ဒီတစ်ခါ ကျေးရွာဥက္ကဌ ရွေးရင်
မဲခွဲပြီး ရွေးကြမယ်ဆိုပေမယ့် ငါရမှရပါ့မလားဆိုတဲ့ ပူပင်စိတ်က ကိုမြဝင်းမှာ လုံးဝကို
မရှိ။ သူနဲ့အတူတူ အရွေးခံမယ့်သူဆိုလို့ ကိုမောင်ညွန့်တစ်ယောက်ပဲ ရှိတယ် မဟုတ်လား။
ကိုမောင်ညွန့်နဲ့ ကိုမြဝင်းဆိုတာက
အသက်အရွယ်ကလည်း မတိမ်းမယိမ်း၊ ပိုက်ဆံရှိတာချင်းလည်းတူ၊ ကားတောင် ရွှေငါးစီးတာချင်း
တူကြတယ်။ နှစ်ယောက်ပေါင်းရင်တောင် ဆယ်တန်းမရောက်တဲ့ ပညာအရည်အချင်းကိုတော့ ထည့်မပြောနဲ့ပေါ့။
ဒါပေမယ့် ကိုမောင်ညွန့် ရွာ့ဥက္ကဌလုပ်နေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ။ ပြီးတော့ ရွာအတွက်
လုပ်ပေးတာကနည်းနည်း၊ သူ့အတွက် ရိတ်တာကများများ နောက်ပြီး ဟိုလူနဲ့လည်း အဆင်မပြေ၊ ဒီလူနဲ့လည်း
ဘုကလန့်၊ ဥက္ကဌ သက်တမ်းကြာလာလေလေ ဘယ်နေရာမှာမဆို ငါမပါရင် မပြီးဘူးဆိုတဲ့ ပုံစံမျိုးနဲ့
ဘယ်သူ့ကိုမှ ဂရုမစိုက်ဟန် လုပ်ပါများလေတော့ ရွာ့ချဉ်ဖတ်ကြီး ဖြစ်လာခဲ့တာပေါ့။ ရွာထဲက
လူတွေက သူ့ကို မြန်မြန် ဖြုတ်ချပစ်ချင်လှပြီ။ ဒါကို ကိုမြဝင်း အသိ။ ဒီတော့ ငါ ရွာဥက္ကဌ
ဖြစ်မှဖြစ်ပါ့မလားလို့ ဘာကြောင့်များ ကိုမြဝင်းက တွေးပူနေရဦးမှာလဲ။ ဒီထက်သေချာတာတောင်
ဒီလောက်သေချာမှာတဲ့လား။ ဥက္ကဌရွေးမယ့်နေ့အထိ ကိုမြဝင်းတစ်ယောက် မေးစေ့ပွတ်ပြီး ဒူးနှန့်နေရုံပဲပေါ့။
အဲသည်လိုနဲ့ စိတ်အေးလက်အေး
ရှိနေတဲ့ ကိုမြဝင်းကို သူ့တပည့် မောင်မောင် သယ်လာတဲ့ သတင်းဆိုးကြီးက ထိုင်ရတော့မလိုလို၊
ထရတော့မလိုလို ပျာယာခတ်သွားစေတယ်။