Saturday 12 May 2012

မလွယ်ပါဘူး

အဲသည့်နေ့တုန်းက အဆောင်အခန်းကျဉ်းကျဉ်းလေးထဲမှာ ပူလောင်အိုက်စက်စွာ နေ နေရလိမ့်မယ်လို့ ဘယ်လိုလုပ် ကျွန်တော်ထင်ခဲ့မှာလဲ ။ ပြီးတော့ တနေကုန် အပြင်ဖက်က စပီကာသံကြီးတွေကို နားစွင့်ပြီး ဆိုင်ကယ် လီဗာသံတွေကိုပဲ နားဆင်နေခဲ့ရတာ။ တကယ်ကို ကြေကွဲခဲ့ရတဲ့ သင်္ကြန်ရက်တစ်ရက်ပါပဲဗျာ။

ကျွန်တော် ဒီအကြောင်းတွေကို ရင်ဖွင့်သင့်လား စဉ်းစားနေတာကိုက ကြာလှပြီ။ ကျွန်တော် ရင်ဖွင့်လိုက်ရင် ကိုယ့်ပေါင်ကိုလှန်ထောင်းသလို ဖြစ်မှာ စိုးရိမ်တယ်။ ပြီးတော့ ဆွမ်းဆန်ထဲ ကြွက်ချေးရောတာကို ဝါးလုံးရှည်နဲ့ သိမ်းပြီး ရမ်းနေတယ်လို့ ထင်သွားကြမှာလည်း ဆိုးတယ်။ ကျွန်တော်ဆိုတဲ့သူကလည်း ကျွန်တော်ပါပဲ။ ကိုယ့်ကိုထိပြီထင်ရင် လုံးဝကို ခံတတ်တာမဟုတ်။ ဆတ်ဆတ်ထိမခံဆိုတာ ကျွန်တော်လို လူမျိုးကို ပြောတာ။ ကိုယ့်ကိုကြောတယ်ထင်လို့ကတော့ ပက်ကနဲနေအောင် ပြန်ပြောပစ်လိုက်တာချည်းပဲ။ အဲဒီအကျင့်ဆိုးတွေကြောင့်လည်း နေရာတိုင်းမှာ လူတိုင်းနဲ့တည့်တယ်ဆိုတာက ခပ်ရှားရှား။ ဘယ်နေရာမှာမဆို ကျွန်တော်နဲ့ မတည့်တဲ့သူ၊ ကျွန်တော် ကြည့်မရတဲ့သူက ရှိကို ရှိတယ်။ ကျွန်တော်က အလုပ်သင်ဆရာဝန်ဆိုတော့ သူနာပြုဆရာမတွေတစ်ချို့နဲ့  မတည့်ဘူးဆိုတာလည်း သိပ်တော့ ထူးဆန်းမယ် မထင်ပါဘူးလေ။

အခုလည်း ကျွန်တော် ဆေးရုံမှာ ဆရာမတစ်ချို့နဲ့ ကတောက်ကဆ ဖြစ်ခဲ့ရတဲ့အကြောင်းလေးကို ပြန်ပြောပြချင်လို့ပါ။


***

“ဟင် ..Cannula မထိုးထားရသေးဘူးပဲ”
“ဆရာမ တစ်ယောက်ကို သွားခေါ်ပြီး Cannula ထိုးခိုင်းလိုက်ပါ”

အဲဒီညက သင်္ကြန် ဒုတိယ အကြတ်နေ့ည။ ကျွန်တော်က ခွဲစိတ်ဆောင် ၁မှာ တာဝန်ကျတယ်။ လူနာတွေကို လိုအပ်တဲ့ဆေးတွေ လိုက်ထိုးပေးနေတုန်း လူနာတစ်ယောက်မှာ Cannula ထိုးထားတာ မတွေ့ရဘူး။ ဒါနဲ့ လူနာစောင့်ကို ဆရာမတစ်ယောက်ယောက်ခေါ်ပြီး ထိုးခိုင်းဖို့ ပြောလိုက်တယ်။

Cannula ဆိုတာက အကြောဆေးတွေ သွင်းဖို့လိုလာရင် ထပ်ကာထပ်ကာ အကြောရှာပြီး အပ်ပြန်စိုက်နေစရာ မလိုအောင် ဆေးသွင်းဖို့ ပိုက်ခေါင်းလေးပါတဲ့ အပ်တစ်မျိုးကို ပြောတာ။  လူနာတွေ တော်တော်များများက သောက်ဆေးနဲ့ မရတော့တဲ့အချိန် ရောဂါရင့်ကာမှ ဆေးရုံကို ရောက်လာတတ်ကြတာ များတယ်။ အဲဒီတော့ ဆေးရဲ့အာနိသင် မြန်မြန်ရောက်အောင် ကျွန်တော်တို့က အကြောထဲ ဆေးသွင်းလေ့ ရှိတယ်။ ပိုးသတ်ဆေးဖြစ်ဖြစ်၊ ဆီးဆေးပဲ ဖြစ်ဖြစ်ပေါ့။ အဲလို လိုအပ်တိုင်း အကြောပြန်ရှာနေရမယ်ဆို ကသီတယ်။ တစ်ခုခု ရှော့ခ်ဖြစ်တဲ့ လူနာကို အရေးပေါ်ဆေးသွင်းဖို့ လိုတဲ့အချိန် အကြောပြန်ရှာနေရရင် မကုန်သင့်တဲ့ အချိန်ကုန်တယ်။  အဲဒီတော့ Cannulaလေး တစ်ခါထိုးထားပြီးရင် လိုအပ်ရင် လိုအပ်သလိုမျိုး ပိုက်ခေါင်းလေးမှာ ဆေးပိုက်တပ်ပြီး ဆေးသွင်းလိုက်ရုံပဲ။

“စောစောက ခေါ်ထားတယ်။ မလာသေးတာ”
လူနာစောင့် ပြန်ပြောတဲ့ စကားကို နားထောင်ပြီး ကျွန်တော် မျက်မှောင်ကျုံ့မိတယ်။ စောစောကပဲ ဆရာမတွေ နားနေခန်းရှေ့က ဖြတ်လျှောက်လာခဲ့တာပါ။ အလုပ်ရှုပ်နေပုံ မပေါက်ပါဘူး။ တကယ်လို့ ဒါဟာ ဖျားနာဆောင်ဆိုလည်း ကျွန်တော် ထိုးပေးပါတယ်။ ဖျားနာဆောင်မှာက ဒါဟာ အလုပ်သင်ဆရာဝန်တွေ လုပ်ရကိုး။ ခွဲစိတ်ဆောင်မှာကျတော့ ဆရာမတွေ လုပ်ပေးရတာ။ ဆရာမတွေကို ကျော်ပြီး လုပ်မပေးချင်တာရယ်၊ ကိုယ့်တာဝန်ကို ကိုယ်တိုင်ပဲ လုပ်စေချင်တာရယ်ကြောင့် လူနာစောင့်ကို နောက်တစ်ခေါက် ထပ်ခေါ်ခိုင်းလိုက်တယ်။ ပြီးတော့ သူပြန်လာတာကို စောင့်ရင်း တခြားကုတင်မှာ ဆေးသွားထိုးနှင့်နေလိုက်တာ။

အော်.. ဆရာဝန်ပေါက်လေးတွေက Cannulaတောင် မထိုးတတ်ကြပဲကိုး ..

တခြားကုတင်မှာ ဆေးထိုးပေးနေတုန်းက ခပ်လှမ်းလှမ်းကနေ မကြားတကြားပြောနေတဲ့ အသံကြားလို့ လှည့်ကြည့်လိုက်တယ်။ စောစောက လူနာကို Cannula ထိုးပေးနေတဲ့ ဆရာမတစ်ယောက်။ အသက်က ၄၀ ဝန်းကျင်လောက် ရှိပုံရပြီး ထဘီအပြာဝတ်။ ပွစိပွစိ ပြောနေတဲ့ သူ့နှုတ်ခမ်းဆို ဆေးဆိုးထားတဲ့အရောင်က အနီရောင်ရဲရဲ။ ဆရာမနှယ့် အသက်အရွယ်နဲ့ လိုက်ဖက်အောင် ပြင်ဆင်မယ် မရှိဘူးလို့ စိတ်မှာ တစ်ချက်ဖြစ်လိုက်ပြီး သူပြောတာကို မကြားချင်ယောင် ဆောင်ပေးလိုက်တယ်။ ကိုယ့်အကြောင်းကို သိလို့ကို တမင်သက်သက် ရှောင်နေလိုက်တာ။

“Cannulaတောင် မထိုးတတ်သေးဘူး။ အလုပ်သင်ကတော့ ဖြစ်နေပြီ”
ကျွန်တော် မကြား ကြားအောင် တမင်သက်သက် အသံမြှင့်ပြောတယ် ထင်ပါတယ်။ သူ့အသံကို ပီပီသသ ကြားလိုက်ရတယ်။ လူနာတွေ ရှေ့မှာမို့ ဒီလိုပြောရမလားဆိုပြီး စိတ်ထဲ ထောင်းခနဲ ဖြစ်သွားတယ်။ ဒါနဲ့ တခြားကုတင်မှာ ဆေးထိုးပေးနေတဲ့ သူငယ်ချင်းကို လှမ်းအော်မေးလိုက်တယ်။

“ဟိတ်ရောင်.. ဒီမှာ ငါတို့ Cannula ထိုးပေးစရာ လိုလား”
“ဟင့်အင်း ဖျားနာဆောင်မှာပဲ လိုတာလေ”
ခေါင်းယမ်းပြရင်း သူငယ်ချင်းက လှမ်းအော်ဖြေလိုက်တယ်။ အဲဒီမှာ အဲဒီဆရာမက

“ကြုံရင် ကြုံသလို လုပ်ပေးနေကြပဲလေ ”တဲ့။

သူ့စကားအရဆို ကျွန်တော်တို့ လမ်းကြုံနေတာတောင် တမင်သက်သက် ကပ်တွက်နေတယ်ဆိုတဲ့ သဘောပေါ့။ တကယ်ဆို ကျွန်တော်တို့က ကြုံရင်ကြုံသလို သူတို့တာဝန်တွေ ကူညီပြီး လုပ်ပေးသလောက် သူတို့ဆို ကျွန်တော်တို့ကို ကူညီဖူးတာ မရှိပါဘူး။ အခုလည်း လူနာတွေ့ တမင်သက်သက် စကား လာကျောတာ။ အလုပ်သင် ဆရာဝန်လေးတွေ ငါတို့လောက် မတတ်ဘူးဆိုတဲ့ အချိုးမျိုး ချိုးချင်တာကိုး။ ကျွန်တော့် စိတ်ထဲ မကျေမနပ် ဖြစ်သွားတယ်။

တကယ်ဆို သူတို့တွေ အကြာကြီး သင်ယူထားရတွေကို ငါတို့ဆို ခဏလေးနဲ့တတ်တယ်။ ဆရာမတွေ ဘယ်လောက်တော်တော် ဆရာဝန်ဖြစ်လာမှာမှ မဟုတ်တာဘဲ။ အသက်အရွယ်ကို လေးစားမှုမရှိရင်တောင် ပညာကိုတော့ လေးစားရမှာပေါ့ ဆိုတဲ့ အတွေးတွေ ဝင်လာပြီး စိတ် တိုလာပါရော။

“အသက်တွေကဖြင့် အိုလို့ သေဖို့တောင် နီးနေပြီ”
“အခုထိ ကိုယ့်အလုပ်က ဘာလဲဆိုတာ မသိဘူး”
“အားရင် ဖုန်းပြောမယ်။ အတင်းအုပ်မယ်ဆိုတာချည်းပဲ”
“ကိုယ့်တာဝန် ဘာလဲဆိုတာ လေ့လာထားကြဦး”

လူနာဖိုင်ဖြည့်ရင်း အသံကို ခပ်ကျယ်ကျယ်လေးမြှင့်ပြီး ပြောပစ်လိုက်တော့မှ အဲဒီဆရာမလည်း ဖိနပ်ကို ခပ်ပြင်းပြင်းနင်းပြီး ထွက်သွားတော့တယ်။။ ကျွန်တော်တို့ကိုဆို လူနာတွေရှေ့မှာ အမြဲတမ်းနှိမ်ချင်တဲ့ သူ့ကို ပညာပေးလိုက်ရလို့ ကျေနပ်သွားတာတော့ အမှန်။ ဒါတောင် ဆရာဝန် နားနေခန်းပြန်တော့ အထဲမဝင်ခင် အပေါက်ဝမှာ အော်လိုက်သေးတယ်။

“ဟေ့ ငါတို့ အလုပ်သင်ထဲမှာ Cannula မထိုးတတ်တဲ့သူ ဘယ်သူရှိလဲကွ”
အသံကိုမြှင့်ပြီး သုံးခါလောက်ကို အော်ပြောပစ်လိုက်တယ်။ ဆရာမနားနေခန်းနဲ့ အလုပ်သင်ဆရာဝန်နားနေခန်းက မျက်စောင်းထိုးကိုး။ ကျွန်တော် အော်ပြောနေတာကို အတိုင်းသား ကြားမှာပေါ့။ ကျွန်တော်တော့ မျက်နှာကြီး စူပုပ်နေပြီး နှုတ်ခမ်းနီတွေနဲ့ နီရဲနေတဲ့ နှုတ်ခမ်းကို မဲ့ရွဲ့နေမယ့် သူ့ပုံကို မြင်ယောင်ပြီး ရီချင်လိုက်တာ။

***

အဲဒီညက ကျွန်တော့်ရဲ့ စိတ်ဆတ်မှုလေးတွေကြောင့်ပဲ အဲဒီဆရာမနဲ့ တခြားအဆင်မပြေတာလေးတွေ ဖြစ်လိုက်သေးတယ်။ မနက်ဖက် ဆရာဝန်ကြီးတွေ ဝေါင်းလှည့်ပြီးချိန်ရောက်တော့ ကျွန်တော် စိတ်ရော၊ လူပါ တအားပင်ပန်းနေခဲ့ပြီ။ အဆောင်ကို ပြန်ရောက်တော့ ၁၁နာရီ။ သူငယ်ချင်းတွေနဲ့ အတက်နေ့ သင်္ကြန်နောက်ဆုံးရက်မို့ အတူတူလည်ဖို့ စီစဉ်ထားခဲ့ပေမယ့် မလိုက်နိုင်တော့ဘူး။ ကျွန်တော် စိတ်ရော၊လူပါ နားဖို့ လိုအပ်နေခဲ့တယ်။ ဒီလိုနဲ့ တနေကုန် အခန်းအောင်းရင်း ဟိုဆရာမကို အပြစ်တင်နေမိတယ်။ ဟုတ်တယ်လေ။ သူနဲ့သာ အဲလိုကတောက်ကဆတွေ မဖြစ်ခဲ့ရင် တစ်ညလုံး အဆင်ပြေရင် အဆင်ပြေနေမှာပေါ့။ အခုတော့ ပြသနာကို သူက စမွှေလို့ တစ်ညလုံး ဟိုလွဲ ဒီချော် ဟိုဟာအဆင်မပြေ ဒီဟာမှား ဖြစ်ခဲ့ရတာ။ တကယ်ကို အမှတ်တရ အကြတ်နေ့ညပါပဲ ဗျာ။

ပြောလို့သာ ပြောရတာ။ လုပ်ငန်းခွင်တွေမှာ အဆင်မပြေတာ၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ကတောက်ကဆဖြစ်တယ်ဆိုတာမျိုးက သိပ်တော့ ထူးဆန်းမယ် မထင်ဘူး။ မှတ်မှတ်ရရ ကျွန်တော် အလုပ်သင်ဆရာဝန်အဖြစ် ဟောက်စပြီး ဆင်းကာစကလည်း ဆရာမတစ်ယောက်နဲ့ ပြသနာတက်ဖူးသေးတယ်။ အဲဒီတုန်းက ဖျားနာဆောင်မှာ။ အဖြစ်အပျက်က ဒီလို။

***

“ဆရာ.. သူ့ကို ဘာကျွေးရမလဲဟင်။ စောစောတုန်းက ဗိုက်အောင့်တယ် ပြောနေလို့ ..”
အားကိုးတကြီး မေးလာတဲ့ လူနာစောင့်စကားကြောင့် သူ့ကိုပါ ဆေးမှတ်တမ်းတွေ ထားတဲ့ စားပွဲဆီခေါ်သွားပြီး လူနာရဲ့ ဆေးမှတ်တမ်းကို ခပ်မြန်မြန် ယူကြည့်လိုက်တယ်။ ဆရာဝန်ကြီးတွေ ဘယ်လိုညွှန်းထားလဲ သိမှ ကျွန်တော်က မှန်မှန်ကန်ကန် အကြုံပြုနိုင်မှာကိုး။

“ဟာ.. လက်အိတ်မချွတ်လဲ ဘာလို့ လူနာမှတ်တမ်းကို ကိုင်နေတာလဲ”

ဆရာမတစ်ယောက် အော်လိုက်တဲ့ အသံကြောင့် ကျွန်တော် ရုတ်တရက် လန့်သွားတယ်။ သူ ပြောမှ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့ သူပြောသလိုပဲ ကျွန်တော် လက်အိတ်ဝတ်ထားလျက်နဲ့ လူနာဆေးမှတ်တမ်းကို ဖတ်နေတာ။ လူနာအတွက် စိတ်လောပြီး ဆေးမှတ်တမ်းကို ခပ်မြန်မြန် ကောက်ကိုင်လိုက်မိတာ။ လူနာတွေကို ကိုင်မယ်ဆိုရင် လက်အိတ်စွပ်ရပြီး တခြားအရာတွေကို ကိုင်တွယ်ရင် လက်အိတ်ချွတ်ရတာ ကျွန်တော် သိပါတယ်။ တစ်ခါတစ်လေ အလျှင်လို်တဲ့ အခါမျိုးမှာတော့ အခုလိုမျိုး သတိလွတ်သွားတယ်။။ ဒါပေမယ့် ဒါကို ရေးကြီးခွင်ကျယ်လုပ်ပြီး လူနာရှေ့မှာ လာအော်ပြောတော့ ကျွန်တော့်စိတ်က ထောင်းခနဲ တိုပါရော။

“လက်အိတ်ဝတ်ထားပြီး လူနာမှတ်တမ်းကို ကိုင်တော့ ဘာဖြစ်လို့လဲ ဆရာမ”
မသိချင်ယောင်ဆောင်ပြီး တမင်သက်သက်ကို မေးပစ်လိုက်တယ်။

“အဲလို ကိုင်မှာတော့ လူနာတွေဆီက ရောဂါပိုးတွေ ပါလာပြီပေါ့”
လူနာစောင့်တစ်ယောက်လုံးပါလာတာတောင် အားနာရမှန်း မသိ ပြောလာတဲ့ သူမကို ကျွန်တော် စိတ်တိုတာ မမှားဘူးလို့ ယုံတယ်။ သူက လူနာစောင့် ရှေ့တောင်မရှာင် ကဂျီကဂျောင် လာလုပ်နေတာကိုး။

“ဆေးရုံထဲမှာ အလုပ်လုပ်တဲ့ သူဖြစ်နေပြီး ဒီလောက်လေးကို ကြောက်နေသေးတယ်”
“အရေးကြီးရင် ကြီးသလို ကိုင်ရမှာပဲလေ”
ကျွန်တော် ပြောလိုက်တဲ့ စာကားဟာ  မှားနေမှန်း သိပေမယ့် စိတ်ပေါက်ပေါက်နဲ့မို့ ပြောချလိုက်တယ်။

“ဟာ မရဘူး။ နောက်တစ်ခါဆို ဘယ်တော့မှ မကိုင်နဲ့”
အထက်စီးကနေ အမိန့်ပေးပြီး ချာကနဲ လှည့်ထွက်သွားတဲ့ သူမကို ကြည့်ရင်း သက်ပြင်းချမိတယ်။

မှတ်မိသေးတယ်။ ဒီဆေးရုံကို ရောက်စက ဖျားနာဆောင်မှာ တာဝန်ကျနေတုန်း ဒီဆရာမနဲ့ ကျွန်တော်တို့ အုပ်စု ပြသနာတစ်ခု ကြုံခဲ့ဖူးတယ်။ အဲဒီနေ့က ဖျားနာဆောင်က လူနာတော်တော်များများက ဆေးရုံစတက်တဲ့နေ့။ အဲဒီတော့ လူနာတွေနားမှာက ဆေးမှတ်တမ်းဖိုင်တွေ ရှိမနေသေးဘူး။ ကျွန်တော်တို့အုပ်စုက လူနာတွေကို သွေးပေါင်ချိန်တိုင်းပြီး ရလဒ်တွေကို စာရွက်လေးတွေမှာ ချမှတ်လာခဲ့တာပေါ့။ ပြီးတော့ ဆေးမှတ်တမ်းဖိုင် အသစ်တွေကို ယူပြီး ပြန်ဖြည့်ဖို့ လုပ်ရတယ်။ ဆေးမှတ်တမ်းဖိုင်တွေကို  နီးနီးနားနားမှာ ရှိတဲ့ ဆရာမတွေ စားပွဲပေါ်မှာ ချပြီး ရလဒ်တွေ ဖြည့်နေတုန်း အဲဒီဆရာမက ဘီလူးသိုင်းကွက်နင်းပါရော။

“ဟာ ဒီဖိုင်တွေကို ဘာလို့ စားပွဲပေါ် တင်တာလဲ။ ရှုပ်လိုက်တာ။ ခုချက်ချင်းပြန်ထား”
အလုပ်သမားတစ်ယောက်ကို ခိုင်းစေတဲ့ လေသံမျိုးနဲ့ အော်ပြောလိုက်တဲ့သူ့ကို ကျွန်တော်တို့အုပ်စုက ယောင်ပြီး မော့ကြည့်နေခဲ့တာ။ ကျွန်တော်တို့တွေ ယောင်နေတုန်း “အာ ကြာလိုက်တာ။ လူနာတွေ ဆီကနေ ရောဂါပိုး ကူးတော့မှာပဲ။ ခုချက်ချင်း ရှင်း” ဆိုပြီး ဖိုင်တွေကို လက်နဲ့ တွန်းထုတ်ပစ်ခဲ့ဖူးတယ်။


အဲဒီတုန်းက ဘာမှ ပြန်မပြောဖြစ်ပေမယ့် ဒီတစ်ခေါက်မှာတော့ တစ်ခုခု ပြောသင့်တယ်လို့ ထင်တယ်။ ဒါကြောင့်လည်း လူနာတွေကို ဆေးထိုးပေးပြီးတော့ ဆရာမ နားနေခန်း ဆီသွားပြီး သူမနဲ့ စကားပြောဖြစ်ခဲ့တယ်။

“ဘာလို့ ရောဂါကူးမှာ ကြောက်နေတာလဲ ဆရာမရဲ့။ ဆေးရုံမှာ သူနာပြုလုပ်နေပြီး ဒီလောက်လေးကို ကြောက်နေတယ်”

ကျွန်တော့်မေးခွန်းကို သူမက ပက်ခနဲ ပြန်ဖြေတယ်။

“အို လက်အိတ်ချွတ်ရမှာ ချွတ်ရမှာပဲ။ မဟုတ်ရင် အကုန် ကူးကုန်မှာပေါ့”
သူမရဲ့ သေးငယ်တဲ့ မျက်ဝန်းမှာ မကျေနပ်တဲ့ အရိပ်အယောင်တွေက တဝင်းဝင်းတောက်လို့။

“ကူးကူး မကူးကူး။ အရေးကြီးရင် ကြီးသလို ကိုင်ရမှာပဲ။ တကူးတက လက်အိတ်ချွတ်မနေနိုင်ဘူး”
ဒီလောက်တောင် ရစ်ရလား ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ကျွန်တော်ပြောလိုက်တော့
“ဒီ ဆရာဟာလေ.. ပြောလို့ ဆိုလို့ကို မကောင်းဘူး”တဲ့။

ကျွန်တော်လည်း ကောင်းကောင်းနှိပ်ကွပ်ဖို့ အကွက်တွေ့ပြီဆိုပြီး ရှက်ရှက်နဲ့ပဲ စကားတစ်ခွန်းပြောရင်း အနိုင်နဲ့ ပိုင်းပစ်ခဲ့တယ်။

“ပြောလို့ ဆိုလို့ ကောင်းရအောင် ကျွန်တော်က ဆရာမ ယောင်္ကျားမှ မဟုတ်တာ”
အဲဒီတုန်းက ပြောပြီးပြီးချင်း ချက်ချင်းလှည့်ထွက်ခဲ့ပေမယ့် ဝိုင်းစက်သွားနဲ့ မျက်လုံးအစုံနဲ့ အီလည်လည်ဖြစ်သွားတဲ့ သူမမျက်နှာကြီးကို မြင်ဖြစ်အောင် မြင်ခဲ့လိုက်သေးတယ်။


***

တစ်ခါတစ်လေ  ကျွန်တော် တွေးမိတယ်။ အလုပ်သင် ဆရာဝန်ဘဝဟာ တကယ်ကို မလွယ်ဘူး။ ပညာလည်း တတ်အောင်သင်ရ၊ လူနာတွေနဲ့ အဆင်ပြေအောင် နေထိုင်ရနဲ့။ သဘောကောင်းပြီး ကူညီတတ်တဲ့ ဆရာမတွေနဲ့တွေ့ရင် အဆင်ပြေ ချောမွေ့ပြီး စိတ်ချမ်းသာရသလောက်၊ သဘောမကောင်းတဲ့ ဆရာမအချို့နဲ့ ထိပ်တိုက်တွေ့ရတဲ့အခါမျိုးမှာ တကယ်ကို မလွယ်တာ။

နောက်ဆုံးတော့ ပြောနေကြ စကားလေးအတိုင်းပေါ့ ဗျာ။ မလွယ်ပါဘူး။ အလုပ်သင်ဆရာဝန်ဘဝဟာ တကယ်ကို မလွယ်ပါဘူး။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

References

 

1. http://ummdy.org 
2. http://en.wikipedia.org/wiki/Cannula

40 comments:

Anonymous said...

အဆုံးသတ် ပြောဆိုပုံလေးကို သဘောကျမိတယ်ဗျာ . .

ဟုတ်တယ်ဗျာ . . လူလောကမှာ ဘယ်အရာပဲ ဖြစ်ဖြစ် ဘယ်နေရာပဲ ဖြစ်ဖြစ် လွယ်ကူတယ်ဆိုတာတော့ မရှိဘူးး)

အားလုံး သူ့အခက်အခဲနဲ့ သူချည်းပဲ မဟုတ်လားဗျ . .

ဘာပဲ ဖြစ်ဖြစ် အခက်အခဲလေးတွေရဲ့ အကြောင်းကို ပြုံးမိအောင် ရေသွားနိုင်တဲ့ မနွယ်ကိုတော့ ကျနော် ချီးကျူးပါတယ် ။

ဒီတခါတော့ စာဖတ်ရတာ အရမ်းချောမွှေ့နေတယ်း) မထောက်တော့ဘူးး)

ခင်မင်စွာဖြင့်
ဘူဇွာကဗျာဆရာ

Bmax said...

ကျွန်တော်......အလုပ်ထဲမှာဆိုရင်တော့..အဲဒီလိုမျိုး..မလုပ်မိဘူး..

အဆင်မပြေတဲ့အခါတွေတော့ရှိပါတယ်...ဒါပေမယ့်.
ဘာလို့လဲတော့မသိဘူး..အစပိုင်းအဆင်မပြေပေမယ့်.
နောက်ပိုင်း..ကျွန်တော်အကူအညီတောင်းရင်လုပ်ပေးပါတယ်...

ဆရာဝန်ဆိုတဲ့မာန်ကမရှိသင့်မှန်းသိပေမယ့်.တစ်ခါတစ်လေတော့..........
leading role နေရာမှာနေနေရသူတစ်ယောက်အတွက်............အမိန့်ဆန်ဆန်ခိုင်းစေတတ်ရပါတယ်.

ဖျားနာဆောင်မှာ...HIVလူနာတစ်ယောက်..မနက်ခင်းတည်းက ..သွင်းရမယ့်ဆေးတွေ..ညနေအထိမသွင်းရသေးဘူး..........သူ့ရောဂါက ကုလို့မပျော်ကပေမယ့်.အားဆေးတွေ.ပုလင်းနဲ့ချိတ်ပေးနေရတာပါ..
မနက်ဂျူတီသမားတွေက..ညနေဂျူတီကိုလွှဲခဲ့တယ်.............ဆရာမကို ..ကိုယ်တိုင်ခေါ်ပြီး..canulaစိုက်ပေးဖို့ပြောတယ်........လာခဲ့မယ်ဆိုပြီးမလာဘူး..ကျန်တဲ့လူနာတွေပတ်ကြည့်ပြီးတစ်ခေါက်ပြန်သွားချိန်မှာ..ဒီလူနာမထိုးရသေးဘူး......လူနာရှုင်ကိုလည်းခေါ်ခိုင်းတယ်........
၎ .၅ ခါလောက်ရှိမယ်..
လူနာက HIVဖြစ်နေတာရယ်...အရမ်းပိန်တဲ့သူဖြစ်နေတာရယ်..ကျွန်တော်canula တစ်ခါမှမစိုကဖူးသေးတာရယ်ကြောင့်မို့ဆရာမကိုပဲခေါ်ခိုင်းတာပါ..

ကျွန်တော်တို့ duty ထွက်ခါနီးထိ ..ဘာမှမလုပ်ရသေးတော့အရမ်းစိတ်တိုသွားခဲ့တယ်..မရရင်ကိုယ်တိုင်စိုက်မယ်ဆိုပြီး..စိုက်ခဲ့တာ..
တစ်ချက်တည်းနဲ့ပဲရသွားခဲ့တယ်.
သူမက ကျွန်တော့်ရဲ့ ပထမဆုံး.. canula အောင်မြင်ခဲ့တဲ့.လူနာပါ...HIV လူနာပေါ့.

ကျွန်တော်လာ..မကူညီပေးတဲ့ဆရာမကို ကျေးဇူးတင်တယ်...သူလာကူညီခဲ့ရင်..
ကျွန်တော်..အဲဒီအခက်အခဲကိုတစ်ယောက်တည်းဖြတ်သန်းဖူးမှာမဟုတ်ဘူး.

နောက်တစ်ခေါက်ကတော့..ကျွန်တော်...လုံးဝထိုးမရတဲ့လူနာပါ..
canula ၂ ချော်ငးနဲ့.အကြောလုံးဝရှာမရ..တဲ့လူနာ..
သူလာမကူခဲ့ဘူး.

နောက်ဆုံးခြေထောက်မှာစိုက်ပေးခဲ့တယ်.
အခု canula မစိုက်ရတာကြာပြီ.........................
ဖျားနာဆောင်မှာ canula စိုက်လို့ အောင်မြင်တဲ့ အရသာက ..မပြောပြတတ်ပါဘူး.............
ကျွန်တော်သူတို့ကို ကျေးဇူးတင်ပါတယ်

Bmax said...

ကျွန်တော်......အလုပ်ထဲမှာဆိုရင်တော့..အဲဒီလိုမျိုး..မလုပ်မိဘူး..

အဆင်မပြေတဲ့အခါတွေတော့ရှိပါတယ်...ဒါပေမယ့်.
ဘာလို့လဲတော့မသိဘူး..အစပိုင်းအဆင်မပြေပေမယ့်.
နောက်ပိုင်း..ကျွန်တော်အကူအညီတောင်းရင်လုပ်ပေးပါတယ်...

ဆရာဝန်ဆိုတဲ့မာန်ကမရှိသင့်မှန်းသိပေမယ့်.တစ်ခါတစ်လေတော့..........
leading role နေရာမှာနေနေရသူတစ်ယောက်အတွက်............အမိန့်ဆန်ဆန်ခိုင်းစေတတ်ရပါတယ်.

ဖျားနာဆောင်မှာ...HIVလူနာတစ်ယောက်..မနက်ခင်းတည်းက ..သွင်းရမယ့်ဆေးတွေ..ညနေအထိမသွင်းရသေးဘူး..........သူ့ရောဂါက ကုလို့မပျော်ကပေမယ့်.အားဆေးတွေ.ပုလင်းနဲ့ချိတ်ပေးနေရတာပါ..
မနက်ဂျူတီသမားတွေက..ညနေဂျူတီကိုလွှဲခဲ့တယ်.............ဆရာမကို ..ကိုယ်တိုင်ခေါ်ပြီး..canulaစိုက်ပေးဖို့ပြောတယ်........လာခဲ့မယ်ဆိုပြီးမလာဘူး..ကျန်တဲ့လူနာတွေပတ်ကြည့်ပြီးတစ်ခေါက်ပြန်သွားချိန်မှာ..ဒီလူနာမထိုးရသေးဘူး......လူနာရှုင်ကိုလည်းခေါ်ခိုင်းတယ်........
၎ .၅ ခါလောက်ရှိမယ်..
လူနာက HIVဖြစ်နေတာရယ်...အရမ်းပိန်တဲ့သူဖြစ်နေတာရယ်..ကျွန်တော်canula တစ်ခါမှမစိုကဖူးသေးတာရယ်ကြောင့်မို့ဆရာမကိုပဲခေါ်ခိုင်းတာပါ..

ကျွန်တော်တို့ duty ထွက်ခါနီးထိ ..ဘာမှမလုပ်ရသေးတော့အရမ်းစိတ်တိုသွားခဲ့တယ်..မရရင်ကိုယ်တိုင်စိုက်မယ်ဆိုပြီး..စိုက်ခဲ့တာ..
တစ်ချက်တည်းနဲ့ပဲရသွားခဲ့တယ်.
သူမက ကျွန်တော့်ရဲ့ ပထမဆုံး.. canula အောင်မြင်ခဲ့တဲ့.လူနာပါ...HIV လူနာပေါ့.

ကျွန်တော်လာ..မကူညီပေးတဲ့ဆရာမကို ကျေးဇူးတင်တယ်...သူလာကူညီခဲ့ရင်..
ကျွန်တော်..အဲဒီအခက်အခဲကိုတစ်ယောက်တည်းဖြတ်သန်းဖူးမှာမဟုတ်ဘူး.

နောက်တစ်ခေါက်ကတော့..ကျွန်တော်...လုံးဝထိုးမရတဲ့လူနာပါ..
canula ၂ ချော်ငးနဲ့.အကြောလုံးဝရှာမရ..တဲ့လူနာ..
သူလာမကူခဲ့ဘူး.

နောက်ဆုံးခြေထောက်မှာစိုက်ပေးခဲ့တယ်.
အခု canula မစိုက်ရတာကြာပြီ.........................
ဖျားနာဆောင်မှာ canula စိုက်လို့ အောင်မြင်တဲ့ အရသာက ..မပြောပြတတ်ပါဘူး.............
ကျွန်တော်သူတို့ကို ကျေးဇူးတင်ပါတယ်

ဇေယျာ said...

ဒုက္ခရသ ကို ဟာသလေးတွေ ရောထားတာ။
ကောင်းမှကောင်း။

လေးစားစွာဖြင့်။

မင်းမုန်းတဲ့သူ said...

ဝထ္ထုလေးကမိုက်တယ်။ စကားပြောတာလေးတွေကတကယ်အသက်ဝင်တယ်မမမြတ်

သူရိန် said...

ဘရာဗို မြတ်။
ဒီဝတ္တုလေးအတွက် မြတ်ရဲ့ ကြိုးစားအားထုတ်မှုကို အံ့သြရပါတယ်။

Lps said...

ရေးသားထားတဲ့အဖြစ်အပျက်က ကိုင်တိုင်မဟုတ်ရင်တောင် သေချာကို အကွက်ကွက်ကျကျ အကွက်ချပြီးလေ့လာရေးသားထားပြီး အမောတွေကို ရယ်ပွဲဖွဲ့ဇာတ်တစ်ခုအဖြစ် အသွင်ပြောင်းနိုင်ခဲ့တယ်။ အရမ်းကိုချီးကျူးပါတယ် မမမြတ်ရေ.....
ခင်မင်လေးစားလျှက် (လွမ်းပိုင်ရှင်)

နတ်ကလေး said...

၂ဖက်မျှအောင် ထိန်းပြီး ရေးသွားနိုင်တာကို တကယ်ချီးကျူးမိတယ်။

ဒီတစ်ပုဒ်လည်း ဝတ္တုကောင်း သို့ အက်ဆေးကောင်း တစ်ပုဒ်ပါပဲ။

မသန်းသန်း said...

ဒိုင်ယာလော့တွေ အသက်ဝင်တယ်။ တစ်ချို့နေရာတွေ ဖတ်ရင်း ပြုံးမိတယ်။ ဝတ္တုကောင်းလေးမို့ ဖတ်ရတာ အရသာရှိလိုက်တာ။

Unknown said...

အလုပ်သင်ဆရာဝန်တစ်ယောက်ရဲ့ ဘ၀အမောလေးကို အတွေးကောင်းကောင်း အရေးထက်သွားလိုက်တာ ချီးကျူးပါတယ် နွယ်..
:)

ချစ်တဲ့
နော်

THS said...

အမှန်ပါပဲ ၊ တကယ်ကို မလွယ်ပါဘူး ...
ကျောင်းတော်ကြီးမှာ သင်ခန်းစာတွေ ပြီးဆုံးလို့ လက်တွေ့လုပ်ငန်းခွင် ဝင်စမှာ ဒီလို အခက်အခဲမျိုးလေးတွေဆိုတာ နယ်ပယ်အသီးသီးမှာ ရှိနေတတ်ကြပါတယ်၊ တင်ပြပုံလေး သဘောကျတယ် ..။

အဆင်ပြေပါစေ ။

Ye Lin Myat said...

ဒီအက်ဆေးလေးဖတ်ပြီး ကျွန်တော် ဟောက်ဆင်းတုန်းက အချိန်တွေကို သတိရမိတယ်။ အရေးအသား ပြေပြစ်လှပါတယ်။

မောင်မျိုး said...

ဆရာဝန် ဇတ်ကောင်လေးကို ကိုယ်ချင်းစာတယ် ဒါပေမယ့် သူ့ရဲ့ အသုံးနှုန်းတစ်ချို့ကိုတော့မကြိုက်ဘူးဗျ ဒီ့ထက် ပညာရှိနည်းလေးနဲ့ပြောဆိုသင့်တယ် သူက ဆရာဝန် ဟိုက သူနာပြုဆရာမ ဒီ့ထက်တုံ့ပြန်မှုကောင်းလေးတွေရှိမယ်ထင်ပါတယ် ။

သူများကိုသာ ပြောတယ် ကျနော့်တုန်းကကျတော့လည်း ဂလန်ကဆန် ပြန်လုပ်တာပါပဲး))

ပျိုးယုဝသုန် (Pyo Yu Wathone) said...

House ဘဝကတော်သေးတယ်မြတ်ရေ.. အလုပ်သင်ဆိုပြီး ဆရာတွေ မမတွေက ခွင့်လွှတ်သေးတယ် .. AS လည်းဖြစ်ရော သေအောင်ဖိတော့တာပဲ ..

ချစ်တဲ့
ဝသုန်

mandalarthar said...
This comment has been removed by the author.
mandalarthar said...

နတ်ကလေး ပြောသလိုပါပဲ၂ဖက်မျှအောင် ထိန်းပြီး ရေးသွားနိုင်တာကို တကယ်ချီးကျူးပါတယ်။
...ကျွန်တော့အနေနဲ့ တခါတလေ အရမ်း စိတ်ရှုပ် ဒေါသထွက်ပြီး ကိုယ့်ကို စော်ကားတယ်လို့ ထင်မိတဲ့အခါမျိုးမှာ ဆင်ခြင်တုံတရားနည်းပြီး ပြောသင့်မပြောသင့် မပိုင်းခြားမိခင်မှာပဲ အနိုင်ရလိုဇော၊ အကြောမခံလိုစိတ်နဲ့ ပြောမိလိုက်တာမျိုးတွေ ရှိဖူးပါတယ်၊ ရှိလည်း ရှိနေဦးမှာပါ။ ဒီထဲက ဇာတ်ကောင်လည်း အဲသလိုမျိုး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ ။း)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

To Mandalarthar,

ပထမ ကော်မန့်ကို မတော်တဆ ဖျက်ချလိုက်မိတဲ့အတွက် တောင်းပန်ပါတယ်ရှင်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

ရင်ဆူး said...

မမမြတ်ရေ.....ဟောက်စ်ဆာဂျင်ဘ၀ဆိုတာ ဒီလိုပါဘဲ......သူနာပြုဆိုတာကလည်း ကူညီပေးတဲ့လူရှိသလို....ဘယ်လောက်တတ်လို့လည်း
ဆိုပြီ။မေးငေါ့ဖို့စောင့်နေတဲ့လူတွေလည်းရှိပါတယ်....တစ်ခါတစ်လေ....ဆရာဝန်တစ်ယောက်အနေနဲ့ပြောရသလို....တစ်ခါတစ်လေ....သူုငယ်ချင်းတစ်ယောက်လိုလည်ပေါင်းရပါတယ်...အဲ့ဒါမှ အစစအရာရာ အဆင်ပြေမှာပေါ့...ဇာတ်လမ်းလေးကိုဖတ်ပြီး သဘောကျသွားသလို....Cannula ထိုးခဲ့ရတဲ့ အကြောင်းလေတွေလည်း ပြန်လွမ်းမိသွားတယ်ဗျာ....

rose of sharon said...

အင်းနော်...တကယ်မလွယ်ဘူးဘဲ :))

Aung Kyaw Zeya said...

အလုပ်တွေများနေလို့အခုမှပဲ မြတ် Blog ကိုဖွင့်ကြည့်မိတော့တယ်။ဝတ္ထုတိုကောင်းတစ်ပုဒ်ပါ။ကျနော်အလုပ်စဝင်တုန်းကလည်းအဲဒီလိုအဖြစ်မျိုးတွေခဏခဏကြုံခဲ့တယ်။အကောင်းဆုံးကတော့အားလပ်တဲ့အချိန်လေးတွေမှာတရားများများထိုင်နိုင်ဖို့ပဲ့။

Arsenal said...

I like Arthur's comment. i do not agree with the doctor's mindset. though i love reading the end. " ပြောလို့ကောင်းရအောင် ကျွန်တော်က ဆရာမ ယောင်္ကျားမှမဟုတ်တာ"... he he :D

Anonymous said...

တချို့ဆရာဝန်တွေကျတော့လည်းအစ်မရေ.......
ဆေးထိုးအပ်တောင်ဘယ်လိုတပ်ရမှန်းမသိလို့ နာ့စ်မကို တိုးတိုးတိတ်တိတ်အကူအညီတောင်းရသတဲ့။

များသောအားဖြင့်တော့ နာ့စ်မတွေဟာ ဆရာဝန်ကြီးတွေ၊သမားတော်ကြီးတွေ နဲ့ အလုပ်သင်ဆရာဝန်လေးတွေကြားမှာ ညှပ်တတ်တာမျိုးတွေလဲ၇ှိပါတယ်။

မြသွေးနီ said...

လက်တွေ့မှာ ဆရာဝန်နဲ့ နာ့စ်တွေအကြား အလုပ်လုပ်ရင်း ဖြစ်လေ့ဖြစ်ထရှိတဲ့
ပြဿနာကို သေသေသပ်သပ်လေး ရေးသွားတာ နှစ်သက်စရာ..။
လောလောလတ်လတ် တူမဖြစ်သူ တက္ကသိုလ်ကျောင်းသူ အစိုးရဆေးရုံကြိးတစ်ခုမှာ ဆေးရုံတက် စာမေးပွဲဖြေခဲ့ရလို့ ဆရာဝန်ကြီးတွေကလဲ ဆရာဝန်ကြီးတွေအလျှောက်၊၊ အလုပ်သင်တွေကလည်း အလုပ်သင်အလျှောက်၊ နာ့စ်တွေကလည်း နာ့စ်တွေအလျှောက်၊ အချင်းချင်း မလေးစားတာ၊ အချင်းချင်း ခြိတ်ဆက်မမိတာ၊.... တွေကြောင့် ကြားက လူနာတွေက ငွေကုန်သလောက် အရာမရောက်ပဲ ဆေးကုသမှု ခံယူနေကြရတယ်ဆိုတာကတော့ ကိုယ်တွေ့ပါဘဲ ညီမရေ...။ အားလုံး အပြန်အလှန် စေတနာနဲ့ စာနာစိတ်လေးတွေ ထားကြမယ်ဆို တကယ်မွန့်မြတ်ပြီး ကုသိုလ်ရတဲ့ အလုပ်တစ်ခုလို့ မြင်ပါတယ်။

ထွန်းရန်နိုင် said...

မမြတ်ကို အချစ်ဝတ္တုတွေပဲ အရေးကောင်းတယ် ထင်နေတာ။ မလွယ်ပါဘူးလို ဝတ္တုမျိုး ရေးမယ်လို့ မထင်တောင်မထင်ထားဘူး။ ဒီတစ်ခါတော့ အချစ်ဦးကို ပေးမဖတ်တော့ပါဘူး။ တစ်ယောက်တည်း ဖတ်သွားပါတယ်။

ထွန်းရန်နိုင်

ထွန်းရန်နိုင် said...

ဆရာဝန်လေးက စိတ်နည်းနည်းဆတ်နေသလားလို့

htawoo said...

အစ်မမြတ်ရေ…
နောက်ကောက်ကျပြီး စာလာဖတ်သွားပါတယ်။
“မလွယ်ဘူး ရူးနိုင်တယ်”လို့ ပဲ ခေါင်းစဉ်ပေးလိုက်ချင်ပါတော့တယ်။
တစ်ယောက်နဲ့ တစ်ယောက် ကုတ်ကြဖဲ့ကြရင်းနဲ့ 
လုပ်ငန်းခွင်ဘ၀ထဲမှာ ပျော်စရာပါလို့ 
ဆရာဝန်ပေါက်စနလေးကို ပြောလိုက်ချင်ပါတယ်…
ဆက်လက်ပြီး စာများများရေးနိုင်ပါစေ အစ်မမြတ်ရေ…
ခင်တဲ့
ထော်ဦး

htawoo said...

အစ်မမြတ်ရေ…
နောက်ကောက်ကျပြီး စာလာဖတ်သွားပါတယ်။
“မလွယ်ဘူး ရူးနိုင်တယ်”လို့ ပဲ ခေါင်းစဉ်ပေးလိုက်ချင်ပါတော့တယ်။
တစ်ယောက်နဲ့ တစ်ယောက် ကုတ်ကြဖဲ့ကြရင်းနဲ့ 
လုပ်ငန်းခွင်ဘ၀ထဲမှာ ပျော်စရာပါလို့ 
ဆရာဝန်ပေါက်စနလေးကို ပြောလိုက်ချင်ပါတယ်…
ဆက်လက်ပြီး စာများများရေးနိုင်ပါစေ အစ်မမြတ်ရေ…
ခင်တဲ့
ထော်ဦး

ကိုကြည်နိုင် said...

မလွယ်ပါဘူး ... ကိုဖတ်ပြီး အတော်မောသွားတယ်။ စာဖတ်သူကို အဆုံးထိဆွဲခေါ်သွားနိုင်တဲ့ အရေးအသားပါပဲ။ လေးစားလျှက် ...


ချမ်းမြေ့ပါစေ
ကိုကြည်နိုင်

အလွမ်းမြို့ said...

မြတ်ရေ...အားပေးသူတွေထဲက အားပေးသူ တစ်ယောက်ပါဘဲ..

မလွယ်ပါဘူး ဆိုတာလေးဖတ်ပြီး မောသွားတယ်။

ဝေမိုးနိုင်(မုံရွာ) said...

တချို့ဆရာဝန်တွေကျတော့လည်းအစ်မရေ.......
ဆေးထိုးအပ်တောင်ဘယ်လိုတပ်ရမှန်းမသိလို့ နာ့စ်မကို တိုးတိုးတိတ်တိတ်အကူအညီတောင်းရသတဲ့။

သူပြေသလိုတွေလည်း အများကြီးရှိသလို နာ့စ်မတွေကို အပြစ်တင်တာတွေလည်း အများကြီးပေါ့။ ခြုံကြည့်ရင်တော့ ကိုင်းကျွန်းမည် ကျွန်းကိုင်းမည်နဲ့ ဘယ်အလုပ်မဆို တစ်ဦးပေါ် တစ်ဦးဖေးမကြရတာပါဘဲ။


ခင်မင်လျှက်
မကြီးလွမ်း

mstint said...

အတွေ့အကြုံနည်းနေချိန်မှာ ဘယ်အလုပ်မဆို အစမှာတော့ အခက်အခဲနဲ့ ရင်ဆိုင်ရစမြဲပါ မြတ်ရေ။ အထူးသဖြင့် သက်မွေးဝမ်းကြောင်းပညာတွေမှာလည်း သီအိုရီနဲ့ လက်တွေ့ အနည်းနဲ့အများတော့ ကွာဟလေ့ရှိတာကြောင့် ကိုယ်သိချင်တဲ့ ပညာနဲ့ပတ်သက်ရင် ကိုယ့်အောက် ငယ်သား ဖြစ်စေ လေးစားသင့်ရင် လေးစားရတာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ငြိမ်းစိုးဦး said...

အပြန်အလှန်လေးစားမှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုကို မရရင် လုပ်ငန်ူးခွင်မှာ တစ်ကယ်မလွယ်ကြောင်း ပေါ်လွင်အောင် အရေးအသားက ဆွဲဆောင်ခဲ့ပါတယ် ။

စံပယ်ချို said...

အလုပ်သင်ဆရာဝန်တယောက်ရဲ့ ခံစားချက်တွေ
ရင်ဆိုင်ရတဲ့ပြသနာတွေသိလိုက်ရတယ်မြတ်ကစာရေး
အရမ်းကိုကောင်းတယ် စိတ်ဝင်စားမှုရှိလာအောင်ကိုရေးတတ်တယ်

ချစ်စံအိမ် said...

စတင်ထဲကဖတ်ပြီးသွားတာ အခုထပ်ဖတ်တယ်..
အရေးအသားတွေကြိုက်လို့ မြတ်ရေ
နေကောင်းလား ပျောက်နေတယ်..

သန့်ဇင် said...

ပန်းပွင့်ကလေးတွေနဲ့လှနေပါတယ် HomePage လေးက...လူအတိုင်းပါပဲ..လူကပိုတောင်ချစ်ဖို့ကောင်းပါတယ်...

သန့်ဇင် said...

Homepage ကပန်းလေးတွေနဲ့ဆိုတော့ တော်တော်လှပါတယ်...

တတိယမြောက်သမီးတော် said...

နားလည်ခံစားသွားတယ်ရှင်..

ဆူးသစ် said...

မှတ်ချက်မပေးခင်မှာ ကျွန်တော်က ကိုယ်ရေးကို တစ်ချက်ပြန်ဖတ်ပါတယ်။ ဆရာဝန်လားဆိုပြီးတော့။ နောက်မှ အင်ဂျင်နီယာမှန်းသိရတာ။ ဘယ်ကျောင်းကပါလိမ့်နော်။ ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ်ကပါ။ ကျွန်တော့်ဆီမှာ မှတ်ချက်လာပေးသွားဖူးလို့ လိုက်လာတာပါ။ ဆရာဝန်လောကကို ရေးထားလို့ သေသေချာချာဖတ်ဖြစ်ပါတယ်။ ဆက်ရေးပါခင်ဗျား။ ဖြစ်တတ်တဲ့သဘောတွေလို့တော့ ဒီပို့စ်ကို ဖတ်ပြီးနားလည်မိပါတယ်။

ဆူးသစ် said...

ကျွန်တော့်ကို လင့်ချိတ်ခွင့်ပေးမယ်လို့မျှော်လင့်မိပါတယ်။ ကျေးဇူးတင်ပါတယ်။

ပဥာက် said...

ကောင်းပါတယ်..ဗဟုသုတတွေရစေတဲ့စာလေးပါ

Anonymous said...

လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာပဲ ဖြစ်ဖြစ် အဆင်မပြေတာ၊ တစ်ယောက်နဲ့တစ်ယောက် သဟဇာတ မဖြစ်တတ်တာလေးတွေ ရှိစမြဲပါ။ ဒီတစ်ပုဒ်ကလည်း လုပ်ငန်းခွင်က လူနှစ်ယောက် အတိုက်အခံလေးတွေ ဖြစ်တတ်တယ်လို့ သာမန်ဖော်ပြ ပြောချင်တယ်လို့ပဲ ယူဆမိပါတယ်။ ဇာတ်အိမ်ကို ဆရာဝန်လောင်းလေးနေရာက တည်လိုက်တာမို့ သူနဲ့ ကတောက်ကဆ ဖြစ်ရတဲ့သူဟာ လုပ်ဖော်ကိုင်ဖက်တွေထဲက သူနာပြုဆရာမလေး ဖြစ်နေတာ သဘာဝကျပါတယ်။ ပြီးတော့ လက်တွေ့ဆင်းနေတဲ့ ဆရာဝန်ပေါက်လေး တစ်ယောက်ရဲ့ အသက်ကို တွက်ကြည့်ရင် ၂၂ဝန်းကျင်ပဲ ရှိမှာမို့ သူ့ရဲ့ တုန့်ပြန်ပြောဆိုပုံတွေဟာ လူငယ်ဆန်ဆန်ပဲ ကြမ်းကြမ်းရှရှလေး ရှိနေတယ်။ ကျွန်တော် ငယ်ငယ်တုန်းကလည်း အထိမခံ ပါပဲ။