Saturday 7 January 2012

ကြမ္မာစေရာ

“မေမေ့”
“သမီးနာမည်က ဘာလဲ”

“သမီးလေး နာမည်က ရင်ငြိမ်း၊ မရင်ငြိမ်း”

“မေမေ့”
"သမီးနာမည်က ဘာလို့ ရင်ငြိမ်း ဖြစ်နေရတာလဲဟင်”

“သမီးလေးက မေမေ့ရင်ကို အေးချမ်းစေလို့”

“အေးချမ်းစေလို့ ..”
တိုးတိုးလေး နောက်မှလိုက်ရွတ်ရင်း ကလေးမလေးက သူမရဲ့ မျက်တောင်ရှည်ရှည်၊ကော့ကော့ကြီးများကို ပုတ်ခတ် ပုတ်ခတ်လုပ်နေပါသည်။

“မေမေ့”
“သမီးကို ချစ်လား”

“ချစ်တာပေါ့ သမီးရဲ့။ မေမေက သမီးလေးကို အရမ်းချစ်တာပေါ့။ လာပါဦး သမီးရဲ့”


ဝက်ရုံရုပ်လေးပိုက်ထားတဲ့ ကလေးမလေးတစ်ယောက်က အရုပ်လေးကိုပစ်ချကာ သူမ မေမေရင်ခွင်ထဲ အပြေးဝင်သွားခဲ့သည်။ သူမ မေမေက သူမမျက်နှာအနှံ့ အနမ်းတွေ ခြွေချပစ်တော့ ကလေးမလေးက တခစ်ခစ်ရီနေခဲ့ပါသည်။




***

“မေမေ.. သမီးကို ဘာလို့ ရင်ငြိမ်းလို့ နာမည်ပေးခဲ့တာလဲဟင်”

“မေမေ့ ချစ်သမီးလေးက မေမေ့ရင်ထဲကအပူမီးတွေကို ငြိမ်းအေးစေခဲ့လို့ပေါ့ သမီးလေးရယ်..”

မေမေက ပြုံးပြီးဖြေသည်။ မေမေ့စကားသံများသည် ချစ်ခြင်းမေတ္တာများဖြင့် ထုံမွှမ်းနေပြီး၊ မေမေ့အပြုံးသည် ကောင်းကင်ထက်သာနေသော လမင်းကြီးထက်ပင် ပိုပြီး ကြည်လင်အေးချမ်းသည်ဟု ရင်ငြိမ်းထင်ပါသည်။ လသာညများတွင် ရင်ငြိမ်းတို့တတွေ အိမ်ရှေ့ကွပ်ပစ်တွင်ထိုင်ကာ လက်ဖက်သုပ်စားရင်း စကားပြောလေ့ရှိကြသည်။ ထိုအချိန်တိုင်း ငယ်ငယ်တုန်းကအကြောင်းတွေကို ရင်ငြိမ်းပြန်စဉ်းစားမိတတ်သည်။ ထိုသို့စဉ်းစားမိတိုင်းလည်း တူညီသော မေးခွန်းတစ်ခုကို မေမေ့အား မေးမိတတ်ပါသည်။

“ညည်းကလည်း ဒါပဲပြန်ပြန်မေး။ ဟိုတစ်ယောက်ကလည်း  ဒီမေးခွန်းကိုပဲ တစ်သက်လုံး မမောနိုင် မပန်းနိုင်ဖြေ။ ဟုတ်တော့ဟုတ်နေကြပါပြီ”
မေမေ့ရဲ့ဒေါ်လေးဖြစ်သူ ကြီးမေက ပွစိပွစိနဲ့ လှမ်းပြောသည်။

“ကြီးမေကလည်းလေ.. သမီးလေးက ကျွန်မရဲ့အဖြေလေးကို ကျေနပ်ပြီး သဘောကျလို့ ထပ်ကာထပ်ကာမေးနေတာပါ။ ဟုတ်တယ်နော် သမီးလေး.. လာ၊ မေမေ့ သမီးလေး၊ ပါးစပ်ဟ”
မေမေက ရင်ငြိမ်းကို လက်ဖက်သုပ် တစ်ဇွန်း လှမ်းခွံ့ကျွေးသည်။

“သမီးလေး၊ သမီးလေးနဲ့ ညည်းသမီးကို လသားလေးထင်မနေနဲ့။ တက္ကသိုလ်ကျောင်းသူ ဖြစ်တော့မယ်။ ဆုံးမစရာရှိတာတွေ ကြိုတင်ဆုံးမထား၊  မဖြစ်သင့်တာတွေဖြစ်ပြီးမှဆို ဘာမှလုပ်လို့ မရတော့ဘူး။ အဲတာ ညည်းကိုယ်တွေ့။ ငါကတော့ ညည်းဖြစ်ခဲ့တာတွေကိုကြည့်ပြီး ..”

“တော်ပါတော့ ကြီးမေရယ်.. ဒီအကြောင်းတွေကို သမီးလေးလည်း သိနေပါပြီ။ သူ နားလည်ပါတယ်”

“အို.. နားလည်လည်း ငါက ပြောရမှာပဲ။ ညည်းအမေက သူ့ရည်းစားကိုယုံပြီး ပုံအပ်လို့ ခုလိုဖြစ်ရတာ။ ခမျာမှာ ကျောင်းတောင်မပြီးသေးဘူး ဗိုက်ကြီးတယ်။ တိတ်တိတ်လေး လက်မှတ်ထိုးထားပြီးမှ ဘာတဲ့။ နိုင်ငံခြားမှာ ပညာသင်ဆုရတာမို့ သွားပါရစေဆိုပြီး  ကွာရှင်းခိုင်းတာ၊ ညည်းအမေကို ဗိုက်တစ်လုံးနဲ့ ပစ်သွားတာ”
“တစ်မျိုးလုံး သောက်ရှက်ကို ကွဲရော။ အားလုံးကိုဆန့်ကျင်ပြီး ညည်းကို ညည်းအမေက မွေးခဲ့တာ။ နောက်ယောင်္ကျားထပ်ယူပါဆိုတော့လည်း ညည်းမျက်နှာငယ်မှာ စိုးလို့ဆိုပြီး မယူဘူး။ အဲတုန်းက သူ့ကိုလာတောင်းတဲ့သူတွေများ နောက်ဆုံးပေါ်ကားတွေကို တဝီဝီနဲ့ အပြိုင်စီးကြတာ။ အခုတော့ ဘာဖြစ်တုန်း။ ညည်းတို့ပဲ ဆင်းရဲတာပေါ့။ တသက်လုံး ရွှေပေါ်မြတင်နေလာပြီး၊ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေလာရပြီး အခုမှ နေ့တိုင်း ဈေးထွက်ရောင်းနေရတာ။ ကျုပ်သာ သံယောဇဉ်မပြတ်လို့ သူနဲ့အတူ ဆွေပြတ်မျိုးပြတ်ခံပြီး လိုက်လာတာ”

ကြီးမေက ထိုဓါတ်ပြားဟောင်းကြီးကို မပြီးနိုင်မစီးနိုင် ဖွင့်တော့သည်။ မေမေကို့ ရင်ငြိမ်းနားလည်သည်။ မေမေကလည်း ရင်ငြိမ်းကို နားလည်သည်။ မေမေက ရင်ငြိမ်းကို ရိုက်နှက်ဖို့မဆိုထားနှင့်၊ စကားကြမ်းကြမ်းပင် မပြောခဲ့ဘူးပါ။ ရင်ငြိမ်းသိတတ်စကတည်းက ဖေဖေနဲ့မေမေတို့ အကြောင်းကို သိခဲ့ရသဖြင့် မေမေ့ကို သနားမိသည်။ ဖေဖေ့အကြောင်းကိုသိချင်သော်လည်း မေမေစိတ်ဆင်းရဲမည်စိုး၍ မမေးရက်ခဲ့ပါ။ ယုတ်စွအဆုံး ဖေဖေ့ဓါတ်ပုံကိုတောင် မမြင်ဘူးပါ။ ရင်ငြိမ်းက ဖေဖေနဲ့တစ်ပုံစံတည်းဟု ကြီးမေက မကျေမနပ် ပြောပြခဲ့ဖူးသည်။ မေမေ့ရဲ့မေတ္တာများနှင့် မလုံလောက်ဘူးထင်မှာစိုးသောကြောင့် ဖေဖေ့မေတ္တာကိုခံစားဖူးချင်သည့်အတွေးကိုပင်  မည်သူ့ကိုမျှ ထုတ်ဖော်ပြောပြခြင်း မရှိဘဲ မြိုသိပ်ထားခဲ့ပါသည်။ မေမေ့ကို အဲသည်လောက်ထိ ရင်ငြိမ်း ချစ်ပါသည်။

***

အဲသည့်နေ့က ရင်ငြိမ်း ၁၀တန်းကျောင်းသားလေးတွေကို ဘိုင်အိုဂိုက်လုပ်ပေးနေခဲ့သည်။

“သမီး.. ခဏလာပါဦး “
ဆရာမကြီးက ဧည့်ခန်းထဲ ခဏလာဖို့ ခေါ်သည်။

ဆရာမကြီးအိမ်ထဲတွင် ခေတ်ဆန်ပြီးလှပသော အမျိုးသမီးတစ်ယောက်နဲ့ ချောမောသပ်ရပ်သောအမျိုးသား တစ်ယောက်ကို တွေ့ရသည်။ အနံ့သင်းသင်းယဉ်ယဉ်လေး တစ်ခုကိုပါ ရနေသည်ဖြစ်ရာ ထိုအမျိုးသမီးရဲ့ ရေမွှေးနံ့မှန်း ရင်ငြိမ်းသိလိုက်ပါသည်။ ဆရာမက ရင်ငြိမ်းလက်မောင်းကိုဆုပ်ကိုင်ပြီး ထိုအမျိုးသားဆီ ခေါ်သွားသည်။

“ သမီး .. ဒါ သမီးရဲ့ဖေဖေ”

ရုတ်တရက်ဆိုသလို ရင်ငြိမ်း ကြက်သီးမွေးညှင်းများ ထလာပါသည်။ တစ်ကိုယ်လုံး ပူထူလာပြီး ရင်ဘတ်ထဲတွင် ဆို့တက်လာသည်။ မျက်ဝန်းအိမ်တွင် မျက်ရည်များအပြည့်လည်လာသော်လည်း ရင်ငြိမ်းငိုနေတာ မဟုတ်ရပါ။ မငိုသော်လည်း ပူနွေးသောမျက်ရည်များက ပါးပြင်ထက် စီးကျလာကြသည်။မတ်တပ်ရပ်ဖို့ပင် အားမကျန်လောက်အောင် တစ်ကိုယ်လုံး ပျော့ခွေသွားသလို တဖြည်းဖြည်းခံစားနေရသည်။

“သမီး ..”
ဖေဖေက ချောမောတည်ကြည်သော ဥပဓိရုပ်နဲ့လိုက်ဖက်စွာ တည်ငြိမ်ပြီး အောင်သောအသံရှိသည်။ ဖေဖေက ရင်ငြိမ်းကို သမီးလို့ ခေါ်နေပေမယ့်  ရှင် ဖေဖေလို့ ပြန်ထူးဖို့ပင် အားမရှိတော့ပါ။

“ဆရာမ၊ သမီးကို အပြင်ခဏခေါ်သွားပါရစေ”
ဖေဖေက ဆရာမကို ခွင့်တောင်းပြီး မြို့ပြင်ရှိ စားသောက်ဆိုင်တစ်ခုသို့ ကျွန်မကို ခေါ်သွားခဲ့သည်။

***
“မျက်စိတစ်မှိတ်လေးအတွင်းမှာ သမီးလေးတောင် ကြီးလာခဲ့ပြီ..”
တစ်ယောက်တည်း ရေရွတ်သလိုလို ဖေဖေက ပြောသည်။

“မျက်စိတစ်မှိတ်တဲ့ လား ဖေဖေရယ်။ ဖေဖေ့အတွက် မျက်စိတစ်မှိတ်လေး ဖြစ်ကောင်းဖြစ်ပေမယ့် သမီးတို့အတွက် မျက်စိတစ်မှိတ်လေး မဟုတ်ခဲ့ရပါဘူး။ ဖေဖေ့ကို မြင်ဖူးချင်လို့ စောင့်နေခဲ့ရတာ ၁၆နှစ်တောင် ကျော်ခဲ့ပါပြီ ဖေဖေရယ် ”
ထိုစကားတွေကို ရင်ငြိမ်း စိတ်ထဲမှာ ပြောနေမိသည်။

“ဆယ်တန်းကို အောဒီနဲ့အောင်ပြီး ဆေးကျောင်းလျှောက်ထားတယ် လို့ သမီးမေမေက ပြောလိုက်တယ် ”

ရင်ငြိမ်း ဖေဖေ့ကို မော့ကြည့်လိုက်သည်။

“ဟုတ်တယ် သမီး။ သမီးမေမေနဲ့ ဖေဖေ တွေ့ပြီးပြီ။ သမီး ဆရာမအိမ်မှာ ကျောင်းသားတွေကို ဂိုက်လုပ်နေတယ်ပြောလို့ ဖေဖေလိုက်လာတာ..”
ဖေဖေက ရင်ငြိမ်းကို မကြည့်ဘဲ ကားလမ်းမပေါ် ငေးကြည့်ရင်း ဆက်ပြောသည်။

“သမီး ဖေဖေ့ကို နားလည်ချင်မှ နားလည်မယ်။ သမီး ဖေဖေ့ကို စိတ်နာကောင်း စိတ်နာနေမယ်။ ဒါပေမယ့် ဖေဖေက ဖြစ်သင့်တာနဲ့ဖြစ်ချင်တာ လွန်ဆွဲတဲ့ပွဲမှာ ...”

ဖေဖေက စကားရှာမရတော့သလို ဆက်မပြောတော့ဘဲ တစ်စီးပြီးတစ်စီး ဖြတ်သွားသော ကားတွေကိုသာ လိုက်ကြည့်နေခဲ့သည်။

“မောင်.. သမီးလေးက မောင်နဲ့တူတယ်နော်”
ဖေဖေ့အမျိုးသမီးက လှပသောရုပ်ရည်နှင့် လိုက်ဖက်စွာ ချိုသာသော အသံရှိသူဖြစ်သည်။ ဖေဖေက အခုမှ စိတ်သက်သာရာ ရသွားသလို ထိုအမျိုးသမီးကို ပြုံးပြီး ခေါင်းကိုအသာယာလေးညိတ်ပြလိုက်သည်။ ထို့နောက်မှ  ရုတ်တရက် သတိရသွားသလိုမျိုး ကျွန်မကို ဖေဖေ့အမျိုးသမီးနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ 

“သမီး .. ဒီအန်တီက ဖေဖေ့အမျိုးသမီး။ ဖေဖေ့လိုပဲ နိုင်ငံခြားမှာ ကျောင်းပြီးလို့ အလုပ်လုပ်နေတဲ့သူပေါ့”
အန်တီက ချိုမြစွာ ပြုံးပြပါသည်။ အန်တီ့အပြုံးသည် မေမေ့ထက်လှသည်မှာ အမှန်ဖြစ်သည်။ သို့သော် မေမေ့အပြုံး၏ အေးချမ်းမှုကိုတော့ လုံးဝ မမှီပါ။  အန်တီဒီလောက်ချောလှနေလို့ ဖေဖေက မေမေ့ဆီပြန်မလာခဲ့တာပေါ့နော်။ ကျွန်မ တစ်ကိုယ်တည်းတွေးနေမိသည်။ ဒါမှမဟုတ် ဖေဖေက ဘဝကို ဦးနှောက်နဲ့စဉ်းစားပြီး ထူထောင်ခဲ့တာလား။ ဒါဖြင့် မေမေ့ကို အစကတည်းက ဘာလို့ ..

“သမီး ..”
ကျွန်မ အတွေးတွေမဆုံးခင် ဖေဖေက ကျွန်မကို လှမ်းခေါ်လိုက်သည်။တစ်ခုခုကို အလေးအနက် ပြောမည့် အသွင်နဲ့ စိတ်လှုပ်ရှားနေသည့်အသွင်က ဖေဖေ့မျက်နှာတွင် အထင်းသား ပေါ်နေသည်။
“ဖေဖေတို့ ဒီကိုလာတဲ့ အဓိက အကြောင်းကလေ ..”
ဖေဖေက ဆက်မပြောဘဲ အန်တီ့ကို လှမ်းကြည့်သည်။ အန်တီက ကြည်လင်စွာ ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်မှ ဖေဖေက ဆက်ပြောပါသည်။

“ဖေဖေက .. အင်း၊ ဖေဖေတို့ကပေါ့။ သမီးလေးကို နိုင်ငံခြားမှာ ကျောင်းထားပေးဖို့ လာခေါ်တာ”

“ရင်ငြိမ်း ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလိုပါပဲလား။ ဖေဖေက ရင်ငြိမ်းကို လာခေါ်တာတဲ့။ ဒါဖြင့် မေမေ့ကိုရော ဘယ်လိုလုပ်ကြမှာလဲ”
အတွေးများစွာ ရုတ်တရက်ပေါ်လာကာ တုန်လှုပ်ချောက်ခြားသွားသည်။ သို့သော် ဖေဖေကတော့ တည်ငြိမ်စွာ ဆက်ပြောနေခဲ့ပါသည်။
“ဟုတ်တယ် သမီး”“ဖေဖေတို့မှာ ကလေးမရှိဘူး၊ အန်တီကလည်း ကလေးမရနိုင်ဘူး။ သမီးအန်တီက သမီးချောချောလေး တစ်ယောက်ကို အရမ်းလိုချင်တာ။ ဖေဖေကလည်း သမီးလေးနဲ့အတူ နေဖူးချင်တယ်။ တစ်သက်လုံးလာနေပါဆိုလည်း သမီးလေးက နေမှာမဟုတ်မှန်း ဖေဖေတို့ သိတယ်။ ဒီတော့ ဖေဖေတို့ သမီးကို ကျောင်းထားပေးပါရစေ။ သမီး မေမေနဲ့၁၆နှစ်လုံး အတူတူနေဖူးခဲ့တဲ့ မျက်နှာကို ထောက်ပြီး ဖေဖေနဲ့ ၅နှစ်လောက် လိုက်နေပါ သမီး။ သမီး မေမေ့ကိုလည်း အကျိုးကြောင်းတွေ အကုန်ပြောပြီးပြီ။ သူက သမီး သဘောရှိသလို လုပ်ပါစေတဲ့။ သမီး အနာဂတ်ကောင်းစားရေးအတွက် သူက မကန့်ကွက်ပါဘူး တဲ့ ..” 

စကားအရှည်ကြီးကို တစ်ဆက်တည်းပြောချပြီးနောက် ဖေဖေက သက်ပြင်းရှည်ကြီးကို ဖြည်းညှင်းလေးတွဲ့စွာ ချလိုက်ပါသည်။

မေမေ့ကို ပြောခဲ့ပြီးသားဆိုတော့ မေမေ ဘာတွေခံစားနေရမည်လဲ။ မေမေအရမ်းဝမ်းနည်းနေမည်ကို ရင်ငြိမ်း သိနေပါသည်။ မြန်ဆန်လှသော အဖြစ်ပျက်တွေကြောင့် ဒါတွေဟာ တကယ်ဖြစ်နေတာဟုပင် ရင်ငြိမ်း မယုံချင်တော့ပါ။ ဖေဖေ့ကို မြင်ဖူးရန်ဆိုသည်မှာ ရင်ငြိမ်းမျှော်လင့်ချက် ဖြစ်သည်။ ဖေဖေနဲ့အတူတူ နေထိုင်ဖူးရန်မှာ ရင်ငြိမ်း ဆုတောင်း ဖြစ်သည်။ သို့သော် မေမေ့ကိုထားခဲ့ပြီး ဖေဖေနဲ့အတူတူ လိုက်နေခွင့်ရလိမ့်မည် ဟူ၍တော့ တစ်ခါမှ မတွေးခဲ့မိပါ။ ဖေဖေနဲ့ပတ်သတ်သမျှ အရာရာဟာ ရင်ငြိမ်းအိပ်မက်ထဲထည့်မက်ချင်လျှင်တောင် ဘယ်လိုထည့်မက်ရမှန်းပင် မသိခဲ့သော အရာတွေ မဟုတ်ပါလား။ အခုတော့ ဖေဖေက ရင်ငြိမ်းကို အတူတူ လိုက်နေဖို့ ခေါ်နေပြီ။ ရင်ငြိမ်း ဘာတွေလုပ်ရမှာလဲ။

“သမီး .. ဖေဖေတို့နောက် သမီးလိုက်လာဖို့ ဖေဖေ မျှော်လင့်ပါတယ်။ဖေဖေ့ဆန္ဒကို လိုက်လျောမယ် မဟုတ်လား သမီး ”
ဖေဖေက ရင်ငြိမ်းကို မျှော်လင့်ချက်အပြည့်ပါသော အကြည့်တို့ဖြင့် ကြည့်ပြီးပြောသည်။

“မောင် .. သမီးလေးကို အေးအေးဆေးဆေး စဉ်းစားပါစေဦး” 
ဖေဖေက အန်တီ့စကားကိုနားထောင်ပြီး ရင်ငြိမ်းကို အိမ်ပြန်ပို့ပေးပါသည်။

“မနက်ဖန် မနက် ဖေဖေတို့ တစ်ခေါက်ပြန်လာမယ်။ သမီး သဘောတူရင် သမီး ဟိုကိုလိုက်ဖို့ လိုအပ်တာတွေ ပြင်ဆင်ရအောင် ဖေဖေ ဒီမှာ တစ်လနေမယ်။ သမီးလည်း သမီးမေမေနဲ့ ချက်ချင်းကြီး မခွဲရအောင်ပေါ့။ သမီးလေးက ငြင်းခဲ့ရင်တော့ ဖေဖေတို့ သန်ဘက်ခါမနက်ပဲ ပြန်တော့မှာပါ”
ဖေဖေက ကားကို ဂရုတစိုက်မောင်းရင်း ပြောသည်။

“ဖေဖေတို့ အိမ်ထဲ ထပ်မဝင်တော့ဘူးနော် သမီး”
ရင်ငြိမ်း ခေါင်းညိတ်ပြလိုက်ပါသည်။ ဖေဖေက ကားကို အိမ်ရှေ့မှာ ရပ်ပေးသည်။  

“သမီး.. ဖေဖေ တအားမျှော်လင့်ထားတာနော်”
ကားပေါ်မှ ဆင်းခါနီး ဖေဖေက မျှော်လင့်တကြီးဖြင့် လှမ်းပြောလိုက်ပါသေးသည်။

***

အိမ်ထဲဝင်လိုက်တော့ မေမေရော၊ ကြီးမေပါ ဧည့်ခန်းထဲတွင်ထိုင်နေသည်ကို တွေ့ရသည်။ ရင်ငြိမ်းကို စောင့်နေကြတာ ဖြစ်မည်။ ကြီးမေရော၊ မေမေပါ ငိုထားကြမှန်းလည်း ရင်ငြိမ်း သိလိုက်ပါသည်။

“သမီးလေး .. သမီး ဖေဖေက လာတွေ့သွားတယ်။ ပြီးတော့ သူ့လာရင်းကိစ္စတွေကို သမီးကို အကုန်ပြောပြသွားတယ် မဟုတ်လားဟင်”
မေမေ့အသံများက နာကျင်ကြေကွဲစွာ တုန်ခါနေသည်။ ရင်ငြိမ်း မေမေ့ရင်ခွင်သို့ အပြေးဝင်ကာ စိတ်ရှိလက်ရှိ ငိုချလိုက်မိသည်။

“သမီးလေးရယ်..”
မေမေက ရင်ငြိမ်းကို ထွေးပွေ့ထားပြီး ကျောကိုသပ်ပေးကာ တိုးတိုးတိတ်တိတ်လေး ရေရွတ်နေသည်။ 

“ညည်းတို့ သားအမိအဖြစ်ကလည်း ဖြစ်ကိုဖြစ်တတ်လွန်းတယ်။ ဟိုက ဖအေကို တစ်သက်လုံးမမြင်ဖူးဘူး။ အဖေမေတ္တာငတ်မ။ ခုမှ အဖေဆိုတာကြီးက မိုးပေါ်ကကျသလို ကျလာတယ်။ မောင်မင်းကြီးသားတို့ မျက်နှာပြောင်ချက်ကတော့ သူ့သမီးကို ကျောင်းထားပေးချင်လို့ ခေါ်သွားပါရစေတဲ့။ တစ်သက်လုံး ပစ်ထားပြီးတော့မှ ပြောကိုမပြောချင်ဘူး။ ဒီကြားထဲ နောက်မိန်းမပါ ခေါ်လာရဲသေးတယ်။ ဟီရိသြတ္တပ တရားတွေ ကုန်ခမ်းနေလိုက်ကြတာ။ ဒီက အ အ မက စိတ်ဆိုးရမှန်း မသိဘူး။ စိတ်တိုရမှန်း မသိဘူး။ သမီးသဘောတိုင်းရှိပါစေတဲ့။ တကယ်ဆို မျက်နှာပြောင်တိုက်ရဲတဲ့သူကို ဆွဲပြီးရန်တွေ့ပါလား။ ခုဟာက ငါက ကြားလူ၊ မနေနိုင်လို့ ထ ထပြောတော့ အိုးကမပူ၊ စလောင်းက ပူ ဖြစ်ရတယ်”

ကြီးမေက ပြောရင်း၊ပြောရင်း ဒေါသတွေပါလာကာ ဖေဖေ့ကိုရော၊ မေမေ့ကိုပါ သိမ်းကျုံးပြီး  မြည်တွန် တောက်တီးတော့သည်။

“မဟုတ်ပါဘူး ကြီးမေရယ်.. ကျွန်မကိုလေ စိတ်ကူးယဉ်တယ်ပဲ ပြောပါ။ ဟိုးကတည်းက ကျွန်မစဉ်စားဖူးတယ်။ တစ်နေ့နေ့မှာပေါ့ ။ သူ့အဖေများ လာခေါ်ရင် ငါပေးလိုက်နိုင်လားလို့ တွေးဖူးတယ်။ ကိုယ်တိုင် ဘဝနဲ့ရင်းပြီးမွေးယူခဲ့ရတဲ့ သမီးကို ကျွန်မ ဘယ်ပေးနိုင်ပါ့မလဲ။ ဒါပေမယ့် သမီးလေးက သူ့အဖေနဲ့နေရင် ချမ်းသာမယ်။ နိုင်ငံခြားမှာ ပညာတွေသင်ယူနိုင်မယ်။ ကျွန်မက အထည်သည်။ ဒီတော့ ဘဝက ကြမ်းတယ်လေ။ တကယ်လို့ သူ့အဖေလာခေါ်ခဲ့တဲ့နေ့များ ရှိလာခဲ့ရင် သမီးလေး သဘောတိုင်း ဆုံးဖြတ်စေမယ်လို့ ကျွန်မတွေးနေခဲ့တာ။ သမီးလေးက အဖေဆိုတာ ဘာမှန်း တစ်သက်လုံး သိခဲ့တာမှ မဟုတ်တာ။ သူလည်း ဖခင်တစ်ယောက်ရဲ့ မေတ္တာကို လိုချင်ရှာမှာပေါ့”

မေမေက အေးအေး၊ဆေးဆေး တည်တည်၊ငြိမ်ငြိမ်နှင့် တစ်လုံးချင်းပြောသည်။

“ကဲ .. သမီးလေး နားချေတော့နော်။ သမီးလေး လိုက်သွားမယ်ဆိုလည်း မေမေက အဆင်ပြေပါတယ်။ ၅နှစ်ဆိုတာ ခဏလေးပါ။ သမီးလေး ကောင်းစားရေးအတွက် မေမေက မပိတ်ပင်ပါဘူး”

မေမေက ရင်ငြိမ်းကို ရင်ခွင်မှ အသာအယာဆွဲထုတ်ကာ မျက်ရည်များခြောက်သွေ့စ ပြုနေပြီဖြစ်သော ရင်ငြိမ်းမျက်နှာလေးကို တစ်ချက် ပွတ်သပ်ပြီး  ရှိုက်နမ်းပါသည်။

***

ထိုညက ရင်ငြိမ်း အိပ်လို့မပျော်ခဲ့ပါ။ မေမေ့အခန်းမီးပိတ်ထားပေမယ့် မေမေလည်း အိပ်ပျော်မည် မဟုတ်ပါ။ ဖေဖေရော ရင်ငြိမ်းဆုံးဖြတ်ချက်လေးကို စောင့်ပြီး ရင်မောကာ အိပ်မပျော်နိုင်ပဲ ဖြစ်နေရှာမည်လား။ ဖေဖေ့မျက်နှာလေးသည် ရင်ငြိမ်းအတွက် အလွန်ချောမောပြီး ဖေဖေ့မျက်ဝန်းများတွင် ကြင်နာတတ်သောအရိပ်ယောင်များကို အပြည့်တွေ့နေရသည်။ ချိုသာလှသော ဖေဖေ့စကားသံလေးများကလည်း ရင်ငြိမ်းနားထဲကကို မထွက်။ ဒီလို မေတ္တာတရားကြီးမားသည့်အသွင်နဲ့ ဖေဖေက မေမေ့ကို ဘာလို့များ ထားခဲ့ရက်တာပါလိမ့်။ မေမေ့အကြောင်းတွေးမိပြန်တော့ မျက်ရည်တွေကျရပြန်သည်။ မေမေက သူ့ဘဝတစ်ခုလုံးကို ရင်းကာ ရင်ငြိမ်းကို ပြုစုပျိုးထောင်ခဲ့သည်။ ရင်ငြိမ်းသည်သာ မေမေ့ဘဝ။ ရင်ငြိမ်းသည်သာ မေမေ့အသက်၊ မေမေ့မျှော်လင့်ချက်ဖြစ်ခဲ့ရသည် မဟုတ်လား။ ပူလောင်လှသော ရင်တွင်းမီးကို ငြိမ်းအေးစေသည့်သမီးမို့ ရင်ငြိမ်းလို့ပင် အမည်ပေးခဲ့သေးသည်။  

ဖေဖေနဲ့မေမေကြား မေတ္တာလွန်ဆွဲနေရပါပြီ။

ညသည် နက်သထက် နက်လာသည်။ ဖေဖေ့မျက်နှာတစ်လှည့်၊ မေမေ့မျက်နှာတစ်လှည့် ရင်ငြိမ်းမြင်ယောင်မိသည်။ ဖေဖေ့ မေတ္တာကို ခံစားကြည့်ချင်သည်။ မေမေ့ကိုလည်း မထားခဲ့ရက်။ ဖေဖေက ပြောသွားသည်။ “မေမေနဲ့၁၆နှစ်ကျော်ကြာ နေလာပြီးပြီပဲ သမီးရယ်.. ဖေဖေနဲ့ ၅နှစ်လောက်တော့ နေပါ” တဲ့။ ၅နှစ်ဆိုတာ ဘဝကြီးတစ်ခုလုံးနဲ့ယှဉ်လျှင် တိုတောင်းသော အချိန်ကာလ တစ်ခုဖြစ်သလို ရှည်လျားသောအချိန်ကာလတစ်ခုလည်းဖြစ်နေပြန်သည်။ ၅နှစ်အတွင်းမှာ ဘာတွေဖြစ်လာနိုင်လဲ။ မေမေနဲ့တစ်သက်လုံးနေမှာမို့ ဖေဖေနဲ့၅နှစ်လောက်တော့ နေဖူးသင့်တယ် မဟုတ်လား။

ဒါဆို မေမေကရော။ ဒီ၅နှစ်အတွင်းမှာ ရင်ငြိမ်းမရှိတဲ့ ဘဝနေ့ရက်တွေကို မေမေတစ်ယောက်တည်း ဘယ်လိုဖြတ်သန်းမလဲ။ ကြီးမေက မေမေ့ကိုနှစ်သိမ့်နိုင်မည်လား။ အဖော်ပြုပေးနိုင်မည်လား။ မေမေကတော့ နေ့ရက်တိုင်းကို ဟန်မပျက် သာမန်အတိုင်းဖြတ်သန်းနိုင်အောင် ကြိုးစားနေလိမ့်မည်။ တစ်ခါတစ်လေတော့ ကျွန်မသမီးကိုလွမ်းလိုက်တာ ကြီးမေရယ် လို့ ပြောကာ ငိုကောင်းငိုမည်။ ကြီးမေကလည်း နှစ်သိမ့်ပါလိမ့်မည်။ သို့သော် ကြီးမေက မေမေ့ရင်ထဲက အပူမီးတွေကို တကယ် ငြိမ်းနိုင်ပါ့မည်လား။

တကယ်လို့ ရင်ငြိမ်း မေမေနဲ့ပဲ မခွဲမခွာနေခဲ့လျှင်ရော။ ဖေဖေဘယ်လိုဖြစ်သွားမလဲ။ ဖေဖေ့မျှော်လင့်ချက်လေးကို ရိုက်ချိုးလိုက်သလို ဖြစ်မည်လား။ ဖေဖေရော ရင်ငြိမ်းကို လွမ်းဆွတ်စိတ်ဖြင့် ပူလောင်နေမည်လား။ ဖေဖေလည်း ပူလောင်ရပါလိမ့်မည်။ သို့သော် ဖေဖေက သူ့နေ့စဉ်ဘဝတွင် အသားတကျပြန်လည်လှုပ်ရှားပြီး ရင်ငြိမ်းကို မေ့ကောင်းမေ့သွားနိုင်ပါလိမ့်မည်။ ပြီးတော့ ဖေဖေ့ဘေးတွင် စိတ်တူကိုယ်တူ အဖော်မွန်ကောင်းတစ်ယောက်လည်း ရှိနေပါသေးသည်။ 

ဒါဆို ရင်ငြိမ်းကရော၊ တစ်သက်လုံး ဖခင်နဲ့အတူတူ နေဖူးခွင့် မရှိတော့ဘူးလား။ အတွေးများစွာတို့ဖြင့် စိတ်တွေ ယောက်ယက်ခတ်နေမိသည်။

နံနက် အာရုံတက်ခါနီးတွင် ရင်ငြိမ်းသည် ထွက်ပြုစနေခြည်နုလေးများကိုခံယူရင်း ခိုင်မာသေချာသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါသည်။ ပျော်ရွှင်မှုတစ်ဝက်၊ ဝမ်းနည်းမှုတစ်ဝက် ရောယှက်ထားရသော ဆုံးဖြတ်ချက်အတွက် ရင်ငြိမ်း ရင်တွေမောနေမိပါသည်။

***

မေမေ၊ ကြီးမေနဲ့ ရင်ငြိမ်းတို့ ၃ယောက် ခါတိုင်းနေ့တွေလိုပင် မနက်စာ အတူတူစားကြသည်။ မေမေက ဘာဆိုဘာမှမမေးရှာပါ။  ကြီးမေကတော့ မေမေ့ထက်ပင် စိတ်လှုပ်ရှားနေဟန် ရှိသည်။

“သမီးဘယ်လိုလုပ်မှာလဲ” 
“ကြီးမေရယ် ..ဖေဖေလာမှ ဖြေပါရစေနော်” 

ကျွန်မအဖြေကြောင့် ကြီးမေက စိတ်ပျက်ဟန်ပြသည်။ မေမေကတော့ တိတ်ဆိတ်စွာ ကျွန်မကို ကြည့်နေခဲ့ပါသည်။

ထမင်းစားလို့ပြီးသွားချိန်မှာပင် ဖေဖေနဲ့ဖေဖေ့အမျိုးသမီး ရောက်လာခဲ့ပါသည်။

“ညည်းတို့တွေ အေးအေးဆေးဆေးပြောကြ၊ ငါက လူသတ်မိမှာစိုးလို့ ဘုရားပဲသွားရှိခိုးတော့မယ်”
ဆိုကာ ကြီးမေက အိမ်ထဲဝင်သွားလေသည်။ 

ဖေဖေက မေမေ့ကို လှမ်းကြည့်လိုက်သော အကြည့်တွင် တိုးလျှိုးတောင်းပန်လိုက်သည့် အရိပ်ယောင်များ ပါသလိုလို ထင်လိုက်မိသည်။ မေမေက ကြည်လင်စွာ ပြုံးပြကာ ခေါင်းညိတ်ပြရှာသည်။

“သမီးလေး .. စဉ်းစားပြီးပြီ မဟုတ်လား ဟင်”
ဖေဖေက ရင်ငြိမ်းကို မေးလာပါပြီ။ ရင်မဆိုင်ချင်ပေမယ့် ရှောင်လွဲမရသော အခြေအနေမို့ ရင်ငြိမ်း ရင်ဆိုင်ရပါတော့မည်။ သို့သော် ဘယ်လိုအကြောင်းကြောင့်မှ ဆုံးဖြတ်ချက်ကို ပြန်ပြင်မည်တော့ မဟုတ်ပါ။ ဆုံးဖြတ်ချက်တစ်ခုချပြီးလျှင် ထိုအတိုင်း သေချာလိုက်နာဖို့ ငယ်စဉ်ကတည်းက မေမေဆုံးမထားခဲ့သည် မဟုတ်ပါလား။ 

“ဖေဖေ နဲ့ မေမေ”
ဖေဖေ့မျက်နှာနှင့် မေမေ့မျက်နှာကို တစ်လှည့်စီကြည့်ရင်း ရင်ထဲသိမ်းဆည်းထားသော စကားလုံးများက ပွင့်အန်ထွက်ကျလာပါသည်။

“ရင်ငြိမ်းဘဝမှာ ဖေဖေနဲ့မေမေကို နှစ်ယောက်ယှဉ်တွဲပြီးတွေ့ဖူးတာ အခု ပထမဆုံးအကြိမ်မို့ ရင်ငြိမ်း အရမ်းကို ဝမ်းနည်းနေပါတယ်”

“အခုလည်း ဖေဖေနဲ့မေမေအထဲက တစ်ယောက်ကို ရင်ငြိမ်းရွေးရမယ်တဲ့”
“ရင်ငြိမ်း အရမ်းခံစားရပါတယ်”
ဖေဖေရော မေမေပါ မျက်ရည်တွေကျနေကြသည်။ အန်တီလည်း မျက်ရည်တွေစို့နေသည်။ ရင်ငြိမ်း ငိုရင်း ဆက်ပြောနေမိပါသည်။

“ရင်ငြိမ်းလေ ..”
“ဖေဖေနဲ့လည်း နေချင်တယ်”
“မေမေနဲ့လည်း နေချင်တယ်”
“မဖြစ်နိုင်မှန်းလည်း သိပါတယ်”
“မဖြစ်နိုင်တာတွေ အတွက်လည်း ဘယ်သူ့မှာ အပြစ်ရှိတယ်လို့မှ ရင်ငြိမ်း မထင်ပါဘူး”

“ဒါပေမယ့်”
“ရင်ငြိမ်းလေ ..”
“အခု ..”
“အခု မေမေနဲ့ပဲ နေခဲ့ဖို့ ဆုံးဖြတ်လိုက်ပါတယ် ဖေဖေရယ် …”

ရင်ငြိမ်း တအားရှိုက်ငိုပစ်လိုက်သည်။ ဖေဖေ့က ရင်ငြိမ်းကို ရင်ခွင်ထဲဆွဲသွင်းကာ တင်းကျပ်စွာ ဖက်လိုက်သည်။ 

“ငါးနှစ်ဆိုတာခဏလေးပါ သမီးရယ်.. ငါးနှစ်ထဲပါ။ သမီး ဆုံးဖြတ်ချက်တွေ မပြင်တော့ဘူးလား သမီးရယ်..”
ဖေဖေက ကျွန်မကိုဖက်ထားရင်း ငိုသည်။ ယူကျုံးမရသော အသံကြီးဖြင့် ငိုရင်းပြောနေပါသည်။

“ဖေဖေ မကောင်းခဲ့တာ”
“ဖေဖေ မိုက်တာ”
“ခုမှ ဖေဖေက သမီးကို အသည်းသန်ဖြစ်နေတာဆိုပြီး ဖေဖေ့မေတ္တာကို မယုံကြည်လို့လား သမီးရယ်..”
“ဖေဖေ့ကို သမီးနဲ့အတူ နေခွင့်လေး ခဏပေးပါ.. သမီးလေးရယ်..”

ဖေဖေ့ကိုပြန်ဖက်ကာ ရင်ငြိမ်းငိုနေမိသည်။ သမီး၊ သမီးဟု ခေါ်ကာ ဖေဖေက ရင်ငြိမ်းကို ဖက်ထားသည်။ ဖေဖေ့တစ်ချက်ရှိုက်ငိုတိုင်း ဖေဖေ့တစ်ကိုယ်လုံး တုန်သွားပါသည်။ ရင်ငြိမ်းနဲ့ဖေဖေ တစ်ယောက်ကိုတစ်ယောက်ဖက်ကာ အကြာကြီး ငြိမ်သက်နေမိသည်။ တော်တော်ကြာမှ ဖေဖေက ရင်ငြိမ်းနဖူးကို ရှိုက်နမ်းကာ ဖက်ထားသော လက်များကို ဖြေချလိုက်ပါသည်။

“သမီး ရင်ငြိမ်း”
“သမီး မေမေနဲ့ပဲနေခဲ့မယ်ဆိုတာ သေချာပြီလား”
မေမေက  ရင်ငြိမ်းလက်နှစ်ဖက်ကို ဆွဲယူကာ မျက်နှာကိုစေ့စေ့စပ်စပ်ကြည့်ပြီး မေးသည်။ 

 “သမီး မေမေ့ကို မငဲ့ကွက်ဘဲ ဆုံးဖြတ်ပါ ..” 

“ဟုတ်ပါတယ် မေမေရယ်..”
“သမီး မေမေနဲ့ပဲ နေခဲ့မှာပါ”

“ဒါပေမယ့် သမီးကို တစ်ခုတော့ ခွင့်ပြုပါ မေမေရယ်..ဖေဖေနဲ့မေမေကို တွဲလျက် သမီး ကန်တော့ပါရစေ။ သမီးဘဝမှာ ဖေဖေနဲ့မေမေကို အတူတူယှဉ်တွဲပြီး ကန်တော့ဖူးပါရစေ .. “

မေမေက မျက်ရည်များကြားမှ အပြုံးဖြင့် ခေါင်းညိတ်ပြသည်။

ဖေဖေနဲ့မေမေ့ကို ပထမဆုံးအကြိမ် တွဲယှဉ်လျက် ရင်ငြိမ်းကန်တော့ဖူးပါပြီ။ ဒါဟာလည်း နောက်ဆုံးအကြိမ် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ရင်ငြိမ်းသိပါသည်။

ဖေဖေက မငိုတော့သော်လည်း တုန်ခါနေသောအသံကြီးဖြင့် ဆုတွေပေးသည်။ မေမေကတော့ ရင်ငြိမ်းကို စိုက်ကြည့်နေခဲ့ပါသည်။

ထိုနေ့က ဖေဖေတို့ပြန်သွားတော့ ဖေဖေ့ကားကို မျက်စိတစ်ဆုံးထိ ရင်ငြိမ်းလှမ်းကြည့်ခဲ့ပါသည်။ ကားဘီးတစ်ခါလှိမ့်၍ ဝေးသွားလေ ရင်ငြိမ်းရင်တစ်ခုလုံးလည်း ပို၍ဟာလေ ဖြစ်ခဲ့ရသည်။ ရင်ငြိမ်းကို ဖေဖေက ဒီတစ်သက် အဆက်သွယ်မှ ပြန်လုပ်ပါ့မလား။

ရင်ငြိမ်း မေမေ့ရင်ခွင်ထဲ အပြေး ပြေးဝင်ကာ ရှိုက်ငိုမိသည်။
  
***

ထိုနေ့က ကျွန်မတို့အားလုံး ကျဆင်းခဲ့သောမျက်ရည်များသည် မေမေ့ဘဝမှာ ကျွန်မ မေမေနဲ့မခွဲမခွာ အတူတူ ဆက်လက်တည်ရှိနေခြင်း၏ ပြယုဂ်ဖြစ်ပြီး မေမေ့ရင်တွင်းမှ သမီးနဲ့ဝေးရတော့မည်ဟူသော ပူပန်မှုကို ထာဝရ ငြိမ်းသတ်ပေးသော၊ဘဝအမောများကို ပြေစေမည့်  အေးမြသည့် မိုးရေစက်များသာ ဖြစ်ပါတော့သည်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်



23 comments:

ဘိုဖြူ said...

ကျွန်တော်ဗျာ ဖတ်ရင်းနဲ့တောင် တစ်ခုခု
ခံစားလာရတယ်

ဝီရဓမ္မ(Brave The Dhamma) said...

အလွန်ကောင်းတဲ့ပိုစ့်လေးတစ်ခုပါ။ တော်တော်လေးကိုရေးတတ်ပါတယ်။ ဒကာမကိုတစ်ခုပြောခဲ့မယ်နော်။ စိတ်ပင်ပန်းလို့ ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့ပဲဆုံဆုံ မိဘကို တရင်းတနှီးပြန်ပြီး ဆက်ဆံပေးနိုင်အောင်ကြိုးစားကြည့်ပါ။ မရဘူး ဆိုတာမရှိပါဘူး။ မိဘကိုလုပ်ကျွေးနေတာ သိရတော့ သာဓုခေါ်ပါတယ်။ ဒကာမ။ ကျန်းမာချမ်းသာ၍ မိဘကျေးဇူးကိုအသက်ထက် ဆုံး ပြုစုလုပ်ကျွေး ပေးဆပ်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

Anonymous said...

ဤစာလေးဖတ်ရင်းအစားထိုးပြန်မရတော့တဲ့အဖေ့ကိုအရမ်းသတိရမိတယ်...ရှိခိုးဦးချလျက်

ကြောင်အော် said...

ဤစာလေးဖတ်ရင်းအစားထိုးပြန်မရတော့တဲ့အဖေ့ကိုအရမ်းသတိရမိတယ်.....

ကြောင်အော် said...

ဤစာလေးဖတ်ရင်အစားထိုးပြန်မရနိုင်တော့တဲ့အဖေ့ကိုအရမ်းသတိရမိတယ်.....

ကိုဇော် said...

အလည်လာရင်း စာလာဖတ်ပါသွားပါတယ်ဗျာ။
ပြောင်ပြောင်မြောက်မြောက် ရေးနိုင်ပါပေတယ်။

မောင်မောင် said...

ရင်ထည်းကို ထိသွားတယ် အစ်မရေ။ နောက်လည်းအားပေးနေမယ်နော်

စံပယ်ချို said...

ကျွန်မဆိုရင်လဲမေမေကိုပဲရွှေးမိမှာပါ ၁၆နှစ်လောက်ပျောက်နေပြီးပြန်ပေါ်လာတာနဲ့ပဲ
အဲဒီအဖေကိုလိုက်စရာလားနော်

THS said...

ရင်ထဲ ထိခတ်အောင် အရေးအသားက စွဲဆောင်သွားတယ်၊
အားလုံး အဆင်ပြေပါစေ ။

လွင်ပြင်လှိုင်းငယ် said...

ဖတ်ရင်းနဲ့ ခံစားမိတယ်ဗျာ

Unknown said...

ကောင်းလိုက်တဲ့ ဝတ္ထုလေး။
အရမ်းခံစားရတယ်။ နင့်နေတာပဲ ။ မျက်ရည်တောင် ဝဲမိတယ်။

ခင်မင်လျက်
Junemoe

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်ကောင်းတဲ့ အရေးသားနဲ့ စွဲဆောင်မှု အပြည့်ရှိတဲ့ ပို့စ်လေးပါပဲ... ဖတ်ခွင့်ရလို့ ကျေးဇူးပါ
နောက်လဲ အမြဲလာဖတ်ပါ့မယ်လို့..
ကောင်းသောနေ့လေး ပိုင်ဆိုင်ပါစေလို့ ဆန္ဒပြုရင်း..

ချောကလက်ကျူးပစ်လေး said...

ပို့စ်လေးဖတ်ပြီးတော်တော်ခံစားရတယ်
ဆုံးသွားတဲ့အဖေနဲ့နယ်ကအမေ့ကို
လွမ်းတယ်...။

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အလွန်ကောင်းတဲ့ ရသလေးတစ်ခုပါနော် အားပေးခဲ့ပါတယ်

တွတ်တွတ် said...

နောက်တစ်ခေါက်ပြန်လာဖတ်သွားပါတယ်ဗျာ...၀တ္ထုတိုအသစ်တွေလဲ မျှော်နေပါတယ်.....

ချယ်ရီမြေ said...

ဆ၇ာမ၀တ္ထုလေးကိုဖတ်ပြီး မိဘတို့ သားသမီးအပေါ်းထားတဲ့ မေတ္တာတရားတွေ ထင်ရှားပေါ်လွင်သွားတယ်...။ တကယ့်အဖြစ်အပျက်တစ်ခုကို ဖတ်ရသလိုကို ခံစားမိတယ်...။ ၀တ္ထုကောင်းလေးတစ်ပုဒ်ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်...ဟု

ချမ်းမြေ့ပစေကြောင်း
ချယ်ရီမြေ

လမင်းငယ် said...

ရသာမြှောက်ပါပေတယ်
ဖတ်ခဲ့ပါတယ်

မြသွေးနီ said...

အဖေနဲ့ အမေကြား ဗျာများခဲ့ရတဲ့ သမီးရဲ့ ခံစားချက်သရုပ်ကို ပေါ်လွင်အောင် ရေးသွားနိုင်တာ နှစ်သက်စရာ...။

မြစ်ကျိုးအင်း said...

ဇာတ်ရှိန် အမြင့်ဆုံးဖြစ်စေတဲ့ နောက်ဆုံးခန်းလေးမှာ သုံးသွားတဲ့စကားလေးတွေက ဒီဇာတ်ကို အကောင်းဆုံး ပို့ပေးလိုက်တာပါပဲ။ ထိထိရှရှ ဖြစ်စေတယ်။ စာရေးကောင်းသူတွေ ဘလော့ဂ်ပေါ်မှာ မြင်တွေ့ရလို့ ဝမ်းသာမိပါတယ်။

မိုးခါး said...

ဖတ်ပြီး ငိုချင်သွားတယ် ..း( အမှန်ပြောရရင် အဲလိုယောကျားမျိုးကို မုန်းတယ် .. ကိုယ်သာဆို စိတ်နာမိလိမ့်မယ် .. အမေလုပ်သူရဲ့ သွန်သင်မှုကြောင့် ရင်ငြိမ်းက သူ့အဖေကို မမုန်းခဲ့တာထင်တယ် .. ဘာလို့ ထားသွားခဲ့တယ်ဆိုတာ မပါဘူးနော် .. သိချင်လိုက်တာ

စာဖတ်ပြီး ကိုယ်ပါ ၀င်ခံစားလိုက်တာ မျက်ရည်ဝိုင်းသွားတယ်

ကိုကိုမောင်(ပန်းရနံ့) said...

ရင်ထဲ တကယ်ရောက်သွားတယ်။ ရိုးရှင်းတဲ့ အဖြစ်အပျက်ကလေးဆိုပေမဲ့ ခံစားမှုထည့်ပြီး စာဖွဲ့ကောင်းလေတော့ စာထဲ မျောလိုက်သွားမိတယ်။

ပြည်ကောင်းအောင် said...

အဖေနဲ့ တလ၊ နှစ်လလောက် သွားနေလိုက်ရင်တော့ ပို စိတ်ချမ်းသာစရာများ ( happy ending ) ဖြစ်လေမလား..း))

witch83 said...

hmmm.. ကိုယ်ကိုတိုင်လည်း မမြတ်ပန်းနွယ်လို စာ.. ကောင်းကောင်း.. မရေးတတ်ပါဘူး။ ဒါပေမဲ့ …. ဒီဇာတ်လမ်းလေးကို ဖတ်ရတာ တစ်ခုခုလိုနေသလိုပဲ…
***
“မနက်ြဖန် မနက် ဖေဖေတို့ တစ်ခေါက်ပြန်လာမယ်။ သမီး သဘောတူရင် သမီး ဟိုကိုလိုက်ဖို့ လိုအပ်တာတွေ ပြင်ဆင်ရအောင် ဖေဖေ ဒီမှာ တစ်လနေမယ်။ သမီးလည်း သမီးမေမေနဲ့ ချက်ချင်းကြီး မခွဲရအောင်ပေါ့။ သမီးလေးက ငြင်းခဲ့ရင်တော့ ဖေဖေတို့ သန်ဘက်ခါမနက်ပဲ ပြန်တော့မှာပါ”
ဖေဖေ့ရဲ့ ဒီစကားမှာလည်း အတ္တ နည်းနည်းလေးတော့ ပါနေသလိုပဲ.. ပြီးတော့ ဖေဖေက နိုင်ငံခြားမှာ ကျောင်းထားပေးမှ မဟုတ်ပါဘူး။ တစ်ခြားအရာတွေကိုလည်း အဝေးက ထောက်ပံ့ပေးလို့ ရတာပဲ မဟုတ်လား... တကယ်လို့များ အန်တီ့မှာ ကလေးသာရနိုင်မယ်ဆိုရင် ဖေဖေ.. ပေါ်တောင် ပေါ်လာပါ့မလားပဲ။
***
စိတ်ထဲ မြင်တာ ပြောကြည့်တာပါ။ 