Saturday 18 August 2012

လရောင်ကျိန်စာ






“ ကျွန်တော် ပုံ့ကို ချစ်တယ်

ကျွန်တော် ပုံ့ကို သိပ်ချစ်တယ်
ကျွန်တော် ပုံ့ကို တကယ်ချစ်ပါတယ် ဗျာ .. ”

ထိန်ထိန်သာနေသော လမင်းကြီးကို မော့ကြည့်ရင်း အရူးတစ်ယောက်လို ငိုကြွေးတမ်းတနေမိသည်။ သို့သော် လမင်းကြီးက ကျွန်တော့် ရင်ထဲမှ အပူကို ဖြေဆည်နိုင်လိမ့်မည် မဟုတ်ပါ။ ထို့အပြင် လရောင်များက ပုံ့ကို ကျွန်တော် ပိုပြီး လွမ်းဆွတ်တမ်းတမိအောင်ပင် ပြုစားနေပါသေးသည်။

ပုံ့ကို ကျွန်တော်သိပ်ချစ်သည့်အကြောင်း ဘယ်လိုပင် တိုင်တည်ငိုကြွေးပြောဆိုနေပါစေ ပုံ့ သိနိုင်တော့မည် မဟုတ်ပါ။ သိခဲ့လျှင်လည်း ယုံကြည်လိမ့်မည် မဟုတ်ပါ။ တိုင်တည်ငိုကြွေးရလွန်း၍ ကျွန်တော့်ရင်တစ်ခုလုံးသာ ပွင့်ထွက်သွားလျှင်သွားပေလိမ့်မည်။ ပုံ့ကတော့ သူ့ဘဝထဲမှာ ကျွန်တော့်ကို ပြန်လည်လက်ခံတော့မည် မဟုတ်ပါ။

ကျွန်တော့်ကို ပုံ့ ထားသွားခဲ့လေပြီ။



***

ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် မြန်မာဝတ်စုံလေးတွေ ဝတ်ဆင်ထားသည့် မိန်းကလေး လေးငါးယောက်ခန့်ကို တွေ့လိုက်ရတော့ ကျွန်တော့်ခြေလှမ်းတွေက အလိုအလျောက် သူတို့တွေဆီ ဦးတည်နေခဲ့ပြီး ဖြစ်သည်။

   ဒါလေးတွေက ပထမနှစ်လေးတွေ ဖြစ်မယ်။ ချောလိုက်တာ. ငါတို့နှစ်က ကောင်မလေးတွေနဲ့များ ကွာပါ့ ”

ကိုယ့်အတွေးနဲ့ ကိုယ် ရယ်ချင်သွားသဖြင့် ကျွန်တော့် မျက်နှာကြီး ပြုံးစိစိဖြစ်သွား၏။ ကောင်မလေးတွေရှေ့ မရောက်ခင် မျက်နှာပိုးသတ်လိုက်ရသည်။

“ ညီမတို့က ပထမနှစ်ကျောင်းသူလေးတွေလား .. ဖရှက်ရှာ ဝဲလ်ကမ်းတုန်းက ကိုယ် မလာဖြစ်လိုက်လို့ ညီမတို့ကို ကိုယ်မသိ ဖြစ်နေတယ်လေ ”

အဆက်စပ် မရှိပါဘဲ မျက်နှာပြောင်တိုက်ကာ ခပ်တည်တည် ဝင်ရောလိုက်သည့် ကျွန်တော့် စကားတွေကြောင့် ထင့်။ ကောင်မလေးတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာလဲ၊ဘယ်သူလဲ ဆိုသည့် ပုံစံမျိုးဖြင့် အချင်းချင်း မျက်နှာရိပ် မျက်နှာကဲ ပြနေကြသည်။

“ ကိုယ်   ' … '  ပါ။ ဒီနေ့ ကိုယ်ဘွဲ့ယူမှာလေ ”

ခန်းမဖက် မေးထိုးပြရင်း ကျွန်တော့်ကို ကျွန်တော် မိတ်ဆက်လိုက်တော့ ကောင်မလေးတွေအချို့က ကျွန်တော့်နာမည်ကို ကြားဖူးတယ် ဆိုသည့် ပုံစံမျိုးဖြင့် အော် ဆိုပြီး ခေါင်းတဆတ်ဆတ် ညိတ်ပြကြသည်။ အဲဒီမှာပင် ရဲတင်းလှသည့် လမင်းလေးတစ်စင်းကို ကျွန်တော် ရှာတွေ့သွားခဲ့ခြင်း ဖြစ်၏။

“ အဲတာဆိုလည်း အထဲဝင်လေ.. ဒီမှာ ဘာရပ်လုပ်နေတာလဲ။ ဒီမှာက အကူညီလိုတဲ့သူတွေကို အကူညီပေးဖို့ ရပ်နေကြတာ.. ”

ဝိုင်းစက်လှပပြီး နက်မှောင်နေသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည့် ကောင်မလေးက ကျွန်တော့်မျက်နှာကို  စိုက်ကြည့်ကာ ပြောလိုက်ခြင်း ဖြစ်သည်။ စူးရဲလှသည့် အကြည့်ပိုင်ရှင်လေးပါလား။ သူမ အကြည့်က ကျွန်တော့် ရင်ထဲသို့ မြားတစ်စင်းလို ဖောက်ထွင်းဝင်ရောက်သွား၏။ စောစောတုန်းက ခေါင်းငုံ့ပြီးရပ်နေခဲ့သည့် သူမကို ကျွန်တော် သတိမထားမိခဲ့ပါ။ ကျွန်တော့်နာမည်ကို ကြားမှ သူမက လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ခြင်း ဖြစ်၏။ သူမ၏ အကြည့်ကို ကျွန်တော် ချက်ချင်း သဘောပေါက်မိလေသည်။

“ ခင်ဗျား မျက်လုံးတွေ သိပ်လှတယ် ”

ကျွန်တော် ချီးကျူးစကားဆိုလိုက်ပေမယ့် သူမ မျက်နှာမှာတော့ ရှက်ရွံ့သွားဟန်လေးတွေ တစိုးတစိမှ ရှိလို့မနေခဲ့ပါ။ ကျွန်တော့် အတွေ့အကြုံအရတော့ ချီးကျူးစကားဆိုခံရလျှင် ကောင်မလေးအများစုက ရှက်ရွံ့သွားတတ်လေသည်။ အထူးသဖြင့် မထင်မှတ်ထားသည့် အချိန်မျိုးမှာဆိုလျှင် ပိုလို့ပင် မနေတတ် မထိုင်တတ်ဖြစ်ကာ အယောင်ယောင် အမှားမှား ပြောလေ့၊ လုပ်လေ့ရှိကြသည်။ သူမကတော့ ဟန်လေးတစ်ချက်တစ်လေတောင် မပျက်ခဲ့။

“ ရှင်လည်း သတင်းတွေ သိပ်မွှေးပါတယ် ”

နှုတ်ခမ်းတစ်ဖက်လေး တွန့်သွားသည်ဆိုရုံ အပြုံးမျိုးနှင့် ခပ်ထေ့ထေ့ပြုံးပြီး သူမက ဆိုသည်။ သူမမျက်နှာမှာ ကျွန်တော့်ကို အဲသည်နေရာမှ မြန်မြန်ထွက်သွားစေချင်သည့် အရိပ်အယောင်များက အပြည့်။

“ ဘာလဲ.. ကိုယ့်ကို စော်တွေကြွေကြတဲ့ အကြောင်းလား ”

ခပ်ပေါ့ပေါ့ စနောက်လိုက်သော ကျွန်တော့်စကားတွင် သူမ မပြုံးခဲ့ပါ။

“ ရှင် မိန်းမရှုပ်တဲ့ အကြောင်းကို ကျွန်မတို့ အားလုံး သိနေတာပဲ ”

သူမက ပက်ခနဲ ပြန်ပြောခဲ့သည်။ ကျွန်တော်တို့နှစ်ယောက်ကို  အခြားကောင်မလေးတွေက ကြောင်ပြီး ရပ်ကြည့်နေကြ၏။

 “ အဲတာ နက္ခတ်မှားလို့ပါကွာ။ ဒါပေမယ့်နော် ကိုယ့်နက္ခတ်ကို ပြောင်းပေးမယ့် လမင်းလေးတစ်စင်းကိုတော့ ကိုယ် အခု တွေ့လိုက်ရပြီ ထင်တယ် သိလား ”

   ရှင် ”

အံ့သြဆွံ့အပြီး သူမ ငြိမ်သက်သွားစဉ် ကျွန်တော် လှည့်ထွက်လာလိုက်သည်။ အဲဒီအချိန်တုန်းက ကျွန်တော့်စကားဝှက်ကို သူမ နားမလည်ခဲ့ပါ။

***

အဲသည်နေ့က အိမ်ပြန်ရောက်တော့ သူမ၏ ဖေ့ဘွတ်စာမျက်နှာကို ဝင်မွှေသည်။ သူငယ်ချင်းတကာကို ဖုန်းပတ်ခေါ်သည်။ သူငယ်ချင်းတွေရဲ့ သူငယ်ချင်းတွေဆီကိုလည်း ဖုန်းတွေဆက်ခိုင်းသည်။ သူမ သူငယ်ချင်းများ၏ ဖေ့ဘွတ်စာမျက်နှာပါ မချန် ဝင်မွှေပြီးနောက် ကျွန်တော်သိချင်သော သူမအကြောင်းလေးတွေကို သိခဲ့ရလေသည်။

ပုံ့က ၁၉၉၂ ခုနှစ်မှာ မွေးသူဖြစ်ပြီး ကျွန်တော့်ထက် လေးနှစ်ခန့် ငယ်သူ။ စာအုပ်စာပေကို ချစ်မြတ်နိုးသည်။ သီချင်းများ အထူးသဖြင့် သူတို့အရွယ်တွေ နားထောင်လေ့မရှိသည့် မြန်မာသံစဉ်သီချင်းများ၊ ၁၉၈၀ခုနှစ်ဝန်းကျင်က သီချင်းတွေကို နှစ်နှစ်သက်သက် နားထောင်လေ့ရှိသူ တစ်ယောက်။ ပုံ့ ထူးချွန်သည့် နေရာက ပန်းချီဆွဲခြင်းတွင်ဖြစ်ပြီး အတန်းထဲတွင် စာသင်ရင်း စိတ်မပါတော့လျှင်  ပုံတွေ ခိုးပြီး ဆွဲနေတတ်သေးသည်။ အပတ်စဉ် သောကြာနှင့် စနေညများတွင် သူမနေထိုင်သည့် အိမ်နှင့် မလှမ်းမကမ်းရှိ ကော်ဖီဆိုင်တစ်ခုမှာ အလုပ်လုပ်သည်။ ပြီးတော့ ပုံ့မှာ ရည်းစားမရှိ။ ရည်းစားမရှိတာထက် ရည်းစားမထားဘူးသေးသူ တစ်ယောက်ဟု ဆိုလျှင် ပိုပြီးမှန်ကန်ပြည့်စုံလေမည်။

“ မျက်ဝန်းနက်နက်လေးနှင့် လမင်းငယ်လေးရေ .. အချစ်ကြောင့် ဖြစ်တဲ့ စစ်ပွဲတွေ ရှိတယ်လို့ ကြားဖူးတယ် မဟုတ်လား။ ကိုယ်ကတော့ စစ်ကြေညာဖို့ အဆင်သင့် ဖြစ်နေပြီ ”

ပုံ့အကြောင်းတွေကို တွေးရင်း အဲသည့်ညက အိပ်မပျော်ခဲ့ပါ။ ပြတင်းပေါက်မှ ဝင်ရောက်လာသည့် လရောင်တွေက ကျွန်တော့်အိပ်ရာလေးပေါ်ကို ရက်ရက်ရောရော ဖြာကျနေခဲ့သည်။ ထိတွေ့ကိုင်တွယ်လို့ မရမှန်း သိနေပါလျက် လရောင်အမျှင်တန်းတွေကို တယုတယ ပွတ်သပ်ပေးမိရင်း ပုံ့ကို တမ်းတ သတိရနေမိခဲ့ပါသည်။

***
အဲဒီအပတ်၏ သောကြာနေ့ည ဆိုင်ပိတ်ခါနီးအချိန် ဖြစ်မည် ထင်ရသော ည၉နာရီခန့်တွင် ပုံ့အလုပ်လုပ်သည့် ကော်ဖီဆိုင်သို့ ကျွန်တော် ရောက်သွားခဲ့သည်။ ဆိုင်ထဲဝင်ဝင်ချင်းမှာပင် ကော်ဖီဖျော်နေသော ပုံ့ကို လှမ်းမြင်လိုက်ရ၏။ သို့သော်  ကောင်တာရှေ့သို့ ကော်ဖီမှာရန် ကျွန်တော် ရောက်သွားချိန်အထိ ပုံ့က ကျွန်တော့်ကို မမြင်သေးပါ။ ကာပူချီနို ကော်ဖီနှစ်ခွက်ပေါ်တွင် အသည်းပုံလေးနှစ်ထပ်စီကို ဆွဲပြီး ဒီဇိုင်းလှလှလေးဖြစ်အောင် စိတ်ပါဝင်စားစွာ လုပ်နေလေသည်။ ကံကောင်းထောက်မစွာဖြင့် ကောင်တာမှာ အခြားသူတွေ ရှိမနေခဲ့။

“ အဟမ်း ”

ကျွန်တော် ချောင်းဟန့်လိုက်တော့ သူမက ဖျတ်ခနဲ မော့ကြည်သည်။ အံသြမှုကြောင့် ဝိုင်းစက်သွားသည့် သူမ မျက်လုံးများက တော်တော်လှ၏။

“ ကာပူချီနို တစ်ခွက်ပေးပါ .. ”

ကျသင့်ငွေကို ကမ်းပေးလိုက်တော့ သူမက လက်ချင်းမထိမိအောင် သတိထားပြီးယူသည်။

 “ ကိုယ့်ကိုလည်း အဲလိုပဲ အသည်းပုံလေး ဆွဲပေးနော် ”

သူမက စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပါ။

ကောင်တာနှင့် အနီးဆုံး စားပွဲလေးတစ်လုံးတွင် ကျွန်တော် ရွေးထိုင်လိုက်၏။ တအောင့်လောက်ကြာတော့ အသည်းပုံလေးဆွဲထားသော ကော်ဖီလေးတစ်ခွက် ကျွန်တော့်ရှေ့ သို့ ရောက်လာပါသည်။ လာချပေးသူက ပုံ့တော့ မဟုတ်ခဲ့ပါ။

ပုံ့ ဖျော်ပေးသော ကော်ဖီလေးကို သောက်ရင်း ပုံ့၏ လှုပ်ရှားမှုလေးတွေကို စောင့်ကြည့်ရသည်မှာ တော်တော်လေး ရင်ခုန်ဖို့ ကောင်းပါသည်။ ကျွန်တော် ရှုပ်ခဲ့ဖူးသော မိန်းကလေးများစွာနှင့် မတူ ပုံ့က အေးချမ်းသည်။ တစ်ချိန်တည်းမှာပင် အထိမခံ ရွှေပန်းကန်လေးလည်း ဖြစ်သည်။ ထိုသို့ အေးချမ်းမှုနှင့် မဟုတ်လျှင်မခံမည့် သွင်ပြင်တို့ကို အချိုးညီညီ ပေါင်းစပ်ထားသောကြောင့်လား မပြောတတ်ပါ။ ပုံ့က ကျွန်တော့်ရင်ခုန်သံတို့ကို အထူးမြန်စေခဲ့လေသည်။

အဲသည့်နေ့ညက ပုံ့အိမ်အပြန်လမ်းတွင် ကျွန်တော် လိုက်ပါသွားခဲ့လေသည်။ သူမ ဘေးမှာ ကျွန်တော်ပါလာသည်ဆိုတာကို သူမ သတိထားမိလိုက်တော့ ခြေလှမ်းများက တုန့်ဆိုင်းတုန့်ဆိုင်း ဖြစ်သွားသေးသည်။ ပြီးတော့မှ ဘာကိုမျှ သတိမထားမိဟန်ဖြင့် သူ့လမ်းသူ ဆက်လျှောက်လေသည်။

“ ကျွန်တော် ပုံ့ကို အိမ်ပြန်လိုက်ပို့ပါရစေ ”

သူမက ကျွန်တော့်ကို တစ်ချက် လှည့်ကြည့်သည်။ ထို့နောက် ဘာမှ မပြောသေးဘဲ ခပ်ဆိတ်ဆိတ်ဖြင့် ဆက်လျှောက်သည်။ ထို့နောက် လမ်းလျှောက်နေတာကို ရပ်ပြီး ကျွန်တော့်ဖက်လှည့်ကြည်ကာ ကျွန်တော့်မျက်နှာကို စိုက်ကြည့်ရင်း ပြောသည်။

“ ရှင့်ကို တစ်ခု ပြောချင်တယ် သိလား။ ရှင် မိန်းမရှုပ်တဲ့အကြောင်းတွေ၊ ရှင့်ကို မိန်းကလေး တော်တော်များများက ကြွေတဲ့ အကြောင်းတွေကို ကျွန်မတို့ တစ်ကျောင်းလုံး သိတယ်။ ကျွန်မကို ရှင်လွယ်လွယ် ရဖူးတဲ့ မိန်းမတွေလိုမျိုး မထင်လိုက်ပါနဲ့။ ကျွန်မ အေးအေးဆေးဆေး နေပါရစေ ”

ငယ်ရွယ်လွန်းသည့် မိန်းကလေးတစ်ယောက်က ဒီလိုစကားကို ယခုလိုတည်ငြိမ်သည့် မျက်နှာထားမျိုးနှင့် ပြောတတ်လိမ့်မည်ဟု ဘယ်တုန်းကမှ ကျွန်တော် ထင်မထားခဲ့ပါ။

“ ပုံ့ကို ကျွန်တော် မကစားပါဘူး။ လွယ်လွယ်နဲ့ ခူးယူလို့ရမယ့် ပန်းကလေးတစ်ပွင့် မဟုတ်မှန်း ကျွန်တော် သိပါတယ်။ အခု တကယ်ကို လေးလေးနက်နက်ပါ ”

ကျွန်တော့်စကားတွေကို သူမ ခွန်းတုံ့မပြန်ခဲ့ပါ။ သူမအိမ်အောက်ရောက်သည်အထိ တိတ်တဆိတ် ဘေးမှ လိုက်သွားခဲ့သည်။ ဓါတ်လှေကားရှေ့ရောက်တော့ သူမက ကျွန်တော့်ကို ဆက်မလိုက်စေချင်ဟန်ဖြင့် လှည့်ကြည့်၏။

“ ကျွန်တော် ဒီမှာပဲ နေခဲ့ပါ့မယ်။ ကောင်းသောညလေးပါနော် ပုံ့ ”


***

အဲဒီညမှစ၍ အပတ်တိုင်း ပုံ့အလုပ်လုပ်သည့် ကော်ဖီဆိုင်ကို မှန်မှန်သွားဖြစ်ခဲ့သည်။ ပုံ့အိမ်အပြန်ကို လိုက်ပို့ပေးမိသည်။ ပုံ့က အရင်ကလောက် စိမ်းစိမ်းကားကားကြီး မဟုတ်သည့်တိုင်အောင် အလွန်တရာ သတိထားပြီး ဆက်ဆံလေ့ရှိ၏။ သို့သော် ခပ်တန်းတန်းဖြစ်နေသည့် အမူအရာများတော့ မရှိ။ တစ်ခုခုကို ကျိတ်ပြီး စိုးရိမ်နေဟန်သာ ရှိလေသည်။

ကျွန်တော်က စိတ်လွယ်သည်။ သံယောဇဉ်ဖြစ်လွယ်သည်။ လွယ်လွယ်ချစ်နိုင်သည်။ ပြီးတော့ လွယ်လွယ်လည်း ထားခဲ့နိုင်သည်။ ထို့ကြောင့် လွယ်လွယ်လာ၊ လွယ်လွယ်ခွာ ပုံစံမျိုးဖြင့် ကျွန်တော် ပတ်ရှုပ်ခဲ့သည်။

ကျွန်တော် လွယ်လွယ်ကူကူနှင့် ခူးယူပန်ဆင်ခဲ့ဖူးသော ပန်းကလေးများနှင့် ပုံ့က မတူပါ။ ပုံ့သည် ဆူးပေါင်းများစွာ ခြံရံထားသည့် အနီရောင်ရဲရဲ နှင်းဆီပန်းလေးတစ်ပွင့်နှင့် တူပါသည်။ ဘာမဆို အလေးအနက်ထားတတ်သော ပုံ့သည် မာနလည်း အလွန်ကြီးသလို သူ့ကိုယ်သူလည်း အလွန်တန်ဖိုးထားသည့် မိန်းကလေးတစ်ဦး ဖြစ်၏။

ထိုကြောင့် ပန်းကလေးပေါင်းများစွာကို အလွယ်တကူ ဆွတ်ချူခဲ့ဖူးသော ကျွန်တော်သည် ပုံ့ နှင့် ပတ်သတ်ပြီးတော့ အကြိမ်ကြိမ် လက်မြောက်အရှုံးပေးခဲ့ရပါသည်။ ပုံ့သည် ကျွန်တော့်အိပ်မက်တွေထဲမှာသာမက အပြင်လောကမှာပါ ကျွန်တော့်ကို လွှမ်းမိုးနိုင်ခဲ့သည့် ဘုရင်မ တစ်ပါးဖြစ်နေခဲ့လေသည်။ 

ပုံ့အကြည့်ကြောင့် ကျွန်တော် အကြိမ်ကြိမ် သေဆုံးခဲ့ဖူးသည်။ ပုံ့အပြုံးတွေကြောင့် အကြိမ်ကြိမ် ကျရှုံးခဲ့ဖူးသည်။ ပုံ့စကားတွေကြောင့်လည်း အကြိမ်ကြိမ် လဲပြိုခဲ့ဖူးပါသည်။ ဒါတွေကို ကံဆိုးခြင်းဟု ကင်ပွန်းတပ်မည်ဆိုလျှင် ဒီအရာတွေထဲမှ ကံကောင်းခြင်းတစ်ရပ်မှာ ခြောက်လကျော်ကြာ ကျားကုပ်ကျားခဲ အားထုတ်ကြိုးစားပြီးချိန်ပုံ့ကို ကျွန်တော် ပိုင်ဆိုင်ခွင့်ရခဲ့ခြင်း ဖြစ်ပေလိမ့်မည်။


***

နှင်းမြူကင်းစင်သော လသာညတစ်ညတွင် ကျွန်တော်နှင့်ပုံ့၏ အချစ်ဇာတ်လမ်းလေးက ရီရီဝေဝေလေး စတင်ခဲ့ပါသည်။

“ အစ်ကို တစ်ခုတော့ ကတိပေးရမယ်နော် ”

သူမက အနည်းငယ်တွေဝေစွာဖြင့် ချီတုံချတုံ စဉ်းစားပြီးနောက် ကျွန်တော့်ဆီမှ ကတိတစ်ခုကို အရင်တောင်းခဲ့၏။ သူမ ဆက်ပြောလာမည့် စကားများကို ကျွန်တော် ကြိုတင်သိနှင့်နေခဲ့ပါသည်။

“ မောင် မိန်းမ မရှုပ်တော့ဘူးလို့ ကတိပေးတယ် ဟုတ်ပြီလား။ ပုံ့ကို မောင် သစ္စာရှိရှိ ချစ်မယ်။ မောင့်ကို ပြန်ချစ်မယ် မဟုတ်လားဟင် ”

သူမ၏ မျက်ဝန်းနက်နက်လေးတွေထဲကို စိုက်ကြည့်ပြီး ပြောလိုက်တော့ သူမ မျက်လုံးလေးတွေက အံ့သြမှုကြောင့် ပိုမိုဝိုင်းစက်သွားသည်။ ထို့နောက် လွှတ်ခနဲ ပြုံးရယ်သည်။ ပြုံးရယ်ပြီးနောက် ချက်ချင်းပင် တည်သွားပြီး နှုတ်ခမ်းကိုက်ပြသည်။

“ ဟင်.. ဘာမောင်လဲ.. ဘယ်သူက ချစ်တယ်ပြောသေးလို့လဲ ”
သူမက ခပ်စွာစွာလေး ရန်တွေ့ခဲ့သည်။

“ ပုံ့မျက်ဝန်းလေးတွေကပြောတာလေ… ပုံ့လည်း မောင့်ကို သိပ်ချစ်တယ်တဲ့ ”

“ ဟာ.. သူ မကောင်းဘူး ”

ပြောပြောဆိုဆိုဖြင့် ပုံ့လက်သီးဆုပ်ကလေးတွေက ကျွန်တော့်ရင်ဘတ်ကို တဝုန်းဝုန်းလာထုတော့ ဆီးကြိုဖမ်းဆုပ်ထားလိုက်မိသည်။

“ သူ မဟုတ်ပါဘူး ပုံ့ရယ်။ မောင်ပါ ကွယ် ”

ကျွန်တော့်လက်ထဲမှ အတင်းရုန်းထွက်ဖို့ ကြိုးစားနေသည့် ကောင်မလေးကို ညစ်ပြီး ဇွတ်မလုပ်ရက်ခဲ့ပါ။ အသာလေး ဖြေလျော့ပေးလိုက်တော့ သူမက လက်ကလေးကို ရုပ်ကာ နောက်သို့ ခြေတလှမ်း ဆုတ်သွားပြီး ခေါင်းကလေး ငုံ့ထားလေသည်။ သူမနှင့် ပတ်သတ်ပြီး ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အဲသည်လိုမျိုး အသေးစိတ်လေးတွေက စလို့ ကျွန်တော်က မှတ်မိနေတတ်ခဲ့ပါသည်။

အဲသည်ညက သူမတို့ အိမ်အောက်ရှိ ပန်းခြံလေးမှာ စကားတွေ အကြာကြီး ထိုင်ပြောဖြစ်ခဲ့ကြပြီး သန်းခေါင်ချိန်လောက်ရောက်မှ ကျွန်တော် ပြန်ဖြစ်ခဲ့သည်။

ကျွန်တော့်ကို လက်ပြနှုတ်ဆက်နေသည့် သူမလက်ကလေးကို ဆုပ်ကိုင်ကာ သူမ ပါးမို့မို့ကလေးနှစ်ဖက်ကို ဘယ်ပြန်ညာပြန် ရွှတ်ခနဲ ရွှတ်ခနဲ နမ်းပစ်လိုက်ချင်စိတ်များ တဖွားဖွား ဖြစ်နေသည့်တိုင် ကျွန်တော့်ကိုကျွန်တော် ထိန်းချုပ်နိုင်ခဲ့ပါသည်။ သူမ ကျွန်တော့်ကို လန့်သွားမှာ မလိုလားပါ။ သူမ ကျွန်တော့်ကို အထင်လွဲသွားမှာ စိုးရိမ်ပါသည်။ ထို့ကြောင့် သူမ နှာခေါင်းလေးကိုပဲ ဖျစ်ညှစ်ကာ အမြန်လှည့်ထွက်လိုက်ရ၏။

***

ကျွန်တော်သည် အရင်ရည်းစားဟောင်းတွေနဲ့တုန်းက သူတို့တွေ အိမ်ကိုလည်း မကြာခဏ ဝင်ထွက်သွားလာဖူးသည်။ သူတို့တွေကလည်း ကျွန်တော်အိမ်ကို ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်ကြသည်။ ခပ်ရှင်းရှင်းပြောရလျှင် ကျွန်တော်က အရင်ရည်းစားတွေနှင့် အတူတူအိပ်ကာ အတူတူပင် နေခဲ့ဖူးသည်။ ပုံ့ကိုတော့ ကျွန်တော့်အိမ်လာလည်ဖို့ မခေါ်ရဲသလို ပုံ့ကလည်း သူ့အိမ်အလည်လာဖို့ မခေါ်ခဲ့ဘူးပါ။ သို့သော် ပုံ့တို့အိမ်အောက်မှာ ကျွန်တော်တို့ ချိန်းတွေ့ဖြစ်သည့် ညနေခင်းတစ်ခုတွင် မိုးသည်းထန်စွာ ရွာခဲ့သည်သဖြင့် ပုံ့က အိမ်ပေါ်လိုက်ခဲ့ဖို့ ခေါ်ပါသည်။

အပေါ်ကိုရောက်တော့ ပုံ့က ကျွန်တော့်ကို ဧည့်ခန်းထဲမှာ ခဏထိုင်စောင့်ခိုင်းထားပြီး သူမ၏ အိပ်ခန်းဟုထင်ရသော အခန်းတစ်ခုထဲသို့ ဝင်သွား၏။ ထို့နောက် ပန်းချီကားတွေ တစ်ထပ်ကြီးကို ပွေ့ပိုက်ပြီး ပြန်ထွက်လာခဲ့သည်။

“ ဒါတွေအကုန်လုံးက ပုံ့ ဆွဲထားတာလေးတွေလေ .. မောင် ခဏကြည့်နေနော်.. ပုံ့ မောင့်အတွက် ကော်ဖီဖျော်ပေးမယ် ”


ပျံသန်းနေသော ငှက်ကလေးများ၊ လေထဲတွင် ဝေ့ဝဲကြွေလွင့်နေသော သစ်ရွက်ကလေးများ၊ အစွမ်းကုန် ဖူးပွင့်နေသော နှင်းဆီခင်းများ၊ ပန်းဖူး ပန်းငုံလေးများ၊ အိပ်တန်းတက်နေသော ငှက်ကလေးများ၊ သစ်ပင်ပေါ်မှာ ပြေးလွှားဆော့ကလေးနေသော ရှဉ့်ကလေးများ၊ ရောင်စုံပန်းဥယျာဉ်များ၊ မှိုင်းညို့ညို့ တောင်တန်းကြီးများ၊ စိမ်းမှောင်နေသော တောတန်းကြီးများ၊ စမ်းချောင်းငယ်ကလေးများ၊ ရေတံခွန်များ၊ ပင်လယ်ပြင်များ၊ ရှုမျော်ခင်းများ စသည့် ပုံပေါင်းများစွာကို ရေဆေး၊ ဆီဆေး၊ ခဲတံ စသည်တို့ဖြင့် စုံလင်နေအောင် ရေးဆွဲထား၏။

သူမ ဆွဲထားသည့် ပုံတိုင်းလိုလိုသည် သဘာဝတရားနှင့် ကင်းကွာနေသည်ဟူ၍ မရှိ။ သဘာဝပတ်ဝန်းကျင်မှ အလှအပများအားလုံးကို ပုံ့က စုတ်ချက်ကလေးများဖြင့် ပြန်လည်ခံစားကာ ဖန်တီးခဲ့ပုံရ၏။

“ ပုံ့ကလေ သဘာဝတရားကြီးကို သိပ်ချစ်တယ်သိလား။ အရမ်းအေးချမ်းလို့။ ပုံ့ကိုယ်ပုံ့တောင် သဘာဝပတ်ဝန်းကျင်ကိုပဲ ချစ်တတ်တဲ့ အချစ်တွေနဲ့ချည်း ပြည့်နေတယ်လို့ ထင်နေခဲ့တာ.. ဟို .. မောင့်ကို မချစ်မိခင်ထိလေ 

ပန်းချီကားလေးများကို ကြည့်ရင်း ကျွန်တော်တို့ ချစ်သူဖြစ်စက သူမ ပြောဖူးသည့် ထို စကားလေးတစ်ခွန်းကို သတိရလိုက်မိသည်။


 “ အဲဒါလေးက ပုံ့ရဲ့ ပထမဆုံး ရေဆေးပန်းချီကားလေး”

ကော်ဖီခွက်ကလေးနှစ်ခွက်တင်ထားသည့် ဗန်းကလေးကို ကိုင်ကာ ပုံ့ထွက်လာတော့ ကျွန်တော်က သစ်ပင်ပုံ ပန်းချီကားလေးကို ကိုင်ကြည့်နေချိန်ဖြစ်သည်။


ဖြူဆွတ်နေသည့် စာရွက်ပေါ်တွင် ရေဆေးဖြင့် သေသေသပ်သပ် ဆွဲထားသော သစ်ပင်စိမ်းစိမ်းလေး တစ်ပင်။ စာရွက်ဖြူလေး၏ အလည်တွင် ဆွဲထားသည့် သစ်ပင်လေးမှာ တစ်ပင်တည်းမို့လားမသိ ထင်းပြီး ကြွရွနေသည်။ ပင်စည် အညိုရင့်ရောင်၊ သစ်ကိုင်းအညိုရောင်၊ ထို့နောက် သစ်ရွက်လေးများကို အစိမ်းရောင် အနု အရင့် မျိုးစုံတို့ဖြင့် အသေးစိတ် ခြယ်မှုန်းထား၏။ ကျွန်တော့်မျက်စိထဲတွင် သစ်ပင်လေးမှာ အင်မတန်မှ မျက်စိပဿဒ ဖြစ်လှသည်။

  လှလိုက်တာ ပုံ့ရယ် .. ”

 “ ပုံ့ကို ပြောတာလား.. ပုံ့ဆွဲထားတဲ့ ပန်းချီတွေကို ပြောတာလား ဟင် ”

သူမက ရယ်ကျဲကျဲဖြင့် စနောက်၏။

“ ပန်းချီ ဆရာမလေးကိုရော၊ ပန်းချီဆရာမလေးရဲ့ ပန်းချီကားတွေကိုရောပေါ့ကွယ် ”

သူမက မယုံသလိုမျက်နှာပေးလေးဖြင့် ကြည့်ကာ ရယ်နေလေသည်။

“ တကယ်ပါ ပုံ့ရယ်.. မောင့်ချစ်သူလေးရဲ့ လက်ချောင်းလေးတွေက တကယ့်ကို အနုပညာလက်ကလေးတွေ သိပ်ကိုလှတာလည်း မပြောနဲ့လေ ။ တစ်ခါတစ်လေ အဲဒီလက်ချောင်းထိပ်ကလေးတွေမှာ အနုပညာတွေ ပန်းလိုပွင့်နေသလားလို့တောင် မောင် အောက်မေ့မိပါရဲ့ ”


သူမ လက်ချောင်းကလေးတွေကို တယုတယလေး ကိုင်ကြည့်ရင်း ပြောတော့ သူမက မနေတတ်စွာဖြင့် ရှက်ပြုံးကလေး ပြုံးနေခဲ့သည်။

“ ခဏလေးနော် မောင်၊ မောင့်ကို ပေးစရာ ရှိတယ်.. သွားယူလိုက်ဦးမယ်။ မောင် ကော်ဖီသောက်နှင့်နော် ”

ပြောပြောဆိုဆိုနှင့် သူမက အခန်းထဲ ပြေးဝင်သွား၏။ သူမကို စောင့်ရင်း စားပွဲပေါ်မှာ ပြန့်ကျဲနေသည့် ပုံကလေးတွေကို ပြန်ပြီး စီထပ်ပေးလိုက်မိသည်။ သူမက ဓါတ်ပုံထည့်သည့် မှန်ဘောင်လေးတစ်ခုကို ရင်ဘတ်မှာအပ်ကာ ပြန်ထွက်လာပါသည်။

“ မောင် ဒါဘာလေးလဲ သိလား.. 

ညစ်ကျယ်ကျယ် အပြုံးလေးကို ခပ်ဝင့်ဝင့်လေး ပြုံးကာ မှန်ဘောင်လေးကို ရင်ခွင်မှ မချဘဲ ထွေးပိုက်ထားပြီး ကျွန်တော့်ကို ခန့်မှန်းခိုင်းခဲ့ဖူးသည်။

“ မောင်သိသားပဲ.. ဒါ  မောင်နဲ့ပုံ့ရဲ့ စုံတွဲဓါတ်ပုံလေး.. မြန်မြန်ဝန်ခံလိုက် စမ်းပါ ပုံ့ရာ။ မောင်သိပါတယ်ကွ”

သူမက နှာခေါင်းလေးရှုံ့ကာ ခေါင်းကလေးယမ်းပြီး ရယ်မောသည်။

“ တစ်ဝက်မှန်တယ်။ တစ်ဝက်မှားတယ် ”

ထို့နောက် ကျွန်တော့်လက်ထဲသို့ မှန်ဘောင်ကလေးကို ထိုးထည့်ပေး၏။ စိတ်လှုပ်ရှားစွာဖြင့် မှန်ဘောင်ကလေးကို ငုံကြည့်ရင်း အံ့သြပျော်ရွှင်သွားခဲ့ရဖူးသည်။

“ အိုးးး . ဒါ မောင်တို့ရဲ့ စုံတွဲပုံလေး။ မောင့်ဖို့ပေါ့နော် ဟုတ်လား။ ပုံလေးက အသက်ဝင်လိုက်တာ ပုံ့ရယ်.. ဘယ်လိုများ ဆွဲထားသလဲဟင် ”

ခဲပန်းချီဖြင့် ဆွဲထားသော ကျွန်တော်တို့နှစ်ယောက်၏ စုံတွဲပုံတူလေး။ ဘယ်လိုမှ ထင်မှတ်မထားသည့် အရာလေး ဖြစ်နေသဖြင့် အဲသည်အချိန်တုန်းက ရရှိလိုက်သည့် ကျေနပ်ကြည်နူးမှုကို စာဖွဲ့၍ပင် ကုန်နိုင်မည် မထင်ပါ။

“ အသက်ဝင်မှာပေါ့ မောင်ရဲ့ ။ ပုံ့က မောင့်ကိုချစ်တဲ့ စိတ်တွေအပြည့်နဲ့ ဆွဲထားတာကိုး ”

အဲသည်လို ချစ်စဖွယ် စကားလေးတွေဖြင့် တီတီတာတာလေး ချွဲနွဲ့ပြောဆိုတတ်သည့် သူမကို အဲသည်ညနေတုန်းက အကြာကြီး ထွေးပွေ့ထားခဲ့ဖူးပါသည်။

***

ပန်းချီဆွဲတော်သော ပုံ့သည် ဟင်းချက်လည်း အလွန်ကောင်းလေသည်။ တနင်္ဂနွေနေ့တိုင်းလိုလို ပုံ့လက်ရာ နေ့လည်စာကို စားရတတ်သည်။ ပုံ့က ကျွန်တော်ကြိုက်တတ်သော ဟင်းတွေကို မငြီးမငြူ ချက်ကျွေးတတ်၏။ ထိုသို့ ကျွန်တော်အပေါ် ချစ်စေတနာတွေ ပိုတတ်ခြင်းကြောင့်လည်း ကျွန်တော်အပေါ် ပုံ့အထင်လွဲမှားသွားစေသည့် ကိစ္စတစ်ခု ဖြစ်ခဲ့ရလေသည်။

အဲဒီနေ့နံနက် အိပ်ရာက နိုးလာတော့ ဖျားချင်သလိုလို ဖြစ်နေခဲ့သည်။ ပုံ့ဆီ ဖုန်းဆက်ပြီး “ မောင်တော့ နေမကောင်းဘူးကွယ်.. အလုပ်ကလည်း မသွားလို့ မရဘူး။ ပရောဂျက်တစ်ခု အပြီးတင်ရမယ် ” ဆိုကာ ချွဲနွဲ့သည်။ ပုံ့က ဆေးသောက်ဖို့၊ နွေးနွေးထွေးထွေးနေဖို့ မှာရှာသည်။ သို့သော် ပုံ့တစ်ယောက် နေ့လည်စာစားချိန်တွင် ကျွန်တော့်အတွက် နေလည်စာတွေချက်ပြုတ်ယူလာပြီး အလုပ်ကို လိုက်လာလိမ့်မည်ဟု ထင်မထားခဲ့မိပါ။

ကျွန်တော်တို့ အလုပ်နားက ကန်တင်းကို ကျောင်းအားရက်များတွင် ပုံ့လိုက်လာတတ်ပြီး ကျွန်တော်နှင့်အတူ နေ့လည်စာ စားလေ့ရှိသည်။ ယခုလည်း ကျွန်တော်ကို အံ့သြပျော်ရွှင်စေချင်သော ပုံ့ကာ နေ့လည်စာကို ကိုယ်တိုင်ချက်ပြုတ်ကာ ယူလာခဲ့လေသည်။ ပုံ့လာမည့် အကြောင်းကို တစ်ခွန်းတစ်လေတောင် ဖုန်းဆက်ပြီး မပြောခဲ့။ မက်ဆေ့ခ်ျလည်း မပို့ခဲ့။ ကျွန်တော်ကို ပုံ့ တွေ့သွားချိန်တွင် ကျွန်တော်က လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ယောက်နှင့်အတူ ထမင်းစားနေချိန် ဖြစ်လေသည်။

ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် ပုံ့က ကျွန်တော့်ကို ထိုအမျိုးသမီးနှင့် အပေါင်းအသင်းလုပ်တာ မကြိုက်ပါ။ နေ့လည်စာ လာစားဖူးရင်း ထိုအမျိုးသမီးကို သိနေသော ပုံ့က “ အဲဒီ အမျိုးသမီးက ရဲတင်းသွက်လက်လွန်းတယ်နော် ” ဟု ဆိုပြီး ကျွန်တော့်နှင့်စိတ်မချပါဟု ပြောခဲ့ဖူးသည်။

ကံဆိုးချင်တော့ ထိုအမျိုးသမီးက စနောက်ကာ ကျွန်တော့်ရှေ့ရှိ ဆန်ပြုတ်ပန်းကန်မှ ဆန်ပြုတ်တစ်ဇွန်းကို အခွံ့၊ ကျွန်တော်ကလည်း ခပ်ကဲကဲဆိုတော့ ကျေကျေနပ်နပ်ကြီး ပါးစပ်အဟမှာ ပုံ့က လှမ်းမြင်သွားခဲ့ခြင်း ဖြစ်၏။ ပုံ့ကို လှမ်းကြည့်လိုက်တော့ လက်ထဲမှာ ထမင်းဘူးတွေ ကိုင်ဆွဲထားသည်။ ပုံ့ကို ကျွန်တော် မြင်သွားမှန်းသိတော့ ပုံ့က ချက်ချင်းပင် လှည့်ပြန်လေသည်။  ဖြစ်ကြောင်းကုန်စင်ကို ကျွန်တော် သဘောပေါက်သွားပါသည်။ ပုံ့တော့ အထင်လွဲတော့မည်။  လုပ်ဖော်ကိုင်ဖက် အမျိုးသမီးကတော့ ဘာတစ်ခုမှ သိလိုက်ဟန် မတူပါ။

ပုံ့နောက်ကို အပြေးလိုက်သွားပြီး ပုံ့လက်ထဲက ထမင်းဘူးကို ဆွဲလုယူတော့ ပုံ့က အကုန်လုံးကို ကိုင်ပေါက်ပစ်သည်။ အဲသည်လောက် စိတ်တိုတတ်လိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထင်ထားမိသော ကျွန်တော် အံ့သြစွာဖြင့် ကြက်သေ သေသွားပါသည်။

“ မိန်းမ ရှုပ်တာကို ပုံ့ သိပ်မုန်းပါတယ်ဆို ”

ပုံ့က နှုတ်ခမ်းကို တင်းနေအောင် ကိုက်ထားပြီး မျက်ရည်တွေက ပါးပေါ်မှာ ပိုးပိုးပေါက်ပေါက် ကျနေကြသည်။ ဒေါသစိတ်ကြောင့် ခန္ဓာကိုယ်လေးက တဆတ်ဆတ် တုန်ရင်နေသည်။ ပုံ့မျက်ရည်တွေကို မြင်ရတော့ ကျွန်တော် စိတ်မကောင်း။ မျက်ရည်တွေ သုတ်ပေးဖို့ လက်လှမ်းလိုက်တော့ ပုံ့က ကျွန်တော့်လက်ကို နာနာကျည်းကျည်း ပုတ်ချသည်။

“ ပုံ့ကို လာမထိနဲ့ ”

လမ်းမဘေးမှာ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေသာ ကျွန်တော်တို့နှစ်ယောက်ကို ဖြတ်သွားဖြတ်လာတွေက စပ်စုသလို ကြည့်သွားကြ၏။ ပုံ့ကတော့ ဘာကိုမှ သတိထားမိဟန် မတူ။ ငို၍သာနေလေသည်။

“ ပုံ့ရယ်.. အထင်မလွဲပါနဲ့ .. မောင်တို့ချင်း စနေတာပါ ”

ကျွန်တော့်မျက်လုံးများကို စိုက်ကြည့်နေသော ပုံ့အကြည့်များသည် ကြေကွဲစရာ ကောင်းလှပါသည်။

“ ပုံ့ရယ်.. ဟိုတုန်းက မောင် ဘယ်လိုပဲ ရှုပ်ခဲ့ ရှုပ်ခဲ့.. ခုချိန်မှာ ပုံ့ကိုမောင် သိပ်ချစ်ပါတယ်။ သစ္စာလည်း ရှိပါတယ် ပုံ့ရယ် ”

ခွန်းတုန့်ပြန်စကား တစ်ခွန်းတစ်လေတောင် ပြန်မပြောဘဲ သူမက ငြိမ်သက်စွာ ရပ်နေခဲ့သည်။

“ မောင် တောင်းပန်ပါတယ် ပုံ့ရယ် ”

သူမ လက်မောင်လေးကို ဆုပ်ကိုင်လိုက်တော့ သူမ ကိုယ်လေး ဆတ်ခနဲ တုန်သွားသည်။

“ မောင် ကိုယ်တွေ ပူနေတယ် ”

ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။ မြေပြင်ပေါ်ပြန့်ကျဲနေသော ထမင်းတွေ၊ ဟင်းတွေဆီသို့ ပုံ့လှမ်းကြည့်လိုက်တော့ ကျွန်တော်ပါ လိုက်ကြည့်မိသည်။ ပုံ့စေတနာနဲ့ချက်ပြုတ်ထားသမျှ အခုတော့ နှမြောစရာ။

“ အဲဒီအမျိုးသမီးကို ပုံ့မကြိုက်တာ မောင် သိသိကြီးနဲ့ ”


“ မောင် ကတိပေးပါတယ် ပုံ့ရယ် ”

သူမ မျက်ဝန်းတွေထဲကို သေသေချာချာ စိုက်ကြည့်ပြီး ကတိပေးတော့ သူမက သက်ပြင်းလေးတစ်ချက်ကို ခပ်ဖွဖွလေး မှုတ်ထုတ်လေသည်။

“ နောက်တစ်ခါဆို ပုံ့ မောင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး သိလား။ အခုလည်း မောင် နေမကောင်းလို့။ ပြီးတော့ မောင့်ကို ပုံ့သိပ်ချစ်လို့ ”

လေသံတိုးတိုးလေးဖြင့် ပုံ့က ဆိုသည်။

“ ကျေးဇူးတင်ပါတယ် ပုံ့ရယ်.. တကယ်ပါ နော် .. ”

ခေါင်းကို ခပ်လေးလေး ညိတ်ပြလာသည့် သူမကို ထွေးပွေ့ထားလိုက်မိစဉ်မှာပင် ပုံ့ကို ကျွန်တော် သိပ်ပြီးချစ်မြတ်နိုးမှန်း ပိုမိုသေချာလာခဲ့သည်။

ဟိုတုန်းက ကျွန်တော် ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ ပုံ့ကိုတော့ မည်သူကိုမှ မချစ်ဖူးသည့် အချစ်စိတ်မျိုးနှင့် ချစ်တတ်ခဲ့လေသည်။ ပုံ့မျက်ရည်တွေကို မြင်ရတော့ ကျွန်တော့်ရင်တွေ ပူလောင်လှသည်။ “ စိတ်အလိုလိုက်ပြီး ခြေကလိမ်မ အကလို ကျွန်တော် ပတ်ရှုပ်သည့် ဇာတ်လမ်းတွေကြောင့် ပုံ့စိတ်မညစ်စေရတော့ပါ ”ဟု အဲသည်နေ့တုန်းက ကျွန်တော့်ကိုကျွန်တော် ကတိတွေ တိတ်တခိုး ပေးခဲ့မိပါသေးသည်။


***

“ မှန်မှန် ပြောစမ်းပုံ့။ ဘာကြောင့် ပုံ့က မောင့်ထက် လေးနှစ်ငယ်ရတာလဲ ဟင် .. ဘာလို့ မောင်နဲ့တူတူ နတ်ပြည်က ဆင်းမလာတာလဲ။ နတ်သားတွေနဲ့ အပျော်လွန်နေတာဟုတ် ”

မြစ်ကမ်းဘေးတွင် လမ်းလျှောက်ထွက်ဖြစ်သည့် ညနေခင်းတစ်ခုမှာ ပုံ့ကို ကျွန်တော် တမင်သက်သက် ညစ်ပြီး စနောက်တော့ ပုံ့က ခပ်တည်တည်ပင်။

“ ဘယ်ကလာ.. နတ်ပြည်မှာ မောင်က နတ်သမီးတွေနဲ့ ပတ်ရှုပ်ထားတော့ မောင့်အရှုပ်ထုတ်တွေကို ရှင်းနေရလို့ ”

ပက်ခနဲ တုန့်ပြန်လိုက်သည့် ပုံ့စကားလုံးတွေနဲ့ ဖျတ်ခနဲမော့ကြည့်လိုက်သည့် ပုံ့အကြည့်တွေက အေးစက်လွန်းလှသည်။ ပုံ့က ကျွန်တော့်ကို ပြန်ပြီး စနောက်နေတာပါဟု သိနေသည့်တိုင်အောင် စိတ်ထဲတွင် လေးလံပူပန်သွားခဲ့၏။ ပုံ့သည် ဘယ်အရာကို မဆို အလေးအနက် ထားတတ်သည့် မိန်းကလေး တစ်ဦးဖြစ်လေသည်။ ထို့ကြောင့် ပုံ့၏မသိစိတ်မှာများ ကျွန်တော့်ကို စိတ်နာနေသလားဟု တွေးမိတော့ ကျွန်တော် လက်မခံနိုင်ခဲ့ပါ။

“ ပုံ့စတာနော် မောင်။ မျက်နှာကြီး ပျက်သွားလိုက်တာ တကတည်းမှပဲ ”

ကျွန်တော့် ပါးတစ်ဖက်ကို ပုံ့လက်ကလေးတွေက လာပြီး ဖျစ်ညှစ်လိုက်မှ နေသာထိုင်သာ ရှိသွားခဲ့သည်။

“ မောင့်ကို အမြဲချစ်ပါနော်.. မောင်လေ ပုံ့ကို ဆုံးရှုံးမှာ ကြောက်တယ် ”

“ အင်း ”

ကြည်လင်စွာ ပြုံးပြနေသည့် ပုံ့နှုတ်ခမ်းလေးများကို ကြည့်ရင်း ရင်ထဲမှာ ပူပန်မှုတွေဖြင့် လောင်ကျွမ်းနေခဲ့ဖူးသည်။

***

ကျွန်တော် လိမ္မာတော့မည်၊ ကျွန်တော့်ကြောင့် ပုံ့စိတ်မဆင်းစေရတော့ပါဟု ဆုံးဖြတ်ချက် ချပြီးကာမှ ကျွန်တော်တို့ အချစ်ရေးတွင် ကံဆိုးမိုးမှောင် ကျခဲ့ရလေသည်။


“ လမ်းခွဲစို့ မောင် ”

“ ပုံ့ရယ်.. မောင်ရှင်းပြပါရစေ။ အဲဒီ ကိစ္စက ပုံ့ထင်သလို မဟုတ်ပါဘူး ”

ရှင်းပြခွင့်လေး တစ်ခုတစ်လေတောင် မရလိုက်ဘဲ သူမ ကျွန်တော့်ကို အထင်လွဲ စိတ်နာကာ ထားခဲ့မည်ကို မလိုလားပါ။ ကျွန်တော်နှင့် တစ်ချိန်တုန်းက ပတ်သတ်ခဲ့ဖူးသည့် ကောင်မလေးတစ်ယောက် ကျွန်တော့်အိမ်တွင် လာအိပ်သွားခဲ့ခြင်းမှာ ပုံ့ထင်နေသလို မဟုတ်ကြောင်း၊ သူ့ကောင်လေးနှင့် ရန်ဖြစ်ကာ ကျွန်တော့်ဆီ လာငိုရင်း ညဉ့်နက်သွားသဖြင့် တစ်ညလုံး နေဖြစ်သွားခဲ့ရခြင်းဖြစ်ကြောင်းတို့ကို ရှင်းပြချင်ပါသည်။

“ ပုံ့ကို ဘာမှ လာမပြောနဲ့မောင်.. အဲညက မောင့်အိမ်မှာ သူအိပ်ခဲ့လား မအိပ်ခဲ့လား အဲတာပဲ ပုံ့သိချင်တယ် ”

ပုံ့အကြည့်တွေက ကြောက်စရာကောင်းလှ၏။ ပုံ့သည် ကျားနာလေးတစ်ကောင်နှင့် တူနေခဲ့ပါသည်။

“ အိပ်ခဲ့တယ် ပုံ့။ ဒါပေမယ့် ပုံ့အထင်လွဲနေသလို မဟုတ်ဘူး။ မောင်တို့ တကယ်ကို ရိုးရိုးသားသား ”

“ ရိုးသားတယ်ဆိုရင် မောင်က ဘာဖြစ်လို့  ပုံ့ကို မပြောပြခဲ့ရတာလဲ။ အခုတော့ သူများလာပြောမှ ပုံ့သိရတယ်.. ဖုံးကွယ်ထားတယ် ဆိုကတည်းက မောင်တို့ မရိုးသားလို့ဆိုတာ ရှင်းနေတာပဲလေ”

“ ပုံ့ရယ် .. ”

“ ဒီမှာမောင်.. ဒါနိုင်ငံခြား၊ မြန်မာပြည် မဟုတ်ဘူးဆိုပြီး နေချင်သလို နေတတ်တဲ့ မိန်းမစားထဲမှာ ပုံ့မပါဘူး။ အဲသည်လို နေတတ်တဲ့ သူတွေကိုလည်း ပုံ့ရွံတယ်။ ယောင်္ကျားတစ်ယောက်အိမ်ကို လွယ်လွယ်ဝင်ထွက်သွားလာလိုက် အိပ်လိုက် လုပ်နေတဲ့သူတွေကို လက်လည်းလက်မခံနိုင်ဘူး။ နားလည်းမလည်ဘူး ”

သူ့ကိုယ်သူ တန်ဖိုးထားသော ပုံ့လို မိန်းကလေးတစ်ယောက်က ဘာကြောင့် ဒီကိစ္စကို လက်မခံနိုင်ဖြစ်နေရသလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိပါသည်။ ထို့ကြောင့်လည်း ဒီကိစ္စကို ချက်ချင်း မပြောဖြစ်ခဲ့ဘဲ အချိန်ဆွဲနေမိခဲ့သည်။ ဖွင့်ပြောရန် အားယူနေဆဲမှာပင်  ပုံ့က သိသွားခဲ့၏။ ယခုတော့ အထင်လွဲစရာတွေ ပိုခဲ့လေပြီ။

“ မောင်တို့ တစ်ညလုံး အတူရှိနေတယ် ဆိုပေမယ့် တကယ်ကို ရိုးသားပါတယ် ပုံ့ရယ် .. ကျေးဇူးပြုပြီး မောင့်ကို ယုံပေးပါလားနော် ..ဟိုတုန်းက မောင် ဘယ်လောက်ရှုပ်ခဲ့ရှုပ်ခဲ့ အခုချိန်မှာ ပုံ့အပေါ် မောင် သစ္စာမမဲ့ရပါဘူး ပုံ့လေးရယ် ”

“ တစ်ညလုံး အတူရှိနေတယ်ဆိုကတည်းက လုံလောက်နေပြီ မောင်ရဲ့။ ဘာမှ မရှင်းပြပါနဲ့တော့။ မောင့်အိမ်မှာ မောင့်ရည်းစားဟောင်း လာအိပ်သွားတယ် ဆိုကတည်းက တခြား ဘာရှင်းပြချက်မှလည်း မလိုတော့ဘူး။ မောင်တို့ဘာသာ ရိုးရိုးသားသားပဲအိပ်အိပ်၊ ဆန်းဆန်းပြားပြားပဲ အိပ်အိပ်။ အားလုံးရဲ့ မျက်မြင်ကွယ်ရာမှာ ဖြစ်ခဲ့တာပဲ ”

ဒေါသတကြီးဖြင့် ပုံ့အော်သမျှကို ကျွန်တော်ငြိမ်ခံနေခဲ့ပါသည်။

“ အခုတော့ သူများ လာပြောမှ ပုံ့သိရတယ်။ ဟိုးကတည်းက အဲဒီကောင်မလေးက မောင့်ဆီ လာအိပ်နေကြတဲ့။ အရင်တုန်းက မောင်တို့မှာ အဲသည်လို ဆက်ဆံရေးမျိုး ရှိထားမှန်း ပုံ့လည်း သိတာပဲ။ အခုနေ မောင်တို့ရိုးသားပါတယ်ဆိုတာကို ဘယ်သူ့သွားပြောပြာ မောင့်ကို ယုံကြလိမ့်မယ် မထင်နဲ့။ ပုံ့ကို မကစားချင်နဲ့မောင်.. ပုံ့ကို ဒါမျိုး လာမလုပ်နဲ့ ”

သူမကို အမှန်တကယ် ဆုံးရှုံးရတော့မည် ဆိုသည့် အသိဖြင့် ရူးမတတ် တုန်လှုပ်နေခဲ့သည်။

ဟိုတုန်းက ကျွန်တော် ရှုပ်ခဲ့ဖူးသည်။ ယခုကိစ္စမှာတော့ သူမအပေါ် သစ္စာရှိခဲ့ပါသည်။ သို့သော် ကျွန်တော် ဘယ်လိုပင်ရှင်းပြပါစေ သူမက ယုံကြည်တော့မည် မဟုတ်ပါ။ သူမစိတ်ထဲကတွင် ကျွန်တော်က အကျင့်ပျက်ပြားနေသည့်သူ တစ်ယောက်သာ  ဖြစ်နေခဲ့လေသည်။

“ ပုံ့ မောင့်ကို စိတ်နာတယ်။ ပုံ့ မောင့်ဆီ ဘယ်တော့မှ ပြန်မလာတော့ဘူး ”

“ မောင့်လိုလူနဲ့ ပတ်သက်ခဲ့မိတဲ့ အတွက် ကျဆင်းသွားတဲ့ ပုံ့သိက္ခာတွေကို ပုံ့ နှမြောတယ် ”

နာနာကျည်းကျည်းဖြင့် သူမ ပြောဆို စွပ်စွဲသည့် စကားလုံးများအတွက် ကျွန်တော် မနာခဲ့ပါ။ ကျွန်တော်သာ အစကတည်းက လူရှုပ်လူပွေ တစ်ယောက် မဟုတ်ခဲ့လျှင်၊  ယခုကဲ့သို့ အဖြစ်မျိုး ရှိလာမည် မဟုတ်ပါ။

-->
“ မောင့်ကို ခွင့်လွှတ်ပါ ပုံ့ရယ်.. ဒီတစ်ခါ မောင်လေ တကယ်ကို သစ္စာမဖောက်ခဲ့ရပါဘူးကွာ .. ပုံ့ သူ့ကို ခေါ်မေးမလား။ မေးကြည့်လို့ ရပါတယ်ကွာ ”

" တော်ပါ.. ပေါ့ပေါ့နေ ပေါ့ပေါ့စား မိန်းမတစ်ယောက်ရဲ့ လျှာအရိုးမရှိတိုင်း ပြောတဲ့ စကားကို ပုံ့က ယုံစရာလား။ မောင်တို့ ကြိုးဆွဲရာကရအောင် ပုံ့ကရုပ်သေးတစ်ရုပ်မဟုတ်ဘူး"

သူမက ခါးခါးသီးသီး ပြုံး၍ ကျွန်တော့်ကို စိုက်ကြည့်လေသည်။ နာကျည်းမုန်းတီးမှုတွေဖြင့် တငွေ့ငွေ့ လောင်ကျွမ်းနေသော လမင်းတစ်စင်း၏ အကြည့်မှာ စူးစူးရှရှနှင့် ပူလောင်လွန်းလှ၏။  အဲဒီအကြည့်တွင် ကျွန်တော် တကယ်ပင် ပြာကျသွားနိုင်လောက်ပါသည်။

“ ခပ်ရိုင်းရိုင်းပြောရရင် မောင်က ပုံ့ထွေးထုတ်လိုက်တဲ့ တံတွေးပဲ။ ပုံ့က ထွေးပြီးသား တံတွေးကို ပြန်မလျက်တတ်ဘူး မောင်။ နောက် လမ်းတွေ့ရင်တောင် ပုံ့ကို မခေါ်ပါနဲ့ ”

“ မောင် တောင်းပန်ပါတယ် ပုံ့ရယ် ”

အဲသည့်နေ့က ကျောခိုင်းထွက်ခွာသွားသည့် ပုံ့နောက်ကျောကို ငေးရင်း  ထိခိုက်ကြေကွဲစွာဖြင့် ကျွန်တော် ကျန်နေခဲ့ပါသည်။ ပုံ့ကို ပိုင်ဆိုင်ခွင့်ရနေတုန်းက တန်ဖိုးမထားတတ်ခဲ့သော ကျွန်တော်သည် ပုံ့ကို တကယ်လက်လွှတ်လိုက်ရပြီ ဆိုတော့မှ ဖြေဆည်ရာမရ ဖြစ်လို့နေခဲ့၏။ နောင်တ တရားသည် ကျွန်တော် တွေးထင်ခဲ့ဖူးသည်ထက် အဆပေါင်းများစွာ ပိုပြီး ခါးသက်လေသည်။

***

ပုံ့နှင့် ကျွန်တော် ချစ်ခဲ့ဖူးသည့် တစ်နှစ်တာအတွင်း ဖြစ်ပျက်ခဲ့သမျှကို ကျွန်တော် မမေ့နိုင်ပါ။

အချစ်ဆိုတာဘာလဲ ပုံ့နဲ့မှ ကျွန်တော်သိခဲ့သည်။ ဖြူစင်ခြင်းဆိုတာ ဘာလဲ ပုံ့နဲ့မှ ကျွန်တော်နားလည်ခဲ့သည်။ အလှသစ္စာဆိုတာဘာလဲ ပုံ့နှင့်မှ ကျွန်တော်ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော် ပုံ့တန်ဖိုးကို ကျွန်တော် သိနားလည်ချိန်တွင် ပုံ့က ကျွန်တော့်ဘဝနှင့် အဝေးဆုံးကို ထွက်ခွာခဲ့ပြီး ဖြစ်သည်။

ကျွန်တော့် ဘဝတွင် လွယ်လွယ်ချစ်ပြီး လွယ်လွယ်ဇာတ်သိမ်းခဲ့သော ဇာတ်လမ်းတိုင်းတွင် ကျွန်တော်က ချန်ရစ်သူ ဖြစ်၏။ ရှင်းရှင်းပြောရလျှင် အသည်းခွဲရခြင်းတွင် ပျော်မွေ့ခဲ့သူတစ်ယောက် ဖြစ်သည်။ သို့သော် ကျွန်တော်သိပ်ချစ်ရသော ပုံ့နှင့်တော့ ကျွန်တော်က ကျန်ရစ်ခဲ့သူ ဖြစ်ခဲ့ရလေသည်။ ပုံ့ကြောင့် ကျွန်တော့် အသည်းတွေ ကွဲကြေရပြီ။

လမ်းခွဲစကားကို လွယ်လွယ်လေး ဆိုတတ်သော ကျွန်တော့်ကို မိန်းကလေးတစ်ချို့က စိတ်နာနာဖြင့် “ နင် တစ်နေ့ ဝဋ်လည်မယ် “  ဟု ကျိန်ဆဲခဲ့ကြဖူးသည်။


ယခုတော့  တကယ်ကို ဝဋ်လည်နေလေပြီ။

လသာညများတွင် ပုံ့ကို လွမ်းသည်။ လမိုက်ညများတွင်လည်း ပုံ့ကို လွမ်းသည်။ မိုးတွေရွာလျှင် ပုံ့ကိုလွမ်းသည်။ လျှပ်နွယ်လျှပ်ပန်းတွေ တဖျတ်ဖျတ်လက်ကာ မိုးခြိမ်းသံတွေ ဂျိုးဂျိမ်းညံလျှင် ပုံ့ကြောက်နေရှာမလား ကျွန်တော် တွေးပူမိသည်။ ညတိုင်း နေ့တိုင်း အချိန်တိုင်း ပုံ့ကို လွမ်းဆွတ်တမ်းတသတိရသည့် စိတ်တွေဖြင့် ရှင်သန်ခဲ့ရသည်။

ပုံ့ကို အဆက်အသွယ်လုပ်ဖို့ ဘယ်လိုပင် ကြိုးစားကြိုးစား အဆင်မပြေ။

“ တကယ်ချစ်တယ်ဆိုလျှင် ခပ်ဝေးဝေးကသာနေပါ ”

ရက်ရက်စက်စက် ပြောထွက်သည့် ပုံ့၏ အဲဒီစကားတစ်ခွန်းနဲ့တင် အရာရာကို လက်မြှောက် အရှုံးပေးခဲ့ရလေသည်။


ယခုကဲ့သို့အချိန်မျိုးမှာ ပုံ့ကို ကျွန်တော် အင်မတန်ချစ်မြတ်နိုးကြောင်း ဘယ်သူ့ထံတွင် သစ္စာဆိုပြမှ ပုံ့က ယုံတော့မည်နည်း။

ထွေးပြီးသားတံတွေးကို ပြန်မလျက်တော့ဘူးဟု နာနာကျည်းကျည်း ပြောခဲ့သော ပုံ့အတွက် ကျွန်တော်သည် သဲထဲသွန်လိုက်သည့် ရေသာ ဖြစ်ပေလိမ့်မည်။

ကျွန်တော် ပုံ့ကို သိပ်ချစ်သည်ဆိုတာကို ပုံ့ယုံကြည်လက်ခံမည်ဆိုလျှင်၊ နောက်ဆုံးအခွင့်အရေးအဖြစ် ကျွန်တော့်ကို ပုံ့က ပြန်လည် လက်ခံမည်ဆိုလျှင် ဘယ်လိုပင် ကျိန်တွယ်ရ  ကျိန်တွယ်ရ၊ ဘယ်လိုပင် သစ္စာဆိုရ ဆိုရ ကျွန်တော် ကျိန်တွယ်ချင်ပါသည်။ သစ္စာဆိုချင်ပါသည်။

ယခုတော့ ဝဋ်လည်ခြင်း၏ မချိုမြိန်ခြင်းများစွာမှာ ကျွန်တော်တစ်ကိုယ်တည်း အလူးလူးအလိမ့်လိမ့် ခံစားနေရလေပြီ။ တစ်ခါက ပုံ့ပေးထားဖူးသည့် ကျွန်တော်တို့ရဲ့ ပုံတူ ခဲပန်းချီလေးကို လရောင်အောက်မှာ ဝိုးတဝါးလေး မြင်နေရ၏။ လရောင်တွေ၏ ချစ်မြတ်နိုးစွာ ရစ်သိုင်းခြင်းကို ခံနေရသော ထိုပုံလေးကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်မိလေသည်။

“ လမင်းရဲ့ ကျိန်စာ မောင့်ထံမှ ပြယ်ပါစေတော့ ပုံ့ရယ် ”


လေးစားစွာဖြင့်
မြတ်ပန်းနွယ်


34 comments:

THS said...

ဇတ်လမ်းကောင်း တစ်ပုဒ်ပါ..
ကောင်လေးအတွက်တော့ စိတ်မကောင်းစရာပဲ
ဘယ်သူမပြု မိမိမှုပါပဲ၊ ကိုယ်လုပ်ခဲ့ဖူးတဲ့ကံဝဋ်ကြွေးပဲပေါ့၊
ပုံ့ဆိုတဲ့ ကောင်မလေးရဲ့ ဒိုင်ယာလော့ခ်တွေကိုကြိုက်တယ်
၊တည်ငြိမ်အေးဆေးသလောက် ရဲရင့်ပြတ်သားတယ် ။

Anonymous said...

မိန်းကလေးတွေရဲ့ စိတ်က နားလည်ရ ခက်တာလား . . . ကိုယ်တွေကပဲ နားမလည်တတ်တာလား . . တခါတလေ ရှင်းမလိုလိုနဲ့ ရှုပ်နေပြန်ရော . . .း)

ဘူဇွာကဗျာဆရာ

မသန်းသန်း said...

ညီမရေ..

စောစောစီးစီးပဲ အချစ်ဝတ္တုလေးကို အားပေးသွားပါတယ်။ ပုံ့ကို အစ်မ သဘောကျတယ်။ အဲဇာတ်ကောင်အမျိုးသားလေးကိုတော့ အစ်မ မသနားဘူးကွယ်။ ရည်းစားဟောင်းကို ပေးအိပ်စရာလား။ ပုံ့မှန်ပါတယ်။

UK said...

What a lovely story Myat? This makes my day! You have kind of talent to create different stories which is the reason why I like your writing. Keep it up.

အိပ်မက်ကောင်းကင် said...

ဖတ်လို့ အရမ်းကောင်းတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ
ပုံ့ ဆုံးဖြတ်ချက်တွေ ကမှန်ကန်လှပါတယ်
ပုံ့လို မိန်းကလေး မျိုးကိုလည်း လေးစားမိပါတယ် ၊
ဘယ်လိုပဲဖြစ်နေဖြစ်နေ မိန်းကလေးတစ်ယောက်ကို အိမ်ခေါ်အိပ်ပြီဆိုကတည်းက ဘယ်ကောင်းပါ့မလဲ
ဇာတ်လမ်းလေးက ၀မ်းနည်းစရာဇာတ်သိမ်းလေးဖြစ်ပေမဲ့လည်း
ကောင်လေးကို မသနားပါဘူး
ဇာတ်လမ်းလေးမှာ ပါတဲ့ ဇာတ်ဝင်ခန်းတွေမှာဆိုရင်လည်း ပျော်ရွှင်စရာကောင်းတဲ့ အခန်းမှာတွေဆိုရင်
ကြည်နူးစရာကောင်းလှပါတယ်
ဝမ်းနည်းစရာကောင်းတဲ့ အခန်းတွေဆိုရင်လည်း တစ်ကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်
မမမြတ်ပန်းနွယ် ရေးတဲ့ ဇာတ်လမ်းတိုင်း ဟာ စိတ်ဝင်စားစရာကောင်းလှပြီး
ဆွဲဆောင်မှုအပြည့်ရှိလှပါတယ်
လာအားပေးသွားပါတယ်နော်
နောက်လည်းသည်ထက်မကရေးနိုင်ပါစေ
ခင်တဲ့(အိမ်မက်ကောင်းကင်)

အိပ်မက်ကောင်းကင် said...

ဖတ်လို့ အရမ်းကောင်းတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ
ပုံ့ ဆုံးဖြတ်ချက်တွေ ကမှန်ကန်လှပါတယ်
ပုံ့လို မိန်းကလေး မျိုးကိုလည်း လေးစားမိပါတယ် ၊
ဘယ်လိုပဲဖြစ်နေဖြစ်နေ မိန်းကလေးတစ်ယောက်ကို အိမ်ခေါ်အိပ်ပြီဆိုကတည်းက ဘယ်ကောင်းပါ့မလဲ
ဇာတ်လမ်းလေးက ၀မ်းနည်းစရာဇာတ်သိမ်းလေးဖြစ်ပေမဲ့လည်း
ကောင်လေးကို မသနားပါဘူး
ဇာတ်လမ်းလေးမှာ ပါတဲ့ ဇာတ်ဝင်ခန်းတွေမှာဆိုရင်လည်း ပျော်ရွှင်စရာကောင်းတဲ့ အခန်းမှာတွေဆိုရင်
ကြည်နူးစရာကောင်းလှပါတယ်
ဝမ်းနည်းစရာကောင်းတဲ့ အခန်းတွေဆိုရင်လည်း တစ်ကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်
မမမြတ်ပန်းနွယ် ရေးတဲ့ ဇာတ်လမ်းတိုင်း ဟာ စိတ်ဝင်စားစရာကောင်းလှပြီး
ဆွဲဆောင်မှုအပြည့်ရှိလှပါတယ်
လာအားပေးသွားပါတယ်နော်
နောက်လည်းသည်ထက်မကရေးနိုင်ပါစေ
ခင်တဲ့(အိမ်မက်ကောင်းကင်)

Anonymous said...

အကြာကြီးပျောက်နေပြီး ပေါ်မယ့်ပေါ်လာတော့လည်း ရက်ရက်စက်စက် လက်ဖျားခါလောက်တဲ့ ဝတ္တုနဲ့ပါလား။ အထက် ကော်မန့်လေးလိုပဲ။ ပုံ့မမှားဘူး။ ကောင်လေးကိုလည်း သနားစရာ မလိုဘူး။ မြတ်က ကောင်လေးဖက်ကနေ ရေးထားတဲ့ ဟန်လေးကိုလည်း သဘောကျမိတယ်။ အမြဲတမ်း ဆန်းသစ်ပြီးရင်းဆန်းသစ်နေတဲ့ မတူတဲ့ဇာတ်လမ်းတွေကို အမြဲတမ်း ဖန်တီးထုဆစ်နိုင်ပါစေလို့။

Arsenal said...

သနားပါတယ်နော် ကောင်လေးရော ကောင်မလေးရော။ သူတို့တွေ ပြန်ပေါင်းရပါစေ။
စာကောင်းလေးတွေ ထပ်ရေးနိုင်ပါစေ။ မြတ်ရေ....

Unknown said...

အရမ်းကောင်းပါတယ် မမ

Anonymous said...

မြတ်ရေ..

ဒိုင်ယာလော့တွေကို ခိုက်တယ်ဗျာ။ တကယ်တကယ် အသက်ဝင်လွန်းတယ်။

သူရိန်

Aung Thura Htet said...

ဇာတ်လမ်းလေးကို သုံးခေါက်ဖတ်သွားတယ်။ ကာရိုက်တာခွဲထားတဲ့ပုံလေးတွေ အရမ်းမိုက်တယ်။ပြီးတော့ ဇာတ်ကို ဆွဲသွားတဲ့ပုံ၊ အတင်အချ၊ ဒိုင်ယာလော့နဲ့ နရေတာ စာပိုဒ်ခွဲတဲ့ပုံ၊ စကားလုံး အသုံးအနှုန်းလေးတွေ အကုန်လုံးကို အရမ်း နှစ်သက်မိတယ်။ အဲ.. စာလုံးပေါင်းလေးတွေတော့ နည်းနည်းမှားနေတယ်။

တွတ်တွတ် said...

ခေတ်ရေစီးကြောင်းအလိုက်ပါဝင်စီးမျောတယ်ပဲပြောပြော၊ ကိုးရီးယားကားတွေရဲ့လွှမ်းမိုးမှုကြောင့်ပဲဆိုဆို..ခုနောက်ပိုင်း.မြန်မာမိန်းကလေးတစ်ချို့ဟာ..မိန်းကလေးတို့စောင့်စည်းထိန်းသိမ်းသင့်တဲ့..ကိုယ်ကျင့်တရားတွေပျောက်ဆုံး သွားကြပါပြီ။ ဒီဇာတ်လမ်းလေးထဲက..ပုံ့ ဆိုတဲ့မိန်းကလေးရဲ့ဆုံးဖြတ်ချက်ဟာ.မှန်ကန်ပါတယ်။ လူတိုင်းမှာ ပင်ကိုဗီဇတစ်မျိုးဆီရှိကြတာ..အလွယ်တကူပြောင်းလဲ.ဖျောက်ဖျက်လို့မဖြစ်နိုင်ပါဘူး။ မိန်းမရှုပ်ပွေတဲ့ယောကျာ်းလေးတစ်ယောက်ရဲ့ ဗီဇဟာလဲ..ဟန်ဆောင်မှုကြောင့်ခဏတာ.ပျောက်ကွယ်သွားရတယ်ထင်ပေမယ့်...အချိန်တန်ရင်..မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးရုပ်ဟာ.ပြန်ပေါ်လာတာပါပဲ။(ကျွန်တော့်သူငယ်ချင်းတွေထဲမှာလည်း..ရှိပါတယ်) ကိုယ်ပြုသည့်ကံ..ပဲ့တင်သံဟာ.ကိုယ့်ထံပြန်လာစမြဲမို့..အချစ်ကြောင့်ရူးမတတ်ခံစားရနေပါပြီ..သေရပါတော့မယ့်ဆိုတဲ့.ယောကျာ်းလေးဇာတ်ကောင်ကိုလည်း..အနည်းငယ်မျှသနားမိခြင်းမရှိပါ။ (ဖတ်ပြီးခံစားမိသလောက်ကို..စိတ်ထဲရှိတဲ့အတိုင်းရေးသားသွားပါတယ်) ချစ်ခင်လေးစားစွာဖြင့်.တွတ်တွတ်

Anonymous said...

ကိုယ်သာဆိုရင်လည်း ပုံလိုပဲ ဆုံးဖြတ်မိမှာပဲ... ပုံ့ မှန်တယ် ....

ပြည်ကောင်းအောင် said...

ဦး ဆိုရင်တော့ ရည်းစားဟောင်း အဲလို အိပ်သွားတဲ့ အကြောင်း ရည်းစားသစ်ကို နောက်တနေ့ မနက် အနည်းဆုံး ဖုန်းဆက်ပြီးတော့ ဖြစ်ဖြစ် ပြောပြဖြစ်မယ် ထင်တာပဲ။ လုပ်ချင်တာကတော့ သူနဲ့ အရေးပေါ်၊ အမြန်ဆုံး လူချင်းတွေ့ပြီး၊ သူ့မျက်နှာကို ရဲရဲဝံ့ဝံ့ တည့်တည့်ကြည့်ပြီး အဲဒီအကြောင်း ရှင်းပြချင်တာပဲ။ မိန်းကလေး တယောက်ကို ညဖက်ကြီး အချိန် မတော် ပြန် မလွှတ်သင့်တာတော့ အမှန်ပါ။ ဦးက မိန်းမ တယောက်ယောက်ကို ချစ်ခွင့် ပန်ထားရင်တောင် အဲဒီကာလအတွင်း တခြား မိန်းကလေး တယောက်နဲ့ အီစီကလီ မလုပ်ချင်ဘူး။ လုပ်မိရင် ကိုယ်ကျင့်တရား ပျက်ယွင်းမှု လို့ ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် လူလိမ်လိုလို ခံစားရတယ်။ ဦး သူတော်ကောင်းလိုလို ဘာလိုလို လုပ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဦးက မိန်းကလေး ( သစ် ) တယောက်နဲ့ အီစီကလီ လုပ်ရတဲ့ ပေါ့ရွှတ်ရွှတ် အရသာထက်စာရင် မိမိချစ်ခွင့်ပန်ထားသူအပေါ် သစ္စာရှိရတဲ့ အေးအေးချမ်းချမ်း၊ တည်တည်ကြည်ကြည် အရသာကို ပိုကြိုက်မိတယ်လို့ ဦးရဲ့ preference ကို ပြောပြခြင်း မျှသား))

ရဲလင်းမြတ် said...

အရေးအသားကော ဇာတ်လမ်းအရပါ တော်တော်ကောင်းတယ်။ မြတ် လက်ရာတွေ တအားတက်လာတယ် နော်။ အစဉ်အားပေးလျက်ပါလို့။

မိုးနတ်ကြယ်စင် said...

ဟုတ်ပါ့..မရေ...မစာတွေကို မိုးနတ်ဖြင့်မျှော်နေတာ..အကြာကြီးပျောက်နေတာ..အလုပ်များလို့ထင်နေတာ..လက်စသတ်တော့အရှိန်ယူနေတာကိုး...၀တ္ထုကောင်းလေးတစ်ပုဒ်အားပေးသွားတယ်နော်..အရေးအသားရော..ဇာတ်လမ်းပါ...အားလုံးကြိုက်၏
ခင်တဲ့...မိုးနတ်

မိုးနတ်ကြယ်စင် said...

မရေ...မစာတွေကိုမိုးနတ်ဖြင့် မျှော်နေရတာအမောပဲ..ခုမှပဲမျှော်ရကျိုးနပ်တော့တယ်..အလုပ်များလို့ထင်နေတာ..လက်စသတ်တော့ အရှိန်ယူနေတာကိုး...အရေးအသားရော..ဇာတ်လမ်းပါ..အားလုံးကြိုက်၏....အားပေးသွားတယ်နော်
ခင်တဲ့ ..မိုးနတ်

လရိပ်အိမ် said...

မမ စာရေးကောင်းတယ်။တခုပြီးတခု ဘာရေးလာမလဲလို့ ရင်တထိတ်ထိတ်နဲ့စောင့်နေမိတယ်။

Anonymous said...

မမ စာရေးကောင်းတယ်။တခုပြီးတခု ဘာရေးလာမလဲလို့ ရင်တထိတ်ထိတ်နဲ့စောင့်နေမိတယ်။

လေးစားစွာဖြင့်
လရိပ်အိမ်

mstint said...

တီတင့်က ပျော်ရွှင်စရာ ဇာတ်သိမ်းပိုင်းကို နှစ်သက်ပေမယ့် မြတ်ရဲ့ ဇာတ်ဝင်ခန်းတိုင်းက ကောင်းတော့ ဝမ်းနည်းစရာနဲ့ အဆုံးသတ်လည်း အားပေးလျှက်ပါ မြတ်ရေ။
(အဲဒီလို happy ending မဖြစ်ရင် စိတ်ကလေးနေတယ် :P)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

မိန်းကလေးတစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ မာန၊ သစ္စာတရားရဲ့ တန်ဘိုးကို ပုံ့က ပြလိုက်တာ မှန်ကန်တယ်လို့ မြင်မိတယ်။ ညီမလေး လက်က ၀တ္တုရှည်တွေ ရေးရင် ပိုကောင်းမယ် ထင်မိတယ်။ ဘာလို့ဆိုတော့ ဒိုင်ယာလော့ခ်တွေက အသက်ဝင်လို့။ အရေးအသားကလည်း ဆွဲဆောင်မှု ရှိလို့။

(စကားမစပ် အိမ်အသစ်လေးကို နှစ်သက်မိပါကြောင်း)

Anonymous said...

ပုံ့က ဘယ်ရောက်သွားတာလဲ...။ စိတ်မကောင်းစရာ... ပြန်ဆက်သွယ်ပေးလိုက်ပါတော့လား မြတ်ပန်းနွယ်ရယ်..။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ကြည်ဖြူခင်ခင် said...

မမမြတ်ဝတ္ထုတိုလေးက တကယ်ကောင်းပါတယ်.. ဇာတ်ကောင်မိန်းကလေး ပုံ့ကိုတော့ ကြိုက်လို့.. ဇာတ်လမ်းအရေးအသားတွေ အင်မတန်မှကောင်းတယ်.. မမမြတ်ရေ.. ဒီထက်မက ရေးနိုင်ပါစေနော်..။

Anonymous said...

မြတ်ရေ..
အရင်အပုဒ်တွေလိုပါပဲ။ လက်ရာက ကောင်းမြဲ ကောင်းနေဆဲပါ။ ပုံ့နည်းနည်း အတ္တကြီးတယ်လို့ မထင်မိဘူးလား။ တစ်ကယ်ဆို နားလည်ပေးနိုင်ရင် ကောင်းမယ်နော်။

3rdthameetaw said...

ဖြူစင်စွာနေတတ်တဲ့မိန်းမတစ်ယောက်ရဲ့သိက္ခာ နဲ့ မာန တရားတွေကိုတွေ့ တယ်
အဲ့လိုစိတ်မျိုး နဲ့တို့ မိန်းမတွေ နေနိုင်ရင်
သိတ်ကောင်းမှာပဲ အားလုံးတန်ဖိုးရှိရင်တော့
သစ္စာမဲ့ရဲတဲ့ယောက်ျားတွေလည်း ရှားသွားမှာလေ

စံပယ်ချို said...

ပုံကိုအရမ်းသဘောကျမိတယ်
စစချင်း အပိုဒ်လေးမှာတော့ ကိုယ်တွေ ပထမနှစ်တက်ခဲ့ပုံ
လေးကိုလွမ်းမိတယ်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဖတ်ပြီး ကျေနပ်တယ်မြတ်ရေ.. မိန်းကလေးတိုင်းကို အဲ့ဒီလိုမျိုးလေတွေ အနေနဲ့ပဲ ကိုယ်ကတော့ မြင်ချင်တာလေ.. အသက်ငယ်ငယ်နဲ့ အသိရှိတဲ့ မိန်းကလေးတစ်ယောက်ကို မြတ် က မွေးဖွားပေးခဲ့တာပဲ ..

Aung Kyaw Zeya said...

အရမ်းကောင်းတဲ့ဝတ္ထုတိုလေးပါ။ ဇတ်ကောင်တွေရဲ့အမူအကျင့်နှင့်ပုံရိပ်တွေကိုမြင်နေရတယ်။ ချစ်သူနှစ်ဦးအတွက်စိတ်မကောင်းပါဘူး။ ဒီထက်ပိုကောင်းတဲ့ဝတ္ထုတွေကိုလဲအများကြီးရေးနိုင်ပါစေ။မြတ်ရေ အမြဲအားပေးနေမယ်နော့့် 

Lps said...

ဒုတိယအကြိမ်မြောက် ဖတ်ရှုခြင်းပါ။
ယခုတော့ ဝဋ်လည်ခြင်း၏ မချိုမြိန်ခြင်းများစွာမှာ ကျွန်တော်တစ်ကိုယ်တည်း အလူးလူးအလိမ့်လိမ့် ခံစားနေရလေပြီ။ တိုက်ဆိုင်မှုဖြင့် ရင်ဘတ်ခြင်းညှိခဲ့ပါသည်။
ရသဆန်ဆန်ဇာတ်လမ်းအေးအေးလေးတွေပဲ ခံစားရေးတတ်တဲ့ မမြတ်ပန်းနွယ်ကို လေးစား အားပေးနေလျှက်ပါ။
ခင်မင်စွာ (လွမ်းပိုင်ရှင်)

Lps said...

ဒုတိယအကြိမ်မြောက် ဖတ်ရှုခြင်းပါ။
ယခုတော့ ဝဋ်လည်ခြင်း၏ မချိုမြိန်ခြင်းများစွာမှာ ကျွန်တော်တစ်ကိုယ်တည်း အလူးလူးအလိမ့်လိမ့် ခံစားနေရလေပြီ။ တိုက်ဆိုင်မှုဖြင့် ရင်ဘတ်ခြင်းညှိခဲ့ပါသည်။
ရသဆန်ဆန်ဇာတ်လမ်းအေးအေးလေးတွေပဲ ခံစားရေးတတ်တဲ့ မမြတ်ပန်းနွယ်ကို လေးစား အားပေးနေလျှက်ပါ။
ခင်မင်စွာ (လွမ်းပိုင်ရှင်)

ထွန်းရန်နိုင် said...

မင်္ဂလာ မမြတ်ပန်းနွယ်ရေ ..

ဒီဝတ္တုလေးကို လေးလေးစားစားလေး ဖတ်သွားပါတယ်။ အမြဲတမ်း ဝတ္တုအေးအေးလေးတွေကို လှလှပပလေး ရေးတတ်သူမို့ သတိတရနဲ့ စောင့်ဖတ်နေမိသူပါ။ အသစ်တင်ထားလား လာကြည့်တာပါ အသစ်မတင်သေးဘူးနော်။ တစ်လကျော်နေပြီ။ အသစ်တင်ပါဦး။ အစစအရာရာ ဂရုစိုက်ပါ ခင်ဗျာ။

ထွန်းရန်နိုင်

htawoo said...

အစ်မမြတ်ရေ...
လာအားပေးသွားပါတယ်ဗျို့ ...
လုံးချင်းဝတ္ထုအသစ်လည်း ထွက်တော့မယ်ဆို...
ဝမ်းသာမိပါတယ် အစ်မရေ...
အစ်မဆီကနေ ဘ၀သရုပ်ဖော်လေးတွေလည်း
ဖတ်ချင်နေမိပါတယ်...
စကားပြေ အရေးအသား ကောင်းမွန်လှတဲ့ တို့ အစ်မမြတ်အတွက် နောက်ထပ် ပန်းခင်းလမ်းလေးတွေလည်း ကြိုဆိုနေဦးမှာပါ...
(အစ်မဆီက tag post လေးလည်း မျှော်လင့်နေမိပါကြောင်း)
ခင်တဲ့ HO
http://htawoo.blogspot.com

v!ol!n said...

ကိုယ်ကိုယ်တိုင်က ....
ချိုမြမြ အချစ်ဝတ္တုစစ်စစ်တွေ
သိပ်မကြိုက်တတ်လှပေမဲ့
အရေးအသားသွက်လက်ပေါ့ပါးလေတဲ့
ဆြာမကလေး မြတ်ရဲ့
လရောင်ကျိန်စာလေးမှာတော့
အလိုက်သင့် ပျော်ဝင်နစ်မျောခဲ့မိပါလေကြောင်း ........

ချစ်ခြင်းအားဖြင့် အမှတ်တရ
တယောလေး
1:36 PM 2/6/2014


ပန်းအိ said...

မမြတ်ရေ..ဖတ်သွားခဲ့၊ နှစ်သက်သွားခဲ့ပါတယ်၊ အမ မြသွေးပြောသလိုပဲ ဒိုင်ယာလော့ခ်တွေက ကောင်းတယ် :)