Saturday 4 February 2012

အလွမ်းဖြင့်ရက်သော မျက်ရည်

အဲသည်တုန်းက ၁၉၈၆ခုနှစ် ဖေဖော်ဝါရီလ။ ကျွန်တော်တို့ရဲ့ Scandutch Sardina အမည်ရှိ သင်္ဘောဟာ အာရပ်နိုင်ငံများမှနေ ချီလီနိုင်ငံသို့ ဦးတည်နေခဲ့တယ်။ သမုဒ္ဒရာမှာ ရာသီဥတု ကြည်လင်နေပြီး လှိုင်း၊လေ ကင်းရှင်းနေတယ်။ ဒါကြောင့် သင်္ဘောဟာ ကျွန်တော်တို့ တွက်ချက်ထားတဲ့ အစောဆုံးရောက်နိုင်မယ့် အချိန်အတိုင်း  ကမ်းကပ်နိုင်ပါလိမ့်မယ်။ ချီလီနိုင်ငံရောက်ရင် ကုန်းပေါ်ဆင်းပြီး စိတ်အပန်းပြေစရာတွေ လုပ်လို့ရတော့မှာမို့ ကျွန်တော်တို့ အားလုံး ပျော်နေခဲ့ကြတယ်။

စုစုပေါင်း လူ၁၆ယောက်ပါတဲ့ ကျွန်တော်တို့သဘောင်္ဟာ ဆီတင်သင်္ဘော တန်ကာအမျိုးအစားဖြစ်ပြီး ဆိုက်ပရပ်စ်နိုင်ငံ အခြေစိုက်ဖြစ်တယ်။ ကျွန်တော်တို့တွေ အားလုံးဟာ ကိုတာနီသင်္ဘောကုမ္ပဏီ ရဲ့ လက်အောက်မှာ အလုပ်လုပ်နေသူတွေပါ။ အာရပ်နိုင်ငံများကနေ ဆီတွေ သယ်ယူလာပြီး ဘရာဇီး၊ ချီလီအစရှိတဲ့ နိုင်ငံတွေကို ဆီတွေ ပို့ရလေ့ရှိပါတယ်။  ဆိပ်ကမ်းရောက်ချိန် ကမ်းကပ်ဖို့ သဘောင်္ဆိပ်မှာ နေရာချက်ချင်းရတယ်ဆိုရင် ကျွန်တော်တို့တွေဟာ ကုန်းပေါ်ဆင်းလည်ဖို့ အချိန် ၂ရက်ကျော်ကျော်လောက်ပဲ ရလေ့ရှိတယ်။ တကယ်လို့ ဆီချဖို့ သင်္ဘောဆိပ်မှာ နေရာချက်ချင်း မရခဲ့ဘူးဆိုရင် သင်္ဘောကို ရေထဲမှာ ကျောက်ချပြီး စောင့်နေရတာမို့ ကုန်းပေါ်ကို အချိန် ၄၊၅ရက် ကြာ ဆင်းလည်ခွင့် ရတတ်ပါတယ်။ ကျွန်တော်တို့တွေဟာ တစ်လခွဲကို တစ်ခါနှုန်း ချီလီနိုင်ငံသို့ ရောက်လေ့ရှိကြတယ်။ ဒါကြောင့်လည်း ချောမောလှပတဲ့ ချီလီနိုင်ငံသူလေးတွေ၊ စပိန်သံဝဲဝဲနဲ့ သူတို့ရဲ့ အင်္ဂလိပ်စကားပြောလေးတွေဟာ ကျွန်တော်တို့အားလုံးရဲ့ အပန်းပြေစရာ၊ အမောဖြေစရာလေးတွေ ဖြစ်နေခဲ့ကြတာပေါ့။

 
***

ကုန်းပေါ်ရောက်တော့ ထုံးစံအတိုင်း ကျွန်တော်တို့တွေ သွားနေကြ ကလပ်ကို ချီတက်ခဲ့ကြတယ်။ ကျွန်တော့်သူငယ်ချင်းတွေက အမျိုးသမီးလေးတွေကိုယ်စီနဲ့ သောက်စားနေချိန်မှာ ကျွန်တော်ကတော့ စိတ်ကြိုက်အမျိုးသမီး မတွေ့လို့ တစ်ကိုယ်တည်း သောက်နေချိန်ပေါ့။ သူတို့တွေက အတွဲလေးတွေ ကိုယ်စီနဲ့ သောက်လိုက်၊ သီချင်းသံစဉ်အလိုက် ကလိုက် လုပ်နေကြတယ်။ အရှိန်လေး နည်းနည်းရလာတော့ ကျွန်တော်လည်း အားလုံးနဲ့ ရောပြီး က တာပေါ့။ အဲဒီအချိန်မှာပဲ အမှောင်ကျကျ ထောင့်တစ်ထောင့်မှာ တစ်ယောက်တည်းထိုင်ပြီး အရက်အပြင်းစားတွေ သောက်နေတဲ့ သူမကို တွေ့လိုက်ရတယ်။

သူမ စားပွဲဆီ သွားပြီး ခပ်တည်တည်ပဲ သူမရှေ့မှာ ဝင်ထိုင်လိုက်မိတာက ကျွန်တော့်စိတ်ထဲမှာ သူမဟာလည်း ပရော်ဖက်ရှင်နယ်တစ်ယောက်ပဲ ဖြစ်မယ်လို့ ထင်လိုက်မိလို့ပါ။ စကားစမြည်ပြောကြည့်တော့မှ သူမဟာ ကျွန်တော်ထင်သလို မဟုတ်ဘဲ စိတ်ညစ်လို့ အရက်လာသောက်နေသူ ဖြစ်နေတယ်။ သူမကို အကဲခတ်ကြည့်လိုက်တော့ အသက်၂၀တောင် ကောင်းကောင်းမပြည့်သေးပုံပါ။ ဒါကြောင့် ငယ်ရွယ်ချိန်မှာ ပျော်ပါးနေရမယ့်အစား သူမက ဘာကြောင့်များ စိတ်ညစ်လို့ အရက်သောက်နေရတာလဲဆိုပြီး ကျွန်တော် စပ်စုမိတယ်။ အဲဒီမှာ သနားစဖွယ် သူမ အကြောင်းကို ကျွန်တော် သိလိုက်ရတာပါပဲ။ သူမ နာမည်က ဆိုဖီယာပါ။ ချီလီနိုင်ငံ တက္ကသိုလ်တစ်ခုမှာ စိတ်ပညာအထူးပြု သင်ကြားနေသူ ဖြစ်ပြီး တတိယနှစ် ဖြေဆိုထားတယ်။ သူမ ဒုတိယနှစ်မှာ မိဘတွေ ကွာရှင်းပြတ်စဲခဲ့ကြပြီး ၁၈နှစ်ပြည့်ပြီးတဲ့သူမကို မိဘနှစ်ပါးစလုံးက တာဝန်မယူချင်တော့လို့ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာနေရတယ်။ တတိယနှစ်ဖြေဆိုပြီးနောက် ကျောင်းလခဆက်သွင်းဖို့ သူမ မတတ်နိုင်ခဲ့ဘူး။ ကျောင်းပြန်ဖွင့်ရင် ကျောင်းဆက်တက်နိုင်မှာ မဟုတ်တော့ဘူးဆိုပြီး  စိတ်ညစ်ညစ်နဲ့ အရက်လာသောက်နေသူတဲ့။ သူမ ပြောပြတာတွေကို နားထောင်ရင်း သူမကို သနားမိတယ်။

"ကိုယ်တို့တွေ က ရအောင်"
သူမ စိတ်ညစ်နေတာတွေ ပြေပျောက်လို ပြေပျောက်ညား ကျွန်တော်တို့ တွဲကကြဖို့ အကြံပြုမိတယ်။ သူမ က အသာတကြည်ပဲ ခေါင်းငြိမ့်လက်ခံခဲ့ပါတယ်။ အဲဒီညမှာ ကျွန်တော်တို့ နှစ်ယောက် သီချင်းပေါင်း မြောက်များစွာနဲ့ အတူ မမောနိုင် မပန်းနိုင် ကခဲ့ကြတယ်။ မနက်မိုးလင်းခါနီးတော့ သူမက မောပြီ၊ ပြန်ချင်ပြီ ဆိုတယ်။ ကျွန်တော့်ကို ထားခဲ့တော့မှာလားဆိုတော့ ပွင့်လင်းလှတဲ့ သူမက အခန်းမှာ လိုက်အိပ်ချင်အိပ်လေလို့ ခေါ်ခဲ့တယ်။ အဲဒီညက လာဗင်ဒါရနံ့တွေ သင်းကြိုင်နေတဲ့ သူမ အခန်းငယ်လေးမှာ ကျွန်တော်တို့ သံယောဇဉ်တွေ ထပ်တိုးရစ်ချည်ခဲ့မိကြတယ်။

"ရှင်က အသက်၃၀နော်.. ဘာလို့ အိမ်ထောင်မပြုသေးတာလဲ"
ကျွန်တော့်ရင်ခွင်မှာ သူမ ကိုယ်လုံးလေးကို အပ်ထားရင်း ခေါင်းလေးမော့ပြီး မေးခဲ့တယ်။

"ကိုယ် တကယ်ချစ်တဲ့သူ မတွေ့သေးလို့ပေါ့ကွာ"
ခပ်တိုးတိုး ပြန်ဖြေရင်း သူမ ဆံနွယ်တွေကို ဆော့ကစားနေခဲ့ဖူးတယ်။

ကျွန်တော် မိန်းကလေးတွေ အများကြီးနဲ့ ဆုံခဲ့ဖူးပါတယ်။ ဖြူဖြူ၊ ညိုညို၊ ပုပု၊ ဝဝ၊ ရှည်ရှည်၊ သွယ်သွယ် ပုံစံအမျိုးမျိုးပါပဲ။ ဒါပေမယ့် သူတို့တွေဟာ နောက်တစ်ခါ သူတို့တွေကို ပြန်လည်သတိရမိလောက်အောင်ထိ ကျွန်တော့်စိတ်ကို မလွှမ်းမိုးနိုင်ခဲ့ကြဘူး။  ဒါကြောင့်လည်း အသက်၃၀ကျော်သည်အထိ လူပျိုကြီး သင်္ဘောသားဘဝနဲ့နေပြီး ကုန်းပေါ်ဆင်းတိုင်း နီးစပ်ရာ အမျိုးသမီးလေးတွေနဲ့ ပျော်ပါးခဲ့တာချည်းပါပဲ။

ကျွန်တော် ဘင်္ဘောပေါ်ပြန်မတက်ခင် ၃ရက်လုံးလုံး သူမနဲ့အတူ ရှိနေခဲ့တယ်။
"ပျော်ပျော်နေပါ၊ နောက်တစ်လခွဲကြာရင် ကိုယ်ပြန်လာမယ်" လို့ နှုတ်ဆက်စကားပြောတုန်းက သူမက စကားတစ်ခွန်းမှ မဆိုဘဲ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ဖူးတယ်။

***

သဘောင်္ပေါ်ပြန်ရောက်သွားချိန်မှာ ကျွန်တော် ရင်တွေ ဟာတာတာ ဖြစ်နေတာကို သတိထားမိခဲ့တယ်။ သူမကို သတိရနေမိပြီ။ တွေ့ခဲ့ဖူးတဲ့ မိန်းကလေးတွေနဲ့မတူ သူမက ကျွန်တော့်အတွက် ရိုးစင်းလွန်းတယ်။ ရိုးသားတဲ့သူမက ဘာတောင်းဆိုမှုတွေ၊ ဘာပူဆာမှုတွေမှလည်း မလုပ်ခဲ့ဘူး။ ပြီးတော့ သူမ ဆံပင်တွေရဲ့ နူးညံ့မှုကအစ ကျွန်တော့်ကို စွဲလမ်းနေစေခဲ့တယ်။ ကျွန်တော် သူမကို ချစ်သွားပြီလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။ အချစ်ဆိုတာကို သေသေချာချာ နားမလည်ပါဘူး။ အဲဒီအချိန်တုန်းက ကျွန်တော့်စိတ်ထဲမှာ သူမနဲ့အတူ ရှိနေချင်တဲ့စိတ်၊ သူမ ဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်နဲ့အတူ နိုးထချင်စိတ်၊ သူမနဲ့အတူတူ ရောက်ရာပေါက်ရာ လျှောက်သွားချင်တဲ့စိတ်၊ သူမ ကိုယ်လုံးသေးသေးလေးကို တင်းတင်းကျပ်ကျပ်ဖက်ပြီး ညတွေကို ကုန်ဆုံးစေချင်တဲ့စိတ်တွေသာ ရှိနေခဲ့တာပါ။ အဲတာကြောင့်လည်း နောက်တစ်ခေါက် သူမနဲ့ ပြန်ဆုံရင် ဒီအကြောင်းတွေကို ဖွင့်ပြောပြမယ်၊ ပြီးတော့ သူမ ကျောင်းဆက်တက်လို့ရအောင် ကူညီမယ့်အကြောင်းတွေလည်း ပြောပြမယ်လို့ ဆုံးဖြတ်ခဲ့တယ်။

***

၄၆ရက်အကြာမှာ ကျွန်တော်တို့ သင်္ဘောဟာ ချီလီနိုင်ငံကို နောက်တစ်ခေါက် ပြန်ရောက်ခဲ့ပါတယ်။ ချက်ချင်းပဲ သူမရဲ့ အခန်းလေးရှိရာကို ကျွန်တော် ပြေးသွားမိတယ်။ အဲဒီအချိန် သူမက ရေဒီယိုနားထောင်နေချိန်ပေါ့။ ကျွန်တော့်ကိုမြင်တော့ အားရဝမ်းသာစွာ ပွေ့ဖက်ပြီး ကြိုဆိုခဲ့တယ်။ ကျွန်တော် သင်္ဘောပြန်တက်သွားချိန် သူမက ကလပ်မသွားဖြစ်တော့ကြောင်းနဲ့ အချိန်ပိုင်းအလုပ်တစ်ခုကို တစ်ရက်၁၆နာရီနီးပါးလုပ်ဖြစ်နေကြောင်း၊ ကျောင်းဖွင့်ဖို့ ၃ပတ်လောက် လိုသေးတာကြောင့် ကျောင်းလခကိုသာ အရစ်ကျခွဲသွင်းလို့ရလျှင် အဆင်ပြေသွားနိုင်ကြောင်း၊ ပြီးတော့ ကျွန်တော့်ကို သတိရနေမိတယ် ဆိုတာတွေကို ကလေးငယ်လေးတစ်ယောက်လို ပြောပြနေခဲ့တယ်။ သူမစကားဆုံးတော့ ကျွန်တော်က သူမ မေးစေ့လေးကိုကိုင်၊ မျက်နှာလေးကို ဆွဲမော့ပြီး ကျွန်တော် ပြောပြမယ်စိတ်ကူးထားတဲ့ စကားတွေကို ပြောပြခဲ့မိတယ်။ ကျွန်တော့်စကားတွေကို နားထောင်နေစဉ် သူမ မျက်လုံးတွေဟာ အရောင်တဖျက်ဖျက် တောက်နေပြီး၊ ကျွန်တော့် စကားအဆုံးမှာတော့ သူမ ငိုပါတော့တယ်။ သူမ ပျော်ရွှင်လွန်းလို့ ဝမ်းနည်းသွားပြီဆိုတာ ကျွန်တော်သိတယ်။ ဒါကြောင့်လည်း ငိုနေတဲ့ သူမ ကျောပြင်လေးကို အသာအယာ ပွတ်သပ်ပေးနေမိခဲ့တာပေါ့။

ကျွန်တော်က M.O.T 1st Class Chief Engineerပါ။ ဖိုးမန့်အွန် တူးမန့်အော့ဖ် နဲ့ သင်္ဘောလိုက်နေတာ ဖြစ်တယ်။ ဆိုလိုတာ ကျွန်တော်က သင်္ဘောကို ၄လဆက်တိုက် လိုက်ပြီးလျှင် လစာအပြည့်နဲ့ ကုန်းပေါ်မှာ ၂လနားခွင့်ရှိတယ်။ အရင်တုန်းက အဲလို ၂လနားရတိုင်း ကျွန်တော့်မိခင်ရှိရာ မြန်မာပြည်ကို ပြန်လေ့ရှိပေမယ့် အခုချိန်ကစပြီး  ချီလီမှာ နေတော့မယ်လို့ သူမကို ပြောပြတော့ ကျေနပ်စွာ ခေါင်းငြိမ့်ပြရှာတယ်။ အမေ့မှာ အိမ်အကူနှစ်ယောက်ရှိတာမို့ အစစအရာရာ အဆင်ပြေနေမှာပါလို့ သူမကို ပြောခဲ့ဖူးတယ်။

သူမက  အခုချိန်မှာ အလိုအပ်ဆုံးအရာဟာ အနားမှာ နွေးထွေးကြင်နာမှုပေးနိုင်တဲ့ လူတစ်ယောက်ပါလို့  ဝန်ခံခဲ့တယ်။ ကျွန်တော်ကလည်း သူမ အနားမှာ အတတ်နိုင်ဆုံး နွေးထွေးတဲ့ ကြင်နာမှုတွေ ပေးချင်ကြောင်း ကတိပေးခဲ့တယ်။
***

ကျွန်တော်နဲ့ သူမဟာ အတူတူနေဖြစ်ပြီး နောက်ပိုင်းမှာမှ အကြိုက်တော်တော်များများမှာ တူညီကြောင်း ဝမ်းသာစွာ တွေ့ရှိခဲ့ကြတယ်။ သူမက ကျွန်တော့်လို ဂန္ထဝင် ဂီတနဲ့ ကျေးလက်သီချင်းတွေကို နှစ်သက်စွာ နားထောင်တတ်သူလည်း ဖြစ်နေပြန်တယ်။

သူမက ရိုးသားတယ်။ အေးဆေးတယ်။ ဂုဏ်ပကာသနတွေ မက်မောခြင်း မရှိဘူး။ ပြီးတော့ သူမရဲ့ ကောင်းမွန်တဲ့အကျင့်က ပစ္စည်းတစ်ခုကို အဆုံးစွန် ကုန်ဆုံးသွားတဲ့အထိ သုံးစွဲတတ်ခြင်းပါ။ ဒါကြောင့်လည်း သူမမှာ အဝတ်အစားအပိုတွေ အများကြီး ရှိမနေဘူး။ လက်ပွေ့အိတ်လည်း မများသလို၊ ဖိနပ်လည်း ခပ်နည်းနည်းပဲ ထားတယ်။ တကယ်လို့ ခေတ်ပေါ်ပစ္စည်းတွေကို သူမ ဝယ်ယူမယ်ဆိုလည်း ကျွန်တော်က ခွင့်ပြုတယ်၊ ကြည်ဖြူတယ်၊ ဒီဇိုင်နာ အသုံးအဆောင်တွေကိုမှ သုံးချင်တယ်ဆိုလျှင်လည်း ကျွန်တော် တတ်နိုင်တယ်ဆိုတာ သူမ သိပါတယ်။ ဒါပေမယ့် အပိုအသုံးစွဲ တစ်ခုမှ သူမ မလုပ်ခဲ့ဘူး။ ကျွန်တော့်ကို အသုံးချဖို့သက်သက် တွဲနေတာ မဟုတ်မှန်း သူမရဲ့ အပြုအမူ၊ အနေအထိုင်တွေကနေတဆင့် အမြဲပြသခဲ့တယ်။ အမှန်တကယ်ကို ဖြူစင်တဲ့ သူမကို ကျွန်တော် တွယ်တာသထက်တွယ်တာလာခဲ့ပါတယ်။
ဒါကြောင့်လည်း စတုန်းနီ သီချင်းလေးကို နားထောင်ဖြစ်တုန်းက သူမကို မင်းဟာလည်း ဒုတိယမြောက် စတုန်းနီပဲလို့ ချီးကျူးခဲ့ဖူးတယ်။ အဲဒီတုန်းက သူမက "ဟင့်အင်း ဟင့်အင်း .. ကျွန်မက ဒုတိယမြောက် စတုန်းနီ မဟုတ်ပါဘူး။ ကျွန်မက ဆိုဖီယာပါ။ ရစ်ချတ်ရဲ့ ဆိုဖီယာ" ဆိုပြီး စောဒကတက်ခဲ့သေးတယ်။

***

"ရစ်ချတ်.. ရှင့်ရဲ့ မြန်မာနာမည်က ဘာလဲဟင်"

အဲဒီနေ့က ရာသီဥတု သာသာယာယာရှိတဲ့နေ့။ နေဝင်ချိန်မှာ ကမ်းခြေဖက် လမ်းလျှောက်ထွက်ဖို့ သူမက အကြံပြုခဲ့တယ်။ ကျွန်တော်တို့ နှစ်ယောက် လွတ်လပ်စွာ လမ်းလျှောက်ထွက်လာခဲ့ကြတယ်။ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ခြင်း မရှိခဲ့ဘူး။ ပင်လယ်ဖက်ကို မျက်နှာမူ၊ လက်နှစ်ဖက်ကို ဘေးကိုထုတ်ပြီး ဆန့်တန်း၊ ပြီးတော့ လေတွေကို တဝကြီးရှုရှိုက်ပစ်ဖို့ နှစ်ယောက်လုံးက စိတ်စောနေခဲ့တယ်။ လေကောင်းလေသန့်တွေ အားရအောင် ရှုရှိုက်ပြီးမှ သူမလက်ကို ကျွန်တော် အသာအယာလေး ဆုပ်ထွေးပြီး ကမ်းခြေတစ်လျှောက် လမ်းလျှောက်ကြတယ်။ လမ်းလျှောက်နေစဉ်မှာ သူမက ကျွန်တော့ရဲ့မြန်မာနာမည်ကို မေးမြန်းစပ်စုခဲ့တယ်။

"ခင် .."
"ကင်"

"မောင်"
"မုန်"

"စိုး"
"စွန်း"
ကျွန်တော့် နောက်ကနေ တစ်လုံးချင်း အသံလိုက်ထွက်ကြည့်ဖို့ သူမ ကြိုးစားတယ်။ သူမ အသံထွက်တွေ ကို နားထောင်ပြီး တော်တော်လေး စိတ်ပျက်သွားတယ်။ ဒါကြောင့် ကျွန်တော့်နာမည်ကို ဆက်တိုက် ရွတ်ပြလိုက်မိတယ်။

"ခင်မောင်စိုး"
"ကင်မုန်စွန်း"
သူမ စကားအဆုံးမှာ ကျွန်တော် ဟက်ဟက်ပက်ပက် ရီမိတော့တာပါပဲ။

မင်း အသံထွက်ကလည်း ဆိုးဝါးလိုက်တာ ဆိုဖီယာရယ် ဆိုတော့ သူမက ရှင့်အသံထွက်ကို က ထူးဆန်းလွန်းတာပါတဲ့။

အဲဒီနေ့က သူမဟာ အပေါ်အောက် ပန်းရောင့်ရင့်ရင့် ဘီကနီဝတ်ထားပြီး၊ ဘီကနီအပေါ်မှာမှ ဖောက်ထွင်းမြင်ရလောက်အောင် ပါးလျတဲ့ အဖြူရောင်ဂါဝန်လေးတစ်ထည်ကို ထပ်ဝတ်ထားတယ်။ ဆည်းဆာချိန်မှာ နေရောင်ခြည်က သူမကိုယ်ပေါ် ဖြာကျနေတယ်။ ဖြူဖွေးနေတဲ့ သူမ အသားရောင်ဟာ နေရောင်အောက်မှာ ရွှေရောင်လို တလက်လက် တောက်ပနေခဲ့တယ်။ သူမရဲ့ လှိုင်းတွန့်လို ဆံပင်လေးတွေဟာ လေနဲ့အတူ တောင်ပံဖြန့်ကျက်လို့၊ အဖြူရောင် ဂါဝန်စလေးဟာလည်း လေမှာ တလူလူ လွင့်နေတယ်။ ပြာလဲ့တဲ့ သူမ မျက်လုံးလေးတွေကလည်း စိန်ပွင့်လေးတွေ လက်နေသလို။

"မိုးဂျိုဘွဲနိုး"
သူမရဲ့ အလှကို ခံစားနေရင်း "မင်း သိပ်လှတယ်"လို့ ကျွန်တော့်နှုတ်က အလိုလို ထွက်သွားမိတယ်။

"ဟင်.. ရှင်က စပိန်လို ပြောတယ်"
တအံ့တသြ သူမ မျက်နှာလေးက တကယ်ကို ချစ်စရာပါ။

"ပြောပါဦး။ ရှင် ဒီစကားကို စပိန်မလေးတွေ၊ ချီလီသူလေးတွေ ဘယ်နှယောက်လောက်ကိုများ ပြောပြီးပြီလဲလို့"
မျက်လုံးတစ်ဖက်မှိတ်ပြရင်း သူမက စနောက်သလို မေးတယ်။

"ဟား... ကိုယ် ဘယ်နှယောက်ကိုပြောဖူးလဲ မမှတ်မိတော့ဘူးကွ။ သေချာတာကတော့ ဆိုဖီယာဟာ ပထမဆုံး မဟုတ်ဘူး ဆိုတာပဲ"

"ရှင် တော်တော်တတ်နိုင်တဲ့ သူပဲနော်"
သူမက ရီမောရင်း မှတ်ချက်ချတယ်။ ကျွန်တော့်စိတ်ထဲ ရုတ်တရက် သူမကို ပွေ့မြှောက်ပစ်ချင်တဲ့ စိတ်တွေ ဖြစ်သွားတယ်။ ဒါကြောင့်လည်း သူမကို ဆတ်ခနဲ ကောက်ယူပွေ့ချီလိုက်ရင်း ကမ်းစပ်ထိ ပြေးသွားမိတယ်။ ချပေးတော့နော် လို့ သူမကဆိုပြီး မျက်လုံးလေး အဝိုင်းသားနဲ့ လှမ်းကြည့်နေခဲ့တယ်။

"တ ကီယေးဒို .. ကိုယ် မင်းကို ချစ်တယ် ဆိုဖီယာ"

"ကျွန်မလည်း ရှင့်ကို ချစ်တယ်"
ပွေ့ချီထားလျက်ကပဲ သူမကို ကျွန်တော် ငုံ့နမ်းမိသွားတယ်။ သူမရဲ့ မျက်လုံးလေးတွေမှိတ်သွားပြီး လက်ကလေးတွေကကျွန်တော့်ကို တင်းတင်လေး ဖက်ထားခဲ့တယ်။ ဆည်းဆာချိန်မှာ အနမ်းပန်းတွေဟာ အလှဆုံး ဖူးပွင့်ခဲ့ကြဖူးပါတယ်။
***

သူမ ကျောင်းတက်နေစဉ် ၂နှစ်တာလုံး ကျွန်တော်တို့ဘဝက အေးချမ်းခဲ့ပါတယ်။ ကျွန်တော်က တစ်လခွဲတစ်လ ၂ရက်တန်သည်၊ ၃ရက်တန်သည် သူမနဲ့ အတူတူနေပြီး လေးလတစ်ခါ ကြာကြာနေလေ့ရှိတယ်။ အတူတူ ရှိစဉ်တိုင်း နားလည်မှုတို့နဲ့ နေ့ရက်တိုင်းကို ထုံမွှမ်းထားကြတယ်။ သူမက နံနက်တိုင်း ကော်ဖီဖျော်ပေးသလို သူမ ကျောင်းသွားနေစဉ် ကျွန်တော်က ညစာချက်ပြုတ်ပေးတယ်။ အားလပ်ရက်တွေမှာ ချီလီနိုင်ငံရဲ့ နေရာတော်တော်များများစုံလင်အောင် လျှောက်ပတ်သွားကြပြီး အရာရာဟာ နေသားတကျအခြေအနေမှာ အေးအေးချမ်းချမ်း ရှိနေခဲ့တယ်။ ပင်လယ်ပြင်မှာ ရာသီဥတု မဆိုးရွားခဲ့တဲ့တစ်ခေါက် အထိပေါ့။

အဲဒီအခေါက်က ရာသီဥတု မကောင်းခဲ့ဘူး။ အာရပ်နေ ချီလီကို ထွက်လာတဲ့အချိန်မှာ ပင်လယ်ပြင်ဟာ ကြမ်းတမ်းနေခဲ့တယ်။ ဘဘောင်္ဟာ သိသိသာသာ အရှိန်လျော့နည်းသွားတယ်။ ဆိုဖီယာဆီကို ကျွန်တော် အချိန်မှီ ရောက်မှာ မဟုတ်ဘူး။ အဲဒီအပြင် ရက်တော်တော်ကြာအောင် နောက်ကျတော့မယ်ဆိုတာ သိလိုက်တယ်။ ကျွန်တော် အကြာကြီး နောက်ကျနေရင် သူမ တစ်မျိုးတစ်မည်ထင်ပြီး စိတ်ဆင်းရဲနေမှာ စိုးရိမ်တယ်။ ဒါကြောင့် ကက်ပတိန်ဆီ သွားပြီး အခြေအနေ အကျိုးအကြောင်းကို မေးမြန်းခဲ့တယ်။

"အေးဗျာ.. ရာသီဥတုက ခင်ဗျားမြင်တဲ့အတိုင်းပဲ။ ကျွန်တော် 15Knot မောင်းနေတာကနေ 5Knotထိ အရှိန်လျော့ဖို့ ပြောထားတယ်"
ကက်ပတိန်ရဲ့ စကားကို ကြားပြီး စိတ်ပျက် လက်ပျက် ဖြစ်မိတယ်။ ဒါကြောင့် ပဲ့ထိန်းခန်းဖက်ကို ထွက်လာခဲ့တယ်။ ပဲ့ထိန်းခန်းမှာ Chief Officer နဲ့ Second Officerတို့ကို တွေ့ရတယ်။ Chief Officer က လေးနာရီကြာမောင်းပြီးပြီ ဖြစ်လို့ Second Officerက တစ်လှည့်မောင်းဖို့ စောင့်နေတယ်။

"ဘယ်လိုလဲ ဗျာ၊ အခြေအနေလေး"
"ရာသီဥတုက အခြေအနေကောင်းလာပါပြီ။ ကျွန်တော်တို့က သတ်မှတ်ထားတဲ့လမ်းကြောင်းကနေ ဒီဂရီပြောင်းပြီး ကြမ်းတမ်းနေတဲ့ပင်လယ်ပြင်ဖက်ကို ရှောင်လိုက်နိုင်ပါပြီ"

"အရှိန်တိုးမောင်းဖို့ စိတ်ကူး မရှိသေးဘူးလားဗျာ"
"အေးဗျာ .. ဒါကတော့ ကက်ပတိန်ညွှန်တဲ့အတိုင်း ကျွန်တော်တို့လည်း မောင်းရတာ မဟုတ်လား"
"BMW အင်ဂျင်ကြီး တက်ထားပြီး လိုတာထက် အရှိန်ကို လျော့မောင်းနေတာ နှမြောစရာ"

Chief Officerက Second Officerကို အလှည့်ပေးလိုက်ပြီးနောက် သူ့ကေဘင်ကို သူပြန်သွားပြီ။ ကျွန်တော် ပေပြီး ဆက်ထိုင်နေခဲ့တယ်။ ထိုင်နေရင်းလည်း ပွစိ၊ပွစိ လုပ်နေမိတယ်။ အဲဒီအချိန်မှာ ကက်ပတိန်ဝင်လာပြီး ကျွန်တော့်ကို စနောက်ခဲ့ဖူးတယ်။
"ဟာ.. Chief Engineerကြီးက ခါတိုင်းဆို အင်ဂျင်ခန်းမှာနေချင်နေ၊ မဟုတ်ရင် ကေဘင်ထဲမှာ အောင်းနေသူကြီးပါ။ ခုမှ ပဲ့ထိန်းခန်းက မခွာဖြစ်နေပါလားဗျို့"
"ဖြစ်ဆို ကက်ပတိန်ရေ.. ကိုခင်မောင်စိုးက ချီလီမှာ လွမ်းစရာ ကျန်ခဲ့တာကိုး"
ကက်ပတိန် နဲ့ Second Officerတို့က စနောက်နေတာကြောင့် ကျွန်တော် ကေဘင်ကိုအမြန်ဆုံး ပြန်လာခဲ့ရတယ်။ ပြီးတော့ ဆိုဖီယာအတွက် အာရပ်နိုင်ငံမှ ဝယ်လာခဲ့တဲ့ လက်စွပ်လေးကို ထုတ်ကြည့်ရင်း အလွမ်းဖြေနေလိုက်တယ်။ဒီလက်စွပ်လေးဟာ ဆိုဖီယာရဲ့ သေးသွယ်ရှည်လျားတဲ့ လက်ချောင်းလေးပေါ်မှာ သိပ်ကိုလိုက်ဖက်ညီစွာ လှနေမှာပါ။

အဲဒီအခေါက်က ကျွန်တော်တို့ သင်္ဘောဟာ ၁၂ရက်တိတိ နောက်ကျပြီးမှ ချီလီနိုင်ငံကို ရောက်ခဲ့ပါတယ်။

***

သင်္ဘောပေါ်မှအဆင်း ဆိုင်းအော့ဖ်လုပ်ပြီးချိန်တွင် တာမင်နယ် ပို့စ်ထဲမှာ ထိုင်စောင့်နေတဲ့ သူမကို တွေ့လိုက်ရပါတယ်။ ကျွန်တော့်ကိုတွေ့တော့ အပြေးအလွှားဖက်ရင်း ကျွန်တော့်ရင်ခွင်မှာ မျက်နှာအပ်ပြီး ငိုကြွေးနေခဲ့တယ်။ သူမ ငိုပြီးသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းရင်း သူမ ဆံပင်လေးတွေကို အသာအယာ ပွတ်သပ်ပေးနေမိတယ်။

"ရှင် ကျွန်မဆီ ပြန်လာပြီနော်"
ကွဲအက်နေတဲ့ အသံနဲ့ တုန်ယင်စွာ ပြောခဲ့တယ်။

"ကိုယ် မင်းဆီ ပြန်လာရမှာပေါ့ ကလေးရယ်"
အိမ်ပြန်လမ်း တစ်လျှောက်လုံး သူမက ကျွန်တော့်လက်ကို မလွှတ်တမ်း တင်းတင်းတွဲထားတယ်။ အိမ်ရောက်သည်အထိ သူမက ကျွန်တော့်အနားမှာ ထိုင်ပြီး ကျွန်တော့်မျက်နှာကို မော့ကြည့်နေခဲ့တာပါ။ သူမ မျက်နှာလေး ချောင်ကျသွားပြီး မျက်ဝန်းလေးတွေညိုနေတာကို သတိထားမိလိုက်တယ်။
"ဘေဘီ.. မင်း ကိုယ့်ကို ဒီလိုပဲ ထိုင်ကြည့်နေတော့မှာလားဟင်။ ကိုယ့်ကို သောက်စရာလေး တစ်ခုခုတောင် မလုပ်ပေးတော့ဘူးပေါ့"
အဲအခါမှ သူမက အသံထွက်ကာ ရီမောပြီး လိမ္မော်ရည် တစ်ခွက် ထဖျော်ပေးပါတယ်။

"အချိန်တန် ရှင်ပြန်မရောက်တော့လေ ကျွန်မဆီ ရှင်ပြန်မလာတော့ဘူး ထင်သွားတယ်"
လိမ္မော်ရည်ခွက် ကမ်းပေးရင်း သူမ ဆိုခဲ့တယ်။

"အ လိုက်တဲ့ ကလေးမ။ ကိုယ်က မင်းဆီ ပြန်မလာလို့ ဘယ်ပြန်ရမလဲကွ။ ဟင်။"
"တာမင်နယ်ပို့စ်မှာ စုံစမ်းမှပေါ့"

"ကျွန်မ နေ့တိုင်း တာမင်နယ်ပို့စ်ရောက်ပါတယ်။ ကျောင်းဆင်းတိုင်း သွားမေးတာပါပဲ။ ပင်လယ်ပြင်မှာ ရာသီဥတု မကောင်းလို့ဆိုတာ သိတယ်။ ဒါပေမယ့် ကျွန်မ စိတ်ပူနေမိတယ်"

"ဟင်းး.. စိတ်ပညာ အထူးပြုနဲ့ နောက်ဆုံးနှစ်တက်နေတဲ့သူကလဲ ကိုယ့်ချစ်သူအကြောင်းတောင် ကောင်းကောင်းနားမလည်ပါလား"
သူမကို ကျွန်တော် စနောက်တော့ "ဟုတ်တယ်။ ရှင်နဲ့ ပတ်သတ်ရင် ကျွန်မကိုက သည်းနေတာ" ဆိုပြီး သူမက စိတ်မသက်သာစွာ ညည်းညူနေခဲ့တယ်။

ကိုယ့်ကို ဒီလောက် ပူပန်တတ်နေမှာတော့ ကျောင်းပြီလျှင် လက်ထပ်ရအောင်လို့ ပြောပြီး သူမအတွက် ဝယ်လာတဲ့ လက်စွပ်လေးကို ထုတ်ပြမိတယ်။ သူမက အလိုက်တသိ လက်ကလေးဆန့်ထုတ်ပေးတော့ တယုတယ ဝတ်ပေးလိုက်တယ်။

"မင်း လိမ်မာတော့ ကိုယ် အတော်အတန်စုမိနေပြီ။ နောက်တစ်ခေါက်ပြန်လာရင် ကိုယ် မင်းကို လက်ထပ်မယ်။ မင်းကို အိမ်ကလေး တစ်လုံးဝယ်ပေးမယ်"
အဲဒီညက ကျွန်တော့်ရင်ခွင်ကို မျက်နှာအပ်ကာ သူမ  ငိုကြွေးနေပြန်ပါတယ်။ သူမကို ပွေ့ပိုက်ထားရင်း ကျွန်တော့်ဆုံးဖြတ်ချက်အတွက် ကျေနပ်နေမိခဲ့တယ်။ အသက် ၃၂နှစ်ကျော်ပြီးမှ ကျွန်တော့်ရဲ့ အချစ်ကို ကျွန်တော် ရှာတွေ့ခဲ့တယ်။ သူမနဲ့ သိကျွမ်းကတည်းက အမေဆီလည်း မပြန်ဖြစ်ခဲ့ပါဘူး။ အမေ့ကို လစဉ်ကန်တော့ငွေ ပေးပို့ရင်း တယ်လီဖုန်း မှန်မှန် ဆက်ခဲ့တာလောက်ပဲ ရှိတယ်။ အခုလည်း ဆိုဖီယာနဲ့ လက်ထပ်တော့မယ့် ကိစ္စကို အမေ မသိအောင် လျှို့ဝှက်ထားဖို့ ဆုံးဖြတ်ခဲ့တယ်။

***

သူမ ကျောင်းပြီးသွားချိန်၊ ကျွန်တော်လည်း သင်္ဘောကနေ ရက်ရှည်ပြန်ဆင်းလာချိန်မှာ ကျွန်တော်တို့ လက်ထပ်ခဲ့ကြတယ်။ ဘုရားကျောင်းငယ်လေး တစ်ခုမှာ ရိုးရာဝတ်စုံတွေကို သူမ စိတ်တိုင်းကျ ဝတ်ဆင်ပြီး မင်္ဂလာပွဲကို ဆင်နွှဲခဲ့ကြတာဖြစ်တယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေတွေ၊ သင်္ဘောသား အရာရှိတွေနဲ့ သူမရဲ့ သူငယ်ချင်းတွေက တက်ရောက် ကောင်းချီးပေးခဲ့ကြတယ်။ မင်္ဂလာပွဲ မစခင်မှာ ရိုးရာအကဖြစ်တဲ့ ခရူးကာအကနဲ့ ဖျော်ဖြေရေးအဖွဲ့က ကပြခဲ့တယ်။ဧည့်သည်တွေကို ရိုးရာသောက်စရာတစ်မျိုးဖြစ်တဲ့ Pisco Sourနဲ့ပဲ ရိုးရှင်းစွာ ဧည့်ခံခဲ့တယ်။ မင်္ဂလာပွဲမှာ သူမက အထူးပျော်ရွှင်နေခဲ့ပါတယ်။ အဲသည်ညက ကျွန်တော်တို့ရဲ့ မင်္ဂလာဦးကို သူမအတွက် ဝယ်ပေးထားတဲ့ အိမ်ငယ်လေးမှာ ကုန်ဆုံးခဲ့ကြတာပေါ့။
အဲသည် နောက်ရက်တွေမှာလည်း အရာရာဟာ မင်္ဂလာရှိလို့ နေခဲ့ပါတယ်။ ကျွန်တော်နဲ့သူမ အနီးနားကျွန်းဆွယ်တွေကို ဟန်နီးမွန်းခရီးထွက်ကြတယ်။ သူမ တက်ရောက်သင်ကြားခဲ့တဲ့ ကျောင်းမှာ သူမ ကျူတာအဖြစ် အလုပ်ရတယ်။ ပြီးတော့ ဘုရားသခင်က ကျွန်တော့်ရဲ့ကိုယ်ပွားလေးကို ကျွန်တော်တို့ထံ လက်ဆောင်ပေးခဲ့ပါတယ်။ ၁၉၈၉ခုနှစ် ခရစ်စမတ်အကြိုညမှာ ကျွန်တော့်တို့သားလေးဟာ လူ့လောကထဲ ကို ရောက်လာခဲ့တယ်။

ကျွန်တော်တို့ဟာ သာယာပျော်ရွှင်တဲ့ ဘဝကို ဖြတ်သန်းနိုင်ခဲ့ကြတယ်။ သူမက သားလေးကို မွေးပြီးစမှာ ကျောင်းကနေ ခဏနားပြီး သားကို ပြုစုစောင့်ရှောက်ခဲ့တယ်။ သားလေး အခါလည်ပြီးတော့မှ သူမက ကျောင်းမှာ အလုပ်ပြန်ဝင်ခဲ့ပါတယ်။ဒါကြောင့် သူမ သက်သာစေဖို့နဲ့ အဖော်ရစေဖို့ အိမ်အကူတစ်ယောက်ကို ခေါ်ထားပေးခဲ့တယ်။ ဒီကြားထဲ ကျွန်တော်ကတော့ သင်္ဘောတက်လိုက်၊ ဆင်းလိုက်ပေါ့။

ဒီလိုနဲ့ သားဟာ လေးဖက်ထောက် အရွယ်ကနေ ထော့နဲ့၊ထော့နဲ့ လမ်းလျှောက်တဲ့ အရွယ်။ မပီကလာ ပီကလာ ပြောတဲ့အရွယ်ကနေ တီတီတာတာ ပြောတတ်တဲ့ အရွယ် ရောက်လာခဲ့တယ်။ သားဟာ သူမ လို ပြာလဲ့တဲ့ မျက်ဝန်းတစ်စုံရှိပြီး၊ ကျွန်တော့်လို အညိုနုရောင် ဆံပင်တွေ ရှိတယ်။ သားရဲ့ မည်းနက်နေတဲ့ မျက်တောင်ကော့ကော့စိပ်စိပ်လေးတွေက ကျွန်တော်နဲ့တူတယ်။  အာရှနဲ့ အနောက်တိုင်းသွေး ရောထားတဲ့ သားဟာ ကြီးလာရင် သေချာပေါက် ချောမောလှပတဲ့ အမျိုးသားတစ်ဦးဖြစ်လာမှာလို့ သူမက သူမသားကို ကိုယ်ရည်သွေးလေ့ရှိတယ်။

သားလေး အသက်၃နှစ် ကျော်စမှာပဲ နဂိုကတည်းက နှလုံးရောဂါအခံရှိတဲ့ ကျွန်တော့်မိခင်ဟာ လေဖြတ်သွားခဲ့တယ်။ ကျွန်တော့်ကို အမြန်ဆုံးပြန်လာခဲ့ဖို့ သံကြိုးရိုက်ခဲ့တယ်။ ဒါကြောင့်လည်း သင်္ဘောပေါ်ကဆင်းတော့ ဆိုဖီယာတို့ဆီ မပြန်တော့ဘဲ မြန်မာပြည်ကို ပြန်ခဲ့တယ်။ သူမကို အကျိုးအကြောင်း လှမ်းပြောပြတော့ သူမက နားလည်ပြီး ကျွန်တော့်အမေအတွက်တောင် ဆုမွန်ကောင်းတွေ တောင်းပေးနေခဲ့သေးတယ်။
***

အမေ့ဆီ ကျွန်တော် ရောက်သွားချိန်မှာ အမေ့အခြေအနေဟာ ကျွန်တော်ထင်သလောက် မဆိုးရွားတာကို ဝမ်းမြောက်စွာ တွေ့လိုက်ရတယ်။ အမေ့ဘေးမှာ အသက်၃၀အရွယ် အမျိုးသမီးတစ်ဦးက အဖော်ပြုပေးနေတယ်။ ကျွန်တော့်ကိုမြင်တော့ အမေက အိပ်နေရာကနေ ဝမ်းပန်းတသာ ပြုံးပြ ကြိုဆိုခဲ့တယ်။
"အံမလေး.. သားကို တွေ့ရတာ ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ယူပစ်လိုက် သလိုပါပဲလား။ အမေ့စိတ်တွေက အစ ပေါ့ပါးသွားတယ် သားရယ်။ သား ပြန်လာမယ် ကြားကတည်းက အမေ့ရောဂါ တစ်ဝက်လောက် သက်သာသွားတာ"
အမေ့စကားနားထောင်ပြီး ကျွန်တော် စိတ်မကောင်း ဖြစ်နေမိတယ်။

"အမေ့ဆီပြန်မလာတာ ၇နှစ်လောက်တောင် ရှိပြီ သားရယ်။ နေနိုင်လိုက်ပါဘိ။ သားက အမေသုံးဖို့စွဲဖို့ ကန်တော့ငွေလေး လစဉ်  ပို့ပေးရုံနဲ့ လုံလောက်ပြီ ထင်နေတာကိုး။ ၇နှစ် လုံးလုံး သားမရှိဘဲနဲ့ အမေ အထီးကျန်လိုက်တာ။ ဟောဒီ ဘေးက နုနု အဖော်ပြုပေးလို့သာ တော်တော့တယ်။"
ပြောပြောဆိုဆိုနဲ့ အမေက အဲဒီအမျိုးသမီးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

"နုနုက နယ်က ပြောင်းလာတဲ့ သူမပြုဆရာမလေးလေ။ အမေဝတ်ပြုနေကြ ဘုရားကျောင်းမှာ တွေ့တာပဲ။ အမေ့ကို အမြဲတမ်း လာပြီး ကြည့်ရှုစောင့်ရှောက်တယ်။ အခု နေမကောင်းတော့လည်း ချီး၊သေးက အစ မရွံမရှာ အကုန်လုပ်ပေးတာ။ နုနု ကျေးဇူးကြောင့် ခုလို မြန်မြန်နေကောင်းလာတာပဲလေ"
အမေက မမောနိုင် မပန်းနိုင် နုနုရဲ့ ဂုဏ်ကျေးဇူးတွေကို တစ်လုံးချင်း အားယူပြီး ပြောပြနေခဲ့တယ်။

"နုနုက တစ်ကောင်ကြွက်။ ဆွေမျိုး သားချင်းလည်း ရှိရှာတော့တာ မဟုတ်ဘူး။ အမေက နုနုကို သမီးလို ချစ်တယ်။ နုနုကလည်း အမေ့ကိုဆို အမေအရင်းတစ်ယောက်လိုပဲ ကောင်းရှာတယ်။ နုနုကို အမေ့သမီးသာ ဖြစ်လိုက်ပါတော့လို့ ဆုတောင်းရတာလည် အကြိမ်ကြိမ်"
အမေ့စကားအဆုံးမှာ အမေ့မျက်နှာကို ကြည့်လိုက်မိတယ်။ အမေ့မျက်လုံးတွေက တစ်ခုခုကို သွယ်ဝိုက်ပြီး ပြောချင်နေသလိုလို။ ခရီးရောက်မဆိုက် ကျွန်တော့်ကို နုနုနဲ့ ရေလာမြောင်းပေးလုပ်နေတာတော့ မဟုတ်တန်ကောင်းပါဘူးလေလို့ ဖြေတွေးလိုက်ရတယ်။ ကျွန်တော့်မှာ ဆိုဖီယာနဲ့သားလေး ရှိနေတာ အမေမှ မသိတာပဲ။ အချိန်ကောင်း တစ်ခုကို စောင့်ပြီး အမေ့ကိုဖွင့်ပြောရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။

***
ကျွန်တော်ပြန်ရောက်နေတာ ၆လကျော်ရှိသွားပြီးတဲ့နောက်၊ သင်္ဘောပြန်တက်ရချိန်မှာ ဆက်မလိုက်ဖြစ်တော့ဘဲ  စီးပွားရေးလုပ်ငန်းအသေးစားလေးတစ်ခု စတင်ဖို့ ပြင်ဆင်ခဲ့တယ်။ အမေ့ကျန်းမာရေးကို ငဲ့ကွက်ပြီး အမေနဲ့အတူခဏနေပေးဖို့ ဆုံးဖြတ်ခဲ့ရတယ်။  အမေ နည်းနည်းကျန်းမာလာမှပဲ အခြေအနေကို ကြည့်ပြီး ဆိုဖီယာတို့ သားအမိအကြောင်းကို ပြောပြတော့မယ်လို့ တွေးခဲ့တယ်။သူမဆီ ဖုန်းဆက်ပြီး အကျိုးအကြောင်းတွေကို ပြောပြတော့ သူမက နားလည်ခဲ့ပါတယ်။ သူမတို့ သားအမိကို စိတ်မပူဖို့  မှာရှာတယ်။ သူမလည်း ကျူတာဘဝကနေ ရာထူးတက်သွားပြီဆိုတာရယ်၊ လခကောင်းကောင်း ရနေပြီဆိုတာကိုလည်း ကျွန်တော် ဝမ်းသာအောင် ပြောပြရှာတယ်။ သားလည်း မူကြိုတက်နေပြီဆိုတာတွေပါ သိခဲ့ရတယ်။

ပြီးတော့ အနေနီးစပ်မှုကနေ နုနုအပေါ် သံယောဇဉ်တွေ မဖြစ်မိအောင် ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီး နေထိုင်ခဲ့ပါတယ်။ နုနုက အမေ့ကို အနီးကပ်ပြုစုပေးဖို့ ကျွန်တော်တို့ အိမ်မှာပဲ နေပြီး အမေနဲ့အတူတူ အိပ်တယ်။ အမေကိုယ်တိုင်ကလည်း နုနုကို အဆောင်မှာ ဖြစ်သလို မနေစေချင်ဘဲ အိမ်မှာနေစေချင်နေလို့ နုနုက လိုက်လျောခဲ့တာပါ။

***

နောက်ပိုင်းမှာ  နုနုဟာ အမေ ချီးကျူးသလို စိတ်ကောင်း စေတနာရှိတဲ့ အမျိုးသမီး တစ်ဦးဖြစ်တယ်ဆိုတာ သိလာရတယ်။ လောဘ၊မာန၊ ဒေါသတွေ ကင်းစင်နေပြီး နုနု မျက်နှာပေါ်မှာ တင့်တယ်တဲ့ အပြုံးလေး တစ်ပွင့်သာရှိတယ်။ သာမန် ရွက်ကြမ်းရေကျို ရုပ်ရည်မျိုးပေမယ့် ဖြူစင်တဲ့ စိတ်ထားလေးကြောင့် နုနု မျက်နှာလေးဟာ ကြည်လင် ဝင်းပနေပါတယ်။ ဘုရားသခင်က နုနုကို လူတွေကိုကူညီစောင့်ရှောက်တတ်တဲ့ စိတ်ထားများ လက်ဆောင်ပေးထားသလားလို့ တွေးမိရလောက်အောင် နုနုက ပရဟိတစိတ်ဓာတ် ထက်သန်သူဖြစ်တယ်။

"ဘာကြောင့်များ သူတစ်ပါးကို ကူညီရဖို့ဆိုရင် သိပ်ကို အားတက်သရော ဖြစ်နေရတာလဲ နုနု"
သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတစ်ခုကို နုနုနဲ့အတူ ပထမဆုံးအကြိမ် လုပ်အားပေးလိုက်သွားပြီး အပြန်မှာ ကျွန်တော် မေးခဲ့ဖူးတယ်။
"ဟိုး ကျွန်မ ငယ်ငယ်လေးတုန်းကပေါ့၊ လူတွေကို ကူညီစောင့်ရှောက်ရမယ်။ လူတွေကို ကိုယ်ချင်းစာနာတတ်ရမယ်လို့  ဝတ်ပြုနေကျ ဘုရားကျောင်းမှာ တွေ့ရတတ်တဲ့ မာသာတစ်ယောက်က အမြဲဆုံးမခဲ့တယ်"

"ပြီးတော့ မာသာထရီဇာကို ကျွန်မချစ်တယ်။ သူ့လို စိတ်ထားမျိုး ပိုင်ဆိုင်ချင်တယ်။" “ လူတွေကို ကျွန်မတို့ ဘယ်လောက်လုပ်ပေးနိုင်တယ်ဆိုတာ အဓိက မဟုတ်ဘူး။ ကျွန်မတို့ လုပ်ပေးလိုက်တဲ့အပေါ် မေတ္တာတရား ဘယ်လောက်ထည့်ပါပေးနိုင်လည်း ဆိုတာသာ အဓိကလို့ သူဆိုခဲ့ဖူးတယ်လေ"
"အဲတာတွေကြောင့်  ပရဟိတလုပ်ရတာကို ကျွန်မစိတ်ပါဝင်စားလာခဲ့တယ်။ လူတွေကို ကျွန်မတတ်နိုင်သလောက် မေတ္တာတရားအပြည့်နဲ့ ကူညီချင်တယ်။ နောက်တော့ ပရဟိတလုပ်ရတာဟာ ကျွန်မရဲ့ ဝါသနာတစ်ခုလိုကို ဖြစ်လာတော့တာပဲ"
ကျွန်တော့်အမေးကို နုနုဟာ အသံ အနိမ့်၊အမြင့်၊အတက်၊အကျ မှန်မှန်နဲ့ ခပ်တိုးတိုးလေး ပြန်ဖြေခဲ့တယ်။ ပြီးတော့ ကျွန်တော့်အမေရဲ့ အခြေအနေမှန်ကိုလည်း ပြောပြခဲ့တယ်။

"ဒေါ်ဒေါ်က နဂိုကတည်းက နှလုံးရောဂါ အခံရှိတယ် မဟုတ်လား။ အဲဒီကနေ သွေးတိုးဖြစ်တယ်။ အဲနောက် လေဖြတ်သွားတယ်။ နေ့စဉ်လှုပ်ရှား သွားလာနေခဲ့တဲ့ လူတစ်ယောက်က လေဖြတ်ပြီး အိပ်ရာထဲမှာ လဲနေရတယ်ဆိုတော့ တော်တော်လေး စိတ်ဓါတ်ကျတာပေါ့။ ရှင် ပြန်မလာခင်အချိန်အထိ သူ့ရောဂါအခြေအနေနဲ့ စိတ်အခြေအနေဟာ တော်တော်လေး ဆိုးရွားနေခဲ့တာ။ ရှင်ပြန်လာမယ်ဆိုတာ သူ သေချာသိပြီးမှ နည်းနည်းလေး ထူထူထောင်ထောင် ဖြစ်လာတာပါ။ သားစိတ်ကြောင့် နေကောင်းသလိုလို၊ ရောဂါအခြေအနေ တိုးတက်သလိုလို ထင်ရပေမယ့် လက်တွေ့မှာ တကယ်တမ်း နေပြန်ကောင်းဖို့က ထင်သလောက် မလွယ်ကူပါဘူး။  တကယ်ကို အတိမ်းအစောင်း မခံနိုင်ပါဘူး ရှင်။ ဒါကြောင့် ဒေါ်ဒေါ့်အနားမှာ နေထိုင်ပြုစုပြီး ဒေါ်ဒေါ် စိတ်ချမ်းသာအောင်ထားဖို့၊ အတတ်နိုင်ဆုံး သူ့ဆန္ဒတွေကို လိုက်လျောပေးဖို့ ကျွန်မက မေတ္တာရပ်ခံပါတယ်" 
နုနု စကားတွေကို နားထောင်ပြီး သက်ပြင်းသာ ချနိုင်ခဲ့တော့တယ်။

ဒီအတိုင်းဆိုရင် ကျွန်တော်နဲ့ဆိုဖီယာ အကြောင်း အမေ့ကို ဘယ်လိုမှ ဖွင့်ပြောလို့ ရမှာ မဟုတ်တော့ပါဘူး။ ဒါဖြင့်  ဆိုဖီယာနဲ့ တစ်သက်လုံး ဝေးရတော့မှာလား။ ချစ်ရသော ဆိုဖီယာ၊ သွေးမှဖြစ်သော သားနဲ့ ကျွန်တော် မဝေးချင်ပါ။" ကျွန်ုပ်ကို စောင့်မကြည့်ရှုတော် မူပါ ဘုရားသခင်။ လမ်းမှန်ကို ပြပေးတော်မူပါ ။" ရင်ထဲမှာ ဘုရားသခင်ကို အကျယ်လောင်ဆုံး တိုင်တည်နေမိပေမယ့် လက်တွေ့မှာ နုနုကိုသာ ငေးကြည့်နေနိုင်ခဲ့ပါတယ်။

အဲဒီညတုန်းက ကျွန်တော် အမေ မသိအောင် အိပ်ခန်းထဲမှာ အရက်ပြင်းတွေ သောက်ရင်း ဆိုဖီယာတို့သားအမိကို တိုင်တည် ငိုကြွေးနေခဲ့မိတယ်။

"ကိုယ့်ကို ခွင့်လွှတ်ပါ ဆိုဖီယာ"
"မင်းကို သူ့ဘဝရဲ့ အတွင်းနက်နက်ထိ ခေါ်ဆောင်မသွားနိုင်သေးတဲ့ မင်းယောင်္ကျားကို ခွင့်လွှတ်ပါ "
***

ဒီလိုနဲ့ တစ်နှစ်ကျော်ကျော်အချိန်မှာ အမေက ကျွန်တော့်ကို လူပျိုကြီး ဘဝနဲ့ အရိုးမထုတ်စေလိုကြောင်း၊ ကျွန်တော့်နောင်ရေး စိတ်အေးစေလိုကြောင်း၊ ပြီးတော့ နုနုကို လက်ဆက်စေလိုကြောင်း ပြောခဲ့တယ်။ နုနုကိုလည်း ဒီအကြောင်းတွေ ပြောပြပြီးပြီလို့ ဆိုခဲ့တယ်။  နုနုကို တစ်ကောင်ကြွက် တစ်မျက်နှာငယ်မို့ အမေက သနားတယ်။ အမေ့အပေါ် ဂရုတစိုက်နဲ့ စောင့်ရှောက်တာတွေကြောင့်လည်း သမီးလေး တစ်ယောက်ကို ချစ်နေတယ်။ ဒါကြောင့် နုနုကို ဆွေရင်း၊မျိုးရင်းဖြစ်သွားအောင် ကျွန်တော်နဲ့ လက်ဆက်ပေးချင်ခဲ့တယ်။

အမေ့ဆန္ဒကို လိုက်လျောပါ သားလို့ အမေဆိုခဲ့တုန်းက ကျွန်တော့်ရင်တွေ ကွဲကြေမတတ် နာကျင်ခဲ့ရပါတယ်။ ဆိုဖီယာရယ်၊ သားလေးရယ်ကို ကျွန်တော် ချစ်တယ်။ ဒါပေမယ့် ကျွန်တော့်ဘဝမှာ သူတို့တွေရှိနေပါတယ်လို့ အမေ့ကို မပြောရဲခဲ့ပါဘူး။ အမေသာ သိသွားရင် စိတ်ဆင်းရဲရလိမ့်မယ်။ အမေ့ကို သေတွင်းနှုတ်ခမ်းဝ ပို့ပေးလိုက်သလို ဖြစ်မှာ ကျွန်တော် ကြောက်နေခဲ့တယ်။

ရက်ပေါင်းများစွာ ကျွန်တော် တစ်ယောက်တည်း ကျိတ်ပြီး စိတ်သောက ရောက်နေခဲ့ရတာပေါ့။
နုနုသဘောကတော့ အမေ့သဘောနဲ့ ထပ်တူကျနေခဲ့တယ်။ ဒါပေမယ့် နုနုဟာ ကျွန်တော့်ကို ချစ်လို့ အမေ့ဆန္ဒကို လိုက်လျောတာ မဟုတ်မှန်း ကျွန်တော်သိပါတယ်။ နုနုဟာ ပရဟိတစိတ်ဓါတ် ထက်သန်ပေမယ့် အမျိုးသားတစ်ယောက်ကို ချစ်ခင်တတ်မယ့်၊ အချစ်ကိုအလှအပတစ်ခုလို ခံစားတတ်မယ့်  သူမျိုးမဟုတ်ပါဘူး။ နုနုဟာ အိမ်ထောင်ပြုခြင်းကို ဘဝမှာ လုပ်ဆောင်ရမယ့် အမှုကိစ္စတစ်ခုလို့သာ သဘောထားသူပါ။ ဒါပေမယ့် နုနုနဲ့ အိမ်ထောင်ပြုလိုက်ရင် သာယာအေးချမ်းတဲ့ ဘဝတစ်ခုကို နုနုက ပေးနိုင်လိမ့်မယ် ဆိုတာ ကျွန်တော်သိနေခဲ့ပါတယ်။ နုနုက သားကိုသခင်၊ လင်ကိုဘုရားလို ထားမယ့် အမျိုးသမီးမျိုးဖြစ်တယ်။ကျွန်တော့်စကားတွေကို ငြင်းဆိုခြင်း ပြုမှာမဟုတ်သလို ကျွန်တော့်ဆန္ဒတိုင်းကိုလည်း လိုက်လျောမယ့်သူ ဖြစ်တယ်။ပြီးတော့ အမေဟာ နုနုကို လိုအပ်နေသူပါ။ နုနုရဲ့ ဂရုစိုက်ပြုစုမှုကြောင့်သာ  စိတ်ချမ်းသာပြီး အမေ့ကျန်းမာရေးအခြေအနေဟာ မဆိုးရွားလာတာပေါ့။ တစ်နည်းအားဖြင့် နုနုဟာလည်း ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ပါပဲ။
ကျွန်တော် မရှိတော့ရင် ဆိုဖီယာနဲ့သားလေး ဘယ်လိုများနေထိုင်ရှာမလဲ တွေးမိခဲ့ပါတယ်။ သူမဟာ ထက်မြက်သူ၊ ပြီးတော့ သွက်လက်တဲ့ အမျိုးငယ် တစ်ဦးဖြစ်လို့ သူမ ဘာတွေဆက်လုပ်မယ်၊ ဘယ်လိုတုန့်ပြန်မယ်ဆိုတာ ကျွန်တော် မခန့်မှန်းတတ်ခဲ့ပါဘူး။ သူမဆီကို ဒီအကြောင်းအရာတွေ အကုန်လုံး ဖွင့်ပြောပြဖို့ အချိန်တော်တော် ယူခဲ့ရပါသေးတယ်။

***

ကျွန်တော် ပြောပြနေသမျှကို ဖုန်းတစ်ဖက်ကနေ သူမက တိတ်ဆိတ်စွာ နားထောင်နေခဲ့တယ်။ ကျွန်တော့်စကားတွေ ဆုံးသည်အထိ စိတ်ရှည်လက်ရှည် နားထောင်နေခဲ့တာပါ။
"ကျွန်မ ရှင်နဲ့ လက်ထပ်လိုက်ကတည်းက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီလိုမျိုး အခြေအနေတွေ ကြုံလာနိုင်တယ်လို့ တွေးပြီးသားပါ"

"ကျွန်မမျှော်လင့်ထားတာထက် အများကြီး နောက်ကျခဲ့ပါတယ်။ ဒီအတွက် ရှင့်ကိုတောင် ကျေးဇူးတင်နေရပါသေးတယ်"
"ဟိုးတုန်းကသာ ဒီစကားတွေကို ရှင်ပြောခဲ့ရင် သားတစ်ယောက်နဲ့ အတော်ကို ကသီလင်တ နိုင်ရမှာပါ"

"အခု ကျွန်မလည်း လစာကောင်းကောင်း ရပြီး တင့်တယ်တဲ့ အလုပ်တစ်ခု ရှိနေပြီ။ သားဟာလည်း မူလတန်းတောင် တက်နေပြီလေ "

တုန်လှုပ်ခြင်းမရှိ၊ ဆူပူအော်ဟစ်ခြင်းမရှိပဲ ကြိုတင်ပြင်ဆင်ထားသလို အေးချမ်းစွာ သူမ တုန့်ပြန်ခဲ့တော့ အသစ်တစ်ယောက်ကို စောစီးစွာ တွေ့သွားခဲ့ပြီလားလို့ ရိုင်းပြစွာ တွေးမိခဲ့သေးတယ်။

"ကျွန်မ အချစ်သစ်တွေ့နေလို့ မဟုတ်ဘူးနော်။ ကျွန်မကို ရှင် အများကြီး ကူညီခဲ့ပြီးပြီ။ ကျွန်မဘဝကို ကယ်တင်ခဲ့တယ်။ ကျနသေချာတဲ့ ဘဝတစ်ခုရောက်အောင် ပံ့ပိုးပေးခဲ့တယ်။ လုံလောက်နေပါပြီ"

"ရှင့်အမေ နေမကောင်းလို့ ပြန်သွားကတည်းက ကျွန်မ ကြိုတင်တွက်ဆထားတဲ့အချိန် ရောက်လာတော့မယ်လို့ သိနေခဲ့ပါတယ်။ ကျွန်မ စိတ်တွေက ကြိုတင်ပြင်ဆင်မှု အောက်မှာ ရှိနေပါတယ်"

"ရှင် စိတ်ချ၊လက်ချနဲ့ လွတ်လွတ်လပ်လပ်နေပါ။ တကယ်လို့.. ရှင့်ကို ကွာရှင်းပေးဖို့ လိုအပ်တယ်ဆိုရင် ..."
သူမ စကားတွေ မဆုံးခင်မှာ ကျွန်တော် အလန့်တကြား တားဆီးခဲ့မိပါတယ်။ သူမက နားလည်စွာပင် ပြောလက်စ စကားတွေကို ရပ်ထားခဲ့တယ်။

"ကျွန်မ ရှင့်ကို ကျေးဇူးတင်ပါတယ်။ ချောမောလှပပြီး သိပ်ကိုချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို တစ်သက်တာ လက်ဆောင်အဖြစ် ချန်ထားခဲ့လို့ပါ။ သားလေးကို တစ်ဦးတည်းမိခင်အဖြစ် ဂုဏ်ယူစွာနဲ့ ကျွန်မ ပြုစု၊ ပျိုးထောင်ဦးမယ်"

သူမ စကားတွေ နားထောင်ရင်း ကျွန်တော် မျက်ရည်တွေမဆည်နိုင်ခဲ့ပါဘူး။ ကျွန်တော့်ငိုသံတွေကို သူမ ကြားသွားခဲ့တယ်။

"ရှင် မငိုပါနဲ့။ ကျွန်မလည်း ငိုမနေပါဘူး။ ကျွန်မအတွက် သားလေးဟာ အင်အားတစ်ရပ်ပါ။ ဟိုတုန်းကလို ထစ်ခနဲရှိရင် ငိုတတ်တဲ့သူ မဟုတ်တော့ပါဘူး"
သူမကတောင် ကျွန်တော့်ကို ဖြေသိမ့်နေခဲ့ပါသေးတယ်။

"ကျွန်မ ရှင့်ကို လွမ်းဆွတ်ခဲ့တဲ့အခါ မျက်ရည်ကျမိမှာပါ။ သားက ရှင့်အကြောင်းမေးတဲ့အခါလည်း အလှပဆုံး အဖြေတွေပေးရင်း မျက်ရည်ကျမိဦးမှာပါပဲ။ ဒါပေမယ့် ရှင့်ကိုနားလည်တဲ့ အတွက်၊ သားလေးအတွက် ရှင့်ကို လွမ်းဆွတ်တိုင်း ကျွန်မဘဝကို သတ္တိအပြည့်နဲ့ ရင်ဆိုင်မယ်"

အချိန်တိုလေးအတွင်းမှာ သူမဟာ တော်တော်လေးကို ရင့်ကျက်သွားခဲ့ပါတယ်။ အဲဒီနေ့က သူမနဲ့ ကြာမြင့်စွာ စကားပြောဖြစ်ခဲ့တယ်။ သူမက ကျွန်တော်နဲ့နုနု အဆင်ပြေစေဖို့ ဆုမွန်ကောင်းတွေ တောင်းပေးမယ်ဆိုတဲ့ အကြောင်း ပြောခဲ့သေးတယ်။

***

နုနုနဲ့ကျွန်တော် ၁၉၉၅ခုနှစ်ရဲ့ ဆောင်းလအစမှာ ကျွန်တော်တို့ ဝတ်ပြုနေကြ ဘုရားရှိခိုးကျောင်းမှာပဲ လက်ထပ်ခဲ့ကြတယ်။ အဲဒီနေ့က အပျော်ဆုံးသူဟာ အမေပါ။ လာသမျှ ဧည့်သည်တွေကို အပြုံးလှိုင်လှိုင်သုံးပြီး ဘီးတပ်ကုလားထိုင်ပေါ်ကနေ အမေက နှုတ်ဆက်နေခဲ့တယ်။ ရိုးရှင်းတဲ့ အဖြူရောင် ဝတ်စုံလေးကို ဝတ်ထားတဲ့ နုနုဟာ မင်္ဂလာသတို့သမီးလေး တစ်ယောက်လို ထူးကဲစွာ လှပနေခြင်း မရှိသလို၊ ထူးကဲစွာ စိတ်လှုပ်ရှား ပျော်ရွှင်နေခြင်းလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် နုနုဟာ တည်ငြိမ်ရင့်ကျက်စွာ ကျက်သရေရှိနေပြီး နုနု မျက်လုံးတွေဟာလည်း အရောင်တစ်မျိုးတော့ ထူးခြားစွာ တောက်ပနေတယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ အသက်အရွယ်အရ အပြုံးတုတွေကို ခန့်ငြားစွာ တပ်ဆင်နေတတ်ခဲ့ပါပြီ။
***

နုနုနဲ့ ကျွန်တော် အိမ်ထောက်သက် ၅နှစ်ကျော်ခဲ့ပါပြီ။ အခုချိန်ထိ ကျွန်တော်တို့မှာ သား၊သမီးရတနာ မထွန်းကားသေးပါဘူး။ အမေကတော့ မြေးချီချင်သေးတယ်ဆိုကာ အရင်ကထက်ပိုပြီး ကျန်းမာရေး ကောင်းလာခဲ့ပါတယ်။ ကျွန်တော့် စီးပွားရေးလုပ်ငန်းတွေဟာလည်း အောင်မြင်ခဲ့တယ်။ ဒါကြောင့်လည်း ဆိုဖီယာက မလိုအပ်ပါဘူးဆိုနေတာတောင် သားရဲ့ကျောင်းစရိတ်အတွက် မုန့်ဖိုးတွေ လစဉ်ပို့ပေးနေခဲ့တယ်။ သားဟာ အခုဆိုရင် အလယ်တန်းတောင် တက်နေပါပြီ။  နုနုနဲ့အတူ သားသမီး မရလည်း ကျွန်တော်က ဝမ်းနည်းမနေပါဘူး။ အဝေးက သားတစ်ယောက်ကို လှမ်းချစ်နေရတာနဲ့တင် ပြည့်စုံနေပါပြီ။ ကျွန်တော့်ဘဝမှာ ဆိုဖီယာတို့ ရှိနေတယ်ဆိုတဲ့အကြောင်း နုနုကို ဖွင့်မပြောခဲ့တာကတော့ ကျွန်တော့်ရဲ့ မပွင့်လင်းမှုတစ်ခုသာ ဖြစ်မှာပါ။ ဒါဟာ နုနုကို သစ္စာဖောက်နေတာလို့တော့ မထင်မိပါဘူး။ နုနုနဲ့အတူ သဟဇာတဖြစ်အောင် နေပေးရင်း အိမ်ထောင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးနေတာကိုက နုနုအပေါ် လင်၊ယောင်္ကျားတစ်ယောက်အနေနဲ့ သစ္စာရှိနေခြင်းလို့ ထင်ပါတယ်။
***

ဒီအကြောင်းတွေ အားလုံးကို အခုလိုမျိုး ဘုရားကျောင်းလာတိုင်း ကျွန်တော် ပြန်တွေးမိလေ့ရှိတယ်။ ကျွန်တော့် ခံစားချက် အစစ်အမှန်၊ ဆိုဖီယာတို့သားအမိပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ၊ နုနုအပေါ် တည်လိုတဲ့ သစ္စာတရား၊ အမေ့အပေါ် ပေးအပ်ချင်တဲ့ ဂရုဏာ၊ ဒါတွေ အားလုံးကို ဘုရားသခင်သာ အသိဆုံးပါ။

နာရီကို ကြည့်လိုက်တော့ ညနေတောင် အတော်စောင်းနေခဲ့ပါပြီ။ နုနုကို မိဘမဲ့ကလေးများကျောင်းမှာ သွားကြိုရဦးမယ်လေ။ကျွန်တော်ပြန်မှ ဖြစ်တော့မယ်။ မပြန်ခင် ဝတ်ပြုဖြစ်ခဲ့တယ်။
"အကြောင်းကြောင်းကြောင့် အကျိုးတို့ ဖြစ်လာရသည်"
"အကျွန်ုပ်ရင်တွင်းမှ သစ္စာတရားကို ကိုယ်တော်သာ အသိဆုံးဖြစ်၏။"
"အကျွန်ုပ်သည် ဆိုဖီယာတို့ သားအမိအပေါ် မပျက်ယွင်းသော မေတ္တာရေယဉ်များ အစဉ်စီးဆင်းမြဲ စီးဆင်းနေသူ ဖြစ်သည်။"
"ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်ကို လွမ်းဆွတ်၍ ကျဆင်းမည်ဖြစ်သော သူမနှင့် သားလေး တို့၏မျက်ရည် မြေမခပါစေနဲ့ အဖဘုရားသခင်"
"အာမင်"

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

48 comments:

သူရိန် said...

အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးပါ။ အရေးအသားကလည်း အရမ်းကို ညက်ညောပြီး ဆွဲဆောင်မှု ရှိပါတယ်။

အားပေးနေမယ်လို့ ပြောပါရစေ။

မြတ်ပန်းနွယ် (Myat Pan Nwe) said...
This comment has been removed by the author.
မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကော်မန့်တွေအားလုံးကို Publishလုပ်ဖို့အတွက် ခလုတ်အနှိပ်မှာ ခလုတ်ချင်းမှားနှိပ်ပြီး အားလုံးကို ဖျက်ချလိုက်မိပါတယ်။ ကော်မန့်ပေးသွားသူ ၈ယောက်နာမည်မှာလည်း ၇ယောက်ကိုပဲ မှတ်မိလိုက်ပါတယ်။

သမီးစံ
လွမ်းပိုင်ရှင်
ချောကလက် ကျူးပစ်လေး
Multi Vitamin
ဘူစွာကဗျာဆရာ
San Htun
THS နဲ့
အမည်မမှတ်မိတော့တဲ့ တစ်ယောက်တို့ကို ကျေးဇူးတင်ပါတယ်ရှင်။

စာဖတ်ဖို့ ပေးသွားတဲ့အချိန်နဲ့ ကော်မန့်ချန်ပေးခဲ့တဲ့ စေတနာတွေအတွက် ကျေးဇူးတင်ပါတယ်ရှင်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

Lps said...

ဖြစ်တတ်ပါတယ်ဗျာ ထပ်ပီးအားပေးဖတ်ရှုခဲ့တယ်နော်
ခင်မင်စွာဖြင့် (လွမ်း)

SOE HTET said...

မမြတ်ရေ.. စိတ်မရှိပါနဲ့။ အသိပေးစရာ PM မရှိလို့ ကွန်မန့်မှာပဲ ပေးလိုက်တယ်။ ယပက်လက်နဲ့ ယက်တာ လား ရကောက်နဲ့ ရက်တာလား။ ကျွန်တော်ထင်တာ. ရကောက်နဲ့ ရက်တယ် ထင်တာပဲဗျာ။ နည်းနည်း စစ်ကြည့် ပေးပါဦး။

ကြောင်အော် said...

သင်္ဘောသားအချင်းချင်းမို့ ဇာတ်ကောင်နေရာမှာ ကိုယ်ချင်းစာလို့ ရတယ်။ အရမ်းကောင်းပါတယ်။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကိုစိုးထက်..

စာလုံးပေါင်း ပြင်လိုက်ပါပြီရှင်။ အသိပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

လုလင်မောင်(ဝဲလောင်) said...

ဝတ္တုကောင်းလေး တစ်ပုဒ်ကိုလာဖတ်သွားပါခင်ဗျာ။
အဲ...တစ်ခုပဲ ကိုယ်မရောက်ဖူးတဲ့ဒေသရယ်...
ကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့ ဘာသာစကားတွေကြောင့်
ဖတ်ရတာ နည်းနည်းထောက်နေသလိုပဲ....

သမီးစံ said...

တကယ်ဆို.နုနုကိုအကြောင်းစုံပြောပြလိုက်သင့်တာ
ဇာတ်ဆရာရယ်..နှလုံးမကောင်းပါဘူးဆိုမှ
ရောဂါတိုးအာင်.ပြုနေရော့သလားကွယ်း)
တော်ပါပြီ..သဘောင်္သားဆို
စဉ်းစားမှဖြစ်တော့မယ် :P

အရမ်းကောင်းတဲ့ရသ၀တ္တုလေးပါပဲအစ်မရေ

အားပေးလျှက်ပါရှင်

ချစ်ခင်လျှက်

သမီးစံ said...

တကယ်ဆို.နုနုကိုအကြောင်းစုံပြောပြလိုက်သင့်တာ
ဇာတ်ဆရာရယ်..နှလုံးမကောင်းပါဘူးဆိုမှ
ရောဂါတိုးအာင်.ပြုနေရော့သလားကွယ်း)
တော်ပါပြီ..သဘောင်္သားဆို
စဉ်းစားမှဖြစ်တော့မယ် :P

အရမ်းကောင်းတဲ့ရသ၀တ္တုလေးပါပဲအစ်မရေ

အားပေးလျှက်ပါရှင်

ချစ်ခင်လျှက်

ရဲလင်းမြတ် said...

အရေးအသား အရမ်းညက်တယ်။ တော်တော်လေး ကောင်းပါတယ်။ ဆက်ပြီး ကြိုးစားနေပါလို့ အကြံပြုပါတယ်။

mstint said...

စာရေးကောင်းတော့ဇာတ်လမ်းလေးထဲမျောသွားတယ်။
အဆုံးအထိဆွဲခေါ်ဖတ်ဖြစ်သွားတယ် မြတ်ရေ။
ပို့စ်ဟောင်းလေးတွေ မွှေနောက်ဖတ်သွားသေးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲ said...

တမူထူးခြားတဲ့ ဇာတ်အိမ်ဖွဲ့ မှုလေးနဲ့ လွမ်းမောဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပါဘဲ... ဆိုဖီယာကို ချီးကျူးမိတယ်...

လင့်ပါ ချိတ်သွားပါတယ်...

နွေတေးရှင် (မင်းဧရာ) said...

အစ်မရေ...
ဝတ္ထုဖြစ်ပါစေဟုသာ ဆုတောင်းပါတယ်။

အဲဒီလို ၀တ္ထုမျိုး အပြင်မှာတကယ်ရှိမယ်ဆိုရင်
ခံစားရသူဟာ ရူးသွားနိုင်တယ်နော်။

Unknown said...

ဇာတ်လမ်းလေးကလည်းကောင်း...
ရေးသူကလည်းတော်...
မျောသွားတယ်ဟေူ့...
နာ့ နာမည်ပါတယ်ကွ..ပျော်လိုက်တာ.. :P

ချစ်ခင်လျက်
Junemoe

Angelhlaing(May everybody be happy and healthy! said...

မြတ်က စာရေးတစ်ကယ်ကောင်းတာပဲ စဆုံး စွဲဆောင်မှု အပြည့်နဲ့ ..တော်လိုက်တာနော်... အားကျမိတယ်..... ခံစားအားပေးလျှက်ပါလို့..

Anonymous said...

Nice novel .. good writing... :)
But, I don't like that kind of guy..
He should tell Nu Nu.. If so Nu Nu may reject him..
And he should tell his mom previous days.
He think he is a poor man in the plot. But I don't think so.

Theingar Kyaw

ချယ်ရီမြေ said...

မြန်ပန်းနွယ်ရဲ့ စာတွေက ဖတ်လို့အတော်ကောင်းတာပဲ။ ဆိုဖီရာနေရာကနေ ခံစားပြီးရေးထားတာလား၊ နုနုနေရာကနေ ခံစားပြီး ရေးထားတာလား၊ ဒါမှမဟုတ် ခင်မောင်စွန်းနေရာကနေလား...ကွယ်၊ ဇာတ်အိမ်က အရမ်းကောင်းတာပဲ...။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

khin oo may said...

ဟိုသားအမိကိုသနားတယ်။ ခင်ဗျားသိတ်ရက်စက်တယ်ဗျာ။

ရှစ်နယန်းစွန် said...

အမှားတွေအတွက်အရမ်းကို နောင်တရနေမိတယ်။ အချစ်ဦး တစ်ယောက်ထဲကိုပဲ အမြဲချစ်တော့မယ်လို့ဆုံးဖြတ်လိုက်ပြီ။ ဆိုဖီယာလို အဖြစ်မခံနိုင်ဘူး။ သားလေးက အရမ်းသနားဖို့ကောင်းတယ်နော်။ မြတ်ပန်းနွယ်စာတွေကို အခုမှဖတ်မိတာနောင်တရတယ်ဗျာ။ နောက်အမြဲ အားပေးသွားမယ်နော်။

မြသွေးနီ said...

မြတ်ရေ...
အစမှအဆုံးတိုင် ဆွဲခေါ်သွားတဲ့ လက်ရာမြောက် ရသ၀တ္တုလေးပါဘဲ။ ဆက်ပြီး အရှိန်မပျက်ဆက်ရေးဖို့ တိုက်တွန်းပါရစေညီမရေ..။

rose of sharon said...

ဇာတ်လမ်းလေးကိုသဘောကျတယ်... ဇာတ်ကောင်ကိုတော့မကြိုက်ဘူးကွယ်....

အလင်းသစ် said...

အလွမ်းဖြင့် ရက်လုပ်ထားသော မျက်ရည်စက်များ အကြောင်း တနင့်တနဲကြီး ဖတ်ရှုသွားပါတယ်ဗျာ။။ တကယ်ကိုကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ။။

ထော်ဦး said...

မမမြတ်ရေ...
ဒီတစ်ခေါက်တော့ နည်းနည်းဝေဖန်ချင်ပါတယ်
ကွန်မန့် ပေးတဲ့တစ်ယောက်မေးသလို ဘာလို့ ခေါင်းစဉ်ကို
ကိုယ်တိုင်မပေးတာလဲ..ပြီးတော့ ခေါင်းစဉ်က သမရိုးကျဆန်နေသလိုပါပဲ..စာဖတ်ပရိသတ်ကို ဆွဲခေါ်နိုင်ဖို့  ခေါင်းစဉ်က ဆွဲဆောင်မှုရှိရင်ပိုကောင်းမှာပါ
(ခေါင်းစဉ်ကို ကိုယ်တိုင်လည်းပေးရမယ်နော်)
နောက်တစ်ချက်မေးချင်တာက စာရေးဆရာမ မိုးမိုး(အင်းလျား)စာတွေကို တော်တော်များများ ဖတ်ဖူးသလားလို့ ပါ။ရေးတဲ့အကြောင်းအရာတွေက ကြေကွဲစရာတွေ ဖြစ်နေလို့ ပါ။တတ်နိုင်ရင် စာရေးဆရာမ
မစန္ဒာရေးတဲ့စာလေးတွေကို ဖတ်စေချင်ပါတယ်။သူရေးတဲ့ စာတွေက ဟာသနဲ့  ဘ၀အမောတွေကို ရောယှက်ပြီး ရေးသားထားလို့ ပါ။
(ဒီလို ညွှန်းလိုက်တော့ ကျွန်တော်က ဆရာမ မစန္ဒာ
ရဲ့  စာဖတ်ပရိသတ်ပါလို့  ၀န်ခံပါရစေ)
နောက်ထပ်လည်း စာကောင်းပေမွန်တွေ ရေးသားနိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းပေးရင်း နောက်တစ်ခါမှပဲ အကြံဥာဏ်ကောင်းကို
ပေးပါဦးမယ်ခင်ဗျာ......
ခင်မင်စွာဖြင့်
ထော်ဦး(ဘားအံကွန်ပျူတာ)

အဖြူရောင်နတ်သမီး said...

ဇာတ်လမ်းကောင်းလေး ဖတ်ရှုသွားပါတယ်...
အစဉ်အားပေးလျှက်..

အဖြူရောင်နတ်သမီး said...

ဇာတ်လမ်းကောင်းလေး ဖတ်ရှုသွားပါတယ်...
အစဉ်အားပေးလျှက်..

မောင်သီဟ said...

ပုံနှိပ်စာအုပ်တွေပေါ်မြင်သင့်တဲ့ ဝတ္ထုတစ်ပုဒ်ပဲဗျာ့

ဘိုဖြူ said...

နုနုကိုအကြောင်စုံပြောပြလိုက်ရင်တော့ ?????

စံပယ်ချို said...

Anonymous jasmine(တောင်ကြီး) said...

အရမ်းကောင်းတဲ့စာအရေးအသားလေးဘဲ
အစ်မလည်းမလေးရှားမှာနေတာ အခက်အဆင်မပြေလို့
တိုင်းမင်းကြီးရုံးမှာနိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတယ် ဘုရားသခင်ဆီမှာတိုင်တည်ကြည့်အုံးမယ်

ခင်ခင်မင်မင် jasmine(တောင်ကြီးဝ)

အဲတာ jasmine အတုပါ မြတ်ရေ
ဘာတွေလိုက်ရေျးမှန်းမသိပါဘူး ရွှေဒိုးတို့ဘိုဖြူတို့ပြေမြှသိတာ စိတ်မဆိုးပါနဲ့ jas ရေးရင်http://www.sabaecho.com/နဲ့ပဲရေးတာစံပယ်ပုံလေးနဲ့နော်အပေါ်ကဟာလေးဖျက်ပေးပါလို့တောင်းပန်ပါတယ်
ချစ်တဲ့ jasmine

မောင်သီဟ said...

ဒုတိယတစ်ခေါက်ပြန်ဖတ်ပြီးတွေးမိတယ်
မင်းသားက နုနုကိုအမှန်တိုင်းဖွင့်ပြောလိုက်ရင်ကော နုနုဘက်ကဘယ်လိုတုန့်ပြန်မလဲ မင်္ဂလာပွဲပျက်သွားနိုင်သလား တွေးကြည့်တော နည်းနည်းဇတ်ရှုပ်သွားတယ်း)း)

မိုးသူ(တောင်ကြီး) said...

ကျွန်တော်လဲ သင်္ဘောလိုက်ဖူးတော့ ဒီဇာတ်လမ်းဖတ်ပြီး ရင်ထဲ တမျိုးဖြစ်သွားတယ်ဗျ .. လိပ်ပြာလုံချင်တယ်
ဇာတ်လမ်းလေး ကတော်တော်စွဲဆောင်မှုရှိပါတယ်ဗျ

အိမ့်ချမ်းမြေ့ said...

မလေး မကြာခဏရောက်ပါတယ်..
ဒီစာကို ဒီတစ်ခါတော့ ပရင့်ထုတ်ယူသွားပါတယ်လို့..
ခင်မင်လျှက်..
မလေး

မောင်မောင် said...

အစ်မရေ အရမ်းဖတ်လို.ကောင်းတယ်ဗျာ။ အစ်မရေးတဲ.စာတွေမှာ ဒီစာကို အကြိုက်ဆုံးဘဲ။ ဇတ်ကောင်နေရာကိုတောင်ရောက်သွားမိတယ်။

မြစ်ကျိုးအင်း said...

အရာအားလုံးက သူ့ဟာနဲ့သူ မှန်နေရင် ဖြေရှင်းရခက်တာ သဘာဝပါ။ ဒီဇာတ်လမ်းမျိုးလိုပေါ့။ သံယောဇဉ်တွေ မေတ္တာတွေနဲ့ နှောင်ဖွဲ့ထားတဲ့ ကြိုးတွေမို့ နှစ်ဖက်လုံး ဖြတ်ရခက်ပါတယ်။

ခင်မင်းဇော် said...

ညီမရေ လာလည်သွားတယ် .. စာရေးသိပ်ကောင်းတယ်နော်။ မျက်ရည်များနဲ့ ဖတ်မိသော ပို့စ်လေး ဖြစ်သွားလေရဲ့။

Dream said...

အရေးအသားက လူကိုဖတ်ရင်း ဇာတ်လမ်းထဲမှာ မျောသွားတယ်။
း)

တွတ်တွတ် said...

တရွာသားကိုရည်းစားထားမိလို့..ပ၀ါပါးလေးစွန်းသွားရှာတဲ့.ဆိုဖီယာရဲ့ အဖြစ်လေးက..ရင်နင့်စရာပါပဲဗျာ..

ကြယ်ပြာ said...

ဝတ္ထုလေးက သိပ်ကောင်းပါတယ်။ ဘယ်သူ့ ဘယ်သူမှ အပြစ်မဖြစ်အောင် ရေးလဲ ရေးတတ်ပါတယ်။ ဒါပေမယ့် သူ အမေ့ စကားနားထောင်လိုက်တာ မိန်းမနှစ်ယောက် ခံစားချက်တွေကို ထိခိုက်သွားသလိုပဲ။ စိတ်မကောင်းလိုက်တာ။

မိုးသက် said...

ဖတ်ရင်းနဲ့မျောသွားတယ်...။ ရင်မောတယ်ဗျာ..
အဲဒီလိုတော့ ဖြစ်ချင်ဘူး.။ ဖတ်၇တာတော်တော်ကောင်း
တယ်.။ဒါပေမယ့် အဲဒီလို ဘေးကြပ်နံကြပ်ကြီးကို
ကြောက်တယ်.။

နေ၀သန် said...

တကယ်ကို စွဲဆောင်မှုရှိတဲ့ စာလေးတစ်ပုဒ်ပါ.. သင်္ဘောအကြောင်းကိုပါ သေသေချာချာ ရေးထားနိုင်တာကိုလည်း လေးစားပါတယ်.....း)))... ဆိုဖီယာဆိုတဲ့ ဇာတ်ကောင်ကို တော်တော်သဘောကျမိပါတယ်....

ခင်မင်လျက်
နေ၀သန်

ချစ်စံအိမ် said...

မြတ်ရေ ပိုစ့်လာဖတ်တာနောက်ကျသွားတယ်
မသိလိုက်တာပါ..

ဆင်တဲကဖေး said...

ဝတ္တုတိုလေးက နင့်နေအောင်ဆွဲဆောင်မှု ရှိတယ်ဗျာ။ လူမျိုးမတူပေမယ့် သံယောဇဉ်ထားတတ်မှုကတော့ အတူတူပါပဲ။

Aung Kyaw Zeya said...

ဝတ္ထုလေးကကောင်လွန်းလို့သုံးကြိမ်တောင်ပြန်ဖတ်ပြီးသွားပါပြီ။တော်လိုက်တာမြတ်ပန်းနွယ်။လူသားတိုင်ဆိုဖီယာလိုစိတ်မျိုးရှိရင်အရမ်းကောင်းမှာပဲ။
ကိုချစ်သူအဆင်ပြေဘို့ဆိုရင်အားလုံးကိုနားလည်မူ့ပေးနိုင်ရမယ်။
လေးစားပါတယ်ဆိုဖီယာ။Good Luck.

အလွမ်းမြို့ said...

အားလပ်ရက်လေးမှာ ပိုစ့်တွေ အကုန်လိုက်ဖတ်နေတယ်။
အားပေးသွားတယ်။ဖတ်ပြီး မျောသွားတာ..



ခင်မင်တဲ့
အလွမ်း

Anonymous said...

လက်တွေ့လောကမှာ ရှိတတ်တဲ့ အကြောင်းအရာလေး တစ်ခုပါပဲ မမြတ်ရေ.. ။
ကျွန်တော်ကိုယ်တိုင်ကတော့ ဒီလိုမျိုး အဖြစ်တွေ မကြုံချင်ဘူး။ ကျွန်တော်သာ ကိုခင်မောင်စိုးဆိုရင် ခံစားနိုင်မယ် မထင်ဘူးဗျာ။

ဝတ္တုအနေနဲ့ဆိုရင် ဖတ်ရတာ သိပ်ပြီး အားရကျေနပ်စေတယ်။ ဒါပေမယ့် သေချာ ခံစားကြည့်လိုက်ရင်တော့ ရင်ထဲ တော်တော်လေး ခံစားဆို့နင့် ရတယ်။

ပြည်ကောင်းအောင် said...

ခင်မောင်စိုး မပွင့်လင်းဘူး လို့ ထင်တယ်..း)) တော်တော် လေ့လာ အားထုတ်ထားတာပဲ.. ချီးကျူး အထင်ကြီးမိပါတယ် သမီးရေ..

မြတ်နိုးခင် said...

ဘလော့လေးတွေ အရမ်းကောင်းတယ်ရှင်

မြတ်နိုးခင် said...

ဘလော့လေးတွေ အရမ်းကောင်းတယ်ရှင်