"အသက်လေးဆယ်၊ လူတွေ မေးတယ်။ဘယ်တော့များမှ စားရမှာလဲ။
ဟန်ဆောင်ရပြီ၊ လူတွေ မသိအောင်အပြုံးလေးနဲ့ လိမ်ရပြီ။"
အအေးဆိုင်အတွင်းမှာ ဖွင့်ထားသည့် သီချင်းကြောင့် လိမ္မော်ရည်သောက်နေရာမှ တိတ်တခိုး ပြုံးမိသွားသည်။ ထိုသီချင်းက အသက်လေးဆယ်အရွယ် အိမ်ထောင်မရှိသူ ကျွန်မကို တည့်တည့်ကြီး သရော်နေဟန်ရှိသည်။ လူတွေက ကျွန်မ ဘာလို့ အိမ်ထောင်မပြုသေးတာလဲဟု မေးလာသည့် အခါတိုင်း အပြုံးဖြင့်သာ တုန့်ပြန်လေ့ရှိသည်။ ကျွန်မ အိမ်ထောင်မပြုရခြင်းမှာ ရင်ထဲမှ မောင့်နေရာတွင် အခြား မည်သူ တစ်ဦး၊တစ်ယောက်ကိုမှ အစားမထိုးနိုင်၍ဟု ကျွန်မကိုယ်တိုင်ကတော့ သေချာသိပါသည်။ နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာခဲ့ပြီးသော်လည်း မောင့်အသံ၊ မောင့်သဏ္ဌာန်၊ မောင့်အပြုံးနှင့် မောင့်ဟန်တို့က ကျွန်မရင်ထဲတွင် နေရာယူနေဆဲ ဖြစ်သည်။ မထင်မှတ်သည့် အချိန်တွင် မမျှော်လင့်ထားသော အဖြစ်ဆိုးတို့ကြောင့် ထာဝရ ဝေးကွာခဲ့ရသော အချစ်ဦးမောင့်ကို ကျွန်မ မမေ့ရက်နိုင်ပါ။