"ဖေဖေ့ကို မုန်းတယ်။
ဖေဖေက မေမေ့ကိုရိုက်တယ်။
ဖေဖေက နွယ်ဦးနဲ့ဖောက်ပြန်တယ်။
ဖေဖေ့ကို မုန်းတယ်။
ဘဝဆက်တိုင်း ဒီလိုအဖေမျိုးနဲ့ မတွေ့ပါရစေနဲ့။"
ထိုစာကို ကျွန်မ လေးတန်းတုန်းက ဒိုင်ယာရီစာအုပ်လေး တစ်ခုတွင် ရေးထားခဲ့ဖူးပါသည်။
မှတ်မှတ်ရရ ကျွန်မ၏ ကိုးနှစ်ပြည့်မွေးနေ့၊ ၁၈.၇.၁၉၉၉ခုနှစ်။ အဲသည်နေ့ ညနေ ကျွန်မတို့မောင်နှမသုံးယောက် ကျောင်းကပြန်လာတော့ အိမ်ရှေ့တွင် ကားသုံးစီးရပ်ထားသည်ကိုတွေ့ရသဖြင့် အိမ်မှာ တစ်ခုခုဖြစ်နေပြီဟု သိလိုက်သည်။
"ဖေဖေနဲ့မေမေ ရန်ဖြစ်ပြန်ပြီလားမသိဘူးနော်"
မောင်လေးရဲ့ စကားက ကျွန်မနားထဲသို့ စူးခနဲဝင်လာသည်။ အိမ်ထဲပြေးဝင်လိုက်တော့ ဖေဖေရဲ့ မိဘတွေရော၊ မေမေ့ရဲ့မိဘတွေကိုပါ တွေ့ရသည်။ ထို့ပြင် ဖေဖေ့မိတ်ဆွေ တရားသူကြီး လင်မယားပါ ရောက်နေကြသည်။ မေမေ့မျက်နှာတစ်ခုလုံး အညိုမည်းတွေနှင့် ဖူးယောင်နေကာ ခေါင်းတွင်လည်း ပတ်တီးနှင့်။ တကယ်ကို မြင်မကောင်း၊ မရှုမကောင်း။
"ပြောလိုက်ရင် နောက်မလုပ်တော့ဘူး။ ငါ နောက်မလုပ်တော့ဘူးနဲ့။ နောက်ဆုံး ဒီဘူတာပဲ ပြန်ပြန်ဆိုက်တယ်။ ရှုပ်ချင်ရင် စားသောက်ဆိုင်တွေသွားရှုပ်ပါလား။ မြို့တက်ရှုပ်ပါလား။ ခုဟာက ကိုယ့်အလုပ်သမားနဲ့မှ။ တစ်ခါလည်း မဟုတ်။ နှစ်ခါလည်း မဟုတ်။ သူ မရှက်ပေမယ့် ကျွန်မရှက်တယ်။ သူ့ကိုဆက်မပေါင်းနိုင်ဘူး။ ကွာမယ်"
မေမေက ငိုရင်းပြောနေသည်။ ထိုစကားများကို ကျွန်မ ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ခဲ့ပါ။ ကျွန်မမှတ်မိစ အရွယ်ကတည်းက ဖေဖေနှင့်မေမေရန်ဖြစ်တိုင်း မေမေပြောနေကြ စကားများသာဖြစ်သည်။ ကျွန်မတို့ကို မေမေ့ဖေဖေ၊ ကျွန်မတို့အဖိုးက အဖိုးရဲ့ အိမ်သို့ ခေါ်သွားခဲ့ပါသည်။
"ရတီ.. သမီးတို့ အဖေနဲ့အမေ မနက်ဖန် တရားရုံးတက် ကွာရှင်းကြတော့မယ်"
မေမေ့ညီမတစ်ဝမ်းကွဲ အန်တီပပက လာပြောသည်။ အဲသည် ညတုန်းက ထိုစာကို မေမေဝယ်ပေးထားသော ဒိုင်ယာရီစာအုပ်လေး၏ ပထမဆုံးစာမျက်နှာတွင် ရေးလိုက်မိပါသည်။