်အေးသွားတော့တယ်။ ”

ဝင်းခိုင် တအားဝမ်းသာသွားမိတယ်။  ဒီလိုဆို ဝင်းခိုင်တို့ ညီအစ်မကော၊ မပိုပါ အလုပ်ရတော့မှာပေါ့။ ပါးပေါ်က မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်တယ်။ သေချာပေါက် စာရင်းကိုင်ဖြစ်တော့မယ် ဆိုတဲ့အကြောင်း အေးခိုင်ဆီ ပြေးပြီးတော့တောင် ပြောလိုက်ချင်ပါသေးတယ်။ ဒါပေမယ့် ဟိုဖက်စက်ရုံကို ဘယ်သူသွားရမလဲမှ မသိသေးတာလေနော်။

မမကြီး ညီမလေးအိမ်က ဟိုဖက်ရပ်ကွက်မှာ ရှိတယ်။ ဝင်းခိုင်တို့ အိမ်ကနေ လမ်းလျှောက်မယ်ဆိုရင် မမကြီးတို့အိမ်ထက် နည်းနည်းလေးတော့ ပိုဝေးတယ်။ ဘယ်သူ့ကို အဲဒီဖက် ပို့မလဲ မသိဘူးနော်။ ဘုရားသိကြားမလို့ အေးခိုင်နဲ့အတူတူ အလုပ် လုပ်ရပါစေ။ ခပ်လှမ်းလှမ်းက ချောင်းနားထောင်ရတာ အားမရတော့လို့ တံခါးနားလေး တိုးကပ်သွားလိုက်တယ်။

“ ကို သစ်ခိုင် ပြောကြည့်ပါဦး။ ဟိုဖက် စက်ရုံကို ဘယ်သူ့ ကို ပို့သင့်လဲ ”

ဘယ်လိုမှ မထင်မှတ်ထားတဲ့ မေးခွန်း မေးလိုက်တာပါလား။ အဖေ ဘယ်လို ပြန်ဖြေမှာပါလိမ့်။ အဖေ့စိတ်ထဲမှာတော့ သမီးနှစ်ယောက်ကို တစ်နေရာတည်းပဲ အလုပ်လုပ်စေချင်မှာပေါ့။ ဒါပေမယ့် မပို ကို ပို့လိုက်ပါ လို့ ပြောဖို့ကလည်း သင့်တော်တာမှ မဟုတ်တာ။ အဖေ့ အသံကို ချက်ချင်း မကြားရဘူး။ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသလိုပါပဲ။

အဖေ့စကားသံကို စောင့်နားထောင်နေရင်း ရင်ခုန်တာ မြန်သထက် မြန်လာတာမို့ ရင်ဘတ်ကို လက်နဲ့ ဖိထားလိုက်ရတယ်။ ရင်ခုန်သံတွေက ကျယ်လောင်နေလိုက်တာများ တဒိန်းဒိန်းနဲ့မို့ အတိုင်းသား ပြန်ကြားနေရတယ်။ ရင်ဘတ်ကြီး ပေါက်ကွဲထွက်သွားရင် ဒုက္ခပါပဲ။ ကျောင်းတုန်းက ရည်းစားစကားလေး ရှားရှားပါးပါး တစ်ခါ အပြောခံခဲ့ရတုန်းကတောင် ဒီလောက် ရင်မခုန်ခဲ့မိပါဘူး။

“ကလေး သုံးယောက် စလုံးက ဒီမှာတင် ကြီးတဲ့ငယ်ပေါက်တွေဆိုတော့ ဘယ်သူ့မဆို ဒီမှာပဲ ဆက်ပြီး အလုပ် လုပ်ချင်ကြမှာချည်းပဲပေါ့နော် ”

အဖေက စကားတစ်လုံးချင်းဆီ၊ တစ်ခွန်းချင်းဆီကို သေသေချာချာ ထိန်းပြီး ပြောနေတယ်။

  အခု မမကြီးက နေ့ဖက်တစ်ယောက်၊ ညဖက် တစ်ယောက်ထားမှာဆိုတော့ လူညီမှ စာရင်းဇယားတွေ မှန်မှန်ကန်ကန် တိတိကျကျ ဖြစ်နိုင်မယ်လေ။ တော်ကြာ တစ်ခုခုလွဲမှားတာတွေရှိလာရင် တစ်ယောက်ကိုတစ်ယောက် အပြစ်ပုံချတာတွေ၊ လက်ညှိုးထိုးတာတွေ ဖြစ်လာနိုင်တယ် မဟုတ်လား။ အဲဒီလိုဆိုရင် ဘယ်သူ့အတွက်မှ မကောင်းဘူးပေါ့။ ဒါကြောင့် မမကြီးဖက်မှာပဲ ညီအစ်မ နှစ်ယောက်ကို စည်းစည်းလုံးလုံးနဲ့ အလုပ်ဆက်လုပ်စေမယ်ဆိုရင် ပိုအဆင်ပြေမလားလို့ပါ ”

အဖေ့အဖြေအတွက် ဝင်းခိုင် ကျေနပ်သွားတယ်။ ဘယ်တုန်းကများ အဖေက စကားတွေကို ရည်ရည်မွန်မွန်နဲ့ လှလှပပ ပြောတတ်သွားတာပါလိမ့်။ အဖေ့အဖြေကို မမကြီး ကျေနပ်သဘောကျမှာ သေချာပါတယ်။

“ ဟုတ်ပါတယ်။ ကျွန်မလည်း ဒီလိုပဲ စဉ်းစားထားတာပါ။ ကိုသစ်ခိုင်ရဲ့ အမြင်နဲ့သဘောထားကို သိချင်မိလို့ မေးတာပါ ”

“ ဟုတ်ကဲ့ပါ မမကြီး။ ကလေးတွေကို အခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မမကြီးရယ်။ သူတို့တွေကို အမြဲတမ်း သင်ကြားပေးပါ။ ဆုံးမမေးပါနော် “

အဖေ့ လေသံက ချက်ချင်းပြောင်းသွားတယ်။ စောစောကလို စိုးရိမ်ပူပန်နေတဲ့ အသံ၊ ထိန်းပြီးပြောနေတဲ့ အသံမျိုး မဟုတ်တော့ဘူး။ ရွှင်ရွှင်လန်းလန်းနဲ့ ပျော်မြူးရိပ်တွေ ပါနေတာ အသိသာကြီး။

“ ရပါတယ် ကိုသစ်ခိုင်ရယ်.. ပြောရမယ့် လူတွေမှ မဟုတ်တာ။ ကိုသစ်ခိုင်လည်း ဝက်စာ ယူစရာ ရှိတာယူတော့။ ကလေးတွေအတွက်လည်း စိတ်ချ။ ဟုတ်ပြီလား။ ကျွန်မလည်း မပိုကို ပြောပြလိုက်ဦးမယ် ”

မမကြီး စကားဆုံးတော့ ဝင်းခိုင် ပန်းကန်ဆေးကန်နားလေး ပြန်ပြေးသွားလိုက်တယ်။ ဝက်စာတွေ လှယ်ယူဖို့ ပြန်ဝင်လာတဲ့ အဖေက လူငယ်လေးတစ်ယောက်ကို တက်တက်ကြွကြွနဲ့ ပြုံးရွှင်နေပြီး မျက်လုံးတစ်ဖက် မှိတ်ပြတယ်။ အဖေ့ကို ပြန်ရယ်ပြလိုက်ရင်း မမကြီးထက် အရင်ရောက်အောင် စက်ရုံဖက် ပြေးသွားလိုက်ရတယ်။ ဒါပေမယ့် မမကြီး ကိုယ်တိုင်ရောက်မလာဘဲ အသံပဲ အရင်ရောက်လာခဲ့တယ်။

“ မပိုရေ.. အိမ်ရှေ့ ခဏလာဦးဟေ့ ”

မမကြီး ခေါ်သံအဆုံးမှာ မပို က ထိုင်နေရာကနေ ဝုန်းခနဲ ထပြီး အပြေးတပိုင်းနဲ့ ထွက်သွားတယ်။ အေးခိုင်ကတော့ ဝမ်းသာအားရပြေးထွက်လာပြီး လက်မနှစ်ချောင်းထောင်ပြနေတဲ့ ဝင်းခိုင်ကို ပါးစပ်လေးအဟောင်းသား၊ မျက်လုံးလေး အပြူးသားနဲ့ ကြောင်ပြီး ကြည့်နေလေရဲ့။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

(၁၁.၁၁.၂၀၁၂ တွင် တစ်နှစ်ပြည့်မည်ဖြစ်သော ဘလော့လေးအတွက် အမှတ်တရ - ၁၂ပုဒ်မြောက် ဝတ္တုတို)

35 comments:

ပျိုးယုဝသုန် (Pyo Yu Wathone) said...

တို့တွေတိုင်းပြည်မှာ သင်ထားတဲ့ပညာနဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခုကို လုပ်ခွင့်ရဖို့က မလွယ်လှဘူးပဲ .. တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ဒါတွေဖြစ်လာမယ်လို့ မျှော်လင့်ရတာပဲ မြတ်ရေ..
မြတ်ရဲ့ဝတ္ထုတိုကလေးဖတ်ပြီး အတွေးတွေ ပိုမိတယ်

စံပယ်ချို said...

ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားတွေအပြည့်အ၀ခံစား
လိုက်ရတယ်မြတ်ရေ
ခင်မင်တဲ့ jasmine

မိုးနတ်ကြယ်စင် said...

ကောင်းလိုက်တာမရေ..ဖတ်ရင်းနဲ့ ရင်တထိတ်ထိတ်နဲ့ပေါ့
မဟာ ကဗျာရေးခြင်း အတတ်ပညာမှာတင် ဆရာ
မြောက်ရုံမကဘူး..စာရေးခြင်းအတတ်ပညာမှာပါ...
ကျွမ်းကျင်ပိုင်နိုင်လွန်းတယ်ဆိုတာ မရေးတဲ့စာတွေ
တပုဒ်ထက်တပုဒ်ကောင်းလာတာကိုက သက်သေပြနေတာပါပဲ....ယုံကြည်လိုက်ပါမ.
မဟာ စာရေးဆရာမကောင်းတစ်ယောက်ပဲ..
အဲဒါကို သံသယမရှိပါနဲ့...မကကိုယ့်ကိုယ်ကို ယုံကြည်
မှုရှိတာထက် ညလေးမအပေါ်ယုံကြည်ထားတာကပိုတယ်
အဲဒါကိုလဲ ဘယ်တော့မှမမေ့ပါနဲ့..
စာတွေ ကဗျာတွေဆက်ရေးပါနော်မ..
ညလေးမျှော်နေတယ်.
ချစ်တဲ့...ညလေးမိုးနတ်

UK said...

Hi Tamee,

Your writing becomes better and better.This is a good story with nice story line. You can give the message you want to give through your story. Keep it up!

မသန်းသန်း said...

ဆရာမမြတ်ပန်းနွယ်ကို အစေကြီးကတည်းက အားပေးခဲ့တာပါ။ တစ်ပုဒ်ပြီးတစ်ပုဒ် လက်ရာတွေ တိုးတက်လာတာကို ဝမ်းမြောက်ဝမ်းသာဖွယ်ရာ တွေ့ခဲ့ရတယ်။ အခု ဒီဝတ္တုလေးလည်း တော်တော်လေးကို ကောင်းတယ်။ အရေးအသား၊ ဝတ္တုတည်ဆောက်သွားပုံ၊ ပြောပြသွားတဲ့အကြောင်းအရာ အကုန်လုံး Perfect. ကောင်းမွန်သထက် ကောင်းမွန်တဲ့ စာပေတွေ ဆက်လက်ထုဆစ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း

blackroze said...

ပြေပြစ်တဲ့အရေးအသားလေးကို
ခံစားဖတ်ရှု့သွားတယ်မြတ်ရေ

Angelhlaing(May everybody be happy and healthy! said...

မြတ်...ရေ.. အားပေးခဲ့တယ်..လို့ :)

သူ said...

အရမ်းကိုကောင်းတယ် မြတ်ရေ။

အတွေး၊ အရေး အကုန် ကောင်းတယ်။

သူရိန် said...

အရမ်းကိုကောင်းတယ် မြတ်ရေ။
အရေး အတွေး အကုန်ကောင်းတယ်။

Arsenal said...

အရေးအသားကောင်းတာကိုတော့ ထပ်မချီးကျူးတော့ပါဘူး။ အသိသာကြီးပဲဆိုတော့။ အတွေးကိုစိတ်ကူးဖော်ပုံကတော့ တကယ့် အနှစ်သာရပဲ။
ကျွန်တော့် ဒယ်ဒီကို အမြဲလေးစားတယ်။ သူကပဲတစ်မိသားစုလုံးကို မြှင့်တင်ပေးခဲ့တာ။ ကျွန်တော် ပညာတွေသင်ရတာ ပျော်တာလဲသူ့ကြောင့်ပါပဲ။ အခုကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ပြီးတော့ပိုသိလာတယ်။ ဆက်ပြီးတော့လဲ ပညာတွေသင်နိုင်အောင် တက်နိုင်သမျှကြိုးစားသွားမယ်။ မြတ်ရေ ဒီဝတ္ထုလေးက မိဘမေတ္တာရော သားသမီးတွေ ရဲ့လိမ္မာရေးခြားရှိမှု နားလည်မှု တွေနဲ့ သူတို့ဘဝကိုယ်သူတို့ သိမ်ငယ် ဝမ်းနည်းမှုတွေကို ထင်းနေအောင်ပြထားတယ်။ မပြည့်စုံပေမယ့် ပညာတတ်လို့ သူတို့တွေ မျက်နှာမငယ်ကြရဘူး။ ပညာရေးကို ပညာတတ်လူ့အသိုင်းအဝိုင်းက အားပေးကြတယ်ဆိုတာလဲ ပေါ်လွင်အောင်ရေးထားတယ်။ ဒီစာကို ဖတ်မိတဲ့ လူငယ်လေးတွေလဲ အတုယူပြီး ကြိုးစားနိုင်ကြမယ်လို့ ယုံကြည်တယ်။ အမြန်ဆုံး စာအုပ်တွေ ထုတ်ပြီး ဖြန့်ဝေနိုင်ပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

Min Nan said...

I can't write myanmar font,but I read it.this is the real life of story.when i was reading the novel,-
I remember my mom and papa.
they want me be educated man,they support to me,I would not become educated man.think you so much.

minnan.

Ye Lin Myat said...

ပန်းနွယ်ရေ .. အရမ်းကိုကောင်းတယ်။ ဒီတစ်ပုဒ် သိပ်အားရမိတယ်။ တကယ်တော့ ပန်းနွယ်ဟာ စာရေးတကယ်ကောင်းတာပဲ။

မြတ်နိုးသူ said...

ဝတ္ထုတိုလေးလေးဖတ်ရှုအားပေးသွားပါတယ်အမ။

3rdthameetaw said...

မြတ်ရေ
မြတ်ရေးတဲ့စာစုလေးတိုင်းက
ရင်ထဲထိရှအောင်ကို
ကြည်နူး ကျေနပ်မှူတွေပေးတယ်
ဖွဲ့ ဆိုထားတာလေးတွေက နုးညြံ့ပီး
သိမ်မွေ့ နေတယ်
ရမက်မပါတဲ့ ချစ်ချင်းတွေနဲ့ ဖွဲ့ တည်ထားလိုက်တာ
ခွန်အားတွေနဲ့ ကြည်နုးမှူတွေ
တလှေကြီးခံစားမိတယ်
မြတ်ရေးတဲ့စာလေးတွေဖတ်ရတိုင်း
ကျေနပ်မိတယ် ကွယ်

Anonymous said...

အစ်မရေ.........................
တော်တော်လေးကို သဘောကျမိတယ်ဗျာ...............................................................................

Anonymous said...

စာအများကြီးရေးနိုင်တာကို သဘောကျတယ်

Anonymous said...

ဆိုရေးရှိက ဆိုလှစေ ၊ ပြောရေးရှိက ပြောလှစေ ၊ ကြိုးစားတိုင်းလည်း မရသေးဘူး ပြောရဲ ဆိုရဲ ရှိဖို့လည်း လိုတယ် . . . ။ စာရေးသူ ပေးချင်တဲ့ မက်ဆေ့ခ်ျ က တစ်စုံတရာဖြစ်ချင် ဖြစ်နိုင်ပေမဲ့ ၊ စာဖတ်သူ ရတဲ့ မက်ဆေ့ခ်ျ က တစ်မျိုးတမည်လည်း ဖြစ်နိုင်တယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် စာဖတ်သူရင်ထဲ တစ်စုံတစ်ရာ ကျန်ခဲ့အောင် ရေးပေးနိုင်တဲ့ စာရေးသူကိုတော့ ချီးကျုးရမှာပဲ ။

ဘူဇွာကဗျာဆရာ

မိုးသူ(တောင်ကြီး) said...

မမမြတ်ရေ

ဒီဝထ္ထုလေးလဲ print ထုပ်ဖြစ်ရင်ကောင်းမယ်ဗျ

Zayar said...

မြတ်ပန်းနွယ်ရေးတဲ့စာတွေဟာ ကော်မန့်အမြဲတမ်းချန်ဖြစ်စေလောက်အောင် ဆွဲဆောင်မှုရှိနေခဲ့တယ်။

THS said...

ပညာဆိုတာ အမြင့်ရောက်အောင် ပျံသန်းဖို့အတွက် အတောင်ပံ

ငြိမ်းစိုးဦး said...

ရိုးသား ကြိုးစားတဲ့ အနာဂတ် ပညာလူငယ်များဖြစ်စေဖို့ တွန်းအားပေးတဲ့ ရေးဖွဲ့မှုကို အားပေးလျက် ...

Anonymous said...

မိမြတ်

နင့်ဝတ္တုက ငါ့ကိုလက်ရှိအခြေအနေကနေစိတ်ပျက်အားမလျော့စေဖို့ တွန်းအားပေးတယ်။ ကိုယ်တတ်ထားတဲ့ပညာနဲ့လုပ်ကိုင်စားသောက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ ချက်ချင်းမဖြစ်နိုင်လည်း အခြေအနေအခွင့်အလမ်းတွေရှိလာရင် လုပ်ကိုင်လို့ရအောင် ကိုယ့်ဘက်က အမြဲတမ်း အဆင်သင့်ဖြစ်နေဖို့လိုတယ်ဆိုတာကို ပြောပြထားတာ တော်တော်လေးကောင်းတယ်။ ငါလည်းကြိုးစားနေပါတယ်။

ကျော်အောင်

ညီရဲ said...

ဝတ္ထုထဲမှာ မျောပါသွားတယ်... သူတို့ ညီအစ်မ အလုပ်ရမှ ရပါ့မလားလို့ ဖတ်ရင်းနဲ့ ကူပြီး စိတ်မောသွားရတယ်... တကယ်က သူတို့ အဖေကမှ တကယ့် ပညာတတ် တစ်ယောက်ပေါ့... သားသမီးတွေကို အကောင်းဆုံး သွန်သင် လမ်းပြနိုင်တယ်...

♫♪★လွမ်းပိုင်ရှင်★♪♫ said...

ဝတ္ထုလေးဖတ်သွားပါတယ်။
ခင်မင်လေးစားလျှက် (လွမ်းပိုင်ရှင်)

Anonymous said...

ကော်မန့်မပေးဖြစ်တာကြာသွားပြီမို့ ..

ကျနော် ဝတ္တုလေးကနေပေးတဲ့ အတွေးစလေးတွေကို နှစ်သက်တယ်။

ကျနော်

အေးချမ်းပြည့် said...

သူငယ်ချင်းရေ.. တို့လာဖတ်သွားတယ်။ သူငယ်ချင်း ဝတ္တုလေးကို သိပ်သဘောကျတာပဲ။ အရေးအသားလေးကအစ ညက်ညောနေတာ.. ထိမိတဲ့ အတွေးစကလေးတွေနဲ့ကော .. အားကျမိတယ်။

ထွန်းရန်နိုင် said...

ဝတ္တုတိုလေးလာဖတ်ရင်းအမှတ်တရကော်မန့်လေးချန်ခဲ့တယ်။ ရင်တထိတ်ထိတ်နဲ့ဖတ်သွားရတဲ့အပြင်အဓိပ္ဗာယ်ရှိတဲ့အကြောင်းအရာလေးကိုသီကုံးထားတာမို့ အလွန်နှစ်သက်ပါကြောင်း။

Khin Yin said...

I really like this kind of family and also people from this novel. They know the value of being educated and willing to fight for it. And as for you, you become better and better so if you keep on trying hard with this standard, I believe you will soon reach to your dream or goal whatever. As a blogger, I also believe that you don't want to end up as being online writer and will definitely move to another step. Cheers!

Kaung Nyein San said...

I've read this since a week ago but just left comment today. I could not say more than this is a nice short novel with perfect and meaningful storyline.

lwannaung said...

အနာဂတ်ကို မျက်နှာမူထားတဲ့ ၀တ္ထုတို။ နှစ်သက်မိတယ်။ ဇာတ်ကောင် ၀င်းခိုင်ရဲ့ မောင်လေးလိုပဲ တစ်ခါတုန်းက ပညာရေးနဲ့ပတ်သတ်ပြီး အမြင်တွေကျဉ်းခဲ့ဖူးတယ်။

Aung Kyaw Zeya said...

မြတ်ရေ အလုပ်တွေများနေလို့အခုမှပဲ မြတ် bolg ကိုအလည်လာဖြစ်တော့တယ်။ဝတ္ထုတိုတွေကိုဖတ်သွားတယ်နော်။ အားလုံးသောဝတ္ထုတွေလိုလိုကောင်းနေတော့တော်တော်လေးညဥ့်နက်သွားတယ်။အားပေးနေမယ်နော်။

Aung Kyaw Zeya said...

မြတ်ရေ အလုပ်တွေများနေလို့ အခုမှပဲ မြတ်ရဲ့ blogကို အလည်လာဖြစ်တော့တယ်။ ဝတ္ထုတွေအာလုံးကောင်းနေတော့တော်တော်လေးညဥ့်နက်သွားတယ်။အားပေးနေမယ်နော်။

ဆူးသစ် said...

ဇာတ်လမ်းလေးကရိုးမလိုနဲ့ဆန်းသွားတာ။ သိပ်လှတယ်ဗျာ။ ဖွဲ့ထားတာလေးသဘောကျမိပါရဲ့။ လူတွေရဲ့အဖွဲ့ကတစ်ခါတစ်ခါလွယ်မလိုနဲ့ခက်တယ်နော်။အဲဒါကိုဖွဲ့ပြထားတာလေးသဘောကျမိတယ်။မိသားစုအဖွဲ့၊အလုပ်၊သံယောဇဉ်၊မေတ္တာဆိုတာလေးတွေကအဲဒီလိုအပြကောင်းမှဗျ။ဆရာမမိုးမိုး(အင်းလျား)တို့၊ မစန္ဒာတို့လိုလက်မျိုးလို့ကျွန်တော်ပြောပါရစေ။ဆက်လုပ်ပါဗျာ။

witch83 said...

ပေးချင်တဲ့ မက်ဆေ့ခ်ျလေးတွေနဲ့.. စေတနာကို မြင်ရပါတယ်။ အရေအသားလည်း ကောင်းလိုက်တာ။

Anonymous said...

မမြတ်ရေ ... အားပေးခဲ့တယ်နော် .. :)