အိမ်ကနေ ထွက်လာတုန်းကတော့
ဝေလီဝေလင်းပဲ။ ကျုံးအရှေ့တောင်ဘက်ထောင့်ကိုရောက်တော့ နေတောင် အတော်ပူနေပြီ။ စားလာခဲ့တဲ့
ထမင်းကြမ်းခဲလည်း အစာအိမ်ထဲမှာ အစအနတောင် ကျန်မှာမဟုတ်တော့ဘူး။ လျှောက်လာရတဲ့ ခရီးတာက
တိုမှမတိုဘဲကိုး။ မန္တလေးမြို့ကတော့ နိုးထနေပါပြီ။ ရေကစားမဏ္ဍပ်ကြီးတွေကတော့ ငြိမ်ချက်သား ကောင်းနေတုန်း။ ရေပက်ခံကားတွေလည်း
မထွက်သေးဘူး။ စောနေသေးလို့ ထင်ပါရဲ့။ မဏ္ဍပ်တွေပေါ်မှာတော့ ဟိုလုပ်သည်လုပ် လုပ်နေတဲ့
သူတွေကို တွေ့ရတယ်။ ကျုံးမြောက်ဘက်နဲ့ အနောက်ဘက်မှာ မဏ္ဍပ်တွေ မရှိသလောက် အရှေ့ဘက်နဲ့
တောင်ဘက်မှာ သိပ်ပေါတာ။ မဏ္ဍပ်မြင့်ကြီးတွေက အရောင်သွေးစုံစုံလင်လင်နဲ့
တခမ်းတနားကြီးတွေ။ ဒါကြောင့်လည်း ဒီနေ့မှာ ကျုံးအရှေ့တောင်ဘက်ထောင့်ကနေ
စကောက်မယ်ဆိုပြီး အိမ်ကနေ စောစောထွက်လာခဲ့တာပေါ့။
ကျနော်
သည်အလုပ်ကို လုပ်နေတာ ရှစ်လလောက်ပဲ ရှိသေးတယ်။ သင်္ကြန်အတွေ့အကြုံက ဒါ ပထမဆုံးပဲ။
သင်္ကြန်မှာ ကျနော်တို့လိုကောင်တွေ စီးပွားသိပ်ဖြစ်ကြသတဲ့။ ဟုတ်မဟုတ်တော့ တော်ကြာမှ
သိရမှာပဲ။ အခုတော့ မဏ္ဍပ်တစ်ခုရဲ့ နောက်မှာ ခြေပစ်လက်ပစ် ထိုင်နေလိုက်တယ်။ ဘေးနားက
အိတ်ထဲမှာတော့ ရေသန့်ဗူးခွံတစ်ချို့နဲ့ ဘီယာဗူးခွံတစ်ချို့ ရှိတယ်။ လမ်းမှာ
တွေ့တွေ့သမျှ ကောက်လာခဲ့တာတွေ။ တော်နေကြာ လူတွေစည်လာရင် အမှိုက်တွေလည်း သူ့ဘာသာ ပေါလာမှာပဲ။
“ဟိတ်ကောင်..
ဒီနား ဘာထိုင်လုပ်နေတာတုန်း။ သွားစမ်း.. သွား။ ရုပ်ကိုက သူခိုးကြမ်းပိုးရုပ်နဲ့”
မဏ္ဍပ်ပေါ်က
ဆင်းလာတဲ့ လူတစ်ယောက်က ကျနော့်ကို ငေါက်ထုတ်တယ်။ လက်ကိုဝှေ့ယမ်းပြီး
အော်လိုက်တာများ အခုချက်ချင်း ထမသွားရင်ကို ပြေးလာရိုက်တော့မယ့်ပုံ။
ကိုယ့်အိတ်ကိုယ် ပုခုံးပေါ်ထမ်းပြီး ခပ်သွက်သွက် ထွက်လာခဲ့ရတယ်။ မရှိခိုးနိုး ဆိုတာ
သိပ်မှန်တာပဲ။ ရင်ဘတ်ထဲမှာ ပြည့်ကျပ်လာတဲ့ အားငယ်ဝမ်းနည်းစိတ်တွေကို အမြန်ဆုံး မောင်းထုတ်လိုက်ရတယ်။
ကျနော့်တစ်နေ့တာလေးက အခုမှ စလုံးရေစတောင် မစရသေးဘူး။ စိတ်ညစ်ပြီး ဝမ်းနည်းနေလို့
ဘယ်ရမလဲ။ ဒီနေ့က တက်တက်ကြွကြွနဲ့ ကိုယ့်အလုပ်ကို ကြိုးစားရမယ့် ပွဲတော်ရက်ဗျ။
လေ
ျှာက်ရင်းလျှောက်ရင်း ၇၈လမ်းတောင် ရောက်လာပါပေါ့။ လူတွေ စည်စပြုပြီ။ ရေပက်ခံကားတွေကို
ခပ်ကျဲကျဲကနေ ခပ်စိပ်စိပ်လေး တွေ့နေရပြီ။ မဏ္ဍပ်တွေပေါ်မှာလည်း ရေပိုက်တွေ
ကိုယ်စီကိုင်ထားကြတဲ့ လှပျိုဖြူတွေ။ ကျုံးရဲ့ တောင်ဘက်တစ်လျှောက်လုံးသွားပြီး ကျုံးအနောက်ဘက်၊
အဲဒီကနေမှ ကျုံးမြောက်ဘက်ကို ပြန်လျှောက်ရင် ကောင်းမလား စဉ်းစားမိတယ်။
မဖြစ်သေးဘူးထင်တယ်။ အခုက ဘာမှ ရသေးတာ မဟုတ်ဘူး။ ပြီးတော့လည်း အိမ်က
ကုသိုလ်တော်ဘုရားနားမှာဆိုတော့ တောင်ဘက်ကနေ ပတ်သွားရင် အတော်ကို လှမ်းမှာ။ ကျုံးရဲ့
အနောက်ဘက်နဲ့ မြောက်ဘက်မှာလည်း ရေကစားမဏ္ဍပ်တွေ သိပ်ရှိတာမှ မဟုတ်ပဲ။ မဏ္ဍပ်တွေ
သိပ်မရှိဘူးဆိုတာ ကောက်စရာအမှိုက်တွေ သိပ်မပေါဘူးဆိုတာနဲ့ အတူတူပဲလေ။ ဒီတော့ လာလမ်းအတိုင်း
ပြန်လျှောက်တာ အကောင်းဆုံးဖြစ်မှာပဲ။
၇၈လမ်းထိပ်ကနေပဲ
လာလမ်းအတိုင်း လှည့်ပြန်လိုက်တယ်။ ဆူဆူညံညံ ဂီတသံတွေနဲ့အတူတူ မဏ္ဍပ်စင်ပေါ်က
လှပျိုဖြူတွေရဲ့လှုပ်ရှားမှုတွေဟာ သွက်သထက် သွက်လာကြတယ်။ ရေပက်ခံကားပေါ်က လူတွေကလည်း
ပျော်လို့၊ ရွှင်လို့၊ အော်လို့၊ ဟစ်လို့။ လမ်းမပေါ်မှာ လူတွေ၊ကားတွေက ပျားပန်းခတ်မ
ျှ စည်ကားလာတယ်။ မဏ္ဍပ်တစ်ခုတစ်ခုရှေ့မှာဆို ကားတွေ ရပ်နေရတာ အကြာကြီးပဲ။
လူတွေစည်လာတာနဲ့အမျှ ကျနော့်ပုခုံးထက်က အိတ်ကြီးလည်း တဖြည်းဖြည်း ပြည့်လာတာပဲ။
စည်းချက်တွေနဲ့အတူတူ
ယမ်းခါ၊ကခုန်နေကြတဲ့ မဏ္ဍပ်ပေါ်က အမျိုးသမီးလေးတွေအများစုဟာ သိပ်ပြီးတော့ကို ခေတ်ဆန်ကြတာပဲ။
ကြိုးတစ်ကိုင်းတည်း အကျီင်္လေးတွေ၊ ဘောင်းဘီတို၊ စကပ်တိုလေးတွေ၊ နောက်ပြီး ဗိုက်ပေါ်
ရှပ်ပေါ် အကျီခါးတိုလေးတွေ ဝတ်ထားကြတယ်။ သူတို့ရဲ့ မျက်နှာတွေပေါ်မှာ
ခြယ်သထားတာတွေကလည်း ဝတ်စားဆင်ယင်မှုနဲ့ လိုက်ဖက်စွာပါပဲ။ ရောင်စုံခြယ်ထားတဲ့
မျက်နှာလေးတွေက ရွှင်လန်းတက်ကြွနေကြတယ်။ အမျိုးမျိုးသော ဆံပင်ပုံစံတွေမှာ
အပြားပြားသော ဆံပင်အရောင်တွေကလည်း နေရောင်အောက်မှာ တောက်ပလို့။ ပိန်ပိန်သွယ်သွယ်လေးတွေရဲ့
ကိုယ်ပေါ်မှာ အဲဒီဝတ်စားဆင်ယင်မှုတွေက ကြည့်လို့ကောင်းသလောက် ဗိုက်ခေါက်ထွက်နေတဲ့
မိန်းကလေးတွေလည်း ဝတ်ထားလိုက်တော့ သွားရောပဲ။ သူတို့လက်တွေ မြှောက်ပြီး
ဟိုယမ်းသည်ယမ်း၊ ဟိုယိမ်းသည်ယိမ်းလုပ်လိုက်တိုင်း ဗိုက်ခေါက်လေးတွေက ထွက်လာတယ်။
တော်တော်လေးကို ကြည့်ရဆိုးတာ။
ဘုရားလည်းဖူး၊
လိပ်ဥလည်းတူးဆိုသလို သင်္ကြန်ပွဲကိုလည်းငေး၊ ကိုယ့်အလုပ်လည်း ကိုယ်လုပ်ရတယ်။ ဒီနေ့က ထင်ထားတာထက်ကို
တော်တော်လေး တွက်ခြေကိုက်မယ့်နေ့။ ခုတောင် ကျုံးအရှေ့ဘက်ကို ပြန်မရောက်သေးဘူး၊
အိတ်က တော်တော်လေးကို ပြည့်နေပြီ။ ဘီယာဗူးခွံတွေ၊ဘီယာပုလင်းခွံတွေ အများကြီးပဲ။
ဒါတွေက သယ်ရတာတော့ လေးတယ်၊ ဒါပေမယ့် ရေသန့်ဗူးထက် တော့ ပိုက်ဆံပိုရတယ်။ သည်ပုံအတိုင်းဆို
နေ့ခင်း ရေပက်ခံကားတွေ နားချိန်ရောက်ရင် ဒိုင်ဆီသွားပြီး တစ်ခေါက်အပ်၊ ပြီးမှ
နောက်တစ်ခေါက် ပြန်ထွက်ကောက်။ ဘယ်လောက်များ တွက်ခြေကိုက်လိုက်လဲ။ ဒီနေ့တော့ လမ်းပေါ်မှာ ရေတွေလျှံသလို ကျနော့်အိတ်လည်း
ငွေတွေလျှံပြီပေါ့။
ကျုံးအရှေ့ဘက်ကိုရောက်တော့
သင်္ကြန်က တော်တော်လေးကို စည်လာပြီ။ ရေပက်ခံကားတွေလည်း လမ်းပေါ်မှာ ကြပ်သထက်
ကြပ်လာပြီ။ ရေပက်ခံကားတွေပေါ်မှာ တစ်ချို့ယောက်ျားတွေက အပေါ်ပိုင်း ဗလာတွေနဲ့။
တစ်ချို့က ကားပေါ်ကနေ ဆင်းပြီး လမ်းမထက်မှာ ကနေကြတယ်။ ကားတစ်စင်းပေါ်မှာ ကျနော်နဲ့
မတိမ်းမယိမ်းအရွယ် ကောင်လေးတွေ အများကြီးပဲ။ ခုနှစ်ယောက်၊ရှစ်ယောက်လောက်
ရှိမယ်ထင်တယ်။ ဆံပင်ကေတွေက ထိုးထိုးထောင်ထောင်တွေ။ တစ်ခေါင်းတည်းမှာကို
အရောင်သုံးလေးရောင်လောက် စပ်ပြီး ဆိုးထားတယ်။ ကလို့ ခုန်လို့၊ ရွှင်မြူးလို့။
ကားပေါ်မှာ ပျော်နေကြတယ်။ သူတို့တွေကို အားကျလိုက်တာဗျာ။
နောက်ထပ်ရေပက်ခံကားတစ်စီးပေါ်မှကြတော့
မိုးကာအကျီင်္လက်ရှည်တွေကို လည်ပင်းထိအောင် ဇစ်ဆွဲဝတ်ထားတဲ့ အမျိုးသမီးလေးတွေ
လေးငါးယောက်လောက် ရှိမယ်ထင်တယ်။ သူတို့ရဲ့ အစ်ကိုတွေ၊မောင်တွေဖြစ်ဟန်တူတဲ့
ယောက်ျားတွေက သူတို့ကို ကာကွယ်စောင့်ရှောက်နေကြတယ်။ သူတို့အဖွဲ့ကို ကြည့်ရတာလည်း
တမျိုးသဘောကျ နှစ်သက်စရာကောင်းတယ်။ အပျော်တမ်း ရေပက်ခံထွက်ကြပေမယ့်
စည်းနဲ့ကမ်းနဲ့ဆိုတဲ့ ပုံစံမျိုး။
ကတ္တရာလမ်းပေါ်ထက်မှာ
ရေတွေက အိုင်သထက်အိုင်လာတယ်။ ခပ်လှမ်းလှမ်းက ကတ္တရာလမ်းမပေါ်မှာ ညီလေးအရွယ်
ကလေးတစ်သိုက် ဆော့နေကြတယ်။ အိုင်ထွန်းနေတဲ့
ရေတွေကို ရေကူးကန်လို သဘောထားပြီး ကူးခတ်ဆော့ကစားနေကြတာ။ သူတို့ကို
သဘောကျလွန်းလို့ သူတို့နားလေး အပြေးအလွှားသွား စပ်စုမိတယ်။ တစ်ချို့က ဘောကွင်းတွေ
စီးလို့၊ တစ်ချို့က ဘောကွင်းတွေပေါ်မှာ အငြိမ့်သားထိုင်လို့ သူတို့နည်း
သူတို့ဟန်နဲ့ ဇိမ်ကျကျ ပျော်ရွှင်နေကြတယ်။ လမ်းမထက်က ရေကူးကန်ကြီးမှာ
ပျော်ရွှင်နေကြတဲ့ သူတို့ကို ကြည့်ပြီး ကျနော့် ရင်ထဲမှာ အားကျစိတ်တွေက တဖွားဖွား။ ညီလေးမြင်ရင်လည်း
ဝင်ဆော့ချင်မှာပဲ။ သူတို့ရဲ့ အထက်က ပလက်ဖောင်းမှာတော့ သူတို့တွေရဲ့ မိဘတွေ ဖြစ်ဟန်တူတဲ့
ဈေးသည်တွေ ရှိတယ်။ ဈေးသည်တွေက ရောင်းတာတွေ စုံနေတာပဲ။ အရက်တွေ ဘီယာတွေ
ရောင်းတယ်။ မုန့်တွေရောင်းတယ်။ အကြော်တွေရောင်းနေတဲ့ သူတောင် ရှိတယ်။
အသည်အများစုကတော့
သောက်စရာတွေပဲ ရောင်းတာပါ။ ဘီယာအရက်ကစလို့ ရေသန့်ဗူး၊အချိုရည်အဆုံး စုံနေအောင်
ရောင်းနေတာကို တွေ့ရတယ်။ ရေပက်ခံကားပေါ်က လူတွေက ခဏခဏ ဆင်းဝယ်ကြတယ်။ ဒီနေ့ဟာ
သူတို့တွေအတွက်လည်း ငွေလျှံတဲ့ တကယ့်ပွဲတော်ရက်ပဲ။
ဟိုငေးသည်ငေးလုပ်နေရင်းက
မမြင်သင့်တာ တစ်ခုကို မြင်လိုက်ရတယ်။ မဏ္ဍပ်တစ်ခုရဲ့ နောက်မှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်
နမ်းနေတာဗျ။ သူတို့က နမ်းနေတာမှ အပီအပြင်ကို နမ်းနေတယ်။ တစ်ယောက်နဲ့တစ်ယောက်
အသားကုန်ဖက်ထားပြီး ထိကပ်ထားကြတာ။ ရေတွေစိုပြီးကပ်နေတဲ့
ကောင်မလေးကိုယ်လုံးသေးသေးလေးက ကောင်လေးရင်ခွင်ထဲမှာ တောက်တဲ့ကပ်နေသလိုကို ကပ်နေတော့တာပဲ။
ဖျတ်ခနဲ မြင်လိုက်လို့သာ ကြည့်မိတာပါ။ မြင်ရတာ မျက်စိတောင် ရှက်မိတယ်။
ဟောသည်မဏ္ဍပ်ကတော့
တော်တော်လေးကို ဆိုးတာပဲ။ စင်ပေါ်မှာ ကောင်မလေးတွေက တအားကို ခေတ်ဆန်လွန်းနေတယ်။
စကပ်တိုတိုလေးတွေကို ဝတ်ထားပြီး တိုင်တွေကို ဖက်ကာဖက်ကာနဲ့ ကနေလိုက်တာ
အတွင်းခံဘောင်းဘီတွေကိုတောင် အထင်းသား မြင်နေရပြီ။ ကောင်မလေးတွေက တအားကို
မူးရူးပြီး ကခုန်နေကြတယ်။ လမ်းမပေါ်က လူတွေကလည်း မူးနေကြတာပါပဲ။ ချိတ် ချိတ်ချင်း
ငြိနေလိုက်တာများ ရေပက်ခံကားတွေကလည်း အဲဒီမဏ္ဍပ်ရှေ့ကကို မခွာတော့ဘူး။
အဲဒီကနေ
ဆက်လျှောက်လာတော့ မျက်နှာချင်းဆိုင်မှာ နိုင်ငံခြားသားတစ်အုပ်စု လမ်းလျှောက်ပြီး
ရေပက်ခံထွက်နေတာကို တွေ့ရတယ်။ အံမယ်… နိုင်ငံခြားသူတွေက တဘီတွေကို ခါးမှာ
သေသေချာချာ ချည်ပြီး အပီအပြင်ကို မြန်မာဆန်ပစ်နေတာပါလား။ ကျနော် ရယ်လိုက်မိတယ်။
မြင်နေရသမျှက မျက်စိရှိလို့သာ ယုံနေရတာတွေကိုး။
လျှောက်နေရင်း
လျှောက်နေရင်း ဗိုက်တောင်တော်တော်လေး ဆာလာပြီ။ ပုခုံးပေါ်က အထုတ်ကြီးကလည်း
တအားလေးပင်ပြီး ပြည့်လျှံနေပြီ။ ထပ်ထည့်လို့တောင် မဆံ့ချင်တော့ဘူး။ ဒါတွေကို
ဒိုင်ဆီ အရင်သွားအပ်ရမယ်။ နှေးကွေးနေတဲ့ ခြေလှမ်းတွေကို အရှိန်တင်လိုက်တယ်။
ခပ်သွက်သွက်လေး
လျှောက်နေတဲ့ ခြေလှမ်းတွေက ပလက်ဖောင်းပေါ်မှာ တွန်းလှည်းလေးနဲ့ ရောင်းနေတဲ့ အချဉ်ပေါင်းသည်နားရောက်တော့
အရှိန်လျော့သွားပြန်တယ်။ အချဉ်ပေါင်းသည်ရဲ့ဘေးမှာ ကောင်မလေးလှလှလေးတွေက ဝိုင်းနေကြတယ်။
အချဉ်ပေါင်းဝယ်စားနေတဲ့ ကောင်မလေးတွေ အကုန်လုံးက ဖြူဆွတ်ပြီး သိပ်လှတာပဲ။
ဆံပင်ရောင်တွေကလည်း အနီရောင်တွေ၊ ရွှေအိုရောင်တွေနဲ့ အမိုက်စား အလန်းစားတွေပဲ။ ဝတ်စားထားကြတာကလည်း
သိပ်ပြီးတော့ကို လန်ပြန်နေတာပဲ။ သူတို့ရဲ့ သေးသေးသွယ်သွယ် အရပ်အမောင်း၊
ဆွတ်ဆွတ်ဖြူနေတဲ့ အသားတွေကြောင့် အချဉ်ပေါင်းသည်ကြီးဆီမှာသာ မြန်မာလိုပြောပြီး
အချဉ်ပေါင်း ဝယ်စားမနေဘူးဆိုရင် မြန်မာလို့တောင် ယုံနိုင်စရာ လုံးဝမရှိဘူး။
တကယ့်ကို ဘုရားစူးစေ့ မြန်မာတွေပဲ။ ခါးကုန်းပြီး အချဉ်ပေါင်းကို
လက်ညှိုးထိုးဝယ်နေတဲ့ မေးစေ့မှာ မှည့်သီးကြီးနဲ့ ကောင်မလေးက အလန်းဆုံးပဲ။ သူခါးကုန်းလိုက်လို့
ဂျင်းဘောင်းဘီတိုတိုလေးက ခါးနေရာကနေ ဟသွားတိုင်း
ကြိုးတစ်ချောင်းအတွင်းခံဘောင်ဘီလေးကို လှမ်းလှမ်းပြီး မြင်နေရတယ်။ သူ့ကို ကြည့်ရတာ
အသည်းယားလိုက်တာ။ အဲဒီအချိန်မှာပဲ ဘယ်ကရောက်လာမှန်း မသိတဲ့ ရေခဲထုပ်တစ်ထုပ်က
ကောင်မလေးက မြီးနောင့်ရိုးတည့်တည့်ကို ပြေးမှန်တယ်။
ကောင်မလေးက
နောက်လှည့်ပြီး ရေပက်ခံကားပေါ်က လူတွေကို ဆဲလိုက်တာဗျာ။ လူလေးနဲ့တောင် မလိုက်ဘူး။
တကယ့်ကို ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေက သူ့နှုတ်ခမ်းလှလှလေးကနေ ထွက်ကျလာကြတယ်။
သူဆဲတော့ သူ့အပေါင်းပါတစ်သိုက်ကလည်း လိုက်ဆဲကြတာပဲ။ ကားပေါ်က ကောင်လေးတွေက
ဟေးလားဝါးလား ပြန်လုပ်ကြတယ်။ သူတို့ကို လက်ခလယ်ထောင်ပြကြတယ်။ ပိတောက်ပန်းခက်တွေနဲ့
လှမ်းပေါက်တယ်။ သူတို့ကလည်း လက်ခလယ်တွေ ပြန်ထောင်ပြပြီး ဆဲကြတယ်။ ပိတောက်ပန်းတွေကို
တက်နင်းပစ်တယ်။ တကယ့်ကို မြင်မကောင်း ကြားမကောင်း။
သူတို့တွေကို
ကျနော်ရယ်၊ အချဉ်ပေါင်းသည်ကြီးရယ်၊ အချဉ်ပေါင်းသည်ကြီးရဲ့ သမီးလေးရယ်က
ပါးစပ်အဟောင်းသားနဲ့ ငေးနေမိတယ်။ အချဉ်ပေါင်းကြီးရဲ့ သမီးလေးက အကျီင်္လက်ရှည်လေးဝတ်၊
ဦးထုပ်လေးဆောင်းထားပြီး တွန်းလှည်းလေးရဲ့ ဘေးမှာ ပလတ်စတစ်ခုံလေးချလို့
ထိုင်နေတယ်။ အချဉ်ပေါင်းသည်ကြီးက ကျနော့် အမေနဲ့ ရွယ်တူလောက်ပဲ ရှိမယ်ထင်တယ်။
သမီးငယ်လေးကို ဘေးနားမှာ ထိုင်ခိုင်းထားပြီး သွက်သွက်လက်လက်
လုပ်ကိုင်စားသောက်နေတဲ့ သူ့ကို ကြည့်ပြီး ကျနော့် မျက်ရည်တွေ ဝဲလာတယ်။ အမေသာ
သူ့လို လုပ်ကိုင်စားသောက်နိုင်တဲ့ အနေထားတစ်ခုမှာ ရှိမယ်ဆိုရင်…။ အတွေးတွေကို
ချက်ချင်းရပ်တန့်ပစ်လိုက်ပြီး ဝဲတက်လာတဲ့ မျက်ရည်တွေ ပါးပြင်ထက်ကို စီးကျမလာခင် ခေါင်းကိုမော့လို့
မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ထုတ်ပစ်လိုက်ရတယ်။ ပြီးတော့ အဲသည်နေရာကနေ ချက်ချင်းဆိုသလိုပဲ
လှည့်ထွက်လာခဲ့တယ်။
ဒိုင်ဆီမှာ
ပါလာတာတွေ အကုန် ရောင်းပြီးသွားတော့ နေက အတော်ပူနေပြီ။ ရေပက်ခံကားတွေလည်း
ကျဲကုန်ပြီ။ အိမ်ပြန်ပြီး ပိုက်ဆံသွားထားရင် ကောင်းမလား။ ဒီကနေ အိမ်ကို လေ
ျှာက်ရင် ၁၅မိနစ်လောက်ပဲ။ ဒါပေမယ့် အိမ်ပြန်သွားရင် စားစရာက ဘာမှ ရှိမှာ မဟုတ်ဘူး။
ဒီအချိန်ဆို အမေလည်း အိမ်မှာ မရှိမှာ အသေအချာ။ ဒီတော့ စတုဒိသာမဏ္ဍပ်တစ်ခုခုရှာပြီး
ဝင်စားတာပဲ ကောင်းမယ် ထင်တယ်။ ပိုက်ဆံလေးတွေကို ကျစ်နေအောင် သေသေချာချာလေး လိပ်၊
ပြီးတော့ ရေမစိုသွားအောင် ပလစ်စတစ် အိတ်လေးထဲထည့်၊ လုံလုံခြုံခြုံလေးဖြစ်သွားအောင်
ကျကျနနလေး ချည်လိုက်ပြီး အကျီင်္အိပ်ကပ်ထဲမှာ ထည့်ထားလိုက်တယ်။
စတုဒိသာမဏ္ဍပ်ကို
ဝေးဝေးလံလံမှာ သွားမရှာလိုက်ရဘူး။ ကျုံးရဲ့ အရှေ့မြောက်ထောင့်
ကုသိုလ်တော်ဘုရားနားမှာတင် တွေ့ရတယ်။ အိမ်နဲ့လည်း သိပ်မဝေးတော့ မဏ္ဍပ်ထဲမှာ
အမေတို့များ ရှိလိုရှိငြား ရှာကြည့်လိုက်မိသေးတယ်။
ကျိတ်ကျိတ်တိုးပြီး စားနေကြတဲ့ သူတွေထဲမှာ အမေနဲ့ညီလေးကို မတွေ့ရဘူး။ ဒါနဲ့ ကျနော်လည်း
ကိုယ့်ဝမ်းမီးကို ကိုယ့်ဘာသာတစ်ယောက်တည်း ငြှိမ်းလိုက်တော့တယ်။ အလှူရှင်တွေက ငါးခြောက်ထောင်းကြော်ရယ်၊သရက်ချဉ်သုပ်ရယ်နဲ့
အဝကိုကျွေးတာ။ သိပ်ပြီး စားလို့မြိန်တာပဲ။ နှစ်ပန်းကန်အမောက်ကြီးကို
ဆက်တိုက်အုပ်ပစ်လိုက်တယ်။
စားသောက်ပြီးတော့
ကုသိုလ်တော်ဘုရားဝင်းထဲ သွားပြီး ခဏနားနေမိတယ်။ နေကလည်း ကျစ်ကျစ်တောက်အောင်
ပူနေတယ် မဟုတ်လား။ ကြာကြာတော့ မနားနိုင်ပါဘူး။ နာရီဝက်လောက်
ကျောဆန့်ခြေဆန့်ပြီးတော့ လုပ်ငန်းပြန်စရတာပဲ။ ဒီတစ်ခါတော့ ကျုံးရဲ့မြောက်ဘက်ခြမ်း
တစ်လျှောက်လုံးကို သွားမယ်။ ညနေစောင်းရင် ဒိုင်ဆီမှာ ပြန်လာအပ်မယ်။ ပြီးရင်
အိမ်ပြန်မယ်။
ကျုံးမြောက်ဘက်ခြမ်းက
မြင်ကွင်းတွေက အရှေ့ဘက်နဲ့တောင်ဘက်က မြင်ကွင်းတွေနဲ့ တခြားစီပဲ။ ဒီဖက်မှာက မဏ္ဍပ်တွေ
မရှိဘူး။ သရုပ်ပျက်မြင်ကွင်းတွေ မရှိသလောက် နည်းပါးတယ်။ ဒီဖက်မှာက ရေပိုက်တွေ နဲ့
လမ်းမဘေးမှာပဲ မတ်တပ်ရပ်ပြီး ရေပတ်ကြတယ်။ မိသားစုလိုက်ဖြစ်စေ၊ သူငယ်ချင်းအဖွဲ့လိုက်ဖြစ်စေ၊
ကလေးတွေအုပ်စုလိုက်ဖြစ်စေ ပျော်ပျော်ပါးပါး ရေကစားနေကြတယ်။ ရေပက်နေတဲ့သူတွေက
ကလေးတွေနဲ့ လူကြီးတွေ များပါတယ်။ တအားကြီး မစည်ပေမယ့် စည်တော့စည်တာပါပဲ။
ဒီဖက်ကိုလည်း ရေပက်ခံကားတွေ လာကြတယ်။ ရေပက်ခံကားတွေထက် လမ်းလျှောက်ပြီး
ရေပက်ခံထွက်တဲ့သူတွေကတော့ ပိုများတာပေါ့။
ကျနော်လည်း
ကိုယ့်အလုပ်ကိုယ်လုပ်ရင်း လမ်းမထက်က လူတွေကို ငေးမိပြန်တယ်။ ကျနော့်မြင်ကွင်းထဲကို
မိသားစုလိုက် ရေပက်ခံထွက်တဲ့ အိန္ဒိယလူမျိုးတစ်စု လျှောက်လာကြတယ်။ သူတို့တွေက
အုပ်စုတောင့်တယ်။ ဆယ်ယောက်လောက် ရှိမယ် ထင်တယ်။ အသက်အရွယ်ခပ်ကြီးကြီး အဒေါ်ကြီးတစ်ယောက်ကစလို့
ကျနော့်အရွယ်ကောင်လေးတစ်ယောက်ထိ ပါတယ်။ အဲဒီကောင်လေးကလွဲပြီး ကျန်တဲ့လူတွေအားလုံးက
မြန်မာဝတ်စုံတွေကို ဝတ်ဆင်ထားကြတယ်။ အထူးသဖြင့် အမျိုးသမီးတွေက အကျီင်္နဲ့ထဘီ
ဆင်တူဝမ်းဆက်လေးတွေ ဝတ်ထားကြတယ်။ သူတို့အဖွဲ့က ယောက်ျားတွေကလည်း ရှပ်အကျီနဲ့
ပုဆိုးကို ဝတ်ထားကြတယ်။ သူတို့အုပ်စုက ပြုံးပျော်နေတာပဲ။ ဟိုကောင်လေးကတော့
စပို့ရှပ်နဲ့ ဂျင်းဘောင်းဘီလေးဝတ်ထားတယ်။ သူ့အကျီရင်ဘတ်က ငှက်ရုပ်ပုံလေးနဲ့။ Angry
Birdဆိုတာ ဖြစ်မယ်။ ကျနော်လည်း ဝတ်ချင်လိုက်တာ။
ဟော..
သည်ကလေးမလေးက ချစ်စရာကောင်းလိုက်တာ။ မြန်မာချိတ်အပြာရောင်ကို ဝမ်းဆက်လေးဝတ်ထားပြီး
ခုံမြင့်ဖိနပ်လေးစီးထားတဲ့ ကျနော့်ညီလေးအရွယ် ကလေးမလေးတစ်ယောက်။ သူ့ခေါင်းမှာ ပိတောက်ပန်းတွေကိုလည်း
ဝေနေအောင်ပန်ထားသေးတယ်။ ကောင်မလေးက သိပ်ပြီးချစ်ဖို့ကောင်းတာပဲ။ ရေပိုက်လေးကို
မနိုင့်တနိုင်လေး ကိုင်ပြီး ရေပက်နေတယ်။ သူ့ဘေးမှာ သူ့ဖေဖေနဲ့ မေမေက သူ့ကို အဖော်လုပ်ပေးနေကြတယ်။
မြင်ကွင်းလေးက ကြည်နူးချမ်းမြေ့ဖို့ ကောင်းလိုက်တယ်။ ဟိုမဏ္ဍပ်ပေါ်မှာ
သောင်းကျန်းနေတဲ့ မမချောတို့ကို ဒီကောင်မလေးဆီ ခေါ်လာပြီး ပြချင်မိတယ်။
အခုမြင်ကွင်းကတော့
ရယ်ရတယ်။ မြင်ရတာ ပျော်စရာလည်း ကောင်းတယ်။ ရေပက်ခံကားတစ်စီးရဲ့ ခေါင်မိုးပေါ်မှာ
တော်တော်လေးကို ဝတဲ့ ကောင်မလေးတစ်ယောက် ထိုင်နေတယ်။ သူတို့ရေပက်ခံကားက
ကလေးတစ်သိုက် ရေပက်နေတဲ့ ရှေ့ကိုလည်းရောက်ရော ရေပြွတ်ကိုင်ကလေးတစ်ယောက်က
သီချင်းထဆိုတယ်။
“မမဝဝထထက
အကပထမ”
အဲသည်လိုလည်း
ဆိုလိုက်ရော တခြားကလေးတွေကလည်း သံပြိုင်လိုက်ဆိုကြတယ်။ ပါးစပ်တွေကတင်
ဆိုရုံမဟုတ်ဘူး။ သူ့ကို ရေတွေနဲ့လည်း တအားဖိပက်ကြတယ်။ ကားပေါ်က ကောင်မလေးက
စိတ်မဆိုးဘူး။ ပြုံးရယ်နေပြီး လက်လေးတွေကို ဟိုချိုးသည်ချိုးကနဲ့ ထိုင်ရာကနေတောင်
ကပြနေလိုက်သေးတယ်။
တစ်နေရာရောက်တော့
ကျနော်နဲ့ ဘဝတူ အမှိုက်ကောက်သမားလေးတစ်အုပ် ရန်ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဘာကိုများ
လုနေကြလဲ မသိ။ သည်ကောင်တွေနဲ့တော့ ခက်ပြီ။ သည်နေ့လောက် ကောက်စရာ အမှိုက်ပေါတာတောင်
ရန်ဖြစ်နေကြသေးတယ်။ အမှိုက်တွေပေါချက်က ကောက်လို့တောင်မှ မကုန်တာကို။ ကြိုက်တဲ့
အမှိုက်ရွေးကောက်ပါဦး။ အများကြီးပဲ။ ကျနော်တောင် အချိန်ဘယ်လောက်မှ မရှိသေးဘူး။
နောက်တစ်အိတ်ပြည့်လုနီးပါး ဖြစ်နေပြီ။
ပိုက်ဆံများများရမယ့်
ဘီယာဗူးခွံတွေချည်း ရွေးကောက်ပြီး အိတ်ပြည့်သွားတော့ ဒိုင်ဆီမှာ နောက်တစ်ခေါက်
သွားရောင်းတယ်။ မင်းဒီနေ့ တော်တော် အလုပ်ဖြစ်နေတယ်ပေါ့လေ တဲ့။ ဟုတ်တယ် ခင်ဗျ လို့
ကျနော်ပြောလိုက်တော့ မင်းအသက် ဘယ်လောက်တုန်းတဲ့။ ကျနော့်အသက် ကိုးနှစ်လို့ အမေက
ပြောတယ်ဗျဆိုတော့ သူက အော်ဆိုပြီး ခေါင်းညိတ်နေတယ်။
သူ
ကမ်းပေးတဲ့ပိုက်ဆံလေးရယ်၊ အိတ်ကပ်ထဲက ပိုက်ဆံလေးရယ်ကို ပေါင်းပြီး
ရေကြည့်လိုက်တယ်။ စုစုပေါင်း ၃၆၀၀ကျပ်ကြီးများတောင် ရတာဗျ။ အခါတိုင်းဆို
တစ်ရက်တစ်ထောင်ရဖို့တောင် အနိုင်နိုင်ရယ်။ ဒီပိုက်ဆံလေးတွေကို ကျစ်နေအောင်
ပြန်လိပ်လိုက်ပြီး ပလစ်စတစ်အိတ်လေးနဲ့ ပြန်ထုတ်လိုက်တယ်။ ပြီးတော့ အိပ်ကပ်ထဲမှာ
သေသေချာချာ ထည့်သိမ်းလိုက်တယ်။ ထွက်ကျသွားမှာ စိုးလို့ အိပ်ကပ်လေးကို လက်လေးနဲ့
ခဏခဏ စမ်းကြည့်ရတာကလည်း အမော။
နေ့လည်တုန်းက
စားတဲ့ စတုဒိသာမဏ္ဍပ်ဆီပဲပြန်လာခဲ့တယ်။ ဒီတစ်ခါတော့ ကိုယ်တိုင်လည်း အဝစား၊ ဝှက်ပြီး
ယူလာတဲ့ ကျွတ်ကျွတ်အိတ်ထဲကိုလည်း ခိုးပြီးတော့ သွန်ထည့်ရတယ်။ အမေနဲ့ ညီလေး စားရလား၊
မစားရလားက မသေချာဘူးလေ။ အမေကလည်း နည်းနည်းနှေးတော့ စားရမယ် မထင်ဘူး။ ဒီတော့ ကျနော်မှာ
ဒီလိုမလုပ်ပေးရင် အမေနဲ့ညီလေး ကောင်းကောင်းစားရမှာ မဟုတ်ဘူး။ စေတနာရှင်တွေ
ကျွေးတဲ့ ထမင်းဟင်းတွေကို သည်လိုခိုးမသယ်သင့်ဘူးဆိုတာ ကျနော်က သိနားလည်နေတော့
ဒီလိုလုပ်ရတာကို ရင်ထဲမှာ မကောင်းဘူး။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ကျနော့်အတွက်
ဒါက ဘဝပဲလေ။ ဗိုက်ကိုပြည့်တင်းနေအောင် စားပြီးတော့ ထမင်းဟင်းတွေ ခိုးထည့်ထားတဲ့
ကျွတ်ကျွတ်အိတ်လေးကို အကျီင်္ထဲ အသာဝှက်ပြီး စတုဒိသာမဏ္ဍပ်ထဲကနေ အသာလေး ထွက်လာခဲ့တယ်။
အိမ်ပြန်ရောက်တော့ အမေနဲ့
ညီလေးတို့က ရောက်နေနှင့်ပြီ။ ခနော်နီ ခနော်နဲ့ တဲကုတ်လေးထဲမှာ
မီးရောင်မှိန်မှိန်လေး လင်းနေတယ်။ အမေကို့ စတုဒိသာမဏ္ဍပ်ကနေ
ခိုးပြီးသယ်လာတဲ့ ထမင်းထုပ်လေး ထုတ်ပေးလိုက်တော့ အမေကလည်း ရေစိုနေတဲ့ အိတ်ထဲက
မုန့်တွေ ထုတ်ပေးတယ်။
“အမေ
မစားရသေးဘူးလားလို့”
အမေက
ယဲ့ယဲ့လေး ပြုံးနေတယ်။ ညီလေးက ထမင်းထုပ်ကို လှမ်းဆွဲနေတယ်။
“သားကို မုန့်စားစေချင်လို့”
အမေက
မုန့်ထုပ်လေးကို ကျနော့်ရှေ့ အတင်းတွန်းပေးနေတယ်။
ဒါနဲ့ ကျနော်လည်း
အမေယူလာတဲ့ မုန့်တွေစား၊ အမေကလည်း ကျနော်ယူလာတဲ့ ထမင်းတွေ စားတယ်။ ညီလေးကတော့
ထမင်းကို မုန့်ရော နှစ်မျိုးလုံးကို အငမ်းမရ နှိုက်စားနေတယ်။
အမေက
သိပ်ပြီး သနားဖို့ကောင်းတယ်။ ခြေထောက်နှစ်ဖက်စလုံး မသန်ဘူး။ အကြောတွေ ဆွဲနေတယ်။
ငယ်ငယ်တုန်းက အရမ်းဖျားပြီးနောက် ဒီလိုဖြစ်သွားတာလို့ ပြောတယ်။ အမေ့ခမျာ လမ်းကို
တရွတ်ဆွဲသွားရတယ်။ အဖေကတော့ မနှစ်တုန်းကတည်းက ခဏဆိုပြီးထွက်သွားလိုက်တာ
ပြန်မလာတော့ဘူး။ အဖေပြန်မလာတော့ အမေက ညီလေးကိုလက်ဆွဲပြီး တောင်းစားရတယ်။ ကျနော်က
အမှိုက်ကောက်ရတယ်။
စားပြီးသွားတော့
အမေ့ခြေထောက်လေးတွေကို ဖွဖွလေး နှိပ်ပေးတယ်။ ကျနော်က အမေ့ကို ညတိုင်းနှိပ်ပေးနေကျ။
အမေက ဒုက္ခိတမို့ လုပ်ကိုင်မစားသောက်နိုင်တာပဲ ရှိတယ်။ ကျနော်တို့ကိုတော့ သိပ်ချစ်တာ။
ကျနော် သိတယ်။ အမေက စကားများများ မပြောပေမယ့် မျက်လုံးလေးတွေနဲ့ ပြုံးပြတတ်တယ်။ ဘာလေးပဲ
ရရ ကျနော်တို့ကို အရင်ကျွေးတယ်။ ကျန်တာလေးလေးတွေပဲ သူစားတယ်။ အမေ့ကို နှိပ်ပေးပြီး
အမေငိုက်စပြုလာတော့ ကုသိုလ်တော် ဘုရားဖက် ကျနော်တစ်ယောက်တည်း
ထွက်လာခဲ့တယ်။ ကျနော်က ဘုရားမှာ ညတိုင်း လာပြီး ကန်တော့နေကျ။
ဘုရားကန်တော့ပြီးတိုင်းလည်း ကျနော် မြန်မြန်ကြီးပါစေ၊ အမေ့ကို အမြန်ဆုံး
ရှာကျွေးနိုင်ပါစေလို့ ဆုတောင်းတယ်။
ကျနော်
ကြီးလာရင် အမေ မတောင်းစားစေရဘူး။ ကျနော်က အမေ့ကို အလုပ်လုပ်ပြီး ရှာကျွေးမှာ။
ဘုရားရှိခိုးပြီးသွားတော့
အိမ်မပြန်ချင်သေးတာနဲ့ စေတီငယ်တစ်ဆူရဲ့ ခြေရင်းမှာ ထိုင်နေမိတယ်။ တနေကုန်
နေပူပူအောက်မှာ တစ်ကိုယ်လုံး ရွှဲရွှဲစိုစိုနဲ့ လျှောက်သွားခဲ့ရလို့လား မသိဘူး။
တစ်ကိုယ်လုံးကို ညောင်းကိုက်လို့ နေတာပဲ။ သင်္ကြန်မှာ အမှိုက်ကောက်ဖူးတာ ဒါ ပထမဆုံးပဲဆိုတော့
သည်လောက်တော့ ရှိမှာပေါ့လေ။ အားကိုပြန်တင်းလိုက်တယ်။ စိတ်ကို လျော့လိုက်လို့ မဖြစ်ဘူး။ ဒီနေ့မှ အကျနေ့ပဲ ရှိသေးတယ်။ ဒါဟာ ဘဝပဲ။
ကျန်တဲ့ သင်္ကြန်ရက်တွေမှာ ကြိုးစားရဦးမှာပဲ။ ဒီလိုမျိုး ပွဲတော်မှာမှကြိုးစားပြီး
မရှာရင် ဘယ်မှာ သွားရှာရမလဲ။ မနက်ဖန်ကျရင် ညီလေးကိုပါ ခေါ်သွားပြီး နိုင်သလောက်
သယ်ခိုင်းရမယ်။ အမေ့ကိုတော့ အိမ်မှာပဲ နေခိုင်းလိုက်မယ်။
ရောက်တတ်ရာရာတွေ
တွေးရင်း ဘုရားပေါ်မှာ အေးအေးလူလူ ထိုင်နေတုန်း မေးစေ့မှာ မှည့်သီးကြီးနဲ့
ကောင်မလေးကို တွေ့လိုက်ရပြန်တယ်။ ဟင်..
ကိုယ့်မျက်စိကိုယ်တောင် မယုံဖြစ်သွားတယ်။ သူ့မိဘတွေနဲ့အတူတူ
ဘုရားရင်ပြင်တော်ပေါ်မှာ လျှောက်လာတဲ့ သူက ဒီဇိုင်းလေး ပြောင်းနေပါလား။
မေးစေ့ပေါ်က
မှည့်ကြီးသာ မပါရင် သူဆိုတာ ယုံနိုင်စရာတောင် မရှိဘူး။ ကြည့်ဦးလေ။ သူ့ပုံစံက
နေ့ခင်းတုန်းကလိုမှ မဟုတ်တာ။ သူ ဝတ်ထားတဲ့ အထက်အောက် ဝမ်းဆက် အဝါရောင်
မြန်မာဝတ်စုံလေးက ဖြူဖွေးနေတဲ့ သူ့အသားလေးမှာ ဟပ်နေတယ်။ သူ့လက်ထဲမှာလည်း ပိတောက်ပန်းတွေ
တပွေ့တပိုက်နဲ့။ ဘုရားကို ကပ်မလို့ထင်တယ်။ သူ့ အမူအရာလေးတွေကလည်း အခုကျတော့
သိမ်မွေ့လို့။ အမေက ပြောဖူးတယ်။ သင်္ကြန်ကျရင် လူ့ပြည်ကို သိကြားမင်း ဆင်းတယ်တဲ့။
သိကြားမင်းက လူကောင်းတွေကို ရွှေပုရပိုက်နဲ့ မှတ်တမ်းတင်ပြီး လူဆိုးတွေကျရင်
ခွေးရေပုရပိုက်နဲ့ မှတ်တမ်းတင်တယ်တဲ့။ သူ့ကိုဆိုရင် သိကြားမင်းက ဘယ်ပုရပိုက်မှာ
မှတ်တမ်းတင်မှာလဲ။ သိကြားမင်းတော့ မသိဘူး။ ကျနော်တော့ ခေါင်းတွေ တအားရှုပ်သွားပြီး
ကိုယ့်ခေါင်းကိုသာ တဗျင်းဗျင်း ကုတ်မိတော့တယ်။ တတ်လည်းတတ်နိုင်တဲ့ မမချော။ မနက်ဖန်နေ့လည်ကျရင်
ဘယ်ပုံစံ ဖြစ်သွားဦးမယ် မသိ။
ခေါင်းတွေ
ရှုပ်လာတာနဲ့ ဘုရားပေါ်ကနေ ဆင်းလာခဲ့တော့တယ်။ အဲဒီအချိန်မှာ ဟိုကောင်မလေးက ဘာကို
သဘောကျတယ် မသိ။ ရယ်လိုက်တယ်။ သူ့ရယ်သံလွင်လွင်လေးရယ်.. ဆည်းလည်းသံလေးတွေရယ်က
ညင်ညင်သာသာ တိုက်ခတ်နေတဲ့ လေပြေလေးနဲ့အတူတူ ကျနော့်နောက်ကနေ ပေါ့ပေါ့ပါးပါးလေး လိုက်လာပါတယ်။
ကျနော်ကတော့ လေးပင်နေတဲ့ ခြေလှမ်းတွေကို တစ်လှမ်းချင်း ရွေ့လှမ်းလို့။
လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်
(ဝတ္ထုခေါင်းစဉ်လေးကိုတော့
သင်္ကြန်မင်းသားကြီး ဦးဇော်ဝမ်းရဲ့ ”ပိတောက်တစ်မျက်နှာ” သီချင်းလေးကို
မှီငြမ်းပြီး ပေးထားပါတယ်)