Sunday 17 June 2012

ချည်မဲ့ကြိုး

-->


 


“ မမကြီး.. ညီမလေးတို့ စာသင်တမ်း ကစားရအောင်လေ “


ကျွန်မ အခန်းတံခါးကို တွန်းဝင်လာပြီး ခုတင်စောင်းမှာ ဝင်ထိုင်ရင်း ညီမလေးက ကစားဖို့ အဖော်လာစပ်တယ်။ ကျွန်မက ကွန်ပျူတာစားပွဲရှေ့မှာ သူငယ်ချင်းတွေနဲ့ ချက်တင်းချက်နေရင်း ညီမလေးကို လှည့်ကြည့်လိုက်တယ်။

ညီမလေးက ဆံပင်အတုကြီး စွပ်ထားပြီး မေမေ့ ထဘီကို ယူဝတ်ထားတယ်။ မိတ်ကပ်ကို မညီမညာ လိမ်းထားပြီး နှုတ်ခမ်းနီ၊ ပါးနီတွေလည်း ဆိုးထားတယ်။ မေမေ့ပုဝါတွေထဲက တစ်ထည်ကို ပုခုံးမှာ စုံချထားပြီး လက်ပွေ့အိတ်တစ်လုံးကိုလည်း ပိုက်ထားလိုက်သေးတယ်။ အဲဒီ့အိတ်ထဲမှာ မိတ်ကပ်အမှုန့်ဗူးတွေ၊ ခေါင်းဘီးတွေ၊ နှုတ်ခမ်းနီတွေ ပါနေမယ်ဆိုတာကို ဖွင့်ကြည့်စရာမလိုဘဲ ကျွန်မ သိနေခဲ့တယ်။ ပြီးတော့ ဖတ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ နဲ့ ရောင်စုံဘောပင်တွေလည်း ပါဦးမယ်။ စာသင်တမ်းဆော့မယ့် ညီမလေးက တကယ့်ကို ဆရာမတစ်ယောက် စတိုင်ဖမ်းပြီး ပြင်ဆင်ထားတယ်။


***

ကျွန်မနဲ့ညီမလေးက အသက်လေးနှစ်ကျော်ကွာပေမယ့် သူငယ်ချင်းတွေလို။ သူတောက်တီးတောက်တဲ့ သွားတတ်စ အရွယ်ကတည်းက နှစ်ယောက်သား တတွဲတွဲနဲ့  အတူတူကစား ဖြစ်ကြတယ်။ အိုးပုတ်တမ်း၊ မန်ကျည်းစေ့တောက်တမ်း၊ ပုံဆွဲတမ်းတွေကို တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ကစားခဲ့ကြတယ်။

ညီမလေး ကျောင်းစတက်တဲ့ အရွယ်ရောက်လာတော့ စာသင်တမ်းကစားနည်းကို မေမေက ကျွန်မတို့ညီမနှစ်ယောက်အတွက် တီထွင်ပေးခဲ့တယ်။ ကစားရင်း စာလည်းကျက်ပြီးသားရမယ်၊ ညီအစ်မနှစ်ယောက်လည်း ပိုရင်းနှီးပြီး ချစ်ခင်စေမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ အဲဒီ့ကစားနည်းကို မေမေက သင်ပေးခဲ့တာပါ။ ကစားဖို့အတွက် လိုအပ်တဲ့ အပြင်အဆင်တွေကအစ မေမေက ဖန်တီးပေးခဲ့တယ်။

အဲဒီကစားနည်းကို ပထမဆုံး စ ကစားကြတော့ ကျွန်မက ငါးတန်း၊ ညီမလေး က သူငယ်တန်း။ ကျွန်မက ဆရာမလုပ်ပြီး ညီမလေးက ကျောင်းသူလုပ်တယ်။ အိမ်အပေါ်ထပ်မှာရှိတဲ့ စာကြည့်ခန်းဟာ ကျွန်မတို့ရဲ့ စာသင်ကျောင်းဖြစ်သွားပြီး ဝှိုက်ဘုတ်ပေါ်မှာ စာတွေရေးလို့ ကျွန်မက ညီမလေးကို စာတွေသင်ပေးခဲ့တယ်။ မေမေဆင်ပေးထားတဲ့ ဆံပင်အတုကြီးစွပ်လို့၊ ထဘီကိုလည်း ကျစ်နေအောင်ဝတ်လို့ ကျွန်မက ဆရာမတစ်ယောက်ရဲ့ စတိုင်အပြည့်ဖမ်းထားတယ်။ ညီမလေးကလည်း စာတွေလုပ်နေရတယ်ဆိုပေမယ့် ကစားနေရတာမို့ ပျော်နေခဲ့တယ်။

ညီမလေး နှစ်တန်းရောက်လာတော့ သူက တပည့်မလုပ်ချင်တော့ဘူး။ သူလည်း ဆရာမ လုပ်တော့မယ်တဲ့။ ဒါဆို ဘယ်သူက တပည့်လုပ်မှာလဲဆိုပြီး ကျွန်မတို့ ညီမနှစ်ယောက် အဝေမတည့် ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်မတို့ ပြသနာကို မေမေက အကောင်းဆုံး ဖြေရှင်းပေးခဲ့တယ်။ “ နှစ်ယောက်စလုံး ဆရာမလုပ်ကြ၊ ကိုယ်ကျက်ရမယ့်စာကို ကိုယ်ပြန်သင်ကြ၊ ကိုယ့်တပည့်တွေ ကိုယ့်ရှေ့မှာထိုင်နေတယ်လို့ သဘောထားကြ “ ဆိုပြီး ဝှိုက်ဘုတ်ကို အလယ်မှာ ဆော့ပင်ပြာနဲ့ တစ်ခြမ်းခြမ်းပေး လိုက်တယ်။

အဲသည်လိုနဲ့ ကျွန်မတို့ ညီမနှစ်ယောက်စလုံးဟာ ဆရာမကိုယ်စီဖြစ်သွားကြပြီး ကျောက်သင်ပုန်းကိုယ်စီ၊ စိတ်ကူးထဲက တပည့်တွေကိုယ်စီနဲ့ ကိုယ့်ဖတ်စာအုပ်တွေ ကိုယ်ကိုင်လို့ စာတွေအော်သင်ကြတယ်။

ကျွန်မတို့ ကစားချိန်ဆို အပေါ်ထပ် တစ်ထပ်လုံးက ကျွန်မတို့ရဲ့ ရွာဖြစ်သွားပြီး အိပ်ခန်းတွေဟာ အိမ်တွေ ဖြစ်သွားကြတယ်။ ဘုရားခန်းကတော့ ရွာဦးကျောင်းက စေတီပေါ့။ စိတ်ကူးယဉ် ကမ္ဘာထဲက ကျောင်းပိတ်ရက်တွေမှာ ရွာဦးစေတီကို သွားဖူးတယ်ဆိုပြီး ကစားရင်းတန်းလန်းလည်း ဘုရားကို တကယ်ရှိခိုးခဲ့ကြတယ်။ ပြီးတော့ တစ်ယောက်အိမ်တစ်ယောက်လည်း အလည်သွားကြသေးတယ်။ ဈေးဝယ်တွေလည်း ထွက်ကြတယ်။ အိုးပုတ်လေးတွေကိုလည်း အိပ်ခန်းတွေထဲထည့်ပြီး တော်ရိရော်ရိ ဟင်းတွေချက်ကြတယ်။ အပြန်အလှန် ဟင်းတွေပို့ကြတယ်။ ကျောင်းသွားချိန်၊ ကျောင်းဆင်းချိန် ဆိုတာတွေပါ သတ်မှတ်ထားကြတယ်။ ကျောင်းအတူတူသွားလိုက်၊ စာတွေသင်လိုက် နဲ့ တစ်နေကုန် မမောနိုင် မပမ်းနိုင် ကစားခဲ့ကြတယ်။

တစ်ခါတလေ စာသင်တမ်းကစားနေရင်း စာတကယ် ရသလိုလိုရှိလာတော့ သေသေချာချာ ပြန်အော်ကျက်ပြီး အလွတ်ချရေးကြသေးတယ်။ ကစားလေ၊ စာပိုရလေဖြစ်စေတဲ့ အဲဒီ့ကစားနည်းကို ကျောင်းပိတ်ရက်တွေတိုင်း ကျွန်မတို့ညီအစ်မ နှစ်ယောက်စလုံး  ကစားလို့ကို မဝနိုင်ခဲ့ကြဘူး။ သမီးတို့နှစ်ယောက် ကြီးလာရင် ဆရာမလုပ်ကြမှာလားဟင်လို့ မေမေကတောင် မေးယူရလောက်တဲ့အထိ စာသင်တမ်းကစားနည်းကို  စိတ်ဝင်စားခဲ့ကြတယ်။ နှစ်ခြိုက်ခဲ့ကြတယ်။ စွဲလမ်းခဲ့ကြတယ်။

နောက်ဆုံးတစ်ကြိမ် ညီမလေးနဲ့အတူတူ စာသင်တမ်း ကစားဖြစ်ခဲ့တာကတော့  သီတင်းကျွတ် ကျောင်းပိတ်ရက်တစ်ခုမှာပေါ့။ ရှစ်တန်းဖြေပြီးတော့ ကျွန်မက အထက်တန်းကို တစ်ခြားမြို့မှာ အဆောင်နေရင်း တက်ခဲ့တယ်။ ကိုးတန်းနှစ် သီတင်းကျွတ်ပိတ်ရက်မှာ အိမ်ကို အလည်ပြန်လာတော့ ညီမလေးနဲ့ စာသင်တမ်း ကစားဖြစ်ခဲ့တယ်။ အဲဒီတုန်းက ညီမလေးက လေးတန်း။ ခါတိုင်းလိုပဲ မေမေ့ပစ္စည်းတွေယူပြီး ဆရာမတွေလို ပြင်ဆင်လို့ ကျွန်မတို့ ညီအစ်မနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ကစားခဲ့ကြတယ်။ တစ်ခါတစ်လေ ဆော့နေရင်း သတိပြန်ဝင်လာရင်လည်း တစ်ယောက်ပုံစံကို တစ်ယောက် လက်ညှိုးထိုးလို့ ရယ်မောကြသေးရဲ့။

သီတင်းကျွတ် ကျောင်းပိတ်ရက်ပြီးသွားလို့ ကျောင်းတွေပြန်ဖွင့်တော့ ကျွန်မ အဆောင်ကို ပြန်သွားခဲ့တယ်။ အဲဒီနောက် ဆယ်တန်းဖြေပြီးတဲ့အထိ အိမ်ကို မပြန်ဖြစ်တော့ဘူး။ မေမေက တစ်ပတ်တစ်ခါ ကျွန်မကို ပုံမှန် လာတွေ့လေ့ရှိတယ်။ တစ်ခါတလေ မေမေနဲ့အတူ တစ်မိသားစုလုံးပါ လိုက်လာတတ်ကြတယ်။ ညီမလေးပါလာတဲ့အခါတိုင်း သူက ကျွန်မ မရှိတော့ သူဘယ်လောက်ပျင်းကြောင်း၊ စာသင်တမ်းကစားဖို့ အဖော်မရှိတော့လို့ ဘေးအိမ်က နှင်းရီတို့ညီအစ်မကို ခေါ်ကစားရကြောင်း၊ နှင်းရီတို့က သူထက်ငယ်ကြောင်း၊ နှင်းရီတို့ကို သူ့ရဲ့ တပည့်တွေ လုပ်ခိုင်းပြီး ငါးတန်းစာတွေ သင်ပေးပစ်ကြောင်း စသည်ဖြင့် တန်းစီ ပြောပြတတ်တယ်။ အဲဒီ့တုန်းက ညီမလေးက ငါးတန်းတက်နေပြီ။

ကျွန်မ ဆယ်တန်းဖြေပြီး အိမ်ပြန်လာတော့ အပျော်ဆုံးက ညီမလေး ဖြစ်မယ် ထင်ပါတယ်။ ခရီးရောက်မဆိုက် ကစားရအောင်ချည်းပြောနေလို့ မေမေကတောင် ဟန့်လိုက်ရသေးတယ်။ မမကြီးက အဆောင်မှာ တစ်နှစ်လုံး ပင်ပန်းလာတာ.. အေးအေးဆေးဆေး နားပါစေဦးလို့ မေမေက ပိတ်ပြောလိုက်မှ သူ ငြိမ်သွားခဲ့တယ်။

အိမ်ပြန်ရောက်ပြီး တစ်ပတ်လောက် ကြာတော့ မေမေက ကျွန်မအတွက် အိမ်မှာ အင်တာနက် တပ်ပေးခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်မက အားရင် စာဖတ်လိုက်၊ အွန်လိုင်းတက်လိုက်နဲ့ အချိန်တွေ မလောက်နိုင်အောင် ဖြစ်နေခဲ့တယ်။ ညီမလေးနဲ့ ကစားဖို့ စိတ်ကူးတောင် မရခဲ့ဘူး။ ညီမလေးကလည်း မေမေ ပြောထားလို့ ထင်ပါရဲ့။ ကစားဖို့ တော်တော်နဲ့ အဖော်လာမစပ်ခဲ့ဘူး။

ဒါပေမယ့် အခုနေ့လယ်ခင်းတော့ ဘာစိတ်ကူးပေါက်လို့ရယ် မသိ။ စာသင်တမ်းကစားကြဖို့ အဖော်လာစပ်နေခဲ့တယ်။

***

သူ့ကိုယ်သူ အဆင်သင့်ပြင်ဆင်ခြယ်သထားတဲ့ ညီမလေးက ကျွန်မကို ကစားဖို့ စိတ်ပါလာအောင် ဆွဲဆောင်ချင်ဟန် တူပါတယ်။ လက်ပွေ့အိတ်ကလေးကို ပိုက်ထားပြီး ကျွန်မကို ငေးငေးလေးကြည့်ရင်း ပူဆာနေတယ်။

“ လာပါ မမကြီးရဲ့  ”

ကျွန်မက ဘာမှမပြောဘဲ သူ့ကို စိုက်ကြည့်နေလိုက်တယ်။

“ ညီမလေးတို့ အတူတူ မကစားရတာ ဘယ်လောက်ကြာပြီလဲ “

“ အခုကစားရအောင်လေ... “

နှုတ်ခမ်းနီ ပန်းရောင်လေး ဆိုးထားတဲ့ နှုတ်ခမ်းလေးကို တမင် ထော်ကာ ပြောနေတဲ့ ညီမလေးက သိပ်ကို ချစ်စရာ ကောင်းလွန်းနေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ အပြင်အဆင်လေးတွေကရော၊ စာသင်တမ်းကစားနည်းကပါ ကျွန်မကို သူငယ်ချင်းတွေနဲ့ ချက်တင်းချက်ရတာလောက် မဆွဲဆောင်နိုင်ခဲ့ဘူး။ ကျွန်မ စိတ်တွေက ညီမလေးနဲ့ စာသင်တမ်းကစားဖို့ထက် ချက်တင်းချက်ဖို့လောက်သာ စိတ်စောနေခဲ့တယ်။

“ ညီမလေး .. မမ ဒီမှာ သူငယ်ချင်းတွေနဲ့ စကားပြောနေတယ်..။ နှင်းရီတို့ကို ခေါ်ပြီး ကစားနာ်.. “

ကျွန်မ စကားကို ကြားတော့ ညီမလေးက သိသိသာသာလေး မျက်နှာပျက်သွားတယ်။ ခေါင်းလေးကိုငုံ့ထားပြီး မျက်တောင်လေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့ ညီမလေးက မျက်ရည်လေးကိုပါ စစ်ကူခေါ်တော့မလို။

“ ညီမလေးနဲ့ တူတူလာကစားပါလား မမကြီးရယ် “

ငိုမဲ့မဲ့လေး ပြောလာတဲ့ ညီမလေးကို တစ်ချက်စိုက်ကြည့်ပြီး သူ မျက်ရည်ခံ မထိုးလာခင်  အပြတ်ငြင်းလိုက်တယ်။

“ မမကြီး မကစားဘူးလို့ ပြောနေတယ်လေ။ အခုလည်း မကစားဘူး။ နောင်လည်း မကစားဘူး။ သွား နှင်းရီတို့နဲ့ ကစားချေ။ “

ပြောပြီးပြီးချင်း မျက်နှာကို ကွန်ပျူတာဖက်  ချက်ချင်းလှည့်ပစ်လိုက်တယ်။ ဒါပေမယ့် ကွန်ပျူတာ မှန်သားပြင်ကနေတဆင့် ညီမလေးကို တိတ်တိတ်လေး ချောင်းကြည့်နေခဲ့မိတယ်။ ညီမလေးက ချက်ချင်းထွက်မသွားသေးဘဲ ခုတင်ပေါ်မှာ ပေကပ်ပြီး ငြိမ်ငြိမ်လေး ထိုင်နေခဲ့တယ်။ ညီမလေး ငိုနေပြီလားလို့ ချောင်းကြည့်နေရင်း စိတ်မကောင်းဖြစ်မိပေမယ့် ကျွန်မစိတ်တွေက ဟိုတုန်းကလိုမှ ကစားချင်စိတ် မရှိတော့တာ။ တအောင့်လောက်ကြာတော့ ညီမလေးက ဘာတစ်ခွန်းမှ ဆက်မပြောဘဲ တိတ်တိတ်လေး ထွက်သွားခဲ့တယ်။ အခန်းတံခါးကိုတောင် အသံမမြည်အောင် အသာအယာလေး ပိတ်သွားပေးခဲ့သေးတယ်။

***

ကျွန်မကလည်း ချက်တင်းလေးချက်လိုက်၊ အွန်လိုင်းမှာ ဟိုဟာလေးရှာဖတ်လိုက်၊ ဒီဟာလေးရှာကြည့်လိုက်နဲ့ စိတ်တွေက နစ်မြုပ်နေလိုက်တာ အချိန်ဘယ်လောက် ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ မေမေက နွားနို့နဲ့ပေါင်မုန့်ပျော့ပူပူလေးစားဖို့ လာခေါ်မှပဲ ညနေစောင်းတော့မယ်ဆိုတာကို သတိထားမိတော့တယ်။

မေမေနဲ့အတူတူ မီးဖိုချောင်ထဲမှာ ပေါင်မုန့်ပျော့လေးတွေကို နွားနို့ထဲစိမ်ထားပြီး ဇွန်းနဲ့ခပ်စားနေတုန်း ညီမလေးရောလို့ မေးမိတယ်။ ညီမလေး အိပ်နေတယ်လို့ မေမေကပြောတော့ ညနေတောင် ရောက်တော့မယ်။ မထသေးဘူးလားဆိုပြီး ပြန်မေးမိတယ်။

“ သမီး ညီမလေးက သမီးကို စိတ်ကောက်နေတာလေ.. သူနဲ့အတူ မကစားဘူး။ ကွန်ပျူတာပဲ ကြည့်နေတယ်ဆိုပြီး မေမေ့ကို လာတိုင်နေတယ်။ မေမေကလည်း မမကြီးက ကလေးမှ မဟုတ်တော့တာ။ ဘယ်ကစားချင်ပါ့မလဲ။ နှင်းရီတို့နဲ့ ကစားဆိုတာကို သူက မမကြီးနဲ့ပဲ ကစားချင်တာ တဲ့။ နှင်းရီတို့နဲ့က မမကြီး မရှိလို့ အစားထိုး ကစားတာ။ အခု မမကြီးရှိနေတုန်း မမကြီးနဲ့ပဲ ကစားမယ်တဲ့ လေ။ “

မေမေပြောနေတာတွေ နားထောင်ပြီးတော့ စိတ်ထဲမှာ သိပ်မကောင်းလှဘူး။ ညီမလေး တစ်ယောက်တည်း ငိုများငိုနေရှာမလားဆိုပြီး ဝမ်းနည်းသွားမိတယ်။

“ မေမေ့ကို သူက ပြောလိုက်သေးတယ်။မမကြီး ငယ်ငယ်တုန်းက သူ မဆော့တတ်ပေမယ့် မမကြီး ဆော့ချင်တဲ့ ကစားနည်းတိုင်း ဆော့ပေးတယ်တဲ့။ မမကြီးက အခုကျတော့ သူ လူကြီး ဖြစ်နေပြီဆိုပြီး မဆော့ချင်တော့ဘူးတဲ့။ သူက ဆော့ချင်တာကို်တောင် အဖော်မလုပ်ပေးလို့တဲ့ ”

ကျွန်မ ဘာမှမပြောဘဲ ငြိမ်နေတော့ မေမေက ဆက်ပြောနေခဲ့တယ်။

  “ သမီးညီမလေးက ရှာရှာကြံကြံ ကွန်ပလိန်း တက်နေတာ။ သမီး သိတဲ့အတိုင်း ညီမလေးက ငယ်ငယ်လေးကတည်းက မူလီလေ။ တစ်ခုခုဆို အရစ်တက်လို့ကို မပြီးတော့ဘူး။ အဲဒါ နေ့ခင်းက မေမေ မီးပူတိုက်နေတုန်း ဘေးကနေ ပွစိပွစိနဲ့ လာပြောနေတာ။ မေမေလည်း သူ့ကို  နှင်းရီတို့နဲ့ ဆော့ရင်ဆော့၊ မဆော့ရင် အိပ်ချေ၊ မမကြီးကို သွားမရစ်နဲ့လို့ ငေါက်လိုက်ရတယ်။ အဲဒါနဲ့ သူ သွားအိပ်နေတာ။ သနားတော့ သနားပါတယ် “

မေမေ အရှည်ကြီး ပြောပြနေတာကို နားထောင်ပြီး ညီမလေးကို အရမ်း သနားသွားမိတယ်။ ကျွန်မတို့ ညီအစ်မနှစ်ယောက် အတူတူ ကစားခဲ့ကြတဲ့ ပုံရိပ်တွေက  ရုပ်ရှင်ပြကွက်တွေ တစ်ကွက်ချင်း ပြန်ပြနေသလိုမျိုး အတွေးစဉ်ထဲမှာ တဖျတ်ဖျတ်နဲ့ ပေါ်လာခဲ့တယ်။  အိုးပုတ်တမ်းကစားတိုင်း သူက ဈေးဝယ်သူ မလုပ်ချင်ဘဲ လုပ်ပေးခဲ့တာတွေ၊ မန်ကျည်းစေ့တောက်တမ်းကစားတိုင်း ကျွန်မက သူ့မန်ကျည်းစေ့တွေကို  ညစ်ယူခဲ့တာတွေပါ ပြန်မြင်ယောင်လာမိတယ်။ အဲဒီ့တုန်းက ညီမလေးငယ်သေးတော့ ကျွန်မ ညစ်လို့ညစ်နေမှန်းလည်း မသိရှာခဲ့ဘူး။ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ဆော့ရတာကိုပဲ ပျော်နေရှာခဲ့တာ။

“ သမီး ညီမလေးကို သွားနှိုးလိုက်မယ် မေမေ .. “

“ အေး ကောင်းတယ် သမီး။ မုန့်စားဖို့ပါ ခေါ်လာခဲ့ “

“ ဟုတ်ကဲ့ မေမေ။ ပြီးရင် သူနဲ့အတူတူ ကစားမယ် “

ကျွန်မ စကားကို ကြားတော့ မေမေက ဝမ်းပန်းတသာ ပြုံးပြတယ်။
 “ကောင်းတယ် သမီး။ ညီမလေးကို အခုလို ညှာတာ မေမေ ဝမ်းသာတယ်။ စာသင်တမ်း မကစားချင်ရင်တောင် ညီမလေးနဲ့အတူတူ ဒိုးဇက်ဆက်တမ်းဖြစ်ဖြစ် ကစားကြပေါ့၊ မဟုတ်လည်း ညီအစ်မနှစ်ယောက် အတူတူ ပုံဆွဲကြလေ“


“ မဟုတ်ဘူး မေမေ.. သမီး ညီမလေးကစားချင်နေတဲ့ စာသင်တမ်းပဲ ကစားမှာပါ “

စားလက်စပန်းကန်ကို ခဏထားပြီး ထသွားတော့ မေမေက ပြုံးပြီး ခေါင်းညိမ့်နေခဲ့တယ်။

***

မေမေ့အခန်းထဲဝင်ပြီး မေမေ့ထဘီကို ကျွန်မ ယူဝတ်လိုက်တယ်။ ဆံပင်တိုလေးကို ထိပ်မှာစုစည်းပြီး အဲဒီ့အပေါ်မှာ မေမေ့ဆံထုံးအတုတစ်ခုကို ကလစ်နဲ့ မြဲနေအောင် ထိုးညှပ်လိုက်တယ်။ ပြီးတော့ ပုဝါကို ပုခုံးမှာ စုံချလို့ နှုတ်ခမ်းနီလည်း ဆိုးလိုက်တယ်။ နောက်ပြီး မေမေ့အိတ်တစ်လုံးကို ယူ၊ အိတ်ထဲမှာ စာအုပ်တွေနဲ့ ဘောပင်တစ်ချို့ ကောက်ထည့်လိုက်တယ်။ အဲဒီနောက် အိပ်ပျော်နေတဲ့ ညီမလေးဆီကို သွားလိုက်တယ်။

ညီမလေးက အခန်းတံခါးရှိရာဖက်ကို ကိုယ်လေးတစ်ခြမ်းစောင်းပြီး အိပ်နေတယ်။ အိပ်ပျော်နေတဲ့ ညီမလေးရဲ့ ပါးပြင်ဖောင်းဖောင်းလေးက မျက်ရည်လေးတွေကြောင့် အရည်ပျော်ပြီး ပြန်ခြောက်သွားတဲ့ မိတ်ကပ်လေးတွေနဲ့ ဟိုတစ်ကွက် ဒီတစ်ကွက်။ မကျေမနပ်နဲ့ အိပ်ပျော်သွားခဲ့လို့ ထင်ပါရဲ့။ နှုတ်ခမ်းလေးကတောင် ငိုမဲ့မဲ့လေး။

“ ညီမလေး.. “

ညီမလေးနားကပ်ပြီး လက်မောင်းလေးကို အသာလှုပ်ကိုင်လို့ ခပ်တိုးတိုးလေး ခေါ်လိုက်တော့ ညီမလေးက ဆတ်ခနဲ တစ်ချက်လှုပ်သွားခဲ့တယ်။ ပြီးတော့ ကျွန်မ လက်ကို မသိမသာလေး တွန်းထိုးပုတ်ချပြီး တစ်ဖက်လှည့်လို့ ဆက်အိပ်နေခဲ့တယ်။

“ ညီမလေး .. ထ။ မမကြီးတို့ ကစားမယ်လေ “

ညီမလေးကို အသာအယာလေး ထပ်ပြီး လှုပ်နှိုးလိုက်တော့ ညီမလေးက နိုးလာခဲ့တယ်။ မျက်လုံးကို အားယူပြီး ဖွင့်ရင်း အိပ်မှုန်စုံဖွား မျက်နှာပေးလေးနဲ့ ကျွန်မကို  ကြည့်နေခဲ့တယ်။ ညီမလေးကိုကြည့်ရတာ ကောင်းကောင်း နိုးဟန် မပေါက်သေးဘူး။

“ ကလေး.. ဒီမှာ မမကြီးက စာသင်တမ်းကစားဖို့ အဆင်သင့်ဖြစ်နေပြီလေ။ ထကြည့်ပါဦး“

ကျွန်မ စကားကိုကြားတော့ ညီမလေးက ငေါက်ခနဲ ထထိုင်လိုက်တယ်။ ပြီးတော့ ကျွန်မကို သေသေချာချာစိုက်ကြည့်ရင်း သူ့မျက်နှာလေးက တဖြည်းဖြည်း ပြုံးယောင်သန်းလာခဲ့တယ်။ ကျေကျေနပ်နပ် ပျော်ရွှင်သွားတဲ့ မျက်နှာလေးနဲ့။၆တန်းကျောင်းသူ ညီမလေးဟာ တကယ့်ကို ပီဘိကလေးငယ်လေး တစ်ယောက်လိုပဲ။

“ လာ ညီမလေး.. မေမေက ညီမလေးကို မုန့်ကျွေးဖို့ စောင့်နေတယ်။ မုန့်စားပြီးရင် မမကြီးတို့ တူတူကစားကြမယ်နော် “

ညီမလေး လက်ကလေးကို လှမ်းဆွဲပြီး ခေါ်လိုက်တော့ ညီမလေးက ကျွန်မခါးကို ရုတ်တရက် ဆွဲဖက်လိုက်တယ်။ ပြီးတော့ ကျွန်မ ရင်ခွင်ထဲမှာ သူ့မျက်နှာလေးကို တင်းတင်းကျပ်ကျပ်လေး အပ်ထားပြီး ခပ်တိုးတိုးလေး ပြောတယ်။

“ မမကြီးကို ညီမလေး သိပ်ချစ်တယ် “

ကျွန်မကလည်း ညီမလေးကို အလိုက်သင့် ပြန်ဖက်ထားလိုက်ရင်း သူ့နဖူးပေါ် ဝဲကျနေတဲ့ ဆံနွယ်လေးတွေကို အသာလေး သပ်တင်ပေးလိုက်တယ်။ ပြီးတော့ ညီမလေးရဲ့ ကျောပြင်လေးကို ခပ်ဖွဖွလေး ပုတ်ပေးပြီး သူ့ခေါင်းလေးထဲ ကျွန်မ နှုတ်ခမ်းလေးအပ်လို့ ခပ်တိုးတိုးလေး ပြောလိုက်မိတယ်။

 “ မမကြီးကလည်း ကလေးကို သိပ်ချစ်တာပေါ့ “

 အဲဒီနောက် ညီမလေး လက်ကလေးကိုဆွဲပြီး မေမေ့ဆီ ခေါ်လာခဲ့တယ်။

***

ဆံပင်အတုကြီးတွေတပ်ထားတဲ့၊ ထဘီတွေဝတ်ထားတဲ့၊ ပုဝါတွေ ခြုံထားပြီး မုန့်အတူတူ ထိုင်စားနေတဲ့ ကျွန်မတို့ ညီအစ်မနှစ်ယောက်ကို ကြည့်ရင်း မေမေက ပြုံးနေတယ်။ ပြီးတော့ စိတ်မသက်မသာနဲ့ ပြောသေးရဲ့ ။

 “ ပူကပူ အိုက်ကအိုက်နဲ့ သမီးတို့ရယ် “

“ အို .. မေမေကလည်း.. ကစားနေရင် ပျော်ဖို့သိပ်ကောင်းတာ။ ပူလို့ပူမှန်းတောင် မသိပါဘူး “

ညီမလေးက သူ့အသံသေးသေးစွာစွာလေးနဲ့ လှမ်းပြောတယ်။

 “ ဟုတ်ပါပြီ။ ဟုတ်ပါပြီ သမီးလေး ပျော်ရင် ပြီးရော ”

မေမေက ခပ်ပြုံးပြုံးပြောရင်း ခေါင်းလေးတဆတ်ဆတ် ငြိမ့်နေခဲ့တယ်။

ညီမလေးကို ကျွန်မက ပေါင်မုန့်တစ်ဇွန်း လှမ်းခွံ့လိုက်တော့  နှုတ်ခမ်းနီတွေ မပျက်အောင် ထင်ပါရဲ့။ ညီမလေးက ပါးစပ်ကို အကျယ်ကြီး ဟထားပေးလိုက်တာများ ချစ်စရာ။

“ ဒါနဲ့ သမီးလေးက သူ့စာသူသင်မှာ ဟုတ်ပါပြီ။ ငါ့ သမီးကြီးကရော .. “

မေမေက စုးစမ်းသလို ရုတ်တရက် မေးလိုက်တယ်။ ဆယ်တန်းဖြေထားတဲ့ ကျွန်မက ဘယ်နှစ်တန်းပြ ဆရာမလုပ်တမ်းများ ကစားလေမလဲလို့ မေမေသိချင်ပုံရတယ်။ မဆိုင်းမတွ ဖြေလိုက်တဲ့ ကျွန်မရဲ့ အဖြေအဆုံးမှာတော့ ညီမလေးက ကျေနပ်ပြီး ရယ်နေခဲ့သလို မေမေကလည်း မေတ္တာရည် ရွှန်းလဲ့တဲ့ မျက်ဝန်းအစုံနဲ့ ကျွန်မကို နားလည်စွာ ကြည့်နေလေရဲ့။

“ သမီး ခြောက်တန်းစာသင်မှာ မေမေ “



လေးစားစွာဖြင့်
မြတ်ပန်းနွယ်

39 comments:

သူရိန် said...

ညီအစ်မ နှစ်ယောက်ကြားက ချစ်ခြင်းကို ပေါ်လွင်အောင် ရေးဖွဲ့သွားလိုက်တာ။ မျှောရကျိုးနပ်ပါတယ် မြတ်ရေ။

Phyu Lwin said...

အားပေးသွားပါတယ် အစ်မရေ.. ဖတ်လို့ကောင်းတယ် .. အဲလိုရေးတတ်တာကို အားကျတာ

သူကြီးမင်း (တုံးဖလား) said...

ဖတ်လို့ ကောင်းလိုက်တာ။
ညီအမ နှစ်ယောက်ကြားက မေတ္တာကို မြင်ရတော့ ရင်ထဲ ကြည်နူးသလိုလို ဖြစ်မိတယ်။

ကျနော့်အမေက ညီမလေး တစ်ယောက် မွေးပေးထားခဲ့ရင် သိပ်ကောင်းမှာဘဲ။း(

Unknown said...

ညီအမနှစ်ယောက်ရဲ့ ချစ်စဖွယ် အပြုအမူလေးတွေနဲ့ ချစ်ခင်ဖွယ် သံယောဇဉ်ကြိုးလေးတွေကို ရေးပြသွားတာလေး လှတယ် နွယ်.. :)

ချစ်တဲ့

THS said...

ဖတ်နေရင်းနဲ့ စကားလုံးတွေက နှလုံးအိမ်ကို တဖြည်းဖြည်း နှဲ့ယူလာလိုက်တာ ဝမ်းနည်းမှုအချို့ တရိပ်ရိပ်တက်လာစေတယ် ...ညီမလေးနေရာကရော မမကြီးနေရာမှာပါ အားလုံး အံ့ဝင်တကျ နဲ့ ဆုံးသွားတာလေး လှတယ် ...း-)))

Anonymous said...

အချိန်တိုင်း အချိန်တိုင်းဟာ အမှတ်တရတွေ များစွာနဲ့ပေါ့ . . . ပြန်မရနိုင်တော့တဲ့ အမှတ်တရလေးတွေကို ဖတ်မိရင်း . . ဦးထီးဆိုင်ရဲ့ သီချင်းလေး တစ်ပုဒ်ကို ညည်းဆို မိတယ် . .

" ငယ်စဉ်က . . ကလေးတို့ ဘ၀မှာ . . . ပျော်ပါးဖို့ရာ လွယ်ပါတယ် . . . ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ . . စားချိန်မှာ ၀င်စားမယ် . . . အိပ်ချိန်မှာ ၀င်အိပ်မယ် . . . အပူပင်ကင်းတဲ့ ကလေးလေးဘ၀ကို . . တခါပြန်ပြီး ရချင်သေးတယ် . . အပြစ်မသိသေးတဲ့ ကလေးလေးဘ၀ကို . . တခါပြန်ပြီး ရောက်ချင်သေးတယ် " . . . .

ဘူဇွာ ကဗျာဆရာ . . .

Ye Lin Myat said...

ပန်းနွယ်ရေ.. သူများတွေက မြတ်တို့၊ နွယ်တို့၊ မြတ်ပန်းတို့ခေါ်လို့ ထူးခြားအောင် ခေါ်ကြည့်တာ။
စာရေးအရမ်းကောင်းတယ် ပန်းနွယ်ရေ.။ တမူထူးခြားတဲ့ ဇာတ်အိမ်လှလှလေးနဲ့ အစကနေအဆုံး ဆွဲဆောင်သွားခဲ့တယ်။ ရသမျိုးစုံကိုလည်း ပေးတယ်။ အရမ်းကောင်းပါတယ်။ ထပ်ပြီးလည်း ကြိုးစားပါ။ အမြဲတမ်းလည်း အားပေးနေပါတယ်။

Anonymous said...

ကျွန်တော် စာလာဖတ်သွားပါတယ် မမြတ်ပန်းနွယ်။
ဝတ္တုလေးက အရမ်းကောင်းတယ်။ ကျွန်တော်မှာ ညီမလေးမရှိဘူး။ ကျွန်တော့်ချစ်သူမှာတော့ ရှိတယ်။ ဒီဝတ္တုလေး သူ့ကိုပေးဖတ်မယ်။

ကျေးဇူးတင်ပါတယ်။
ထွန်းရန်နိုင်

သန့်ဇင် said...

အင်း..ဒီလိုဖတ်လိုက်ရတော့လည်းငယ်ငယ်ကအကြောင်းလေးတွေကိုပြန်သတိရမိပါတယ်..အခုတော့ လည်း အဲဒီလိုဆော့ခဲ့တဲ့ ညီအစ်မနှစ်ယောက်က အပျိုလေးတွေတောင်ဖြစ်နေရောပေါ့..မျက်စိရှေ့မှာတင်..ရေးတာတွေအရမ်းကောင်းပါတယ်..ငယ်ငယ်ကလိုတော့ အားလုံးပြန်အတူတူပြန်ဆုံချင်သေးတယ်...

3rdthameetaw said...

ကောင်းလိုက်တာမြတ်ရေ..
နှလုံးသားထဲထိ တိုးဝင်သွားလိုက်တဲ့
စာတစ်ပုဒ် လို့ပြောချင်မိတယ်..
ထိထိ ရှရှ ကိုခံစားမိတယ် ..
ချစ်ချင်းမေတ္တာကိုပုံဖေါ်ထားလိုက်တာ..
မျက်ရည်တွေ စိမ့်ထွက်လာတဲ့ထိပဲ..

Yan said...

ဝတ္ထုနာမည်လေးရော၊ သရုပ်ဖော်ပုံလေးရော၊ ရေးထားတဲ့ စာသားလေးတွေရောက သိပ်ကို လိုက်ဖက်မှုရှိနေတယ်.

ညီမလေးအိပ်နေတာကို သွားလှုပ်နိုးပြီး ကစားရအောင်လို့ ခေါ်လိုက်တဲ့အခန်းလေးမှာ ရေးဖွဲ့ထားပုံလေးတွေက သိပ်အသက်ဝင်တယ်.

သူ့ညီမလေးကို ဆံပင်လေးတွေ သပ်တင်ပေးတာ၊ ကျောလေးကို ဖွဖွလေးပုတ်ပေးတာ၊ ပြီးတော့ ဆံနွယ်လေးတွေထဲ နှုတ်ခမ်းလေးအပ်လို့ "ညီမလေးကိုလည်း မမကြီးက သိပ်ချစ်တာပေါ့" ဆိုတဲ့စကားလေးကို ခပ်တိုးတိုးလေးပြောလိုက်တာလေးတွေက ရင်ထဲကို နင့်ခနဲ ဖြစ်သွားစေတဲ့အထိ အရေးအသားလေးတွေ ကောင်းတယ်ဗျာ.

အားပေးနေတယ် မမြတ်ပန်းနွယ်ရေ..

ခင်မင်လျက်

Y.

Anonymous said...

ဒီဝတ္ထုတိုလေးဖတ်ရတော့.

အဝေးမှာရှိတဲ့..အစ်ကိုကြီးကိုသတိရမိပါတယ်...

ရေးသွားတာပြေပြစ်တယ်ဆိုတာ..ပြောဖို့တောင်မလိုပါဘူး.

ရသမြောက်တဲ့စာလို့ပြောချင်ပါတယ်.. :)

Anonymous said...

မမြတ်ရေ.........
ချစ်စရာကောင်းတဲ့ဝတ္ထုတိုလေးကို နှစ်သက်ကြည်နူးစွာ ဖတ်ရှုသွားခဲ့ပါတယ်ဗျာ။

လေးစားအားပေးလျက်
ဝေမိုးနိုင်(မုံရွာ)

Anonymous said...

Bravo, Tha Mee.
Keep it up. Try Harder.
You know how to wirte beautifully and attractively. I like your writing style.

U.K

blackroze said...

ပစ်ပစ် တို့ငယ်ငယ်ကလည်း
ညီအမနှစ်ယောက် စာသင်တန်း
ကစားဖူးတယ်...ပစ်ပစ်ကဆရာမ
ညီမလေးက ကျောင်းသားပေါ့
နောက်တော့ သူက စာအသင်မခံတော့ဘူး..
အဲတာနဲ့ မဆော့ဖြစ်ကြတော့ဘူး..

thameesan said...

အင်းးး..
အိမ်ကကလေးတွေကို
နောက်ဆိုအနိုင်မကျင့်တော့ပါဘူးး)

ဒီပို့စ်လေးအပေါ်..
အကျိုးရှိရှိအချိန်ဖြုန်းမိသွားတဲ့အတွက်
မြတ်ကိုကျေးဇူးအထူးပါ..

ချစ်ခြင်းအားဖြင့်

စံပယ်ချို said...

ညီအမကြားက ချစ်ခြင်းတွေ ရင်ထဲကို
ဝင်ရောက်ခဲ့ပြီမြတ်ရေ
ဝင်ရောက်ပုံလေးက တဖြေးဖြေးခြင်းပေါ့

ဗျာပါ said...

မမကြီးရဲ့အချစ်တွေ ညီမလေးပေါ်ထားတာ သိပ်ကောင်းတယ်ဆရာမ ငယ်ငယ်က မမကြီးအချစ်တွေ ငတ်ခဲ့တယ်ဗျာပါတို့ဘ၀နဲ့ကွာပ။

ချစ်စံအိမ် said...

ရေးတတ်ပါပေတဲ့မြတ်ရေ..
လေးစားအားကျမိပါတယ်....

Anonymous said...

မမြတ်ရဲ့ ဒီလိုရေးဖြစ်လို့ဖြစ်တည်လာတဲ့ စိတ်ကူးလေး ကို လေးစားမိတယ်.... :)

Anonymous said...

မမြတ်ရဲ့ ဒီလိုရေးဖြစ်လာတဲ့ အတွေးလေးကို လေးစားမိပါတယ်ရှင်.... :)

မောင်(စွယ်စုံကျမ်း) said...

ရေးလည်းရေးနိုင် ရေးလည်းရေးတတ်
အားကျမိပါရဲ့ဗျာ

Admin said...

အတွေးထက်တယ်

Admin said...

အတွေးထက်တယ်

ကြောင်အော် said...

အဟားဟား.. ကာတွန်းက နင့်လက်ရာပဲ ဖြစ်ရမယ် မြတ်။ ချစ်စရာပဲ။ ဝတ္တုကလည်း ခါတိုင်းလိုပဲ ကောင်းတယ်။

တွတ်တွတ် said...

ဟန်ဆောင်မှုကင်းပြီး..ရင်ထဲအရှိအတိုင်း လိုချင်တဲ့ မေတ္တာတရားကိုတောင့်တလွန်းလို့ စိတ်မကောင်းဖြစ်သွားရှာတဲ့ညီမလေးတစ်ယောက်ကို အစ်မကြီးတစ်ယောက်ကနေ မေတ္တာတရားပြန်လည်ပေးအပ်သွားပုံကိုဖော်ကျူးသွားတာကတော့ အင်မတန်ကိုပီပြင်ကောင်းမွန်လှပါတယ်။ မိခင်ကြီးကတော့ အကောင်းဆုံးဇာတ်ပို့နေရာကနေ ဇာတ်ရှိန်ကိုတက်သွားစေခဲ့ပြီး စကားလုံးတွေကိုသီကုံးရေးဖွဲ့ပုံဟာလဲ နူးညံ့လှပါပေတယ်။ တကယ်လို့သာ ဇာတ်သိမ်းကိုခုလိုမသိမ်းသေးပဲ အရွယ်ရောက်လို့ ချစ်သူထားရကြတဲ့အချိန်မှာ မထင်မှတ်ပဲ အမျိုးသားတစ်ယောက်ထဲကိုပဲ ညီအစ်မ နှစ်ယောက်လုံးက တိုက်တိုက်ဆိုင်ဆိုင်မေတ္တာမျှခဲ့ရင်..အစ်မကြီးကပဲ အနစ်နာခံပေးမလား၊ ညီမလေးကပဲ နှလုံးသားကိုစတေးခံသွားမလားဆိုတာလဲ.....စိတ်ကူးနဲ့ဆက်ရေးကြည့်တာ..မမြတ်ပန်းနွယ်လိုအတွေးကောင်းကောင်း၊ အရေးကောင်းကောင်းမတတ်တာကြောင့် အခုဇာတ်သိမ်းလေးနဲ့ ဖြေသိမ့်လိုက်ပါတော့တယ်ဗျာ။ ချစ်ခင်လေးစားစွာဖြင့်
ကျောက်မဲမြို့က (တွတ်တွတ်) ကျောက်မဲဒေါ်ကွန်း

မဒမ်ကိုး said...

ဝတ္တုလေးလိုပဲ ဖတ်လို့ကောင်းတယ်

ခင်မင်လျှက်

မဒိုးကန်

Anonymous said...

၅၂၈ မေတ္တာဖွဲ့ ဝတ္တုတိုကောင်းလေး တစ်ပုဒ်ပါပဲ။ အိမ်က သမီးတွေဖတ်ဖို့ ကူးသွားပါတယ်။

မသန်းသန်း

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာ ညီမလေး တစ်ယောက်တောင် လိုချင်သွားတယ် မြတ်....:):)

ဇေယျာ said...

ဝတ္တုတိုလေးက အကြောင်းအရာရော၊ အရေးအသားပါ ညီညွတ်ကောင်းမွန်လိုက်တာ။ သာမန်ဇာတ်လမ်းလေးတစ်ခုကို ရသမျိုးစုံပေးနိုင်အောင် ဖန်တီးသွားတာ တကယ် ချီးကျူးလေးစားထိုက်ပါတယ်။

ကြယ်ပြာ said...

ညီမလေးကို မဆော့ဘူးလို့ ငြင်းလိုက်တဲ့အခန်းမှာ ကြယ်ပြာပါ ညီမလေးနဲ့ တူတူ ၀မ်းနည်းသွားတယ်။ ညီမလေးကို မမကြီးက လာချော့တဲ့အချိန်ကတော့ ကြယ်ပြာပါ လိုက်ပြီး ကြည်နူးသွားတယ်။ ကြယ်ပြာ့မှာအစ်မတွေ ညီမတွေ မရှိပေမယ့် ဒီဝတ္ထုလေးက ရင်ထဲထိရောက်သွားခဲ့တယ်။ စာကောင်းလေးအတွက် ကျေးဇူးပါ မပန်းနွယ်။

အလွမ်းမြို့ said...

မြတ်ရေ...
ဖတ်ရင် မျောသွားတယ်။ တော်သေးတယ် အမြန်ယဉ်နဲ့ လိုက်ဆည်လို့။ ညီမလေး မရှိတဲ့မိလွမ်း ဖတ်ရင်း
ဝမ်းနည်းသွားတယ်။ ညီအစ်မတွေရဲ့ ချစ်ခြင်းမေတ္တာတွေ ဖော်ကျူးရေးထားတော့ မိလွမ်းလည်း မောင်နှမ မေတ္တာငတ်တဲ့ဘဝလေးကို သတိရပြီး ဝမ်းနည်းခဲ့ရတယ်။


ခင်တဲ့
အလွမ်း

htawoo said...

အစ်မမြတ်ရေ...
အနည်းငယ် ဝေဖန်ခွင့် ပြုပါလို့ ပဲ တောင်းဆိုပါရစေ…
ကိုယ်တိုင်လည်း စာရေးကောင်းတဲ့သူ မဟုတ်ပေမယ့်
တခြားလူတွေ စာရေးကောင်းလာအောင် ဝေဖန်ပေးချင်တဲ့ စိတ်က ရှိနေလို့ ပါ…
ဇာတ်လမ်းထဲမှာ ညီမလေးက ဆရာမလုပ်တမ်းကစားဖို့  ဂျီကျနေမိလို့ 
အစ်မလုပ်တဲ့သူက စိတ်မရှည်ဘဲ ပြောပစ်လိုက်တဲ့ အခါ…ဇာတ်ရှိန်ကို မြင့်တက်လာအောင်
ဆွဲတင်စေချင်ပါတယ်…
အမေပြောတဲ့ စကားကိုလည်း ရင်ကိုဆူးစေတဲ့ စကားတစ်ခွန်းလောက်ပဲသုံးပြီး
အစ်မဖြစ်သူက နှစ်ယောက်သားဆော့ခဲ့တဲ့ အဖြစ်လေးတွေ ပြန်တွေးမိတဲ့ အကြောင်းတွေကို အကျယ့်ချဲ့ စေချင်ပါတယ်…
နောက် ညီမလေး မျက်စိဖွင့်ပြီး အံ့သြတဲ့ ပြကွက်မှာ “ဘာကြောင့် အံ့သြသွားသလဲ”
ဆိုတာကို စာဖတ်သူ သိချင်စိတ် ဖြစ်ပေါ်လာအောင် လျှို့ ဝှက်ထားစေချင်ပါတယ်…
ပြီးတော့မှ အစ်မကိုယ်တိုင်က ဆရာမပုံစံပေါက်အောင် ပြင်ဆင်ထားတာကို
ဖြေ(ဖြည် )ပြလိုက်ရင် ပိုပြီးအရောင်တောက်လာမယ်လို့  မျှော်လင့်မိပါတယ်…
ဘာရယ်လို့ တော့ မဟုတ်ပါဘူး…
အရေအသားကောင်းလှတဲ့ အစ်မတစ်ယောက် ဒီ့ထက်အရေးအသားကောင်းလာအောင်
ဝေဖန်မိတာပါ…
ဆက်လက် ရေးသားလာမယ့် ပို့ စ်များ ပိုကောင်းလာလိမ့်မယ်လို့  မျှော်လင့်နေမိပါတယ်…
ခင်မင်လျက်
Htaw oo

မိုးခါး said...

ငိုချင်သွားတယ် .... ပြန်မရနိုင်တော့ ငယ်ဘ၀လေးတွေကို ပြန်မြင်ယောင်ရင်းနဲ့ ..

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ကလေးဘဝရဲ့ အမှတ်တရတွေ၊ ညီအစ်မတစ်တွေရဲ့ ချစ်ခြင်း၊ မိခင်ဖြစ်သူရဲ့ ကလေးတွေကို မသိမသာ ပြုစုပျိုးထောင်တတ်မှုတွေကို အချိုးညီညီ ရောစပ်ဖော်ပြနိုင်တဲ့ ဝတ္တုကောင်းတစ်ပုဒ်။

အိပ်မက်ကောင်းကင် said...

ညီအစ်မ နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေဟာ အရမ်းပေါ်လွင်လှပါတယ် ညီမလေး စိတ်မကောင်းဖြစ်သွားတဲ့အချိန်လေးမှာ ရေးသားထားတဲ့စာကြောင်းလေးတွေဟာဆိုရင်လည်း ရေးထားတာပီပြင်လွန်းလှပါတယ်
ရေးသူကလက်စွမ်းထက်တာကိုး ^_^
မမမြတ်ပန်းနွယ်ရေ လာရောက်အားပေးသွားတယ်နော်

ပြည်ကောင်းအောင် said...

သမီး.. ဦး ဖတ်သွားပါတယ်။ သိင်္ဂါရ ရသတို့၊ သန္တရသတို့ ဆိုတာတွေ သတိရသွားတယ်..

ကြည်ဖြူပိုင် said...

မမမြတ်ရေ....
ဒီပို့စ်လေးကိုလေ ဖေ့စ်ဘွတ်ခ် မှာရှယ်တာတွေ့တော့ ဖတ်ပြီးအရမ်းကြိုက်သွားမိတယ်။

ဖတ်ပြီးစွဲနေမိတယ်

ခုတစ်ခေါက်ပြန်လာဖတ်တာ...အရမ်းကြိုက်တယ်