၁၃နှစ်သားလောက်ကတည်းက
ဂစ်တာ ကိုင်လာတဲ့ကောင်ဗျ ဆိုတဲ့ မောင်ဟာ တကယ့် ဂစ်တာသမားလေး တစ်ယောက်ပေါ့ကွယ်။ စားဝတ်နေရေး
သုံးပါးစလုံးကို ဖြေရှင်းဖို့အတွက် မောင်ဟာ ကျွန်မနဲ့ ချစ်သူဖြစ်စအချိန်ထိ ဂစ်တာတီးတဲ့
အလုပ်တစ်ခုတည်းကိုပဲ လုပ်တယ်။ မောင့်မှာ ရှိရှိသမျှ ပစ္စည်းတွေထဲမှာ အတောက်ပဆုံး၊ အသစ်လွင်ဆုံး၊
တန်ဖိုးအရှိဆုံး ဆိုတာတွေဟာ ဂစ်တာလေးတွေပဲပေါ့။
v
v v
ကျွန်မကို
တီးပြဖို့ဆိုပြီး ကျွန်မတို့နှစ်ယောက် အမြဲထိုင်ဖြစ်တဲ့ မယ်ဇယ်ပင်ကြီးတွေအောက်အထိ သူ့
ဂစ်တာလေးကို ယူလာလေ့ရှိပါတယ်။
တစ်ခါတုန်းကတော့
မောင်က အသစ်ရေးထားတဲ့ သီချင်းလေး ရှိတယ်ဆိုပြီး တီးတော့ မလိုလို ဆိုတော့မလိုလိုနဲ့
သံစဉ်ညှိပါလေရော။ ဒီလို မဟုတ်သေးပါဘူး၊ အင်း.
ဒီလိုလေး ဖြစ်ရမှာ၊ ဟုတ်ပြီ ဟုတ်ပြီ. အဲ အဲ..
အဲသည်လိုလေးတွေကို မောင်က တစ်ယောက်တည်း ပြောရင်း စိတ်ရှည်လက်ရှည် သံစဉ်ညှိယူပါတယ်။
ဘယ်လောက်တောင်များ စိတ်ပါဝင်စားနေခဲ့ပါသလဲဆိုရင် ဘေးနားမှာ ငုတ်တုတ်ထိုင်နေတဲ့ ကျွန်မကို
လှည့်ကြည့်ဖို့တောင် မေ့သွားခဲ့တဲ့ အထိပါပဲ။ စကားဖြတ်ပြောလိုက်ရင် မောင် အာရုံပျက်သွားမှာစိုးလို့
ငြိမ်ငြိမ်လေးထိုင်စောင့်နေတဲ့ ကျွန်မက မယ်ဇယ်ပင်ကြီးကို မှီပြီး အိပ်ပျော်သွားခဲ့မိတော့
မောင်က သိပ်ပြီးစိတ်ဆိုးပါတယ်။