Sunday, 29 April 2012

အစတစ်ခု၏ အစ



ArtScience Museum ရှေ့ရောက်တော့ နံနက်၉ နာရီခန့်သာ ရှိသေး၏။ ပြတိုက်သည် ၁၀နာရီမှ ဖွင့်မည်ဖြစ်သည်။ အနီးအနားတွင် သန့်ရှင်းရေးဝန်ထမ်းတစ်ချို့နှင့် လုံခြုံရေးအချို့သာ ရှိနေခဲ့သည်။ မှန်တံခါးမှတဆင့် ပြတိုက်ထဲကို လှမ်းကြည့်လိုက်တော့ ပြ တိုက်ဝန်ထမ်းများက ဟိုဟိုသည်သည် သွားလာ၊လှုပ်ရှားနေသည်ကို တွေ့ရ၏။ တစ်ခါတစ်လေ စနေနေ့ နံနက်ခင်းများတွင် မြို့ထဲသွားရာလမ်းသည် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်တတ်သည်ကတစ်ကြောင်း၊ ပြတိုက်ဖွင့်ပြီးချိန်မှလာမည်ဆိုလျှင် လူရှုပ်မည်ကို စိုးသည်ကတစ်ကြောင်းတို့ကြောင့် စောစီးစွာပင် အိမ်မှ ထွက်လာခဲ့ခြင်းဖြစ်သည်။ 

ယနေ့ ရာသီဥတုပူသည်။ သို့သော် ကောင်းကင်တွင် မိုးသားအနည်းငယ် ရှိနေသည်။  မြစ်ရေပြင်သည် ငွေရောင်တလက်လက် တောက်ပနေပြီး  ရေပေါ်တွင် အနီးအနားဝန်းကျင်မှ အထပ်မြင့်တိုက်များ၏ အရိပ်များ ထင်ဟပ်နေသည်။ ပြတိုက်၏ အရှေ့ဖက်နှင့် ဘေးဖက်တို့တွင် သစ်သားခုံလေးများကို တွေ့ရသော်လည်း သွားမထိုင်ဖြစ်ပါ။ မတ်တပ်ရပ်ကာ စာဖတ်ရင်း ပြတိုက်ဖွင့်ချိန်ကို စောင့်နေခဲ့သည်။ ကျွန်မ ဖတ်နေသည့် စာအုပ်မှာ ဆရာဘုန်းနိုင်၏ ညီမလေးရယ်စိုးရိမ်မိသည် စာအုပ်ဖြစ်သည်။ အကြိမ်ကြိမ်ဖတ်ခဲ့ပြီး၊ ဖတ်သည့်အခါတိုင်းတွင်လည်း နှစ်ခြိုက်ကျေနပ်စေသော ဤစာအုပ်ကို တစ်ခေါက်ပြန်ဖတ်ရန်အတွက် ယနေ့နံနက် အိမ်မှထွက်လာတုန်းက မှတ်မှတ်ရရ သယ်ယူလာခဲ့ခြင်းဖြစ်သည်။