Friday, 26 October 2012

Shmily !


၁။

လူနှစ်ယောက်ဟာ ဆုံတွေ့ဖို့ ဖူးစာကံ အချိန်မတန်သေးသရွေ့ တစ်ယောက်ကိုတစ်ယောက် မြင်တွေ့နေကြတာတောင် အရေးမစိုက်၊အဖက်မလုပ်ဘဲ ကျော်သွားကြပြီး အချိန်တန်လာပြန်တော့လည်း တစ်ဦးကိုတစ်ဦး မမြင်ရရင် မနေနိုင်၊ မတွေ့ရရင် ဘဝင်မကျသလိုလို အခြေအနေမျိုးအထိ ဖြစ်လာရတယ်။ အဲသည်လို အခြေအနေမျိုးနဲ့ မင်းနဲ့ကိုယ်ရဲ့ ဇာတ်လမ်းလေး စတင်ခဲ့ပါတယ်။

၂။

ဝေးကွာခြင်း၊ ဝေးရခြင်း၊ အကြိမ်ကြိမ် ခွဲခွာနေရခြင်း ဆိုတာတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ စတင်ခဲ့ရတဲ့ ကိုယ်တို့ဇာတ်လမ်းလေးမှာ လက်ဆုပ်လက်ကိုင် ပြစရာအဖြစ် အလွမ်းတွေချည်းပဲ ကျန်ရစ်ခဲ့တယ်။ ဒါတွေဟာ နှစ်ဦးကြားက သံယောဇဉ်များရဲ့ ပြယုဂ်လေလား။ ဒါမှမဟုတ် တွယ်ငြိခြင်းအစ သမုဒယပေလား။ ဘာပဲဖြစ်ဖြစ် ကိုယ် မချည်ခဲ့တဲ့ကြိုးကလေး မင်းဆီမှာလည်း မြဲခဲ့တယ်နော်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။


၃။

စပါးပင်နုနုလေးတွေရဲ့ စိမ်းစိုနေတဲ့ အရောင်မျိုးကိုမှ ချစ်တယ်ဆိုတဲ့ မင်းကြောင့် မိုးပြာရောင်ကိုပဲ နှစ်ခြိုက်ခဲ့တဲ့ ကိုယ်ဟာ ကိုယ် ကိုယ်တိုင်တောင် မသိလိုက်မိပါဘဲ အစိမ်းရောင်လေးတွေကို နှစ်သက်တတ်လာတယ်။ ဟောင်းနွမ်းသွားတဲ့ အိပ်ရာခင်းလေးကို အသစ်ပြောင်းတော့လည်း အစိမ်းနုရောင်စိုစိုလေး ကိုယ်ဝယ်မိတယ်။ အဖြူခံမှာ အစိမ်းရောင်လေးတွေ ရောယှက်ထားတဲ့ အားကစားဖိနပ်က ကြိုးကလေး ဆွေးမြေ့သွားတော့လည်း နဂို အဖြူရောင် ဖိနပ်ကြိုးကလေးတွေနေရာမှာ အစိမ်းရောင်ကြိုးကလေးတစ်စုံကို ပြောင်းလဲလိုက်မိတယ်။ ပြီးခဲ့တဲ့ နှစ်ဝက်တစ်ခုလုံး ကိုယ်ချိတ်ဆွဲထားခဲ့တဲ့ ရွှေအိုရောင် လိုက်ကာစတွေနေရာမှာ စိုပြီးတောက်နေတဲ့ မြက်ပင်စိမ်းရောင်ရှိတဲ့ လိုက်ကာတွေကို ရွေးချယ်ဝယ်ယူလဲလှယ်ချိတ်ဆွဲခဲ့မိတယ်။ နောက်ဆုံးကွာ .. မင်းအတွက် ရည်စူးပြီး ကိုယ်ထိုးခဲ့တဲ့ သိုးမွှေးတဘက်လေးကိုတောင် အစိမ်းရောင်ပဲ ဖြစ်စေခဲ့တာ မဟုတ်လား။ အဲသည်လိုမျိုး ကိုယ် ရူးတတ်ဖို့အထိ မင်းက တန်ခိုးကြီးခဲ့ပါတယ်။

၎။

“ ကိုယ့်ဖက်ကို မင်းက စတင်ပြီး ခြေတစ်လှမ်းစလှမ်းပါ။ ကျန်တဲ့ခြေလှမ်းပေါင်း မြောက်များစွာကို လှမ်းလာပါ့မယ် ” လို့ မာနကြီးကြီးနဲ့ ကိုယ်မပြောလိုဘူး။ “ ကိုယ့်ကို မင်း လက်ကမ်းပြီး နွေးနွေးထွေးထွေး ကြိုဆိုနေမှာပါ ” လို့သာ ဆိုလိုက်ပါ။ ခြေလှမ်းပေါင်း ထောင်သောင်းမကလို့ ကုဋေ၊ကုဋာ ဖြစ်နေပါစေ၊ အဲဒီမိုင်ထောင်ချီခရီးရှည်ကို အပြုံးအပျက် ကိုယ်လှမ်းခဲ့ပါ့မယ်။

၅။

ကိုယ်က ဘယ်လို စည်းဘောင်မျိုးနဲ့မှ မင်းနဲ့ကိုယ့်ကြားက သံယောဇဉ်တွေကို အကျဉ်းမချရက်ဘူး။ ဒါကြောင့် ကိုယ်တို့ရဲ့ တွယ်တာမှုတွေကို တိတိကျကျ နာမည်တစ်ခုပေးပြီး အမျိုးအမည် မသတ်မှတ်လိုက်ချင်ပါနဲ့နော်။ တစ်ယောက်ကို တစ်ယောက် နားလည်သထက် နားလည်နိုင်အောင်သာ ကြိုးစားကြစို့ပါ။

၆။

မင်းရဲ့စိတ်တွေ အစဉ်ကြည်လင်နေစေဖို့ ဆန္ဒပြုတယ်။ မင်းဟာ အမြဲတမ်း ပြုံးရယ်နေနိုင်သူ ဖြစ်ဖို့ ဆုမွန်ကောင်းတွေ တောင်းမယ်။ ကိုယ်ဟာ ပျော်ရွှင်မှုတွေချည်း ဖန်တီးပေးနိုင်သူဖြစ်ဖို့ အမြဲကြိုးစားနေမယ်။ မင်းဘဝရဲ့ အထိမ်းအမှတ်နေ့ရက်ကလေးကနေ နောင်နေ့ရက်တွေတိုင်းကိုလည်း “ ချမ်းမြေ့စွာ ဖြတ်သန်းနိုင်မယ်၊ ဆန္ဒတွေနဲ့ ထပ်တူကျစွာ ဘဝနေ့ရက်တွေဟာ တစ်ရက်ပြီးတစ်ရက် လည်ပတ်ရောက်ရှိလာလိမ့်မယ် ” လို့ ကိုယ် ယုံကြည်တယ်။

၇။

ပြီးတော့ ဆောင်းရာသီတစ်ခုလုံးမှာ မှုန်မှုန်မှိုင်းမှိုင်းဖြစ်နေမယ့် မင်းအိမ်ရှေ့က မြင်ကွင်းတွေကို လက်ဆောင်အဖြစ် ကိုယ်ပေးချင်တယ်။ အဲတာဟာ ကိုယ်ပေးတဲ့ လက်ဆောင်ဖြစ်လို့ မင်းနှစ်သက်မယ်ဆိုရင် အဲဒီမှုန်မှိုင်းမှုကြောင့် စိတ်လေးမိတယ်ဆိုတဲ့ ခံစားချက်တွေ ကျေးဇူးပြုပြီး မရှိပါနဲ့တော့နော်။

၈။

ဟောဒီစာပိုဒ်ကိုတော့ မင်းနှလုံးသားနဲ့ ဖတ်ပါကွယ်။

“ …………………………………………………………………………………………………………………………
…………………………………………………………………………………………………………………………..
…………………………………………………………………………………………………………………………..
……………………………………………………………………………………………………………………………
………………………………………………………………………… ”

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

( Shmily! ဟာ ဝတ္တုတို သို့ စာစု ဘာတစ်ခုမှ မဟုတ်ပါဘူး။ အမှတ်တရတစ်ခုအတွက်
 ရေးခြင်းဖြစ်ပါတယ်။ S-H-M-I-L-Y ဆိုတဲ့ ခေါင်းစဉ်နဲ့ Chicken Soup For The Soul စီးရီးက ဝတ္တုတိုတစ်ပုဒ်လည်း ရှိနေပါတယ်။ ပြီးတော့ မြတ် ခရီးသွားနေတုန်း နေ့စဉ်နေ့တိုင်း ဘလော့ကို လာရောက်လည်ပတ်ခဲ့ကြတဲ့သူတွေ အားလုံးကို ကျေးဇူးအထူးတင်ပါလို့ .. အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ပါစေရှင်။  ၂၆.၁၀.၂၀၁၂ ) 

ဒီပို့စ်လေးအောက်မှာ အမှတ်တရ ကော်မန့်ကလေးများ ချန်ပေးသွားတဲ့ စာဖတ်သူ မိတ်ဆွေအပေါင်းကို ကျေးဇူးတင်ပါတယ်။ အမှတ်တရ ပို့စ်ကလေးဖြစ်တာကြောင့် ကော်မန့်လေးကိုလည်း အမှတ်တရအနေနဲ့ သိမ်းထားလိုက်ပြီး ဒီနေရာလေးမှာ ဖော်ပြမပေးလိုက်တာကို နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်။ (၁၁.၁၁.၂၀၁၂)


13 comments:

Anonymous said...

မမြတ် ကြိုက်နှစ်သက်ခဲ့တဲ့ အပိုဒ်လေးတွေ ရှိခဲ့တယ် ။ :)

စံပယ်ချို said...

အမှတ်တရလေးကို
ရင်ဘတ်ထဲက မှတ်မှတ်ရရ ဖြစ်နေပါပြီ
(ဝေးကွာခြင်း၊ ဝေးရခြင်း၊ အကြိမ်ကြိမ် ခွဲခွာနေရခြင်း ဆိုတာတွေ တပွေ့တပိုက်ကြီးနဲ့ စတင်ခဲ့ရတဲ့ ကိုယ်တို့ဇာတ်လမ်းလေးမှာ လက်ဆုပ်လက်ကိုင် ပြစရာအဖြစ် အလွမ်းတွေချည်းပဲ ကျန်ရစ်ခဲ့တယ်)
တိုက်ဆိုင်၏
(စပါးပင်နုနုလေးတွေရဲ့ စိမ်းစိုနေတဲ့ အရောင်မျိုးကိုမှ ချစ်တယ်ဆိုတဲ့ မင်းကြောင့် မိုးပြာရောင်ကိုပဲ နှစ်ခြိုက်ခဲ့တဲ့ ကိုယ်ဟာ)
တိုက်ဆိုင်ပြန်တယ်။
နှလုံးသားနဲ့ဖတ်ခဲ့တာပါမြတ်ရေ
ချစ်တဲ့ jasmine

သူရိန် said...

ဒီလိုမျိုးလေးတွေ ရေးတတ်လိမ့်မယ်လို့ မထင်ထားဘူး။ ရင်တွင်းဖြစ်တွေမို့ထင်ပါရဲ့ ခါတိုင်းနဲ့မတူ တမူထူးခြားနေလိုက်တာ။ ဖတ်ရတာ ကြည်နူးဖို့ကောင်းတယ်။

လေးစားလျက်
သူရိန်

Ye Lin Myat said...

ပန်းနွယ်ရေ .. ပန်းနွယ်ရဲ့ သူ ပျော်ရွှင်ပါစေ။

UK said...

Hi Thamee,

This is cute. I thought you said you won't post anything related to personal???? Just kidding.. be happy as usual, Thamee.

3rdthameetaw said...

မှတ်စုတိုလေးတွေရေးဖွဲ့ထားတာ ဖတ်သွားတယ် မြတ်ရေ
အနှစ်သာရ လေးတွေ ကောင်းလိုက်တာ

မိုးသူ(တောင်ကြီး) said...

မမမြတ်ရေ

သေချာဖတ်၇ှုသွားပါတယ်ဗျ

Anonymous said...

မမြတ်ရေ .. ဘာလိုလိုဖြစ်သွားခဲ့ရပါတယ်ရှင့်

Yoemyaykya said...

“ ကိုယ့်ဖက်ကို မင်းက စတင်ပြီး ခြေတစ်လှမ်းစလှမ်းပါ။ ကျန်တဲ့ခြေလှမ်းပေါင်း မြောက်များစွာကို လှမ်းလာပါ့မယ် ” လို့ မာနကြီးကြီးနဲ့ ကိုယ်မပြောလိုဘူး။
အစ်မမြတ်ရဲ့စာသားတွေတကယ်မိုက်တယ်။ ဒါနဲ့အစ်မလုံးချင်းစာအုပ်ထွက်ရင်ပြောဦးနော်။အစ်မစာအုပ်ဖတ်ပြီးအကြံပေးချင်လို့ပါအစ်မရေ။

ဆူးသစ် said...

ခံစားချက်တွေဖတ်သွားတယ်။မမြင်ရတဲ့စာတွေကတော့ဖတ်စေချင်တဲ့သူကနားလည်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။

မိုးနတ်ကြယ်စင် said...

မ..မ..အဲလို နူးညံ့တဲ့ စကားလုံးအသုံးအနှုန်းလေးတွေ
က ညလေးကိုအမြဲလိုလိုကြွေစေခဲ့တာ...
ဆက်ရေးပါရစေဗျာ....မရေးတဲ့စာတိုင်းကို
ရူးသွပ်စွာနဲ့ကို အားပေးနေတော့မှာ..
ခုချိန်ထိလဲ သိစကနေ ရူးသွပ်စွာနဲ့ အားပေးနေခဲ့တာပါ
မက စာရေးကောင်းတယ်..ဘယ်လိုပြောရမလဲ
မ စာတွေက စာဖတ်သူကို ဆွဲဆောင်နိုင်တယ်..
ဒိထက်ပိုပြီး ပြောစရာစကားမရှိတော့ဘူးဖြစ်နေတယ်

ညီလင်းနိုင် said...

လတ်ဆတ်တဲ့ ရေးဖွဲ့မှုတွေထဲ

ပျော်ဝင် စီးမျောခဲ့ပါတယ်ဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

Tay Zar said...

ဒီပို့စ်လေးကို သဘောကျမိတယ်။ ))