ပြတင်းပေါက် သေးသေးလေးမှ လှမ်းကြည့်လိုက်တော့ တိမ်ညို၊တိမ်မည်းလေးများကို ဟိုနားအစုလိုက်၊ ဒီနားအစုလိုက် မြင်နေရသည်။ လေထုထဲတွင် ပေါ့ပါးစွာ ဖြစ်တည်နေသော ရေငွေ့အစိုင်ခဲလေးများကို နှစ်သက်စွာ ကြည့်ငေးရင်း မဆီမဆိုင် မောင့်ကို သတိရမိသည်။
"မောင် ရောက်များရောက်နေပြီလား"
လေယာဉ်ဆိုက်ရန် ၁၅မိနစ်ခန့် လိုသေးသည်။ မောင် ကြိုတင်ရောက်နေနှင့်လျှင်တော့ ခဏ စောင့်နေရပါလိမ့်မည်။ မောင့်ကိုတွေ့လျှင် သတင်းကောင်းလေးကို အရင်ပြောပြလိုက်ရင် ကောင်းမည်။
မောင်သိလျှင် အရမ်းဝမ်းသာသွားလိမ့်မည်။ အဲဒီအခါ မောင်က ကျွန်မကို ရင်ခွင်ထဲ အလျှင်အမြန်ဆွဲသွင်းကာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လေမည်လား။ဝမ်းသာသွားလိမ့်မည်လား။ ဒါမှမဟုတ် ကျွန်မကို ကိုင်မြှောက် ပွေ့ချီကာ လှုပ်ရမ်းလေမည်လား။ မောင်ဘယ်လိုတုန့်ပြန်လိမ့်မလဲ ဆိုသည်ကို သိလိုစိတ်ဆန္ဒတွေ စောနေမိသည်။ ထို့ကြောင့်လည်း ကျန်ရှိနေသေးသော ၁၀မိနစ်သာသာအချိန်လေးကို နေမထိ၊ ထိုင်မသာစွာ ခက်ခက်ခဲခဲ ဖြတ်သန်းလိုက်ရ၏။