ဒီမနက်ခင်းလောက်
မမကြီးတို့ရဲ့ ပန်းကန်တွေကို ဆေးပေးချင်တာမျိုး မဖြစ်ဖူးသေးဘူး။ စက်ရုံအပေါက်နဲ့
ဆက်နေတဲ့ တိုက်တံခါးဖွင့်ကတည်းက ပန်းကန်ခေါ်ဆေးခိုင်းမယ့် အသံကို စောင့်နေရတာ။ ဆောင်းတွင်းမနက်ခင်းကြီးမှာ
ရေအေးတွေကိုင်ပြီး ပန်းကန်ဆေးပေးနေချင်တယ် ဆိုတာ လူကြားရင် ရယ်ချင်စရာကြီးနော်။
အခါတိုင်းဆို
ဒီလိုအချိန်မျိုးရောက်ရင် ချည်ခင် လက်ကျန်တွေကိုပဲ ရေတွက်နေသလိုလို၊ အထည်ကွင်းတွေပဲ
စစ်နေသလိုလိုနဲ့ အလုပ်များနေဟန် ဆောင်ရတာ အမော။ ဘေးမှာထိုင်နေတဲ့ မပို နဲ့အပြိုင်
မသိမသာ ကပ်တွက်ရင်း နောက်ဆုံး သူ လုံးဝ မထတာ သေချာမှ ဝင်းခိုင်က ထတာ။ အေးခိုင်
နဲ့တော့ မကပ်တွက်ပါဘူး။ သူက ညီမပဲ။ ဒါကြောင့် မပို အလုပ်မဆင်းတဲ့ရက်တွေမှာ မမကြီးက
ပန်းကန်းဆေးခိုင်းရင်တော့ ဝင်းခိုင်ပဲ သွက်သွက်လက်လက် ထဆေးပေးလိုက်တယ်။ တစ်ညလုံး
အလုပ်ဆင်းထားရလို့ ပင်ပန်းနေတာချင်းအတူတူ အေးခိုင် နားပါစေတော့။ သူက ဝင်းခိုင်ထက်
၃နှစ်တောင် ငယ်တာကိုး။
ဒီမနက်ကတော့
အရင်နေ့တွေလို မဟုတ်ဘူး။ ဖင်ပေါ့ပေါ့နဲ့ ပန်းကန်းထဆေးပေးပြီး မျက်နှာလုပ်စရာက ရှိနေတယ်။
မပို လည်း ဒီအသံကို စောင့်နေတယ် ဆိုတာ သိသာတယ်။ ကြည့်ပါလား။ သူ့ လက်ကျန်ချည်တွေကို
ချည်ချခုံနားမှာ ယူစရာရှိနေတာတောင် သွား မယူသေးဘဲနဲ့ ဒီအပေါက်ဝနားမှာ ပေထိုင်ပြီး ဝင်းခိုင်တို့နဲ့အပြိုင်
ချည်အရှုပ်တွေ ရှင်းချင်ယောင်ဆောင်နေတာ။ မနေ့က မမကြီးပြောထားတဲ့ ကိစ္စကြောင့် သူလည်း
မမကြီးကို ဖားဖို့ ချောင်းနေတာနေမှာပေါ့။ ဒါကြောင့် မမကြီး ခေါ်ခိုင်းမယ့်အသံကို
ဝင်းခိုင်က မပို နဲ့အပြိုင် နားစွင့်နေရတာ။