Thursday 16 May 2013

သစ္စာဖြင့်လိမ်းကျံအပ်သောမုသား (တစ်ခွန်း)


“ ကဲ.. ဘယ်သူ့မြေပုံလေး အလှဆုံးလဲဆိုတာ သိချင်နေကြပြီလား .. ”

“ ဟောဒီအရုပ်ကလေးရဲ့ ပိုင်ရှင် ဘယ်သူဖြစ်မယ်လို့ထင်လဲ။ ”

ဆရာမက အတန်းထဲ ဝင်လာလာချင်း ကြွေနဲ့လုပ်ထားတဲ့ ယုန်ရုပ်ဖြူဖြူလေးကို ခြင်းတောင်းထဲကနေ ထုတ်ပြီး စားပွဲပေါ်တင်ရင်း ပြောတယ်။

“ ရင်တွေခုန်လိုက်တာ။ ဒီအရုပ်လေးကို ငါလိုချင်တယ်။ ငါ ရမှပါ့မလား။ ငါ ရပါစေ။
ရင်မောရလွန်းလို့ အာခေါင်တွေတောင် ခြောက်လာပြီ။ ရေဆာလိုက်တာ။ အရုပ်လေးက သိပ်ချစ်ဖို့ကောင်းတယ်။ ဆုရသူဟာ ငါ ဖြစ်ပါစေ။ ”

ချစ်မိုးစွေ စိတ်ထဲမှာ တဖွဖွ ဆုတောင်းနေမိတယ်။

“ ကဲ အလှဆုံး မြေပုံလေးဆွဲနိုင်တဲ့ .. ”


ဆရာမက မြေပုံဆွဲထားတဲ့ စာရွက်လေးတွေကို တစ်လှည့်၊ အတန်းထဲကို တစ်လှည့် မျက်လုံးဝှေ့ကြည့်ရင်း ပြောမယ့်စကားကို မပြောသေးဘဲ ရပ်တန့်ထားတယ်။


“ ဆရာမရယ်.. ပြောမှာ ချက်ချင်းပြောပါ။ ဘာဖြစ်လို့များ အသည်းယားအောင် လုပ်ချင်နေရတာလဲ။ ဒီမှာ မောလှပါပြီ။ ”

“ ပြည့်စုံစံ ရှေ့ထွက်ခဲ့ပါ။ ”

ဟင်.. ပြည့်စုံစံ။ အရုပ်ကလေးကို သူရတော့မယ်။ ငါ မရဘူး။ သိပ်ချစ်ဖို့ အရုပ်လေးကို ငါမရဘူး။ ဟင့်အင်း။ ဟင့်အင်း။ အဲလိုမလုပ်ပါနဲ့။ ဆရာမရယ်.. သေသေချာချာလေး ပြန်ကြည့်ပေးပါဦး။ သမီးမြေပုံလေးက တကယ်ပဲ သူ့မြေပုံလေးလောက် မလှလို့လားဟင်။

အသံတိတ် အော်နေမိတဲ့ ချစ်မိုးစွေအော်သံတွေကို ဘယ်သူမှ မကြားကြဘူး။

ပြည့်စုံစံက ဆရာမ လက်ထဲက အရုပ်လေးကို တရိုတသေလေး လှမ်းယူလိုက်တယ်။ ပြီးတော့ ယုယုယယလေး ပိုက်ထားပြီး သူ့နေရာမှာ သူ ပြန်သွားထိုင်တယ်။ ပြည့်စုံစံရယ်.. နင် သိပ်ပျော်နေမှာပေါ့နော်။ ဟုတ်လား။ အရုပ်လေးကို နင်ရသွားတာလေ။ ဒါပေမယ့် နင့်မြေပုံက ငါ့မြေပုံလေးထက်လှတာ သေချာရဲ့လားဟယ်။ နင်က ငါ့လောက်မှ ပုံဆွဲ မတော်တာ။

“ ဒါ ဆရာမ မတရားတာ။ ဟုတ်တယ်။ ဆရာမ မတရားဘူး။ ဆရာမ ညစ်တယ်။ ဆရာမ ဘက်လိုက်တယ်။ ”


အသံကုန် အော်သစ်ရင်း ဝုန်းကနဲ ထထိုင်လိုက်မိတယ်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မဲတိတ်ဆိတ်လို့။ ပြီးတော့ ပူလောင်အိုက်စပ်မှု။ နွေညရဲ့ အပူခိုး၊ အပူငွေ့တွေက အိပ်ခန်းထဲမှာ လောင်မြိုက်နေတယ်။ ချစ်မိုးစွေ တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနစ်နေတာပဲ။ ဒါဆို စောစောက ဖြစ်ပျက်ခဲ့သမျှတွေဟာ အိပ်မက်ပေါ့။ ဟုတ်တယ်။ စောစောက  ငါ အိပ်မက် မက်နေခဲ့တာပဲ။ ဟင်း … တော်ပါသေးရဲ့။
သက်ပြင်းရှည်ကြီးတစ်ခုကို အားရပါးရ မှုတ်ထုတ်ပစ်လိုက်တယ်။ အခုမှပဲ စိတ်သက်သာရာရတော့တယ်။

အမှောင်ထဲကနေ ရေအိုးစင်ရှိရာကို ထသွားပြီး ရေတစ်ခွက် ခပ်သောက်လိုက်တယ်။ သဲအိုးထဲက ရေက အေးလိုက်တာ။ ပူလောင်အိုက်စပ်နေခဲ့သမျှ အခုမှပဲ နေသာသွားတော့တယ်။  

အိပ်ရာထဲမှာ ပြန်လှဲရင်း အိပ်မက်ကို ပြန်စဉ်းစားကြည့်မိတယ်။ အိပ်မက်ထဲမှာ နေ့လည်က ဆရာမ ယူလာပြခဲ့တဲ့ ယုန်ရုပ်ဖြူဖြူလေးကို မရလို့ ငါ စိတ်တွေတိုနေခဲ့တာပဲ။ နောက်တစ်ပတ်ကျောင်းဖွင့်ရင် အတန်းထဲမှာ မြန်မာပြည်မြေပုံကို အလွတ်ဆွဲခိုင်းပြီး အလှဆုံး ဆွဲနိုင်သူက အဲဒီ အရုပ်လေးကို ရမယ်လို့ ဆရာမ ပြောခဲ့တယ်။ ငါ့နှယ်နော် .. အရုပ်ကလေးကို စိတ်စွဲလမ်းပြီး အိပ်မက်တွေတောင် မက်နေမိပါလား။

ကြွေရုပ်ကလေးက သိပ်ချစ်ဖို့ကောင်းတယ်။ အဖြူရောင်လေး။ ယုန်ကလေးရဲ့ နားရွက်အတွင်းသားနေရာလေးတွေမှာ ပန်းနုရောင်ကလေးတွေ ခြယ်ထားတယ်။ သူ့မျက်လုံးလေးတွေကလည်း ပြုးကျယ်ပြီး ဝိုင်းစက်နေလိုက်တာ။ တအားကိုချစ်ဖို့ကောင်းတာပဲ။ လိုချင်လိုက်တာလေ။ ဒါပေမယ့် အမေက ဘယ်တော့မှ ဝယ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ ဝယ်ပေးချင်တယ် ဆိုရင်တောင် ဝယ်ပေးနိုင်တဲ့ ပိုက်ဆံ အမေ့မှာမှ မရှိတာ။ ဒီတော့ အရုပ်လေးရမယ့် အခွင့်အရေးကို ငါ အဆုံးရှုံး မခံနိုင်ဘူး။ နောက်တစ်ပတ်မှာ အလှဆုံး မြေပုံလေးဆွဲနိုင်သူဟာ ချစ်မိုးစွေပဲ ဖြစ်ရမယ်။

ဒါတွေ တွေးပြီး အိပ်ရာဝင်ခဲ့လို့လည်း အခုလို ကယောင်ချောက်ချား အိပ်မက်တွေ မက်ခဲ့ရတာပေါ့။

ဘာပဲဖြစ်ဖြစ် အိပ်မက်ထဲကလိုတော့ မဖြစ်စေရဘူး။ လုံးဝလည်း အဖြစ် မခံနိုင်ဘူး။ မြေပုံလေးကို အလှဆုံးလေး ဆွဲနိုင်အောင် ဒီပိတ်ရက် ၂ရက်စလုံးမှာ
သေသေချာချာလေး လေ့ကျင့်ရမယ်။ ပြီးတော့ ပြည့်စုံစံ၊ သူက ငါလောက် ပုံဆွဲမတော်ပါဘူး။ ဒီတော့ အဲဒီအရုပ်လေးကို  ငါ ရကို ရရမယ်။ အရုပ်ကလေးကို ဆရာမလက်ထဲကနေ ဂုဏ်ယူစွာ လှမ်းယူလိုက်သူဟာ ငါပဲဖြစ်ရမယ်။ ဒါမှ ငါ့ကို ပြည့်စုံစံ ခိုင်းဖတ်ဆိုပြီး ကွယ်ရာမှာ အတင်းပြောကြတဲ့သူတွေ အံ့သြသွားမှာ။ သူတို့လို ပိုက်ဆံမရှိပေမယ့် သူတို့ထက် သာတဲ့နေရာတော့ ရှိနေသေးတယ်ဆိုတာကို သူတို့တတွေ သိသွားစေရမယ်။ ငါ့ကို ထပ်ပြီးအထင်မသေးစေရဘူး။ ငါ့ကို ချီးကျူးစေရမယ်။

vvv

“ ချစ်မိုး .. အပြင်မှာ မိုးဖွဲဖွဲလေးတွေ ကျနေတယ်သိလား။ ငါကလေ မုန့်ဈေးတန်းက အချဉ်ပေါင်းစားချင်တာ။ အဲတာ ငါ့ကို  နင် သွားဝယ်ပေး။ နင့်ကိုငါ တစ်ရာပေးမယ်။ ”

တံမြက်စည်းရိုးမှာ ပတ်ထားတဲ့ ရောင်စုံ ပလတ်စတစ်ကြိုးလေးကို ခွာပြီး လက်စွပ်လေး ကျစ်နေရာကနေ ပြည့်စုံစံကို မော့ကြည့်လိုက်မိတယ်။ ချစ်မိုးစွေ ခုံဘေးမှာ မတ်တပ်ရပ်နေတဲ့ ပြည့်စုံစံက ချစ်မိုးစွေကို အထက်စီးဆန်ဆန် စိုက်ကြည့်နေတယ်။ သူ့အကြည့်တွေထဲမှာ ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတယ် အရိပ်ယောင်တွေ။ သူ့မိဘတွေက တအားချမ်းသာတယ်။ ပြည့်စုံစံအတွက် အပေါဆုံးက မိဘတွေဆီကနေ လွယ်လွယ်ရနေတဲ့ ပိုက်ဆံပဲဖြစ်မှာ။

အခုလည်းကြည့်လေ။ မုန့်ဝယ်ပေးရင် တစ်ရာပေးမှာတဲ့။ မုန့်ဈေးတန်းနဲ့ လေးတန်းကျောင်းခန်းနဲ့က ဝေးမှမဝေးဘဲ။ မိုးဖွဲလေးတွေ နည်းနည်း ကျနေတာပဲရှိတာ။ ပြီးတော့ တစ်ရာဆိုတာ နည်းမှမနည်းတာ။ နှစ်ရာဆိုရင် ဗလာစာအုပ်တစ်အုပ်တောင် ဝယ်လို့ရနေပြီ။ ဒါဆို အမေတို့ စာအုပ်တစ်အုပ်ဖိုး သက်သာသွားမှာပေါ့။ ငါ သွားဝယ်ပေးရင် ကောင်းမလား။

“ တစ်ရာပေးမှာလို့ ပြောနေတာတောင် မလုပ်ချင်လည်း နေပေါ့။ တစ်ခြားလုပ်ချင်တဲ့သူ သွားရှာတော့မယ်။ ပိုက်ဆံပေးပြီးခိုင်းရင် လုပ်ချင်တဲ့သူတွေမှ တစ်ပုံကြီး။ ”

ပြည့်စုံစံက စိတ်မရှည်တော့ဘဲ လှည့်ထွက်ဖို့ ပြင်တယ်။

“ ငါ သွားပါ့မယ်ဟ။ နင်ကလည်း။ စိတ်ချည်းပဲ။ ပေးပေး နင့်ပိုက်ဆံ။ ”

ပြည့်စုံစံက မျက်စောင်းတစ်ချက်ထိုးပြီး သူ့ လက်ထဲက ပိုက်ဆံကို ဆောင့်ကြီးအောင့်ကြီးနဲ့ ပေးတယ်။

“ ရော့ .. အချဉ်ပေါင်းသုံးရာဖိုးဝယ်ပေး။ အစုံထည့်ခိုင်းနော်။ ပိုတာ နင်ယူလိုက်။ ”

သူ လှမ်းပေးတဲ့ နှစ်ရာတန် နှစ်ရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မိုးဖွဲလေးတွေကြားထဲ ပြေးထွက်လာခဲ့တယ်။ မိုးပွင့်ကလေးတွေက နူးညံ့လိုက်တာ။

vvv

အဲသည်နောက်ကစပြီး ချစ်မိုးစွေက ပြည့်စုံစံရဲ့ လက်စွဲတော် ဖြစ်လာခဲ့တယ်။

“ နေပူလို့ မုန့်သွားဝယ်ပေးဦး။ ”

“ မိုးတွေရွာနေပြန်ပြီ.. အသုပ်ဝယ်ပေးဦး။ ”

“ မနက်ဖန် ငါ့အစား ကျောင်းစောစောလာပြီး နင် သန့်ရှင်းရေး လုပ်ရမှာနော်။ ”

ချစ်မိုးစွေက ပြည့်စုံစံအတွက် တစ်ခါတစ်လေ မုန့်ဝယ်ပေးရာကနေ နောက်ဆုံး ပြည့်စုံစံတို့ အသင်း သန့်ရှင်းရေးလုပ်ရမယ့်နေ့တိုင်း သူ့အစား သန့်ရှင်းရေးလုပ်ပေးသူပါ ဖြစ်လာခဲ့တယ်။

အခုဆို စာအုပ်လည်း အမေ့ကို ခဏခဏ ဝယ်ခိုင်းစရာ မလိုတော့ဘူး။ ကျောင်းကကောက်တဲ့ ဘာကြေးညာကြေးတွေလည်း အမေ့ဆီကနေချည်း အမြဲတောင်းစရာ မလိုတော့ဘူး။ ပြည့်စုံစံ ဆီက ရသမျှ ပိုက်ဆံတွေကို မုန့်ဝယ်မစားဘဲ စုထားပြီး လိုအပ်တဲ့အခါတိုင်း ထုတ်သုံးတယ်။ အဲသည်လို သူခိုင်းသမျှ လုပ်ပေးနေခဲ့မိတာ ချစ်မိုးစွေက အမေ့ကို သနားလို့ပါ။

အမေ့ကို ချစ်မိုးစွေ သိပ်သနားတာပဲ။ အမေ့မှာ တစ်နေ့တစ်နေ့ သိပ်ပင်ပန်းရှာတာ။ တစ်နေကုန် ပန်းရန်အလုပ်လုပ်ပြီး ညဖက်ပြန်လာရင်လည်း အဖေ့ဒဏ်ကို ခံရသေးတာ။ အဖေက တအားမူးလာပြီဆို အမေ့ကို ရိုက်လားနှက်လားနဲ့ လက်ပါတတ်သေးတယ်။ အမေကတော့ အဖေလုပ်သမျှကို ငုံ့ခံနေတာချည်းပဲ။ အဖေ မူးပြီး သောင်းကျန်းပြီဆို ချစ်မိုးစွေက အိပ်ချင်ယောင်ဆောင်နေတတ်တယ်။ ကြောက်လွန်းလို့ ထမကြည့်ရဲပါဘူး။ တစ်ခါတစ်လေတော့ မျက်လုံးဖွင့်ပြီး ခိုးကြည့်မိတယ်။ အဖေက ခေါင်းကြီး ငိုက်စိုက် ငိုက်စိုက်နဲ့ မတ်မတ်တောင် မထိုင်နိုင်ဘူး။ ကိုယ်လုံးကြီးကလည်း ဒေါင်ချာစိုင်းနေသေးတယ်။ အမေကတော့ အဖေ့နားမှာ ခပ်ရို့ရို့လေး ထိုင်လို့။ အဲသည်လို မြင်ရတိုင်း ချစ်မိုးစွေ အဖေ့ကို စိတ်တိုတယ်။ အမေ့ကို မကူညီရဲတဲ့ ကိုယ့်ကိုယ်ကိုလည်း စိတ်တိုတယ်။ အမေ့နှယ်နော် .. ဘာကြောင့်များ အဖေ့ကို တအားကြောက်ရတာပါလိမ့်။ အဖေက လူကောင်ကြီးနေလို့လား။ အမေက သိပ်ပိန်တယ်လေ။ အမေ့ကို သိပ်လည်း သနားတယ်။ သိပ်လည်းချစ်တယ်။ အမေသက်သာမယ်ဆို ဘာမဆို ကူညီချင်တယ်။

ဒါကြောင့်လည်း ပြည့်စုံစံခိုင်းသမျှကို ဖင်ပေါ့ပေါ့နဲ့ လုပ်ပေးနေမိတာပါ။ ပြည့်စုံစံက  သူ စိတ်ကြည်လင်နေတဲ့နေ့ဆို ရယ်ရယ်မောမောနဲ့ ခိုင်းတယ်။ တစ်ရာထက်လည်း ပိုပေးတတ်တယ်။ သူ့စိတ် သိပ်မကြည်လင်တဲ့နေ့မျိုးဆိုရင်တော့ စူပုပ်ပုပ်နဲ့ ခိုင်းတတ်တယ်။ တစ်ရာ ပြည့်အောင်လည်း ပေးချင်မှလည်း ပေးတယ်။ ဒါပေမယ့် သူပေးသလောက်ယူပြီး ချစ်မိုးစွေက လုပ်ပေးလိုက်တာပဲ။ ရသမျှ ပိုက်ဆံလေးတွေကိုတော့ သင်္ချာစာအုပ်ကြားထဲ ညှပ်ထားပြီး သေသေချာချာလေး သိမ်းထားရတယ်။ ပိုက်ဆံလေးတွေကလည်း ဘယ်လောက် သိမ်းသိမ်း စုမိတယ်ကို မရှိပါဘူး။ နည်းနည်းလေး စုမိလိုက် စာအုပ်ဝယ်ရလိုက်၊ ခဲတံဝယ်ရလိုက်၊ ကျောင်းကကိစ္စတစ်ခုခုကြောင့် ပိုက်ဆံကောက်တာကို ထည့်ရလိုက်နဲ့မို့ အမြဲကုန်တာပါပဲ။ တစ်ခါတစ်လေ စာအုပ်ကုန်ခါနီးလာလို့ စာအုပ်ဖိုး မပြည့်သေးရင်တောင် ပြည့်စုံစံအခိုင်းကို မျှော်နေမိတာ။ငွေပေးပြီး အခိုင်းခံရမှာကို အဲသည်လောက်ထိ မက်လာခဲ့မိတာ။

အမေ့ကိုတော့ “ ပြည့်စုံစံက သမီးကို သနားလို့ ကုန်သမျှ စာအုပ်တိုင်း ဝယ်ပေးတယ် ” ဆိုပြီး ညာထားရတယ်။ တကယ်တော့ အမေ့ကို မညာချင်ပါဘူး။ ဒါပေမယ့် သူများခိုင်းသမျှကို ပိုက်ဆံယူပြီး လုပ်ပေးနေတယ်ဆိုတာသိရင် အမေ ဘယ်စိတ်ကောင်းမှာလဲ။ ဒီတော့ မညာချင်လည်း ညာလိုက်ရတော့တယ်။

ဒီလိုမျိုး ပြည့်စုံစံ ခိုင်းသမျှ လုပ်ပေးရတာကို ရှက်စရာ၊ သိမ်ငယ်စရာ တစ်ခုဖြစ်မယ်လို့ အစက ချစ်မိုးစွေ လုံးဝ မထင်ထားခဲ့ဘူး။ ဒါကြောင့်လည်း သူခိုင်းသမျှတွေ အကုန် လုပ်ပေးခဲ့တာပေါ့။

အခုတော့ အမေ့ကို ကူညီချင်တဲ့ စိတ်ကြောင့် သူ ခိုင်းသမျှ လုပ်ပေးခဲ့မိတာတွေဟာ နောက်ကွယ်ရာမှာ ဟားရယ်စရာတစ်ခု ဖြစ်နေခဲ့တယ်တဲ့။  ပြည့်စုံစံ ဝယ်ခိုင်းတဲ့ ရှောက်သီးသုပ်ဝယ်ပြီး ပြန်အလာ အတန်းထဲ မဝင်ခင် ချစ်မိုးစွေအကြောင်း အတင်းပြောနေတာကို ကြားလိုက်ရတယ်။ ပြည့်စုံစံ ခုံဘေးမှာ အတန်းထဲက မိန်းကလေး လေးငါးယောက်က စုထိုင်နေကြပြီး ချစ်မိုးစွေ အကြောင်းတွေ ပြောနေကြတာ။

“ နင့်ခိုင်းဖတ် ပြန်မလာသေးဘူးလား။ ”

“ ခိုင်းဖတ်.. ဟားဟား .. အေးနော်.. သူက နင်ခိုင်းသမျှ အကုန်လုပ်ပေးတယ်။ ”

“ လုပ်ပေးမှာပေါ့။ နင်က ပိုက်ဆံပေးခိုင်းတာကိုး။ ”

“ ပိုက်ဆံရလို့လည်း သူလုပ်တာပေါ့ဟ။ သူတို့က တအားဆင်းရဲတာ။ ”

“ ဟဲ့.. သူ့အိမ်က မုန့်ဖိုးမှ မပေးနိုင်တာ။ သူ့အမေကလည်း ပန်းရန်သည်။ ဒီတော့ ပိုက်ဆံရနေသရွေ့ နင်ခိုင်းသမျှကို အရှက်မရှိ လုပ်ပေးမှာပဲလေ။ ဟားဟား .. ”

သူတို့ရဲ့ စကားသံတွေက ချစ်မိုးစွေ နားထဲကို ခါးခါးသီးသီး ဝင်ရောက်လာခဲ့တယ်။ ခိုင်းဖတ်တဲ့ .. ၊ အရှက်မရှိဘူးတဲ့။ တံခါးရွက်နားကွယ်မှာ ပုန်းပြီး ရပ်နေရာကနေ အတန်းထဲကို ဝုန်းကနဲ ဝင်သွားမိတယ်။

ရှောက်သီးသုပ်ထုပ်ကို ပြည့်စုံစံရှေ့ ပစ်ချလိုက်ပြီး သူတို့အားလုံးကို အစိမ်းကားဆုံး ကြည့်ပစ်လိုက်တယ်။

“ နင်တို့ ဘာလို့ ငါ့ကွယ်ရာမှာ ငါ့အတင်းပြောတာတုန်း .. ကွယ်ရာမှာ သူများအတင်းပြောတာ မရှက်ဘူးလား။ ”

“ အံမာ.. ငပြူးကများ ပြဲရတယ် ရှိသေး။ ငါတို့က မဟုတ်တာ ပြောနေတာမှ မဟုတ်တာ။ ဟုတ်တာကိုပဲ ပြောနေတာ..။ ခိုင်းဖတ်မို့ ခိုင်းဖတ်လို့ပြောတာ ဘာဖြစ်လဲ။ ”

“ ခိုင်းဖတ်ဆိုတော့ရော ဘာဖြစ်လဲ။ နင်တို့အရေးလား။ နင်တို့ အသားပဲ့ပါသွားလို့လား။ ”

“ အေးပါ။ နင် အရှက်မရှိဘဲ သူများ ခိုင်းသမျှ လုပ်တာက ငါတို့အပူမဟုတ်ပါဘူး။ ဒါပေမယ့် ခိုင်းဖတ်မို့ ခိုင်းဖတ်လို့ ပြောတာလေ။ ငါတို့ ဘာမှားလို့လဲ။ ”

“ နင့်ကွယ်ရာမှာတင် မဟုတ်ဘူး။ နင့်ရှေ့မှာလည်း ပြောတယ်ဟယ်။ ခိုင်းဖတ်မ။ ခိုင်းဖတ်မ။ ”

“ နင်တို့ကလည်းဟယ် သူ့လို တစ်လုံးချိုင့်မ၊ အမွဲမနဲ့ တုပြီး ပြောမပါနဲ့။ ကိုယ်နဲ့ အဆင့်အတန်းချင်း မတူသူနဲ့ ဖက်ပြီး ရန်ဖြစ်မနေပါနဲ့ဟာ။ ထားလိုက်စမ်းပါ။ ကျောင်းတောင် တက်တော့မယ်။ လာ .. ကိုယ့်နေရာကို ပြန်သွားမယ်။ ”


သူတို့တွေက တစ်ယောက်တစ်ခွန်း ကက်ကက်လန်အောင် ပြန်ပြောပြီး သူတို့နေရာဆီ သူတို့ ပြန်သွားကြတယ်။ ပြည့်စုံစံကတော့ ဘာတစ်ခွန်းမှ ဝင်မပြောဘဲ ချစ်မိုးစွေတို့ကို ကြည့်နေတယ်။ ချစ်မိုးစွေက နှုတ်ခမ်းကို အသားကုန်ဖိကိုက်ထားမိတယ်။ ဒူးတွေကလည်း တဆတ်ဆတ်တုန်နေတယ်။ အမြင်တွေလည်း ဝေဝါးလာတယ်။ မျက်ရည်တွေ စီးကျမလာအောင် ခေါင်းကိုမော့ပြီး မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်တယ်။

“ ပြည့်စုံစံ .. နောက်ဆို ငါ့ကို နင် ဘာမှ လာမခိုင်းနဲ့။ ငါလည်း ဘာမ လုပ်မပေးနိုင်တော့ဘူး။ နင်တို့တွေလည်း သေချာမှတ်ထား။ သူ့လို ငါ မချမ်းသာပေမယ့် စာမှာတော့ သူ့ထက် တော်စေရမယ်။ ငါ့ကို စောင့်ကြည့်နေကြ။ ”

ချစ်မိုးစွေ စကားကို သူတို့တတွေက မကြားသယောင် ဟန်ဆောင်နေကြပြီး သူတို့ အချင်းချင်း စကားဆက်ပြောနေခဲ့ကြတယ်။

အဲသည်ညက တစ်ညလုံး အိပ်ရာထဲမှာ ချစ်မိုးစွေ ငိုနေမိခဲ့တယ်။

vvv

အဲသည်လိုဖြစ်ပြီး ဆယ်ရက်လောက်ရှိတော့ ချစ်မိုးစွေမျှော်နေတဲ့ အခွင့်အရေး ပေါ်လာခဲ့တယ်။ ဆရာမက မြေပုံအလှဆုံး ဆွဲနိုင်သူကို ကြွေနဲ့လုပ်ထားတဲ့ ယုန်ရုပ်ဖြူဖြူကလေး ဆုချမယ်တဲ့။ အဲဒီဆုလေးကို ချစ်မိုးစွေ ရချင်တယ်။ ချစ်မိုးစွေဟာ အပြောနဲ့ အလုပ်ညီပါလား ဆိုတာကို သူတို့တွေ သိသွားစေရမယ်။ ဒါကြောင့်လည်း စနေ၊တနင်္ဂနွေ ပိတ်ရက် ၂ရက်စလုံးမှာ မြေပုံကလေးကို အထပ်ထပ် အဆွဲလေ့ကျင့်ခဲ့တယ်။

တနင်္ဂနွေညတုန်းကတော့ မလေ့ကျင့်လိုက်ရဘူး။ အမေက အလုပ်မှာ ခြေထောက်ဒဏ်ရာရလာခဲ့တယ်လေ။ သစ်သားစနဲ့ ခြေထောက်ကို ထိုးမိပြီး သွေးတွေ အများကြီးထွက်သွားတာတဲ့။ အဲဒါကြောင့်  အမေနဲ့အတူ ထမင်းဟင်းချက်ကူရတယ်။ ပြီးတော့ အမေ့အနားလေးမှာ အဖော်လုပ်ပြီး နေပေးခဲ့တယ်။ ညရောက်တော့ ခြေထောက်က အနာကြောင့်လား မသိပါဘူး။ အမေ ဖျားတယ်။ အမေ့ကို သနားလိုက်တာလေ။ “ အဖေက အမေ့ကို ဆေးခန်းပို့ပေးရင် သိပ်ကောင်းမှာပဲနော်..” လို့ ချစ်မိုးစွေ ပြောမိတော့ “ သမီး အဖေက ပိုက်ဆံရှိရင် ပို့ပေးမှာပေါ့ သမီးရယ် ” တဲ့။

vvv

ကျောင်းပြန်ဖွင့်တဲ့ တနင်္လာနေ့ တစ်မနက်လုံး ချစ်မိုးစွေ ရင်တွေ ခုန်နေခဲ့မိတယ်။ မုန့်စားကျောင်းဆင်းပြီး ကျောင်းပြန်တက်တော့ ဆရာမက မြေပုံအလွတ်ဆွဲခိုင်းဖို့ ချစ်မိုးစွေတို့ကို အချင်းချင်း နေရာပြောင်းပေးတယ်။ ဖြစ်ချင်တော့ ချစ်မိုးစွေနဲ့ ပြည့်စုံစံက ဘေးချင်းကပ်ရပ်ထိုင်ရတယ်လေ။ တစ်မနက်လုံး အကြည့်ချင်း မဆုံအောင် ရှောင်နေခဲ့မိပေမယ့် အခုတော့ ဘေးမှာထိုင်နေတဲ့ ပြည့်စုံစံကို ချစ်မိုးစွေ ပြုံးပြလိုက်ပါတယ်။

မြေပုံကလေးကို ၂ရက်လုံး လေ့ကျင့်ထားတာမို့ အခက်အခဲမရှိဘဲ ရှောရှောရှုရှုလေး ဆွဲလိုက်နိုင်တယ်။ ကိုယ်ဆွဲထားတာလေးကို ပြန်ကြည့်ပြီး သဘောကျလိုက်တာ။ မြေပုံလေးက သိပ်လှတာပဲ။  ပြည့်စုံစံ မြေပုံလေးကို မသိမသာလေး မျက်လုံးစွေပြီး ကြည့်လိုက်မိတယ်။ ဟဲဟဲ .. သူက ဆွဲလို့ မပြီးသေးဘူး။ သူ့ရဲ့ ရခိုင်ပြည်နယ်က သိပ်ကိုချိုင့်ဝင်နေပြီး ကချင်ပြည်နည်ဖက်မှာတော့ လိုတာထက် ကြီးနေလိုက်တာ။ တင်္နသာရီတိုင်းကလည်း တစ်ခြမ်းကျန်နေသေးတယ်။ ချစ်မိုးစွေ ခိုးပြီး ပြုံးလိုက်မိတယ်။

“ ကဲ .. ဆွဲနေကြနော်။ ဆရာမ သုံးတန်းဖက် ခဏသွားဦးမယ်။ ”

ဆရာမက အတန်းထဲကနေ ထွက်သွားတယ်။ မကြာခင်မှာ ဆရာမ ခြင်းတောင်းထဲက အရုပ်ကလေးကို ငါပိုင်တော့မယ်။ ဆရာမကလည်းနော် အရုပ်လေးကို စားပွဲပေါ် တင်ထားခဲ့မယ် မရှိဘူး။ ရပါတယ်လေ။ ခဏနေရင် ငါ့အရုပ်လေး ဖြစ်တော့မှာပဲဟာ။

မြေပုံလေးကို ဝအောင်ကြည့်ပြီးတော့ ပြည်နယ်နဲ့တိုင်း နာမည်တွေကို ဖြည့်ဖို့လုပ်လိုက်တယ်။ ခဲတံကလေးနဲ့ စာရွက်ကလေး ထိလုထိခင်မှာပဲ ပြည့်စုံစံက စကားလှမ်းပြောလာတယ်။

“ ချစ်မိုး.. နင့်မြေပုံလေးက သိပ်လှတာပဲ။ ငါ့မြေပုံကျ မလှဘူး။ ”

“ နင့်ပုံလေးလည်း လှပါတယ်ဟ။ ”

စိတ်ထဲက သိပ်မပါလှပေမယ့် သူ့ စိတ်ကျေနပ်အောင် ပြောလိုက်မိတယ်။

“ ငါလေ.. အဲဒီအရုပ်လေးကို သိပ်လိုချင်တာပဲ .. ”

ဟဲ့.. နင်လိုချင်ရင် ငါ့ကိုမျိုး မြေပုံကို လှအောင်ဆွဲပေါ့ဟဲ့။ ငတုံးမရဲ့။

စိတ်ထဲကနေ ကျိန်ဆဲပစ်လိုက်မိတယ်။

“ အဲတာလေ.. နင့်မြေပုံနဲ့ ငါ့မြေပုံ လဲပေးပါလား။ ငါ နင့်ကို တစ်ထောင်ပေးမယ်လေ။ ”

အံမယ်လေး.. တစ်ထောင်ပေးမယ်ဆိုပြီး လဲခိုင်းနေပါလား။ နင်ခိုင်းသမျှ လုပ်မယ့် ချစ်မိုးစွေ မဟုတ်တော့ဘူးဟဲ့။ နင့်ခိုင်းဖတ်လည်း မဟုတ်တော့ဘူး။ နင့်ထက်သာမှန်း ပြချင်လို့ ငါ့မှာ နှစ်ရက်လုံးလုံး ကြိုးစားပမ်းစား လေ့ကျင့်လာခဲ့ရတာ။ အချောင်လိုချင်လို့ရမလား ရေသာခိုမရဲ့။

စိတ်ထဲက စကားတွေကို မြိုသိပ်လိုက်တယ်။ ပြီးတော့ အသာအယာလေးပဲ ငြင်းဆန်လိုက်တယ်။

“ ဟင့်အင်း .. မလဲဘူး။ ”

ပြောပြီးပြီးချင်း မြေပုံလေးပေါ်ကို ခဲတံနဲ့ ထောက်လိုက်တယ်။ ပြည့်စုံစံက ချစ်မိုးစွေ လက်ကို အတင်းဆွဲထားတယ်။

“ နေပါဦးဟ။ ငါ နှစ်ထောင်ပေးပါ့မယ်။ လဲပါဟာ နော် ..။ ”

“ ငါလည်း အဲဒီအရုပ်လေး လိုချင်တယ် ပြည့်စုံစံ။ ဒါကြောင့် မြေပုံလှလှလေး ဆွဲတတ်ဖို့ ငါ မနည်း လေ့ကျင့်ခဲ့ရတာ။ ငါ မလဲချင်ဘူး။ ”

“ ငါ နင့်ကို သုံးထောင်ပေးမယ်ဟာ။ ငါ့မှာပါလာတာ အကုန်ပဲ။ သုံးထောင်ဆိုတာ အများကြီးနော်။ နင် မလိုချင်ဘူးလား။ နင် ငွေမလိုဘူးလား။ ဟင် ”

သုံးထောင် တဲ့။ ငွေမလိုဘူးလားတဲ့။

“တော်ပြီ.. ဘယ်လောက်ဖြစ်ဖြစ် ငါ မယူဘူး။ ငွေလည်း မလိုဘူး။ ”

ပြောဖို့ ကြံရွယ်လိုက်တဲ့ စကားလုံးတွေက နှုတ်ဖျားမှာတင် ကွဲကြေသွားကြတယ်။

ငွေလိုတယ်လေ။ အမေ့ကို ဆေးခန်းပြဖို့ ငွေလိုတယ်။ သုံးထောင်ဆိုရင် အမေဆေးခန်းပြလို့ရပြီ။ ငါ ဘာလုပ်သင့်လဲ။ အရုပ်လေးကို လိုချင်လိုက်တာ။ ပိုက်ဆံသုံးထောင်ကိုလည်း လိုချင်တယ်။ အို.. အမေဆေးခန်းပြဖို့ အဖေက ပိုက်ဆံရှာချင် ရှာလာမှာပေါ့။ ငါ့မြေပုံလေးကို ပိုက်ဆံနဲ့ လဲလိုက်တယ်ဆိုတာ သူများတွေ သိသွားရင် ငါ့ကို လှောင်ကြဦးမယ်။ ငွေရရင် ဘာမဆိုလုပ်တတ်လို့ ပြက်ရယ်ပြုကြဦးမှာ။ ငါ မလဲတော့ပါဘူးလေ..။ ဒါပေမယ့် အမေဆေးခန်းပြဖို့အတွက် လိုတဲ့ပိုက်ဆံကို အဖေက ရှာမလာခဲ့ရင် ဘယ်လိုလုပ်မှာလဲ။

ချစ်မိုးစွေ ဆုံးဖြတ်ချက် မချနိုင်ဖြစ်နေတယ်။ အရုပ်လေးကိုလည်း စိတ်မပြတ်ဘူး။ ပိုက်ဆံသုံးထောင်ဆီကိုလည်း စိတ်ကရောက်နေတယ်။ ဘာလုပ်ရမှာလဲ။

“ လဲပါနော်.. ချစ်မိုး။ နော်.. ရော့ ဒီမှာ ပိုက်ဆံ သုံးထောင်။ ယူနော်.. ပေး ပေး ..နင့်ပုံလေး ငါ့ကို ပေး.. ”

တစ်ထောင်တန် အသစ်စက်စက်လေး သုံးရွက်က ချစ်မိုးစွေရဲ့ မြေပုံလှလှလေးပေါ်မှာ။

ပိုက်ဆံကလေးကိုတွေတစ်လှည့် ပြည့်စုံစံရဲ့ မြေပုံလေးကိုတစ်လှည့် ကြည့်လိုက်မိတယ်။ အဲဒီအချိန်မှာပဲ ဆရာမရဲ့ ခြေသံလေးကိုပါ ကြားလိုက်ရတယ်။ စိတ်ပိုင်းဖြတ်ပြီး ပိုက်ဆံသုံးထောင်ကို လွယ်အိတ်ထဲ အမြန်ထည့်လိုက်တယ်။ ပြီးတော့ ပြည့်စုံစံလက်ထဲကို မြေပုံလေး ထည့်ပေးလိုက်ပြီး ပြည့်စုံစံရဲ့ မြေပုံလေးကို လှမ်းယူလိုက်တယ်။

အပြီးမသတ်သေးတဲ့ သူ့ရဲ့ မြေပုံလေးထဲကို စိတ်နှစ်ထားပြီး ပြီးအောင်ဆွဲလိုက်တယ်။ ပြည်နယ်နဲ့တိုင်း နာမည်လေးတွေကို ဖြည့်နေရင်း မြေပုံကလေးက ဝါးသထက် ဝါးလာတယ်။

မငိုရဘူး ချစ်မိုးစွေ။ နင်မငိုရဘူး ။ အရုပ်လေးထက် အမေက ပိုအရေးကြီးတယ်လေ။ အရုပ်လေးမရလို့ ဘာမှ မဖြစ်ဘူး။ ငွေရရင် ဘာမဆိုလုပ်တဲ့လူလို့ အပြောခံရလည်း အဲတာက အမေဆေးခန်းပြဖို့လောက် အရေးမကြီးပါဘူး။ နင်ပျော်စမ်းပါဟ။

ချစ်မိုးစွေ ကိုယ့်ကိုယ်ကို အားပေးလိုက်တယ်။ ပြီးတော့ မလှမပ မြေပုံကလေးကို တစ်ချက်ကြည့်ပြီး ဆရာမစားပွဲပေါ် မြန်မြန်လေး သွားထပ်လိုက်မိတယ်။

မြေပုံလေးတွေကို ဆရာမ အမှတ်ခြစ်နေပေမယ့် ချစ်မိုးစွေရင်တွေ ခုန်မနေတော့ဘူး။ အရုပ်ကလေးရဲ့ ပိုင်ရှင်ဟာ ပြည့်စုံစံပဲ ဖြစ်မှာပဲလေ။ ပြည့်စုံစံကို တစ်ချက်လှမ်းကြည့်လိုက်တော့ သူမတို့ အကြည့်ချင်း ဆုံသွားတယ်။ သူမက အရုပ်လေးကို ရတော့မယ်ဆိုပြီး ပျော်နေတာ အသိသာကြီးပါ။

“ ကဲ.. အလှဆုံးမြေပုံပိုင်ရှင်ကိုတော့ ဆရာမ ရွေးပြီးသွားပြီ။ ”

ဆရာမ အသံကြောင့် တစ်ခန်းလုံး ငြိမ်သက်သွားတယ်။ အားလုံးက ဆရာမ ပြောလာမယ့်စကားကို စိတ်ဝင်စားစွာနဲ့ နားတစွင့်စွင့်။

“ ဘယ်သူ့မြေပုံလေး အလှဆုံးလဲဆိုတာ မပြောခင် ဆရာမ မင်းတို့ကို တောင်းပန်စရာတစ်ခုရှိတယ်။ မင်းတို့ကို ဆုချမယ်ဆိုတဲ့ ကြွေရုပ်ကလေးက မနေ့ကပဲ ဆရာမ ကြောင်ကလေး တိုက်ချလိုက်လို့ ကွဲသွားတယ်။ အဲတာ မြေပုံမဆွဲခင် မင်းတို့ စိတ်ပျက်အားလျော့သွားမှာစိုးလို့ ဆရာမက ကြိုမပြောခဲ့တာ။ ဒါပေမယ့် ဆရာမက ဆုချမယ် ဆိုတဲ့အတိုင်း ဆုချမှာပါ။ အလှဆုံး မြေပုံဆွဲနိုင်သူကို အရုပ်ကလေးအစား ဆရာမက ပိုက်ဆံသုံးထောင် ဆုချမယ်။ ”

ဘယ်လို .. အရုပ်ကလေးအစား ဆရာမက ပိုက်ဆံ သုံးထောင် ဆုချမယ်တဲ့။

အဲသည်နောက်တော့ ဆရာမ ပြောနေတဲ့ စကားတွေကို ချစ်မိုးစွေ မကြားရတော့ဘူး။ အတန်းရှေ့မှာ ဆုထွက်ယူနေတဲ့ ပြည့်စုံစံကိုလည်း သဲသဲကွဲကွဲ မမြင်ရတော့ဘူး။ တစ်ခန်းလုံး လက်ခုပ်တီးတော့လည်း ချစ်မိုးစွေ လိုက်မတီးမိဘူး။

ရင်ထဲမှာ အမည်မသိတဲ့ ခံစားချက်တွေနဲ့ ရုတ်ချည်း ဆို့ကြပ်လာတယ်။ သတိမထားလိုက်မိခင်မှာပဲ ပူနွေးတဲ့ မျက်ရည်တွေက ပါးပြင်တစ်လျှောက် စီးကျလာကြပြီ။ အခုတော့ ပိုက်ဆံ သုံးထောင်ရတာချင်း အတူတူ အလှဆုံးမြေပုံလေးရဲ့ ပိုင်ရှင်ဟာ ပြည့်စုံစံ ဖြစ်သွားရပြီ။ ပြီးတော့ “ ပြည့်စုံစံလို ငါ မချမ်းသာပေမယ့် စာမှာ သူ့ထက် တော်စေရမယ်။ ငါ့ကို စောင့်ကြည့်နေ ” ဆိုတဲ့ စကားတွေလည်း အလကား ဖြစ်သွားခဲ့ရပြီ။ ကံတရားက ဘာကြောင့်များ ငါ့ကို ကစားရက်တာလဲ။ မြေနိမ့်ရာ လှံစိုက်တတ်တဲ့ သူတွေထဲမှာ ကံကြမ္မာပါ ပါနေခဲ့ပြီလား။

ငါ.. ငါမှားသွားပြီလား ။ ငါက တကယ်ပဲ ငွေသိပ်မက်တဲ့ ကောင်မလား။ ငါ့အမေကို ချစ်လို့ မြေပုံလေးကို ပိုက်ဆံနဲ့ လဲလိုက်မိတာပါ။

တွေးလေလေ မျက်ရည်တွေ မဆည်နိုင်လေလေ ဖြစ်ရတယ်။ ဟန်မဆောင်နိုင်တော့တဲ့အဆုံး အိမ်သာဖက် ထွက်သွားပြီး ယူကျုံးမရ ငိုကြွေးနေခဲ့မိတယ်။

vvv

ညနေ အိမ်ပြန်ရောက်တော့ အမေက အိပ်ရာထဲမှာ လှဲနေတယ်။

“ အမေ .. ”

တိုးတိုးလေး ခေါ်ကြည့်လိုက်တော့ အမေက မှိန်းနေရာကနေ မျက်လုံးလေး ဖွင့်ကြည့်တယ်။

“ အမေ့အတွက် ”

ပိုက်ဆံသုံးထောင်ကို အမေ့လက်ထဲ ထည့်ပေးလိုက်တော့ အမေက တအံ့တသြ ဖြစ်သွားတယ်။

“ သမီး.. ဘယ်က ရလာခဲ့တာလဲ။ ”

“ သမီး ဆွဲတဲ့ မြေပုံလေးက အတန်းထဲမှာ အလှဆုံးမို့လို့ ဆရာမက ဆုချလိုက်တာပါ အမေ။ ”

တစ်နေ့လည်လုံး ကျောင်းမှာ လေ့ကျင့်လာတဲ့ စကားက အမေ့ရှေ့မှာ အခက်အခဲမရှိ၊ တုန်ယင်ခြင်းမရှိဘဲ ရှောရှောရှုရှု ပြောထွက်သွားတယ်။

“ အမေ့ သမီးလေးက တော်လိုက်တာ။ ”

အမေ့ချီးကျူးစကားက ချစ်မိုးစွေနားထဲကို ချိုမြိန်စွာ ပြီးတော့ ခါးသက်စွာနဲ့ ဝင်ရောက်လာခဲ့တယ်။

“ သမီးတို့ မနက်ဖန် ဆေးခန်းသွားကြရအောင်နော် .. အခုလောလောဆယ် ချွေးထွက်ပြီး အပူကျသွားအောင် စောင်လေးခြုံပြီး အမေ အိပ်နေနော်.. ”

vvv

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အမေ့ကို ငေးနေမိရင်း နာကျင်နေတဲ့ နှလုံးသားထဲက စကားသံတွေဟာ ရင်ထဲမှာသာ တီးတိုးလွင့်ပျံနေတော့တယ်။

“ အရင်တုန်းက ကျောင်းကနေ သမီး ယူယူလာတဲ့ စာအုပ်တွေနဲ့ပတ်သက်ရင် အမေ့ကို အမြဲတမ်း ညာနေခဲ့မိတာ မှန်ပေမယ့် ဒီတစ်ခါတော့ သမီး အမေ့ကို ညာနေမိတာလား၊ အမှန်ပြောနေမိတာလားဆိုတာ သမီးကိုယ်တိုင်တောင် မဝေခွဲတတ်တော့ပါဘူး အမေရယ်။ ”

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

( ပြီးခဲ့တဲ့ လတွေတုန်းက ဘလော့တွေမှာ စာလိုက်မဖတ်ဖြစ်ခဲ့ပေမယ့် အားလုံးကို သတိတရရှိနေပါတယ်။ ပြီးတော့ ကျွန်မ စာမရေးဖြစ်တာ ကြာသွားခဲ့ပေမယ့်လည်း ဘလော့လေးကို နေ့စဉ်နေ့တိုင်း လာရောက်လည်ပတ်နေခဲ့သူတွေ ရှိနေသေးတာမို့ အားလုံးရဲ့ အားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။)

44 comments:

အိမ့်ချမ်းမြေ့ said...


တစ်ကယ်ကတော့ ခိုင်းဖတ် မဟုတ်ပါဘူး။
ငယ်ရွယ်နုပျိုတဲ့ မိန်းကလေး၊ မိဘကျေးဇူးသိတတ်တဲ့ မိန်းကလေးဟာ တန်ရာတန်ကြေးကိုယူပြီး အလုပ်လုပ်နေတာပါပဲ။ ဒီဇတ်ကောင်မိန်းကလေးတွက် ဂုဏ်ယူမိပါတယ်။

ဖတ်ပြီးတော့ ထိုင်ခုံကို ခေါင်းမှီလှန်ချလိုက်ပြီး မျက်နှာကျက်ကို အကြာကြီး ငေးနေမိတော့တာပါပဲ...။
စာတွေအများကြီး ခုလို ဆက်ရေးနိုင်ပါစေနော်..

Unknown said...

အရမ်းကောင်းတယ်သူငယ်ချင်း။မထင်ထားတဲ့လှည့်ကွက်လေးတစ်ခုကစာဖတ်သူကိုပိုပြီးဆွဲဆောင်မှုရှိစေတယ်။အားပေးနေမယ်နော်။ယု

မြသွေးနီ said...

ရိုးရိုးစင်းစင်းလေးနဲ့ အစမှ အဆုံးတိုင်အောင် ဆွဲဆောင်သွားတယ်။ အပြီးသတ်ကာနီးမှာ မထင်မှတ်တဲ့ အလှည့်လေးနဲ့ လှည့်လိုက်တာ ရင်ထဲမှာ ဟာခနဲတောင် ဖြစ်သွားရတယ်။ ချစ်မိုးဆွေနေရာ ကိုယ်တိုင်ရောက်သွားလိုက်သလိုပဲ။ “ အမေ့ကို အမြဲတမ်း ညာနေခဲ့မိတာ မှန်ပေမယ့် ဒီတစ်ခါတော့ သမီး အမေ့ကို ညာနေမိတာလား၊ အမှန်ပြောနေမိတာလားဆိုတာ သမီးကိုယ်တိုင်တောင် မဝေခွဲတတ်တော့ပါဘူး အမေရယ်.. ” ဆိုတာလေးနဲ့ အနားသတ်လိုက်လို့ ၀တ္တုလေးက ပိုပြည့်စုံသွားရတယ်..။

Anonymous said...

မမြတ် .. ဒီ အရေးအသားလေးတွေကို သိပ်သတိရနေတာ၊ အစကတည်းက မျောပါလာတာ နောက်ဆုံးမှာတော့ အရုပ်လေးကို ရတော့မှာပဲ စိတ်ထဲထင်လာတာ .. မထင်မှတ်တဲ့ လှည့်ကွက်လေးနဲ့ အဆုံးသတ်ကို ပျိုးပေး ထားတာ သဘောကျလိုက်တာ ။ :)

Anonymous said...

ရေးတာကောင်းပါတယ်ဗျာ 
ဒါပေမယ့်ပေးချင်တဲ့
Message ကို ကျွန်တော် ရှာ လို့မတွေဘူး ဖြစ်နေတယ်

Ye Lin Myat said...

I have been waiting for your new novel for so long. But, now, it is worth to wait. I enjoy this novel so much and touched by your twist in the end. Good work, Myat. Keep it up.

ချစ်ကြည်အေး said...

ဝတ္ထုလေး လာဖတ်သွားတယ် ညီမလေး၊ ဇာတ်လမ်းရော အရေးအသားလေးရော သဘောကျမိတယ်....

ချစ်ကြည်အေး said...

ဇာတ်လမ်းလေးရော အရေးအသားလေးရော သဘောကျမိပါတယ် ညီမလေးရေ.....

အိသီရိတင် said...

အရမ်းကောင်းပါတယ် မမ။
ချစ်မိုးဆွေရဲ့အမေအပေါ် ကျေးဇူးသိစိတ်ကိုလေးစားပါတယ် ။လှည့်ကွက်လေးလည်းလှပါတယ်မမ။ပြီးတော့titleလေးလည်းလှတယ်။

Unknown said...
This comment has been removed by a blog administrator.
THS said...

အတတ် ပညာ၊ မေတ္တာတရား၊ မာန စတာတွေအပြင်အခြားအခြားသော ကိစ္စရပ်များအပေါ် ငွေကြေးနဲ့အလဲအထပ် လုပ်လိုက်ရတဲ့အကြောင်း ဂရုပြုမိစေပါတယ်၊
အကယ်၍များ အမေသာ နေမကောင်းမဖြစ်ခဲ့ဘူးဆိုရင်လို့ ...(ဆက်တွေးမိတယ် )
ဝတ္ထုတိုကောင်းလေး တစ်ပုဒ်အတွက် ကျေးဇူးတင်ပါတယ် ။

မိုးနတ်ကြယ်စင် said...

မရေ...မိုးစွေလေးရဲ့ မိဘအပေါ်သိတတ်တဲ့စိတ်လေးကို
လေးစားဂုဏ်ယူအားကျမိရဲ့...မိုးနတ်လဲ သူ့နေရာမှာ
သာဆို အဲလိုပဲဆုံးဖြတ်မိမှာပါ...အားလုံးပြောကြသလိုပဲ
ဇာတ်သိမ်းမှာ မထင်မှတ်တဲ့ အလှည့်လေးက
ဒီဝတ္ထုလေးကို ပိုလို့ အသက်ဝင်စေတယ်...:)
မမြတ်ရဲ့ အရေးအသားတွေကတော့ အမြဲလိုလို
ညက်ညောပြေပြစ်လို့ စာရေးဆရာရေးလက်အစစ်ပါပဲ
မမြတ်အတွက် ဂုဏ်ယူလေးစားရင်း အားကျမိပါတယ်
ချစ်တဲ့...မိုးနတ်

PS . ညလေးလဲ မ ကို အရမ်းသတိရနေတာပါ

တန်ခူး said...

ရေးတတ်လိုက်တာ ညီမရယ်. ဆရာမက ပိုက်ဆံသုံးထောင်ပေးမယ်လို့ ပြောလိုက်တဲ့နေရာက ဇာတ်ရဲ့အမြင့်ဆုံးနေရာပဲ. မျက်ရည်ဝဲမိတယ်. ငယ်ကတည်းက မိဘကိုလုပ်ကျွေးပြုစုချင်တဲ့သူလေးမို့  တနေ့ အောင်မြင်မှာပါ. စာရေးကောင်းတဲ့မိတ်ဆွေအသစ်လေးတယောက်တိုးလာလို့ ဝမ်းသာမိပါတယ်

U K said...

Hi Myat,

You have done a great job. I wish I could see your novels on published pages soon. All the best to you.

U.K

Lynn Khit Deno said...

.
" ခိုင်းဖတ် " . . ဒီ စကားလုံးလေးက သူမအတွက်တော့ မထိုက်တန်တဲ့ စကားလုံးလေးပါ ။

လိုချင်တာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေး လိုက်ရတာ ???????

ဇာတ်အိမ် တည်သွားပုံလေးနဲ့ ၊ ပေးသွားတဲ့ ရသ ၊ ခံစားချက် Tempo ကို ဆွဲတင် ဆွဲချ လုပ်သွားပုံလေးက . . . . .

ဖတ်ပြီးတော့ ကွန်မန့်ရေးဖို့ အသက်ပြင်းပြင်းရှုရင်း စိတ်ကို ပြန်တည်ငြိမ်အောင် လုပ်လိုက်ရတာတော့ . . .

ဂုဏ်ယူပါတယ် . . .

လင်းခေတ်ဒီနို (ခ) ဗညားရှိန်




Angelhlaing(May everybody be happy and healthy! said...

ဘယ်လောက်ပဲ ပျောက်နေပါစေ.. ပေါ်လာတာနဲ့ မြတ်ဆိုတာ ထင်းခနဲ နေစေအောင်ပါပဲလား...မြတ်ရယ်
လွမ်းနေတာ....သိလား <3 ..... :)

Anonymous said...

ဒါမျိုး ဇာတ်သိမ်းအလှည့်ဝတ်ထုတိုလေးတွေကို သိပ်သဘောကျမိတာ။ အိုဟင်နရီတို့ ဆရာကြီးဦးသုခတို့ ရေးတာတွေဆို တအားနှစ်ခြိုက်မိတယ်။
ခုလည်း မထင်ထားတဲ့ အလှည့်ကလေး။ ဖတ်လို့ကောင်းလိုက်တာ။
ကြိမ်ဖန်များစွာ ပြောခဲ့ဖူးတဲ့ စကားကိုပဲ ပြန်ပြောပါရစေအစ်မ။
အစ်မစာမူတွေ ပုံနှိပ်စာမျက်နှာတွေကို ပို့သင့်တယ်ဗျာ။

witch83 said...

ရေးတတ်လိုက်တာ။ ဖတ်လို့တော်တော် ကောင်းပါသည်။ :)
{ ချစ်မိုးစွေတစ်ယောက် အငုံ့စိတ်တွေ မဝင်သွားပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ ဒါပေမဲ့ မိဘကိုသိတတ်တဲ့၊ လိမ္မာတဲ့သူဟာ ဒုက္ခမရောက်လောက်ပါဘူးလေ။ ဇာတ်သိမ်းခါနှီးမှာ လှည့်ကွက်လေး လုပ်ထားတာကို သဘောကျမိတယ်။}

ထွန်းရန်နိုင် said...

ဆရာမရေ ..

စာအသစ်တင်ပြီလားလို့ ကျွန်တော်တို့ခဏခဏ လာကြည့်ဖြစ်ပါတယ်။

အခုလို အရမ်းကောင်းတဲ့ ဝတ္တုလေးဖတ်ခွင့်ရတဲ့အတွက် ဆရာမကို ကျေးဇူးအများကြီးတင်ပါတယ်။

ဒီထက်ပိုပြီးကောင်းမွန်တဲ့ စာပေတွေ ဆက်လက်ထုဆစ်နိုင်ပါစေ ခင်ဗျာ။

Lorem Ipsum said...

ပထမဆုံးအကြီမ်လာလည်ပါတယ် မမရယ်... လင့်လည်းချိန်သွားပါနော်..

ချစ်ခင်လျက်
ဆုမြတ်

ဝီရဓမ္မ( Brave The Dhamma) said...

ဦးဇင်းအလည်လာရောက်ပြီး ပိုစ့်ကောင်းလေးတွေ ဖတ်သွားပါတယ်။ တချို့ပိုစ့်လေးတွေကိုလည်းကူးယူသွားပါတယ်။ ဦးဇင်းလည်း မြန်မာပြည်ကို ဇွန်လဆန်းလောက် ပြန်ဖြစ်မယ်။ ဦးဇင်းဆိုဒ်ကို အလည်လာသွားတဲ့အတွက်ရော ကွန်မင့်အတွက်ပါကျေးဇူးတင်ပါတယ်။ ဒကာမကြီး ကျန်းမာချမ်းသာ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

မသန်းသန်း said...

အရမ်းကောင်းပါတယ်ဆရာမရေ။ ကျွန်မသမီးတွေကိုလည်း ဖတ်ခိုင်းထားပါတယ်။ ဆရာမစာတွေကို မကြာမကြာ ဖတ်ခွင့်ရဖို့ မျှော်လင့်ပါတယ်။

ဇေယျာ said...

အသစ်တင်ပြီလားလို့ ခဏခဏလာလာကြည့်ပါတယ်။ မျှော်ရကျိုးနပ်တဲ့ ဝတ္တုလေးအတွက် ကျေးဇူးပါ။ အရေးအသားတွေကလည်း ကောင်းသထက် ကောင်းလာတယ်။ Bravo, Myat. Keep it up!

Unknown said...

ရိုးစင်းပြီး သိပ်လှတဲ့ ၀တ္ထုကောင်းလေး တစ်ပုဒ်။ ချစ်မိုးဆွေ နေရာ ကိုယ်တိုင်ရောက်ရသလို ခံစားရတယ်။ အချိန်အကြာကြီး မျှော်နေခဲ့ရပေမယ့် ပြီးပြည့်စုံတဲ့ ၀တ္ထုတစ်ပုဒ်ဖတ်လိုက်ရလို့ ကျေနပ်မိတယ် နွယ်ရေ...။

ချစ်တဲ့
ဂျွန်မိုး

နွေတေးရှင် (မင်းဧရာ) said...

ဘ၀ ထဲက ဘ၀ တွေပေါ့ဗျာ.......
ကိုယ်တိုင်ကြုံတွေ့ လာရတဲ့အခါ သိပ်ရင်နာဖို့ကောင်းတယ်။

ဒါနဲ့ အစ်ရဲ့ လင်ဒ့်က ကျွန်တော့်ဆီမှာ မတတ်ပါလား အခုမှ သူများဘလောဒ့်ကနေ တွေ့လို့ လိုက်လာရတာ ကျွန်တော်ဖြင့် မရေးတော့ဘူးတောင် ထင်နေတာဗျ ကျန်နေတဲ့ ၀တ္တု လေးတွေကိုတော့ နောက်နေ့မှ လာဖတ်တော့မယ် အစ်မရေ....။

ရာဇာထွေး said...

အစကနေအဆုံးထိစာဖတ်သူကိုဆွဲခေါ်သွားနိုင်တဲ့ ၀တ္တုကောင်းလေးပါအမမြတ်ရေ..။ ဇာတ်ကောင်စရိုက် တွေကိုပေါ်လွင်အောင်ဖော်ပြနိုင်သလိုဇာတ်အိမ်တည်ဆောက် ပုံလည်းအရမ်းကိုညက်ညောပါတယ်..။ အဓိကဇာတ်ကောင်ရဲ့မိသားစုအပေါ်နားလည်
သိတတ်ပုံ၊ ကိုယ့်အပေါ်အမြဲတမ်းအနိုင်ကျင့်ဗိုလ်ကျနေတဲ့ ပြိုင်ဘက်အပေါ်မှာအသာ
စီးရနေပါလျှက် မိသားစုအတွက်လိုအပ်နေတဲ့ငွေကြေးကြောင့် ကိုယ့်ရဲ့မာနကိုချိုးနှိမ်
ခဲ့ရပုံတွေကိုဖော်ပြရာမှာတစ်ကယ်ပဲအသက်ဝင်လှပါတယ် အမမြတ်ရေ..၀တ္တုအဆုံး
သတ်လေးပုံလေးကတော့ တစ်ကယ်ကိုပညာသားပါ ပါတယ်အမမြတ်ရေ..စာအရေး
သားကောင်းလှတဲ့အမ မြတ်ဆက်လက်အောင်မြင်နိုင်ပါစေ ခင်ဗျာ..ကျွန်တော်မဖတ်
ရသေးတဲ့ဝတ္တုတွေအများကြီးကျန်နေပါသေးတယ်အမရေ..လင့်ချိတ်သွားပါတယ်ခင်ဗျာ..
ဝတ္တုကောင်းလေးတွေဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ် အမမြတ်(မြတ်ပန်းနွယ်)ရေ..

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မိဘကို နားလည်သိတတ်တဲ့ မိန်းကလေး ဒါဟာ ရှက်စရာဝမ်းနည်းစရာမှ မဟုတ်တာ။ သူနားလည်သလို အကူအညီပေးတာကိုး .. ။ ဒိလို ကလေးမျိုး အပြင်မှာ မြင်ဖူးတယ်..။

မြတ်ရေ..
ဒီတစ်ပုဒ် ဖတ်အပြီးမှာ ရင်ဘတ်ထဲမှာ တခုခု စူးနေသလိုပဲ..။

khin oo may said...

အရာရာကို ငွေနဲ့ဝယ်မရပါဘူး သူဝယ်နနိုင်ရင် တစ်ခါပေါ့ကျန်တာတွေက ကိုယ့်အတွက်ပါ.

သန့်ဇင် said...

အရမ်းကောင်းတဲ့ဝတ္ထုလေးပါ။ နောက်ထပ်အများကြီးလည်းဖတ်ချင်ပါတယ်ဗျာ စောင့်နေပါမယ်။ နောက်ဆုံးနားက အပြောင်းအလဲလေးကို သဘောကျတယ်။

Anonymous said...

ကောင်းလိုက်တာ မမမြတ်ရေ.. နှလုံးသားထဲထိ တိုးဝင်သွားလိုက်တဲ့ စာတစ်ပုဒ် လို့ပြောချင်မိတယ်.. ထိထိ ရှရှ ကိုခံစားမိတယ် .. ။ နောက်ထပ် အသစ်အသစ်တွေလည်း မျှော်နေမယ်နော်။

Arsenal said...

ကျွန်တော်တို့ ငယ်ငယ်ကလဲ အိမ်က မုန့်ဖိုးမပေးတော့ အခုလို ပိုက်ဆံယူပြီး စာကူးတာတို့ စာမေးပွဲကူဖြေပေးတာတို့ အဖြေလွှာလဲတာတို့ လုပ်ခဲ့တယ်။ မိဘက ပိုက်ဆံကိုင်ရင် ပျက်စီးမှာစိုးလို့တဲ့။
မုန့်ဖိုးမပေးဘူး။ ဒီကောင်မလေးကို သနားလိုက်တာ။ သူကတော့ သူ့မိဘအတွက် တစ်ဘက်တစ်လမ်းကနေ ကူညီပေးနေတာ။ သူ့ဆုံးဖြတ်ချက်တိုင်း မှန်ပါတယ်။ အမေ့အတွက် သူအနစ်နာခံခဲ့တယ်လေ။ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် ရှားပါးရေးပြသ၁နာတွေ အမြန်ပပျောက်ပါစေလို့ ဆုတောင်းပါတယ်။ နောက်ကျောင်းသားကျောင်းသူ တွေလဲ သူများနိုင်ငံတွေမှာလို အချိန်ပိုင်းလုပ်ခွင့်ရမယ်ဆို ချစ်မိုးဆွေလို သူများခိုင်းဖက်လုပ်စရာမလိုဘဲ ကျောင်းပိတ်ရက်မှာ မိဘကို ပံ့ပိုးနိုင်မှာပါ။ ဒီလို အပြောင်းအလဲတွေ အမြန်ဆုံး ဖြစ်လာပါစေလို့ ဆုတောင်းရင်း ချစ်မိုးဆွေလို မိသားစုလေးတွေ အစဉ်ပြေကြပါစေလို့ ရင်ထဲကနေ ဆုတောင်းလိုက်ရပါတယ် မြတ်ရေ။

ကြည်ဖြူပိုင် said...

မမြတ်ရေ...ချစ်မိုးစွေလေးကို သနားမိတယ်။
မိဘအပေါ်သိတတ်တဲ့စိတ်။ မထောက်ပံ့နိုင်တဲ့ မိဘကို တဖက်တလမ်းက ၀န်မပိုစေချင်လို့မို့ သူတတ်နိုင်သလောက်လေးနဲ့ရိုးသားစွာ (တနည်းအားဖြင့် ကလေးငယ်တစ်ယောက်ရဲ့ခွန်အားနဲ့တတ်နိုင်သလောက်လေး ရိုးသားစွာ)ရပ်တည်ရရှာတာကို သနားမိသလို ချီးကျူးမိပါတယ်။ နောက်ဆုံးသတ်လေးမှာ အမေကို ဆေးခန်းပြချင်လို့မို့ မြေပုံလေးနဲ့၃ထောင်လဲလိုက်ရတဲ့အခန်းလေးနဲ့ trick လေးထည့်ပြသွားတာ တော်တော်သဘောကျမိတယ်။ လင့်ခ်ချိတ်ခွင့်ပြုပါနော်။ လာလည်သွားတဲ့အတွက်လည်း အများကြီးကို ကျေးဇူးတင်မိပါတယ် မမြတ်ရေ။ စာအုပ်ရေ ၂၀၀ကျော်တောင်စုထားတာရှိပြီဆိုတာကိုဖတ်လိုက်ရတော့ တအံ့တသြနဲ့ မျက်လုံးများတောင်ပြူးသွားမိလောက်အောင် ချီးကျူးမိပါတယ်....ကျေးဇူးပါနော် :)

ငြိမ်းစိုးဦး said...

ဘလေ့လည်ချိန်နည်းသွားတာ အတူတူပါပဲ ။ ဖေ့ဘုတ်ကို အချိန်ခဲဝေပေးနေရပါတယ် ။ ဒီဝတ္တုလေးမှာ အလုပ်ရဲ့ တန်ဖိုးက အခြေအနေမှန်နဲ့ လွဲချော်တတ်ပုံကို ပြလိုက်သလိုတွေ့ရပါတယ် ။ မိမိအလုပ်ကို သေချာအောင် လုပ်နေရမှာ သတိပေးနေသလို ကြုံလာတဲ့ အခြေအနေကို ရဲရဲ ရင်ဆိုင်လို့ အားပေးနေတဲ့ ၀တ္တုကောင်းလေးလို့ ဆိုပါရစေ ...

Aung Kyaw Zeya said...

မြတ်ရဲ့အရေးအသားလေးတွေကိုကျနော်သဘောကျမိပါတယ်။ ယူတတ်မယ်ဆိုစာဖတ်ပရိတ်သတ်ကိုပညာရစေတဲ့ဝတ္ထုကောင်းလေးတစ်ပုဒ်ပါ။ အမြဲအားပေးနေမယ်နော်။

Anonymous said...

Angelhaling ပြောသွားသလိုပဲ။ မမြတ်ပန်းနွယ် ဘလော့က အမြဲတမ်း ပရိတ်သတ်တွေနဲ့ စိုစိုပြေပြေ ရှိတယ်။ ပျောက်လိုက်ရင်လဲအကြာကြီး။ ပြန်ပေါ်လာရင်လဲ ထင်းနေရော။မမြတ်ပန်းနွယ်ကို အားကျပါတယ်။

3rdthameetaw said...

ဘယ်တော့ဖတ်ဖတ် မြတ်ရေးလိုက်တဲ့ စာတိုင်းဟာ
ရင်ထဲကိုထိရှပြီး ကြည်နုးကျေနပ်စေခဲ့တာကြီးပါပဲ
လေးစားမိတယ်မြတ်ရယ်

ရဲဝင်းနိုင် said...

အားလုံးကောင်းတယ်ဗျာ

အေးချမ်းပြည့် said...

ရင်နင့်စရာ အဖြစ်အပျက်လေးတစ်ခုဟာ မြတ်ရဲ့ အရေးအသားအောက်မှာရုပ်လုံးကြွလာလိုက်တာ ထပ်တူထပ်မျှကိုခံစားရပါတယ်။ အရေးအသားရော စိတ်ကူးလေးရော ကောင်းလွန်းလို့ ရသဆန်ဆန် ခံစားမိတာပါ။ အပြင်မှာသာ အဲလိုကလေးမျိုးရှိခဲ့မယ်ဆိုရင် ဘ၀ရဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေကြောင့် ကလေးရဲ့  နှလုံးသားနုနုလေးမှာဒဏ်ရာတွေ မထင်ဟပ်ပါစေနဲ့ လို့ ဆုတောင်းမိပါရဲ့ ။

ကျော်အောင် said...

ဟိုတစ်ခါကတည်းက လာဖတ်ပြီး ကော်မန့်ချန်ခဲ့ပါတယ်။ ဒါပေမယ့် ကော်နက်ရှင်ကြောင့်လားမသိဘူး။ ကော်မန့်ပေးလို့မရဘူး။အခုတစ်ခေါက်ထပ်ပြီးကြိုးစားကြည့်ပါတယ်။

ဝတ္တုလေးက ပေးတဲ့မက်ဆေ့ခ်ျလေးရော၊ အရေးအသားတင်ပြပုံရော အရမ်းကို အဓိပယ်ရှိပြီး အရမ်းကို ရသမြောက်ပါတယ်။ ဒီလိုမျိုး သဝသရုပ်ဖော်စာပေကောင်းတွေကို အွန်လိုင်းမှာ ဖတ်ရခဲတယ်။ မြတ်ပန်းနွယ်ရဲ့ ဝတ္တုတိုင်းမှာ စာရေးသူတစ်ယောက်အနေနဲ့ အပြည့်အဝထည့်ထားတဲ့မြတ်ပန်းနွယ်ရဲ့စေတနာတွေကို မြင်ရပါတယ်။ပြီးတော့ သတ်ပုံတွေတော်တော်မှားတတ်ကြတဲ့ ခေတ်ကြီးမှာ သတ်ပုံအကျအပေါက်လေးတွေကအစ ဂရုတစိုက်ရှိတဲ့ မြတ်ပန်းနွယ်ကိုချီးကျူးလေးစားမိတယ်။စာတစ်ပုဒ်နဲ့တစ်ပုဒ်ကြား အချိန်ကြာတာလေးတစ်ခုပဲ ပြောစရာရှိပါတယ်ဗျာ။အဲတာကိုလည်း စာတစ်ပုဒ်အဖြစ် ပြီးပြီးရော မရေးဘဲ သေသေချာချာအချိန်ယူပြင်ဆင်လို့ဆိုပြီး မှတ်ယူပါတယ် မြတ်ပန်းနွယ်ရေ။

Kyaw Kyaw Oo said...

Myat,

This is a great writing with touching story-line.I read all your novels and like most of them.Good thing about you is you can maintain your standard and keep on producing quality work.I do hope you could always keep your standard.

မိုးသူ(တောင်ကြီး) said...

မမမြတ်ရေ အရေးအသားကတော့ မိုးသူတို့ လိုက်မီနိုင်တော့ပါဘူး

မိုးသူလဲ blog ကိုမ၀င်ဖြစ်တာကြာပြီဗျ

မြန်မာပြည်လိုင်းအခြေအနေကြောင့်ပါ

ခင်မင်စွာဖြင့်

မိုးသူ(တောင်ကြီး)

ထော်ဦး said...

အစ်မမြတ်ရေ...
ယုန်ရုပ်လိုချင်တဲ့ ကောင်မလေးတစ်ယောက်အကြောင်း ၀တ္ထုတို ဖတ်ပြီးပါပြီ အစ်မရေ...
ကြေငြာထားတဲ့ လုံးချင်းဝတ္ထု ဘယ်တော့ ထွက်ဖြစ်မလဲ ...
သိချင်ပါတယ်...:)
အောင်မြင်ပျော်ရွှင်ပါစေ...

ကောင်းထက်ထွန်း said...

လာရောက်ဖတ်ရှုသွားပါတယ်။ အလွယ်တကူလာလို့ရအောင်ရယ်၊ အခြားသူများလည်း လေ့လာလို့ရအောင်ရယ်၊ ကျွန်တော့်ဘလော့မှာ Link ချိတ်သွားပါတယ်။ ကျွန်တော့်ဆီလည်း လာရောက်လည်ပတ်ဖို့အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။

Ye Lin Myat said...

ဒီဝတ္တုလေးက အရမ်းကောင်းတယ်။ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်လည်းဖြစ်နေဆဲ ဖြစ်ရပ်ကလေးတွေကို ခံစားရေးသားထားတာပဲ။အကြောင်းအရာကော ပေးချင်တဲ့မက့်ဆေ့ခ်ျကော အရေးအသားကော ဒီတစ်ပုဒ်ကို အားရမိတယ်။