Sunday 29 January 2012

အရောင်မြဲ သုံးနားညီတြိဂံ

"အသက်လေးဆယ်၊ လူတွေ မေးတယ်။
 ဘယ်တော့များမှ စားရမှာလဲ။


 ဟန်ဆောင်ရပြီ၊ လူတွေ မသိအောင်
 အပြုံးလေးနဲ့ လိမ်ရပြီ။"


အအေးဆိုင်အတွင်းမှာ ဖွင့်ထားသည့် သီချင်းကြောင့်  လိမ္မော်ရည်သောက်နေရာမှ တိတ်တခိုး ပြုံးမိသွားသည်။ ထိုသီချင်းက အသက်လေးဆယ်အရွယ် အိမ်ထောင်မရှိသူ ကျွန်မကို တည့်တည့်ကြီး သရော်နေဟန်ရှိသည်။ လူတွေက ကျွန်မ ဘာလို့ အိမ်ထောင်မပြုသေးတာလဲဟု မေးလာသည့် အခါတိုင်း အပြုံးဖြင့်သာ တုန့်ပြန်လေ့ရှိသည်။ ကျွန်မ အိမ်ထောင်မပြုရခြင်းမှာ ရင်ထဲမှ မောင့်နေရာတွင် အခြား မည်သူ တစ်ဦး၊တစ်ယောက်ကိုမှ အစားမထိုးနိုင်၍ဟု ကျွန်မကိုယ်တိုင်ကတော့ သေချာသိပါသည်။ နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာခဲ့ပြီးသော်လည်း မောင့်အသံ၊ မောင့်သဏ္ဌာန်၊ မောင့်အပြုံးနှင့် မောင့်ဟန်တို့က ကျွန်မရင်ထဲတွင် နေရာယူနေဆဲ ဖြစ်သည်။ မထင်မှတ်သည့် အချိန်တွင် မမျှော်လင့်ထားသော အဖြစ်ဆိုးတို့ကြောင့် ထာဝရ ဝေးကွာခဲ့ရသော အချစ်ဦးမောင့်ကို ကျွန်မ မမေ့ရက်နိုင်ပါ။




*** 


မောင်နှင့် ကျွန်မသည် ငယ်စဉ်ကတည်းမှ သိကျွမ်းခဲ့ကြသည့် သူငယ်ချင်းများ ဖြစ်သည်။ သွားအတူ၊ လာအတူ၊ ကစားအတူ၊ စာကျက်အတူနှင့် အမြဲတမ်း တပူးပူး၊ တတွဲတွဲရှိကြသော စိတ်တူ၊ကိုယ်တူ သူငယ်ချင်းများ ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုပြီးချိန်တွင် မောင်က ကျွန်မကို ချစ်ခွင့်ပန်ခဲ့သည်။ ကျွန်မတို့သည် တက္ကသိုလ်နယ်မြေသို့ သိပ်ချစ်ကြသော ချစ်သူနှစ်ဦးအဖြစ် ခြေချခဲ့ကြဖူးသည်။ သူငယ်ချင်းတွေက ကျွန်မတို့၏ ချစ်ခြင်းကို အားကျကြသည်။ ကျွန်မတို့ကို နှစ်ဖက်မိဘတွေကလည်း အသိအမှတ်ပြုကာ ကျောင်းပြီးလျှင် လက်ထပ်ခွင့်ပေးမည်ဟု သဘောတူထားခဲ့ကြသည်။ ငယ်ချစ်နှင့်အတူ မခွဲမခွာ အမြဲတမ်း လက်တွဲနိုင်မည်၊ တစ်သက်လုံး ချစ်ခင်ကြင်နာခွင့် ရလိမ့်မည်ဟု ကျွန်မတို့ အကြွင်းမဲ့ ယုံကြည်ခဲ့ကြဖူးပါသည်။

သို့သော် ဒုတိယနှစ်စမှာပင် မမျှော်လင့်ထားသည့် အဖြစ်အပျက်များသည် ကျွန်မတို့ဆီသို့ မလှပစွာ ရောက်လာခဲ့သည်။ ကံဇာတ်ဆရာက အကျည်းတန်သော ပြကွက်တွေကို ခင်းကျင်းပြသခဲ့သည်။


"မောင်က ဧည့်ခံပွဲတစ်ခုမှာ အရက်တွေမူးပြီး အမျိုးသမီးတစ်ယောက်နဲ့ မှားသွားသတဲ့"

"အဲဒီအမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီတဲ့"





"မောင်နဲ့ငါက လုံးဝကို မသက်ဆိုင်တော့တဲ့ သူစိမ်းတွေ ဖြစ်သွားပြီ"
"ဖြစ်ခဲ့တာတွေလည်း ဖြစ်သွားခဲ့ပြီ"
"ခုဆိုရင် မောင်က ကလေးလေးတစ်ယောက်ရဲ့ ဖေဖေတောင် ဖြစ်တော့မှာ"
အမျိုးမျိုးတွေးကာ ဖြေဖို့ကြိုးစားခဲ့သော်လည်း မောင့်ကိုနှမြောသော၊ မောင့်ကို တမ်းတ လွမ်းဆွတ်နေမိသော၊ မောင့်ကို မစွန့်လွှတ်နိုင်သော စိတ်တို့က ကျွန်မကို ဖိစီးခဲ့သည်။ မောင်နှင့် ပတ်သက်၍ ကျဆင်းသွားခဲ့ရသော ကျွန်မ၏ အရှက်နှင့် သိက္ခာတို့အတွက် ဂရုမစိုက်သော်လည်း တစ်သက်လုံး မခွဲမခွာ အတူရှိနေခဲ့ဖူးသည့် မောင်က ယခုချိန်မှာ အခြားအမျိုးသမီးတစ်ယောက်၏ တရားဝင် လင်၊ယောက်ျားဖြစ်သွားခဲ့သည်ကို လက်ခံဖို့ ခက်ခဲခဲ့သည်။ ထို့ကြောင့်ပင် ကျွန်မကို နိုင်ငံရပ်ခြားတွင် အခြေချသင့်သည်ဟု မိဘ၊ဆွေမျိုးတို့ ဆုံးဖြတ်ကြသည့် အတိုင်း မောင်နှင့်ဝေးရာ နိုင်ငံရပ်ခြားတွင် ကျွန်မ အခြေချ နေထိုင်ခဲ့ပါသည်။


နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ရေမြေခြားတွင် တစ်ဦးတည်း နေထိုင်ခဲ့ပြီး၊ နိုင်ငံရပ်ခြားတွင် ရှိနေစဉ်က မြန်မာပြည်သို့ အလည်အပတ်ပြန်ဖြစ်ခဲ့ သော်လည်း မောင့်ဆီ သွားရောက် တွေ့ဆုံခဲ့ခြင်း မရှိခဲ့ပါ။ သို့သော် အချိန်တရားသည် အရာရာကို ကုစားနိုင်သည့် အားလျော်စွာ ကျွန်မသည် ယခုအချိန်တွင် အခြေအနေ အရပ်ရပ်တို့ကို တည်ငြိမ်စွာ လက်ခံနိုင်သော မိန်းမတစ်ယောက် ဖြစ်လာခဲ့ပြီ။ မောင်နှင့်ပတ်သတ်ပြီး နာကျင်သော ခံစားချက်တို့လည်း မရှိတော့။ မောင့်မှာ သားလေးတစ်ယောက်ရှိနေတာ၊ မောင့် အိမ်ထောင်ရေး သာယာပြီး အဆင်ပြေနေသည်ဆိုတာတွေ ကြားသိရတော့ ဝမ်းသာမိသည်။


ယခုအချိန်ထိ မောင့်နေရာတွင် အခြားတစ်ယောက်ကို အစားမထိုးနိုင်ခြင်း၊ အချစ်ဦးမောင့်ကို မမေ့ရက်နိုင်ခြင်းတို့မှာ ကျွန်မ၏ စိတ္တဇဆန်သော အတ္တတစ်ခုအဖြစ် ကျေနပ်စွာ လက်ခံနိုင်ခဲ့ပြီ။ ထို့ကြောင့်လည်း မောင်ရှိနေရာ ဤမြေသို့  အပြီးအပိုင် ပြန်လာရန် ကျွန်မ ဆုံးဖြတ်နိုင်ခဲ့ပါသည်။


***

ကျွန်မ ပြန်ရောက်နေသည်မှာ နှစ်လကျော်ခန့် ရှိပြီ။ မောင် ဘာတွေ ပြောင်းလဲသွားပြီလဲ ကျွန်မ သိချင်သည်။ မောင့်သားလေးရော မောင်နှင့် တူလေမလား၊ မောင့်ဇနီးနှင့်ပင် တူလိမ့်လေမလား ကျွန်မ မြင်တွေ့ချင်သည်။ ထို့ကြောင့် မောင့်ထံရောက်အောင် သွားဦးမယ်ဟု အားခဲထားသော်လည်း အမျိုးတွေဆီ လည်ပတ်ခြင်း၊ ကျွန်မ နှစ်သက်သော ဒေသများသို့ ခရီးထွက်နေခြင်းများကြောင့် လက်တွေ့တွင် ခြေဦးပင် မလှည့်ဖြစ်သေးပါ။ ဒီတစ်ပတ်အတွင်းတော့ သွားဖြစ်အောင် သွားဦးမယ်ဟု ဆုံးဖြတ်ချက်ချကာ သောက်လက်စ လိမ္မော်ရည်ကို လက်စဖြတ်ပြီး ငွေရှင်းရန် စားပွဲထိုးလေးကို အချက်ပြလိုက်သည်။

ငွေရှင်းပြီး နေရာမှ အထ၊ တစ်ဖက်မှ ရေးကြီးသုတ်ပြာဟန်ဖြင့် လူငယ်လေးတစ်ယောက်က ကျွန်မကို ဝင်တိုက်သည်။ ဟန်ချက်မထိန်းနိုင်ဖြစ်သွားပြီး ကျွန်မ လဲကျသွားပါသည်။
 
"ဟာ.. ဆောရီးပါ မမ"
"ကျွန်တော် အလောကြီးပြီး မမြင်လိုက်တာပါ"
နူးညံ့သော၊ ဝါညက်သော၊ ကျွန်မနှင့် အင်မတန်မှ ရင်းနှီးကျွမ်းဝင်ဖူးသော အသံတစ်သံကို ကြားလိုက်ရ၍ အလန့်တကြား မော့ကြည့်လိုက်မိသည်။ အံ့သြစရာကောင်းလောက်အောင်ပင် မောင်နှင့်တူသော လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။သူ့တွင် မောင့်မျက်ခုံးလေးလို မည်းနက်သွယ်တန်းနေသော မျက်ခုံး၊ မောင့်လိုမျိုး မျက်တောင်မွှေးစိပ်စိပ်လေးတွေ ဝန်းရံထားသော မျက်လုံးဝိုင်းဝိုင်း၊ မောင့်လို ချွန်သွယ်သော နှာတံ ရှိသည်။ နုနယ်လှသော သူသည် မေးရိုးကျပုံကအစ မောင်နှင့် တထေရာတည်း တူလို့နေသည်။  ဟိုတုန်းက မောင်က ကချင်ပုဆိုး ကွက်စိပ်လေးတွေကို ရှပ်အကျီအဖြူရောင် လက်ရှည်နှင့် တွဲဝတ်သည်။ ယခု ကျွန်မရှေ့မှ လူငယ်လေးက ရှပ်အကျီအဖြူလက်ရှည်ကို စတိုင်ပန် အနက်ရောင်ဖြင့် ဝတ်ထားသည်။ အံ့သြစွာ ကျွန်မ ကြောင်ပြီး မော့ကြည့်နေမိပါသည်။


"ထနိုင်ရဲ့လား မမ၊ ကျွန်တော် ကူညီရမလား"
သူ စကားထပ်ပြောမှ ကျွန်မ သတိပြန်ဝင်လာသည်။ ဘယ်လောက်ကြာကြာ သူ့ကို ကြောင်ပြီး မော့ကြည့်နေမိသည် မသိ။ ဘေးဘီကို အကဲခတ်လိုက်တော့ ဆိုင်ထဲက လူတွေက ကျွန်မတို့ကို လှမ်းကြည့်နေကြသည်။ ကျွန်မ တစ်ကိုယ်လုံး ပူနွေးသွားသည်။


"ရတယ်။ ကိုယ် ဘာမှ မဖြစ်ဘူး။"
အမြန်လူးလဲထကာ ဆိုင်ထဲမှ ခပ်သွက်သွက် ထွက်လာခဲ့မိသည်။ အပြန်လမ်း တစ်လျှောက်လုံး ကျွန်မ အတွေးထဲတွင် ထိုကောင်လေး ကပ်ညိ ပါလာခဲ့ပါသည်။


***

တစ်နေကုန် တွေးနေမိသော သူ့အကြောင်းကို အိပ်ရာထဲ ရောက်သည်အထိ ဆက်ပြီး တွေးနေမိသည်။
"သူဟာ မောင်နဲ့ တူလိုက်တာ.. တကယ်ကို မောင် ငယ်ငယ်တုန်းက အတိုင်းပဲ"
မောင့်အကြောင်းတစ်လှည့်၊ သူ့အကြောင်းတစ်လှည့် တွေးနေမိစဉ်မှာပင် လက်ကိုင်ဖုန်းမှ အသံမြည်လာသည်။ ဘယ်သူများပါလိမ့်ဟု ကြည့်လိုက်တော့ ကျွန်မ မသိသော နံပါတ်တစ်ခု။


"မသင်းမြတ်နွယ်နဲ့ စကားပြောချင်လို့ပါ ခင်ဗျာ"
တဖက်မှ အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။


"ဟုတ်ကဲ့။ ကျွန်မ သင်းမြတ်နွယ်ပါ"
ညကြီး၊မင်းကြီး ဖုန်းဆက်လာသူသည် နေ့လည်တုန်းက ကောင်လေးဖြစ်နေလိမ့်မည်ဟူ၍တော့ ကျွန်မ လုံးဝ မမျှော်လင့်ထားပါ။

"ကျွန်တော်ပါ မမ။ နေ့လည်တုန်းက မမနဲ့ ဝင်တိုက်မိတဲ့ သူပါ"
ကျွန်မ အံ့သြစွာ ဆွံ့အသွားမိသည်။ သူ့အသံသည် တယ်လီဖုန်းထဲတွင်တော့ မောင့်အသံနှင့် မတူပါ။

"မမ လဲသွားတုန်းက ဖိုင်လေး တစ်ခု ကျကျန်ခဲ့ပါတယ်"
"အဲဒီမှာ ကျွန်တော် မမရဲ့ နာမည်နဲ့ ဖုန်းနံပါတ်ကို တွေ့လို့ပါ"
သူ ပြောပြမှပင် ကျွန်မ ဖိုင်ကျန်ခဲ့သည်ကို သတိရမိတော့သည်။ ဖိုင်တစ်ခုလုံး ကျကျန်ခဲ့သည်ကို လုံးဝ သတိမထားမိလောက်အောင် တစ်နေကုန် သူ့အကြောင်းတစ်လှည့်၊ မောင့်အကြောင်းတစ်လှည့် တွေးနေမိခဲ့သည်။

"ကိုယ် ဖိုင်ကို ဘယ်မှာ လာယူရမလဲ"
 ကိုယ်တိုင် လာပေးပါရစေဆိုကာ သူက ဈေးဆစ်နေသေးသည်။ ခပ်တင်းတင်း ငြင်းလိုက်တော့မှ ဆိုင်နာမည်တစ်ခုကို သူရွတ်ပြခဲ့သည်။နောက်တစ်နေ့ ညနေ၃နာရီတွင် တွေ့ဆုံရန် ချိန်းဆိုမှု ပြုလိုက်ကြသည်။


ထိုညက မောင့်အစား သူ့ကို  အိပ်မက် မက်ခဲ့မိသည့်အတွက် ကျွန်မကိုယ်ကျွန်မ အံ့သြရပါသည်။


 ***
ချိန်းထားသည့် အချိန်အတိ ကျွန်မ ရောက်သွားတော့ ကြိုတင်ရောက်နေနှင့်သည့် သူ့ကို တွေ့ရသည်။ ကျွန်မက ကာပူချီနိုတစ်ခွက်မှာသည်။ သူက ဘလက်ကော်ဖီမှာသည်။ မောင်လည်း ဘလက်ကော်ဖီသာ အမြဲသောက်လေ့ရှိသည်ကို သတိရမိသည်။


"ဟောဒီမှာ မမ ဖိုင်ပါ"
သူ ကမ်းပေးသည့် ဖိုင်ကို လှမ်းယူလိုက်ရင်း ကျေးဇူးတင်စကားကို တီးတိုးဆိုမိတော့ သူက နှစ်ခြိုက်စွာ ပြုံးပြသည်။ သူ့အပြုံးတွင် ကြည်လင်မှု၊ အပြစ်ကင်းစင်မှုနှင့် အေးချမ်းမှုတို့ကို တွေ့နေရသည်။


"ကျွန်တော့ နာမည် ဖြိုးမောင် ပါ မမ။ ဆေးကျောင်းပြီးထားလို့ ဟောက်စ်ဆင်းနေပါတယ်"
သွက်လက်ရဲတင်းသော၊ လူငယ်တစ်ယောက်၏ ဟန်ပန်အပြည့်ဖြင့် သူက သူ့ကိုယ်သူ  မိတ်ဆက်သည်။ သူပြောပြသည့် သူ့အကြောင်းတွေကို နားထောင်ရင်း သူ့ကို တိတ်တဆိတ် အကဲခတ်နေမိသည်။ သူ့အမူအရာတင်မက၊ စကားပြောသည့် လေယူလေသိမ်းကပါ မောင်နှင့် တူနေသည်။  မောင့်နေရာတွင် မည်သူ့ကိုမျှ အစားမထိုးနိုင်ခဲ့သော ကျွန်မ ရှေ့မှောက်သို့ မောင်နှင့် အံ့သြစရာကောင်းလောက်အောင်တူသော လူငယ်လေးတစ်ယောက် ရောက်နေသည်။ ထို့အပြင် ထိုလူငယ်လေးက မောင့်အကြောင်းကိုသာ အမြဲတွေးလေ့ရှိသော ကျွန်မ စိတ်အစဉ်တစ်ခုလုံးကို အချိန်တိုလေး တစ်ခုအတွင်းမှာ အပိုင်သိမ်းယူသွားနိုင်ခဲ့ပါသည်။

***

ကော်ဖီဆိုင်မှာ တွေ့ပြီးသည့် နောက်ပိုင်း သူနှင့်ကျွန်မ မကြာ မကြာ ထပ်ဆုံဖြစ်ကြသည်။ သူ ဟောက်စ်ဆင်းရာ ဆေးရုံမှာ ကျွန်မက အလှူငွေ လာထည့်လို့၊ ကျွန်မ မိဘမဲ့ကလေးများကျောင်း သွားသည်ကို သူ အဖော်လိုက်ပေးလို့၊ ဒါမှမဟုတ် ကျွန်မတို့နှစ်ယောက် ဘုရားအတူတူ တက်ကြလို့ စသည် အကြောင်းပြချက် များစွာဖြင့် ကျွန်မတို့ ဆုံဖြစ်ခဲ့ကြသည်။ သူနှင့်အတူရှိစဉ်တိုင်း မောင်နှင့်အတူရှိနေသလို ခံစားနေရသည်။ မောင်နှင့်အတူရှိစဉ်တိုင်း ရရှိခဲ့ဖူးသော စိတ်၏လုံခြုံမှုမျိုးကို သူနှင့်အတူရှိချိန်တွင် ကျွန်မ ပြန်လည်ခံစားရမိသည်။ ထိုအကြောင်းပြချက်ကပင် ကျွန်မကို သူ့ထံသို့ နီးကပ်စွာ တိုးဝင်သွားစေရန် တွန်းအားတစ်ခု ဖြစ်နေခဲ့ပါသည်။


သူနှင့် စတင် သိကျွမ်းလိုက်သည့် နေ့မှ စ၍ မောင့်ထံရောက်အောင်သွားဦးမည်ဆိုသော စိတ်ကူးကိုလည်း အကောင်အထည် မဖော်ဖြစ်ခဲ့တော့ချေ။  
***
"ဟာ.. မမက အရွယ်နဲ့ မလိုက်အောင်ကို အရမ်းနုတာပဲ။ ကျွန်တော်က မမကို အလွန်ဆုံးရှိမှ အသက်၃၀ဝန်းကျင်လို့ ထင်ထားတာ" 
သူနှင့်အတူတူ ကော်ဖီသောက်ဖြစ်သည့် ညနေတစ်ခုတွင် သူက ကျွန်မ အသက်ကို မေးသည်။ နံပါတ်တစ်ခုရွတ်ပြလိုက်တော့ ကျွန်မကို ကြည့်ပြီး တအံ့တသြ မှတ်ချက်ချခဲ့ပါသည်။

"ကဲ အခု.. ကိုယ့် အသက်ကို သိသွားပြီပဲ။ အန်တီလို့ ပြောင်းခေါ်သင့်ပြီ"

"ဟင့်အင်း။ မမ အရွယ်လို နုနယ်သူကို အန်တီလို့ခေါ်ရင် ကျွန်တော် မယဉ်ကျေးရာ ရောက်မှာပေါ့"

"မင်း ကိုယ့်ကို မြှောက်နေပြီ"
သူ့စကားကြောင့် ကျေနပ်စွာ ရီမောရင်း ခွန်းတုန့်ပြန်မိတော့ "တကယ်ပြောနေတာပါ မမရယ်" ဟု သူ ပြောခဲ့သည်။

***


မမ ဟု သူခေါ်လိုက်တိုင်း ကျွန်မ ရင်ထဲတွင် ကြည်နူးမှုများဖြင့် လှိုက်ခတ်သွားသည်။ သူ့မှာ ချစ်ရမည့်သူ မရှိသေးဘူးဟု သိလိုက်စဉ်ကလည်း ကျွန်မ စိတ်ထဲတွင် လုံခြုံစိတ်ချကာ ကျေနပ်သွားမိသည်။

ကျွန်မက ကျွန်မထက် အသက်၂၀ခန့် ငယ်သော လူငယ်လေးတစ်ယောက်ကို မောင်နှင့်တူလို့ပါဆိုပြီး ချစ်နေမိပြီလားဟု ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိသည်။ ကျွန်မ အင်မတန် ချစ်မြတ်နိုးခဲ့ရသော မောင့်သဏ္ဌာန်၊ မောင့်ဟန်တို့အပြင်  မောင့်အကျင့်စရိုက်တို့နှင့်ပါ တူသော သူ့ကို တကယ်ပဲ  ချစ်နေမိပြီဟု အဖြေရလိုက်တော့ ကိုယ့်ကိုယ်ကို သဘောကျမိပါသည်။ မောင်တစ်ယောက်တည်းသာ နေရာယူခဲ့ဖူးသော ကျွန်မနှလုံးသားသည် သူ့အတွက် နေရာပေးရန် အဆင်သင့် ဖြစ်လို့နေသည်။

ကျွန်မ စိတ်ထဲတွင် သူ့အလိုကို လိုက်ချင်သော၊ သူ့ ဆန္ဒဟူသမျှကို အကောင်အထည် ပေါ်စေလိုသော၊ သူ့ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးလိုသော စိတ်များ တဖွားဖွား ဖြစ်လို့နေသည်။သူများတွေသိရင် ရီစရာတွေ ဖြစ်ကုန်တော့မှာပဲဟု တွေးမိသော်လည်း ဘာကိုမှ ဂရုမစိုက်ချင်ပါ။ အသက်သိပ်ကွာလွန်းသည်ဟူသော အကြောင်းပြချက်ကြောင့်  သူ့ကို ကျွန်မ ချစ်လို့ မရတော့ဘူးလား။ ထိုအကြောင်းပြချက်ကြောင့် သူနှင့်မဆုံဆည်းရမှာကို ကျွန်မ နှမြောပါသည်။

ကျွန်မ သူ့ကို ချစ်မိသွားသလို၊ သူရော ကျွန်မကို ဘယ်လိုများ သဘောထားပါလိမ့်ဟု အတွေးနယ်ချဲ့မိသည်။ သေချာသည် တစ်ခုက သူ ကျွန်မကို ကြည့်တတ်သည့် အကြည့်များထဲတွင် ရင်းနှီးမှု၊ လေးစားမှုတို့ထက် ပိုသော အရိပ်တစ်ချို့ ရှိနေသည်။ ထို့အပြင် ကျွန်မနှင့် တွေ့ဆုံတိုင်း ပျော်ရွှင်နေတတ်သော သူ့ဟန်၊ တက်ကြွသော သူ့အသံ၊ ဖျတ်လတ်သော သူ့လှုပ်ရှားမှုတို့သည် မည်သည့်စိတ်ခံစားချက်ကို အခြေပြုလာတာသနည်း။ ကျွန်မက သူ့ထံသို့ နီးကပ်စွာ တိုးဝင်ခဲ့မိသလို သူကလည်း လှိုက်လှိုက်လှဲလှဲ လက်ခံကြိုဆိုပြီး၊ ပြန်လည်၍ နီးကပ်စွာ တိုးဝင်လာခဲ့သည် မဟုတ်လား။ ကျွန်မအတွေးဖြင့် ကျွန်မ ပျော်သွားခဲ့ဖူးသည်။
***
ကျွန်မ မမျှော်လင့်ထားသော နေ့ရက်တွင် ကျွန်မ မျှော်လင့်နေခဲ့သော ချစ်စကားကို သူ ပါးခဲ့ပါသည်။ ထိုနေ့က သူ့မွေးနေ့။ ကျွန်မတို့နှစ်ယောက် နံနက်စောစော ဘုရားတက်ကြသည်။ ဘုရားတွင် သူက အခါတိုင်းထက် ရှည်လျားစွာ ဆုတောင်းနေသည်ကို ကျွန်မ သတိထားမိသည်။ ထို့ကြောင့်လည်း ဘုရားပေါ်မှအဆင်းတွင် ကျွန်မ စပ်စုလိုက်မိပါသည်။


"မမ မသိချင်လည်း ခဏနေရင် သိကို သိရမှာပါ"
ပြုံးတော့ မယောင်ယောင် မျက်နှာဖြင့် သူက ဖြေသည်။ ကျွန်မ သူ့ကို မျက်စောင်းထိုးလိုက်မိသည်။ ထို့နောက် ကျွန်မတို့အတူတူ မနက်စာ သွားစားကြပါသည်။ သူက ကျွန်မ နှစ်သက်သည့် အစားအစာများကို ဂရုတစိုက် ရွေးချယ်မှာပေးနေသည်ကို ကြည့်ရင်း ရင်ထဲတွင် ကျေနပ်ကာ ကြည်နူးနေမိသည်။

"မမ.. ကျွန်တော်လေ ဘုရားမှာ ကျွန်တော် ချစ်မြတ်နိုးသောသူနဲ့ မခွဲမခွာ အတူတူနေရပါလို၏ လို့ ဆုတောင်းခဲ့တယ်"
ရုတ်တရက် သူ ပြောလိုက်သည့် စကားကြောင့် မနက်စာ စားနေရာမှ ကျွန်မ သူ့ကို မော့ကြည့်လိုက်မိသည်။ သူ့အသွင်က တည်ငြိမ်နေသည်။ သို့သော် တုန်ယင်နေသော သူ့အသံများကတော့ စိတ်လှုပ်ရှားနေမှုကို မဖုံးဖိ ထားနိုင်ပါ။
"ကျွန်တော့် ဆုတောင်းပြည့်အောင် မမ ကူညီပါ"
မျှော်လင့်ချက် အပြည့်ပါသော အကြည့်ဖြင့် သူ ကျွန်မကို ကြည့်နေခဲ့သည်။ သူ့မျက်လုံးများမှ ဆွဲအားသည် ကျွန်မကို တသိမ့်သိမ့် ရင်ခုန်နေစေခဲ့သည်။ကျွန်မ မျှော်လင့်ထားသည်ထက် သူက ကျွန်မ နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့ပါသည်။


"တစ်ချို့စကားတွေဟာ ထုတ်ဖော် မပြောပြလဲ ခံစားနားလည်လို့ ရတယ်ဆိုတာ ဖြိုးမောင် ယုံရဲ့လား"
အတည်ငြိမ်ဆုံး ဖြစ်မည့် စကားများကို ရွေးချယ် ပြောလိုက်မိသည်။


"ဟာ.. မမ"
ကျွန်မ စကားအဆုံးတွင် သူ့ မျက်လုံးများ အရောင်လက်လာပြီး၊ သူ့ နှုတ်ခမ်းများလည်း ပိုမို ကွေးညွှတ်သွားပြီး၊ ကျွန်မကို တအံ့တသြ တိုင်တည်ခေါ်ဝေါ်ခဲ့သည်။ ထိုအမူရာလေးသည် ကျွန်မအတွက် သိပ်ကို ချစ်စရာ ကောင်းနေခဲ့ပါသည်။


"ဒါက မမ သုံးနေကြ ရေမွှေးတံဆိပ်က ထုတ်တဲ့ အမျိုးသားသုံး ရေမွှေး"
"ဒါက လက်ပတ်နာရီ"
သူ့အတွက်ယူလာသော မွေးနေ့လက်ဆောင် နှစ်ခုကို ထုတ်ပေးမိသည်။


"လက်ပတ်နာရီကရော မမ ပတ်နေကြ နာရီ တံဆိပ်ပဲလား ဟင်"
သူက ရယ်ကျဲကျဲ မေးပြီး မျက်လုံးတစ်ဖက် မှိတ်ပြသည်။ သူ မေးသည့်အတိုင်း ဟုတ်မှန်နေသောကြောင့် ကျွန်မ ရီလိုက်မိသည်။ ထို့နောက် ကျွန်မ ရွေးချယ်ဝယ်ယူလာသော လက်ပတ်နာရီသည် သူနှင့် လိုက်ဖက်မှု ရှိ၊မရှိ သိချင်လာသည်။

"လာ.. မမ နာရီ အခု ပတ်ပေးမယ်"
သူက ကလေးငယ်လေး တစ်ယောက်လို သွက်လက်စွာပင် ဘယ်ဖက် လက်ကို ဆန့်တန်း ထုတ်ပေးသည်။ ဗူးထဲမှ နာရီလေးကို ထုတ်ယူကာ တယုတယ ဝတ်ပေးရင်း သူ့လက်မှ အကြောစိမ်းလေးများကို ငေးမောမိသွားစဉ် သူက ကျွန်မ နဖူးကို ဖျတ်ခနဲ နမ်းလိုက်ပါသည်။ ကျွန်မမျက်နှာ နွေးခနဲဖြစ်သွားခဲ့သည်။


"မမ.. စိတ်ဆိုးသွားလား"
ကျွန်မ သူ့ကို ကြင်နာစွာ ပြုံးပြလိုက်မိပါသည်။




***
သူနှင့် တစ်နေကုန် လျှောက်လည်ခဲ့သည့် အကြောင်းများကို အိပ်ရာထက်တွင် ပြန်လည်စဉ်းစားနေမိသည်။ကျွန်မတို့ တစ်ယောက်လက်ကို တစ်ယောက်တွဲကာ နေရာစုံအောင် လျှောက်သွားခဲ့ကြသည်။ သူ့ရင်ခွင်သည် မောင့်ရင်ခွင်လိုပင် လုံခြုံစွာ နွေးထွေးနေခဲ့သည်။ သူ့ အနမ်းများသည်လည်း သာယာယစ်မူးဖွယ် ကောင်းလှပါသည်။


"မောင်ရေ.. ကျွန်မထက် အသက်၂၀လောက်ငယ်တဲ့ ကောာင်လေးတစ်ယောက်ကို မောင်နဲ့တူလို့ ဆိုပြီး ရူးရူးမိုက်မိုက် ချစ်နေမိပြီ မောင်ရေ.."
မောင့်ကို တိုင်တည်ပြီး တီးတိုးရေရွတ်မိသည်။ မောင်နှင့်တွေ့မည် ကြံရွယ်ထားပြီးနောက် ကျွန်မ ဘဝထဲ သူရောက်လာခဲ့သည်။ ထိုကြောင့် မောင်နှင့် မတွေ့ဖြစ်ခဲ့။ မနက်ဖန်တော့ သွားဖြစ်အောင် သွားမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။


မောင်နှင့် တွေ့လျှင် ကျွန်မထက် အသက်၂၀ကျော် ငယ်သည့် ကောင်လေးတစ်ယောက်ကို ချစ်နေမိပြီ ဖြစ်ကြောင်း ပြောပြချင် ပြောပြမိပေလိမ့်မည်။

သို့သော် ထိုကောင်လေးက မောင်နှင့်တူလွန်းလို့ ချစ်မိသွားတာပါ ဟူ၍တာ့  ပြောပြလိမ့်မည် မဟုတ်ပါ။

***

ညနေပိုင်းဆိုလျှင်တော့ မောင်တို့ အိမ်မှာ လူစုံ၊တက်စုံ ရှိကောင်းမှာပါဟု အတွေးရကာ မောင့်ဆီကို ညနေ ၆နာရီခန့်အရောက် သွားလိုက်သည်။ မောင်ကိုယ်တိုင် တံခါး လာဖွင့်ပေးခဲ့ပါသည်။


"ဟာ.. မြတ်။ မြတ်ရယ်.. အကြောင်းမကြား ဘာမကြား"
မောင်က ကျွန်မကို ကြည့်ပြီး တအံ့တသြပြောသည်။

"မသက်ထားရေ.. ဧည့်သည်လာတယ်ဟေ့"
မောင်က အိမ်အတွင်းဖက် လှည့်ကာ မောင့်ဇနီးကို လှမ်းခေါ်သည်။ မောင့်တွင် ကျွန်မကို တွေ့ရ၍ အထူးစိတ်လှုပ်ရှားနေဟန် မရှိ။ နေရက်ခက်ဟန်၊ အိုးတို့အန်းတန့် ဖြစ်နေဟန်တို့လည်း မရှိ။ပျော်ရွှင်သွားဟန်သာ ရှိသည်။ မောင့်အသွင်က ယခင်ကလို ချောမောဆဲ။ မျက်နှာပေါ်ရှိ အရေးအကြောင်း တစ်ချို့က ရင့်ကျက်၊ တည်ငြိမ်မှုတို့ကို ကိုယ်စားပြုနေသယောင်။ ထိုအရေးကြောင်းတို့ကပင် မောင့်ကို ပိုမို ခန့်ညားနေစေသည်။

"မြတ်က အရင်လို ချောလှနေဆဲပဲ"
မောင်က ချီးကျူးစကားဆိုတော့ ကျွန်မ မျက်နှာပူစွာ မောင့်ဇနီးကို လှမ်းကြည့်မိသည်။

"ဟုတ်ပါ့ မသင်းမြတ်နွယ်ရယ်၊ ကုသိုလ်ကံ ကောင်းလိုက်တာနော်။ တကယ်ကို နုပြီး ချောနေတာ ဟိုတုန်းကလိုပါပဲ။ ကျွန်မဆို အဘွားကြီး ဖြစ်နေပြီ"
မောင့် ဇနီးက ဖော်ရွေစွာ ချီးကျူးစကားဆိုသည်။


မောင်တို့ သားလေးက ဆေးကျောင်းတက်နေပြီ ဖြစ်ကြောင်း၊ ယခု အပြင်မှ ပြန်မလာသေးကြောင်း မောင်က ပြောပြသည်။ "သားက အဖေတူုလေ" ဟု မောင့်ဇနီးက ဆိုတော့ ကျွန်မ ကျေနပ်စွာ ပြုံးပြမိသည်။


ထိုစဉ်ကတည်းက မောင်နှင့်တူသော၊ ဆေးကျောင်းတက်နေသော ဖြိုးမောင်သည် မောင့်၏သားဖြစ်မည်ဟု ကျွန်မ ရိပ်မိဖို့ ကောင်းပါသည်။ သို့သော် ဖြိုးမောင်သည် မောင့်သား ဖြစ်နေနိုင်သည်ဟု ကျွန်မ တစ်ခါမှ မစဉ်းစားမိဘူးပါ။ မောင့်သားသည် ဖြိုးမောင်လို အရွယ်မရောက်လောက်သေးဟု ကျွန်မ မသိစိတ်က ထတစ်ချ ယုံကြည်နေခဲ့မိသည်လား မပြောတတ်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ညံ့ခဲ့ပါသည်။

"သားပြန်လာပြီ"
မောင့်ဇနီး၏ စကားကြောင့် ကျွန်မ နောက်လှည့်ကြည့်လိုက်တော့ ကိုယ့်မျက်လုံးတွေကို မယုံနိုင်အောင် ဖြစ်သွားရသည်။

"ဟင် ဖြိုးမောင်.."
"မမ.. မမ အိမ်ရောက်နေတယ်"
ဖြိုးမောင်က သွက်လက်စွာ ကျွန်မ ဘေးဝင်ထိုင်သည်။

"မြတ်နဲ့သားက သိနေကြတာကိုး"
"ဖြိုးမောင်က ကိုယ့်သားပဲ မြတ်ရေ.. အခု ဟောက်စ်ဆင်းနေပြီလေ"

"ဘုရား ဘုရား..  ဖြိုးမောင်က မောင့်ရဲ့သားတဲ့" ကျွန်မ တစ်ကိုယ်လုံး ပူထူလာသည်။
"မောင်သာ ဖြိုးမောင်နှင့် ကျွန်မအကြောင်းကို သိသွားခဲ့လျှင်" ကျွန်မ ဆက်မတွေးရဲတော့ပါ။

"ဖေဖေနဲ့ မမက သိနေတာလား"
ဖြိုးမောင် မေးခွန်းကြောင့် မောင်က ရီသည်။

"မမ တဲ့လား။ ဟားဟား... သားကတော့ လုပ်ပြီ။ မြတ်က ဖေဖေ့ ငယ်သူငယ်ချင်း သားရဲ့။ သားရဲ့ အန်တီပေါ့"
"မြတ်ရေ.. ကိုယ် မပြောဘူးလား။ မြတ်က နုနေတော့ သားကတောင် မမ ခေါ်နေတယ်"
မောင်က ရီမောပြီး စနောက်နေသည်။ ကျွန်မ မောင့်မျက်နှာကို လှမ်းမကြည့်ရဲပါ။ ထို့အတူ မောင့်ဇနီးမျက်နှာကိုလည်း မကြည့်ရဲတော့ပါ။ မောင်တို့ စကားသံများကို မကြားတစ်ချက်၊ ကြားတစ်ချက် ကြားနေရသည်။  အလိုက်သင့် ကြိုးစားစကားပြောရင်း လိုက်ပါရီမောနိုင်အောင် တော်တော်လေး အားထုတ်နေရသည်။မောင်တို့ ရှေ့မှာ ဟန်မပျက် ဆက်နေနိုင်စွမ်း မရှိတော့ပါ။ ထို့ကြောင့် နှုတ်ဆက်စကားပြောကာ အမြန်ဆုံး ပြန်လာခဲ့ရသည်။
***

ထိုနေ့က ကျွန်မ ဘယ်လို အိမ်ပြန်ရောက်လာခဲ့သလဲဆိုတာကို မမှတ်မိတော့ပါ။ တုန်လှုပ် ခြောက်ခြားစွာ ငိုကြွေးနေခဲ့မိသည်ကိုသာ သတိရမိသည်။

ဖြိုးမောင်က မောင့်ရဲ့သား ဖြစ်နေမှတော့ သူနှင့် ကျွန်မ ဘယ်လိုမှ ရှေ့ဆက်ရန် မဖြစ်နိုင်တော့။ ဖြိုးမောင်က ကျွန်မ၏အချစ်ဦး မောင့်ရဲ့သား။ ကျွန်မတို့ နှစ်ယောက် ဆုံဆည်းဖို့ လုံးဝမဖြစ်နိုင်တော့ပါ။ ဒီအကြောင်းရာတွေကို ဖြိုးမောင် နားလည်အောင် ဘယ်လိုများ ပြောပြရမှာပါလိမ့်။ အတွေးများစွာဖြင့် စိတ်တွေ ယောက်ယက်ခတ်နေမိသည်။

ကျွန်မတို့ အကြောင်းကို မောင်သာသိလျှင် ကျွန်မကို ဘယ်လောက်များ ကဲ့ရဲ့လိမ့်မလဲ။
မောင့်ကို မပိုင်ဆိုင်ရလို့ မောင့်သားကို လိုက်ကြံနေသည်ဟု မောင့်ဇနီးကလည်း ထင်ပေလိမ့်မည်။  အဖေကို မရလို့ သားအထိပါ စောင့်ပြီး ကြိုက်သည်ဟု ပတ်ဝန်းကျင်ကလည်း အတင်းစကားတွေ ဆိုတော့မည်။


ပတ်ဝန်းကျင်ကို ကျွန်မက ဂရုမစိုက်သည် ဖြစ်ပါစေ၊ မောင်တို့မိသားစုက ဂရုစိုက်ပေလိမ့်မည်။ ထို့အပြင် မောင့်ချစ်သူဖြစ်ဖူးသူ ကျွန်မကို မောင်တို့၏ ချွေးမ အဖြစ် မောင်တို့က လက်ခံနိုင်မည်လား။ ကျွန်မကရော မောင့်ရှေ့မှာ မောင့်သားကို လင်၊ယောင်္ကျားအဖြစ် တွဲသွားဝံ့ပါ့မည်လား။ လုံးဝကို မဖြစ်နိုင်ပါ။


မောင့်နေရာမှာ တစ်သက်လုံး မည်သူ့ကိုမှ အစားမထိုးနိုင်ခဲ့သော ကျွန်မ၊ မောင်နှင့်တူသော ကောင်လေးတစ်ယောက်ကို ချစ်မိသွားသော ကျွန်မ၊ ထိုကောင်လေးနှင့် ဒီတစ်သက် မဝေးတော့ဘူးဟု ယုံကြည်ခဲ့မိသည့် ကျွန်မ၊ မမျှော်လင့်ထားသော အဖြစ်ပျက်များနှင့် ကြုံရပြန်သည်။ ကိုယ့်ထက် အသက် ၂၀ခန့် ငယ်သည့် ကောင်လေး တစ်ယောက်ကို ရူးရူးမိုက်မိုက် ချစ်မိပြီးကာမှ ထိုကောင်လေးက မောင်ရဲ့သား ဖြစ်နေသည်။


အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းနိုင်မည့်၊ အဖြစ်အပျက်အားလုံးကို အေးချမ်းစွာ ချုပ်ငြိမ်းစေမည့် လမ်း တစ်လမ်းသာ ကျွန်မတွင် ရွေးချယ်စရာ ရှိတော့သည်။ ဖြိုးမောင် နားလည်အောင် ပြောဆို ရှင်းပြပြီး လမ်းခွဲကာ အဆက်အသွယ် ဖြတ်ပစ်ရန် ကျွန်မဆုံးဖြတ်ခဲ့ရသည်။  ဖြိုးမောင်နှင့် ဝေးရတော့မည်ဆိုသော အသိကြောင့် မျက်ရည်ကျမိပြန်သည်။ သို့သော် ကျွန်မ အသက်အရွယ်နှင့် လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်ရပေလိမ့်မည်။ ဖြစ်သင့် ဖြစ်ထိုက်တာတွေကို ဖြစ်စေရလိမ့်မည်။ ဆယ်သယ်ကျော်အရွယ်တုန်းကလို ခေါင်းအုံးထက် မျက်နှာအပ်ကာ ငိုကြွေးနေဖို့ မသင့်တော်တော့ပါ။

***
ဖြိုးမောင်ကို ကျွန်မနှင့် မောင့်အကြောင်း ပြောပြတော့ သူက တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ အားလုံးနှင့်ဝေးရာ နိုင်ငံခြားကို အပြီးပိုင် ကျွန်မ ထွက်သွားတော့မည် ဆိုတော့ သူက ကျွန်မ မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။
"မမနဲ့ဖေဖေ ဘာတွေပဲ ဖြစ်ခဲ့၊ ဖြစ်ခဲ့ ကျွန်တော် ဂရုမစိုက်ဘူး"
"ဖေဖေ့သားဖြစ်နေလို့ ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ မထားခဲ့ပါနဲ့ မမရယ်"
ခေါင်းမာလှသော လူငယ်လေးတစ်ယောက် နားလည်အောင် ပြောဆို၊သိမ်းသွင်းနိုင်စွမ်း ကျွန်မမှာ မရှိတော့ပါ။ ချစ်မြတ်နိုးရသော သူနှင့် လမ်းခွဲရန်ဆုံးဖြတ်ပြီး လမ်းခွဲစကားကို သာမန်စကားလေး တစ်ခွန်းလို စတင် ပြောဆိုနိုင်ဖို့ရန် အားထုတ်ရကတည်းက ကျွန်မတွင် ရှိရှိသမျှ ခွန်အားတွေအားလုံး ကုန်ဆုံးသွားပြီး ဖြစ်သည်။ ကျွန်မ ရင်ခွင်တွင် တိုးဝင်လာကာ ငိုကြွေးနေသော သူ့ကို ပြန်လည် ပွေ့ဖက်ခြင်းလည်း မပြုမိ။ တွန်းထုတ်ဖယ်ခြင်းလည်း မလုပ်မိ။ နာကျင်ခံရခက်စွာဖြင့် သူငိုကြွေးနေသည်ကိုသာ စိုက်ကြည့်နေခဲ့မိသည်။

***

နိုင်ငံခြား ပြန်ထွက်ရန် စီစဉ်သင့်တာတွေ စီစဉ်ရင်း ကျွန်မ စိတ်တွေက ဖြိုးမောင်ဆီသို့ ရောက်နေခဲ့သည်။ ယခုချိန်တွင် သွေးပူနေတုန်းဖြစ်၍ သူ ဝမ်းနည်းနေပေလိမ့်မည်။ ပူဆွေးနေလိမ့်မည်။ ငိုကြွေးနေလိမ့်မည်။ သို့သော် အသက်၂၀ကျော်လေးသာ ရှိသေးသော လူငယ်လေးတစ်ယောက်သည် အချိန်အနည်းငယ်အတွင်းမှာ ကျွန်မကို မေ့သွားနိုင်ပါလိမ့်မည်ဟု မျှော်လင့်ရပါသည်။ တစ်ချိန်ချိန်တွင် ကျွန်မ နေရာမှာ အခြားတစ်ယောက်ကို အစားထိုးလိုက်နိုင်ပြီး ကျွန်မဆိုတာကိုပင် အမှတ်ရချင်မှ ရပေတော့မည်။


"မပြောကောင်း မဆိုကောင်း ကျွန်မ ထင်သလို မဖြစ်လာခဲ့လျှင် ဘာတွေများ ဖြစ်မှာပါလိမ့်။ ကျွန်မ မောင့်ကို မမေ့ရက်နိုင်ခဲ့သလို၊ သူလည်း ကျွန်မကို လွမ်းဆွတ်တမ်းတနေမည်ဆိုလျှင်ရော။ ကျွန်မ ရွေးချယ်လိုက်သည့် လမ်းသည် လူငယ်လေး တစ်ယောက်အပေါ် ရက်စက်ရာများ ရောက်နေပြီလား။"
ကျွန်မ ဘာကိုမှ ထပ် မစဉ်းစားချင်တော့ပါ။ 
 ***

လေယာဉ်ကွင်း ဆင်းသည့်နေ့က သူ ကျွန်မကို လိုက်ပို့ခဲ့သည်။ နီရဲနေသော သူ့မျက်လုံးများမှ အကြည့်များသည် အရင်ကလို တောက်ပခြင်း မရှိတော့။ တင်းတင်းစေ့ထားသော သူ့နှုတ်ခမ်းများကလည်း ခြောက်သွေ့နေကြသည်။ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ငြိမ်သက်စွာ ထိုင်နေခဲ့ကြသည် ။ လေယာဉ်ပေါ် တက်ခါနီး အချိန်ထိ ကျွန်မတို့ နှစ်ယောက် စကား တစ်ခွန်းမှ မဆိုဖြစ်ခဲ့ကြပါ။

"ကိုယ် သွားတော့မယ်"
နောက်ဆုံးအကြိမ်အဖြစ် သူ့ကို ထွေးပွေ့ထားလိုက်ချင်သော၊ သူ့လက်ကို ဖျစ်ညှစ်ဆုပ်ကိုင်လိုက်ချင်သော၊ သူ့နဖူးလေးကို နမ်းရှိုက်လိုက်ချင်သော စိတ်တို့ကို ချိုးနှိမ်ရင်း သူ့ကို နှုတ်ဆက်လိုက်သည်။


"ကျွန်တော် မမအပေါ်မှာ ထားတဲ့ အချစ်စိတ်ဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး"
ခိုင်မာ၊ပြတ်သားလှသည့် သူ့စကားအဆုံးမှာ သူ့ကို ကျောပေး ထွက်လာခဲ့မိသည်။ ကျွန်မ ပါးပြင်ထက်မှာ လှိမ့်ဆင်းသွားကြသည့် မျက်ရည်များကို သူ့အား မမြင်စေချင်ပါ။ 

***

"ကိုယ်.. မင်းကို သိပ်ချစ်တာပေါ့ ကလေးရယ်"


"ကလေးကို ကိုယ်အရမ်းချစ်တာပေါ့။ မင်းအပေါ်မှာ ချစ်မိသွားတဲ့ ကိုယ့်စိတ်တွေဟာလည်း ဘယ်တော့မှ ပြောင်းလဲလို့ မရတော့ပါဘူး ကလေးရယ်" 
လေယာဉ်ပြတင်းမှတဆင့် မြင်နေရသော တိမ်စိုင်များကို ငေးစိုက်ကြည့်ရင်း  တစ်ကိုယ်တည်း တီးတိုးပြောကာ မျက်ရည်ကျနေမိခဲ့သည်။

 ***


တစ်ခါက မောင့်ကို တမ်းတရင်း သည်မြေကို ကျွန်မ စွန့်ခွာခဲ့ဖူးသည်။ ယခုလည်း ဖြိုးမောင်ကို ချစ်မြတ်နိုးသော စိတ်များနှင့်အတူ သည်မြေမှ နောက်တစ်ခါ ထွက်လာရပြန်ပြီ။ ဟိုတုန်းက မောင့်ကို မမေ့ရက်နိုင်ခဲ့သလို  ဖြိုးမောင်ကို ကျွန်မ မေ့နိုင်မည် မဟုတ်ပါ။ သူ့ကို မေ့နိုင်ရန်လည်း ကျွန်မ မကြိုးစားချင်ပါ။ လူတစ်ယောက်ကို မေ့နိုင်ရန် ကြိုးစားရင်း နာကျင်ရသည်နှင့်စာလျှင် တစ်ခါတစ်ရံ လွမ်းဆွတ်တမ်းတဖွယ်ရာ လူတစ်ယောက် ရှိနေသည်က ပိုကောင်းပါလိမ့်မည်။
တစ်ခါတုန်းက မောင့်ကို ကျွန်မ သိပ်ချစ်ခဲ့သည်။ မောင်ကလည်း ကျွန်မကို သိပ်ချစ်ခဲ့ဖူးသည်။ အဲသည်လိုပင် မောင်နှင့်တူသော ဖြိုးမောင်ကို ကျွန်မ တွယ်တာစွာ ချစ်မိသွားခဲ့သည်။ ဖြိုးမောင်ကလည်း ကျွန်မကို ချစ်ခင်ခဲ့သည်။


သို့သော် ချစ်ခြင်းတွေ မည်မျှပင် ခိုင်မာပါစေ အဆုံးတွင် ကျွန်မတို့ အားလုံး ကွေကွင်းကြရသည်။ ကျွန်မတို့သည် ရင်တွင်းမှ ခံစားချက်များကို တားဆီးနိုင်စွမ်း မရှိပါလျက်က ကံစီမံရာ အဖြစ်ပျက်များကို လက်ခံခဲ့ကြရသည်။
 ***


တကယ်လို့ အချစ်သည် တြိဂံတစ်ခု ဖြစ်ခဲ့မည်ဆိုလျှင် ကျွန်မတို့ သုံးယောက်သည် ဆုံမှတ်မဲ့ခဲ့သော အနားညီတြိဂံတစ်ခု၏ ထောင့်သုံးထောင့်သာ ဖြစ်ပါလိမ့်မည်။


 လေးစားစွာဖြင့်
မြတ်ပန်းနွယ်








26 comments:

Lps said...

အားပေးခဲ့ပါတယ်ဗျာ
လေးစားခင်မင်လျှက် (လွမ်း) lwanpaishin@gmail.com

သမီးစံ said...

ကဲ..ဘယ်လိုလုပ်မလဲး)
ကောင်းလိုက်တဲ့ဝတ္တုလေး
ဘယ်လိုမန့်ရမှန်းတောင်မသိတော့ဘူးး)
ဝတ္တုထဲက.မိန်းကလေးရဲ့ဆုံးဖြတ်ချက်
မှန်ပါတယ်။
ဒါပေမယ့်လည်း.ဖြိုးမောင်လေးက
ပြန်မလာမချင်း.ထပ်စောင့်နေအုံးမယ့်
သဘောမှာရှိနေတော့..ခက်ကုန်ပြီပေါ့း)
(မပေါင်းရတဲ့ဇာတ်တွေမြင်ရင်
အလိုလိုရင်နာသကွယ်း)

ချစ်ခင်လျှက်

ချစ်စံအိမ် said...

ဝထ္ထုကောင်းလေပဲမြတ်ရေ
ရေးတတ်ချင်လိုက်တာ
ခံစားရတယ်သိလား
လမင်းနဲ့နဲနဲတူနေလာလို့ :P

Unknown said...

ဟာကွာ.. ချစ်လျက်နဲ့ ထပ်ဝေးရပြန်ပြီ.. သင်းမြတ်နွယ် သနားပါတယ်.. နွယ့် ဖြစ်ရပ်တော့ ဟုတ်လောက်ပါဝူးနော်... :P
ကောင်လေးလည်း တော်တော်ခံစားနေရရှာမှာ.. သနားလိုက်တာ..

ချစ်ခင်လျက်
Junemoe

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်လှတဲ့ ခေါင်းစဉ်လေးပဲ မြတ်..
အရေးသားလည်း စွဲဆောင်မှု ရှိ... လို့ အဆုံးထိဆွဲခေါ်သွားလိုက်တာ...မိုက်တယ်...:):)

လင်းခေတ်ဒီနို said...

ဇာတ်အိမ်ကို ဆွဲထုတ်သွားတာ မြန်လွန်းပေမဲ့ . . ပေးခဲ့တဲ့ ရသ ခံစားချက် ဇာတ်အိမ်ရဲ့ အတိမ်အနက် ဆွဲဆောင်မှုကို ချီးကျုးသွားပါတယ် မမြတ်ပန်းနွယ် . . စောင့်မျှော် အားပေးနေပါဦးမယ် . .

ဘူဇွာ ကဗျာဆရာ
လင်းခေတ်ဒီနို

ှု( ကျနော့်မှာက ၀ထ္တူတွေ ဆောင်းပါးတွေ ဂုဏ်မင်ဒြပ်တွေ မချမ်းသာဘူးဗျ . . ကဗျာတွေသာ ချမ်းသာသူမို့ ဘူဇွာ ကဗျာဆရာလို့ပဲ သုံးသွားတယ်ဗျား)

စံပယ်ချို said...

မြတ်ရေ
ကောင်းလိုက်တာနော်
အရမ်းကိုကြိုက်တယ်သိလား
ချစ်ကံခေတဲ့သူတွေအဲဒီလိုဖြစ်တတ်တယ်
အပြင်မှာလဲတွေ့ဖူးတယ် အဲလိုအဖြစ်ဆင်ဆင်လေးပေါ့နော်
အဲတာ ကိုယ်တွေ့လား ဟီးဟီး

ကြောင်အော် said...

မြတ်ပန်းနွယ်ရေးတဲ့ အချစ်ဝတ္တုလည်း မဆိုးပါဘူး။ အရင်ဟာတွေလောက်တော့ အားမရဘူး။

ကြောင်အော် said...

အချစ်ကြီးတဲ့ အမျိုးသမီးအကြောင်း ဖော်ပြသွားတာတော့ သဘောကျမိတယ်ဗျို့။

မောင်ဘုန်း said...

သြော် ... တိုက်ဆိုင်လွန်းတယ်နော် ... အရေသားရော
ဇာတ်အိမ် ပါ အရမ်းကောင်းတဲ့ ဝတ္တု လေးပါ ... ။

လုလင်မောင်(ဝဲလောင်) said...

နှစ်ခြိုက်စွာနဲ့ အားပေးပြီး ရင်ဘတ်ကြီးနဲ့ ဖတ်သွား
ပါတယ်ခင်ဗျာ။

ဝီရဓမ္မ(Brave The Dhamma) said...

ဦးဇင်းလာလည်သွားပါတယ်။ မြတ်စွာဘုရားဟောတော်မူတဲ့ တရားတော်များမှာ ဥံ မပါပါဘူး။ ဥံ ခံပြီးရေးတာက အခြား စာရေးသူများဖြစ် ပါတယ်။ ဒကာမ ကျက်ဖူးတဲ့ ဘုရားစာတွေက အခြားစာရေးသူများက ဥံ-ကိုထပ်မံဖြည့်စွက်ပြီး ရေးတာပါ။ ဦးဇင်းတို့ ဒကာမတို့ သာသနာက ထေရဝါဒ စစ်စစ်ပါ။ ဦးဇင်းတို့လည်းဖတ်ဖူးပါတယ်။ အချို့ ပါဠိတော်များကို ဥံ- ခံပြီးရေးထားတာကိုပေါ့။ ဥံ ခံလိုက်တာနဲ့ ထေရဝါဒနဲ့ ဆန့်ကျင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ထေရဝါဒလမ်းစဉ်က နိဗ္ဗာန်ကို ဦးတည်ပါတယ်။ နိဗ္ဗာန်ရောက်ဖို့ လမ်းက ဒါန သီလ သမာဓိကိုအခြေခံပြီး မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်ရမှာဖြစ်ပါတယ်။ အဲဒီထဲမှာ (ဥံ) မပါဘူးလို့ဆိုချင်ပါတယ်။ ဥံ-ထည့်ရွတ်လိုက်တာနဲ့ ထေရဝါဒ နဲ့ဆန့်ကျင်ပါတယ်။ ထေရဝါဒနဲ့ မဆန့်ကျင်ချင်ရင် မြတ်စွာဘုရားဂုဏ်တော်ပဲဖြစ်ဖြစ် အခြား ဂုဏ်တော်ပဲ ဖြစ်ဖြစ် ဥံ-မခံပဲ ရွတ်ဖတ်ပူဇော်ပါလို့ တိုက်တွန်းလိုပါတယ်။ ကျန်းမာချမ်းသာပါစေ။

မောင်မောင် said...

အရမ်းဖတ်လို.ကောင်းတယ် အစ်မရေ ။

Anonymous said...

မမြတ်ပန်းနွယ်
အစ်မ အရေးအသားက မဂ္ဂဇင်းစာမျက်နှာတွေပေါ် ရောက်သင့်တယ်။ ပို့ကြည့်ပါလား။ အတည်ပြောတာ။ အစ်မ အရေးအသားအရမ်းကောင်းတယ်။ ကျွန်တော်ကတော့ ကြိုက်တယ်။

သူရိန် said...

ဒီဝတ္တုလေးကို အရမ်းကြိုက်တယ်။

ကျွန်တော်သာ ဖြိုးမောင်ဆိုရင် တစ်သက်လုံး စောင့်နေမိမယ် ထင်ပါတယ်။

ထော်ဦး said...

မမမြတ်ရေ...
528ကနေ1500ပြောင်းပြီး ရေးသားထားတာကို ကြည့်ြ ရင်းသဘောကျမိပါတယ်။စာရေးသူဆိုတာ အပြောင်းအလဲလေးလုပ်မှ စာရေးသူပီသမယ်လို့ ထင်ပါတယ်။အ၀တ်အစား ၀တ်သလိုပေါ့။ဒီနေ့ သရီးကွားတာနောက်နေ. လုံချည်ပြီးတော့ ဂျင်းဘောင်းဘီရှည် နောက်တော့ အားကစားဘောင်းဘီ ဒီလိုအပြောင်းအလဲလုပ်မှ ခေတ်မီတယ်မို့ လား။magazineစာမျက်နှာပေါ် အခြေချနိုင်အောင်ကြိုးစားပါလို့  မှာကြားရင်း...
ထော်ဦး

San San Htun said...

ဝထ္ထုလေးက တကယ်ကောင်းတယ် မမမြတ်..နောက်ထပ် ထထ္ထုလေးတွေ မျှော်နေတယ် မမမြတ်...

ရဲလင်းမြတ် said...

သုံးနားညီတြိဂံက အပျိုကြီးရဲ့ ဆိုက်ကိုဆန်တဲ့ ဇာတ်လမ်းမျိုး ဖြစ်သင့်တယ်။ ရေးထားဟန်နဲ့ မလိုက်ဖက်ဘူး ထင်တယ်။ ရှေ့နှစ်ပုဒ်လောက် မကြိုက်ဘူး။

မဒမ်ကိုး said...

တြိဂံတစ်ခု၏ထောင့်သုံးထောင့်ကိုလာဖတ်သွားပါတယ် မမြတ်ပန်းနွယ်

mandalarthar said...

ဆေးကျောင်းတက်ပြီးလို့ ဟောက်စ်ဆင်းနေတယ် ဆိုတော့ ငါ့ကိုများ ရေးထားသလားလို့ ဟဲ ဟဲ
ကောင်း၏ ...
ဒါနဲ့ ခေါင်းစဉ်တွေကို ဘာလို့ ကိုယ်တိုင် မပေးတာလည်း သိချင်မိပါ၏း)

မြသွေးနီ said...

သားအဖဖြစ်မယ်ဆိုတာကို စာဖတ်သူ ကြိုတင်ရိပ်စားမိစေတာလေးကလွဲလို့ အစအဆုံးဆွဲခေါ်သွားတဲ့ ၀တ္တုလေးပါ။ ဇာတ်ကောင်စရိုက်ထက် အကြောင်းအရာကို အခြေပြုပြီး ရေးတတ်သူမို့ ၀တ္တုရှည်တွေ ကောင်းကောင်းရေးနိုင်မယ့် လက်လို့ မြင်မိပါတယ်..။ ဆက်ရေးပါညီမရေ...။

တွတ်တွတ် said...

မြတ်ရေ..အပြုသဘောနဲ့တစ်ခုတော့..ဝေဖန်ချင်ပါတယ်ခင်ဗျာ..မြန်မာဇာတ်ကားတွေနဲ့ဝတ္တုတွေမှာ.မကြာခဏဆိုသလို..ပါနေတဲ့..အရက်မူးလို့မှားမိတာ.ဆိုတာလေးကိုပြောကြည့်ချင်လို့ပါ..ကျွန်တော်ကိုယ်တိုင်လဲ.တချိန်က.အရက်ကိုနှစ်ခြိုက်စွာသောက်သုံးခဲ့ဖူးပါတယ်...တကယ်မူးလာရင်...ကိုယ့်ကိုကိုယ်မတ်တပ်ရပ်ဖို့တောင်..လုံးဝဖြစ်နိုင်ဘူး..စကားပြောဖို့..ကိုယ့်လျှာကိုတောင်.မသယ်နိုင်တဲ့အခြေအနေမို့...အရက်မူးလို့မှားမိတယ်ဆိုတာ..သိပ်တော့လက်မခံချင်သလိုပဲ..ဖြစ်နိုင်တာကတော့..ထွေနေတဲ့အချိန်ပေါ့...အရက်နဲနဲဝင်လာရင်.လူဟာသွေးဆူလာပြီး...အရင်ကမလုပ်ရဲ၊ မပြောရဲတာတွေ..လုပ်လေ့ရှိပါတယ်...ဒါလေးတစ်ခုပါပဲဗျာ....မြတ်ရဲ့အရေးအသားတွေကတော့.တကယ့်ကိုကောင်းပါတယ်ဗျာ.ဆက်လက်အားပေးနေပါ့မယ်..

Aung Kyaw Zeya said...

:-)

Aung Kyaw Zeya said...

ဒီဝတ္ထုလေးကောင်းပါတယ်မြတ်ပန်းနွယ်။
ဒီဝတ္ထုထဲကဇတ်ကောင်တွေကိုသုဉ်းသက်ရသလောက်တော့တော်တော်ခံစားကြရမယ်ထင်တယ်။သူတို့အတွက်တော့တကယ်စိတ်မကောင်းပါဘူး။
ဒါပေမဲ့အချစ်ဆိုတဲ့အရာဟာတစ်ယောက်ဲနဲ့တစ်ယောက်ကြားမှာနားလည်မှု့တွေတာရှိခဲ့ကြမယ်ဆိုရင်ဘယ်သူမှအရမ်းကြီးခံစားကြရမှာမဟုတ်ပါဘူး။

သတိုး said...

ဝတ္ထုရှည်တွေရေးဖို့ ပိုသင့်တဲ့ လက်ပဲထင်မိတယ်။ တကယ်တော့ တြိဂံလေးက သုံးနား၊ သုံးထောင့် မညီခဲ့ဘူးလို့လည်း မြင်မိတယ်။း)
ပို့စ် အသစ်တက်ရင် ခပ်စောစာ ရောက်လာ အားပေးဖို့ လင့်ခ် ယူသွားလိုက်ပါတယ်။
ခင်မင်သော သတိုး

Anonymous said...

ကျွန်တော် မမြတ်ရဲ့ ဝတ္တုတိုလေးတွေ အားလုံးကို တစ်ထိုင်တည်း ပြန်ဖတ်မိတယ်။ ဒီတစ်ပုဒ်လေးကိုပဲ အကြောင်းအရာအားဖြင့် သိပ်အားမရတာပါ။ အရေးအသားတွေကတော့ ပြောစရာ ထောက်စရာ မလိုအောင်ပါပဲ။ ကျွန်တော် ပြန်လည်အတုယူရပါတယ်။

လေးစားလျက်