Sunday 29 April 2012

အစတစ်ခု၏ အစ



ArtScience Museum ရှေ့ရောက်တော့ နံနက်၉ နာရီခန့်သာ ရှိသေး၏။ ပြတိုက်သည် ၁၀နာရီမှ ဖွင့်မည်ဖြစ်သည်။ အနီးအနားတွင် သန့်ရှင်းရေးဝန်ထမ်းတစ်ချို့နှင့် လုံခြုံရေးအချို့သာ ရှိနေခဲ့သည်။ မှန်တံခါးမှတဆင့် ပြတိုက်ထဲကို လှမ်းကြည့်လိုက်တော့ ပြ တိုက်ဝန်ထမ်းများက ဟိုဟိုသည်သည် သွားလာ၊လှုပ်ရှားနေသည်ကို တွေ့ရ၏။ တစ်ခါတစ်လေ စနေနေ့ နံနက်ခင်းများတွင် မြို့ထဲသွားရာလမ်းသည် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်တတ်သည်ကတစ်ကြောင်း၊ ပြတိုက်ဖွင့်ပြီးချိန်မှလာမည်ဆိုလျှင် လူရှုပ်မည်ကို စိုးသည်ကတစ်ကြောင်းတို့ကြောင့် စောစီးစွာပင် အိမ်မှ ထွက်လာခဲ့ခြင်းဖြစ်သည်။ 

ယနေ့ ရာသီဥတုပူသည်။ သို့သော် ကောင်းကင်တွင် မိုးသားအနည်းငယ် ရှိနေသည်။  မြစ်ရေပြင်သည် ငွေရောင်တလက်လက် တောက်ပနေပြီး  ရေပေါ်တွင် အနီးအနားဝန်းကျင်မှ အထပ်မြင့်တိုက်များ၏ အရိပ်များ ထင်ဟပ်နေသည်။ ပြတိုက်၏ အရှေ့ဖက်နှင့် ဘေးဖက်တို့တွင် သစ်သားခုံလေးများကို တွေ့ရသော်လည်း သွားမထိုင်ဖြစ်ပါ။ မတ်တပ်ရပ်ကာ စာဖတ်ရင်း ပြတိုက်ဖွင့်ချိန်ကို စောင့်နေခဲ့သည်။ ကျွန်မ ဖတ်နေသည့် စာအုပ်မှာ ဆရာဘုန်းနိုင်၏ ညီမလေးရယ်စိုးရိမ်မိသည် စာအုပ်ဖြစ်သည်။ အကြိမ်ကြိမ်ဖတ်ခဲ့ပြီး၊ ဖတ်သည့်အခါတိုင်းတွင်လည်း နှစ်ခြိုက်ကျေနပ်စေသော ဤစာအုပ်ကို တစ်ခေါက်ပြန်ဖတ်ရန်အတွက် ယနေ့နံနက် အိမ်မှထွက်လာတုန်းက မှတ်မှတ်ရရ သယ်ယူလာခဲ့ခြင်းဖြစ်သည်။ 


***
စာမျက်နှာ ၂မျက်နှာ၊ ၃မျက်နှာခန့် ဖတ်ရှုပြီးချိန်တွင် အမျိုးသားတစ်ယောက်က ကျွန်မဘေးတွင် လာရပ်ပြီး စကားပြောသည်။

" ဒီနေ့ တော်တော်ပူတယ်နော် "
ရှပ်အင်္ကျီ၊ စတိုင်ပန်၊ ရှုးဖိနပ်တို့ကို သေသပ်စွာ ဝတ်ဆင်ထားသော ထိုအမျိုးသားသည် နဖူးတွင်စို့နေသော ချွေးကို ညာဖက်လက်ခုံဖြင့် တို့သုတ်ရင်း ဆိုသည်။  "တော်တော်ချောတဲ့သူပဲ" ဟု စိတ်ထဲတွင် မှတ်ချက်ပေးလိုက်မိသည်။ 

" ဟုတ်တယ်။ ဒါပေမယ့် ခဏနေရင်တော့ မိုးရွာမယ် ထင်တယ် "
သန့်ပြန့်သော ရုပ်ရည်၊ ပညာတတ်ဆန်ဆန် လှုပ်၊ရှားပြောဆိုပုံများနှင့် ထိုအမျိုးသားသည် နှောင့်ယှက်ချင်ရုံသက်သက်ဖြင့် အမျိုးသမီးတစ်ယောက်ကို စကားပြောလိမ့်မည် မဟုတ်ဟု ကျွန်မ ယူဆသည်။

" ထူးတော့ ထူးဆန်းတယ်နော်။ ပြီးတော့ ညီမက ကိုယ်ထင်ထားတာထက် ပိုပြီး သဘောလည်း ကောင်းနေတယ် "
ခုမှ စတင်တွေ့ဆုံပြီး စကားတစ်ခွန်းတည်းသာ ပြောဖူးသေးသူကို  "ထူးဆန်းသည်၊ သဘောလည်းကောင်းသည်" ဟု မှတ်ချက်ချသော သူ့ကို အံ့သြစွာ လှမ်းကြည့်မိလိုက်သည်။ 

" ဟုတ်တယ် ညီမရဲ့။ ကိုယ်ကြားဖူးတာက ညီမတို့လို နိုင်ငံခြားမှာ နေတဲ့ မြန်မာတွေက မြန်မာမှန်း သိမှာစိုးလို့ လူကြားထဲမှာ မြန်မာလိုတောင် သိပ်မပြောဘူးတဲ့ "

" ခုတော့ ညီမက မြန်မာစာအုပ်လည်း ထုတ်ဖတ်နေတယ်။ ပြီးတော့ ကိုယ့်ကိုလည်း ကောင်းကောင်းမွန်မွန် ပြန်ပြောတယ် "

ကျွန်မ သည်နိုင်ငံမှာနေသည်ဟု သူ့ကို ဘယ်အရာတွေများ သေချာစေလိုက်သလဲဆိုတာ သိချင်ပေမယ့် မမေးဖြစ်ခဲ့ပါ။

" အဲတာ လူတစ်ယောက်ချင်းစီနဲ့ပဲ သက်ဆိုင်မှာပါ
ကျွန်မ၏ အဖြေကို သူက ခေါင်းငြိမ့်ထောက်ခံခဲ့သည်။

" တိုက်တန်းနစ်သင်္ဘောသာ ကမ္ဘာကို အောင်အောင်မြင်မြင် ပတ်နိုင်ခဲ့ရင် ဒီလောက် နာမည်ကြီးချင်မှ ကြီးမှာနော် "
စကားအဆက်အစပ်မရှိသော်လည်း သူ ဆိုလိုချင်သည်ကို ကျွန်မ သဘောပေါက်လိုက်သဖြင့် ပြုံးမိသည်။ သူ့စကားမှာ ဟုတ်သလိုလို ရှိသည်။ ဟိုတစ်ရက်က ရုပ်ရှင်ရုံမှာ တိုက်တန်းနစ်ရုပ်ရှင်ကို 3Dဖြင့် ပြသခဲ့စဉ် ကျွန်မရယ်၊ ကျွန်မရုပ်ရှင်ကြည့်ဖော်ရယ် သွားကြည့်ခဲ့ကြသည်။ ရုပ်ရှင်ကြည့်ပြီး ပြန်ထွက်လာတော့ ကျွန်မရုပ်ရှင်ကြည့်ဖော်က "တိုက်တန်းနစ်ရုပ်ရှင်ဟာ ပထမဆုံးတစ်ခေါက် ရုံတင်တော့လည်း ကမ္ဘာကျော်တယ်။ အခုလည်း နှစ်တစ်ရာပြည့်တာကို အကြောင်းပြပြီး ရုံထပ်ထင်ပြန်ပြီ။ တော်တော်လေးကို ရိုက်စားလုပ်တတ်တဲ့ သူတွေပဲနော်" ဟု ပစ်ပစ်ခါခါ ဝေဖန်ခဲ့သည်။ ယခုလည်း တိုက်တန်းနစ်သဘောင်္၏ အတွင်းပိုင်း ပုံစံအချို့နှင့် ဆယ်ယူရရှိသော ပစ္စည်းအချို့ကို ArtScience Museumတွင် ခင်းကျင်းပြသသောကြောင့် ကြည့်ရှုလေ့လာရန် ထိုပြတိုက်ရှေ့သို့ ကျွန်မတို့ ရောက်နေခဲ့ကြခြင်း ဖြစ်သည်။

" တိုက်တန်းနစ်ရုပ်ရှင်နဲ့ ပတ်သတ်ပြီး ညီမမှာ အမှတ်ရစရာတစ်ခုခု ရှိလား "
အဲသည့် မေးခွန်းအတွက် အဖြေက အဆင်သင့်ရှိနေခဲ့သော်လည်း ယခုမှ စတွေ့ဖူးသည့် လူတစ်ယောက်ကို ပြောသင့်၊မပြောသင့် စဉ်းစားနေမိသည်။ "အမှန်အတိုင်းပြောတာပဲလေ၊ ဘာဖြစ်လို့ မပြောရဲရမှာလဲ"ဟု တွေးကာ ပြောဖြစ်ခဲ့သည်။

" ရှိတာပေါ့။ ဒီရုပ်ရှင်ကို ပထမဆုံး စကြည့်ဖူးတော့ ကျွန်မက အသက် ၁၃နှစ်လောက်။ အဲဒီညက အိမ်မှာ ဗီဒီယိုခွေထိုးပြီး ကြည့်နေခဲ့တာလေ "
သူက စိတ်ဝင်တစား နားထောင်နေသည်။

" ပြီးတော့ အဲဒီညက ကျွန်မ ဝမ်းကိုက်နေခဲ့တာ။ ကျွန်မ ဘဝမှာ ပထမဆုံးအကြိမ် ဝမ်းကိုက်ဖူးတာပဲ "

" အင်း။ အဲဒီတော့ .."
သူက နားမလည်စွာ မေးသည်။

" အဲဒီတော့ အဲတာပဲလေ။ တိုက်တန်းနစ်ရုပ်ရှင်ကြည့်နေတုန်း ကျွန်မဘဝမှာ ပထမဆုံးအကြိမ် ဝမ်းကိုက်ဖူးတာဟာ အမှတ်တရ တစ်ခု မဟုတ်ဘူးလား "
ကျွန်မ မကျေမနပ်ဖြစ်သွားသည်ကို သူ ရိပ်မိသွားခဲ့သည်။

" ဟုတ်ပါပြီ ညီမရယ်။ ကိုယ်က ဒီထက်လှပတဲ့ အမှတ်တရများ ရှိဦးမလားလို့ပါ "

" ရှင်ရော .."

သူက ရီမောနေရာမှ အနည်းငယ် တည်သွားသည်။ သို့သော် သူ့မျက်လုံးတွေကတော့ နူးညံ့စွာ ပြုံးနေခဲ့ပါသည်။

" ကိုယ် ဒီရုပ်ရှင်ကို ပထမအကြိမ် ကြည့်ဖူးတုန်းက ညီမလို ချာတိတ်အရွယ်တော့ မဟုတ်ဘူး။ ကိုယ်က ဆေးတက္ကသိုလ်မှာ ဒုတိယနှစ်တောင်ရောက်နေပြီ။ ပြီးတော့ ကိုယ့်ရဲ့ပထမဆုံး ရည်းစားနဲ့ အတူ ကြည့်ခဲ့ဖူးတာ "

ပထမဆုံး ရည်းစားဆိုသည့် အသုံးအနှုန်းကို ကျွန်မ သဘောကျသွားသည်။ ပထမဆုံးနောက်မှာ ဘယ်ယောက်လောက်များ ရှိခဲ့ပြီးပြီလဲ မသိ။ တစ်ခုခုမေးလျှင် ကောင်းမည်လား စဉ်းစားနေစဉ်မှာပင်
ပြတိုက်တံခါး ဖွင့်ခဲ့သည်။ နောက်ကို လှည့်ကြည့်လိုက်တော့ တန်းစီစောင့်ဆိုင်းနေသူတွေ သိပ်မများသေး။ အချိန်က ၉ နာရီ ၄၅သာသာပဲ ရှိသေးသည်။ 

*** 


ပြတိုက်အတွင်းရှိ ကောင်တာရှေ့တွင် ပြခန်းဝင်ခွင့်လက်မှတ်ဝယ်ရန် တန်းစီပြီး စောင့်ရသည်။ အမှန်တကယ်က ကျွန်မတို့သည် လူတန်း၏ ရှေ့ဆုံးမှာ ရှိခဲ့သော်လည်း လက်မှတ်ရောင်းသည့် ကောင်တာတွင် ဝန်ထမ်း တစ်ယောက်တစ်လေမှ ရှိမနေသောကြောင့် စောင့်နေရခြင်း ဖြစ်သည်။ " ၁၀နာရီမထိုးသေးလို့ ဖြစ်မယ် "ဟု မှတ်ချက်ချမိသည်။

" အင်း.. ကိုယ့်နိုင်ငံ မဟုတ်တော့ မျက်နှာငယ်ရတယ်ဆိုတာ တကယ်ပဲနော်
သက်ပြင်းဖွဖွချရင်း ပြောလိုက်သော သူ့စကားကို ကျွန်မ နားမလည်လိုက်ပါ။

" ပြတိုက်ကို လာလည်တဲ့သူ အချင်းချင်းတောင် ဝင်ကြေးက နိုင်ငံသားရယ်၊ သူတို့နိုင်ငံမှာ အနေကြာတဲ့ သူတွေအတွက်ရယ်က တစ်ဈေး၊ ကိုယ်တို့လို အလည်လာတဲ့ နိုင်ငံခြားသားတွေ နဲ့ တခြားနေထိုင်ခွင့်တွေ ကိုင်ဆောင်ထားသူတွေ အတွက်ရယ်က တစ်ဈေး "
သူ့မှတ်ချက်အတွက် ကျွန်မ ဘာပြန်ပြောရမှန်း မသိသဖြင့် ငြိမ်နေခဲ့သည်။

" ကိုယ်တို့ဆီမှာဆို ဗိုလ်ချုပ်ပြတိုက်ဝင်ကြေးကလေ နိုင်ငံသားရော၊ နိုင်ငံခြားသားရော အတူတူပဲ ယူတယ် သိလား ညီမ။ အခုလို ခွဲမထားဘူး "
ကျွန်မ ပြုံးရယ်မိသည်။

" ကဲ အခု ဝင်ခွင့်လက်မှတ်ကို ရှင့်အတွက်ပါ ကျွန်မက ဝယ်ပေးမယ်လေ။ ကျွန်မက ဒီနိုင်ငံမှာ အနေကြာနေတဲ့သူပါ။ ရှင် သက်သက်ကြီး ပိုပေးစရာ မလိုတော့ဘူးပေါ့ "
ကျွန်မ၏ ကမ်းလှမ်းချက်ကို သူက အလန့်တကြား ငြင်းဆိုခဲ့သည်။

" မဟုတ်ဘူးလေ ညီမ။ သူတို့က ခွဲပေးစေချင်လို့ သတ်မှတ်ထားတာပဲ။ ကိုယ် ကျသင့်သလောက် ပေးမှာပါ။ ပိုက်ဆံတစ်ခုအတွက်နဲ့ မညာချင်ဘူး။ ကိုယ်တို့ လူမျိုးကို အချောင်ရရင်ရသလို၊ လစ်ရင်လစ်သလို လိမ်ညာနေတယ်လို့ မထင်စေချင်ဘူး ညီမ "

တော်တော်စကားကြီးစကားကျယ် ပြောတာပဲဟု တိုးတိုးတိတ်တိတ် မှတ်ချက်ချမိသည်။ ကျွန်မသာဆိုလျှင် ၄ဒေါ်လာတောင် သက်သာမည့်အရေးကို ဝမ်းပန်းတသာ လက်ခံလိုက်မည်ဖြစ်သည်။ ၄ဒေါ်လာမကလို့ တစ်ပြားပဲဖြစ်ဖြစ်၊ နှစ်ပြားပဲဖြစ်ဖြစ် ကိုယ့်ပိုက်ဆံကို နှမြောမိမည် ဖြစ်သည်။ ယခုလို ၂ယောက်အတူတူရှိနေချိန်တွင် တစ်ယောက်အတွက် တစ်ယောက်က ဝယ်ပေးလိုက်တာဟာ သူတစ်ပါးကို မကောင်းကြံတာလည်း မဟုတ်။ လူတစ်ကိုယ် ခံယူချက် တစ်မျိုးပေါ့ဟု ဖြေတွေးလိုက်ရသည်။

***

ကျွန်မတို့ နှစ်ယောက် လက်မှတ်လေးတွေ ကိုယ်စီကိုင်ကာ ပြခန်းဝင်ပေါက်ရှိ သတ်မှတ်ထားသောနေရာတွင် စကင်မ်ဖတ်လိုက်တော့ ဝင်ပေါက်သေးသေးလေးတွေက ပွင့်သွားသည်။ ပြခန်းအဝင်ဝတွင် ဝန်ထမ်းအချို့က ပြခန်းအတွင်း ဓါတ်ပုံရိုက်ကူးခြင်း မပြုရန်နဲ့ အစား၊အသောက်သုံးဆောင်ခြင်း မပြုရန် မေတ္တာရပ်ခံစကားပြောသည်။

ခေါင်းငြိမ့်ပြလိုက်ရင်း အထဲကို ဝင်လိုက်တော့ " သင်္ဘောစီးလက်မှတ်ပါ "ဟု ဆိုကာ ဝန်ထမ်းလေးတစ်ယောက်ကို ကဒ်လေးတစ်ခုကို လာပေးသည်။ သူ့ကို လှမ်းကြည့်လိုက်တော့ သူ့မှာလည်း တစ်ကဒ်ရှိနေသည်။ အကြည့်ချင်းဆုံကာ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ပြုံးပြခဲ့ကြသည်။

ကျွန်မတို့ ရောက်နေသော အခန်းသည် ပြခန်းဝင်ဝင်ချင်း အခန်းဖြစ်သဖြင့် အခန်း၏အလယ်တွင် တိုက်တန်းနစ်ပုံတူ သင်္ဘောငယ်တစ်စင်းကို မှန်ဘောင်အတွင်းသွင်းကာ ပြသထားသည်မှလွဲ၍ အခြားအရာများ မရှိပါ။

" ဘောင်ခတ်ထားသော သင်္ဘောလေးပေါ့နော် "
သူက သဘောင်္လေးကိုကြည့်ရင်း မှတ်ချက်ချသည်။

ထို့နောက် အတွင်းဖက် အခန်းသို့ ဝင်လိုက်သည်။ အခန်း၏ အတွင်းဖက်နံရံတစ်ခုတွင် သင်္ဘောဦးပိုင်းကို ပုံကြီးချဲ့ကာ ကပ်ထားပြီး ထိုရှေ့တွင် ဓါတ်ပုံရိုက်ရန် နေရာလေး သတ်မှတ်ထားသည်။ ပြတိုက် ဝန်ထမ်းများက မိသားစု တစ်စုကို ဓါတ်ပုံရိုက်ပေးနေသည်။

" ဓါတ်ပုံရိုက်ပြီးရင် ပြတိုက် အထွက်ပေါက်မှာ ၂ပုံကို ဒေါ်လာ ၅၀နဲ့ ပြန်ရွေးရမှာလေ " ဟု ကျွန်မဆိုတော့ သူက " တော်တော်လေးကို ငွေရှာတတ်ကြတယ်နော် " ဟု ပြောသည်။
" ရိုက်ပြီးပေမယ့်လည်း ဆန္ဒရှိမှ ရွေးရမှာပါ "
 ကျွန်မ စကားကို သူ မတုန့်ပြန်ခဲ့ပါ။

ထို့နောက်မှ ကျွန်မတို့သည် သင်္ဘော၏ သမိုင်းကြောင်းကို ရှင်းပြထားသော အခန်းသို့ ရောက်လာခဲ့သည်။  သင်္ဘော စတင် မွေးဖွားလာသည့်နှစ်၊ သဘောင်္ဒီဇိုင်း ဆွဲခဲ့သည့်နှစ်၊ သဘောင်္စတင် ဆောက်လုပ်ခဲ့သည့်နှစ်၊ သင်္ဘောရေချသည့် နှစ်၊ သင်္ဘောထွက်ခွာခဲ့သည့် နှစ်တို့ကို သက်ဆိုင်ရာ အချက်အလက်၊ အထောက်အထားများ ဝေဝေဆာဆာဖြင့် ခင်းကျင်းပြသထားသည်။ တစ်ခုချင်း လိုက်ဖတ်နေရင်း သူ့ကို ကြည့်လိုက်တော့ သူလည်း  သေသေချာချာ ဖတ်နေသည်ကို တွေ့ရသည်။ 

" တိုက်တန်းနစ်ပုံပြင်ကို ထပ်ကာထပ်ကာလည်း ပြောခဲ့ကြတယ်။ နောင်လည်း ပြောနေရဦးမယ်။ ဒါပေမယ့် ဒီမှာ ခင်းကျင်းပြသထားတာတွေထက် စုံလင်တာမျိုးတော့ ရှိနိုင်မှာ မဟုတ်ပါဘူး။ စကားလုံးတွေ၊ ဓါတ်ပုံတွေ မလိုတော့လောက်အောင်ကို သူမရယ်၊ သူမပြောင်းလဲပစ်ခဲ့တဲ့ ဘဝပေါင်း ၂၂၂၈ယောက်အကြောင်းကို ဒီမှာမြင်တွေ့ရမယ့်အရာတွေက ပြောပြကြပါလိမ့်မယ် "

နီညိုရောင်နောက်ခံနံရံပေါ်တွင် အဖြူရောင်စာလုံးများနှင့် ရေးထားသော ထိုစာကြောင်းကို ကျွန်မ ငြိမ်သက်စွာ ဖတ်နေမိသည်။  
 
" သင်္ဘောက ရေချပြီး ၁၀လကြာမှ ထွက်ခွာဖို့ အသင့်ဖြစ်တာနော်။ အတွင်းဖက်မှာ သိပ်လှတယ် ဆိုတာလည်း မပြောနဲ့လေ။ အချိန်ယူခဲ့တာ နည်းတာမှ မဟုတ်ဘဲ "
သူက မှတ်စုစာအုပ်တွင် တစ်ခုခုကို ရေးမှတ်နေရင်း ပြောသည်။

ပြခန်းအတွင်းတွင် ဖွင့်ထားသော သံစဉ်မှာ တိုက်တန်းနစ်ရုပ်ရှင် ဇာတ်ဝင်ခန်းတစ်ခုတွင် မင်းသားနှင့်မင်းသမီး အတူတူတွဲကာ ကခုန်ခဲ့သော သံစဉ်ဖြစ်သည်။ ပြခန်းငယ်များသည် ကျွန်မမျှော်လင့်ထားသလောက် ကျယ်ကျယ်ဝန်းဝန်း မရှိသော်လည်း အထဲတွင် လူသိပ်မများသဖြင့် ချောင်ချောင်ချိချိ ရှိနေခဲ့သည်။

" ဟိုဖက်အခန်းက ပိုစိတ်ဝင်စားဖို့ ကောင်းလိမ့်မယ် "

တတိယအခန်းဖက်ကို ချောင်းကြည့်ပြီး သူက ကျွန်မကို လှမ်းပြောလိုက်သည်။ သူ ပြောသလိုပင် တတိယအခန်းသည် စိတ်ဝင်စားစရာ ကောင်းပါသည်။

အထဲတွင် မှန်ဘောင်များဖြင့် သဘောင်္ အပျက်အစီး အပိုင်းအစ အချို့ကို ပြထားသည်။
ကိရိယာတစ်ခုခု၏ လက်ကိုင်များ၊ ဓါးသွေးသည့် အရာများသည် အစိမ်းရောင်သံချေးတစ်ချို့ပင် တက်လို့နေသည်။ ထိုအရာတွေကို သားရေအိတ်တစ်ခုအတွင်းမှ တွေ့ခဲ့သည်ဟု ဆိုထားသည်။ ထို့အပြင် မူလီများ၊ သင်္ဘော ပန်ကာအချို့၊ အခန်းတွင်း အပူပေးကိရိယာတစ်ခု နှင့် သင်္ဘောကိုယ်ထည်အချို့ကိုလည်း ပြထားသည်။

ထိုအခန်း၏ နံရံတစ်ခုပေါ်တွင် “ တိုက်တန်းနစ် သင်္ဘောပေါ်သည် ၁၉ ၁၂ခုနှစ် ဥပဒေအရ သတ်မှတ်ထားသော အသက်ကယ်လှေအရေအတွက်အတိုင်း အပြည့်အစုံ သယ်ဆောင်ခြင်း ရှိခဲ့သော်လည်း ထိုအသက်ကယ်လှေအရေအတွက်သည် သင်္ဘောပေါ်တွင် ပါဝင်သော လူပေါင်း ၂၂၂၈ယောက်ကို ကယ်ဆယ်နိုင်လောက်အောင် လုံလောက်ခဲ့ခြင်း မရှိချေ ” ဟု ရေးထားသည်ကို စိတ်မကောင်းစွာ တွေ့ရသည်။ သူ့ကို လှည့်ကြည့်လိုက်တော့ မတွေ့ရ။ ထို့ကြောင့် အခြားအခန်းတစ်ခန်းသို့  ကူးသွားလိုက်သည်။

အခြားအခန်းတစ်ခန်းသို့ သွားရာလမ်းတွင် သင်္ဘောပေါ်မှ ကေဘင်အတိုင်း ဆောက်လုပ်ထားသော အိပ်ခန်းတံခါးများကို တွေ့ရသည်။ ညာဖက်တွင် ပထမဆုံးတွေ့ရသော နံပါတ်မှာ B51 ဖြစ်ပြီး မျက်နှာချင်းဆိုင်မှ အခန်းသည် B52 ဖြစ်သည်။ စုစုပေါင်း အခန်းတံခါးများ ၆ခုတွေ့ရပြီး နောက်ဆုံးအခန်းတစ်ခု၏ နံပါတ်မှာ B56 ဖြစ်သည်။ အခန်းတံခါးများ ပွင့်လေမလားဟု  တံခါးလက်ကိုင်တစ်ခုကို လှည့်ဖွင့်ကြည့်ဖြစ်အောင် လှည့်ဖွင့်ကြည့်လိုက်မိသေးသည်။ 

ကျွန်မရောက်နေသော အခန်းကို ပထမတန်း သင်္ဘောအိပ်ခန်းအပြင်အဆင်ဟု အမည်ပေးထားပြီး အိပ်ခန်းတစ်ခုကို ခင်းကျင်းပြသထားသည်။ ထိုအခန်း၏တန်ကြေးမှာ ၁၉ ၁၂ခုနှစ်တွင် ဒေါ်လာ ၂၅၀၀ဖြစ်ပြီး ယခုခေတ် ဒေါ်လာ ၅၇၂၀၀နှင့် ညီမျှသည်ဟု တွေ့ရသည်။  ထိုအခန်းအပြင်အဆင်ကို စိတ်ဝင်တစားကြည့်နေစဉ် "ဘာတွေ စိတ်ဝင်စားနေတာလဲ ညီမ" ဟု သူက ကျွန်မအနားကို ကပ်ကာမေးခဲ့သည်။

" တော်တော်ချမ်းသာတဲ့သူတွေပဲနော်.. "

" အင်း .. ပကာသနတွေပေါ့ "
" လာ.. ရှေ့မှာ တိုက်တန်းနစ်ရုပ်ရှင်ထဲက ခန်းမကြီး ရှိတယ် ညီမ။ ဟို လှေကားတွေလေ "
သူက ထိုအခန်းမှ ပြန်ထွက်လာကာ ဤအခန်းတွင် အချိန်ကြာနေသော ကျွန်မကို ပြန်လာပြီး ခေါ်ဟန်ရှိသည်။ 


Grand Staircase သည် တကယ်ကို လှပပါသည်။ လှေကားများအထက် ထိပ်တည့်တည့်တွင် ချိတ်ဆွဲထားသော နာရီသည် ၁၁နာရီခွဲမှာ ရပ်နေ၏။ ကျွန်မ ဤအခန်းကို ဓါတ်ပုံရိုက်ချင်သွားသည်။ ဘေးဘီကို လှည့်ကြည့်လိုက်သော အစောင့်တွေကို မတွေ့ရ။ ကင်မရာကို ထုတ်လိုက်ပြီး တိတ်တဆိတ် ဓါတ်ပုံရိုက်လိုက်သည်ကို သူက မြင်ဖြစ်အောင် မြင်သွားခဲ့သည်။ 

" အထဲမှာ ဓါတ်ပုံရိုက်ခွင့် မရှိဘူးလေ ညီမ "
သတိပေးသလို သူက ဆိုသည်။

" ကျွန်မ သိသားပဲ။ သူများတွေလည်း ဒီလိုပဲ ရိုက်နေတာပဲဟာ။ အခုလည်း ဘယ်သူမှ မမြင်ပါဘူး "

"ဘယ်သူမြင်မြင် မမြင်မြင် စည်းကမ်းဆိုတာ လိုက်နာဖို့ သတ်မှတ်ထားပဲတာလေ။ ညီမကြောင့် ကိုယ်တို့လူမျိုးတွေ စည်းကမ်းမရှိဘူးလို့ အပြောခံနေရဦးမယ် "

ဘယ်လိုလူပါလိမ့်။ တစ်စိတ်ရှိ လူမျိုးရေးကို စွဲစွဲထည့်ကာ အပြစ်မကြီး ကြီးအောင် ပုံကြီးချဲ့နေသည်။ မိုင်ပိုလွန်းသော သူ့ကို ကျွန်မ တမင်သက်သက် ညစ်ချင်သွားသည်။

" ရှင် ဘယ်လိုလဲ။ ကျွန်မက မြင်မြင်သမျှ လိုက်ရိုက်နေတာလည်း မဟုတ်ဘူး။ ပြီးတော့ ကင်မရာကို ဖလက်ရှ်ရော၊ အသံရော ပိတ်ထားတာပဲလေ။ တစ်ပုံတစ်လေလေး ရိုက်တာကို ပြောနေလိုက်တာ "

" ဟုတ်ပါပြီ။ ညီမပးတဲ့ ဆင်ခြေအရ တိတ်တိတ်ဆိတ်ဆိတ်နဲ့ တစ်ပုံတစ်လေလေးပဲ ရိုက်တဲ့အတွက်တောင် ညီမကို ကျေးဇူးတင်ရမလို ဖြစ်နေပြီ "

" ညီမက တကယ့် လူထူးလူဆန်းပဲ "

ရီမောကာ မှတ်ချက်ချရင်း သူက ရှေ့မှထွက်သွားသည်။ ကင်မရာကို အိတ်ထဲပြန်ထည့်ပြီး သူ့နောက်ခပ်သွက်သွက် လိုက်သွားလိုက်သည်။ အခြားအခန်းသို့ မရောက်မှီ လမ်းတွင် တတိယတန်း အိပ်ခန်းဟု အမည်တပ်ထားသော အခန်းငယ်လေးတစ်ခု၏ ပုံစံတူကို တွေ့ရသည်။ အခန်းငယ်လေးက ပထမတန်းအိပ်ခန်း ပုံစံတူလေးထက် ကျဉ်းသည်။ ထို့အပြင် အထဲတွင် နှစ်ထပ်ကုတင် နှစ်လုံးတောင် ထည့်ထားသေးသည်။ 

" တော်တော်လေးကို ကွာခြားတာပဲနော် "
ကျွန်မ အပြောကို သူက ပြုံးပြီး နားထောင်နေခဲ့သည်။

တစ်ဖက်ခန်းတွင် ပထမတန်း စာဖတ်ခန်း၊ ပထမတန်း ဆေးလိပ်သောက်ခန်း၊ ပထမတန်း စားပွဲရုံ၊ ပထမတန်း စားသောက်ခန်း တို့ကို ပြသထားသည်။ ကြွေပန်းကန်များ၊ ဇွန်းများ၊ ခက်ရင်းများ၊ ဖန်ခွက်၊ စွပ်ပြုတ်ထည့်သည့်ခွက်၊ ရေတကောင်းများနှင့် အခြား တိုလီမိုလီများကို တွေ့ရသည်။

ကြွေပန်းကန်များထဲတွင် အဖြူရောင်ပန်းကန်ကို အပြာရောင်ဖြင့် အလှဆင်ထားသော၊ အနားတွင် ရွှေအကွပ်လေးဖြင့် ရစ်ထားသော ပန်းကန်တစ်ချပ်က ကျွန်မမျက်စိကို ဖမ်းစားခဲ့သည်။
ထိုပန်းကန်အကြောင်းကို သေသေချာချာ ရှင်းပြထားသည်။ ထိုပန်းကန်ကို သင်္ဘော ပထမတန်းတွင် အသုံးပြုရန် သီးသန့်ဒီဇိုင်းထုတ်ခဲ့ပြီး အပြာသည် ပင်လယ်ကို ကိုယ်စားပြုကာ ရွှေရောင်သည် ကြီးကျယ်ခမ်းနားခြင်းကို ဖော်ညွှန်းသည်ဟု ဆိုသည်။ 

ထိုပန်းကန်ကို ဓါတ်ပုံရိုက်ချင်သဖြင့် ဘေးကို လှည့်ကြည့်လိုက်သည်။ အစောင့်တွေလည်း မရှိ။ သူ့ကိုလည်း မတွေ့ရ။ ကင်မရာကို အလျှင်အမြန် ထုတ်ယူကာ ဓါတ်ပုံကို သေသေချာချာ ချိန်ပြီးရိုက်လိုက်သည်။ လိုချင်သည့်အရာတစ်ခုကို အောင်မြင်စွာ ရလိုက်ပြီမို့ ကျွန်မ အူမြူးသွားသည်။ သူ့နောက်ပြေးလိုက်ရင်း သူဘာတွေကြည့်နေလဲ စပ်စုမိသည်။

" ညီမ ညီမ.. ရှေ့မှာ ရေခဲတောင်တွေ ရှိတယ်တဲ့နော် "
အခြားအခန်းသို့  မဝင်မှီ အဝင်ပေါက်တွင် သတိပေးစာ ကပ်ထားသည်ကို လက်ညိုးညွှန်ပြရင်း သူက စနောက်သည်။ 

ထိုအခန်းတွင် ရေခဲတောင်ငယ်များကို ပြသထားပြီး ရေခဲတောင်ထဲနံရံတွင် လက်လေးချောင်းအပေါက်ရာလေးများကိုလည်း ပြုလုပ်ထားသေးသည်။ သူရော၊ ကျွန်မပါ ထိုလက်ပုံစံအရာလေးများတွင် လက်ချောင်းများကို ထည့်ကြည့်ကြသည်။ စက္ကန့်အနည်းငယ် ကြာသောအခါ အေးလိုက်တာ ဆိုပြီး သူက လက်ချောင်းများကို ထုတ်လိုက်သည်။ ကျွန်မကတော့ ရေခဲထဲတွင် ထည့်ထားဆဲ ဖြစ်သည်။

" မအေးဘူးလား ညီမရာ "
ကျွန်မ ခေါင်းယမ်းပြလိုက်သည်။
" ကိုယ်တော့ အေးတယ် "
" အေးတာ မကြိုက်ဘူးကွ "

" စောစောကဖြင့် ပူတယ်ဆို "
 ကျွန်မ မျက်ခုံးနှစ်ဖက်ကို ပြိုင်တူပင့်ကာ မေးလိုက်သည်။

" ဟုတ်တယ်။ ကိုယ်က ပူတာလည်း မကြိုက်ဘူး။ အေးတာလည်း မကြိုက်ဘူး။ ရာသီဥတုမှာတောင်  မိုးရာသီကို ကိုယ်က နှစ်သက်တာ ညီမရဲ့ "
သူက ကျွန်မရော ဘယ်ရာသီဥတုကို နှစ်သက်လဲ ဟု မမေးခဲ့ပါ။ သူ မမေးမှတော့ မိုးတွင်းမှာ မွေးသော ကျွန်မသည်လည်း မိုးရာသီကိုပင် အကြိုက်ဆုံးဖြစ်ကြောင်း ပြောခွင့်မရလိုက်ပါ။

ထို ရေခဲတောင်များ ပြသထားရာ အခန်းမှ ထွက်လာတော့ လူ့အသုံးအဆောင်ပစ္စည်းတစ်ချို့ကို ခင်းကျင်းပြသထားသည့်အခန်းသို့ ရောက်သည်။ ထိုအခန်းတွင် ဦးထုပ်၊ ပုဝါ၊ သားရေအိတ်၊ ဖောင်တိန်၊ ရွှေဖြင့်လုပ်ထားသော ခဲဆံဘောပင်၊ ခဲဖျက်ပါသော ခဲတံ၊ မျက်မှန် စသည်တို့ကို တွေ့ရသည်။ ပို့စကတ် ဝါကျင်ကျင်လေးများကိုလည်း ခင်းကျင်းပြသထားသည်။  အမျိုးသမီးပုံလေးနှင့် ပို့စကတ်များ၊ လူမျိုးစုတစ်စု ရိုးရာအက ကနေပုံလေးနှင့် ပို့စကတ်တို့အပြင် စာစုလှလှလေးများ ရေးသားထားသော ကတ်လေးများကိုတွေ့ရသည်မှာ လွမ်းမောဖွယ်ရာ ကောင်းလှသည်။

ကတ်တစ်ခုပေါ်တွင် “ အိပ်မက်တွေသာ တကယ်ဖြစ်လာရင် ငါ ဘယ်လောက်များ ပျော်ရွှင်လိမ့်မလဲ။ ငါ နင့်ကိုချစ်တယ်လို့ အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ နင်လည်း ငါ့ကို ချစ်တာပဲ ” ဟု ရေးထားသည်။ ထိုပို့စကတ်ပိုင်ရှင်သည် တစ်စုံတစ်ယောက်ကိုများ ပေးဖို့ ရည်ရွယ်ခဲ့သလား ဟု တွေးမိတော့ ကျွန်မရင်ထဲ ဆွတ်ပျံ့နာကျင်သွားသည်။

ထိုအခန်းမှ ထွက်တော့ နောက်ဆုံးအခန်းဖြစ်သော သမုဒ္ဒရာကြမ်းပြင်ကို ပြသထားသည့် အခန်းသို့ ရောက်လာသည်။ အခန်းသည် ကျန်ခဲ့သည် အခန်းများထက် များစွာ ကျယ်ဝန်းသည်။ အခန်း၏ အောက်ကြမ်းပြင်ကို သဲများဖြင့် ဖြည့်ထားပြီး ကျွန်မတို့က ထိုသဲများအပေါ်တွင် တစ်ဆင့်မြှင့်ကာ ဆောက်ထားသော မှန်မျက်နှာပြင်များပေါ်မှာ နင်းလျှောက်နေကြခြင်း ဖြစ်သည်။ မှန်မျက်နှာပြင်မှ အောက်ကို ငုံ့ကြည့်လိုက်တော့ သဲထဲတွင် နစ်မြုပ်နေသော ပန်ကန်းအပိုင်းအစများ၊ ပစ္စည်းအပျက်အစီးများကို ဟိုတစ်စ ဒီတစ်စ တွေ့ရသည်။ ထွက်ပေါက်နှင့် ကပ်လျက်ရှိသော နံရံတွင် သမုဒ္ဒရာကြမ်းပြင်မှာ ပစ္စည်းတွေ ဆယ်ယူတုန်းက ရိုက်ကူးထားသော ဗီဒယိုများကို ပရိုဂျက်တာဖြင့် ပြသနေသည်။ ကျွန်မ စိတ်ဝင်စားစွာ ကြည့်ရှုနေစဉ် သူက မေးခွန်းတစ်ခု မေးခဲ့သည်။

" ဒီသင်္ဘော ဘာလို့ မြှုပ်သွားတာလဲ ညီမ သိလား "

" နောက်ပိုင်းလေ့လာ တွေ့ရှိချက်တွေ အရ သဘောင်္တည်ဆောက်တုန်းက အသုံးပြုတဲ့ သတ္တုဟာ .. "

" ဘုရားကို စော်ကားလို့ ဒဏ်ခတ်ခံရတာ မဟုတ်ဘူးလား "
ကျွန်မ စကားမဆုံးသေးခင် သူက ဖြတ်ပြောလိုက်သည်။ ထို့အပြင် သူ ပြောသည့်စကားကလည်း ကျွန်မ တစ်ခါမှ မကြားခဲ့ဘူးသော စကား။

 " ဟင်.. မဖြစ်နိုင်တာ "

" ဘာလို့ မဖြစ်နိုင်ရမှာလဲ ညီမရဲ့။ သူတို့ကလေ သင်္ဘောက ကြီးလိုက်ပုံများ ဘုရားတောင် မမြှုပ်နိုင်ဘူးလို့ ကြွေးကြော်ခဲ့တာလေ "

" ဒါကြောင့် ဘုရားက ဒဏ်ခတ်တာပေါ့ "
အရာရာကို သိပ္ဗံနည်းကျ အဖြေဖော်ထုတ်နိုင်သော ၂၁ရာစုတွင်၊ အမှန်တကယ်လည်း သင်္ဘောနစ်မြှုပ်ရသည့် အကြောင်းအရင်းကို လက်တွေ့ကျသော ဖြေရှင်းချက်တွေ ထုတ်နေခဲ့သည့်အချိန်တွင် သူပြောသော စကားသည် ကျွန်မအတွက် လုံးဝ လက်ခံနိုင်ဖွယ်ရာ မရှိခဲ့ပါ။
" ကျွန်မ မယုံဘူး "
ရှည်ရှည်ဝေးဝေး မငြင်းခုန်ချင်သောကြောင့် ပိတ်ပြောလိုက်သည်။ အဲဒီတော့ သူက ကျွန်မကို " ညီမက ဗုဒ္ဓဘာသာဝင် မဟုတ်ဘူးလား " တဲ့။

" ကျွန်မ ဗုဒ္ဓဘာသာဝင်ပါ။ ဒါပေမယ့် အခုဟာက သင်္ဘောက သူ့အကျိုးအကြောင်းနဲ့သူ နစ်တာလေ "

" အဲဒီအကျိုးအကြောင်းတွေကိုက ဘုရားက ဖန်ဆင်းတာ မဟုတ်ဘူးလား ညီမရဲ့ "
အတင်းငြင်းခုန်နေသော သူ့ကို ကျွန်မ စိတ်တိုသွားသည်။ ထို့အပြင် စိတ်တိုသည့်အခါတိုင်း ပြန်လည်ချေပဖို့ စကားလုံးရှာမတွေ့ဘဲ ဆွံ့အနှုတ်ဆိတ်သွားတတ်သော ကျွန်မကိုယ်ကျွန်မ ပိုလို့ စိတ်တိုမိသည်။

" ညီမဟာလည်း နိုင်ငံခြားမှာ အနေကြာလာလို့ လွတ်လပ်စွာတွေးတောသူ ဖြစ်နေမယ်ဆိုရင်တော့ တစ်မျိုးပေါ့ "

" အိုကေ။ အိုကေ။ ကျွန်မ ဘုရားကို ယုံတယ်။ ဒီစကားကို ဒီမှာတင်ပဲ ရပ်မယ်နော်။ ဟုတ်ပြီလား "
သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသည်မို့  ဇွတ်အတင်း စကားဖြတ်ကာ ထွက်ပေါက်မှ ထွက်လာခဲ့သည်။



အပြင်ဖက် ကောင်တာပေါ်တွင် ဧည့်မှတ်တမ်း စာအုပ်လေး ၂အုပ် ချထားသည်။ သူက သွက်လက်စွာပင် ညာဖက် စာအုပ်တွင် ရေးရန် ဆွဲယူလိုက်သည်မို့ ကျွန်မက ဘယ်ဘက်စာအုပ်ကို ကောက်ယူလိုက်သည်။ နာမည်၊ အီးမေးလိပ်စာတို့ကို ဖြည့်စွက်ပြီးနောက် မှတ်ချက်နေရာတွင် ဘာရေးရင် ကောင်းမလဲ စဉ်းစားလို့ မတတ်အောင်ပင် သူ့ကို စိတ်တိုနေခဲ့သည်။ ကွက်လပ်ချန်ကာ လှည့်ထွက်လိုက်တော့ သူက ရီရင်း နောက်မှ လိုက်လာသည်။

" ညီမ.. အမှန်တကယ်က ကိုယ် ညီမနဲ့ငြင်းခုန်ဖို့ အစီအစဉ် မရှိဘူး "
ကျွန်မကို သူက စိုက်ကြည့်နေခဲ့သည်ဖြစ်ရာ သူ့အကြည့်ကို မရှောင်ဖယ်ပဲ ပြန်လည် စိုက်ကြည့်နေခဲ့သည်။ 

" ကိုယ် ကြားမိဖူးတာလေးကို ပြောပြချင်ရုံပဲ "
" ဒါပေမယ့် စိတ်တိုသွားတဲ့ ညီမမျက်နှာဟာ ကြည့်လို့သိပ်ကောင်းနေခဲ့တယ် "
" အဲတာနဲ့ ကိုယ်က ညီမကို စ ချင်စိတ် ပေါက်သွားတာ။ ကိုယ့်ကို စိတ်မတိုနဲ့တော့ နော် ညီမ "

ကျွန်မ မျက်လုံးများကို စိုက်ကြည့်ရင်း တစ်လုံးချင်း သေသေချာချာ ပြောနေသော သူ့စကားများတွင် အင်မတန်မှ အားကောင်းသော ညှို့ငင်နိုင်စွမ်းတစ်ခု ရှိနေသလို ခံစားနေရသည်။ 

" အဲတာဆိုလည်း ပြီးတာပဲ "
သူ့ကို မျက်စောင်းထိုးလိုက်မိသည့် ကျွန်မကို ကျွန်မ သဘောကျစွာ ရီမိသွားသည်။ တစ်ဆက်တည်းမှာပင် သူနှင့်ကျွန်မက ခရီးသွားဟန်လွှဲဆုံခဲ့ကြသူတွေ၊ ပြီးတော့ မကြာခင်မှာပင် ကျွန်မလည်း ကျွန်မလမ်းဆက်သွားပြီး သူလည်း သူလမ်းဆက်သွားမည်ဟု သတိရလိုက်မိသည်။ သူ ဒီနိုင်ငံမှာ ဘယ်လောက်ကြာကြာ ဆက်နေဦးမလဲဆိုတာကို ကျွန်မ မသိ။ သို့သော် ကျွန်မ သိသည်က အလည်လာသောသူသည် အချိန်တန်လျှင် အိမ်ပြန်လိမ့်မည်။ ရုတ်တရက် စိတ်မကောင်းဖြစ်သွားသည်။
" ဘာပဲဖြစ်ဖြစ် လှည့်ထွက်သွားတာနဲ့ မေ့လိုက်ရမှာပဲ " 
ကျွန်မကိုယ်ကျွန်မ သတိပေး နေခဲ့သည်။

" ညီမ.. ကိုယ်က Toast Boxမှာ မိတ်ဆွေတစ်ယောက်နဲ့ ချိန်းထားတယ် " 

" အဲတာ ညီမ ကော်ဖီလိုက်သောက်ပါလား "
သူ့ မျက်လုံးတွင် မျှော်လင့်ချက် အရိပ်အယောင်တွေကို မြင်တွေ့နေရသည်။ သို့သော် ကျွန်မ အားတင်းကာ ငြင်းဆန်လိုက်ရပါသည်။ ကျွန်မ ရှေ့က သည်လူကို ကြာမြင့်စွာ ဆက်တွေ့နေရလျှင် သူ့အကြည့်များမှာ ကျွန်မ ကျရှုံးသွားနိုင်သည်။ အချိန်တန်လျှင် အိမ်ပြန်မည်ဖြစ်သော သူ့ကို သတိရနေမိမှာမျိုး မလိုလားပါ။

" ဝမ်းနည်းပါတယ်။ ကျွန်မ မလိုက်တော့ပါဘူး "
သူ့ မျက်လုံးများက သိသိသာသာ အရောင်ဖျော့ကျသွားသည်။

"အင်းပါ ညီမရယ်။ ဒါဆိုလည်း .."

"ဒါဆိုလည်း ဒီနေ့ အတွက် ကျေးဇူးတင်ပါတယ်"

သူ ကမ်းပေးလာသည့် လက်ကို ပြန်လည် လက်ဆွဲနှုတ်ဆက်လိုက်သည်။

" ကောင်းသောနေ့လေး ဖြစ်ပါစေ "
ပြောပြီးပြီးချင်း ကျွန်မ လှည့်ထွက်ခဲ့သည်။ ခြေလှမ်း လေး၊ငါး လှမ်းခန့် လျှောက်လှမ်းပြီးချိန်တွင် သူက ညီမ၊ ညီမဟု လှမ်းခေါ်သည်။

" ညီမ.. ကိုယ့်ကို ညီမ နာမည်တောင် မပြောဘဲ ထွက်သွားတော့မို့လား "

" ကျွန်မလည်း ရှင့်နာမည် မသိဘူးလေ "
 သူက ပြုံးသည်။

" ကျွန်မ နာမည် မိုး။ မိုးသီရိပါ။

မိုး ဟု သူက တိုးတိုးတိတ်တိတ် ရေရွတ်နေစဉ် ကျွန်မ အလျှင်အမြန် လှည့်ထွက်လာခဲ့သည်။ မဟုတ်လျှင် ကျွန်မ သူ့ကို လိုတာထက် ပိုပြီး သံယောဇဉ် တွယ်ကာ သတိရရုံတင် မဟုတ်တော့ လွမ်းနေမယ်ဆိုလျှင်
ခက်တော့မည်။

" နေပါဦး ညီမရဲ့ "
ပြောပြောဆိုဆိုနှင့်သူက လိုက်လာပြန်သည်။

" ဘယ်လိုဖြစ်လို့များ ဇွတ်ပြန်ချင်နေရတာလဲ ညီမရယ် " 
" ကိုယ့်ကို စိတ်တိုနေတုန်းလား "
ကျွန်မ သူ့ဖက်လှည့်ကာ သူ့ကိုမကြည့်ဘဲ ခေါင်းယမ်းပြလိုက်သည်။ 

" ကိုယ်တို့ ဒီထက်ပိုပြီး သိကျွမ်းသင့်တယ် မထင်ဘူးလားဟင် "
" ကိုယ်က ထူးဆန်းတဲ့၊ ဒေါသထွက်ရင် ချစ်ဖို့ကောင်းတဲ့၊ ပြီးတော့ စည်းကမ်းမလိုက်နာတတ်တဲ့ ညီမကို ဒီထက်ပိုပြီး သိကျွမ်းချင်တယ် "
သူ့ကို မော့ကြည့်လိုက်တော့ သူ့မျက်လုံးများတွင် ဆွေးမြေ့ဖွယ် အရိပ်တစ်ခု ယှက်သန်းနေခဲ့သည်။

" ရော့ ညီမ "
သူက ကျွန်မ လက်ထဲကို ကတ်တစ်ခု ထိုးပေးသည်။ လှမ်းယူလိုက်ပြီး ကြည့်လိုက်တော့ ကတ်ပေါ်တွင် သူ့နာမည်၊ သူ့ဆေးခန်းနာမည်၊ ဆေးခန်းလိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာတို့ကို တွေ့ရသည်။ 

" ကိုယ့်ကို အဆက်သွယ် လုပ်နော် ညီမ "
ခေါင်းကို ခပ်သွက်သွက် ငြိမ့်ပြရင်း ဝမ်းသာမှုကို ဖုံးကွယ်ရန်အတွက် ခြေလှမ်းကျယ်ကျယ်လှမ်းကာ အမြန်ဆုံး ထွက်လာခဲ့သည်။

" ညီမရဲ့ အီးမေးလ်ကို ကိုယ်မျှော်နေမယ်နော် "
သူ နောက်ဆုံးပြောလိုက်သော စကားသည် နားထဲတွင် ပဲ့တင်ထပ်လို့နေလျက်။

***
" မိုးရွာမယ် ထင်တယ် " ဟု ကျွန်မ ခန့်မှန်းခဲ့သလို အပြန်လမ်းတွင် မိုးရွာခဲ့ပါသည်။ ကားရှေ့မှန်ပေါ်သို့ ကျနေသော မိုးရေစက်လေးများကိုကြည့်ရင်း ပြုံးမိသည်။ မြို့ထဲသို့သွားသည့် အမြန်လမ်းမပေါ်တွင် ကားတွေ တဖြည်းဖြည်း ကျပ်လာခဲ့သည်။ Bradell Roadနားရောက်တော့ ကားက ရွေ့သည်ဆိုရုံလေးနှုန်းဖြင့်သာ သွားလို့ရတော့သည်။ အခါတိုင်းလိုဆိုလျှင် ကျွန်မ စိတ်မရှည် ဖြစ်မိမည် ထင်သည်။ ယခုတော့ သွားသည်ဆိုရုံလေး သွားနေသော ကားပေါ်တွင် ကျွန်မ သူ့အကြောင်းကို  တွေးကာ ကျေနပ်နေမိသည်။

ထိုစဉ် ရေဒီယိုက T.A.T.U၏ Show Me Love သီချင်းသံ ထွက်လာခဲ့သည်။ နိမိတ်ပြ သီချင်းလားဟု တွေးကာ ကျွန်မ ရင်တွေ ခုန်သွားသည်။ သီချင်းသံကို ခပ်ကျယ်ကျယ်ညှိရင်း ကားကို အာရုံစိုက်မောင်းနိုင်ဖို့သာ အတင်း ကြိုးစားနေရတော့သည်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်


References

1.  http://titanic.sg/
2.  http://en.wikipedia.org/wiki/RMS_Titanic

 

31 comments:

THS said...

ပြတိုက်ထဲ ကိုယ်တိုင် ဝင်ကြည့်လိုက်ရ သလိုပါပဲ ..။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

နောက်ဘာများဆက်ဖြစ်ဦးမလဲလို့ သိချင်လိုက် မြတ်ရေ..

ခင်တဲ့
ဝသုန်

လွင်ပြင်လှိုင်းငယ် said...

ဝတ္တုတိုလေး အားပေးဖတ်ရှု့သွားပါတယ်

လေးစားအားပေးလျက်

လွင်ပြင်လှိုင်းငယ်

သူရိန် said...

စောင့်ဖတ်ရကျိုး နပ်ပါတယ် မြတ်ရေ.
အချစ်ဝတ္တုလေးကို သဘောကျတယ်။
ဘာတွေဆက်ဖြစ်ဦးမလဲ သိချင်မိတယ်။

မသန်းသန်း said...

ဝတ္တုကောင်းလေး ဖတ်သွားပါတယ် ဆရာမ။

Aung Thura Htet said...

ဆရာမလေးရေ .. အားမရဘူး .. အကြောင်းအရာ၂ခုကို အတင်းဆွဲထပ်ထားသလို ခံစားရတယ် ..

Aung Thura Htet

သန့်ဇင် said...

ကောင်းပါတယ်...ထပ်ကြိုးစားပါ....

မောင်သီဟ said...

မနေ့ညကတည်းကဖတ်ဖြစ်တာ
အခုမှမန့်ဖြစ်တား)
မြန်မာပြည်တနေရာကနေ ဘလော့လည်ရတာ လွယ်ပါဖူးဗျာာ

Anonymous said...

ရေးထားတာလေးက စိတ်ဝင်စားဖို့ကောင်းပါတယ် . . . . နောက်ထပ် ပို့စ်လေးတွေ မျှော်လျှက်ပါခင်ဗျာ

ဘူဇွာ ကဗျာဆရာ

Lps said...

ခပ်အေးအေးလေးနဲ့ စာဖတ်သူရဲ့ရင်ကို အတွေးလေးတွေ
ကျန်ခဲ့အောင် ရေးသားနိုင်တယ်။ စိတ်ဝင်စားစွာဖတ်သွား
ပါတယ်...။
အစဉ်အမြဲလေးစားလျှက် (လွမ်းပိုင်ရှင်)

Anonymous said...

မမြတ်က ဘယ်လို အကြောင်းအရာကိုပဲဖြစ်ဖြစ် ၀တ္ထုရအောင်ဖွဲ့တတ်တယ်နော်။ ရေးရင်လည်း နူးနူးညံ့ညံ့ ဆွတ်ဆွတ်ပျံ့ပျံ့။ ကြိုက်တယ်ဗျာ။ ဒီဝတ္ထုထဲက ဇာတ်ကောင်လေးတွေကိုလဲ သဘောကျမိတယ်။

ဧဒင်အချစ်ပုံပြင် said...

စာဖတ်ရင်းစိတ်တွေစာထဲရောက်သွားပါတယ်နောက်လည်းများများရေးနိုင်ပါစေဗျာ......

Ye Lin Myat said...

တော်တော်လေး ကြိုးစားပြီး ထိန်းရေးထားတာကို တွေ့တယ်။ ဇာတ်လမ်းလေးက သပ်သပ်ရပ်ရပ် ရှိပါတယ်။

mstint said...

ဇာတ်လမ်းအဆုံးအထိ ဆွဲခေါ်သွားတယ် မြတ်ရေ။ ဇာတ်အိမ်ဖွဲ့တာလေး အချိုးကျတယ် ဆိုရမလား အဆင်ပြေတယ်ပြောရမလား ဖတ်လို့တော့ကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Unknown said...

အားပေးသွား ပါတယ် ခင်မျာ..
အရေးအသားကောင်းသလို
ရေးအားလည်း ကောင်းတာမို့
ဖတ်ကတာအရသာရှီ တယ်ဗျို့..

(ဒုတိယ)

ထော်ဦး said...

အစ်မမြတ်ရေ…
အရေးအသား ချောမွေ့ နူးညံ့နေလို့ လားမသိပါဘူး။
အဓိက ဇာတ်ကောင်နဲ့ အတူ ပြတိုက်အတူတူလိုက်ပြီး
ပြတိုက်ထဲက အလစ်သုတ်လို့ ရတာလေးကို အလစ်သုတ်လိုက်ပါတယ်။
ဒီဇာတ်က လုံးချင်းဝတ္ထုရှည်လိုပဲ ခံစားရပါတယ်။
လုံးချင်းရေးတဲ့လက်မို့  လုံးချင်းရေးဖြစ်ရင်လည်း
လက်မှတ်ထိုးပေးဖို့ မမေ့လိုက်ပါနဲ့ …
ခင်တဲ့
ထော်ဦး

ထွန်းရန်နိုင် said...

ဝတ္တုလေးကို သေသေချာချာ ထပ်ဖတ်ပြီး ကော်မန့်လာပေးတာပါ။ အရမ်းကိုကောင်းပါတယ်။ ဖြစ်နိုင်ရင် အချစ်ဦးကိုပါ ဖတ်စေချင်မိတယ်။ သူ ဖတ်မလားတော့ မသိဘူး။ ကူးပြီး အီးမေးလ်တော့ ပို့လိုက်ပြီ။ ကျေးဇူးတင်ပါတယ်။

ဖြိုးဇာနည် said...

ကျွန်တော်တော့အတော်လေးမြောပါသွားတယ်
လှလှလေးနဲ့ ဆင်သွားတာကိုသဘောကျတယ်
တကယ်ကို ဝထ္ထုကောင်းလေးတွေပါပဲ့အဟောင်း
တွေကိုလဲအချိန်လုပြီးလာဖတ်ချင်သေးတယ်
ခင်တဲ့
ဖြိုးဇာနည်

သူကြီးမင်း (တုံးဖလား) said...

အင်း...
ဒီလို ပို့စ်လေးတွေ ဖတ်ပြီး ပေါကြောင်ကြောင်သာ ရေးတတ်တဲ့ ကိုယ့်ကိုကိုယ်တောင် နဲနဲ အပြစ်တင်ချင်လာမိတယ်။ ဒါပေမဲ့ ဆက်ပေါနေရဦးမယ် ထင်ပါ့။း)

မင်းမုန်းတဲ့သူ said...

ဝထ္ထုတိုလေးဖတ်သွားပါတယ်အစ်မ၊ ရေးထားတာလေးကောင်းတယ်၊

Anonymous said...

Nice Idea and Nice Novel. Great Presentation! Keep It Up!

U.K

နတ်ကလေး said...

ဘယ်လောက်လှတဲ့ အချစ်ဝတ္တုလေးလဲ။

ကြည်ဖြူခင်ခင် said...

မ ရေ.. မ ၀တ္ထုတိုလေးက တကယ်ကောင်းတယ်သိလား.. ညလေးလဲ မလို ၀တ္ထုတိုလေးတွေ ရေးချင်မိတယ်.. အားပေးနေလျက်ပါ မ..

ရင်ဆူး said...

ကောင်းတယ်ဗျာ...နောက်ဘာဆက်ဖြစ်မယ်ဆိုတာ သိချင်လိုက်တာ....ဆက်ရေးပါဦးနော်.....အားပေးနေတယ်....

ကြောင်အော် said...

ငါ ဖတ်သွားတယ် မိမြတ်။ ကောင်းတယ်ဆိုတာ ပြောဖို့မလိုတော့ဘူးနော်။

ကိုရင် said...

အင်း..ဖတ်ပြီးတစ်ခု တွေးမိတယ်..
ကိုယ်တွေ့များ ဖြစ်နေမလားလို့ပါ :D

ဆက်လက်ချီတက်နိုင်ပါစေ

Unknown said...

ဝတ္ထုလေး ခံစားသွားတယ် နွယ်
ဒါမဲ့ သိပ်အားမရဘူးကွာ
အဆက်အစပ်မရှိတာကို တမင်ဖန်တီးထားသလို ခံစားရတယ်... ထိန်းရေးသွားလို့ တစ်ပုဒ်ဖြစ်သွားတာလို့ ယူဆတယ်...
ရေးအားကို ကြိုက်ပေမယ့် အကြောင်းအရာ ချိတ်ဆက်ပုံကို သိပ်အားမရဘူး... :D

ချစ်တဲ့
နော်

Unknown said...

နွယ် ရေ
လည်လည်လာရင်း စာဖတ်သွားတယ်
သိပ်တော့အားမရဘူးကွာ...
ရေးအားကို ကြိုက်ပေမယ့် အကြောင်းအရာ ချိတ်ဆက်သွားပုံကို သိပ်အားမရဘူး...
:D

3rdthameetaw said...

အရမ်းကောင်းတာပဲ..ကိုယ်တိုင်တောင်မှ
အဲလိုအချစ်ဇာတ်လမ်းမျိုးလေးကြုံဖူးချင်လိုက်တာ
ဟက်ဟက်..ရန်ခုန်သွားတယ် သိလား..

ဆောင်းသဇင် said...

လာရောက်အားပေးသွားတယ်ခည
ကောင်းပါတယ်

Aung Kyaw Zeya said...

ဇတ်လမ်းတိုလေးတစ်ပုဒ်။ကောင်း၏။ မြတ်ရေဖြစ်နိုင်ရင်ဆက်ရန်လေးကိုဖတ်ချင်ပါတယ်။ကြိုးစားပေးပါ။မြတ်ကတော်တယ်။ဘာဖြစ်လို့လဲဆိုတော့ တိုက်တန်းနစ်ဇတ်ကားရုံနှစ်ခါတင်သလို ဒီဝတ္ထုလေးကိုလည်းနှစ်ပိုင်းခွဲရေးမဲ့အစီအစဉ်လေ။ :)