Monday 19 March 2012

နွေကြိုပန်းနှင့် လန်းပါစေ

ပြတင်းပေါက် သေးသေးလေးမှ လှမ်းကြည့်လိုက်တော့ တိမ်ညို၊တိမ်မည်းလေးများကို ဟိုနားအစုလိုက်၊ ဒီနားအစုလိုက် မြင်နေရသည်။ လေထုထဲတွင် ပေါ့ပါးစွာ ဖြစ်တည်နေသော ရေငွေ့အစိုင်ခဲလေးများကို နှစ်သက်စွာ ကြည့်ငေးရင်း မဆီမဆိုင် မောင့်ကို သတိရမိသည်။

 "မောင် ရောက်များရောက်နေပြီလား"

 လေယာဉ်ဆိုက်ရန် ၁၅မိနစ်ခန့် လိုသေးသည်။ မောင် ကြိုတင်ရောက်နေနှင့်လျှင်တော့ ခဏ စောင့်နေရပါလိမ့်မည်။ မောင့်ကိုတွေ့လျှင် သတင်းကောင်းလေးကို အရင်ပြောပြလိုက်ရင် ကောင်းမည်။
မောင်သိလျှင် အရမ်းဝမ်းသာသွားလိမ့်မည်။ အဲဒီအခါ မောင်က ကျွန်မကို ရင်ခွင်ထဲ အလျှင်အမြန်ဆွဲသွင်းကာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လေမည်လား။ဝမ်းသာသွားလိမ့်မည်လား။ ဒါမှမဟုတ် ကျွန်မကို ကိုင်မြှောက် ပွေ့ချီကာ လှုပ်ရမ်းလေမည်လား။ မောင်ဘယ်လိုတုန့်ပြန်လိမ့်မလဲ ဆိုသည်ကို သိလိုစိတ်ဆန္ဒတွေ စောနေမိသည်။ ထို့ကြောင့်လည်း ကျန်ရှိနေသေးသော ၁၀မိနစ်သာသာအချိန်လေးကို နေမထိ၊ ထိုင်မသာစွာ ခက်ခက်ခဲခဲ ဖြတ်သန်းလိုက်ရ၏။



***
နေ့လည် ၁၂ နာရီထိုးရန် ၁၀ မိနစ်အလိုတွင် လေယာဉ်ဆိုက်သည်။  ဇူလိုင်လလယ်မို့ ကောင်းကင်တွင် တိမ်ညို၊တိမ်မည်းများဖြင့် အုံ့ဆိုင်းနေသော်လည်း မိုးမရွာပါ။ မောင်ပြောပြခဲ့သဖြင့် မနေ့တုန်းက ဒီဒေသမှာ မိုးသည်းထန်စွာ ရွာခဲ့သည်ဟု သိထားသည်။ ကျွန်မကတော့ သည်းထန်စွာ မဟုတ်သည့်တိုင် မြေပြင်ကို စိုစွတ်စေသည်ဆိုရုံ မိုးပြေးလေး တစ်ပြိုက်၊နှစ်ပြိုက်တော့ ဒီနေ့မှာလည်း ရွာစေချင်သည်။ ဒီနေ့ရက်မျိုးမှာ မိုးရွာစေဖို့ ကျွန်မဆန္ဒရှိခဲ့တာ လွန်ခဲ့သော ၃နှစ်ခန့်ကတည်းက ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးမှာ ကျွန်မအလှည့်ရောက်ဖို့ စိတ်ကို အရှည်ဆုံးထားပြီး တန်းစီစောင့်ဆိုင်းရင်း မောင့်ကိုတွေ့လိုစိတ်တွေက ပြင်းသထက် ပြင်းပြလာခဲ့သည်။ မောင့်မျက်နှာကို မြင်ချင်လှပြီ။ သတင်းကောင်းလေးကိုလည်း ပြောပြချင်လှပြီ။ မောင့်အနားလည်း ကပ်ချွဲချင်လှပြီ။ ထို့ကြောင့် ကျွန်မအလှည့်ပြီးလျှင်ပြီးချင်း အပြေးတစ်ပိုင်းဖြင့် ခပ်သွက်သွက် ထွက်လာခဲ့သည်။

လေဆိပ်အဆောက်အဦးထဲမှာ လာကြိုကြသောသူများ၊ မိသားစု မိတ်ဆွေများနှင့် ပြန်လည်ဆုံစည်းရ၍ ပျော်ရွှင်နေသောသူများ၊ ခရီးသွားအေဂျင်စီမှ လူများ နှင့် တစ်ယောက်တည်း သက်တောင့်သက်သာစွာ ခရီးဆောင်အိတ်ကလေးကို ဆွဲသွားသော လူအချို့ကို တွေ့ရသည်။ သို့သော် မောင့်ကို မတွေ့ရသေး။ ဟိုဟိုသည်သည် လှည့်ပတ်ရှာကြည့်သော်လည်း မောင့်ကို မတွေ့ရ။ ထို့ကြောင့် ဖုန်းထဲမှ ဆင်းကဒ်လေးကို ပြောင်းထည့်ကာ မောင့်ဖုန်းကို ခေါ်လိုက်သည်။ မောင့်ဖုန်းလိုင်းမမိဘူးဟု ဆိုသည်။ မောင် ကျွန်မကို စောင့်ဆိုင်းရင်း သန့်စင်ခန်းဖက်သို့ ခဏတဖြုတ် သွားနေတာ ဖြစ်မည်။ သန့်စင်ခန်းထဲမှာ ဖုန်းလိုင်းပျောက်တတ်သည်။ သန့်စင်ခန်းတစ်ခုနဲ့ မလှမ်းမကမ်းမှာရှိနေသည့် ခုံတန်းလေးတစ်ခုမှာ ထိုင်ချရင်း မောင့်ကို စောင့်နေမိသည်။ တွေ့လိုစိတ်တွေ စောနေမိကာမှ မောင်က ပေါ်မလာသေးချေ။ ၅မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် စိတ်ထဲမှာ အလိုမကျသလိုလို ဖြစ်လာတော့သည်။

"သောကြာနေ့မို့ လမ်းမှာ ကားတွေပိတ်မိနေပြီး မရောက်လာသေးတာများလား။ တကယ်ဆို မောင်က ကျွန်မထက် ကြိုတင် စောစီးစွာ ရောက်နေခဲ့သင့်သည်။ အထိမ်းအမှတ်နေ့ရက်လေး တစ်ရက်အတွက် မောင်ရှိရာသို့ လိုက်လာခဲ့သူကိုတောင် မောင်က ခရီးဦးကြိုခြင်း မပြုနိုင်အောင် အလုပ်တွေ များလို့နေသလားကွယ်။ ဒါမှမဟုတ် မောင်များ လမ်းမှာ တစ်ခုခု ... "
အတွေးမျိုးစုံနှင့် စိတ်တွေက လေးလံလာသည်။ အလိုမကျမှုများဖြင့် စိတ်ပင်ပန်းလာကာ နွမ်းနယ်သလို ခံစားနေရသည်။ မောင့်ဆီလည်း ဖုန်းခေါ်လို့ မရ။ မောင်ကလည်း ဖုန်းခေါ်မလာသေး။ အနည်းဆုံး မက်ဆေ့ခ်ျလေး ဖြစ်ဖြစ်၊ အသံမေးလ်လေးတစ်ခုဖြစ်ဖြစ် ပို့ထားကာ အကျိုးအကြောင်းလေး ပြောထားသင့်သည်။ ခုံလေး၏ နောက်မှီတွင် မှီကာ ထိုင်ချလိုက်ပြီး မျက်စိမှိတ်ကာ သံဗုဒ္ဓေဂါထာကို စိတ်ထဲတွင် ရွတ်ဆိုနေမိသည်။

ထိုစဉ်မှာပဲ မောင့်အတွက် သီးသန့်ထားသော သီချင်းသံတိုးတိုးလေးသည် ဖုန်းထဲမှ ထွက်ပေါ်လာပါသည်။ တယ်လီဖုန်း ဖြေသည့် ခလုတ်လေးကို အလျှင်အမြန် နှိပ်ကာ ဖုန်းကိုင်လိုက်သည်။

"စု.. မောင် အစည်းဝေး မပြီးသေးလို့ လာမကြိုနိုင်တော့ဘူး။ မောင့်သူငယ်ချင်းကို သွားကြိုခိုင်းထားတယ်။ ကျော်ကျော်လေ။ သူရောက်လာလိမ့်မယ်နော်။"

"မောင့်"

"မောင့်ကို စိတ်ကောက်မနေနဲ့ဦး။ ခဏနေရင် တွေ့မယ်နော် စု။ နေ့လည်စာ ကောင်းကောင်းစား"
ကျွန်မကို စကားတစ်ခွန်းတစ်လေမှ ချေပဖြေဆိုခွင့်လေးပင် မပေးဘဲ ဖုန်းချသွားသည်။ ဝမ်းနည်းစိတ်များနှင့်အတူ မျက်ရည်များက ဝဲတက်လာ၏။ မျက်နှာကို လှန်မော့ကာ မျက်တောင်များကို ပုတ်ခတ်၊ပုတ်ခတ် လုပ်လိုက်ရသည်။

"စိတ်မကောက်မနေနဲ့တဲ့။ နေ့လည်စာ ကောင်းကောင်းစားတဲ့"
မောင့်စကားများက နားထဲတွင် တဝဲလည်လည်။ အခုမှတော့ ကျော်ကျော့်ကိုသာ စောင့်ရန်ရှိတော့သည်။

ကျော်ကျော်ရောက်လာပြီး နေ့လည်စာ အရင်လိုက်ကျွေးသည်။ " မနက်က လမ်းမှာ ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပြီး ၉နာရီရောက်ရမယ့်ဟာကို ၁၁နာရီထိုးခါနီးမှ လူစုံတက်စုံ ရောက်ကြသတဲ့။ ဒါကြောင့် သူတို့တွေ အစည်းဝေးစတာ နောက်ကျနေတာ" ဟု ကျော်ကျော်က လေပြေထိုးနေသည်။ 

***

မောင်တည်းခိုရာ ဟိုတယ်ကို ရောက်တော့ ၂နာရီထိုးလုပြီ။ ဧည့်ကြိုကောင်မလေး ကမ်းပေးသော သော့ကလေးကို လှမ်းယူရင်း စိတ်ထဲတွင် အကျင့်ပါနေကြအတိုင်း နံပါတ်လေး၃လုံးကို ပေါင်းကြည့်လိုက်မိသည်။ ပေါင်းခြင်း ၉ရ၏။ သော့တံကို သော့အိမ်မှာ ထိုးသွင်းပြီး တံခါးကို လေးပင်စွာ တွန်းဖွင့်ကာ လေးပင်စွာပင် ပြန်ပိတ်လိုက်သည်။ မောင် ၄ညအိပ်ပြီးပြီဖြစ်သော ဤအခန်းတွင် မောင့်ကိုယ်နံ့နှင့် မောင်သုံးနေကြ ရေမွှေးရနံ့ပင် စွဲလို့နေပြီ။ ခရီးဆောင်အိတ်ကို တံခါးဝနားမှာပင် ချကာ ပြတင်းပေါက်နား သွားလိုက်သည်။

ပိတ်ထားသော လိုက်ကာများကို ဆွဲဖွင့်လိုက်တော့ နေရောင်အောက်တွင် တလက်လက်တောက်ပနေသော မြစ်ရေပြင်ကို မြင်ရ၏။ မြစ်ထဲတွင် စက်လှေများ ပြေးနေကြသည်။ ဟိုဖက်ကမ်း ဒီဖက်ကမ်း ကူးဖို့ ပြေးဆွဲသော ဇက်နဲ့အလားသဏ္ဌာန်တူသည့် ယာဉ်များကိုလည်း တွေ့ရသည်။ မြင်ရသော မြင်ကွင်းသည် ဆွဲဆောင်မှု အားကောင်းသော၊ ဆေးချက်ပီသသော အသက်ဝင်နေသည့် ပန်းချီကားတစ်ချပ်နှင့်ပင် တူသည်။  ထို့အပြင် ကောင်းကင်တွင် တိမ်များကင်းစင်နေသည်။ စောစောက လေယာဉ်ပေါ်မှ မြင်လိုက်ရသည့် တိမ်ညို၊တိမ်မည်းတွေ ဘယ်ကိုများ ပုန်းလျှိုးပျောက်ကွယ်နေပြီမသိ။ တိမ်ညိုတွေကို ငုံကြည့်နေတုန်းက ကျွန်မစိတ်တွေ ကြည်လင်နေပြီး မောင့်ကိုတွေ့လိုစိတ်တွေသာ စောနေခဲ့သည်။ အခုတော့ တိမ်ညိုတွေကင်းစင်ကာ ရာသီဥတု သာသာယာယာရှိကာမှ ကျွန်မစိတ်တွေက နောက်ကျိလို့နေသည်။

သာယာသော ရာသီဥတုနှင့် လှပသော မြင်ကွင်းများက ကျွန်မ လက်ရှိခံစားချက်နှင့် သဟဇာတ မဖြစ်သလို ခံစားရသည်။ ထို့ကြောင့် လိုက်ကာ၂ဖက်ကို ခပ်ကြမ်းကြမ်း ဆွဲပိတ်လိုက်မိ၏။ ရီမုတ်ကွန်ထရိုးကို ယူကာ အိပ်ယာပေါ် ကိုယ်တစောင်းဝင်ထိုင်ရင်း တီဗွီဖွင့်လိုက်တော့ ကျွန်မ အင်မတန်မှ နှစ်သက်သော The Last Song ရုပ်ရှင် လာနေသည်။

"ကိုယ်ချစ်မြတ်နိုးတဲ့သူတွေနဲ့ တခါတလေကျရင် ခပ်ဝေးဝေးနေတာ တစ်မျိုးကောင်းတယ်.
အဲလိုနေလိုက်ခြင်းဟာ ကိုယ်က သူတို့ကို အချစ်လျော့သွားလို့မဟုတ်ဘူး.
ဆန့်ကျင်ဖက်ရလာဒ်အနေနဲ့ သူတို့ကို ပိုတောင်မှ ချစ်မြတ်နိုးစိတ်တွေ ဖြစ်ပေါ်လာနိုင်တယ်."

ဝတ္တုစာအုပ်အဖြစ် အကြိမ်ကြိမ် ဖတ်ခဲ့ဖူးပြီး ရုပ်ရှင်အဖြစ် ရုံမှာပြတုန်းက တစ်ခါ၊ အိမ်မှာ ခွေဝယ်ပြီး ကြည့်တုန်းကတစ်ခါ စုစုပေါင်း ၂ခါကြည့်ခဲ့ပြီးပြီဖြစ်သော ဒီဇာတ်လမ်းကို ညက်ညက်ကြေအောင် အလွတ်ရနေပြီးပြီ ဖြစ်သည်။ ဇာတ်ဝင်ခန်းတစ်ခုမှာ အဓိကဇာတ်ဆောင်  Steve Millerပြောသော ဤစကားကို ယခင်အကြိမ်ပေါင်းများစွာက အင်မတန် နှစ်သက်ခဲ့သော်လည်း ယခုမှ သဘောမကျသလိုလို ဖြစ်လာသည်။ "ခုလို ဘာပဲဖြစ်ဖြစ် သဘောမကျနိုင်၊ မကြည်ဖြူနိုင် ဖြစ်နေတာ မောင့်ကြောင့်"ဟု အပြစ်တင်နေမိသည်။ "မောင် ပြန်လာပါစေဦး။  တစ်ညလုံး စိတ်ကောက်ပစ်လိုက်ဦးမယ်။ ခုလိုနေ့မှာတောင် အလေးမထားဘူး" ဟုလည်း စိတ်မှာ တေးထားလိုက်သည်။

ရုပ်ရှင်ဆက်ကြည့်လို့လည်း အဆင်မပြေနိုင်မည့်အတူတူ ရေချိုးဖို့ စိတ်ကူးရသည်။ ရေချိုးခန်းထဲမှာ အချိန်ကြာမြင့်စွာ စိမ်ချိုးရင်း စိတ်မကြည်လင်မှုအပေါင်းကို ဖြေလျော့နေစဉ်မှာပင် မောင့်အတွက်သီးသန့်ထားသော ဖုန်းသံလေး မြည်လာခဲ့သည်။ မောင် အစည်းဝေးပြီးလို့ ဖုန်းခေါ်တာ ဖြစ်မည်။ အပြေးအလွှားဖုန်းကိုင်ချင်စိတ်ကို ချိုးနှိမ်လိုက်သည်။ မောင် စိတ်ရှည်လက်ရှည် ဖုန်းခေါ်ပါစေဦး။ ပြီးတော့ အသံမေးလ်ချန်ထားလို့လည်း ရသည်။ "မောင်ပြန်လာတော့မယ်။ စိတ်မဆိုးနေနဲ့ဦးနော် စု" ဟု ပြောမည်မှ လွဲ၍ အခြားမဖြစ်နိုင်။
ရေချိုးပြီးသွားလို့ အလှပြင်နေစဉ်မှာပဲ မောင်ပြန်ရောက်လာခဲ့သည်။

"အိုးး စုတောင် ရေချိုးပြီးသွားပြီ။ မောင် ဖုန်းခေါ်သေးတယ်။ စုကို ရေချိုးထားဖို့ မှာမလို့လေ။ ဖုန်းမကိုင်တော့ စု ရေချိုးခန်းထဲ ရောက်နေသလား၊ အိပ်ပျော်နေသလား မသေချာတာနဲ့ မောင် အသံမေးလ်ချန်ထားလိုက်သေးတယ်"

မောင့်ပုံစံက အပြစ်တစ်စုံတစ်ရာ မလုပ်ထားသူလို ပေါ့ပေါ့ပါးပါး ရှိလှသည်။ ပြောပြောဆိုဆိုနှင့် ကျွန်မ နောက်လာရပ်ကာ ကျွန်မပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်တော့ မှန်ထဲမှတဆင့် မောင့်ကို နှုတ်ခမ်းကိုက်ရင်း မျက်စောင်းထိုးပြလိုက်သည်။ မောင်က လက်နှစ်ဖက်ကို မြှောက်ကာ ရီရင်း နောက်ဆုတ်သည်။

"စု မောင့်ကို စိတ်ကောက်နေပြီ"

မောင်က ရေချိုးခန်းဝင်ရန် အကျီအဝတ်အစားများကို ချွတ်ရင်း ပြောနေသည်။ နားကပ်တစ်ဖက် ဝတ်နေရင်း မောင် လုပ်နေကိုင်နေသည်များကို မှန်ထဲမှ တဆင့် မသိမသာ ခိုးကြည့်လိုက်သည်။ မောင်က လက်ပတ်နာရီကို အိပ်ယာဘေးမှ စားပွဲလေးပေါ် လှမ်းတင်လိုက်သည်ကို မြင်ရသည်။ ဘယ်ဖက်နားကပ်ဝတ်ပြီးပြီမို့ ညာဖက်နားကပ်ဝတ်ရန် ခေါင်းကို စောင်းငဲ့လိုက်စဉ် မောင်က ကျွန်မကို ဖြတ်ခနဲနမ်းကာ ရေချိုးခန်းထဲ ဝင်ပြေးသွားသည်။

"မောင့်"
မောင်မမြင်နိုင်မှန်းသိလျက် လှမ်းအော်ကာ မျက်စောင်းထိုးလိုက်မိသေးသည်။
ဒါချော့တာလား မောင်ရယ်။ ဒီလိုချော့ရုံနဲ့တော့ ဘယ်ရမလဲ။  စိတ်ရှည်လက်ရှည်နဲ့ကို ကျွန်မ စိတ်ကောက်လိုက်ဦးမယ်။ ကျွန်မအတွေးကို ကျွန်မသဘောကျကာ မှန်ထဲမှတဆင့် ကိုယ့်ကိုယ်ကို ညစ်ကျယ်ကျယ်အပြုံးမျိုး ပြုံးပြလိုက်သည်။

***

ညနေ ၆နာရီခန့်တွင် မောင်က ဟိုတယ်အောက်ဆုံးထပ်မှာ ကျင်းပသည့် ဒေသခံ ပန်းချီဆရာများ ခင်းကျင်းပြသထားသော ပန်းချီပြပွဲတစ်ခုသို့  ခေါ်သွားခဲ့သည်။



"စု ကြိုက်မယ့် လက်ရာတွေ တော်တော်ပါလိမ့်မယ်။ မနေ့ကတည်းက မောင် လာကြည့်ထားတာ"
ပန်းချီကားတစ်ကားကို ကျွန်မ စိုက်ကြည့်နေစဉ် မောင်က နှစ်ဦးတည်းကြားသာရုံ လေသံတိုးတိုးလေးဖြင့် ပြောသည်။

"အထူးသဖြင့် ဒီပန်းချီကားမျိုး"
အတွင်းဖက် နံရံတစ်ခုမှာ ချိတ်ဆွဲထားသော ပန်းချီကားကို လှမ်းကြည့်ရင်း မောင်ကပြောသည်။ မောင်ပြောသည့် ပန်းချီကားက အိပ်ယာထက်တွင် လဲလျောင်းနေသော အမျိုးသမီး တစ်ယောက်ပုံ။ ပျော့ပြောင်းနူးညံ့ဟန်ရှိသော မိုးပြာရောင် အိပ်ယာခင်းစများပေါ်တွင် ဘေးတစောင်း လှဲအိပ်နေသော အမျိုးသမီးသည် ပါးလွှာသော ပန်းနုရောင် အဝတ်စရှည်တစ်ခုကို ကိုယ်ခန္ဓာတွင် မလုံ့တလုံ ဖုံးထား၏။ ပန်းချီကားတွင် ဆွဲဆောင်မှု အရှိဆုံးမှာ သူမ၏ မျက်လုံးများ ဖြစ်ကြသည်။ သူမ၏ မျက်လုံးများက တောင့်တမှုတစ်ခုခု သို့မဟုတ် မပြည့်စုံခြင်းတစ်ခုခုကို ပြည့်ပြည့်ဝဝ ဖော်ပြနိုင်စွမ်းရှိသည်။ ဘေးပတ်လည်တွင် ထိုအမျိုးသမီးပုံ ပန်းချီကားကဲ့သို့ ခပ်ဆင်ဆင် သဘောတရားမျိုးရှိသည့် ပန်းချီကားတစ်ချို့ ချိတ်ဆွဲထားသော်လည်း ထိုပန်းချီကားများထဲမှ အမျိုးသမီးများသည် ပန်းနုရောင်အဝတ်စများကြားက အမျိုးသမီးလောက် ဆွဲဆောင်မှု မရှိကြ။

"မောင်ပြောတာ မှန်တယ် မဟုတ်လား"
ကျွန်မကို သိပ်ပြီး သိနားလည်သည်ဟူသော ပုံစံမျိုးဖြင့် မောင်က မျက်စပစ်ပြပြီး မေးသည်။ မောင်ပြောသည်ကို မကြားချင်ယောင် ဆောင်လိုက်၏။

"ဒီလိုပန်းချီကားမျိုးက စုစိတ်ကူးတွေကို လှပစွာ ဆန်းကျယ်စေတယ်ဆို.. ။ မောင်တို့မှာ ဒီလိုပန်းချီကားတစ်ချပ်လောက် ရှိထားသင့်တယ် မထင်ဘူးလား"

"ဟာ.. မောင် ဘာတွေ ပြောနေတာလဲ"
ဒီနေရာမှာ ကြာကြာဆက်နေရန် မဖြစ်တော့ပြီမို့ တခြားဖက်သို့ သွားလိုက်သည်။ တခြားဖက်တွင် ဆီဆေးသုံးကာ ဆွဲထားသော သမားရိုးကျ ပန်းဥယျာဉ်ပုံ ပန်းချီကားများ ရှိသည်။ မောင်က ကျွန်မ နောက် မှ တပ်ကြပ်မကွာ လိုက်လာသည်။

"ပန်းချီပြပွဲကို ခေါ်လာပေးသည်နဲ့ပဲ ကျွန်မက မောင့်ကို စိတ်ကောက်ပြေရတော့မှာလား၊ အလုပ်တွေများနေလို့ လာမကြိုဖြစ်တာ ခွင့်လွှတ်နော်လို့ အားနာပါးနာ ချော့မော့သည့် စကားလေးတစ်ခွန်းတောင် မဆိုတော့ဘူးလား မောင်ရယ်"ဟု စိတ်ထဲတွင် ခံရခက်စွာ တွေးနေမိသည်။အပြစ်မလုပ်ထားသူ တစ်ယောက်လို နေတတ်လွန်းသည့် မောင့်ကိုကြည့်ပြီး မချင့်မရဲဖြစ်ရသည်။

"စု.. မောင်တို့ သွားရအောင်။ ညစာ စားဖို့သင့်ပြီ"
မောင်က နာရီကို ငုံ့ကြည့်ရင်း ပြောသည်။

ထို့နောက် ကျွန်မနားလေးသို့ တိုးကပ်ကာ ဆံနွယ်လေးတွေကို မထိတထိနမ်းရင်း လေသံတိုးတိုးလေးဖြင့် ပြောသည်။ "နောက်ရက်မှ စု စိတ်ပြောင်းသွားပြီး ဟိုပန်းချီကားကို လိုချင်တယ်ဆိုလည်း မောင်ဝယ်ပေးမယ်" မောင်က ပြောပြီးပြီးချင်း မျက်စိမှိတ်ပြကာ ရှေ့မှ ထွက်သွားသည်။

"ဟွန်း.. ဒီတစ်ခါ ဘယ်လိုချော့ချော့ မပြေဘူးမှတ်"
ပြောရင်းဆိုရင်း ခပ်သုတ်သုတ်လှမ်းထွက်သွားသော မောင့်ခြေလှမ်းကျဲများနောက် အမီလိုက်ဖို့ ကြိုးစားရင်း ပြောထွက်ဖြစ်အောင် ပြောထွက်လိုက်သေး၏။

***


ဟိုတယ် စားသောက်ခန်းမကို ကျော်ကာ ဟိုတယ်နှင့် ဘေးကပ်လျက်တွင်ရှိသော အဆောက်အဦးတစ်ခုဆီ မောင်က ခေါ်သွားသည်။ ထိုအဆောက်အဦး၏ အဆုံးတစ်ဖက်ရှိ ထွက်ပေါက်တစ်ခုမှ ထွက်လိုက်သောအခါ မြစ်ကမ်းဘေးသို့ ရောက်လာသည်။ မြစ်ဘေးတွင် ရိုးရာအဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသမီးလေးများ၊ ထိုအမျိုးသမီးလေးများနှင့် ဓါတ်ပုံတွဲရိုက်နေသော လူစုလူဝေးများအပြင် ဧည့်လမ်းညွှန်များကို တွေ့ရသည်။"ဘာတွေလဲ"ဟူသော အကြည့်မျိုးဖြင့် မောင့်ကို လှမ်းကြည့်လိုက်တော့ မောင်က လက်မှတ်လေး ၂စောင်ကို ကမ်းပေးသည်။


ကျောက်ဘုရားမြစ် တစ်လျှောက် မောင်းနှင်မည့် အပျော်စီးသင်္ဘောငယ်လေးပေါ်တွင် ညစာစားခွင့် လက်မှတ်လေး ဖြစ်သည်။ စားပွဲနံပါတ်က ၉ ဖြစ်သည်။ ဒီတစ်ခါ စားပွဲနံပါတ်က ၉ ဖြစ်နေသည်မှာ တိုက်ဆိုင်မှုမဟုတ်နိုင်တော့မှန်း ကျွန်မသိနေခဲ့သည်။ ပြီးခဲ့တဲ့ လတုန်းက အချိန်ရလျှင် မောင်နှင့်အတူတူ လေညှင်းခံရင်း ညစာစားရရင် သိပ်ကောင်းမည်။ အိပ်မက်ဆန်ဆန် ညစာစားပွဲမျိုးပေါ့မောင်ရယ်ဟု ပြောခဲ့ဖူးသည်။ မောင်က အမှတ်တရ အကောင်ထည်ဖော်ပေးပါလားဟု တွေးကာ ကျွန်မ ရင်ထဲတွင် တိတ်တခိုး ပျော်ရွှင်သွားသည်။

"မောင်တို့ရဲ့ အမှတ်တရနေ့လေးအတွက် ထူးခြားတဲ့ ညစာစားပွဲလေး ဖြစ်အောင် အတတ်နိုင်ဆုံး မောင်ကြိုးစားထားတာပါ။ စု ပျော်တယ် မဟုတ်လားဟင်"
ခရမ်းရောင် စတစ်ကာလေးတစ်ခုကို ကမ်းပေးရင်း မောင်က ပြောသည်။ မောင့်မျက်ဝန်းတွေတွင် ကြည်နူးရိပ်များကို မြင်တွေ့ရ၏။ အဲဒီအရိပ်တွေဟာ မောင့်ကို ဘယ်လိုမှ ကြာကြာ စိတ်မဆိုးနိုင်အောင် အမြဲဖမ်းစားနိုင်ခဲ့သော အရာများဖြစ်သည်။ မောင်ကမ်းပေးသည့် စတစ်ကာကို သစ်ခွပန်းရင်ထိုးဘေးနားမှာ ကပ်လိုက်ရင်း စကားတစ်ခွန်းမှ ပြန်မဆိုဖြစ်ဘဲ ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့လိုက်သည်။
မကြာခင် နှစ်ထပ်သင်္ဘောငယ်လေး တစ်စီးဆိုက်ကပ်လာတော့ လူစုလူဝေးကြီးက လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

"အဲဒီသင်္ဘောလည်း ညစာစား သင်္ဘောပဲ။ ဒါပေမယ့် မောင်တို့ လိုက်မှာ ဒီသင်္ဘောနဲ့ မဟုတ်ဘူး။ သူများတွေမှာ တွေ့လား။ စတစ်ကာတွေက အနီရောင်တွေ၊ အစိမ်းရောင်တွေလေ။ မောင်တို့က ခရမ်းရောင်"
မောင်ပြောပြမှ ပတ်ဝန်းကျင်မှ လူများကို သေသေချာချာ သတိထားမိသည်။ မောင့်ကို စိတ်ကောက်နေသဖြင့် ပတ်ဝန်းကျင်ကိုပင် ကောင်းကောင်းသတိမမူမိသလို ဖြစ်သွားခဲ့သည်။ လူတော်တော်များများ နှစ်ထပ်သဘောင်္နှင့် ပါသွားပြီးနောက် ဆိပ်ကမ်းပေါ်တွင် လူအနည်းငယ်ခန့်သာ ကျန်ရစ်ခဲ့သည်။ မိနစ်ပိုင်း အတွင်း ကျွန်မတို့ လိုက်ပါမည့် သင်္ဘောက ရောက်လာခဲ့ပါသည်။

ကျွန်မတို့ သင်္ဘောလည်း နှစ်ထပ်သင်္ဘောပင် ဖြစ်သည်။ သို့သော် အောက်ထပ်တွင် ညစာ စားပွဲတွေ မရှိ။ စားပွဲတွေ အကုန်လုံးက အပေါ်ထပ်တွင် ဖြစ်ပြီး စားပွဲနံပါတ် ၉သည် သင်္ဘော၏ ညာဖက်ခြမ်းတွင်ရှိသည်။ ထို့အပြင် သင်္ဘောဦးပိုင်းတွင်ရှိသော တေးဂီတအဖွဲ့ကလည်း မလှမ်းမကမ်းမှာ ဖြစ်သည်။ သင်္ဘောပေါ်တွင် တေးဂီတအဖွဲ့မှ လူများသာ အနောက်တိုင်း ဝတ်စုံဝတ်ဆင်ထားပြီး ကျန်သည့်ဝန်ထမ်းများအားလုံးက ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသည်။

"ဟိုဖက်သင်္ဘောမှာက တီးဝိုင်းမပါဘူးလေ"
တီးဝိုင်းရှိရာဖက်သို့ လှည့်ကြည့်ရင်း စိတ်မပါ့တပါ ခေါင်းငြိမ့်ပြ လိုက်မိသည်။

"အစားအသောက်တွေက ဟိုဖက်မှာ သွားယူရမှာ စု"
မောင့်ကို လှမ်းကြည့်လိုက်တော့ မောင်က ပြုံးပြသည်။

"စု ဘာသောက်မလဲ။ လိမ္မော်ရည်ပဲ မဟုတ်လား"
မောင်က ပြောပြောဆိုဆိုဖြင့် ထသွားသည်။ ထို့နောက် လိမ္မော်ရည်နှစ်ခွက်ယူကာ ပြန်လာသည်။

သင်္ဘောသည် ဖြည်းဖြည်းချင်း မောင်းနှင်လျက်ရှိသည်။ မြစ်ရေပြင်ကို ဖြတ်လျက် တိုက်ခတ်လာသောလေက တေးဂီတအဖွဲ့မှ သီဆိုနေသော သီချင်းသံစဉ်များနှင့်အတူ ညင်ညင်သာသာ စီးမျောလွင့်ပါနေသည်။

မောင်က ဆလပ်ရွက်သုပ်များကို အရင်ဦးစွာ ယူစဉ် ကျွန်မကတော့ သင်္ဘောသီးထောင်းများကို ပန်းကန်နှင့်အမောက် ထည့်လာခဲ့သည်။
"ဗိုက်တွေအောင့်နေပါဦးမယ် စုရယ်"
သင်္ဘောသီး ပန်းကန်ကို ကြည့်ကာ မောင်က စိတ်မသက်မသာဆိုတော့ ကျွန်မ မဲ့ပြုံး ပြုံးမိသည်။ ယခုချိန်ထိ မောင်က တစ်ဖက်သက် စကားပြောသူဖြစ်ပြီး ကျွန်မမောင့်ကို စကားပြန်မပြောဖြစ်သေးပါ။  ဆလပ်ရွက်သုပ်များ ကုန်သွားပြီးနောက် မောင်က ဖရုံသီးစွပ်ပြုတ်ရည် နှစ်ခွက်ယူလာခဲ့ပြီး ကုန်အောင်သောက်နော်ဟု ဆိုသည်။ တေးဂီတအဖွဲ့မှ အမျိုးသားလေးက "မင်း မျက်နှာပေါ်မှ အပြုံး"ဟူသော သီချင်းကို သီဆိုနေသည်။

"မောင့်ကို ပြုံးပြပါဦး စုရယ်၊ စုအပြုံးလေးကို မောင် လွမ်းနေတယ်"
မောင်က စွပ်ပြုတ်ပန်းကန်ကို တစ်ဖက်သို့ တွန်းပို့လိုက်ရင်း ကျွန်မမျက်နှာကို စိုက်ကြည့်ပြီး ပြောသည်။

"စောစောက ပြုံးလိုက်တယ်လေ"
ကျွန်မလေသံက မကျေမနပ် အသံတွေ အပြည့်ပါနေသည်။

"အဲလို မဲ့ပြုံးမျိုးကို မောင် လွမ်းတာမှ မဟုတ်ဘဲ။ ကလေးလေးတစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက် ပြုံးတတ်တဲ့ စုရဲ့ မူပိုင်အပြုံးလေးကိုပြောတာ"

"မောင့်ကို စိတ်တိုနေတာပါဆို။ ဘယ်လိုလုပ်ပြုံးမှာတုန်း"
ဆောင့်ကြီးအောင့်ကြီး ပြောပြီးနောက် အစားအသောက်တွေ ထားရာဖက်ကို ထွက်လာခဲ့သည်။

" စုစိတ်တိုင်းကျမယ်ထင်တာလေးတွေ မောင် လုပ်ပေးထားတယ်လေ။ နံပါတ်တွေက အစ ပေါင်းခြင်းတွေ ၉ရအောင်အထိ မောင် အသေးစိတ် စီစဉ်ခဲ့ပါတယ်။ ကျေနပ်ပါတော့ စုရာ။ နော်"
မောင်က နောက်မှ လိုက်လာရင်း ပြောသည်။ ပုစွန်ကင်တွေကို ပန်းကန်ထဲ ထည့်ကာ စားပွဲရှိရာသို့ ပြန်လာတော့ မောင်က ငါးပေါင်းနှင့် အာလူးပြုတ်တစ်ချို့ ထည့်လာသည်ကို တွေ့ရသည်။

"ဒါလေးတွေ လုပ်ပေးရုံနဲ ကျေနပ်စရာလား။ ကျွန်မကို လေဆိပ်မှာ တစ်ယောက်တည်း ပစ်ထားတာ"
မောင်က လက်ထဲမှာ ကိုင်ထားသော ဇွန်းနှင့်ခက်ရင်းကိုချကာ စိတ်ရှည်လက်ရှည်ချော့ယူမည့် ပုံစံမျိုးဖြင့် ဦးစွာ ပြုံးပြသည်။ပြီးမှ "မောင်အစည်းဝေးက မပြီးသေးတော့ တစ်ဝက်တစ်ပျက်နဲ့ ထထွက်လာလို့ မရလို့ပါ စုရာ။ နားလည်ပါနော်" ဟုဆိုသည်။

"ဒါဖြင့် အစည်းဝေး ပြီးပြီးချင်း ပြန်မလာဘဲ ဟိုတယ်မှာ ကျွန်မကို တစ်ယောက်တည်း ပစ်ထားတာကရော"

"ဒါကတော့ စုလည်း ဟိုတယ်ရောက်သွားပြီဆိုတော့ မောင်စိတ်ပူစရာ မလိုတော့ဘူးလေ။ စုလည်း နေ့ခင်း တရေးတမော အိပ်ရင် အိပ်နေမှာဆိုပြီး မောင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ နေ့လည်စာ သွားစားနေတာ။ သူတို့တွေကလဲ ဇွတ်အတင်းကို ခေါ်နေလို့ပါ"
ထိုမေးခွန်းကိုတော့ မောင်က မလုံမလဲ ရီရင်း ရှင်းပြသည်။ထို့နောက် မောင်က ရီကျဲကျဲ လုပ်နေရမှ စ သည်။

"ဘာလဲ။ မောင့်ကို အဲဒီလောက်တောင် လွမ်းနေခဲ့တာလားဟင်။ စု"

"လဲသေလိုက်ပါလား"
ပြောပြီးပြီးချင်း သစ်သီးတွေ ထားရာဖက်ကို လျှောက်လာကာ စပျစ်သီးတစ်ချို့နှင့် စတော်ဘယ်ရီအချို့ကို ထယူလိုက်သည်။ မောင်က တဟားဟားအော်ရီရင်း ကျန်ခဲ့သည်။

တေးဂီတအဖွဲ့မှ အမျိုးသားလေးက ဂျပန်သီချင်းတစ်ပုဒ်ဆိုပြမည်ဟု ကြေညာတော့ မောင်က ကျွန်မကို မျက်စပစ်ပြသည်။ သီချင်းသံလေးက အဆိုတော်အမျိုးသားလေး၏အသံနှင့်  လိုက်ဖက်စွာထွက်ပေါ်လာသည်။ ဆူကီယာကီ သီချင်းက ကျွန်မ အင်မတန်မှ နှစ်သက်သော ဂျပန်သီချင်းတစ်ပုဒ်ဖြစ်သည်။ ထိုစဉ် မောင်က မဆိုတတ် ဆိုတတ် လိုက်ဆိုပါတော့သည်။

"အူ အဲ အို မု ရု အိ တဲ့ အာ ရု ခိုး ဝိုး ဝိုး .."
မှားယွင်းနေသော မောင့်အသံထွက်များကြောင့် ကျွန်မ မျက်နှာ ပူနွေးသွားကာ ဘေးဘီကို လှည့်ကြည်မိသည်။

"မောင်.. အသံလည်း မှန်အောင် မထွက်တတ်ဘဲနဲ့ လိုက်မဆိုနဲ့။ မောင်မရှက်ပေမယ့် ကျွန်မ ရှက်တယ်"

"အိုး.. မောင်က စုလိုမှ ဂျပန်စာ မတတ်တာ။ ဆိုတတ်သလို ဆိုမှာပဲ"

"မောင်.. ကျွန်မ ပြောနေတယ်လေ"

"အိုခေ.. စု မဆိုစေချင်ရင် မောင်မဆိုဘူး။ ဒါပေမယ့် ကျွန်မဆိုတဲ့ အသုံးအနှုန်းကြီးကို ပြင်ပေးပါကွာ။ မောင် တကယ် ရင်ထဲ မကောင်းဘူး"

"မောင့် .."
မျက်စောင်းထိုးမို့ပင် ရှိသေးသည်။ မောင်က သီချင်းလိုက်ဆိုဖို့ ပါးစပ်ပြင်သည်။ စိတ်ကောက်နေသူကိုတောင် တစ်ဖန်အနိုင်ယူတတ်သည့် မောင်ဖြစ်သည်။

"အဲအသုံးအနှုန်းကို စုပြင်လိုက်ပြီ။ မောင်လည်း လိုက်မဆိုနဲ့တော့"
မောင်က ခေါင်းငြိမ့်ကာ ပြုံးပြရင်း လက်ညိုးနဲ့လက်ခလယ်ကိုကွေးကာ ကွင်းကလေးဖြစ်အောင်လုပ်ပြီး ကျွန်မရှေ့ ထိုးပေးသည်။ မျက်စောင်းထိုးပြီး မောင့်လက်ကို ပုတ်ချလိုက်တော့ မောင်က အော်ရီပြန်ပါသည်။

တေးဂီတ အဖွဲ့မှ အမျိုးသမီးလေး တစ်ယောက်က "အချစ်ဆိုတာ ဘာလဲ ကိုယ်သိချင်လိုက်တာ" သီချင်း ဆိုနေစဉ် မောင်က ကိတ်မုန့်တွေနဲ့ လိမ္မော်ရည်တွေ ယူလာပြန်သည်။ မောင်ကမ်းပေးသော လိမ္မော်ရည်ခွက်ကို လှမ်းယူလိုက်ရင်း ကိတ်မုန့်ပန်းကန်ကိုတော့ မောင့်ဖက် ပြန်တွန်းပေးလိုက်သည်။

သင်္ဘောသည် ဘုရင့်နန်းတော်၏ နောက်ဖက်သို့ပင် ရောက်လာခဲ့ပြီ။ ခပ်လှမ်းလှမ်းတွင် လှမ်းမြင်နေရသော တံတားသည် ကျောက်ဘုရားမြစ်နှင့် လိုက်ဖက်ညီစွာ လှပနေသည်။ နီယွန်မြို့ပြညများနှင့်မတူ ကျောက်ဘုရားမြစ်ထဲမှ ညချမ်းသည် သာယာသည်။ အေးချမ်းသည်။ မြစ်ဘေးတစ်လျှောက် လင်းတစ်လှည့်၊ မှောင်တစ်လှည့်ဖြစ်နေသော မြင်ကွင်းများက ရိုးသားမှုတစ်ခုကို ခံစားရစေသည်။


မြစ်ကို ငေးနေစဉ် ကျွန်မ မျက်နှာနားလေး ဖျတ်ခနဲ မီးလင်းသွားသည်။ ငြိမ်သက်နေသော ကျွန်မကို မောင်က ဓါတ်ပုံရိုက်ယူလိုက်ခြင်း ဖြစ်သည်။ ထို့နောက် တေးဂီတ အဖွဲ့မှ အမျိုးသားလေးက "Sweet, Sweet Smile" ဆိုသည့် သီချင်းကို ဆိုတော့ မောင်က အားရဝမ်းသာစွာ လိုက်ဆိုတော့သည်။

"~~ Gotta See Your Sweet Sweet Smile Everyday~~"
မောင်က ကျွန်မ မျက်နှာကို ကြည့်ရင်း အသံအကျယ်ကြီးဖြင့် လိုက်ဆိုသည်။ ကျွန်မက ရှက်ရွံ့ပူနွေးစွာ နောက်ကို လှည့်ကြည့်မိသည်။ နောက်စားပွဲရှိ အမျိုးသမီးကြီး တစ်ယောက်နှင့် အကြည့်ချင်းဆုံကာ သူမက ပြုံးပြသည်ကို ပြန်လည်ပြုံးပြရင်း ရှေ့ပြန်လှည့်လိုက်ရသည်။

"~~ Gotta See Your Sweet Sweet Smile Everyday~~"
မောင်ကတော့ ဘာကိုမှ ဂရုမစိုက်သည့် ပုံစံဖြင့် ကျွန်မမျက်နှာကို ကြည့်ကာ သီချင်းကို အားရပါးရ လိုက်ဆိုနေသည်။

"မောင်.. အဲလောက် အကျယ်ကြီး မဆိုနဲ့လေ"

"ဒါဖြင့် စု ပြုံးပြလေ။ စု မောင့်ကို စိတ်မကောက်တော့ဘူးပြောရင် မောင် လိုက်မဆိုဘူး"

"မောင့်"
ကျွန်မ မျက်စောင်းထိုးပြတော့ မောင်က မျက်စိ တစ်ဖက်မှိတ်ကာ ပြုံးပြရင်း အသံအကျယ်ကြီးဖြင့် ဆက်ပြီး လိုက်ဆိုနေသည်။

"~~ Gotta See Your Sweet Sweet Smile Everyday~~"

မောင်က ကျွန်မ စိတ်ကောက်မပြေမချင်း ဆက်ဆိုနေဦးမည့် သဘောရှိသည်။ စားပွဲတော်တော်များများမှ လူများကလည်း စားသောက်မှု ပြီးစီးသွားပြီဖြစ်၍ သီချင်းသံနှင့်အတူ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။

"~~ Gotta See Your Sweet Sweet Smile Everyday~~"
မောင်နှင့်အတူတူ လိုက်ပါ အော်ဆိုသူတွေ များလာသည်။ မောင့်ကို အလျှော့ပေးမှဖြစ်တော့မည်။  မဟုတ်လျှင် သီချင်းဆုံးသည်အထိ မောင် လိုက်ဆိုနေလျှင် မခက်ပါလား။ သူများတွေ သူတို့ဘာသာ လိုက်ဆိုချင် ဆိုကြပါစေ။ မောင်က သူများတွေလို သီချင်းကို  ရိုးရိုးတန်းတန်း လိုက်မဆိုဘဲ ကျွန်မ မျက်နှာကို စိုက်ကြည့်ကာ ပြုံးဖြီးဖြီးကြီး ဆိုနေတော့ ခက်သည်။

"အိုခေ မောင်။ စု မောင့်ကို စိတ်မဆိုးတော့ဘူး။ ဟုတ်ပြီလား။ ခု ပါးစပ်ပိတ်တော့"
"ဟွန်း စိတ်မဆိုးတဲ့ သူကြီးကလည်း ပါးစပ်ပိတ်တော့ တဲ့"
မောင်က လျှာထုတ်ပြကာ စနောက်သည်။ မောင်က တော်တော်လေး ပျော်ရွှင်နေပုံပေါက်ပြီး မောင့်ဆီမှ အပျော်များသည် ကျွန်မဆီသို့ ကူးစက်လာခဲ့သည်။

ဂီတဝိုင်းမှ ဆူညံနေသော သီချင်းသံသည် ရုတ်တရက် ငြိမ်ကျသွားပြီး ဖြည်းညှင်းညင်သာသော သီချင်းသံက ဆွေးမြေ့စွာ ထွက်ပေါ်လာသည်။ လူတော်တော်များများက အတွဲကိုယ်စီဖြင့် ထကာ ဂီတဝိုင်းရှေ့နားရှိ နေရာလွတ်တွင်သွားပြီး က ကြသည်။ ငြိမ့်ညောင်းသော ဂီတသံနှင့် လိုက်ဖက်စွာ ညင်သာသော လှုပ်ရှားမှုမျိုးဖြင့် က နေကြခြင်း ဖြစ်သည်။

"စု.. မောင်တို့ ကရအောင်"

"ဟင့်အင်း စု ရှက်တယ်"
မောင်က ပြုံးပြီး ကျွန်မ ဘေးမှာ မတ်တပ်လာရပ်ကာ လက်ကမ်းပေးသည်။ မောင့်မျက်ဝန်းမှာ မျှော်လင့်ချက် အရိပ်အယောင်တွေက တလက်လက်တောက်ပနေသည်။ မောင့်ကို စိတ်မပျက်စေချင်သော စိတ်ကြောင့် ရုတ်တရက် တွေဝေသွားသည်။ ပြီးမှ မောင့်ကိုလိုက်လျောရန် ဆုံးဖြတ်ချက်ချကာ နှုတ်ခမ်းကို ဖွဖွကိုက်ထားရင်း  မောင့်လက်ကို လှမ်းကိုင်လိုက်သည်။

မောင့်လှုပ်ရှားမှုကြားမှာ အလိုက်သင့်လှုပ်ရှားရင်း မောင့်ရင်ဘတ်မှာ မျက်နှာအပ်ကာ တေးဂီတတွင် စိတ်ကို လွင့်မျောလိုက်သည်။

"မောင့်ကို ခွင့်လွှတ်နော် စု။ နောက်တစ်ခါဆို ဒီနေ့လို မဖြစ်စေရဘူး သိလား"
ကျွန်မ နားနားလေးကို ကပ်ပြီး မောင်က တောင်းပန်စကားဆိုတော့ ကျွန်မ မောင့်မျက်နှာကို မော့ကြည့်မိသည်။ မောင်က ကြည်လင်စွာ ပြုံးပြသည်။ "Everyday I Love " သီချင်းဆုံးသည်အထိ သီချင်းသံမှာ စိတ်ကိုမျောရင်း မောင့်ကိုမှီတွယ်ကာ က လိုက်မိသည်။ သီချင်းဆုံးသွားတော့ မောင်က ကျွန်မနှဖူးကို ခပ်ဖွဖွ ငုံ့နမ်းသည်။

ထိုအချိန်မှာပင် "I Will Suvive" သီချင်းက မြူးကြွစွာ ထွက်ပေါ်လာသည်။ ပျော့ပြောင်းသော သီချင်းမှာ စီးဝင်နေကြသူများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ သီချင်းနှင့် လိုက်လျောညီထွေစွာ သွက်သွက်လက်လက် က ကြသည်။ မောင်က ရယ်မောရင်း ကျွန်မလက်နှစ်ဖက်ကို ကိုင်ကာလှုပ်ရမ်းတော့ စိတ်လက်ပေါ့ပါးစွာ လိုက်ရယ်မိသည်။ သီချင်းဆုံးသွားတော့ ချွေးပင်စို့သွားရသည်။

"မောပြီလား စု။ မောင်တို့ သွားထိုင်မယ်နော်"
မောင်က စားပွဲရှိရာသို့ လက်ဆွဲခေါ်လာပြီး ထိုင်ခုံမှာ ထိုင်စေသည်။ ထို့နောက် လိမ္မော်ရည်တစ်ခွက် ထပ်ယူပေးသည်။

"မောင့်ကို စိတ်ဆိုးနေသေးလား စု"
မောင့်အမေးကို သွက်လက်စွာ ခေါင်းယမ်းပြလိုက်သည်။ မောင်က ကျွန်မ ခေါင်းမှ ဆံပင်များကို ဖွလိုက်သည်။ ထို့နောက် အိတ်ထဲမှ ဗူးကလေးတစ်ခုကို ထုတ်လိုက်ကာ ကျွန်မကို ကမ်းပေးသည်။

"မောင်တို့ရဲ့ သုံးနှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အတွက် မောင့်ရဲ့လက်ဆောင်ပါ။ မောင့်ကို စုလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တဲ့အတွက် ကျေးဇူးပါ စု"
မောင် ကမ်းပေးသော ဗူးကလေးကို ဖွင့်လိုက်တော့ စိန်နားကပ်သေးသေးလေး တစ်ရံကို တွေ့ရသည်။ စိန်ပွင့်လေးတစ်လုံးစီသာပါသော နားကပ်လေးက အရောင်တဖျက်ဖျက် လက်နေသည်။

"စု ကြိုက်တယ် မဟုတ်လားဟင်။ ဒါလေ ရောမခေတ်က ဒီဇိုင်းမျိုးတဲ့။ မောင်လည်း သိပ်နားမလည်ပါဘူး။ ဒါပေမယ့် စုကြိုက်တတ်တဲ့ ပုံစံမျိုးဆိုတာ မောင်သေချာသိနေလို့"
မောင့်ကို ခေါင်းငြိမ့်ရင်း ပြုံးပြလိုက်မိသည်။

"မောင့်အတွက်ရော၊ မောင့်အတွက် ဘာမှ ပါမလာဘူးလား"
မောင်က လက်ချည်းဗလာဖြစ်နေသော ကျွန်မကို သေသေချာချာကြည့်ရင်း မေးသည်။

"မောင့်အတွက် လက်ဆောင်ပါ ပါတယ် မောင်ရဲ့"

"ဟင်.. ဘာလေးလဲ။ ဘယ်မှာလဲဟင်"
မောင်က မယုံကြည်သလို ထပ်မေးသည်။

"ပန်းလေးတစ်ပွင့်"

"မောင့်အတွက် ပန်းလေး တစ်ပွင့် ဟုတ်လား စု"

"ဟုတ်တယ်မောင်။ ဒီမှာ .."
အနည်းငယ်မျှပင် စူမထွက်လာသေးသော ဗိုက်ကလေးကို ပုတ်ပြလိုက်သည်။ ရုတ်တရက် မောင် ကြောင်သွား၏။
"ဟင်.. စု။ စု ပြောချင်တာက.. မောင်တို့မှာ .."
"မောင်တို့မှာ .."
မောင့်စကားများက အထစ်ထစ်အငေါ့ငေါ့ဖြစ်ကာ အသံများလည်း တုန်ယင်နေသည်။ စကားပင် ဆုံးအောင် မပြောနိုင်တော့။

"ဟုတ်တယ်။ စုတို့မှာ နွေကိုကြိုမယ့် ပန်းကလေး တစ်ပွင့်ရှိနေပြီ"

"မောင် ဝမ်းသာလိုက်တာ စုရယ်"
"မောင် ဝမ်းသာလိုက်တာ "
မောင်က ကျွန်မကို ဆွဲဖက်လိုက်ရင်း တီးတိုးပြောသည်။ နိမ့်ချည် မြင့်ချည်ဖြစ်နေသော မောင့်ရင်ဘတ်ထဲမှ ရင်ခုန်သံများကို မောင့်ရင်ခွင်တွင် ပါးအပ်ထားသော ကျွန်မက အတိုင်းသား ကြားနေရသည်။
"မောင်တို့ရဲ့သုံးနှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ စုပေးတဲ့ လက်ဆောင်ဟာ တန်ဖိုးအရှိဆုံးပါပဲ"
ကျွန်မ စိတ်ကူးယဉ်ထားသလို မောင်က ကျွန်မကို ကိုင်မြှောက်ခြင်း၊ ဝမ်းသာစွာ ပျော်ရွှင်အော်ဟစ်ခြင်းမျိုး မရှိခဲ့ပါ။ သို့သော် ကျွန်မကို မောင့်ရင်ခွင်ထဲ တင်းကျပ်စွာ ဆွဲသွင်းရင်း မျက်ရည်များ စီးကျနေခဲ့ပါသည်။

ကျွန်မ မျှော်လင့်ထားသော ရေငွေ့များမှ သယ်ဆောင်လာမည့် မိုးသည် မရွာခဲ့ပါ။ သို့သော် မမျှော်လင့်ထားခဲ့သော ချစ်ခြင်း၏အငွေ့အသက်မှာ ဖြစ်တည်ခဲ့သည့် မိုး ရွာခဲ့ပါသည်။ ယနေ့ ကျဆင်းခဲ့သော မောင့်မျက်ရည်များသည် နွေကိုကြိုသော ပန်းကလေး လန်းဆန်းစွာ ပွင့်ဖူးစေဖို့ သွန်းလောင်းသည့် မေတ္တာရေများသာ ဖြစ်ပါလိမ့်မည်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

37 comments:

Anonymous said...

အရေးအသားအဖွဲ့အနွဲ့က စနစ်ကျလှပပေတယ်။
နောက်ထပ်အများကြီးဖတ်ချင်ပါသေးတယ်။
ကြည်နူးစရာမက်ဆေ့လေးပေးတဲ့ စာရေးသူလည်းပျော်ရွှင်ပါစေ..

THS said...

၉ ဂဏန်း ကိုနှစ်သက်မိတယ်၊ ထုံးစံအတိုင်း ဆုံးတဲ့ထိ မျောပါသွား သေးတယ်၊ အားလုံးအဆင်ပြေပါစေ။

Anonymous said...

မင်္ဂလာပါ မမြတ်ပန်းနွယ်ရေ ၀တ္ထုကောင်းလေး ဖတ်ခွင့်ရလို့ ကျေးဇူးပါ...။ နည်းနည်းတော့ ဝေဖန်ခွင့်ပြုပါ..။ အကျင့်ပါလို့ရဲ့ ထင်ပါ့။ တစ်ခါကလည်း မမြတ်ကိုပင်ဝေဖန်ခဲ့ဖူးပါသည်။ မောင်ဆိုတဲ့စကားလုံးလေးတွေ အသုံးကြမ်းတဲ့ မမရေ...။ ``မောင်ဆိုတဲ့ လွမ်းဆွတ်သွလေးက စကားပြောသံ ဥပမာ- ``မောင့်မျက်ဝန်းလေးတွေက သိပ်လှတာပဲလို့ပြောတာနဲ့ကွာတယ်နော်...။ စကားလုံးလေးတွေချတာ စာလုံးပေါင်းလေးမှားနေ၏။ ``မောင်´´နှင့် ``မောင့်´´အသုံးချနေရာ မှန်ကန်ပါစေ...။ ဝေဖန်ရေး... လွမ်းပိုင်ရှင်

Lps said...

မင်္ဂလာပါ မမြတ်ပန်းနွယ်ရေ ၀တ္ထုကောင်းလေး ဖတ်ခွင့်ရလို့ ကျေးဇူးပါ...။ နည်းနည်းတော့ ဝေဖန်ခွင့်ပြုပါ..။ အကျင့်ပါလို့ရဲ့ ထင်ပါ့။ တစ်ခါကလည်း မမြတ်ကိုပင်ဝေဖန်ခဲ့ဖူးပါသည်။ မောင်ဆိုတဲ့စကားလုံးလေးတွေ အသုံးကြမ်းတဲ့ မမရေ...။ ``မောင်ဆိုတဲ့ လွမ်းဆွတ်သွလေးက စကားပြောသံ ဥပမာ- ``မောင့်မျက်ဝန်းလေးတွေက သိပ်လှတာပဲလို့ပြောတာနဲ့ကွာတယ်နော်...။ စကားလုံးလေးတွေချတာ စာလုံးပေါင်းလေးမှားနေ၏။ ``မောင်´´နှင့် ``မောင့်´´အသုံးချနေရာ မှန်ကန်ပါစေ...။ ဝေဖန်ရေး... လွမ်းပိုင်ရှင်

Anonymous said...

စိတ်ကလေးရယ်စို ၊ မောင့်အသံ တစိတ်လေး ရယ်ကိုမှ ၊ မှန်းမျှော်ကာ လွမ်းပိုမိတယ် ၊
တိမ်ညိုညို ကောင်းကင်ရယ်က ဆွေးလှတယ်လေး ။

စိတ်ကလေးရယ်မပြေ ၊ မောင့်အချော့ မူပိုလေးကိုမှ မှန်းမျှော်ကာ တမ်းတမိတယ် ၊
၊ ယဉ်တစ်ကိုယ်မယ် စိတ်ထဲရယ်က ၊ ချစ်လှတယ်လေး ။

ရင်ကိုချည် နှောင်တွယ်မည့် ပန်းတစ်ပွင့်ကိုပါ့ .
ချစ်သည်းမောင် တစ်ယောက်တည်းကိုပေါ့ အဖြစ်သည်းအောင် ပေးလိုက်ချင်တယ်
. နွေကြိုပန်းနှင့် လန်းပါစေ . . မောင် . . . . .

ဘူဇွာကဗျာဆရာ

ညီရဲ said...

နူးညံပြေပြစ်တဲ့ အရေးအသားနဲ့ ကြည်နူးဖွယ် မိသားစု ဘဝလေးကို ဖတ်ရင်း ကြည်နူးမိတယ်...

သူရိန် said...

ဝတ္တုအသစ်လေးကို မျှော်လိုက်ရတာ မြတ်ရယ်။ အရမ်းဖတ်လို့ ကောင်းတယ်။

မိုးသက် said...

မိုက်တယ်ဗျာ.. ကျွန်တော့်ကောင်မလေးကို မောင်လို့ခေါ်ခိုင်းလို့မရဘူး.
ငယ်သူငယ်ချင်းတွေဆိုတော့.. နင်နဲ့ငါနဲ့ပဲ ပြောနေတယ်
ဒွတ်ခပဲ..။ သူများတွေဇာတ်လမ်းကြည့်ပြီးအားကျလိုက်တာ.။

ထော်ဦး said...

အစ်မရေ...
နောက်တစ်ခါ ပို့ စ်အသစ်တင်ရင် အကြောင်းကြားပါနော်
အစ်မကို မေ့တော့မလို့ ပါး ).....
စာကောင်း မကောင်းတော့ မသိဘူး
ဓာတ်ပုံလေးက ရှယ်ပါပဲ....ဓာတ်ပုံကို အလစ်သုတ်ခွင့်ပြုပါလို့ 
ပန်ကြားရင်း......
ထော်ဦး

Ye Lin Myat said...

ဇာတ်လမ်းလေးက ကြည်နူးစရာလေး။ အရေးအသားကလည်း အရမ်းကို ကောင်းပြီး ဆွဲဆောင်မှုရှိတယ်။ မြတ်ပန်းနွယ်ဝတ္တုတွေကို အမြဲအားပေးနေပါတယ်။ ဆက်လက်ကြိုးစားနေပါ။

mstint said...

ဝတ္ထုလေးဖတ်သွားပြီ မြပန်းနွယ်ရေ။ အပျော်စီးသင်္ဘော စီးချင်လိုက်တား)
ကျောက်ဘုရားမြစ်ထဲလဲ ရောက်ဖူးချင်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကြယ်ပြာ said...

မြတ်ရေ .... ၀တ္ထုလေးထဲ စီးမျောသွားရင်း ဒီတမနက် အလုပ်ပျက်သွားပြီကွယ် .... ၀တ္ထုလေးက ညိမ့်ညိမ့်ညောင်းညောင်းရှိလှတယ်။ နွေကြိုပန်းလေးအတွက် ၀မ်းသာလှိုက်လှဲသွားပုံလေးက ချစ်စရာ .....

Aung Kyaw Zeya said...

ဝတ္ထုလေးကိုဖတ်ပြီးသွားတာတော့နှစ်ရက်သုံးရက်လောက်ရှိပါပြီ။
ခုမှcommentရေးနိုင်တဲ့အတွက်ခွင့်လွတ်ပါ။
စာအရေးအသားချောမွေ့ပါပေတယ်။
“မောင်” နဲ့ “မောင့်”
အသုံးနေရာလေးတွေမှန်ရင်စာဖတ်ရတာပိုပြီးအဆင်ပြေပါမည်။ဆက်လက်၍ကြိုးစားပါ။အမြဲအားပေးလျက်...

Dream said...

ရေးချက်တွေကို အားကျလိုက်ထှာ..း))

စိတ်၏ဖြေရာ said...

ကြည်နူးစရာအချစ်ဝတ္တုလှလှလေးဖတ်သွားပါတယိ
ညီမလေးရေ။
ပျော်ရွှင်ချမ်းမြေ့ပါစေ။
ခင်မင်စွာဖြင့်
စိတ်၏ဖြေရာ

မြသွေးနီ said...

သိင်္ဂါရ ရသတွေပေးတဲ့ ကြည်နူးစရာ..၊ ရင်ခုန်စရာ ပို့စ်လှလှကို ဖတ်သွားပါတယ် ညီမရေ..။ ထိထိမိမိ ခေါင်းစဉ်လေးတွေ ပေးသူကိုလဲ ခရက်ဒစ်ပေးတယ်လို့ စကားလက်ဆောင် ပါးပေးပါဦးနော်..။

မြသွေးနီ said...

သိင်္ဂါရ ရသတွေပေးတဲ့ ကြည်နူးစရာ..၊ ရင်ခုန်စရာ ပို့စ်လှလှကို ဖတ်သွားပါတယ် ညီမရေ..။ ထိထိမိမိ ခေါင်းစဉ်လေးတွေ ပေးသူကိုလဲ ခရက်ဒစ်ပေးတယ်လို့ စကားလက်ဆောင် ပါးပေးပါဦးနော်..။

ချစ်စံအိမ် said...

မြတ်ရေ လမင်းကစာဖတ်အားနည်းသလို
စာရေးလည်းညံ့ပါတယ်..
ဒါပေမယ့်မြတ်ဝထ္ထုလေးတွေတော့အချိန်ပေး
ဖတ်ဖြစ်တယ်..အားပေးနေမယ်နော်..

ပြည်ကောင်းအောင် said...

Wow, it's a very descriptive writing, and beautiful & peaceful ending! Reading this novel-like story, I become to realize that loving a woman must be the art of patience and empathizing the women's logic of their inner/ covered feeling.:))

San San Htun said...

ဝထ္ထုလေးကလည်း ဖတ်လို့  တကယ်ကောင်းတယ်..ခေါင်းစဉ်လေးကလည်း တကယ်လှတယ်..

အလွမ်းမြို့ said...

ဖတ်လို့အရမ်းကောင်းတယ်။ အားပေးနေမယ်.


ခင်မင်တဲ့
အလွမ်းမြို့

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မြတ်ရေ..

အသစ်ရေးတာလေးတွေကို စောင့်ရင်း အရင ၀တ္ထုလေးတွေကို လာလာဖတ်မိတယ်..
နူးညံ့ပြီး ကြည်နူးစရာကောင်းတဲ့ စာလေးတွေကို ဖန်တီးတတ်တဲ့ မြတ် ရဲ့ နောက်ရေးလာမယ့် စာတွေကိုလည်းမျှော်နေမယ် နော်..

ခင်တဲ့
ဝသုန်

Yan said...

အကြောင်းအရာရော၊ အရေးအသားပါ ကောင်းတယ် မမြတ်ပန်းနွယ်..

ရှေ့လျှောက် စာကောင်းပေမွန်လေးတွေ ဆက်လက်ရေးသားပြုစုနိုင်ပါစေဗျာ...

ခင်မင်စွာဖြင့်

Yan.

မြစ်ကျိုးအင်း said...

သိပ်လှတဲ့ လက်ဆောင်လေးတွေ ထုတ်မပြခင်အထိကို ကြည်နူးစရာ ကောင်းပြီးသားဆိုတော့ လက်ဆောင်လေးတွေနဲ့ အဆုံးသတ်က ပိုပြီးလှပ သက်ဝင်သွားတော့တယ်။

သန့်ဇင် said...

အရမ်းကိုကောင်းပါတယ်...အဲဒါမျိုးအပျော်စီးသဘောင်္လေးနဲ့သွားချင်စိတ်လေးတောင်ဖြစ်လာတယ်...

အားပေးနေပါတယ်.....

သန့်ဇင် said...

စိတ်ကူးလေးတွေ အရမ်းကောင်းပါတယ်....

သန့်ဇင် said...

အရမ်းကိုကောင်းပါတယ်...

Anonymous said...

အစ်မရေ...........
ပထမဆုံးပြောချင်တာက မရောက်ဖြစ်တာ ကြာသွားတာကိုပါ။ မအားတာရယ်။ အားပြန်တော့ ကွန်နက်ရှင်က တစ်ဆိုက်က နှစ်ဆိုက်ကူးမရတာရယ်နဲ့ အစ်မဆီ မရောက်တာကြာသွားတယ်။

ဒုတိယက ဒီပို့စ်လေးအတွက် ကွန်မန့်ပါ။
မမမြတ်ပန်းနွယ် ရေးသမျှလိုလိုကို ကြိုက်မိတာမို့ ဒီပို့်စ်ကလည်း အဲဒီအထဲက တစ်ပုဒ်ပါ။ အစ်မက အချစ်ဝတ္ထုတွေရေးတဲ့နေရာမှာတော်တော်ပိုင်တယ်နော်။
နောက်တစ်ချက်မေးချင်တာက ဘာလို့ ပို့စ်တွေကို ကိုယ်တိုင်နာမည်မပေးဘဲ “သူ”ဆိုသူက ချည်းပေးနေတာ ဘာလို့ပါလိမ့်။ သုံးပုဒ်ရှိပြီထင်တယ်နော်။
စိတ်မဆိုးဘူးထင်ပါရဲ့နော်အစ်မ

စံပယ်ချို said...

((ကိုယ်ချစ်မြတ်နိုးတဲ့သူတွေနဲ့ တခါတလေကျရင် ခပ်ဝေးဝေးနေတာ တစ်မျိုးကောင်းတယ်.
အဲလိုနေလိုက်ခြင်းဟာ ကိုယ်က သူတို့ကို အချစ်လျော့သွားလို့မဟုတ်ဘူး.
ဆန့်ကျင်ဖက်ရလာဒ်အနေနဲ့ သူတို့ကို ပိုတောင်မှ ချစ်မြတ်နိုးစိတ်တွေ ဖြစ်ပေါ်လာနိုင်တယ်)).

အဲတာအရမ်းကိုမှန်တယ်

ဟန်ကြည် said...

အိုး ငါ့နှယ် ညံ့ချက်ရယ်...
ကွန်မန့်ဘောက်စ် အောက်မှာပွင့်နေတာကို မမြင်ဘဲနဲ့ စီဘောက်စ်မှာ သွားအော်ရတယ်လို့ ...း(

နောက်မှပဲ ၀ထ္ထုဟောင်းတွေ လာဖတ်ဦးမယ်...

Anonymous said...

၂ခေါက်ရှိပြီ
ဝတ္ထုကောင်းလေးပြန်ဖတ်မိတယ်


မောင်ဘကြိုင်

ငြိမ်းစိုးဦး said...

ရတနာပန်းကို ဖူးပွင့်ခွင့်ရစေတာ အဖိုးတန်မှုကြီးမားတာမို့ ယုယစွာ ပျိုးထောင်နိုင်ပါစေ ...

Anonymous said...

ပထမဆုံး တွေ့ဖူးတဲ့
ဝေါဟာရလေးတွေရယ်..။
"အသံမေးလ်" "မောင့်"...

Anonymous said...

ဖတ်ရတာသိပ်ကောင်းတယ် မမြတ်ရေ ဆက်လက်ကြိုးစားပါ ။ကျနော် ဘုန်း

Anonymous said...

တကယ့် ပျော်ရွှင်ကြည်နူးဖွယ်ရာ အိမ်ထောင်သည်ဘဝလေး။

တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်တာ ရှိမယ်။ စိတ်ဆိုးတာ ရှိမယ်။ ဒါပေမယ့် ရန်ဖြစ်ပြီး ပြန်ချစ်ရတာက အချစ်ပိုစေတယ်။

စုတို့မိသားစုလေး အမြဲတမ်း ပျော်ရွှင်သာယာပါစေလို့ ..

ပြည်ကောင်းအောင် said...

း))

witch83 said...

"ကိုယ်ချစ်မြတ်နိုးတဲ့သူတွေနဲ့ တခါတလေကျရင် ခပ်ဝေးဝေးနေတာ တစ်မျိုးကောင်းတယ်.
အဲလိုနေလိုက်ခြင်းဟာ ကိုယ်က သူတို့ကို အချစ်လျော့သွားလို့မဟုတ်ဘူး.
ဆန့်ကျင်ဖက်ရလာဒ်အနေနဲ့ သူတို့ကို ပိုတောင်မှ ချစ်မြတ်နိုးစိတ်တွေ ဖြစ်ပေါ်လာနိုင်တယ်."
This quote is sometimes quite true. What a lovely story :)