Tuesday 17 July 2012

ပြည်ပန်းညို ချိုပါစေ




စာရင်းတွေ အပြန်ပြန်အလှန်လှန် တွက်ပြီးနောက်၊ သွင်းငွေနဲ့ ထုတ်ငွေကို အကြိမ်ကြိမ် ထပ်စစ်ဆေးပြီး၊ မိမိကိုယ်တိုင် စာရင်းသွင်းထားသည့် အကြောင်းအရာတစ်ခုချင်းကို သေသေချာချာ ပြန်ဖတ်ရင်း တစ်ခုခုများ မှတ်ဖို့ကျန်ခဲ့တာလား ဟု ထပ်မံ စစ်ဆေးလိုက်သည်။
သေချာသွားပြီ။


ဒီတစ်ခါလည်း တစ်ထောင်လျော့နေပြန်သည်။



*********


တန်ကြေးအားဖြင့် ငါးရာ၊တစ်ထောင်သည် ဘယ်လောက်မှမရှိ။ အိမ်ရှေ့မှာ မကြာမကြာ လာရောက်တောင်းရမ်းတတ်သော ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကို သာမက လမ်းပေါ်မှာ လျှောက်သွားနေသော အရူးများကိုပါ ဒေါ်အေးငြိမ်းက ငါးရာ၊တစ်ထောင် ရက်ရက်ရောရော ပေးကမ်းနေကြဖြစ်သည်။ သို့သော် ယခုမှာမူ တစ်ကျပ်မလွဲ အစဉ်တိကျလေ့ရှိသော နေ့စဉ်ဝင်ငွေ ထွက်ငွေ မှတ်သည့်စာရင်းတွင် ငါးရာ၊တစ်ထောင် စသည်ဖြင့် လျော့လာတတ်ခြင်းပင်။ တစ်ပတ်ကို တစ်ခါနှစ်ခါလောက် လျော့နေခဲ့သည်မှာ မရှိဘူးဆိုလျှင်တောင် လေးငါးခြောက်ပတ်ခန့် ရှိနေပြီ။ ဒါ ဘယ်လို ဖြစ်ရတာလဲဆိုတာ စဉ်းစား၍မရချေ။


ငါ့သားသမီးတွေ လက်ဆော့တတ်နေပြီလားဟု တွေးမိလိုက်တော့ ဒေါ်အေးငြိမ်းတစ်ယောက် နေမထိ ထိုင်မသာ ဖြစ်ရသည်။ ဒီလိုတော့ မဟုတ်တန်ကောင်းပါ။ တစ်ပတ်တစ်ခါ မြို့တက်တိုင်း မုန့်အမျိုးအစားပေါင်းများစွာကို အလျှံပယ်ဝယ်ပေးထားသောကြောင့် ကျောင်းမုန့်ဖိုးတောင် သုံးစရာမလိုဘူး မေမေရယ်ဟု ကလေးတွေကိုယ်တိုင်က ပြောခဲ့ဖူးတာ မဟုတ်လား။ မုန့်ဖိုးမပေးရင် မပေးပါနဲ့ မေမေရယ်.. ” ဆိုပြီး သူတို့တစ်တွေကိုယ်တိုင် လိုလိုလားလား တောင်းဆိုခဲ့တုန်းကတောင် ငါ့သားသမီးတွေဟာ လိမ္မာလှချည်လားဟု ကျိတ်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့ရသေးသည်။

မေ့ကလေးတွေကို မေမေက နေ့တိုင်း မုန့်ဖိုးပေးမှာပဲ။ မေ့ကလေးတွေက မသုံးဘူးဆိုရင်ဖြင့် စုထားကြဆိုကာ တစ်ယောက်ကို စုဘူးတစ်ဘူးစီပင် ဝယ်ပေးထားခဲ့သေးသည်။ ဘယ်သူ့စုဘူးးက ပိုလေးတယ်။ ဘယ်သူ့စုဗူးမှာတော့ ပိုက်ဆံအများဆုံးပဲ ”.. စသည်ဖြင့် သူတို့လေးတွေ ပြိုင်ကြဆိုင်ကြတိုင်း လိမ္မာသိတတ်သော သားသမီးလေးတွေအတွက် ဒေါ်အေးငြိမ်း ဂုဏ်ယူနေခဲ့မိသည်။ ယခုတော့ အိမ်ဝင်ငွေထွက်ငွေစာရင်းက ငါးရာ၊တစ်ထောင် စသည်ဖြင့် အပတ်စဉ် ကွာနေတတ်ခဲ့ပြီ။ ဘာကြောင့်များပါလိမ့်။

အထည်လုပ်ငန်းကို လက်လီလက်ကားလုပ်သော ဒေါ်အေးငြိမ်းမှာ မြို့သို့တင်ပို့ရသော အထည်စာရင်းများ၊ အိမ်မှာ လက်လီ လာလာဝယ်လေ့ရှိသော ဈေးဝယ်များ၊ ခြံဝင်းထဲမှာပင် နှစ်ဆယ့်လေးနာရီနီးပါး လည်ပတ်နေသော ရက်ကန်းရုံမှ အသွင်းအထုတ် ပစ္စည်းများဖြင့် အမြဲလိုလို အလုပ်ရှုပ်နေတတ်သည်။ ယားလို့ပင်မကုတ်အား၍ ထုံးတို့ထားရသည်ဆိုသည်မှာ ဒေါ်အေးငြိမ်းကို ရည်ရွယ်ပြောသလားဟု ထင်ရ၏။

သို့သော် ဘယ်လောက်ပင် အလုပ်များများ ဒေါ်အေးငြိမ်းက အမြဲတစေ သပ်သပ်ရပ်ရပ်နှင့် ကြော့ကြော့မော့မော့လေး နေတတ်သည်။ ကိုယ့်ကိုယ်ကိုပဲ ခြယ်သ နေသလားဆိုတော့လည်း မဟုတ်။ သားသမီး သုံးယောက်ကိုလည်း သန့်ပြန့်နေအောင် ဆင်တတ်သည်။ ထို့အပြင် လိမ္မာရေးခြားရှိအောင်၊ စာကြိုးစားအောင်၊ ဘာသာတရား ကိုင်းရှိုင်းတတ်အောင်လည်း သင်ကြားထားသေးသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်သွားသော ဒေါ်အေးငြိမ်းကို ကံကြမ္မာက သားလိမ္မာ၊သမီးလိမ္မာလေးတွေများ အစားပြန်ပေးထားသလား အောက်မေ့ရ၏။ သားသမီးလေးတွေက လိမ္မာလှသည်ဖြစ်ခြင်း။ သိတတ်လှသည် ဖြစ်ခြင်း။


လင်ယောက်ျားမရှိပေမယ့် မပူရ။ မပင်ရ။ သားသမီးလေးတွေကို လူတန်းစေ့ထားနိုင်ရုံသာမက လိုလေးသေးမရှိအောင်ပင် ဖြည့်ဆည်းပေးနိုင်သေးသည်။ ဒါကြောင့်လည်းမအေးငြိမ်းရယ်အစ်မဘဝလေးက နာမည်နဲ့ လိုက်အောင်ကို အေးလိုက်တာ ငြိမ်းလိုက်တာနော်ဟု ဘေးလူတွေက တဖွဖွပြောကာ အားကျရသည်အထိပင်။

ဘယ်လိုပင် ဆိုခဲ့ကြပါစေ။ ယခုလောလောဆယ်မှာတော့ ဒေါ်အေးငြိမ်းတစ်ယောက် မအေးငြိမ်းနိုင်ပြီ။ ပိုက်ဆံတွေ ပျောက်ရှလာတတ်ခြင်းကြောင့် ရင်ထဲတွင် ကြိမ်မီးအုံးနေသလို။ ဒီပိုက်ဆံသေတ္တာသော့ကို ဒေါ်အေးငြိမ်းတစ်ယောက်တည်းသာ ကိုင်သည် မဟုတ်။ ကလေးတွေကိုလည်း ကြုံလျှင်ကြုံသလို သော့ပေးကာ အဖွင့်ခိုင်းတတ်သေးသည်။ ငွေတွေက နေ့စဉ် ဝင်လိုက် ထွက်လိုက် ဖြစ်နေရာ သမီးကြီးနီးလျှင်သမီးကြီး၊ သားနှင့်နီးလျှင်သား၊ သမီးငယ်လေးနှင့်နီးလျှင် သမီးငယ်လေး စသည်ဖြင့် ပိုက်ဆံသိမ်းခိုင်း၊ ထုတ်ခိုင်းတတ်သည်။ သမီးကြီး နှစ်တန်းသုံးတန်းလောက်ကတည်းက သော့ကိုင်ခိုင်းခဲ့သည်မှာ ယခုဆိုလျှင် သမီးကြီးပင် ရှစ်တန်းရောက်နေပြီ။ သည်တစ်လျှောက်လုံး တစ်ပြားတစ်ကျပ်ပင် မလျော့ဖူးခဲ့ချေ။

ငါ့သားသမီးတွေ တကယ်ပဲ ခိုးတတ်ဝှက်တတ်နေပြီလားဟု တွေးမိပြန်တော့ ရင်ထဲပူလောင်လှသည်။ တကယ်ပင် ခိုးဝှက်တတ်နေပြီ ဆိုပါစို့။ ကျောင်းမုန့်ဖိုးတောင် သုံးမကုန်သော သူတို့လေးတွေက ဒီပိုက်ဆံလေးတွေ ယူပြီး ဘာတွေများ လုပ်ကြပါလိမ့်။ သူတို့လေးတွေမှာ အမေ မသိအောင် ဝယ်ထားတဲ့ ပစ္စည်းအသစ်တွေ မဆိုထားနှင့်၊ ဘောပင်ဆိုတာတောင် တစ်ချောင်းမရှိတာလည်း ဒေါ်အေးငြိမ်း အသိ။ တော်တော်လေးကို စဉ်းစားရကြပ်လှသည်။


ဘာကြောင့်ယူတယ်ဆိုတာကို ခဏထားပါဦးလေ။ ဘယ်သူယူနေတာလဲဆိုတာက အရင်စဉ်းစားစရာ ဖြစ်နေသည်။ သမီးကြီးလေလား။ သားငယ်လေလား။ သမီးငယ်လေးလေလား။ တစ်ယောက်မှ မဖြစ်စေချင်ပါ။ မေ့ကလေးတွေက မေမေရင်ပူအောင် လုပ်တတ်နေကြပြီလား။

အတွေးများစွာနှင့် မူးနောက်ကာ ရင်တလှပ်လှပ် တုန်လာသဖြင့် သွေးဆေး ယူသောက်လိုက်ရသည်။ နာရီကို ကြည့်လိုက်တော့ ညနေ လေးနာရီ။ ကျောင်းဆင်းချိန်ပင်ရောက်ပြီ။ ကလေးတွေ ကျောင်းမှ ပြန်လာတော့မည်။ စာရင်းစာအုပ်တွေကို ပိတ်လိုက်ပြီး နေရာတကျ သိမ်းဆည်းလိုက်၏။ သမီးကြီးငယ်ငယ်ကတည်းက အိမ်မှာ အကူအဖြစ်ခေါ်ထားသည့် မမြတစ်ယောက် သူ့ကလေး နေမကောင်းလို့ ဟု ဆိုပြီး  ခွင့်ယူသွားသည်မှာ နှစ်ရက်ရှိပြီ။  ဒီတော့ ဒေါ်အေးငြိမ်းကိုယ်တိုင် မီးဖိုထဲဝင်ကာ နေ့လည်က ကြိုချက်ထားခဲ့သော နွားနို့အိုးကို ပြန်နွှေးလိုက်သည်။ နွားနို့တွေ ဝေစမှာပင် ကလင် ကလင် ဘဲလ်သံပေးကာ ကလေးတွေ ပြန်လာကြလေသည်။


*********


မေမေရေ.. ”

မေရေ.. ”


ချစ်မေကြီးရေ… ”

တစ်ယောက်တစ်မျိုးစီ အမေကို စုံအောင်ခေါ်ကာ အိမ်ထဲပြေးဝင်သွားကြ၏။


မေမေ မီးဖိုထဲမှာဟေး


နွားနို့တွေကို ပေါင်မုန့်နှစ်ချပ်စီ ထည့်ထားတဲ့ ဇလုံသုံးခုထဲ ခွဲထည့်နေရင်းက အော်ထူးလိုက်သည်။ ကလေးတွေက သူ့ထက်ငါဦးအောင် အမေဖြစ်သူအနားကို အပြေးအလွှား ရောက်ချလာကြ၏။


မေကြီးရေ.. ”



တစ်ယောက်ကိုတစ်ယောက်တွန်းကာ အမေကို အလုအယက် လာဖက်နေကြသဖြင့် ဒေါ်အေးငြိမ်းခမျာ နွားနို့အိုးကြီး ကိုင်ထားလျက်က တဟဲ့ဟဲ့ ဖြစ်လို့နေသည်။


ငြိမ်ငြိမ်ထိုင်ကြပါ မေ့ပူတူတူးလေးတွေရယ်.. ”

ဒီမှာ အိုးကြီး မှောက်ကျသွားဦးမယ်

ဟုတ်တယ်၊ ဟုတ်တယ်.. ။မေမေ အပူလောင်လိမ့်မယ်. ”

သူတို့လေးတွေကပင် မေမေအပူလောင်လိမ့်မယ်ဆိုကာ သိတတ်နေကြပြန်သေးသည်။ နွားနို့ပူပူလေးထဲ စိမ်ထားသည့် ပေါင်မုန့်ပျော့လေးတွေကို အရင်မစားသေးဘဲ အခါတိုင်းလိုပင်မေမေပါးစပ်ဟဆိုပြီးတစ်ယောက်တစ်ဇွန်းစီ ဦးဦးဖျားဖျား လာခွံ့ကြ၏။ အမေကို စားဦးစားဖျား အရင်ကျွေးပြီးမှ ခေါင်းမဖော်တမ်း စားနေသော ကလေးတွေကို ကြည့်ရင်း သက်ပြင်းမောတစ်ချက် ချလိုက်မိသည်။ ဒီလိုဆိုပြန်တော့လည်း မေ့သားသမီးတွေက မေမေမသိအောင် ပိုက်ဆံယူတတ်နေပြီလို့ မေမေဘယ်လို တွေးတတ်တော့မှာလဲကွယ်။

*********


အဲဒီညက အိပ်ရာဝင်တော့ ဒေါ်အေးငြိမ်း အိပ်လို့မရ။ ပိုက်ဆံပျောက်သည့် ကိစ္စ ကလေးတွေကို ဘယ်လိုမေးမရလဲတွေးရင်း အကြံအိုက်နေခဲ့သည်။
အခုတလော ပိုက်ဆံတွေ လျော့တတ်နေတယ်။ မေမေ့ကို ဝိုင်းကူစဉ်းစားပေးကြပါဦးကွယ် ဟု ပြောရလေမလား။

ညနေက မေမေစာရင်းစစ်တော့ ငွေတစ်ထောင် လျော့နေတယ်။ သားတို့ထဲက တစ်ယောက်ယောက် အရေးပေါ်လိုလို့များ ယူထားပြီး မေမေ့ကိုပြောဖို့ မေ့နေကြသလားကွယ်ဟု မေးရလေမလား။


မေမေက သားတွေ၊သမီးတွေကို ယုံကြည်လို့ ငယ်ငယ်ကတည်းက ပိုက်ဆံသေတ္တာသော့ကိုင်ခိုင်းခဲ့တာ၊ အခုတလော ပိုက်ဆံတွေပျောက်တယ်။ ဘယ်သူလက်ချက်လဲဟု ပြောင်ဖွင့်မေးလိုက်ရလေမလား

စာရင်းစစ်တိုင်း ငါးရာတစ်ထောင်လျော့နေတတ်တာ လေးငါးခြောက်ပတ်လောက်ရှိနေပြီ။ မေမေယုံကြည်လို့ ခိုင်းတဲ့အပေါ် အခွင့်အရေးမယူကြနဲ့ဟု ခပ်တင်းတင်းလေး သတိပေးလိုက်လျှင် ကောင်းလေမလား..

ပြောင်ကြီးဖွင့်မေးတာတော့ မဖြစ်ဘူး ထင်ပါတယ်လေ။ အမေ မသိအောင် ယူထားတာကို ဝန်ခံရဲမယ် မထင်မိဘူး။ ဘာမှမမေးဘဲ ခပ်တင်းတင်း သတိပေးလိုက်တာမျိုးလည်း မကောင်းသေးပါဘူးလေ။ တော်ကြာ တစ်ယောက်မှ မယူဘူးဆိုရင်ဖြင့် သူတို့လေးတွေရဲ့ နုလုံးသားနုနုလေးတွေမှာ အနာတရဖြစ်ချေတော့မယ်။ တကယ်ယူမယူ သေချာအောင် အရင်ဆုံး စောင့်ကြည့်တာပဲ ကောင်းပါတယ်လေ ဟု ဆုံးဖြတ်ချက် ချလိုက်ရလေသည်။

ထိုအကြောင်းတွေကို စဉ်းစားနေခဲ့ရသဖြင့် ဒေါ်အေးငြိမ်း တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ခဲ့ချေ။ အိပ်ရာထက်မှာ တလူးလူး တလှိမ့်လှိမ့်ဖြင့် မိုးသာ စင်စင်လင်းသွားခဲ့ရသည်။ တစ်မှေးမှ ကောင်းကောင်း မရလိုက်။

*********


နောက်တစ်နေ့ ကလေးတွေနဲ့အတူ မနက်စာ စားကြတော့ သမီးကြီးက မေးသည်။


မေမေ.. မျက်နှာလည်း မကောင်းဘူး။ နေမကောင်းလို့လားဟင် .. ”
သမီးကြီးကမေးတော့ သားလေးနဲ့သမီးငယ်လေးက ဒေါ်အေးငြိမ်းမျက်နှာကို မော့ကြည့်ကြ၏။


မေကြီး နေမကောင်းဘူးလားဟင်.. ”


သမီးငယ်လေးက လက်ထဲမှာ ကိုင်ထားတဲ့ ဇွန်းလေးကို အောက်ချကာ စိုးရိမ်တဲ့ မျက်ဝန်းအစုံလေးဖြင့် မော့ကြည့်နေသည်။


မေမေ.. ကိုယ်ပူနေလား. ”


သားလေးက ခုံပေါ်မှာ ထိုင်နေလျက် လက်တစ်ဖက်ကို စားပွဲပေါ်ထောက်ထားကာ ကျန်လက်တစ်ဖက်ဖြင့် ဒေါ်အေးငြိမ်းနဖူးအား လှမ်းစမ်း၏။


မေမေ ညတုန်းက အိပ်မပျော်ဖြစ်သွားလို့ပါကွယ် .. မနက်စာ ကောင်းကောင်းစားကြနော်။ ကျောင်းနောက်ကျနေကြဦးမယ် .. ”


ဒေါ်အေးငြိမ်းက သားလေး၏ နဖူးလေးကို သပ်ပေးကာ နေရာမှာ ပြန်ထိုင်ခိုင်းလိုက်ပြီး သမီးငယ်လေးပန်းကန်ထဲ အကြော်တစ်ခု ထည့်ပေးလိုက်၏။ ထို့နောက် သမီးကြီးကို ကျောင်းမှာ မောင်နှမအချင်းချင်း ဂရုစိုက်ဖို့၊ ညီညီညွတ်ညွှတ်နေဖို့ မှာမိသည်။



စားသောက်ပြီးနောက် ကလေးတွေက စက်ဘီးလေးတွေပေါ် ကိုယ်စီတက်ကာ လက်ပြနှုတ်ဆက်ရင်း ထွက်သွားကြလေသည်။ သမီးငယ်လေးရဲ့ စက်ဘီးပေါက်စလေးက သမီးကြီး စက်ဘီးနှင့် သားလေး စက်ဘီးအလယ်မှာ။


ဖြည်းဖြည်းနင်းကြနော်.. ကားလမ်းမပေါ် တက်ပြီးမနင်းရဘူးနော် .. ”

နေ့စဉ်မှာနေကျ စကားတွေကို ထပ်ကာထပ်ကာ မှာနေမိတာလည်း ပူပင်တတ်သည့် မိခင်စိတ်ပင် ဖြစ်မည်။ အိမ်မှ ကျောင်းသို့ လမ်းလျှောက်မည်ဆိုလျှင် ၁၀မိနစ်ခန့်သာ လျှောက်ရသော်လည်း ကလေးတွေ နည်းနည်းကြီးလာတော့ စက်ဘီးနဲ့ကျောင်းတက်ချင်လို့ပါမေမေရယ်ဟု ပူဆာကြ၏။ ထို့ကြောင့် ဒေါ်အေးငြိမ်းက အပေးအယူသဘောဖြင့် ကလေးတွေဆီကနေကားလမ်းမပေါ် စက်ဘီးတက်မစီးပါဘူးဆိုတဲ့ ကတိတောင်းကာ သူတို့လေးတွေ အလိုကျ စက်ဘီးတစ်ယောက်တစ်စီးစီ ဝယ်ပေးထားခဲ့လိုက်သည်။

*********


ဒီနေ့ စနေနေ့။

နေ့လယ်စာစားပြီးနောက် ကလေးသုံးယောက်က ကျောင်းပိတ်ရက် ထုံးစံအတိုင်း အောက်ထပ်မှာ ကာတွန်းကား ကြည့်နေကြပြီ။ ဒေါ်အေးငြိမ်းကတော့ အပေါ်ထပ်မှာ အထည်လက်ကျန်တွေကို ရေတွက်နေလေသည်။ မမြလည်း မီးပူတိုက်ရင်း ကလေးတွေနှင့်အတူ ကာတွန်းကား ဝင်ကြည့်နေပြီ ဖြစ်မည်။ အထည်စာရင်းတွေ မှတ်နေရာမှ ရုတ်တရက် အကြံတစ်ခု ရသွား၏။


သမီးကြီးရေ.. ခဏလာပါဦး။ မေမေ့ကို ပိုက်ဆံသေတ္တာထဲက ငွေတစ်ထောင်ယူပေးပါဦး


သမီးကြီးက ပေါ့ပါးစွာပင် လှေကားထစ်တွေကို ပြေးတက်လာသည်။ သမီးကြီးလက်ထဲကို သော့ထည့်ပေးလိုက်ရင်း သူ့မျက်လုံးလေးတွေကို ကြည့်လိုက်တော့  အခါတိုင်းလိုပင် အရောင်တလက်လက်။ တစ်စုံတစ်ခုကို ခိုးကြောင်ခိုးဝှက်လုပ်ဖို့ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင် မြူတစ်မှုန်တောင် ရှိလို့မနေချေ။



သမီးကြီးက သော့ယူပြီး အောက်ဆင်းသွားတော့ ဒေါ်အေးငြိမ်းတစ်ယောက် အကြံအတိုင်း လှေကား တစ်ထစ်ကို အသံမမြည်အောင် ဆင်းလိုက်ပြီး လှေကားလက်ရန်းကြားမှ အောက်ထပ်သို့ ချောင်းကြည့်လိုက်၏။ ပိုက်ဆံသေတ္တာတင်ထားသည့် စားပွဲကို လှေကားလက်ရမ်းကြားမှ ကောင်းကောင်းမြင်နေရလေသည်။

အောက်ရောက်ရောက်ချင်း သမီးကြီးက ပိုက်ဆံသေတ္တာဆီ ချက်ချင်းမသွားသေးဘဲ သူ့မောင်နှင့်ညီမကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဒေါ်အေးငြိမ်းရင်တွေ ထိတ်ခနဲ ခုန်သွား၏။ ကလေးနှစ်ယောက်က ကာတွန်းကား ကြည့်နေရာမှ ထလာပြီး သူ့အစ်မနား ကပ်သွားကြသည်။ သားငယ်က လှေကားထစ်တွေကိုပင် ဖျတ်ခနဲ လှမ်းကြည့်လိုက်သေး၏။ ဒေါ်အေးငြိမ်း အလျှင်အမြန် ထောင့်ကပ်လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သားငယ်သည် သူ့ကို မြင်မသွားခဲ့။

ပိုက်ဆံသေတ္တာအနား ကလေးသုံးယောက် အတူတူကပ်သွားသည်ကို ကြည့်ရင်း ဒေါ်အေးငြိမ်း မူးမိုက်လာသည်။ သမီးကြီးက ပိုက်ဆံသေတ္တာကိုဖွင့်ကာ တစ်ထောင်တန်တစ်ရွက်ကို သေတ္တာထဲမှာပင် အလိပ်လေးဖြစ်အောင် လိပ်လိုက်လေသည်။ ထို့နောက်မှ ထိုပိုက်ဆံအလိပ်လေးကို သားငယ်ဆီ ကမ်းပေးလိုက်၏။ သားငယ်လေးက ဟန်တစ်ချက်မပျက်ဘဲ ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လိုက်လေသည်။ မြင်နေရသော မြင်ကွင်းကြောင့် ဒေါ်အေးငြိမ်း ရင်တလှပ်လှပ်တုန်ကာ အမြင်တွေ ဝေဝါးလာ၏။ မျက်လုံးတွေ ပြာဝေနေသော်လည်း ကလေးတွေ၏ လှုပ်ရှားမှုတိုင်းကို မလွတ်တမ်း ကြည့်နေခဲ့မိသည်။

ဖြစ်ပျက်သွားသမျှကို ကြည့်ပြီး မိမိမျက်လုံးများကိုပင် မယုံချင်။ တကယ်တမ်းကျတော့ ပိုက်ဆံတွေ ပျောက်သည့်လက်ချက်က ကလေးသုံးယောက်စလုံး၏ ပုးပေါင်းပါဝင်မှု ဖြစ်နေသည်။မောင်နှမတစ်တွေဟာ  အမြဲတမ်း ညီညီညွတ်ညွတ်နဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ရမယ်၊ ညှာတာရမယ်ဟု ဆိုဆုံးမထားခဲ့သမျှ ဤနေရာအထိပင် ညီညွတ်နေကြလိုက်ရန်ကော။ ဒေါ်အေးငြိမ်းအသားတွေ တဆတ်ဆတ် တုန်လာသည်။ ဘာကြောင့်လဲ၊ ဘယ်လိုလုပ်တတ်သွားသလဲဆိုတာကို နားမလည်နိုင်တော့ချေ။ မမြကတော့ ဖြစ်ပျက်သွားသမျှကို စိုးစဉ်းမျှပင် သိလိုက်မည် မထင်။ မီးပူကို စိတ်ဝင်တစား တိုက်နေလေသည်။

သမီးကြီးက တစ်ထောင်တန်တစ်ရွက်ယူပြီး သေတ္တာကို ပြန်ပိတ်လိုက်စဉ် ဒေါ်အေးငြိမ်း အထည်ပုံတွေနား ဟန်မပျက် ပြန်သွားလိုက်သည်။ ပြုံးရွှင်ကြည်လင်စွာပင် တစ်ထောင်တန်နှင့် သော့ကို အမေဖြစ်သူထံ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ကမ်းပေး၏။ သမီးကြီးက မှင်သေလှချည်လားကွယ်။ သမီးဆီမှ သော့နှင့်ပိုက်ဆံကို လှမ်းယူလိုက်သည့် ဒေါ်အေးငြိမ်းသာ လက်တွေ တုန်မနေအောင် သတိထားလိုက်ရ၏။ အောက်ထပ်သို့ ပြန်ဆင်းသွားသည့် သမီးကြီးကို ကြည့်ရင်း ဘာလုပ်ရမလဲ ဆိုတာကို အပြေးအလွှား စဉ်းစားလိုက်သည်။

သက်သေခံ ပိုက်ဆံပင် ရှိနေမှတော့ မထူးပြီ။ တစ်ခါတည်း အမိဖမ်းရင်း နားလည်အောင် ဆုံးမစကား ပြောရပေတော့မည်။ နှလုံးသားနုနုလေးတွေ အနာတရဖြစ်မည်ဆိုလျှင်လည်း ဖြစ်စေတော့။ သို့သော် နားလည်အောင် သေသေချာချာ ရှင်းပြမည်။ ဆူပူခြင်း၊ အပြစ်တင်ခြင်းမျိုးတော့ လုံးဝမဖြစ်စေရ။ ဘာကြောင့် ဒီလိုလုပ်ရသလဲ ဆိုတာကို သေသေချာချာသိအောင် အရင်လုပ်ရမည်။


သက်ပြင်းမောတစ်ချက်ကို လေးပင်စွာချပြီး အောက်ဆင်းဖို့ ခြေလှမ်းပြင်လိုက်သည်။ မဆင်းခင် အစောပိုင်းတုန်းက ချောင်းကြည့်ခဲ့သည့် လှေကားလက်ရန်းမှနေ၍ ကလေးတွေ ဘာလုပ်နေသလဲ ဆိုတာကို ထပ်ချောင်းလိုက်မိ၏။ မျက်စိအောက်မှ မြင်ကွင်းနှင့် နားနဲ့ဆတ်ဆတ် ကြားနေရသော စကားတွေကြောင့် ဒေါ်အေးငြိမ်း တစ်ကိုယ်လုံး အေးစက်တောင့်တင်း သွားခဲ့ရသည်။


*********


မမြက မီးပူမတိုက်တော့ချေ။ မီးပူခလုတ်ကို ပိတ်ထားကာ တင်ပလ္လင်ခွေထိုင်နေသည်။ ကလေးတွေက မမြရှေ့မှာ ဝိုင်းပြီး စုထိုင်နေကြကာ မမြပြောသမျှကို နာခံနေကြသည်။


ခုဆို ဘယ်လောက်ရပြီလဲ


မမြက မေးလိုက်ခြင်း ဖြစ်သည်။


ခြောက်ထောင်ရပြီ အန်တီမြ


သမီးကြီးက ပြန်ဖြေလိုက်၏။ မမြ မျက်လုံးများက အရောင်လက်သွားလေသည်။ သားငယ်နှင့် သမီးငယ်ကတော့ ဘာတစ်ခွန်းမျှဝင်မပြော။ စိတ်ဝင်တစား နားထောင်နေကြသည်။


ခြောက်ထောင်ဆို သုံးယောက် ညီတူမျှတူ ခွဲယူရင် တစ်ယောက်ကို နှစ်ထောင်စီ ရပြီ။
မမကြီးက မုန့်ဖိုးပေးမှ တစ်ရက်ကို ငါးဆယ်ပဲ ပေးတာလေ။ အဲဒီ ငါးဆယ်ကို နေ့တိုင်းစုရင်တောင် နှစ်ထောင်ရဖို့ အကြာကြီး စုရမှာ မဟုတ်ဘူးလား


ဘုရား ဘုရား
 မမြက သူခိုးကျင့်သူခိုးကြံကို ဆရာကြီးတစ်ဆူလုပ်ပြီး သင်ခန်းစာတွေ ပေးနေပါလား။ သူ့စကားဆုံးတော့ ကလေးတွေက တလေးတစားနဲ့ကို ခေါင်းတွေ ငြိမ့်ပြနေကြသည်။ ကလေးတွေကို ကြည့်ရင်း မူးဝေလာသည်မှာ ကမ္ဘာမြေကြီးက  အိုးထိန်းစက်လို ချာချာလည်နေသလားဟု အောက်မေ့ရ၏။ ဘာတွေ ဘယ်လိုဖြစ်ကုန်တာပါလိမ့်။ ငါ့သားသမီးတွေ ဆရာတင်မှားပါရော့လား။ နှုတ်ခမ်းကို တင်းတင်းကိုက်ထားလျက်က လှေကားလက်ရန်းကိုလည်း တင်းနေအောင် ဆုပ်ကိုင်ထားရ၏။ မဟုတ်လျှင် လှေကားပေါ်မှ နောက်ပြန်လိမ့်ကျသွားနိုင်သည်။ ရင်တစ်ခုလုံးလည်း ပွင့်ထွက်တော့မတတ်။


ငါ့သားသမီးတွေကို အမေ မသိအောင် ပိုက်ဆံယူတတ်ဖို့ ဒီမိန်းမ ဘယ်လို စည်းရုံးလိုက်တာပါလိမ့်။ ကလေးတွေ ကြည့်ရသည်မှာ တကယ်ကို လိုလိုလားလား ရှိလှသည်။ မမြ ဘာတွေ ဆက်ပြောမလဲ သိချင်သောကြောင့် စောင့်ပြီး နားထောင်နေလိုက်သည်။


အန်တီမြ.. သားတို့ ဒီလိုလုပ်နေတာ မေမေသိသွားရင် သားတို့ကို ရိုက်မှာပေါ့
သားငယ်လေးက ပြောလိုက်ခြင်း ဖြစ်သည်။

အို မမကြီးလား သိမှာ။ သူ့မှာပိုက်ဆံတွေ ဒီလောက်အများကြီး။ ငါးရာတစ်ထောင်ဆိုတာ သူအတွက် နည်းနည်းလေး။ သိနေပါ့မလား။ သိနေရင်တောင် မရိုက်ပါဘူး။ ပြီးတော့ အိမ်ကိုလာလာတောင်းတဲ့ သူတောင်းစားတွေကိုတောင် ငါးရာ၊တစ်ထောင် လွယ်လွယ်လေး ပေးနေတာပဲဟာ။ သားတို့ကို ရိုက်တယ်ဆိုရင် အဲဒါ သူက သားတို့ကို သူတောင်းစားတွေလောက်တောင် မချစ်လို့

မမြ ပြန်ဖြေလိုက်သည့် စကားကိုကြားတော့ အခုချက်ချင်းပင် ပြေးဆင်းသွားပြီး မမြကို ရိုက်ပုတ်ပစ်ချင်လှသည်။ အညွှန့်တလူလူ တက်နေသည့် သူတို့လေးတွေကိုမှ အမေနဲ့ သွေးခွဲကာ နားလည်မှုလွဲမှားအောင် အဆိပ်ရည် လောင်းရက်လေခြင်း။ လူယုံသတ်တယ် ဆိုသည်မှာ ဒီလိုမျိုးကို ပြောတာ ဖြစ်မည်။ ဖြစ်ကြောင်းကုန်စင်ကို သိချင်လွန်း၍သာ သူတို့တစ်တွေ စကားဆုံးသည်အထိ သည်းခံပြီး စောင့်နေရသည်။

အန်တီမြ ပြောသားပဲ။ တစ်ပတ်တစ်ခါတည်း မဟုတ်ဘဲ နှစ်ခါလောက်ယူ။ တစ်ခါယူလည်း တစ်ထောင်စီ ယူပါဆို။ ဒီလိုဆိုရင် တစ်လကို ခြောက်ထောင်ရမယ်။ ညီတူမျှတူ ခွဲယူရင် တစ်လကို တစ်ယောက် နှစ်ထောင်စီကြီးများတောင်ရမှာ။ ခုတော့ အကြာကြီးနေမှ နှစ်ထောင်ပြည့်တယ်
ခဏခဏနဲ့ များများခိုးဖို့ မဲဆွယ်နေပါလား။ ဒေါသစိတ်တွေ အလိပ်လိုက်တက်လာသဖြင့် ဒေါ်အေးငြိမ်း အံကို တင်းတင်းကြိတ်ထားမိ၏။


ခုလိုသာ နည်းနည်းပဲ ယူရင် သားတို့မေမေ နောက်ယောင်္ကျား ယူသွားချိန် သားတို့ ဘယ်လောက်မှ စုမိမှာ မဟုတ်ဘူး

မမြစကားကြောင့် ဒေါ်အေးငြိမ်းတစ်ယောက် ဒေါသထွက်နေရာမှ အံ့သြမှင်သက်သွားသည်။ နောက်ယောင်္ကျားဆိုပါလား။ လင်ယောင်္ကျားသေဆုံးကတည်းက အရွယ်ရှိသေးလျက်နဲ့တောင် နောက်အိမ်ထောင်ပြုဖို့ မစဉ်းစားခဲ့တဲ့ ဒေါ်အေးငြိမ်းပါ။ သားသမီးတွေအတွက် လိုလေသေးမရှိရလေအောင် အမြဲတမ်း ကြိုးစားနေခဲ့တဲ့ သူပါ။ မမြ ဘာတွေ ပြောနေတာပါလိမ့်


မေမေက နောက်ယောင်္ကျား ယူမှာ ဟုတ်လို့လား အန်တီမြရယ်. ”


သမီးကြီးက မသေချာစွာ မေးရှာတော့ မမြက ပြောမည့်စကားကို ချက်ချင်းမပြောသေးဘဲ မဲ့ပြုံး ပြုံးလိုက်သေးသည်။ ရွံရှာဖွယ် ကောင်းလိုက်လေခြင်း။

“  သူယူချင်ရင် အချိန်မရွေးယူမှာပေါ့။ သမီးတို့ကို တိုင်ပင်နေပါ့မလား။ သူ ယူသွားရင် သမီးတို့ကို အခုလို မချစ်တော့ဘူး။ သူ့ယောင်္ကျားကိုပဲချစ်မှာ။ အခုလို ဂရုစို်က်မယ်များ ထင်နေလား။ အဲဒီအခါကျရင် အခုလို တစ်ရက် ငါးဆယ်မပြောနဲ့ တစ်ရက်ငါးကျပ်တောင် ရမယ်မထင်ဘူး။ ဒါကြောင့် ခုကတည်းက စုလို့ ပြောတာ။ စုဘူးထဲ ထည့်စုရင် သမီးတို့ မေမေ သိသွားမှာပေါ့။ သမီးတို့ ဖွက်ထားရမှာ ကြောက်ရင် အန်တီ့ကို အပ်ထား ” 

မမြစကားဆုံးတော့ ကလေးသုံးယောက်လုံး ငြိမ်သက်သွားကြသည်။ မေမေ့ကလေးတွေ ဘာတွေများ တွေးနေကြပါလိမ့်။ မေမေ အလုပ်များလွန်းလို့ မမြနဲ့ စိတ်ချလက်ချထားသမျှ မေမေ့ကလေးတွေရဲ့  ဖြူဖြူစင်စင်စိတ်ဓါတ်လေးတွေ ဖျက်ဆီးခံလိုက်ရပါရော့လား။ အခုတော့  ဘာကြောင့် ကလေးတွေ ခိုးဝှက်တတ်သွားသလဲဆိုတာကို မေမေ ရှင်းရှင်းလင်းလင်း သိနားလည်လိုက်ပါပြီ။

မမြရယ်.. ရက်စက်လေခြင်း။ ညည်းငွေမက်တာနဲ့ပဲ ကလေးတွေရဲ့  နုလုံးသားနုနုကို ဒီလိုလုပ်ဇာတ်တွေနဲ့ အယုံသွင်းပြီး ဖျက်ဆီးရက်တာ။ နင် ဒီလောက် ပိုက်ဆံမက်မယ်မှန်း ငါမထင်မိလို့။ နင်ဒီလောက် အကျင့်ယုတ်လိမ့်မယ် မထင်ထားလို့။ ငါအလုပ်များတိုင်း ငါ့ကလေးတွေကို နင့်လက်ထဲ စိတ်ချလက်ချ ထားခဲ့မိတာ။ အခုတော့ ငါ့သားသမီးတွေကို နင်က အဆိပ်ရည်လောင်းပြီး နင့်ပြောသမျှပြီးအောင် နားသွင်းထားရက်တာ။

တွေးရင်းတွေးရင်း မျက်ရည်တွေက တားဆီးမရအောင်ပင် စီးကျလာလေသည်။ လှေကားထစ်ပေါ်မှ အားယူပြီး ထလိုက်တော့ တစ်ချိန်လုံး ငုံ့ကာ ချောင်းကြည့်ထားရသောကြောင့်ထင့်။ ခါးရိုးနဲ့ ဇက်ပိုးနေရာက ဆစ်ခနဲ နာကျင်သွား၏။ မျက်ရည်များကြောင့် အမြင်အာရုံကလည်း ဝေဝါးလို့နေသည်။ ခြေချော်မကျလေအောင် လှေကားထစ် တစ်ထစ်ချင်းကို သတိထားဆင်းလိုက်ရ၏။


*********


“  မေ့ကလေးတို့ရေ.. ”

ကလေးတွေကို လှမ်းခေါ်လိုက်တော့ သုံးယောက်စလုံးက စိုးရိမ်ပူပန်သည့် အကြည့်လေးတွေဖြင့် အမေကို ပြေးလာဖက်ကြသည်။

“  မေမေ.. ”
မေမေ ဘာဖြစ်လို့လဲဟင်..”


ကလေးတွေရဲ့ အမေးကို ခေါင်းတွင်တွင်ယမ်းပြရင်း သူတို့လေးတွေကို တွန်းဖယ်ကာ မမြဆီသို့ တန်းနေအောင် လျှောက်သွားလိုက်သည်။ မမြက ဟန်တစ်ချက်မှ မပျက်။ မီးပူခလုတ်ကို ပြန်ဖွင့်လိုက်ပြီး ပြောင်းပြန်ဖြစ်နေသည့် အဝတ်တစ်ခုကိုပင် အတည့်ပြန်လှန်နေသေးသည်။ ဒေါ်အေးငြိမ်းက မျက်ရည်တွေကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း သုတ်လိုက်၏။


“  မမြ.. ”

“  ရှင်.. မမကြီး

အစဉ်အမြဲ နီရဲနေတတ်သော သူ့မျက်လုံးတွေ လှန်ကြည့်ရင်း အသံသေး အသံကြောင်ဖြင့် ထူးသည်။ စောစောက ကလေးတွေကို ဆရာကြီးတစ်ဆူလို မဟုတ်တမ်းတရားတွေဟောပြီး မဟုတ်ကဟုတ်က လုပ်ဇာတ်တွေနဲ့ သိမ်းသွင်းနေခဲ့တာ သူမဟုတ်ခဲ့သည့် အတိုင်း။

“  ညည်း ငါ့ကို သေသေချာချာကြည့်စမ်း .. ”

မော့ကြည့်လာသည့် သူ့ မျက်လုံးတွေထဲကို ခပ်တင်းတင်း စိုက်ကြည့်လိုက်တော့ မမြက ထိုအကြည့်တွေကို ရင်မဆိုင်ရဲဘဲ လိပ်ပြာမလုံစွာ အောက်သို့စိုက်ကြည့်နေလေသည်။ မျက်လုံးတွေသာမက ခေါင်းပင် ငုံ့လျှိုးသွား၏။

ညည်း. စောစောက ငါ့ကလေးတွေကို ဘာတွေပြောနေခဲ့လဲဆိုတာ ငါ အကုန်ကြားတယ် .. ”


မမကြီး .. ”


မမြက ဒေါ်အေးငြိမ်းကို တစ်ချက်သာ ခေါ်လိုက်နိုင်ကာ လည်လိမ်ချိုးခံလိုက်ရသည့် ကြက်လိုပင် ငြိမ်ကျသွားလေသည်။ ကလေးတွေကတော့ ငိုယိုကာ ဒေါ်အေးငြိမ်းအနားသို့ ပြေးလာကြ၏။

“  မေမေ.. သမီးတို့ကို ရိုက်မှာလားဟင်

မေမေ.. သားတို့ကို မရိုက်ပါနဲ့နော်.. ”

တစ်ယောက်တစ်ပေါက် တောင်းပန်နေရင်းက ဒေါ်အေးငြိမ်းရှေ့မှာ ငိုယိုနေကြသည်။

ကလေးတွေ အပေါ်ထပ် တက်ချေ။ မေမေ့သားသမီးတွေကို မေမေ ဘာမှ မလုပ်ဘူး။  မမြနဲ့ မေမေ ပြောစရာရှိသေးတယ်။ မေမေ့ကို အပေါ်မှာ စောင့်နေကြ

ဒေါ်အေးငြိမ်း စကားဆုံးတော့ ကလေးသုံးယောက်က အတွန့်တစ်ချက်မှ မတက်ဘဲ အပေါ်ထပ်သို့ လှေကားထစ်တွေကို အသံမမြည်အောင် နင်းတက်သွားကြလေသည်။


*********

ကလေးတွေ အပေါ်တက်သွားပြီးနောက် ဒေါ်အေးငြိမ်းနှင့် မမြ နှစ်ယောက်တည်းသာ ကျောက်ရုပ်ကြီးတွေလို ငြိမ်သက်ရင်း ကျန်ရစ်ခဲ့သည်။ အစောပိုင်းတုန်းက ဒေါ်အေးငြိမ်း မမြကို ရိုက်ပုတ်ပစ်ချင်ခဲ့သည်။ ယမ်းပုံမီးကျသလို ဒေါသစိတ်တွေဖြင့် ပေါက်ကွဲပစ်ချင်ခဲ့သည်။ လက်တွေ့တွင်တော့ မရိုက်ပုတ်ဖြစ်ခဲ့။ မပေါက်ကွဲဖြစ်ခဲ့။ လုပ်မှလုပ်ရက်လေခြင်းဟုသာ ယူကျုံးမရဖြစ်မိသည်။

ဒါ ဘာသဘောလဲလို့ ညည်းကိုငါ မမေးတော့ဘူး။ ညည်း ဘာအတွေးနဲ့ ဒီလိုလုပ်သလဲဆိုတာ ငါ သဘောပေါက်သွားပြီ။ ဒါပေမယ့်အေ.. ညည်းလိုတယ်ဆိုတိုင်း ငါက ကြည်ကြည်ဖြူဖြူ အမြဲပေးနေလျက်နဲ့ ညည်းမို့ ငါ့သားသမီးတွေကှို ဒီလိုဖျက်ဆီးရက်တာ။ ပြီးတော့ မဟုတ်တမ်းတရားတွေ ပြောပြီး ငါတို့သားအမိချင်းကို အထင်မှားအမြင်မှားအောင် သွေးခွဲရက်တာ ငါ တကယ်အံ့သြတယ် မမြ


မမြက ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက် ငြိမ်သက်နေဆဲ။

သမီးကြီး ငယ်ငယ်ကတည်းက ညည်းထိန်းခဲ့တာ။ ဖိုးသားရော သမီးငယ်ရော ညည်းလက်ပေါ်မှာတင် ကြီးတယ်။ သူတို့တွေက ညည်းကို ဒီလောက်ချစ်ကြတာကို သိသိကြီးနဲ့။ ညည်းမို့ သူတို့ကို.. ညည်းမို့ သူတို့စိတ်တွေ ပူပန်ရအောင်.. ”

ဒေါ်အေးငြိမ်း ပြောစကားပင် မဆုံးလိုက်နိုင်။ မမြက ဒေါ်အေးငြိမ်းခြေသလုံးကို ဖက်ကာ ငိုယိုပြီး အတင်းတောင်းပန်လေသည်။

ကျွန်မ မှားပါပြီ မမကြီးရယ်.. ကျွန်မ ပိုက်ဆံတွေ အချောင်လိုချင်တိုင်း ကလေးတွေကို သင်မိသင်ရာ သင်လိုက်မိတာပါ။ ကျွန်မကို ခွင့်လွှတ်ပါ မမကြီးရယ် .. ”

မမြ ငါ့ကို လွှတ်။ အခုမှ လာပြီး ငိုပြမနေနဲ့။


ပြောပြောဆိုဆိုဖြင့် မမြဖက်ထားသည့် ခြေသလုံးတွေကို ဒေါ်အေးငြိမ်း အတင်းရုန်းထွက်လိုက်သည်။



အခု ညည်းပြန်တော့။ နောက်အပတ်မှ ပြန်လာ။ ဒီအကျင့်တွေ ညည်းဖျောက်နိုင်တာ သေချာမှ ပြန်လာခဲ့။ ကြားလား


မမြက တစ်ခွန်းမှ ပြန်မပြောတော့သော်လည်း နေရာမှာ ပေကပ်ထိုင်နေလေသည်။


“  ငါ စိတ်ဘယ်လောက်ကြီးလဲ ဆိုတာ ညည်းသိတယ်နော်။ အခု ညည်းကို ငါဘာမှ မလုပ်ချင်ဘူး။ ဘာမှလည်း ထပ်ပြောချင်စိတ် မရှိတော့ဘူး။ ညည်းနောက်အပတ်မှ ပြန်လာချေ။ သွားပါတော့ အေ


မမြက မျက်ရည်တွေ သုတ်ကာ မီးပူတိုက်လက်စတွေကို သိမ်းဆည်းဟန်ပြင်သည်။


“  ဘာမှ မသိမ်းနဲ့။ ဒီအတိုင်းထားခဲ့။ ငါ့ မျက်စိရှေ့ကနေသာ မြန်မြန် ထွက်သွားစမ်းပါဟာ


ထိုအခါမှ ကုန်းရုန်းထကာ ကပျာကသီ ထွက်သွားလေသည်။ သူထွက်သွားပြီးနောက် ဒေါ်အေးငြိမ်းက ဖရိုဖရဲဖြစ်သွားသော ထဘီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ခပ်တင်းတင်း ပြင်ဝတ်သည်။ မျက်ရည်တွေ ခြောက်သွေ့သွားပြီ ဖြစ်သော ပါးပြင်ကိုလည်း လက်ဖဝါးဖြင့် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်၏။ ထို့နောက်မှ အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ခြေတစ်လှမ်းချင်း ခပ်မှန်မှန်လှမ်းကာ အပေါ်ထပ်သို့ တက်သွားလေသည်။
*********


“  မေမေ .. ”

ကလေးတွေက ဒေါ်အေးငြိမ်းကို ပြေးဖက်ကြသည်။ ဝမ်းနည်းနေသော ကလေးတွေကို ဒေါ်အေးငြိမ်းက အအေးချမ်းဆုံးပြုံးပြကာ ဆီးကြိုပွေ့ဖက်ထားလိုက်သည်။

“  သားတို့သမီးတို့ .. ဘာမှ မပြောနဲ့တော့နော်။ မေမေ အားလုံးကို နားလည်တယ်


သမီးကြီးသာမက သားငယ်ရော သမီးငယ်လေးပါ မျက်ရည်လေးတွေ တွေတွေစီးကျနေရင်း ကိုယ်လေးတွေလည်း တသိမ့်သိမ့်တုန်နေကာ အသံတိတ် ငိုနေကြလေသည်။

“  မေ့ကလေးတွေ ဘယ်လောက်ဝမ်းနည်းနေလဲ မေမေနားလည်တယ်။


လာ မေမေ ပြောပြမယ်။ နားထောင်နော်။ မေမေတို့တွေ ဘုရားခန်းထဲသွားထိုင်ပြီးပြောကြမယ်လေ။



ဘုရားခန်း၏ အတွင်းထောင့်တစ်နေရာမှာ ဒေါ်အေးငြိမ်းက ထိုင်ချလိုက်တော့ သမီးကြီးနှင့် သားငယ်က ဒေါ်အေးငြိမ်း တစ်ဖက်တစ်ချက်မှာ ထိုင်ပြီး သမီးလေးက ဒေါ်အေးငြိမ်းပေါင်ပေါ်မှာ တက်ထိုင်လေသည်။ ကလေးတွေ ငယ်စဉ်ကတည်းက ပုံပြင်ပြောပြရင်ပဲဖြစ်ဖြစ်၊ သားအမိတစ်တွေ တီဗွီကြည့်ရင်ပဲ ဖြစ်ဖြစ်၊ စကားဝိုင်းဖွဲ့ပြောရင်ပဲဖြစ်ဖြစ် ထိုင်နေကြပုံစံလေး အတိုင်းပင်။

“  မေမေကလေ မေ့သားတွေသမီးတွေကို သိပ်ချစ်တာ သိလား.. ဒီကမ္ဘာမှာ မေ့ကလေးတွေကို မေမေအချစ်ဆုံး။ မေမေ ပြောတာကို ယုံရဲ့လားဟင်

ဟုတ်။ သမီးလည်း မေမေ့ကိုချစ်တယ်


“  သားလည်း ချစ်တယ်


“  မေကြီးကို သမီးလည်း ချစ်တယ်

ကလေးတွေက ခေါင်းတွေလည်း ငြိမ့်ပြကြသည်။ နှုတ်တွေမှလည်း အမေဖြစ်သူကို ချစ်ကြောင်း ပြောကြလေသည်။ ဒေါ်အေးငြိမ်းက ကလေးတွေရဲ့စကားကို အသိအမှတ်ပြု ခေါင်းငြိမ့်ပြရင်း ဆက်ပြောသည်။

“  မေမေတို့ တစ်ယောက်ကိုတစ်ယောက် ဒီလောက်ချစ်ကြတာ။ မေမေက မေ့ကလေးတွေကို ခွဲသွားနိုင်မယ်လို့များ ထင်နေကြလားကွယ်
ကလေးတွေက ခေါင်းယမ်းပြကြသည်။

“  မေ့ကလေးတွေကရော မေနဲ့ ခွဲနိုင်ကြလို့လားဟင်

“  မခွဲနိုင်ပါဘူးမေမေ


“  ဒီလိုဆို မေမေ နောက်ယောင်္ကျားယူလိမ့်မယ်လို့ရော မေ့ကလေးတွေက စိုးရိမ်နေသေးလား


ကလေးတွေက စိတ်သက်သာရာရသွားဟန်ဖြင့် ခေါင်းယမ်းပြကြလေသည်။


ဒီကမ္ဘာမှာ မေမေအချစ်ဆုံးက ဟောဒီသုံးယောက်။ ဟောဒီသုံးယောက်က မေမေချစ်သလို မေမေ့ကို မချစ်ရင်သာ မေမေ့မှာ စိတ်ဆင်းရဲရမှာ



ကလေးတွေ၏ မျက်နှာလေးတွေ ဝင်းခနဲဖြစ်သွားသည်ကို ကြည့်ရင်း ဒေါ်အေးငြိမ်း ရင်ထဲက အလုံးကြီး ကျသွားလေသည်။

“  ဒါဖြင့် မေ့ကလေးကတွေ အခု ဘာလုပ်ရမှာလဲဆိုတာ သိသွားကြပြီလား


ဒေါ်အေးငြိမ်း စကားဆုံးတော့ ကလေးတွေက ဒေါ်အေးငြိမ်းကို အတင်းအကြပ်ဖက်ကာ အလုအယက် နမ်းကြလေသည်။


ကဲ အခု မေမေတို့ အားလုံး တစ်ယောက်ကိုတစ်ယောက် နားလည်မှုရသွားပြီနော်။ နှုတ်တွေကနေ ကတိတွေ ပေးဖို့ လိုသေးလား


မလိုတော့ပါဘူး မေမေ.. ”


ကလေးတွေက တစ်ပြိုင်နက်တည်း ဖြေကြ၏။ ထိုအခါမှသာ ဒေါ်အေးငြိမ်း ပြန်လည်ပြီး အေးနိုင် ငြိမ်းနိုင်လေသည်။ တစ်သက်လုံး ရင်အုပ်မကွာ စောင့်ရှောက်ခဲ့သော သူတို့လေးတွေကို ဒီလောက်ပြောပြလျှင် နားလည်သဘောပေါက်ကြလိမ့်မည်ဟု ယုံကြည်သည်။ အော်ဟစ်ဆူပူရန်မလို။ ရိုက်နှက်ရန်မလို။ ကလေးတွေဆိုပေမယ့် သူတို့တွေမှာလည်း အသက်အရွယ်အလိုက် စဉ်းစားတတ်သည့် အသိဥာဏ်ရှိသည်။ နားလည်သိတတ်မှုရှိသည်။



“  သမီးတို့ကို ပိုက်ဆံသေတ္တာသော့ ပေးကိုင်ဦးမှာလား မေမေ.. ”
အမေဖြစ်သူက မယုံမကြည်ဖြစ်ကာ မခိုင်းတော့ပြီလားဟု သမီးကြီးခမျာ စိုးရိမ်ဟန်တုသည်။ ဒေါ်အေးငြိမ်းက နှုတ်မှမဖြေ။ သော့ကို ထုတ်ပေးလိုက်သည်။


“  ဘာလို့ မကိုင်ခိုင်းရမှာလဲ။ မေမေ့မှာ အားကိုးစရာ ဒီသား ဒီသမီးတွေပဲ ရှိတာ။ ရော့။ ဒီနေ့ကစပြီး သော့ကို မေမေ မသိမ်းတော့ဘူး။ သားတို့သမီးတို့ သေသေချာချာသိမ်းပေးနော်



မယုံမကြည်ဖြစ်လေမလားဟု စိုးရိမ်နေသည့် ကလေးတွေကို ယုံကြည်မှုအပြည့်အဝပေးကာ စိတ်ဓါတ်ခွန်အားကို ပြန်လည် မြှင့်တင်ပေးလိုက်သည်။ ဒီလိုမှသာ နာကျင်နေသည့် ကလေးတွေရဲ့ နှလုံးသားလေးတွေ ပြန်လည် ရွှင်လန်းလာမည် မဟုတ်ပါလား။


မေမေပဲ သိမ်းပါ။ ခါတိုင်းလိုပဲ မေမေလိုမှ သမီးတို့ကို ခိုင်းပါနော်



သမီးကြီးက သော့ကို ကိုင်ထားရင်း မောင်ဖြစ်သူနှင့် ညီမဖြစ်သူကို တစ်လှည့်စီ အရင်ကြည့်သည်။ ပြီးမှ သော့ကိုပြန်ပေးရင်း ဆိုလေသည်။
အိုခေ။ သမီးက မေမေသိမ်းဆိုလို့ မေမေ ပြန်ယူတာနော်
သမီးကြီး စကားဆုံးတော့ ဒေါ်အေးငြိမ်းက သော့ပြန်ယူရင်း မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ ထိုနောက် သဘောကျစွာ ပြုံးလိုက်တော့ ကလေးတွေလည်း မျက်ရည်စတွေ ကြားမှ လိုက်လံရယ်မောကြလေသည်။


 “ မေမေ ခဏနော်

ရယ်မောနေရာမှ သားငယ်လေးက ရုတ်တရက် သတိရသွားဟန်ဖြင့် ဘောင်းဘီအိတ်ထဲမှ ပိုက်ဆံအလိပ်လေးကို ထုတ်ပေးရှာသည်။ အမေဖြစ်သူထံ လက်လှမ်းပေးနေစဉ် နီရဲတက်လာသည့် သားငယ် နားရွက်လေးများကိုကြည့်ရင်း ဒေါ်အေးငြိမ်း စိတ်မကောင်း။ ထို့ကြောင့် သားငယ် ကမ်းပေးသော ပိုက်ဆံခြောက်ထောင်ကို ကလေးသုံးယောက်အား တစ်ယောက် နှစ်ထောင်စီ ပြန်ခွဲပေးလိုက်၏။ ကလေးတွေက ဒေါ်အေးငြိမ်းလုပ်သမျှကို နားမလည်နိုင်စွာ ကြည့်နေကြလေသည်။


စုဗူးထဲ သွားထည့်ချေကြနော်.. မေမေ ပြန်မယူတော့ဘူး။ မေမေနဲ့ မေ့သားသမီးတွေ နားလည်မှုရသွားတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီပိုက်ဆံတွေကို စုဘူးထဲ ထည့်ရမယ်။ သွား စုဘူးတွေ သွားယူချေကြ။ မေမေတို့ အတူတူ ထည့်ကြမယ်လေ

ထိုအခါမှ ကလေးတွေက နားလည်သဘောပေါက်သွားကာ ဒေါ်အေးငြိမ်း စကားကို နားထောင်ပြီး စုဘူးယူရန် အောက်ထပ်သို့ ဆင်းသွားကြလေသည်။

*********

ဒီအဖြစ်အပျက်ကနေ ဒေါ်အေးငြိမ်း သင်ကြားလိုက်ရသည်မှာကတော့ နုနယ်တဲ့ နှလုံးသားလေးတွေဟာ ကိုင်တွယ်ရ လွယ်ကူတတ်သလို ထိရှလည်း လွယ်ကူတတ်သည် ဟူ၍ပင်။

လေပြင်းမုန်တိုင်းကြောင့် ကွဲကွာသွားရသော ငှက်ကျေးညီနောင်ပုံပြင်ကို သတိရမိ၏။ ရသေ့သူတော်ကောင်းတွေလက်ထဲ ရောက်သွားခဲ့သော အစ်ကိုကြက်တူရွေးငှက်ကလေးနှင့် ခိုးသားဓါးပြတွေလက်ထဲ ရောက်သွားခဲ့ရသော ညီငယ်ကြက်တူရွေးငှက်ကလေး တို့၏ အပြုအမူ၊အပြောအဆိုတို့က မိုးနှင့်မြေပမာ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ကွာလှမ်းခဲ့ရသည် မဟုတ်ပါလား။ ဒါကြောင့်လည်း ရှေးလူကြီးတွေက တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဟု ဆိုခဲ့ကြတာ ဖြစ်ပေလိမ့်မည်။


ဘာပဲဖြစ်ဖြစ် ဒီတစ်သက် ကလေးတွေ ဒါမျိုးထပ်လုပ်မှာ မဟုတ်တော့ဘူးဟု ဒေါ်အေးငြိမ်း အကြွင်းမဲ့ ယုံကြည်သည်။ မမြကိုတော့ အလုပ်ဆက်ခိုင်းသင့် မခိုင်းသင့် သေချာစဉ်းစားရပေဦးမည်။

ပြည်ပန်းညိုရွက်ဆိုသည်မှာ ချိုချင်ပါလျက်နဲ့လည်း ဆားကဖျက်တတ်သေးသည် မဟုတ်ပါလား။




လေးစားစွာဖြင့်
မြတ်ပန်းနွယ်



38 comments:

မြသွေးနီ said...

ကလေးဆိုတာ ရွှံ့ကလေးနဲ့လုပ်ထားတဲ့ အရုပ်ကလေးတွေလိုပဲ။ လိုသလို ပုံသွင်းလို့ရတယ်။ သူတို့နဲ့ နီးစပ်ရာ၊ သူတို့အလိုလိုက် အကြိုက်ဆောင်တတ်သူအပေါ် ပိုခင်တွယ်၊ ပိုသြဇာညောင်းတတ်တယ်။ အလုပ်တာဝန်တွေ ပိနေတဲ့ မိဘတွေ ငယ်ရွယ်နုနယ်လွန်းတဲ့ သားသမီးအပေါ် ပစ်မထားပဲ ဂရုစိုက်သင့်တယ်ဆိုတာ ဒီပို့စ်လေးက ဖတ်သိလိုက်ရတယ်။

သူရိန် said...

အဆုံးထိ စိတ်ဝင်တစား ဖတ်နိုင်အောင် အရေးအသားက ဆွဲဆောင်သွားတယ်။ မိဘနဲ့ သားသမီး ဝတ္တုလေးတွေကို အရေးများတာ သတိထားမိတယ်။ ဒါလိုမျိုး ဝတ္တုလေးတွေက မိဘနဲ့ သားသမီးကြားက ပြသနာတွေကို ဖြေရှင်းပေးနိုင်မှာ။

Anonymous said...

အဆင့်မြင့်ခေတ်သစ်တစ်ခုရဲ့ ပညာရှိအမေနေရာက
ဇာတ်ရုပ်ကိုသဘောကျတယ်ဆရာမရေ ငယ်ငယ်ကထစ်ခနဲဆိုအထုခံ အထောင်းခံခဲ့ရဘူးတယ်
ဆရာမရဲ့စိတ်ကူးဇာတ်ကောင်ဟာ ဆရာမကိုယ်တိုင်
စိတ်ထဲကရှိတဲ့အမေကို စိတ်ကူးပုံဖေါ်ထားတာလေးရယ်
စိတ်ကိုသယ်ဆောင်သွားသော ၀တ္ထုလေးတစ်ပုဒ်ပါပဲ။

THS said...

ဒေါ်အေးငြိမ်းက မေမေနဲ့ သိပ်တူတာပဲ ..။

Anonymous said...

သိပ်ကိုကောင်းတဲ့ ဇာတ်လမ်းလေးပါ ။ ပညာပေး ဇာတ်လမ်းသဘော သက်ရောက်သလို ရသ သုတ လက်ရာ မြောက်တဲ့ဇာတ်လမ်းလေး တစ်ပုဒ်ပဲ ။

မိဘနဲ့ သားသမီးတွေရဲ့ ကြားထဲက ဆက်နွယ်နေတဲ့ မေတ္တာတရား ၊ နားလည်မှု ၊ သံယောဇဉ်ကို အခြေခံထားတဲ့ ရသ သုတ ပြည့်စုံတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။

တစ်ပုဒ်ဆို တစ်ပုဒ်ပမာ အနုပညာခံစားချက်ကို ပြည့်ဝစွာ နှစ်မြုပ်ပီး ထိရောက်ပီပြင်အာင် ကြိုးစားအားထုတ်တတ်တဲ့ မမြတ်ပန်းနွယ်ကို ကျွန်တော် လေးစားလျှက်ပါ ။

ဆက်လက်အားပေးနေဦးမဲ့
ဘူဇွာကဗျာဆရာ

Ye Lin Myat said...

ဘရာဗို မြတ်။ အမေနဲ့ကလေးတွေရဲ့ အက်ရှင်လေးတွေက စာဖတ်သူကို ထိစေတယ်။ I like this story.

မိုးသူ(တောင်ကြီး) said...

ဒီဝထ္ထုလေးထဲမှာ ဇာတ်ကောင် ဒေါ်အေးငြိမ်းရဲ့ 
အိုင်ဒီယာလေးကတော်တော်လှတယ်နော်
သားသမီးသုံးယောက်စလုံးကို နူးညံ့သိမ်မွေ့ စွာကိုင်တွယ်
ဖြေရှင်းသွားနိုင်တယ်
ဟုတ်တယ်ဗျ ... နုလုံးသားနုနယ်တဲ့ ကလေးတွေရဲ့ ရင်ထဲမှာ ဘာမှဟုတ်တဲ့ကိစ္စလေးတွေကြောင့် ဒဏ်ရာအနာတရမဖြစ်စေချင်ဘူး ပြီးတော့ အခုလို ဒေါ်အေးငြိမ်း ဆုံးဖြတ်ပြုမူပြောဆိုသွားတာတွေ ဟာ အင်မတန်အတူယူဆရာကောင်းတယ် ဒီဝထ္ထုလေးတွေကို မိဘတိုင်း ကျောင်းဆရာ ဆရာမတွေ ဖတ်သင့်တယ်လို့ ယူဆတယ် ငယ်ရွယ်စဉ်မှာ မြင့်မားတဲ့ စိတ်ဓါတ်တွေကို ကလေးတွေရဲ့ နုလုံးသားတွေထဲမှာထည့်ပေးလိုက်နိုင်မှ နောင်အနာဂတ်ကြယ်ပွင့်လေးတွေဖြစ်နိုင်မယ်လို့  ..ယုံကြည်ပါတယ် ၀ထ္ထုလေးက အင်မတန်မှကို ကောင်းပါတယ် ရည်ရွယ်ချက် အရေးအသား ပြောစရာ ဘာမှကိုမလိုအပ်ပါ ...
ဒါနဲ့ မေးစရာမေးခွန်းလေးတော့ကျန်သေးတယ်

မမြကို ဒေါ်အေးငြိမ်းက ဆက်ပြီး အလုပ်ခေါ်ခိုင်းအုံးမှာလား ဗျ (အဲဒါလေးတော့သိချင်တယ်)

ခင်တဲ့
မိုးသူ(တောင်ကြီး)

Anonymous said...

ကျွန်တော် လာဖတ်သွားပါတယ် ဗျာ ..
အမြဲတမ်း ဝတ္တုကောင်းတွေ ရေးသားနိုင်ပါစေ။

ထွန်းရန်နိုင်

Angelhlaing(May everybody be happy and healthy! said...

အိုး....တော်လိုက်တဲ့ မြတ်... တစ်ကယ်ကို ကောင်းတဲ့ လက်ရာမွန်လေးပဲ...

မသန်းသန်း said...

ဆရာမရဲ့ ဝတ္တုလေးတွေမှာ အမြဲတမ်း အကြောင်းအရာလေးတစ်ခုခု ပြောချင်တာလေးတစ်ခုခု ပါလေ့ရှိတယ်။ အိမ်က သမီးတွေကို အမြဲပေးဖတ်မိတယ်။ အခုလို မိသားစုဇာတ်မျိုးလေးတွေ များများရေးပါ။ ဒါမျိုးလေးတွေက မိဘနဲ့သားသမီးကြားထားရမယ့်စိတ်ထားလေးတွေကို လမ်းမှန်အောင်ပြပေးနိုင်မှာလေ။ ဒီပြည်ပန်းညိုလေးအတွက် မမြတ်ကို ကျေးဇူးတင်ပါတယ်။

Anonymous said...

Hi.. Myat.
I've read. This is a nice novel with attractive writing and insteresting story background. Keep on creating.

UK

ရွှေမန်းသားလေး said...

ဒီဘလော့မှာ ဝတ္တုတွေ မကြာမကြာ လာဖတ်ဖြစ်တယ်။ အရေးကျဲပေမယ့် တင်သမျှဝတ္တုတိုင်းက မတူတဲ့ ဇာတ်လမ်း အကြောင်းအရာနဲ့ ဆွဲဆောင်မှုရှိတယ်။ ဝတ္တုတွေက တစ်ပုဒ်နဲ့တစ်ပုဒ်မထပ်ဘူး။ အိုင်ဒီယာသစ်တယ်။ အမြဲတမ်း လွမ်းဆွေးနေတာမျိုး၊ ချစ်ခန်းကြိုက်ခန်းတွေ ချည်းပဲလည်း မဟုတ်ဘူး။ ဒါကြောင့် အမြဲလာဖတ်ဖြစ်တယ်။

ဒီပြည်ပန်းညိုကလည်း စောင့်ဖတ်ရကျိုး နပ်ပါတယ်။ ကလေးတွေ ပိုက်ဆံယူရခြင်းရဲ့ အကြောင်းအရာလေးကိုပဲ နည်းနည်းဘဝင်မကျမိတယ်။ အမေက ကလေးတွေကို ပညာတတ်တစ်ယောက်ပီသစွာ ကိုင်တွယ်သွားတာကိုတော့ တော်တော်သဘောကျမိတယ်။ ကျွန်တော်တို့ အမေသာဆို ချက်ချင်းဆွဲပြီး ရိုက်မှာ။

မြတ်ပန်းနွယ် said...

ကျွန်မကို အမြဲတမ်း လာရောက်အားပေးကြတဲ့၊ အချိန်ယူပြီး စာတွေ လာဖတ်ပေးကြတဲ့၊ ကောင်းသည်ဆိုးသည် ဝေဖန်ပေးကြတဲ့ သူတွေ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ် ရှင်။

Aung Kyaw Zeya said...

အရမ်းကောင်းတဲ့ဝတ္ထုလေးပါ။ အရေးအသားတွေကိုအားကျမိတယ်။ အမြဲအားပေးနေမယ်နော်။

Aung Kyaw Zeya said...

အရမ်းကောင်းတဲ့ဝတ္ထုလေးပါ။ အရေးအသားတွေကိုအားကျမိတယ်။ အမြဲအားပေးနေမယ်နော်။

ဇေယျ said...

ဝတ္တုကောင်းလေးမို့ နှစ်သက်ပါသည်။ အမြဲ လာဖတ်ဖြစ်တယ် မြတ်ရေ။ နောင်လည်း လာဖတ်ဦးမယ်။ ဆက်လက် ထုဆစ်နိုင်ပါစေဗျာ။

3rdthameetaw said...

မြတ်ရေ..အရမ်းကောင်းတယ်
ကလေးတွေကိုဘယ်လိုဆက်ဆံသင့်တယ်
ဆိုတာ မှတ်သားရတာပေါ့
ချစ်စရာကောင်းတဲ့ရေးဖွဲ့မှူလေးတွေကို
အားပေးရတာ သိတ်ကျေနပ်စရာကောင်းတာပဲ

ချစ်တဲ့ ..
သမီးတော်

ထရီဆာ (Teresa) said...

မမြတ် .. ဗဟုသုအပြင် ရသအပြည့်ပေးတဲ့ လက်ရာ လေးပါ ..

လေးစားလျှက်
ထရီဆာ (Teresa)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကောင်းလိုက်တာမြတ်ရယ်.. ဖတ်ပြီးတော့ လည်း စိတ်ကျေနပ်တယ်

Dream said...

ကောင်းလိုက်တဲ့ပို့စ် ။

လသာည said...

ဝတ္ထုထဲမှာ မျောပါသွားမိပါတယ်။ တကယ့်ကို ကောင်းတဲ့ဝတ္ထူလေးပါ။

အိပ်မက်ကောင်းကင် said...

သည်ဇာတ်လမ်းလေးကိုဖတ်ရင်း ပီတိဖြစ်မိပါတယ်
ရေးထားတဲ့ စာကြောင်းတွေထဲမှာမှတ်သားစရာတွေအများကြီးပါပါတယ်
မမမြတ်ပန်းနွယ်ရေးထားတဲ့ စာတွေဟာဆွဲဆောင်မှုရှိလွန်းတယ်
သည်ဇာတ်လမ်းလေးမှာကော် ဒေါ်အေးငြိမ်းရဲ့ ဆုံးဖြတ်ချက်ချပုံကလည်းအတုယူစရာကောင်းလွန်းလှပါတယ် အမြဲလာရောက်အားပေးနေမယ်နော်
နောက်လည်းသည်ထက်မကရေးသားနိုင်ပါစေ လို့ဆုတောင်းပေးလိုက်တယ်နော်

လေးစားစွာဖြင့်.....
အိမ်မက်ကောင်းကင်........

ကိုသန့်ဇင် said...

ဝတ္တုလေးက အရမ်းကို ကောင်းပါတယ်။ အထူးသဖြင့် မိဘတွေဟာ သားသမီးတွေ စိတ်လိုက်မာန်ပါနဲ့ ကြမ်းကြမ်းတမ်းတမ်း ဆိုဆုံးမလိုက်လျှင် သူတို့တွေရဲ့ နှလုံးသားမှာ ဒဏ်ရာ အနာတရ ဖြစ်သွားနိုင်မယ်။ ချစ်ခြင်းမေတ္တာနဲ့ နွေးနွေးထွေးထွေး ပြောဆိုလိုက်လျှင် ကလေးတွေက သူတို့အမှားကိုလည်း ပြင်မယ် ပြီးတော့ မိဘတွေကိုလည်း ပိုပြီး လေးစားချစ်ခင်သွားဦးမယ် လို့ နားလည်လိုက်ပါတယ်။

mstint said...

တီတင့်ခရီးထွက်နေလို့ မရောက်ဖြစ်ခဲ့ဘူးမြတ်ပန်းနွယ်ရေ။ ငယ်စဉ်ကလေးဘဝမှာ မိဘတို့ရဲ့ အုပ်ထိန်းမှုဟာ စောင်းကြိုးလို လျှော့တန်လျှော့ တင်းတန်တင်း အလိုက်သင့်ထိန်းသိမ်းပြီး အကြင်နာတရားနဲ့ ပြည့်ဝတဲ့ မေတ္တာပေးနိုင်ရင် ပြည်ပန်းညိုလေးအမြဲချိုနေမှာပေါ့နော်။ ဝတ္ထုလေးကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလွမ်းမြို့ said...

မြတ်ရေ..

အချိန်မရသေးလို့ လာဖတ်ချင်ပေမဲ့ ခုလို အားတဲ့နေ့လေး
ထိစောင့်ပြီးမှ တဝကြီး လာအားပေးသွားတယ်။
အရေးအသား အတော်ကောင်း၏
ဖတ်သူလည်း ကွင်းကနဲ နားလည်၏
အားပေးနေမယ်။

Anonymous said...

You are amazing writer! It's really touching and no flaws at your writing :) Keep it Up!

စံပယ်ချို said...

ဒေါ်အေးငြိမ်းကjas တို့မေမေလိုပဲ
စာကိုဖတ်ရင်းနဲ့ဆွဲခေါ်သွားတယ်
စာဖတ်သူတို့ရဲ့စိတ်ကို

jas မေမေဆိုရင် မမြ ကိုထပ်မခေါ်
တော့ဘူး

jas ဆိုရင်လဲမခေါ်တော့ပါဘူး

Anonymous said...

တန်ဖိုးရှိတဲ့ ဝတ္တုတိုလေး တစ်ပုဒ်ပါ။

ဒီဘလော့လေးကို အမြဲရောက်ဖြစ်၊ ဖတ်ဖြစ်တယ်။ အရေးအသားတွေကိုလည်း အမြဲလေ့လာရပါတယ်။

အကြောင်းအရာတွေကို မထပ်စေဘဲ တစ်ပုဒ်ပြီးတစ်ပုဒ် စာဖတ်ရင်ထဲကို ပိုင်ပိုင်နိုင်နိုင် ဆွဲခေါ်သွားနိုင်တာမို့ ဝတ္တုတိုလေးတွေအားလုံးနီးပါးကို နှစ်ခြိုက်မိတယ်။

လေးစားစွာဖြင့်

ကျော်အောင် said...

ပန်းနွယ်ရေ ..

ဖတ်ပြီးတာက ကြာပြီ။ ကော်မန့်ပေးဖို့က အဆင်မပြေဖြစ်နေလို့။

ကောင်းတယ်ဆိုတာ ပြောစရာ မလိုပါဘူး။ အရေးအသားအရကော၊ အပေါ်က ကော်မန့်တွေအရပါ သိသာပါတယ်။

အမြဲတမ်း ဝတ္တုကောင်းလေးတွေကို ရေးသားနိုင်ပါစေ.. လက်ရာကို ထိန်းထားနိုင်ပါစေလို့ ဆန္ဒပြုလိုက်တယ်။

မမြကိုတော့ အလုပ် ဆက်ခိုင်း မနေပါနဲ့တော့ ..

တွတ်တွတ် said...

သားသမီးတွေကိုရိုက်နှက်ဆုံးမတာဟာ..အသားမနာပဲ..နုနယ်တဲ့နှလုံးသားငယ်လေးကို..အမာရွတ်တွေနဲ့.အနာတရဖြစ်စေတယ်လို့မြင်မိပါတယ်။ ဒေါ်အေးငြိမ်းဆိုတဲ့ မေမေနေရာကဇာတ်ကောင်ကို..လင်သေမုဆိုးမဖြစ်ပေမယ့်..သားသမီးအပေါ်..အညင်သာဆုံးကိုင်တွယ်ဖြေရှင်းသွားပုံကလည်း..ထစ်ခနဲရှိ..ကလေးတွေကိုရိုက်နှက်ဆုံးမတဲ့.မိဘများအတွက်.အတုယူစရာပါ။ ကလေးတွေရဲ့ အကျင့်စာရိတ္တကိုဖျက်စီးမယ့် မမြဆိုတဲ့ ဇာတ်ကောင်ကိုပြန်လာခိုင်းတာကတော့..အနည်းငယ်ဘ၀င်မကျသလိုဖြစ်သွားရပါတယ်။ ခုခေတ်ကလေးတော်တော်များများဟာ...စားဝတ်နေရေးအတွက်.လုပ်ငန်းခွင်တွေကြားအချိန်မအားကြတဲ့...မိဘတွေရဲ့..ထိန်းကွပ်မှု၊ သွန်သင်ဆုံးမမှု၊ အကြင်နာမေတ္တာတရား..ရသင့်သလောက်မရကြပဲ..ကလေးထိန်းအိမ်ဖော်တွေကြားမှာပဲနေရတာမို့... မိဘတွေလည်း..သတိထားစရာပါ..... (ကျွန်တော့်အမြင်လေးကိုရေးကြည့်တာပါ)..
ခင်မင်စွာဖြင့်..
တွတ်တွတ်

Phyu Lwin said...

အရေးအသားတွေ တစ်ကယ်အားကျပါတယ် အစ်မရေ ..

ချယ်ရီမြေ said...

အမေတစ်ယောက်ရဲ့ သားသမီးအပေါ်ကိုင်တွယ်ပုံလေးကို နှစ်သက်သဘောကျမိတယ်။ ၀တ္ထူလေးက အရမ်းကောင်းတာပဲ....။ ဖတ်ပြီး စိတ်ထဲမှာ စွဲကျန်စေခဲ့တ်ယ်...။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ရင်ဆူး said...

အရေးအသားတွေကတော့ လေးစားလောက်ပါတယ်အစ်မရယ်.......ပြောပြချင်တဲ့အကြောင်းတွေကို ပျင်းမနေဘဲ အဆုံးထိရောက်အောင် ဆွဲခေါ်သွားနိုင်အောင်ရေးသွားတာ လက်လန်တယ်ဗျာ....ပို့စ်လေး အရမ်းမိုက်တယ်.....ကလေးတွေဆိုတာ ကိုင်တွယ်ရတာ အရမ်းထိလွယ်ရှလွယ်တော့ တော်ယုံမလွယ်ဘူးနော်.....

Yan said...

ဖြစ်သင့်တာကို သွေးအေးအေးနဲ့ ဖြေရှင်းသွားတတ်တဲ့ မိခင်တစ်ယောက်ရဲ့ စိတ်ထားကို မြင်တွေ့လိုက်ရတယ်.
အရေးအသားပိုင်းရော၊ ဇာတ်လမ်းတည်ဆောက်ပုံပါ အစအဆုံး တစ်ထိုင်တည်းဆွဲခေါ်သွားနိုင်ခဲ့တယ်.

ဆက်လက်ပြီး စာပေလက်ရာမွန်လေးတွေ ရေးသားပြုစုနိုင်ပါစေ မမြတ်ပန်းနွယ်...

Y.

နွေတေးရှင် (မင်းဧရာ) said...

ကောင်းတယ် ဆိုတာထက်ကို ပိုနေတဲ့ ၀တ္ထုလေးပါ
သိပ်ကို နုနယ်လွန်းတဲ့ကလေးတွေကို ရိုက်လားပုတ်လား
တစ်သက်လုံးနောင်ကျဉ်သွားအောင်ဆိုတဲ့ အတွေးတွေနဲ့ လုပ်နေတဲ့ မိဘတွေများများ သည်ဝတ္ထုကို ဖတ်ပါစေ

ဖူးဖက်နုအက်နေတဲ့အရွယ်မှာ နှလုံးသားကို ဒဏ်ရာတွေပေးလိုက်ပြီဆိုရင် အဲသည့်ကလေးဟာ တစ်သက်လုံးကို လူရာမ၀င်တော့ပါဘူး မိဘများ ကောင်းကောင်းသတိ ထားရမှာပါ

သားသမီး မကောင်း မိဘ ခေါင်းဆိုတဲ့စကားကို မိဘတိုင်း ကြားဘူးပေမယ့်လို့ ကောင်းကောင်းတော့ နားလည်ကြဟန် မတူပါဘူး

ဆိုလိုခြင်တာက သား/သမီးက မိဘကိုမွေးတာမဟုတ်ဘဲ မိဘကသာ သား/သမီးကိုမွေးတာပါ

ဒေါ်အေးငြိမ်းလို မိဘတွေ အများကြီး လိုအပ်နေပါတယ်။

htawoo said...

အစ်မမြတ်ရေ...
စကားပြေ အရေးအသားအရမ်းကောင်းတဲ့အပြင်
အကြောင်းအရာတွေ အမျိုးမျိုး ရေးသားတင်ဆက်ထားတာကို တွေ့ လိုက်ရတဲ့အတွက် ၀မ်းသာမိပါတယ်...
နောက်ထပ်လည်း မတူကွဲပြားတဲ့ အကြောင်းအရာများနဲ့  တင်ဆက်ပေးနိုင်ပါစေ...
teen july လထုတ်မှာ စာမူ အတူတူ ဆုံခွင့်ရလို့ လည်း အတိုင်းမသိ ၀မ်းသာမဆုံး ဖြစ်မိပါကြောင်း...

ပြည်ကောင်းအောင် said...

မိန်းကလေးတွေပဲ ရေးတတ်တဲ့ ဝတ္ထု တချို့ ရှိတယ်။ ဒီဝတ္ထုမျိုး ယောက်ျား တယောက်က မရေးတတ်ဘူး..

witch83 said...

ရေးထားတာလေး အရမ်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တကယ်ဆို "မမြ"ကို ဆက်မခေါ်ထားသင့်တော့ဘူး။