Saturday 11 October 2014

“ပြဒါးမဲ့”

၁။

မိဆိုးရေ.. မထင်မှတ်ထားတဲ့ အချိန်၊ မမျှော်လင့်ထားတဲ့ အရပ်မှာ နင့်ကို ရုတ်တရက် မျက်နှာချင်းဆိုင် တွေ့လိုက်ရတော့ ငါလေ သိပ်ပြီးတော့ အံ့သြ ပျော်ရွှင်သွားမိတယ်။ နင် စဉ်းစားကြည့်လေ။ ငါ့မှာ နင့်ကို လွမ်းလွန်လွန်းလို့ တွေ့ရလို တွေ့ရငြား နင် သွားတတ်တဲ့ ကော်ဖီဆိုင်လေး၊ နောက်ပြီးတော့ စာကြည့်တိုက်လေး၊ ကျန်သေးတယ်.. နင် သွားနေကျ ပန်းခြံကြီးထဲက နင်ထိုင်နေကျ နေရာလေးတွေမှာ ရှာခဲ့မိတယ်။ စောင့်ဆိုင်းခ
ဲ့ဖူးတယ်။ မျှော်ခဲ့ဖူးတယ်။ တစ်ရက်၊ တစ်ပတ်၊ တစ်လ ကနေ သုံး၊လေး၊ငါးလ မနေ့ကအထိဆို ခြောက်လနဲ့မှ ခုနှစ်ရက်ပေါ့။ မတွေ့ခဲ့ရပါဘူးဟာ။ နင့်ရဲ့ အရိပ်အယောင်လေးကိုတောင် ငါ့မှာ မမြင်ခဲ့ရပါဘူး။ နေနိုင်သူကြီး နင်က ငါ့ကိုတင် မဟုတ်ဘဲ၊ နင်နှစ်သက်ခဲ့ဖူးတဲ့ အရာတွေ အကုန်လုံးကို မေ့ပစ်လိုက်တဲ့ အတိုင်းပါပဲ။

အခုတော့ကြည့်။ ငါ လုံးဝ မကြိုက်တဲ့ (ဟိုးတုန်းကလည်း နင် လုံးဝ မကြိုက်ခဲ့တဲ့) Peri Peri Chicken ကို သူငယ်ချင်းတွေ အတင်းဆွဲခေါ်လာလို့ လာစားအပြီး ဆိုင်ထဲကအထွက်၊ အဝင်တံခါးဝမှာ အတွင်းကနေ ငါ တွန်းဖွင့်လိုက်တဲ့ တံခါးရွက်ကို နင်က ဆွဲဖွင့်ဖို့ လက်အလှမ်း နင့်ကိုငါ ဘွားခနဲ တွေ့လိုက်ရပါလေရော။

မထင်မှတ်ထားတဲ့ အချိန်၊ မမျှော်လင့်ထားတဲ့ အရပ်မှာ နင့်ကို ရုတ်တရက် မျက်နှာချင်းဆိုင် တွေ့လိုက်ရတော့ ငါလေ သိပ်ပြီးတော့ အံ့သြ ပျော်ရွှင်သွားမိပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ နင့်နောက်မှာ အရိပ်တစ်ခုလို ကပ်ပါလာတဲ့ လူတစ်ယောက် (နင့်အကောင်)က နင့်ခါးလေးကို လှမ်းကိုင်ပြီး ပွေ့ဖက်လိုက်တာကို မြင်လိုက်ရတော့ စောနတုန်းက ငါ့ရဲ့ ပျော်ရွှင်မှုလေးဟာ နေရောင်ခြည်ထဲမှာ ဖောက်ခနဲ ပေါက်သွားရရှာတဲ့ ဆပ်ပြာပူဖောင်းလေးလိုပါပဲ။ တဒင်္ဂပျော်ရွှင်မှုလေးဟာ စက္ကန့်ပိုင်းလေးပဲ သက်တမ်းရှည်ကြာခဲ့ပါတယ်။

မိဆိုးရယ်.. အိမ်အပြန်လမ်းတစ်လျှောက်လုံး ငါ့ရင်ဘတ်ထဲမှာ နင်နေတယ်။ ဟုတ်တယ်။ နင့်ပုံရိပ်တွေနဲ့ ဆို့နင့်နေတယ်။ နာနာကျင်ကျင်ကြီးနဲ့ တစ်မျိုးကြီးပါပဲ။ စူးစူးရှရှ နာကျင်မှုလည်း မဟုတ်ဘူး။ ငါ့ရင်ဘတ်ကြီးထဲမှာ အတုံးလိုက်၊ အတစ်လိုက်ကြီး နာနေတာဟာ။ ငါက နင့်ကိုပဲ တွေ့ချင်ခဲ့ပြီး၊ ငါ့စိတ်ကူးထဲက နင့်ပုံရိပ်တွေမှာ နင့်အကောင်ကိုမှ ထည့်မမြင်မိခဲ့တာ။ နင်တို့နှစ်ယောက်အကြောင်းကို ငါ သိနေခဲ့တယ်ဆိုပေမယ့်လေ ငါ့ရဲ့နင်ကို၊ သူ့ရဲ့နင်အဖြစ် မျက်ဝါးထင်ထင် မြင်ရဖို့တော့ တကယ် အားမရှိပါဘူးဟာ။ အဲသည် အားမျိုးလည်း မွေးနိုင်မယ် မထင်ပါဘူး။

နင်ကတော့ သိပ်ပြီးတော့ ဟန်ဆောင်ကောင်းတယ်နော်။ ငါ့ကို မြင်လိုက်ရဲ့သားတဲ့၊ ငါမှန်း သိလိုက်တဲ့ အရိပ်တစ်ခုလည်း နင့် မျက်ဝန်းထဲမှာ ဖြတ်ပြေးသွားရဲ့သားနဲ့ ချက်ချင်းဆိုသလို နင့်ကိုနင် ထိန်းလိုက်နိုင်တယ်။ မယုံနိုင်စရာပါပဲဟာ။ နင်က ငါ့ကို လမ်းမထက်မှာ မျက်နှာချင်းဆိုင် ကြုံဆုံလိုက်ရတဲ့၊ တစ်ကြိမ်တစ်ခါမှ မသိကျွမ်းခဲ့ဖူးတဲ့ သူစိမ်းတစ်ယောက်လိုကို သဘောထားလိုက်နိုင်တာ၊ ငါ မယုံနိုင်ဘူးဟာ။

နင့်အကောင်ကတော့ ငါ့ကို မြင်ဟန် မတူပါဘူး။ နင့်ကို အတင်းဖက်ပြီး ဆိုင်ထဲ တွန်းဝင်သွားတာပဲ။ ငါကတော့ နင်နဲ့ ဆုံလိုက်ရတဲ့ အဲသည်အခိုက်အတန့်လေးမှာပဲ ရပ်တန့် ကျန်နေရစ်ခဲ့တာပါ။ တစ်နေကုန်လို့ ညရောက်ခဲ့ပေမယ့်လည်း ငါ့အတွေးထဲမှာ လတ်လတ်ဆတ်ဆတ် နင့်ပုံရိပ်တွေက ကိန်းအောင်းနေတုန်း။

နင် သိပ်ပြီး လှနေတယ်နော်။ ဖြူဝင်းနေတဲ့ နင့်အသားလေးတွေကလည်း စိုပြီး နုဖတ်နေတော့တာပဲ။ ထူထဲလှတဲ့ နင့်ဆံနွယ်တွေကို ရွှေရောင်တောက်တောက်လေး ဆိုးထားပြီး အလိပ်လေးတွေ၊ အခွေလေးတွေ လုပ်ထားပုံကလည်း ပုံပြင်ထဲက မင်းသမီးလေးအတိုင်းပါပဲဟာ။

အဲဒီနက်ပြာရောင် ဂါဝန်အကြပ်လေးနဲ့ နင်နဲ့ သိပ်လိုက်တယ် သိလား။ ပခုံးပေါ်က ဇာအတွန့်အဖတ်လေးတွေကြောင့် နင့်အလှတွေဟာ ထင်းနေတာပဲ။ နင်က ဇာအတွန့်လေးတွေပါတဲ့ အကျီင်္လေးတွေနဲ့ဆို သိပ်လှတာဟ။ တကယ်တော့ နင်က နဂိုကကို လှပြီးသားပါ။ နဂိုရှိမှ နကိုင်းထွက်တယ် မဟုတ်လား။ အရင်တုန်းကတော့ နင်က မပြင်မဆင် မဖြီးမလိမ်းလေ။ အဲသည်လိုမျိုး ပြီးပြီးရော နေလို့သာ အမြဲတမ်း အာပေတူးရုပ် ထွက်နေခဲ့တာ။

ငါ့အတွက် မဟုတ်တော့ပေမယ့်လည်း လှပနေတဲ့ နင့်ကိုမြင်ရတာတော့ တကယ်ပဲ ငါ ကျေနပ်ပါတယ်။ စိတ်လည်း ချမ်းသာတယ်။ ငါတို့အတူတူ ရှိနေခဲ့တုန်းက ကြော့ကြော့လေး လှနေတဲ့ နင့်ကို မြင်ရခဲတယ်လေ။

အခုတော့ ငါတို့ တကယ်ဝေးသွားကြပြီနော်။ ငါ့အနားမှာ နင် မရှိတော့ဘူး။ ဟောင်းနွမ်းခဲ့ပြီဖြစ်တဲ့ အဖြစ်အပျက်တွေပဲ ငါ့အနားမှာ ကျန်ရစ်တော့တယ်။


၂။

နင် မှတ်မိသေးရဲ့လား မိဆိုးရေ။ အဲဒီနေ့က ငါ့ရဲ့ ၁၆နှစ်ပြည့် မွေးနေ့။ ငါတို့အတူတူ ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်ကြဖို့ စီစဉ်ထားခဲ့ကြတာလေ။ တကယ်တော့ မေမေ ချက်ပေးတဲ့ ဆွမ်းချိုင့်ကို အဆင်သင့်လေးယူပြီးတော့ ကပ်လှူလိုက်ရုံပါပဲ။ နံနက်ကိုးနာရီ တိတိမှာ နင့်ကို ငါ လာခေါ်မယ်ဆိုတာ နင် သိသားပဲ။ လာသာလာခဲ့၊ အဆင်သင့် စောင့်နေမယ်လို့ နင်ပဲ ပြောခဲ့တယ်လေ။ ဒါပေမယ့် နင့်အကြောင်းကို သိတဲ့ ငါက နာရီဝက်လောက်စောပြီး ဖုန်းဆက်လိုက်တယ်။ ငါ ထင်တဲ့အတိုင်းပါပဲ။ အဲဒီကျတော့မှ နင်ကအိပ်ရာ နိုးတယ်လေ။

“ဟာ… စောစောစီးစီး ဘာလို့ ဖုန်းဆက်နေတာလဲ။ ဒီနေ့ စနေနေ့လေ။ ပိတ်ရက်ဟ၊ ပိတ်ရက်။ ဒီမှာ အိပ်ကောင်းနေတာကို”

အိပ်ချင်မူးတူးအသံနဲ့ နင်က ငါ့ကို ရန်တွေ့တယ်။

“မှုန်.. နင်ကလည်းဟာ။ ဒီနေ့ ငါ့မွေးနေ့လေဟာ။ ကိုးနာရီမှာ ဘုန်းကြီးကျောင်း သွားဖို့ ငါ လာခေါ်မယ် ပြောထားတယ်လေ။ မေ့နေပြီလား”

“မမေ့ဘူးဟေ့၊ မမေ့ဘူး။ အိပ်ချင်မူးတူးနဲ့ ယောင်ပြီး ပြောနေတာ။ နင်သာ ကိုးနာရီ အရောက်လာခဲ့။ ဒါပဲ”

ပြောပြောဆိုဆိုနဲ့ နင်က ဖုန်းချသွားတယ်။ တကယ့် မိဆိုး.. ငါ့ကို မွေ့းနေ့ဆုတောင်းစကားလေးတောင် ပြောမသွားဘူး။

ကိုးနာရီတိတိမှာ နင့်အိမ်ကို ငါရောက်တော့ နင်က ဆိုဖာအရှည်ပေါ်မှာ ခြေထောက်တင်ထိုင်ထားရင်း ဂိမ်းနှိပ်နေတယ်။ ဂျင်းဘောင်းဘီနက်ပြာရောင်ကို အပေါ်က ရှပ်အကျီပန်းနုရောင်လေး ဝတ်ထားပြီး ဆံပင်ကိုတော့ ဦးခေါင်းထိပ်မှာ စုစည်းထားတယ်။

ငါ့ကို မြင်တော့ နင်က မျက်လုံးပြူးကြည့်တယ်။ ငါလည်း နင့်ကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေမိတယ်။ ဟုတ်တယ်လေ။ မြန်မာလိုလေး ဝတ်စားကြမယ်လို့ ငါတို့ ပြောထားကြရဲ့သားနဲ့။ အခုတော့ ငါက စတစ်ကော်လာနဲ့၊ ပုဆိုးနဲ့။ နင်က… ။

“နင်က အဲလိုကြီး ဝတ်လာတယ်”

ငါ့ကို လှမ်းကြည့်နေပြီး တအံ့တသြ မေးတယ်။

“အေးလေ.. မြန်မာဆန်ဆန် ဝတ်စားကြပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်မယ်ဆိုတာ နင့်ကို ပြောထားရဲ့သားနဲ့”

“ဟ.. ငါက ဘုန်းကြီးကျောင်း သွားမယ်ဆိုတာပဲ သိတော့တာ။ ခု ရေတောင် ချိုးထားတာ မဟုတ်ဘူး။ ချမ်းလွန်းလို့။ နင်ကလည်းေ-ာက်ရမ်း ပိုတာပဲ”

နင်က ဒေါသတကြီးနဲ့ ဖုန်းကို စားပွဲပေါ် ပစ်တင်လိုက်တယ်။ ငါက နင့်ကို အပြစ်တင်ချင်တဲ့သူမှ မဟုတ်ဘဲ။ သြော်.. သေသေချာချာ မှာထားရဲ့သားနဲ့တောင် ငါ့ကို အလေးမထားပါလား လို့ ငါ အပြစ်မတင်ရက်ခဲ့ပါဘူး။ ဝမ်းတော့ နည်းမိတာပေါ့ဟာ။ ဒါပေမယ့် နင် ဘာပဲလုပ်လုပ်၊ ဘယ်လိုပုံစံနဲ့ပဲ နေနေ ငါက ချစ်ပြီသားပဲလေ။

“အခုလည်း ကြည့်ကောင်းပါတယ် မှုန်ရယ်။ လာလေနော်.. ဆွမ်းကပ်ချိန် မမှီဘဲ နေဦးမယ်။ သွားကြမယ်လေ”

“ဖြစ်မလားဟ..”

ဒေါသတကြီး အော်ပြီး ဆဲရေးတိုင်းထွာနေတာမို့ ငါ့စိတ်ထဲမှာ ဝမ်းနည်းလာခဲ့တယ်။ ပျော့ညံ့တယ်ပဲ ပြောပါတော့ မိဆိုးရယ်။ ငါကလေ နင့်အတွက်ကြောင့်ပဲ ယောက်ျားတန်မဲ့ မျက်ရည်ကျခဲ့ဖူးတာပါ။

အဲဒီတုန်းကလေ ဝုန်းခနဲ တံခါးကို ဆောင့်ပိတ်ပြီး နင်က မပြောမဆိုနဲ့ အိမ်ခန်းတော့ ဝင်သွားတော့ ငါ့မှာ ယောင်လည်လည်နဲ့ တစ်ယောက်တည်း ကျန်ခဲ့တယ်။ နင်တို့ ဧည့်ခန်းထဲမှာ အူလည်လည်နဲ့ ထိုင်နေရင်း ဘာဆက်လုပ်ရမှန်းလဲ မသိ။ ဒါနဲ့ ငါလည်း နင် ပြန်ထွက်လာလို ထွက်လာငြား ထိုင်စောင့်နေလိုက်တယ်။ ဟုတ်တယ်လေ။ နင့် စိတ်က မှန်းရခက်တော့ ငါ တကယ် မမှန်းတတ်ဘူး။ ဖုန်းလှမ်းဆက်ရအောင်ကလည်း နင့်ဖုန်းက စားပွဲပေါ်မှာ။ အခန်းတံခါး သွားခေါက်ရင်လည်း သေချာပေါက် နင်က အော်ဆဲမှာပဲ။ နင်တို့ တစ်အိမ်လုံးကလည်း တိတ်ဆိတ်နေတော့ ငါ့မှာ တကယ်ကို ယောင်ချာချာပါဟာ။

နာရီဝက်လောက် နေတော့မှ နင်က မကြည်မသာ မျက်နှာနဲ့ အခန်းထဲက ပြန်ထွက်လာတယ်။ ချောလိုက်တာ မှုန်ရာ။ မှုန်ပေပေ မျက်နှာပေးနဲ့ကို နင်က တအားလှနေတော့တယ်။ နင်ဝတ်ထားတဲ့ အဝါရောင် ချည်သားအကျီလေးနဲ့ ထဘီလေးကလည်း နင်နဲ့သိပ်လိုက်တာပဲ။ နင့်အသားရောင်လေးနဲ့ ဟပ်နေတာပဲ။

အမြဲတမ်း ပြောင်တလင်းခါနေအောင် ပစ်ထားတဲ့ မျက်နှာလေးမှာလည်း နင်က မိတ်ကပ်ပါးပါးလေး လိမ်းထားသေးတယ်။ ဆေးရောင်စုံပါးပါးလေးကြောင့် နင့် မျက်နှာလေးက အစိတ်အပိုင်လေးတွေ တစ်ခုချင်းဟာ ထင်းပြီးတော့ကို လှနေတော့တာ။ နင့်အလှမှာ ငါ မျောပြီး ကြည့်နေတော့ နင်က အော်ပြန်တယ်။

“ငါ့ကို မမြင်ဖူးလို့ ပြူးပြဲကြည့်နေရတာလား။ ပြီးတော့ ငါ့ကြောင့် နောက်ကျတယ် ဖြစ်ဦးမယ်။”

အဲဒီကျတော့မှပဲ ငါ့မှာ အချိန်ကို သတိထားမိနိုင်တော့တယ်။ ဟုတ်ပါရဲ့။ ၁၀နာရီတောင် ထိုးတော့မယ်။ ဆွမ်းချိုင့်ကို ဆွဲပြီး ကားဆီ အမြန်ပြေးရတော့တယ်။ မေမေချက်ပေးထားတဲ့ ဆွမ်းတွေတောင် အေးစက်ကုန်ကြပြီ။

ဘာပဲဖြစ်ဖြစ် အဲဒီနေ့က နင် သိပ်ပြီးတော့ လှခဲ့တာပါ။

၃။

ငါက လှတဲ့သူကိုမှ ရွေးကြိုက်တတ်တဲ့ ယောက်ျားမျိုး မဟုတ်ပေမယ့် ကိုယ့်ချစ်သူလေး လှပနေရင် စိတ်ချမ်းသာတာပေါ့။ ငါ ပျော်တာပေါ့။ ငါ့ချစ်သူက လှမှလှဆိုပြီး ဂုဏ်ယူချင်တာပေါ့။ ငါ ဂုဏ်ယူရအောင်လည်း လှပတဲ့ မျက်နှာလေးတစ်ခု နင့်မှာ ရှိပါတယ်။ ခက်တာက နင်က အမြဲတမ်း ပေစုတ်စုတ်နေတာပဲ။ တော်ရုံတန်ရုံဆို ငါ မပြောပါဘူးဟာ။ အခုဟာကလေ နင်က ငါနဲ့ အပြင်ထွက်တိုင်း ဖြစ်သလိုပဲ။

ဆံပင်တွေကို ငယ်ထိပ်မှာ ဖြစ်သလို စုချည်ထုံးထားတယ်။ ခေါင်းစွပ်အကျီပွပွကြီးတွေကို ဘောင်းဘီအပွကြီးတွေနဲ့ တွဲဝတ်တယ်။ မျက်နှာကိုလည်း အအေးဒဏ်ကြောင့် မခြောက်အောင် လိုးရှင်းအဆီတွေ လိမ်းထားလိုက်တာများ ပြောင်နေတာပဲ။

တစ်ခါ၊ နှစ်ခါ ဆိုရင် ငါ မပြောပါဘူး။ အိမ်နေရင်းမို့ ဆိုရင်လည်း ငါ နားလည်ပါတယ်။ အရှိအတိုင်းလေးနင့်ကို ငါ ချစ်ပါတယ်။ ခုတော့ဟာ ငါတို့နှစ်ယောက်အတူတူ အပြင်ထွက်ပြီး နေ့လည်စာ စားရင်လည်း နင်က ဒီ ဒီဇိုင်းပဲ။ ရုပ်ရှင်သွားကြည့်ကြလည်း ဒီပုံစံပဲ။

နှစ်ယောက်တည်း ထွက်ကြတယ် ဆိုပေမယ့် သွားရင်းလာရင်း လမ်းမှာ အသိတွေနဲ့ တွေ့တော့ အမြင် မလှဘူးပေါ့။ သူတို့တွေက နင့်ကို ကွက်ကြည့် ကွက်ကြည့် လုပ်ကြတယ်။ ကွယ်ရာကျရင် ငါ့ကို ပြောကြမယ်။

“ မင်းစော်ကလည်းကွာ.. မျက်နှာတောင် သစ်ထားရဲ့လား မသိဘူး”

“ဘယ်လိုကောင်မလေးလဲကွာ၊ တကယ့်ကို ပြီးပြီးရောပဲ”

“လှလှပပလေး နေပါလား မှုန်ရယ်” လို့ ငါ ပြောမိတော့ နင်က မျက်စောင်းထိုးတယ်။ နောက်ပြီး နင့်မျက်နှာက ပြန် ကြည်မလာခဲ့ဘူး။ အကြာကြီး နင် ငြိမ်သွားတယ်။ ဒီတော့ ငါ့မှာ ပြန်ချော့ရပြန်တာပေါ့။

“ငါ့ အရှိအတိုင်းကို နင်က လက်မခံချင်တာလား”

ငါ့ကို တည့်တည့် စိုက်ကြည့်ပြီး နင်က မေးတယ်။ နင့် မျက်လုံးတွေထဲမှာ ဝင်းဝင်းတောက်နေတဲ့ အရိပ်တွေက ဒေါသတွေလား၊ မာနတွေလား။ ငါ မကွဲပြားခဲ့ဘူး။

“မှုန်ရယ်.. နင် ဘယ်လိုနေနေ ငါက ချစ်ပြီးသားပါ။ အခုဟာက ငါ့အတွက်ချည်း ပြောတာ မဟုတ်ပါဘူး။ နင့်အတွက် အဓိကပါ။”

“အဲဒီတော့ ငါက ဘာလုပ်ရမှာလဲ။ နင်က ငါ့ကို အလှတွေ ပြင်ခိုင်းနေတာလား”

“ဒီလိုလေဟာ။ အိမ်နေရင်းတွေ၊ ဟိုနားသည်နားလေးတွေ သွားရင်တော့ မပြင်ဆင်ပါနဲ့။ ဟို.. လူကြားထဲ သွားတဲ့အခါမျိုးတော့ အလှပြင်တယ် မဟုတ်တောင် သပ်သပ်ရပ်ရပ်လေး ဖြစ်အောင်နေပေါ့”

“ဘာ.. ငါ့ကို သပ်သပ်ရပ်ရပ်လေး နေလို့ ပြောရအောင်ထိ ငါက စုတ်ပြတ်သတ် နေတာလား”

ငါ ဘယ်လိုရှင်းပြပြ နင်က နားမဝင်ခဲ့ဘူး။

“ဟေ့.. ဒီမှာ။ ဘယ်သူတွေ ဘယ်လိုထင်ထင် ငါ ဂရုမစိုက်ဘူး။ လုံးဝပဲ။ နင်လည်း မကျေနပ်ရင် ကြိုက်သလိုလုပ်နော်။ ”

အဲသည်တော့ ငါ ဘာဆက်ပြောနိုင်တော့မှာလဲ။

“နင် ဘယ်လိုလေးပဲဖြစ်နေ ဖြစ်နေ၊ ဘယ်လို ပုံစံနဲ့ပဲ နေနေ ငါ နင့်ကို ချစ်တယ်။ နင့်ရဲ့ အရှိအတိုင်းလေးကို ငါ လက်ခံနိုင်တယ်။ နင် ကျေနပ်နော်”

နောက်ဆုံးတော့ စူပုပ်ပြီး ကောက်ချိတ်နေတဲ့ နင့်ကို ငါကပဲ ပြန်ချော့၊ ပြန်တောင်းပန် ခဲ့တာပါပဲ။

နင်သိလား။ နောက်ကျတော့ ငါ့သူငယ်ချင်းတွေရဲ့ စကားသံတွေက တစ်မျိုး ပြောင်းလာကြတယ်။

“မင်းစော်ကို ငါက အသားနီစပ်တစ်ကောင်နဲ့ တွေ့လိုက်တယ်နော်။ မမချောက ပြင်ထားလိုက်တာများ လန်နေတာပဲ။ ရုပ်ကို မနည်းဖမ်းလိုက်ရတယ်”

“မင်းကောင်မလေးက ပြင်ဆင်ထားလိုက်တော့ တကယ့် အလန်းလေးနော်။ ဟိုရက်နဲ့ ကောင်တစ်ကောင်နဲ့ စကားပြောပြီး ရယ်နေလိုက်တာများ ချစ်စရာလေး”

ငါ ဒေါသထွက်ရတာပေါ့ မိဆိုးရယ်။ ဒါပေမယ့် နင့်ကို ငါ ယုံကြည်ရမယ်လို့ ငါ့ကိုယ်ငါ အခါခါ ပြောနေခဲ့မိတယ်။ တကယ်လည်း ယုံကြည်ခဲ့ပါတယ်။

၎။

ချိန်းမထားဘဲ နင့်ကျောင်းကို လိုက်လာမိတဲ့ တစ်ခေါက်မှာတော့ ငါ ကွဲတာပေါ့။

နင့်ကို ချောင်းဖို့ ငါ မရည်ရွယ်ခဲ့ဘူး။ နင် သိပ်ကြိုက်တတ်တဲ့ ဟင်းကို မေမေချက်ထားလို့ ငါက နေ့လည်စာချိန်အမှီ နင် အံ့သြသွားအောင် လုပ်ချင်ခဲ့တာ။

ငါ ဘယ်ထင်ထားမလဲနော်။ ကျောင်းကန်တင်းမှာ နင် အတန်းဆင်းချိန်ထိ စောင့်မယ် ရည်ရွယ်ပြီး လာခဲ့တော့ အတန်းမဆင်းသေးဘဲ ကန်တင်းမှာ ယောက်ျားလေးတစ်ယောက်နဲ့ ပူးပူးကပ်ကပ် ထိုင်ပြီး၊ ရယ်ရယ်မောမော စားသောက်နေတဲ့ နင့်ကို တွေ့လိုက်ရတော့တာပဲ။

နင့် အချိန်စာရင်းက ငါ့ဆီမှာ ရှိနေတယ်။ အခုဟာ နင့်အတန်းချိန်ပဲ။ နင် အတန်းမတက်ဘဲ ဒီကောင်နဲ့ ပလူးနေတယ်လို့ တွေးမိတော့ ငါ့မှာ ရင်နာလိုက်တာဟာ။ အဲဒီကောင်ကို ရွှန်းရွှန်းစားစား ကြည့်ပြီး ရယ်မောနေတဲ့ နင့်မျက်ဝန်းထဲက အရိပ်တွေကိုလည်း ငါ ကောင်းကောင်း နားလည်ခဲ့ပါတယ်။

နင့်ကို ယုံရမယ်လေလို့လည်း ငါ့ကိုယ်ငါ အားမပေးနိုင်ခဲ့ဘူး။ ငါက နင့်စိတ်ကို ကောင်းကောင်း သိပြီး၊ နင့် မျက်နှာရိပ် မျက်နှာကဲကို ကောင်းကောင်း ဖတ်တတ်သူပါ။

အူနုကို ကျွဲခတ်ခံရတာ ဘယ်လောက် နာမလဲ ငါ မသိပေမယ့် အဲဒီတဒင်္ဂမှာတော့ ငါ့ရင်တွေဟာ နာလည်းနာ၊ အောင့်လည်းအောင့် နောက်ပြီး အဲဒီကောင့် မျက်နှာကို ဇိမ်ပြေနပြေ စိမ်ပြီးထိုးပစ်ချင်တဲ့ စိတ်တွေနဲ့ ပြည့်နှက်လာတယ်။

နင်ကတော့ ကြည်နူးနေလိုက်တာများလေ ငါတစ်ယောက်လုံး ခပ်လှမ်းလှမ်း ရပ်နေပြီး နင်တို့နှစ်ယောက်ကို ကြည့်နေတယ်ဆိုတာကို လုံးဝ သတိမထားမိဘူး။

ငါကလည်း လှည့်ပြန်ထွက်သွားမယ့် စိတ် မရှိသူဆိုတော့ နင်တို့ ဝိုင်းမှာပဲ တည့်တည့် ဝင်ထိုင်လိုက်ပါတယ်။ မမျှော်လင့်ထားဘဲ ငါ့ကို ဗြုန်းစားကြီး တွေ့လိုက်ရလို့ ထင်ပါရဲ့။ နင့်မျက်နှာလေးက ပျက်ထွက်သွားတာ။ တကယ်ဆို ကိုယ်ရည်းစားကို တွေ့ရတာ အံ့အားသင့်ပြီး ပျော်ရွှင်သင့်တယ် မဟုတ်ဘူးလား။

ဆေးရောင်စုံခြယ်သထားတဲ့ နင့်မျက်နှာလှလှလေးမှာ ဟန်ဆောင်ပန်ဆောင် အပြုံးလေးတောင် မရှိဘူး။ မျက်လုံးဆိုးဆေး အနက်ရောင်နဲ့ ဝန်းရံခြယ်သထားတဲ့ နင့်မျက်ဝန်းနက်နက်ကြီးတွေက မှိုင်းညို့နေတယ်။ ပန်းနုရောင် နှုတ်ခမ်းနီဆိုးထားတဲ့ နှုတ်ခမ်းလေး တစ်စုံဟာလည်း တုန်ယင်နေလို့။

နင့် အကောင်က ငါတို့ကို ကြောင်ပြီး ကြည့်နေသေးတယ်။ နောက်ပြီးတော့မှ ပုခုံးတွန့်ပြီး ထထွက်သွားခဲ့တာ။ ငါ့မှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရတယ်။

ငါ နင့်ကို ဘာမှ မမေးဘူး။ ငါယူလာတဲ့ ဗူးတွေကို စားပွဲပေါ်မှာ တစ်ဗူးချင်း အသာအယာ တင်လိုက်တယ်။ ဘယ်ဟင်းတွေ ဘယ်လို ကောင်းကြောင်း၊ နင့် အကြိုက်တွေချည်းမို့ ငါယူလာခဲ့တဲ့အကြောင်းတွေ ပြောပြနေမိတယ်။

နင်က ဟင်းတွေကို ကြည့်ပြီး ရွှင်မြူးသွားဟန် ပြတယ်။ နောက် ဟိုနည်းနည်း၊ သည်နည်းနည်း နှိုက်စားတယ်။ ကောင်းလိုက်တာလို့ တဖွဖွလည်း ပြောတယ်။ အခါတိုင်းတွေထက်ကို နင် ပျာနေခဲ့တယ်။ ငါ့ကိုလည်း ဘာဘာညာညာ မရစ်ဘူး။ ပြသနာ မရှာဘူး။ ကတုန်ကယင်နဲ့ ဟင်းတွေကို နင် ဇွတ်နှိုက်စားနေခဲ့တာ။

ရည်းစားနောက်ကွယ်မှာ ကဲချင်တိုင်း ကဲနေတာကို လူမိသွားလို့ နင် မလုံဖြစ်နေခဲ့တာမလား မိဆိုးရယ်။

၅။

အဲဒီနောက်ပိုင်း ငါ သိသိသာသာကို သတိပြုမိလာတာကတော့ ငါနဲ့ဆိုရင် ပေစုတ်စုတ် နေတတ်တဲ့ နင်က ငါ မပါဘဲ နင့် သူငယ်ချင်းတွေနဲ့ ထွက်ပြီဆိုရင် မင်းသမီးရှုံးမတတ် ပြင်ဆင်တယ်။ ငါ လိုက်ချောင်းထားလို့ မဟုတ်ဘူးနော်။ ဖေ့ဘွတ်မှာ တက်လာတဲ့ နင့်ပုံတွေကို ကြည့်ပြီး ငါ တပ်အပ် ပြောရဲတာပါ။

အဲတာတွေနဲ့ ပတ်သတ်ပြီး နင့်ကို ငါ နည်းနည်းပါးပါး ပြောကြည့်ဖူးခဲ့သေးတယ်နော်။

“မှုန်.. အခုတလော နင် သိပ်လှ လာတယ်နော်။ ဒီဇိုင်းလည်း ပိုမိလာတယ်”

မှာထားတဲ့ အစားသောက်တွေ ရောက်မလာသေးခင် ဖုန်းကလိနေတဲ့ နင်က ငါ့စကားကြောင့် မျက်လုံးလှန်ကြည့်တယ်။

“ရွဲ့တာလား”

“မဟုတ်ပါဘူး။ တကယ်ပါ။ ဖေ့ဘွတ်မှာ နင် တင်ထားတဲ့ ပုံတွေလေ.. သိပ်ပြီး လှတာပဲ။ နင် မိတ်ကပ်လည်း အရမ်းလိမ်းတတ်လာတယ်”

“မရွဲ့လို့သာ တော်တော့တယ်။ ဘာလဲ.. သူများနဲ့ကျတော့ ပြင်ပြီး၊ နင်နဲ့ကျတော့ အခုလို ပုံနဲ့ ထွက်လာလို့ နင် မကျေနပ်ဖြစ်နေတာမလား။ ငါ ဘယ်နှခါ ပြောရမလဲ။ နင့်ရှေ့မှာ ငါ အရှိအတိုင်း နေတယ်ဆိုတာ နင့်ကို ချစ်လို့။ ဟန်ဆောင်မှုတွေ ဘာတစ်ခုမှ မရှိဘဲ နေတာ။ ပြင်ဆင်တယ်၊ လိမ်းခြယ်တယ် ဆိုတာတွေ အကုန်လုံးက ဟန်ဆောင်တာတွေ ချည်းပဲ။ ဟန်ဆောင်တယ်ဆိုတာ သူစိမ်းနဲ့ပဲ ကောင်းတယ်။ နင့်ရှေ့မှာ ငါ ဟန်ဆောင်နေရမှာလား။ နင့်ရှေ့မှာတောင် ငါက လွတ်လွတ်လပ်လပ် နေခွင့် မရှိဘူးလား”

အရှိအတိုင်း နေတာနဲ့ အလေးထားတာ၊ ဟန်မဆောင်တာနဲ့ လေးစားမှုမရှိတာ မတူညီဘူးဆိုတာ ငါ သိနားလည်တဲ့ အကြောင်း နင့်ကို မပြောဖြစ်ခဲ့လိုက်ဘူး။ ပြောင်းလဲလာတဲ့ နင့် မျက်ဝန်းထဲက အရိပ်တွေကို ငါ ဖတ်တတ်တဲ့ အကြောင်းလည်း ငါ မပြောခဲ့မိဘူး။

နင့်ခြေလှမ်းတွေ ပျက်နေတဲ့အကြောင်း ငါသိနေပါတယ်လို့ ဘယ်လို ဖွင့်ပြောရမလဲ။ နင်ပြောင်းလဲလာပြီနော်လို့ ပြောရင်လည်း နင်က အကြောက်အကန် ငြင်းဦးမယ်။ ငါ့ကို ဒေါသထွက်ဦးမယ်။ ငါပဲ စိတ်ဆင်းရဲရဦးမယ်။

အတင်းလုပ်ယူလို့ မရတဲ့ အထဲမှာ ချစ်ခြင်းတရားက ထိပ်ဆုံးက ပါတယ်ဆိုတာ ငါ ကောင်းကောင်း သိတယ်။ ဒါကြောင့်လည်း ငါ့ဆီကနေ တခြားတစ်ယောက်ဆီ ယိုင်နဲ့သွားတော့ နင့်ကို ငါ မတားခဲ့တော့တာ။ နင်သာ ငါ့ကို တကယ်ချစ်ရင်..။ ငါ ဆက်လည်း မတွေးချင်တော့ဘူး။ အဲသည်လိုတွေ နင်လုပ်နေတာ ပျော်လို့ပဲ ဖြစ်မှာပါလို့ ဖြေတွေးရင်း ငါလေ နာနာနဲ့ ရယ်နေမိတော့တယ်။ တကယ်ပါပဲ မိဆိုးရယ်။

ဒါပေမယ့် ငါ ဘယ်လောက်ပဲ သည်းခံခဲ့၊ သည်းခံခဲ့ နင်က ရမယ်ရှာပြီး ဆက်တိုက် ရစ်တယ်။ တွေ့လိုက်တိုင်း ပြသနာရှာတယ်။ နင် အကြောင်းရှာနေပြီဆိုတာ ငါ သိနေခဲ့ပါတယ်။ နင်က ရှေ့ဆက်တိုးလေလေ၊ ငါက နောက်မှာ ကျန်ခဲ့လေလေ။ ငါက အဝေးကို လှမ်းသွားခဲ့လို့တော့ မဟုတ်ဘူးနော်။ နင်က သွားခဲ့ပြီး၊ ငါက နေရာမှာတင် ရပ်နေခဲ့လို့ပါ။ ဒီလိုနဲ့ပဲ ငါတို့ တကယ် လမ်းခွဲဖြစ်ခဲ့ကြတယ်။

နင့်ကို မေ့နိုင်မှာပါလို့ ငါ ထင်ခဲ့တယ် မိဆိုးရေ။ အချစ်ဦးမို့ ရူးလည်း ခဏပဲလို့ ငါ တကယ် ထင်ခဲ့မိတာ။ ငါတို့အရွယ်က အချစ်ဆိုတာကို လွယ်လွယ်ချစ်ပြီး၊ လွယ်လွယ်မုန်းမေ့နိုင်တဲ့ ဆယ်ကျော်သက်ပဲ မဟုတ်လား။ ဒါပေမယ့် ငါ တကယ် မှားသွားခဲ့ရတယ်။

နင်နဲ့ တကယ် ဝေးပြီးတော့မှ နင့်ကို ငါထင်တာထက် ငါပိုချစ်နေခဲ့မှန်း သိလာရတယ်။ သတိမရချင်လေလေ၊ လွမ်းမိလေလေ။ မုန်းမေ့ချင်လေလေ၊ တမ်းတမိလေလေ။ အိုင်ရွန်းနီးတွေကြားမှာ ရူးရတာပေါ့ဟာ။

နင်တော့ ရယ်မှာပဲ မှုန်ရယ်။ Eminem တို့ 50Cents တို့ပဲ နားထောင်တတ်တဲ့ ငါက မေမေ နားထောင်တဲ့ မျိုးကျော့မြိုင်သီချင်းတွေလည်း နားထောင်တတ်လာခဲ့တယ်။

“လူတွေကသိပ်ပြောတဲ့…၊ ကြင်နာသူသူ့အကြောင်းလေး… အို အဆိုးတွေ အဆိုးတွေ အများကြီး၊ ကိုယ့်နားထုံသွားအောင် ကိုယ်ကြားပြီး၊ ဘယ်အခါ ကိုယ်မမေ့သေးတဲ့ ကြင်နာသူ သူ့အပြုံးလေး..၊ ဟိုအပြုံးသည် အပြုံးတွေသတိရ၊ ဆင်ခြင်ဖို့ဆိုတာ ဝေးလွန်းတဲ့ ကိုယ့်နှလုံးသား”

မတိုက်ဆိုင်လွန်းဘူးလားဟင်။

၆ ။

ပြီးသွားခဲ့ပါပြီ အချစ်ဦးလေးရေ။ ရူးရူးမူးမူးနဲ့ စွဲစွဲလန်းလန်း ချစ်ခဲ့ရသူလေး။ အခုတော့လည်း နင်ဟာ ငါနဲ့ လုံးဝမသက်ဆိုင်တော့တဲ့ သူစိမ်းမလေးတစ်ယောက်ပါပဲ။ နင် လျှောက်ချင်တဲ့လမ်း။ သိသိကြီးနဲ့ ငါ လက်ခံခဲ့မိတဲ့ ဖြစ်ရပ်။ ဆယ်ကျော်သက်အရွယ်ရဲ့ ပထမဆုံး အသည်းကွဲဇာတ်လမ်းဆိုတာ ဒါမျိုးပဲ နေမှာပါ။

ပြတင်းပေါက်ကနေ အလင်းပျို့ပျို့လေး ဝင်လာတော့ ဒီတစ်ညလည်း နင့်အကြောင်းတွေ တွေးရင်း ကုန်ဆုံးသွားခဲ့ပြန်ပြီလို့ ငါ သတိဝင်မိတယ်။ နင်နဲ့ လမ်းခွဲစ ညတွေတုန်းကလည်း ဒီအတိုင်းပဲလေ။ ငုတ်တုတ်မိုးလင်းရတာချည်းပါပဲ။ နင့်ကို လွမ်းလွန်လွန်းလို့ မတောက်တခေါက် တတ်တဲ့ မြန်မာစာနဲ့ ငါ့မှာ ကဗျာတွေ ရေးစပ်ဖြစ်ခဲ့သေးတယ်။

အခုလည်း ကြည့်။ ငါ့ကိုငါ သတိမထားမိခင်မှာပဲ ငါ့လက်တွေက နင့်ကိုလွမ်းတိုင်း ရေးချဖြစ်တဲ့ ကဗျာစာအုပ်ကို လှန်နေမိပြန်ပြီ။ ပြီးတော့ ငါ့လက်တွေက ကဗျာတစ်ပုဒ်ကို ရေးချနေမိပြန်ပါပေါ့။

“ဗလာ”

နံနက်ခင်းနဲ့ ညချမ်းရဲ့ အစွန်းနှစ်ဖက်
ထိပ်တိုက်တွေ့ကြပြီ။
ခွပ်ခနဲပါပဲ။

အချစ်ရေ..
နင်ဟာလည်း ငါ့ကမ္ဘာကို ဖြိုဖျက်ခဲ့ပါပြီ။
ပုံပြင်ဟောင်းတွေကို ယူဆောင်လို့၊
အဖြစ်ပျက်ဟောင်းတွေကိုလည်း သိမ်းပိုက်သွားခဲ့ပြီ။
အချစ်ရယ်.. ငါ့မှာ ကမ္ဘာပျက်ပါပြီ။

စည်းကလနားမရှိဘဲ ချစ်ကြမယ်ဆို၊
အချစ်ရေ..
နင့်စကားလေးကို နင်မေ့ခဲ့တယ်။
ချစ်ခဲ့ဖူးတဲ့ နင့်အချစ်ကိုလည်း နင် မေ့သွားခဲ့ပါတယ်။
ဘာဖြစ်လို့များ ငါ့ဘဝတစ်ခုလုံးကို ပိုင်စိုးပြီးမှ
ထွက်သွားရတာလဲ။
အခုတော့ ငါမှာ ရှင်လျက် သေနေရပါပြီ။

အချစ်ရေ
မြတ်မြတ်နိုးနိုး မော်ဖူးချင်တယ်ဆိုရင်တောင်
နင်ဟာ ငါ့အနားမှာ မရှိတော့သူရယ်ပါ။
ပျောက်ဆုံးခဲ့တဲ့ ခြေရာတွေကို
ဘယ်မှာများ ပြန်ရှာတွေ့နိုင်ပါမလဲ။
နင်က အရာရာကို မီးပုံရှို့ခဲ့မှတော့
ငါ့ဘဝလည်း လောင်မီးကျရပါပေါ့။

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

No comments: